အပိုင်း ၄၃
Viewers 9k

အခန်း (၄၃) - မသေမျိုးများ ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာခြင်း


လီယောင်သည် ခရိုင်တရားသူကြီးမင်းကတော်သည် အလွန် စကားပြောတတ်သည်ကို တွေ့ရသဖြင့် အံအားသင့်သွားခဲ့သည်။


သူမသည် ထင်ရှားကျော်ကြားသည့် မိသားစုမှ ဖြစ်သော်လည်း သူမနှင့်လီယောင် စကားစမြည်ပြောသမျှ အကြောင်းအရာများအားလုံးသည် လူတို့၏ အသက်မွေးဝမ်းကျောင်း ကိစ္စနှင့် လယ်ကွင်းများနှင့် ဆက်စပ်သည့် စိုက်ပျိုးရေးကိစ္စများသည် ဖြစ်သည်။ ၎င်းကိစ္စရပ်များနှင့် ပတ်သက်၍ အသိပညာတချို့  သူမတွင် ရှိနေသည်မှာ သိသာပေးသည်။ သို့သော်လည်း အလွန် စေ့စေ့စပ်စပ် မဟုတ်ပေ။


ကံကောင်းထောက်မစွာဖြင့် လယ်ယာစိုက်ပျိုးရေး ကိစ္စများနှင့် ပတ်သက်၍ လီယောင်၏ အသိအမြင်မှာလည်း နည်းပါးခဲ့သည်။ ထို့ကြောင့် နှစ်ယောက်သားသည် သူမတို့၏ အသိပညာ တစ်ပိုင်းတစ်စလေးဖြင့်သာ ပျော်ရွှင်စွာဖြင့် စကားပြောဆိုခဲ့ကြသည်။ 


“အလိုလေး။” ခရိုင်တရားသူကြီးမင်းကတော်သည် အဆုံးတွင် ညင်ညင်သာသာ သက်ပြင်းချကာ  “ကျွန်မခင်ပွန်း ဒီနေရာကို ပြောင်းလာရပြီးကတည်းက နှစ်တရာလောက်မှ တစ်ခါကြုံရတဲ့ မိုးခေါင်ရေရှားမှုကိုလည်း အပြင်းအထန်ကြုံခဲ့ရတယ်။ သူ့ခင်မျာ တအားစိုးရိမ်နေလို့ အစားတောင် မစားနိုင်ဘူး။ ပြီးတော့ ကျွန်မမှာလည်း အဖြေကောင်းတွေ မရှိခဲ့ဘူးလေ။”


“သဘာ၀ ဘေးအန္တရာယ်တွေက တကယ်ကိုပဲ ကိုင်တွယ်ဖြေရှင်းရ ခက်လှပါတယ်။”


“ကျွန်မ အရင်က ရိုးရာဒဏ္ဍာရီတချို့ကို ကြားဖူးတယ်။”ဟု ခရိုင်တရားသူကြီးမင်းကတော်က ပြောခဲ့သည်။ “သူတို့တွေက ပြောကြတယ်။ အခုလို ဘေးဒုက္ခကြီးကြီးမားမားတွေကို တစ်နှစ်ပတ်လုံးဆက်တိုက် ကြုံလာရတဲ့အခါတွေဆိုရင် ပြည်သူတွေ အခက်အခဲကနေ ကျော်ဖြတ်နိုင်ဖို့အတွက် ကူညီဖို့ ကျောက်စိမ်းဧကရာဇ်က မသေမျိုးတစ်ယောက်ကို စေလွတ်ပေးတယ်လို့ ပြောကြတယ်။”


လီယောင်သည် စိတ်ထဲမှ သရော်ခဲ့သည်။ သူမသည် ဤယုံတမ်းစကားကို ငယ်စဉ်ကတည်းက ကြားဖူးခဲ့သော်လည်း တစ်ခါမှ မကြုံကြိုက်ဖူးခဲ့ပေ။


“အစ်မလီ၊ မသေမျိုးတစ်ယောက်ကသာ ကမ္ဘာမြေကြီးပေါ်  တကယ်ဆင်းလာခဲ့မယ်ဆိုရင် ဒီကမ္ဘာက လူတွေကို သူဘယ်လိုကူညီမယ်လို့ ထင်လဲ။”


