အပိုင်း ၄၆
Viewers 8k

အခန်း (၄၆) - အိမ်တစ်လုံးဆောက်လုပ်ခြင်း


ပိုင်ဆိုင်မှုစာချုပ်ကို လက်ဝယ်ပိုင်ဆိုင်ထားပြီး အတိတ်နမိတ်ကောင်းသောနေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။


တာ့ကျွမ်းသည် ရွာသား ၁၀ယောက်ကို  လီယောင်၏ အိမ်အသစ်နေရာသို့  ဦးဆောင်လာခဲ့ပြီး အုတ်မြစ်ကို စတူးရန်  အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။


အချိန်အခါကောင်း ကျရောက်လာခဲ့ပြီ ဖြစ်သည်။


လီယောင်သည် ဦးဆုံး ဂေါ်တစ်ပြားစာကို တူးခဲ့ပြီးနောက် တာ့ကျွမ်းသည် လူတိုင်းကို အလုပ်များများ လုပ်စေရန် ဦးဆောင်ခဲ့သည်။


ဤသို့သော ကြီးမားသည့် အိမ်တစ်လုံးကို လီယောင်တို့မိသားစုက ဆောက်လုပ်သည့်အခါ ရွာလူကြီးအဖြစ် ဝမ်ကျားဖူသည် သေချာပေါက်ပင် လာရောက် ကြည်ရှုရသည်။ လီယောင်သည်လည်း ရွာလူကြီးထံမှ အကူအညီများစွာ လိုအပ်နေခဲ့သည်။


“ငါ အုတ်ဖုတ်တဲ့သူတွေနဲ့ ပြောပြီးသွားပြီ။ နောက်တစ်ရက်နှစ်ရက်ဆို သူတို့တွေ စပို့နိုင်လိမ့်မယ်။”ဟု ရွာလူကြီးက ပြောခဲ့သည်။ “နင်က အများကြီး မှာထားတာဆိုတော့ ငါ သူတို့ကို စျေးလျော့ခိုင်းထားတယ်။ အုတ်တစ်လုံးကို နှစ်ဆင့် လျော့ပေးလိမ့်မယ်။ ဒါက စာရင်းတွက်တဲ့အခါ တော်တော် သက်သာသွားလိမ့်မယ်။”


“အခုလို ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။”


ဤရွာလူကြီးသည် အမှန်တကယ်ပင် ကိစ္စရပ်များကို မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကို သေချာသိသည်။


“ငါတို့တွေက တစ်မိသားစုတည်းပဲလေ။ ယဉ်ကျေးနေဖို့ မလိုပါဘူး။” ဝမ်ကျားဖူသည် အလုပ်ရှုပ်နေသော ရွာသား တစ်ဒါဇင်ခန့်ကို ကြည့်ကာ သက်ပြင်းဖွဖွချကာ ပြောခဲ့သည်။ “ဒီလူတွေကတော့ နင်တို့အိမ်ဆောက်တာကို ကူညီရလို့ ကံကောင်းတယ်ဟေ့။ နင်တို့က အစားအသောက်လည်း ကျွေးတော့ သူတို့တွေ စားစရာဝယ်ဖို့နဲ့ သူ့တိုမိသားစုကို ထောက်ပံ့ဖို့ ငွေနည်းနည်းပိုရတာပေါ့။ ဒါပေမဲ့ တခြားမိသားစုတွေကတော့….. အာ.. နောက်နှစ်အတွက် မတွေးနဲ့ဦး။ သူတို့တွေ ဒီဆောင်းကို မကျော်ဖြတ်နိုင်မှာကိုတောင် ငါစိုးရိမ်တယ်။ သူတို့တွေ အငတ်ဘေးကို ထွက်ပြေးကြမယ်ထင်တယ်။ ရွာမှာ အများကြီး ကျန်ခဲ့တော့မှာ မဟုတ်ဘူး။”


သူ၏ စိုးရိမ်ပူပန်နေသည့် မျက်နှာအမူအရာကို မြင်သောအခါ လီယောင်သည် တိတ်တဆိတ် ခေါင်းခါခဲ့သည်။


တောင်ပေါ်မှာ နေထိုင်ကြသူများသည် တောင်ကို မှီခိုအားကိုးကာ နေထိုင်ကြသည်ဟူသော အဆိုရှိကြသည်။ 