“အင်း…..”လီယောင်သည် သူမ၏နှုတ်ခမ်းများကို တွန့်လိုက်ပြီး ပြောခဲ့သည်။ “ကျွန်တော်မျိုးမ ထင်တာ… သူက နှစ်နည်းနည်းလောက်စောပြီး လာသင့်တယ်လို့ထင်တယ်။ ပြီးတော့ ရေထိန်းသိမ်းဖို့အတွက် စီမံကိန်းတွေ ဆောက်လုပ်သင့်တယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကိုလည်း ကြိုပြင်ထားသင့်တယ်။ အဲလိုမှသာ လူတွေက မိုးခေါင်မှာကော ရေကြီးမှာအတွက်ပါ မစိုးရိမ်ရတော့မှာလေ။”


ခရိုင်တရားသူကြီးမင်းကတော်က သူမ၏စကားများကို ခဏလောက် တစိမ့်စိမ့် တွေးဆနေခဲ့ပြီး သူမ၏ မျက်လုံးများသည် တောက်ပလာခဲ့သည်။


“အစ်မလီ၊ အစ်မမှာ တကယ်ကို ကောင်းလွန်းလှတဲ့ ထိုးထွင်းသိမြင်ဉာဏ်နဲ့ စိတ်ကူးစိတ်သန်း အမြင်တွေ ရှိတယ်။ ဒါက မြို့တော်က အကြီးတန်းအရာရှိတချို့ထက်ကို ပိုပြီး ရှင်းရှင်းလင်းလင်းကို သိမြင်စေတယ်။”


လီယောင်သည် သူမနားထောင်လေလေ တစ်ခုခုမှားနေခဲ့သည်ကို သူမ သတိထားမိလေလေ ဖြစ်နေခဲ့သည်။


ခရိုင်တရားသူကြီးမင်းကတော်သည် သူ့မအား အဘယ်ကြောင့် အခွင့်အရေး ကြုံလာသည့်အခါတိုင်း လက်မလွတ်တမ်း ဤကဲ့သို့ မြှောက်ပင့်နေခဲ့ရသနည်း။


ဤသည်မှာ တစ်ခုတည်းသာ ဆိုလိုနိုင်ပါသည် - ခရိုင်တရားသူကြီးမင်းကတော်သည် သူမထံမှ  တစ်စုံတရာ ကြီးကြီးမားမားကို လိုချင်နေခဲ့သည်။


မဖြစ်နိုင်ပေ။ သူမသည် ယနေ့စကားပွဲကို လုံး၀ ဆက်မပြောနိုင်တော့ပေ။ သူမသည် မသိမသာနှင့် ထွက်ခွာရန် ဆင်ခြေတစ်ခုကို ရှာခဲ့သည်။ 


“မင်းကတော်သခင်မကြီး။ ကျွန်တော်မျိုးမက ပျင်းရိတဲ့ အိမ်ရှင်မတစ်ယောက်ပါ။ ကျွန်တော်မျိုးမ အဝေးဆုံးရောက်ဖူးတာက နောက်ထပ်ခရိုင်တခုပါပဲ။ ကျွန်တော်မျိုးမ ကောင်းမွန်တဲ့ အမြင်တွေလည်း မရှိပါဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “အိုး.. ဒါကို ပြောနေရင်းနဲ့ နောက်တောင်ကျနေပြီ။ ကျွန်မအိမ်မှာ ဘဲငန်းနှပ်ချက်ရဦးမယ်။ ပြန်ရတော့မယ်။”


“ဟုတ်ပါပြီ။.. ကောင်းပါပြီ။” ခရိုင်တရားသူကြီးမင်းကတော်သည် အင်တင်တင်နှင့် ပြောခဲ့သည်။ “အစ်မမှာ အချိန်ရရင် ခရိုင်တရားရုံးမှာ ကျွန်မကို လာရှာပါဦး။ အားနာစရာမလိုဘူးနော်။”


လီယောင်သည် အသေအချာပင် လုပ်လိမ့်မည် မဟုတ်ပေ။


အရာရှိများနှင့် ပတ်သက်နေခြင်းသည် သေချာပေါက် အကျိုးကျေးဇူးများပေလိမ့်မည်။ သို့သော် အခက်အခဲဒုက္ခ ပို၍ များလိမ့်မည်။ 


လီယောင် ထွက်ခွာသွားပြီးနောက် ခရိုင်တရားသူကြီးမင်းကတော်သည်လည်း အချိန်ကြာမြင့်စွာ မနေခဲ့ပေ။ သူမသည် ခရိုင်တရားရုံးသို့ တည့်မတ်စွာ ပြန်သွားခဲ့သည်။


သူမသည် စုန့်တရားသူကြီးမင်း၏စာကြည့်ခန်းသို့ ညင်သာစွာ မလျှောက်သွားမီ ဝယ်ယူလာခဲ့သော် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို သပ်သပ်ရပ်ရပ် ထုပ်ပိုးခဲ့ပြီး မြို့တော်သို့ အလျင်အမြန် ပို့စေခဲ့သည်။ 


“ပြန်လာပြီလား”


“အင်း..” ခရိုင်တရားသူကြီးမင်းကတော်က ပြောခဲ့သည်။ “ကျွန်မ ဒီနေ့သူ့ကို ကောင်းကောင်း အကဲဖြတ်ခဲ့ရတယ်။ အဲဒီလီယောင်က တကယ်ကို ခက်ထန်တဲ့တစ်ယောက်ပဲ။”


“အိုး.. ပြောပြပါဦး။”


“စျေးထဲမှာ ကျန်းကွမ်ရှန်ဆိုတဲ့တစ်ယောက် ရှိတယ်လေ။ သူက ခရိုင်တရားရုံးကို လက်ဆောင် ဆယ်ခုကျော် ပေးခဲ့တယ်လေ။ သခင်ကြီး သူ့ကို မှတ်မိလား။”


ခရိုင်တရားသူကြီးမင်းသည် ထိုနာမည်ကို ကြားသောအခါ ခေါင်းကိုက်လာခဲ့သည်။


သူသည် ပိုင်ချွမ်းစျေးထဲတွင် ဩဇာညောင်းသော မိသားစုမှ ဖြစ်ပြီး အလွန်ချမ်းသာကြွယ်၀သည်။ ခရိုင်အတွင်းရေးမှူးကပင် သူ့အတွက် ပြောပေးဆိုပေးရသည်။ ယာမင်အစိုးရဝန်ထမ်း တော်တော်များများနှင့်လည်း ထိုသူနှင့် ဆက်ဆံရေး နီးကပ်ကောင်းမွန်ကြောင်း ကြားသိခဲ့ရသည်။ 


သို့သော် သူသည် သက်သေအထောက်အထားများကို လက်ဆုပ်လက်ကိုင် မပြနိုင်သောကြောင့် အပြစ်များကို ပွင့်ပွင့်လင်းလင်း ချိုးဖောက်ခဲ့သော်ငြားလည်း သူအား မည်သူမှ မထိနိုင်ခဲ့ပေ။


“သူ့ဘာဖြစ်လို့လဲ။”


“လီယောင်က သူ့ကို လူပုံလယ်မှာ ဆိုးဆိုးဝါးဝါးကို ရိုက်နှက်ခဲ့တယ်။ တော်တော်အခြေအနေ ဆိုးလာတဲ့ထိကို ရိုက်တာ။”


စုန်တရားသူကြီးမင်း - …


***


ခင်ပွန်းနှင့် ဇနီးသည် ဇနီးမောင်နှံနှစ်ယောက် နာရီဝက်ခန့်ကြာအောင် စကားစမြည် ပြောဆိုနေခဲ့ကြပြီး နေ့လည်စာ စားရန်ပင် မေ့သွားခဲ့ကြသည်။


နောက်ဆုံးတွင် ခရိုင်တရားသူကြီးမင်းကတော်သည် အဆုံးသတ်ကာ ကောက်ချက်ချခဲ့သည်။  “လီယောင် ကျွန်မကိုပေးတဲ့ ထင်မြင်ယူဆချက်ကို စကားလုံးလေးလုံးနဲ့  ပုံဖော်နိုင်တယ်။”


“ဘာ"စကားလေးလုံး"လဲ။”


“နားမလည်နိုင်အောင် လျှို့ဝှက်ပြီး ခက်ခဲ နက်နဲလွန်းတယ်။”


စုန်တရားသူကြီးမင်း၏ မျက်ခုံးသည် အနည်းငယ် ပင့်တက်သွားခဲ့သည်။ 


သူ့ဇနီးသည်၏ဖခင်သည် မြို့တော်တက္ကသိုလ်မှာ ပညာရှင်တစ်ဦးဖြစ်ပြီး သူမသည် ငယ်ရွယ်စဉ်တကည်းက ကောင်းမွန်စွာ စာဖတ်နိုင်ခဲ့ပြီး ပိုင်းခြားသိမြင်တတ်သည့် မျက်လုံးများ ရှိသည်ကို သူသိခဲ့သည်။ လီယောင်အား ဤကဲသို့ အကဲဖြတ်ရခြင်းမှာ သူမှန်းဆထားသကဲ့သို့ပင် သူမသည် သာမာန်လူတစ်ယောက် အမှန်တကယ်ပင် မဖြစ်နိုင်သည်ဟု ဆိုလိုပေသည်။