ဟဲဝမ်ရွာ၏ အနောက်ဘက်ရှိ တောင်တန်းကြီးတွင် အမည်မသိသေးသည့် သဘာ၀ သယံဇာတများနှင့် ပြည့်နှက်နေခဲ့သည်။ ဤသည်မှာ လူများ၏ သိနားလည်မှုနယ်ပယ်ကို ကန့်သတ်ထားတာကြောင့် ယခုအချိန်တွင် ပိုမိုကောင်းမွန်သည့် အရာများကို သူတို့ မသိကြသေးပေ။


“သူကြီး၊ အဲဒါက သိပ်တော့ မခက်ခဲဘူး။”


“အမ်…”


ဝမ်ကျားဖူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။


သူတို့ရွာသည် ရွာသားတစ်ထောင်ကျော်ရှိသည့်အတွက် တစ်နေ့လျှင် စပါး ကတ်တီ ရာကျော်ခန့် အနည်းဆုံး လိုအပ်သည်။ မည်သို့များ မခက်ခဲပဲ နေပါလိမ့်မည်နည်း။


လယ်ကွင်းများသည် အက်ကွဲနေခဲ့ပြီး အစေ့များ မျိုးကြဲပါက အလဟဿ ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ဘယ်လိုနည်းနဲ့များ မခက်ခဲနေပါသနည်း။


“ကျွန်မမှာ လူတိုင်းအတွက် စပါးစိုက်ပျိုးနိုင်မယ့်နည်းလမ်းရှိတယ်။”


“တကယ်လား။” ဝမ်ကျားဖူ၏ နှလုံးသားလေးသည် စိတ်လှုပ်ရှားမှုကြောင့် လျင်မြန်စွာ ခုန်ပေါက်နေခဲ့သည်။ “နင့်မှာ ဘာနည်းလမ်းရှိလို့လဲ။”   


“အဲဒါ ရေတွင်းတူးတဲ့အပေါ်မှာ မူတည်နေတုန်းပဲ။”  


မြောက်ပိုင်းဆောင်းရာသီသည် အလွန် ခြောက်သွေ့သည်။ ရွာတိုင်း ရေတွင်းတစ်တွင်း တူးခဲ့ပါက နွေဦးအစောပိုင်းတွင် ပျိုးကျဲရန်အတွက် ရေရရှိနိုင်မှာ အသေအချာပင်ဖြစ်သည်။


ဤမျှကြီးမားသည့် တောင်တန်းကြီးကို နောက်ခံထားသည့် ဟဲဝမ်ရွာသည် မြေအောက်ရေသည် သေချာပေါက် ပြတ်လပ်လိမ့်မည် မဟုတ်ပေ။ ၎င်းကို အသုံးပြုပြီး လယ်မြေ မူထောင်ပေါင်းများစွာကို ရေသွယ်ပေးရန် ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။


“သူကြီး၊ ကျွန်မကို ယုံတယ်ဆိုရင် ရွာသားတွေကို စုလိုက်ပါ။ ကျွန်မတို့ ဒီနေ့ပဲ စလုပ်နိုင်တယ်။ ကျွန်မတို့ မိသားစုက တာ့ကျွမ်းကတော့ လူအင်အားပါဝင်ပေးဖို့ အချိန်မရှိဘူး။ အဲဒါကြောင့်မို့ ရေတွင်းတူးတဲ့အခါ အားဖြည့်ပေးဖို့အတွက် ကျွန်မ ရန်ပုံငွေ ထောက်ပံ့ပေးပါ့မယ်။”ဟု လီယောင်က ပြောခဲ့သည်။ “ကျွန်မကို မယုံဘူးဆိုရင်လည်း ကျွန်မပြောခဲ့တာကို မေ့လိုက်ပါ။”   


“ငါ နင့်ကို ယုံတယ်”  


သူတို့သည် ဤနေရာအထိသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သူ မယုံကြည်ခဲ့လျှင်တောင် စမ်းကြည့်ရမည်ဖြစ်သည်။


အဲဒါများ အလုပ်ဖြစ်ခဲ့ရရင် ဘယ်လိုလုပ်မလဲ?