“သခင်ကြီး” ခရိုင်တရားသူကြီးမင်းကတော်က ပြောခဲ့သည်။ “ဒီလိုလူမျိုးက ရှင့်အတွက် အသုံးဝင်နိုင်တယ်လေ။ ကိစ္စဝိစ္စတွေကို ပြီးမြောက်အောင် ပြီးတော့ ရှင့်ရဲ့ နိုင်ငံရေးမှတ်တမ်းကိုလည်း ပျိုးထောင်ဖို့ ကူညီပေးနိုင်တယ်လေ။”


“ဟုတ်ပါပြီ။ တော်လောက်ပြီ။” သူ၏နိုင်ငံရေးမှတ်တမ်းအကြောင်းကို ထည့်သွင်းပြောဆိုရလျှင် စုန်တရားသူကြီးမင်းသည် စိတ်အခြေအနေ မကောင်းပေ။  “အခု အများပြည်သူက အစားအသောက်စားဖို့တောင် မတတ်နိုင်ကြတော့ဘူး။ ကျုပ်ရဲ့မှတ်တမ်းကို တွေးဖို့ ဘယ်လိုလုပ် ဒုက္ခခံနိုင်မှာလဲ။ ကျုပ်ကို ဒီအကြောင်းဆက်မပြောနဲ့တော့။”


ခရိုင်တရားသူကြီး မင်းကတော်သည် စိတ်တွင်းထဲတွင် သက်ပြင်းချခဲ့သည်။ ဘာကြောင့်များ သူမ၏ခင်ပွန်းက ဒီလောက် ခေါင်းမာရတာပါလိမ့်။


***


အိမ်သို့ပြန်ရောက်သောအခါ နေ့လည်ခင်းတွင် လီယောင်တွင် လုပ်စရာမရှိပေ။ ထို့ကြောင့် သူမသည် လေ့ကျင့်ရန် တောင်ပေါ်သို့ သွားခဲ့သည်။ 


နေဝင်ဖျိုးဖျအချိန်တွင် သူမသည် တောင်ပေါ်တွင် ဝက်ကျောင်းရင်း လက်ဖက်စေ့ကောက်နေသည့် တတိယနှင့် စတုတ္ထလေးတို့ထံ ပြေးသွားခဲ့သည်။ ညီအစ်ကိုနှစ်ယောက်သည် ယနေ့တွင် ကြိုးပမ်းမှု ရလဒ်ကောင်းကောင်းများ ရှိခဲ့သည်။ ခြင်းတောင်းတစ်ခုလုံးကို နောက်တစ်ဖန် အပြည့်ဖြည့်ခဲ့ပြီး ကြေးဒင်္ဂါးပြားများနှင့် လဲလှယ်ရန် သူမထံသို့ ပျော်ရွှင်စွာဖြင့် လာခဲ့ကြသည်။


အိမ်အပြန်လမ်းတွင် လီယောင်သည် မမေးပဲ မနေနိုင်ခဲ့ပေ။ “မင်းတို့ ပိုက်ဆံတွေ အများကြီးစုနေကြတာ။ ဘာအတွက် သုံးဖို့ ရည်ရွယ်ထားကြတာတုန်း။”


“သားက မေမေ့အတွက် အဝတ်အစားကောင်းကောင်းတွေ အများကြီး ဝယ်ပေးချင်တယ်။”ဟု စတုတ္ထသားက မြန်မြန်ဆန်ဆန် ဖြေခဲ့သည်။ “ပြီးတော့ အရသာရှိတဲ့ အစားအသောက်တွေ အများကြီးအတွက်ကောပဲ။”


လီယောင်သည် တိုးတိုးလေး ရယ်ခဲ့သည်။ စတုထ္ထသားသည် အများကြီး စွမ်းဆောင်နိုင်မည့်ပုံ မပေါ်သော်လည်း သူ၏ ချိုသာသော စကားပြောဆိုမှုသည် အမှန်တကယ်ပင် အရေးပါသည့်အရာတစ်ခု ဖြစ်သည်။


အမှန်ပင်ဖြစ်သည်။ သူသည် လုံး၀ အသုံးမကျသည့်သူ မဟုတ်ပေ။ သူသည် ငယ်ရွယ်သေးသည်။ ထို့အပြင် ဂဏန်းသင်္ချာပညာရပ်တွင် ဒုတိယသားနှင့် ယှဉ်နိုင်လောက်အောင် ကောင်းမွန်ခဲ့သည်။


ဤခေတ်ကဲ့သို့ ဂဏန်းသင်္ချာပညာရပ်ကို  အလွန်မြင့်မြင့်မားမား တန်ဖိုးမထားခဲ့သည့်အတွက် သူသည် ကျွမ်းကျင်တတ်မြောက်လွယ်ခဲ့လျှင်တောင် ကောင်းမွန်သည့် ကိစ္စရပ်များကို ဖြစ်မြောက်စေရန် သူ့အတွက် ခက်ခဲပါလိမ့်မည်။


“သားကကော ၊ တတိယလေး။”


“သားက ဓါးအကြီးကြီးတစ်ချောင်း ဝယ်ချင်တာ။” တတိယသားသည် စိတ်အားထက်သန်စွာ ပြောခဲ့သည်။ “ပြီးတော့ ချပ်ဝတ်တန်ဆာရယ် ပြီးတော့ စစ်မြင်းတစ်ကောင်ရယ်။ နောက်ကျရင် သားက အင်အားကြီးတဲ့ ဧရာမစစ်သူကြီးတစ်ယောက်လုပ်ချင်တယ်။ ပြီးတော့ နယ်စပ်က လူရိုင်းတွေကို သတ်ပစ်လိုက်မယ်။”


လီယောင်နှုတ်ခမ်း တွန့်သွားခဲ့သည်။ ကောင်ငယ်လေးများသည် ကြမ်းကြုတ်မှုကိုသာ နှစ်သက်ကြသည်။


ဤအကြောင်း ပြောရမည်ဆိုလျှင် သူမ၏ကွယ်လွန်သူ ခင်ပွန်းသည်လည်း သူဆုံးပါးသွားသည် အထိတိုင်အောင် စစ်မှုထမ်းခဲ့သည်။


ယခုခေတ်တွင် စစ်မှုထမ်းရသည်မှာ အနည်းငယ် ကွဲပြားသည်။ အမျိုးသားများသည် နယ်စပ်ဒေသရှိ တပ်စခန်းများတွင် အသက်ဆယ်ခြောက်နှစ်မှာ အသက်ခြောက်ဆယ်အထိ တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် သုံးလခန့် တာဝန်ထမ်းဆောင်ကြရသည်။ သို့သော် ထိုအချိန်တွင် သူတို့သည် သူတို့၏ ကိုယ်ပိုင်စားနပ်ရိက္ခာနှင့် လက်နက်များကို စီစဉ်ခဲ့ရသည်။


အတိုချုပ်ပြောရသော် ခုံရုံးသည် ကျွမ်းကျင်စစ်သားများကို များစွာ မထောက်ပံ့နိုင်ပေ။ နယ်စပ်ဒေသကိုလည်း ကာကွယ်ရန် လိုအပ်နေသည့်အတွက် ဤသို့သော နည်းလမ်း ပေါ်ပေါက်လာခဲ့သည်။


သို့သော်လည်း အားနည်းချက်များက သိသာထင်ရှားလွန်းလှသည်။ 


ဤအချိန်ပိုင်းယာယီ တောင်သူလယ်သမား-စစ်သားများသည် တကယ့်တိုက်ခိုက်ရေး အရည်အချင်းများ မရှိသလောက်နီးပါပင် ဖြစ်သည်။ စစ်ပွဲအကြီးစားများ ဖြစ်ပွားခဲ့ပါက မတော်တဆထိခိုက်ဒဏ်ရာရကာ သေကြေပျက်စီးသူ အလွန့်အလွန် များပြားကြသည်။


ထို့ကြောင့် ရှေးခေတ်စစ်ပွဲများတွင် ဗိုလ်ချုပ်တစ်ဦး၏ အောင်မြင်မှုရရှိခြင်းသည် ထောင်ပေါင်းများစွာသော အရိုးများကို ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲရသည်အထိ ရင်းရသည့် အဖြစ်အပျက်တစ်ခု ရှိလေ့ရှိသည်။


မူလက သူမ၏ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးနောက် တာ့ကျွမ်းသည် နယ်စပ်တွင် သူ့နေရာကို တာဝန်ယူရလိမ့်မည် ဖြစ်သည်။ သို့သော် သူမ၏ မျက်ရည်စက်လက်ဖြင့် တောင်းပန်မှုများကြောင့် မှတ်တမ်းအရာရှိလီသည် သူမမိသားစု၏ အခြေအနေကို စာနာသနားပြီး ယာယီလွတ်ငြိမ်းခွင့်ရခဲ့ခြင်း ဖြစ်သည်။