ထို့ကြောင့် ရွာလူကြီးသည် အိမ်သို့ချက်ချင်းပြန်ကာ သူ့ခြံထဲရှိ သစ်ပင်ကြီးပေါ်သို့ တက်ခဲ့သည်။ သူ့လည်ချောင်းကို ရှင်းထုတ်ခဲ့ပြီး စတင်အော်ဟစ်ခဲ့သည်။


“လူတိုင်း နားထောင်ကြ။ အရေးကြီးတဲ့ ဆွေးနွေးမှုတစ်ခုလုပ်ဖို့ ငါ့အိမ်ကို လူတစ်ယောက် အခုချက်ချင်း လွတ်ပေးကြပါ။”  


“အိမ်တိုင်း လူတစ်ယောက်စီ လွတ်ကိုလွတ်ပေးပါ။။”  


…………………………………


သိပ်မကြာခင်အချိန်တွင် အိမ်တိုင်းမှ လူတစ်ဦးစီ ရောက်လာခဲ့ကြသည်။


သို့သော် လူတိုင်းသည် ရေတွင်းတူးပြီး ထိုရေတွင်းကို အားထားကာ စပါးစိုက်မည့်အကြောင်းကို ကြားသိသောအခါ တစ်ဦးတစ်ယောက်မျှ မယုံကြည်ခဲ့ပေ။


“ရေတွင်းတစ်တွင်းထဲက ရေက မြေတစ်မူကိုလောင်းဖို့တောင် လုံလောက်နိုင်မှာ မဟုတ်ဘူး။”


“အဲဒါ ဟုတ်တယ်။ မြေနေရာတိုင်းမှာလည်း သေချာပေါက် ရေတွင်းတူးလို့ရမှာမဟုတ်ဘူး။”


“ဒီလီယောင်ကတော့ နောက်တစ်ခါ ထပ်ပြီး ရူးနေတာပဲ ဖြစ်ရမယ်။ ဒီလိုဆိုးဆိုးရွားရွား အကြံအစည်တွေနဲ့ ထပ်တွေးနေပြန်ပြီဟေ့။” 


“နင် ဘယ်သူ့ကို အရူးလို့ ခေါ်နေတာလဲ။” ယင်းစကားသံကို ကြားသောအခါ ဝမ်ရွယ်ရှစ်သည် ချက်ချင်း အော်ဟစ်ခဲ့သည်။  “အေးပေါ့။ နင်ကတော့အရမ်း အရမ်းကိုတော်တဲ့သူပဲ။ ကောက်ရိုးခြောက်စားဖို့တောင် လုံလုံလောက်လောက်မရှိပဲ ဆင်းရဲနေပေမဲ့လေ။”


“ကဲ. ကောင်းပြီ။ ငြင်းခုံနေတာ ရပ်လိုက်ကြတော့။ ငါပြောတာကို နားထောင်ကြဦး။”


ရွာသူကြီးသည် လူတိုင်းကို ငြိမ်သက်အောင် လုပ်ခဲ့ပြီး ပြောခဲ့သည်။ “ဒီတစ်ခေါက် ရေတွင်းတူးတာ နင်တို့မှာ ရှိတယ်ဆိုရင် ပိုက်ဆံလိုတယ်။ နင်တို့ စီစဉ်နိုင်ရင် လုပ်အားလည်း လိုတယ်။ မဖြစ်မနေ လုပ်ရပေးရမှာတော့ မဟုတ်ဘူး။ နင်တို့ ထောက်ပံ့ဖို့ ဆန္ဒရှိတယ်ဆိုရင် လာပူးပေါင်းပါ။ မလုပ်ချင်ရင်လည်း အဆင်ပြေတယ်။ ဒါပေမဲ့ ရေတွင်းတူးပြီးသွားရင် တွင်းတူးတုန်းက လာမကူတဲ့ မိသားစုတွေကို တွင်းရေသုံးခွင့်မပြုဘူး။ ရှင်းလား။”


ရွာသူကြီးတစ်ယောက်အနေဖြင့် ဝမ်ကျားဖူသည် ဟဲဝမ်ရွာတွင် ဩဇာတိက္ကမ အတော်အတန် ထိန်းထားနိုင်ဆဲ ဖြစ်သည်။


သူ၏ ထုတ်ပြန်ကြေညာချက်ကြောင့် အစောပိုင်းက မကျေမချမ်း ဖြစ်နေခဲ့ကြသည့် ရွာသူရွာသားများအားလုံးသည် သူတို့၏ ပါးစပ်များ ပိတ်ကာ စကားရပ်ခဲ့ကြသည်။