ယခုအခါ သူမတွင် ငွေရှိနေပြီ ဖြစ်သည့်အတွက် ဤအရေးကိစ္စအတွက် စိတ်ပူရန် မလိုအပ်တော့ပေ။ သူမသည် အခကြေးငွေကို တိုက်ရိုက်ပေးဆောင်နိုင်သည်။ သို့မဟုတ်ပါက သူ့နေရာကို တာဝန်ယူရန် တစ်စုံတစ်ယောက်ကို အခကြေးငွေပေးကာ စေခိုင်းနိုင်ပါသည်။ 


သို့သော် နောက်နှစ်အနည်းငယ်အတွင်းတွင် သူမ၏ တတိယသားသည် အနည်းငယ် ပို၍ ကြီးပြင်းလာသည့်အခါ သူ့မိခင်ပင်လျှင် သူ၏ ရည်မှန်းချက်ကြီးသည့် စိတ်၀ိညာဉ်ကို ချုပ်ထိန်းထားနိုင်လိမ့်မည် မဟုတ်မှန်း  သူမ မှန်းဆခဲ့သည်။ 


“သားက တကယ်ပဲ စစ်သူကြီး ဖြစ်ချင်တာလား။”ဟု လီယောင်က မေးခဲ့သည်။  


“အင်း..” 


“ယောကျ်ားတစ်ယောက်ရဲ့ စကားက သူရဲ့ ကတိဝန်ခံချက်ပဲ။ မင်းလုပ်မယ်လို့ ပြောရင် အဲဒါကို တောက်လျှောက် ကြည့်နေရမယ်။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ အဲဒါက မင်းတွေးထားသလိုတော့ လွယ်မှာ မဟုတ်ဘူးနော်။ မင်း အဲဒါကို တကယ်လုပ်ချင်တာဆိုရင် အခုက စပြီး လေ့ကျင့်ရမယ်။”


“မေမေ၊ သား ဘယ်လိုလေ့ကျင့်ရမှာလဲ။”   


လီယောင်က တစ်ခဏမျှ စဉ်းစားနေခဲ့ပြီး “အခုကစပြီး မနက်တိုင်းနဲ့ ညတိုင်း တောင်ပေါ်ကို အမေနဲ့ လိုက်ခဲ့။ မင်းကို လေ့ကျင့်ဖို့ နည်းလမ်းတွေကို အမေ စဉ်းစားလိုက်မယ်။” 


“ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် မေမေ။”


“ဒါ့အပြင်..” လီယောင်က ဆက်ပြောခဲ့သည်။ “နေ့ခင်းဘက်တွေကျရင် မင်းရဲ့ ဒုတိယအစ်ကိုနဲ့ စာလေ့လာရမယ်နော်။”  


“သားက ဗိုလ်ချုပ်ကြီး ဖြစ်ချင်တာကို သားက ဘာအတွက် လေ့လာဖို့ လိုတာလဲ။” 


 “မင်းကို ပိုပြီး ထက်မြက်ပါးနပ်စေအောင်လို့ပေါ့။” ဟု လီယောင်က ပြောခဲ့သည်။ “မင်းက အက္ခရာတွေကိုတောင် မမှတ်မိဘူးဆိုရင် စစ်တပ်နဲ့ ဆိုင်တဲ့ စာအုပ်တွေကို မဖတ်နိုင်ဘူး။ အဲ့လိုဆို စစ်ပွဲထဲမှာ စစ်သားတွေကို  ဘယ်လို ဦးဆောင်မှာလဲ။” 


တတိယသားသည် ထိုအကြောင်းကို တွေးတောကာ သူမပြောသည်မှာ မှန်ကန်ကြောင်း သဘောပေါက်သွားခဲ့သည်။


 သူသည် အကြီးအကျယ် ခေါင်းညိတ်ခဲ့သည်။


ယနေ့မှစ၍ သူ ကြိုးကြိုးစားစား လေ့ကျင့်ပြီး ဝီရိယရှိရှိ စာပေလေ့လာတော့မည်။


သူ့အသက် ၁၆နှစ်ပြည့်သောအခါ စစ်မြေပြင်သို့သွားကာ ရန်သူများကို သတ်နိုင်လျှင် ကောင်းပေလိမ့်မည်။