  “ကျွန်တော်တို့ မိသားစုက ရေတွင်းတူးဖို့ သဘောတူပါတယ်။”


ထို့အချိန်တွင် ဝမ်ယွမ်ချိုင်က မတ်တပ်ရပ်လာခဲ့သည်။


သူသည် ရွာလူကြီး၏ အကြီးဆုံးသား ဖြစ်သည်။ သူ့မိသားစုသည် အသားစွပ်ပြုတ်ဆိုင် တစ်ဆိုင် လည်ပတ်နေပြီး လီယောင်ထံမှ အကူအညီ ကြီးကြီးမားမား တစ်ခုကို အကြွေးတင်နေခဲ့သည်။ ထို့ကြောင့် သူသည် ဦးဆုံး မတ်တပ်ရပ်ကာ အဒေါ်လီနှင့် သူ့ဖခင်၏ ဆုံးဖြတ်ချက်ကို ထောက်ခံသူ ဖြစ်လာခဲ့ရသည်။  


“ကျွန်မတို့မိသားစုကတော့ သဘာ၀ကျကျပဲ ပါဝင်တဲ့ဘက်ကပါ။”ဟု ဝမ်ရွယ်ရှစ်က ဝမ်မိသားစုကိုယ်စား အလျင်အမြန် လက်ခံခဲ့သည်။ ဤသည်မှာ သူ့ချွေးမ၏ စိတ်ကူးဖြစ်သည့်အတွက် သူမ၏ ထောက်ခံမှုကို ပြသရမည် ဖြစ်သည်။


မကြာမီ ဖန်မင်ချွမ်းကလည်း ပြောခဲ့သည်။ “ဖန်မိသားစုကလည်း သဘောတူပါတယ်။”


ဟဲဝမ်ရွာတွင် ဖန်မိသားစုသည် မျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်။ အများက ကြည်ညိုလေးစားသည့် မျိုးနွယ်စုခေါင်းဆောင် ဖန်မင်ချွမ်းကလည်း သိသိသာသာ ဩဇာလွမ်းမိုးနိုင်သည်။


ဝမ်မိသားစုနှင့် ဖန်မိသားစုတို့ အတူတကွ ပူးပေါင်းခဲ့ကြပြီး ယခုအခါ သူတို့သည် ဟဲဝမ်ရွာတစ်ဝက်ကို ကိုယ်စားပြုနေခဲ့ပြီ ဖြစ်သည်။  


ကျန်ရှိနေကြသူများသည် ကျော်ကြားမှုနည်းပါးသည့် မိသားစုများနှင့် အိမ်ထောင်စုများ ဖြစ်ကြပြီး အများစုသည် အင်အားကြီးမားသည့် မိသားစုကြီးများ၏ ဦးဆောင်မှုနောက်သို့ လိုက်ခဲ့ကြသည်။


“ဘယ်သူမှ အသိအမှတ်မပြုတဲ့အလုပ်ပဲ”ဟု ကျုးယိုကွေ့က သည်းမခံနိုင်ပဲ ပြောခဲ့သည်။ “မင်းတို့ကြိုက်သလို မင်းတို့လုပ်လို့ရတယ်။ ငါကတော့ သေချာပေါက် မသွားဘူး။”


“မပါမယ့် တခြားသူ ရှိသေးလား။”ဟု ဝမ်ကျားဖူက မေးခဲ့သည်။


လူအုပ်ကြီးသည် အချင်းချင်း ကြည့်ခဲ့ကြသည်။ သို့သော် တစ်ဦးတစ်ယောက်မျှ စကားမဆိုချေ။


ဤသို့ဖြင့် ကျိုးယိုကွေ့၏ မိသားစုတစ်ခုတည်းသာလျှင် ရေတွင်းတူးရာတွင် ပါဝင်လိမ့်မည် မဟုတ်ပေ။ 


ဝမ်ကျားဖူသည် ဤရလာဒ်ကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်ကာ ထို ‘ငပျင်း’ကျုးယိုကွေ့ကို ကိုင်တွယ်ဖြေရှင်းရန် အပင်ပန်းမခံနိုင်တော့ချေ။


“အဲလိုဆို ဆုံးဖြတ်ပြီးပြီ။ ဒီနေ့ နေ့လည် လူတိုင်း ငါ့အိမ်မှာ စုကြမယ်။ ပြီးရင် ငါတို့ ဒီနေ့ စလုပ်ကြမယ်။”


…………………………………


ဝမ်ကျားဖူသည် ကိုယ်တိုင်ကိုယ်ကျ နေရာတစ်ခု ရွေးချယ်ရန် လီယောင်အား ဖိတ်ခေါ်ခဲ့သည်။


ရေတွင်းသည် လယ်ကွင်းများနှင့် အလွန်မကွာဝေးသင့်ရုံသာမက မြစ်ကမ်းခြေနှင့်လည်း အလွန် နီးကပ်ခြင်း မဖြစ်ရပေ။ ထို့ကြောင့် လီယောင်သည် ရွာဝင်ပေါက်အနီးရှိ နေရာလွတ်တစ်ခုကို ရွေးချယ်ခဲ့သည်။ 


“ရေတွင်း၀က ဘယ်လောက်ကျယ်ရမှာလဲ။”


“၆ကျန်းဆိုရင် အကောင်းဆုံးပဲ။” (၁ကျန်း = ၃.၃၃ မီတာ/၂၀ မီတာ= ၆၅ပေ) 


လူအယောက် ၂၀၀ကျော်သည် တပြိုင်တည်း ပင့်သက်ရှိုက်ခဲ့သည်။ 


မီတာ ၂၀ ကျယ်သည့် ရေတွင်း ၊ ယင်းကို ဘယ်လိုလုပ် ရေတွင်းလို့ ခေါ်နိုင်ဦးမည်နည်း။


တစ်ရွာလုံး၏ အင်အား လိုအပ်နေသည်မှာ မထူးဆန်းတော့ပေ။ လူအနည်းငယ် သို့မဟုတ် လူဒါဇင် အနည်းငယ်ခန့်သာ လုပ်ဆောင်ခဲ့မည်ဆိုပါက ၎င်းကို ပြီးဆုံးရန် နောက်နှစ်အထိ အချိန်ယူကောင်း ယူရပေလိမ့်မည်။ 


“ကောင်းပါပြီ။ ကဲ စလုပ်ကြစို့ဟေ့...”


မီတာ ၂၀ အကွာအဝေးသည် လူအယောက် နှစ်ဆယ်မှ သုံးဆယ်အထိ လွတ်လွတ်လပ်လပ် မတ်တပ်ရပ်ကာ လှုပ်ရှားနိုင်ခဲ့ပြီး  လူတိုင်းသည် ၎င်းကို ပြီးမြောက်ရန် ဆုံးဖြတ်ထားသည့်အတွက် သုံးရက်တာ အချိန်တိုအတွင်း၌  သိသာထင်ရှားသည့် တိုးတက်မှုကို ပြုလုပ်နိုင်ခဲ့သည်။ သူတို့သည် မြေကြီးနှင့် ကျောက်တုံးကြီးများကို ဆွဲငင်ယူရန် ကြီးမားသော မောင်းတံကြီးတစ်ခုကို အသုံးပြုရန် ရေတွင်းအပြင်ဘက်တွင် အထောက်အပံ့များကို စတင်တပ်ဆင်ခဲ့သည်။ 


လေးရက်မြောက် ညနေခင်းတွင် သူတို့သည် ကျောက်နီ၏ ပထမအလွှာသို့ ရောက်ရှိခဲ့သည်။ ထိုညတွင် ဒုတိယအလွှာသို့ သူတို့ ရောက်သည့်အခါ ရေအတော်များများ ထွက်နေခဲ့ပြီ  ဖြစ်သည်။


ဤသည်မှာ လုံလောက်လိမ့်မည်ဟု သူတို့ ယူဆခဲ့သော်လည်း လီယောင်သည် သူတို့အား မရပ်တန့်စေခဲ့ပေ။


ရေတွင်း၏ အနက်သည် ဤနေရာတွင် ၁၀ မီတာ အနက်ထိပင် မရောက်သေးချေ။ လုံလောက်ဖို့ရာ ဝေးလွန်းလှသည်။


“ဆက်တူးဦး”


လီယောင်က ဆက်တူးခိုင်းလျှင် သူတို့ ဆက်တူးလိမ့်မည် ဖြစ်သည်။ 


နောက်ထပ် နှစ်ရက်နှင့် နှစ်ညလုံး ဆက်တိုက် ဆက်လက်လုပ်ဆောင်ခဲ့ပြီးနေကာက် နောက်ဆုံးတွင် သူတို့သည် ခြောက်ခုမြောက် ကျောက်နီအလွှာသို့ ရောက်ရှိခဲ့ပြီး အနက်ကလည်း မီတာ ၂၀၀ ကျော်လွန်သွားခဲ့ပါသည်။ လီယောင်သည် ၎င်းမှာ အမှန်သာ ဖြစ်သည်ဟု ခံစားခဲ့ရသည်။


ယခုအခါ မြေအောက်ရေ အမြောက်အမြား ရရှိနေခဲ့ပြီ ဖြစ်ပြီး ယင်းတို့အား ခပ်ထုတ်ပြီး ထိန်းသိမ်းရန်ပင် ခက်ခဲလှသည်။


၎င်းအပြင် အဆင့်မှီ စက်ယန္တရားကြီးများ မရှိပဲ ယခုအနက်ထက် ပိုတူးပါက အလွန် ခက်ခဲပြီး အန္တရာယ်များပေလိမ့်မည်။


နောက်တစ်ခုသည် ရေတွင်းအား တောင့်တင်းခိုင်မာစေခြင်း ဖြစ်သည်။ 


ဤမျှကြီးမားသော ရေတွင်းအတွက် အကောင်းဆုံးသည် ကြီးမားသော ကျောက်ပြားအချပ်များကို အသုံးပြုသင့်သည်။ သို့သော် ၎င်းတို့ကို ရရှိရန် အချိန်မရှိခဲ့ပေ။ လီယောင် မှာယူထားသည့် အုတ်ခဲများသည် ရောက်ရှိလာခဲ့သည့်အတွက် အရင်ဆုံး အသုံးပြုရန် သူမသည် ၎င်းတို့ကို ရေတွင်းဆီသို့ တိုက်ရိုက် သယ်ဆောင်လာစေခဲ့သည်။


ရွာလူကြီးသည် ဤအကြောင်းကို တတ်သိနားလည်ခဲ့ပြီး အင်္ဂတေထူထူ ပြုလုပ်ရန် ထုံး၊ ကောက်ညှင်းနှင့် သဲနုတို့ကို ကြိုတင်၍ ပြင်ဆင်ထားခဲ့ပါသည်။ သူတို့သည် ရေတွင်းနံရံအတွက် အောက်ခြေလွှာမှ အပေါ်သို့ တစ်လွှာပြီး တစ်လွှာ စီတန်းရန်အတွက် အုတ်ခဲများကို အသုံးပြုခဲ့ကြသည်။


နောင်အနာဂါတ်တွင် အဆင်ပြေပြေ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ရန်အတွက် သူတို့သည် ရေတွင်းနံရံများတွင် လှေခါးထစ်များကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့ကြသည်။ နောက်ပိုင်းတွင် ရေဘီးများကို တပ်ဆင်ရန် သို့မဟုတ် ရေတွင်းအောက်ခြေမှ အချိန်မရွေး ရေဆွဲယူနိုင်ရန် လွယ်ကူစွာ ဝင်ရောက်အသုံးပြုနိုင်ရန် ထည့်တွက်ခဲ့ကြသည်။ 


ရေတွင်းအပြင်ဘက်တွင်လည်း လူများ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်များ မတော်တဆ ပြုတ်ကျခြင်းမှ ကာကွယ်ရန်အတွက် သူတို့သည် တစ်မီတာကျော် အမြင့်ရှိသည့် ရေတွင်းနံရံများကိုလည်း တည်ဆောက်ခဲ့ကြသည်။ 


ရေတွင်းကို တောင့်တင်းခိုင်မာအောင် အားဖြည့်ပြီးသည့်နောက်တွင် တွင်းနံရံများ ခြောက်သွေ့လာစေရန်  တွင်းရေများကို အဆက်မပြတ် ခပ်ထုတ်ရန် လိုအပ်နေဆဲ ဖြစ်ပါသည်။


လီယောင်သည် ဤကိစ္စရပ်များကို စိတ်ပူနေရန် မလိုတော့ပေ။ သူမသည် ဟဲရှောင်ယာနှင့်အတူ ဘဲငန်းလေးများ ၎င်းတို့၏ ဥခွံထဲမှ ဖောက်ထွက်လာမည်ကို စောင့်စားနေခဲ့သည်။