အခန်း (၄၁) - ဖဲကြိုးဖြတ်ခြင်း
ဆူဆူညံညံနှင့် စည်ကားနေခဲ့သည့် ဝင်ပေါက်သည် ပိုမို၍ပင် စုပုံကျလာကာ လူပြည့်ကျပ်နေခဲ့သည်။ အိမ်၌ ပိုက်ဆံနည်းနည်းပိုရှိသည့် သူများသည် အထူးဈေးဝယ်သူများဖြစ်လာရန် တန်းစီနေခဲ့ကြသည်။ ဒီ့အပြင် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီသည် စျေးကြီးသည်။ ငွေ ၅ချောင်းသည် နှစ်ဗူးပင် ဝယ်မရနိုင်ပေ။
သူဌေးကျိုးသည် အချိန်အခါသင့်သည့် အခိုက်အတန့် အခါသမကို ရောက်ရှိလာသည်ကို မြင်သောအခါ အနီရောင် ဖဲကြိုးများ တွဲလောင်းချကာ အလှဆင်ထားသည့် တံခါးများကို ပေါ်ထွက်လာစေရန် အဝင်၀ရှိ စားပွဲများကို ဘေးဘက်သို့ ဖယ်ခိုင်းခဲ့သည်။ အဝတ်အိတ်ထဲတွင် အနီရောင် ချည်နှောင်ထုံးဖွဲ့ထားသည့် ပန်းပွင့် သုံးပွင့် ရှိနေခဲ့ပြီး လူအများ၏ မျက်လုံးကို ဖမ်းစားခဲ့သည်။
“အဲဒါ ဘာလုပ်ဖို့လဲ။”
“အရောင်းစတိုးဆိုင် အသစ်ဖွင့်တာဆိုတော့ ကံကြမ္မာကောင်းတွေအတွက် ဖဲကြိုးဖြတ်မဲ့ အခမ်းအနားကို ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်။”ဟု ဆိုင်ရှင်ကျိုးက အလျင်အမြန် ရှင်းပြခဲ့သည်။ “မင်းကတော်သခင်မကြီးခင်ဗျား၊ ဖဲကြိုးဖြတ်ဖို့ အကူအညီလေး တောင်းလို့ရနိုင်မလားခင်ဗျာ။”
“ဖဲကြိုးဖြတ်တာ။ ဒီအကြောင်းကို ဒါ ပထမဆုံးကြားဖူးတာပဲ။ ဒါကော လီယောင်ရဲ့ စိတ်ကူးပဲလား။”
“ဟုတ်ပါတယ်ခင်ဗျာ။ အသေအချာပါပဲခင်ဗျာ။”
“သူကလေ သိပ်ကို ထက်မြက်တဲ့ အမျိုးသမီးလေးပဲ။ သာမာန်လူတစ်ယောက်က ဒီလိုကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေကို အများကြီး မတွေးနိုင်ကြဘူး။” ခရိုင်တရားသူကြီးမင်းကတော်သည် လီယောင်ကို အလွန်ရက်ရောစွာဖြင့် ချီးမွမ်းခဲ့သည်။ “ဒါပေမဲ့ ဒါက ရှင်တို့ဆိုင်ဆိုတော့ ကျွန်မတစ်ယောက်တည်း ဖဲကြိုးဖြတ်ဖို့ သိပ်မသင့်တော်ဘူး ထင်တယ်။ ဘာလို့ လီယောင်ကို အပြင်ထွက်လာဖို့ မခေါ်တာလဲ။ ကျွန်မတို့နှစ်ယောက် အတူတူ ဖြတ်လို့ရတယ်လေ။”
“ကောင်းလှပါပြီခင်ဗျာ။ သူလည်း မကြာခင် ရောက်လာတော့မှာပါခင်ဗျာ။”
ထိုအချိန်မှာပင် လီယောင်သည် သူမ၏ မိသားစုဝင်များနှင့်အတူ သန်မာကြံ့ခိုင်သူ တာ့ကျွမ်းလေး မောင်းနှင်လာသော နွားလှည်းဖြင့် ရောက်ရှိလာခဲ့သည်။
လီယောင်သည် ယနေ့တွင် သူမ၏ ချောမွတ်တောက်ပြောင်နေသည့် ဆံပင်များကို နောက်ကျောဘက်တွင် စည်းထားပြီး အဝတ်အစားသစ်များကိုလည်း ဝတ်ဆင်ခဲ့သည်။ မုဆိုးမတစ်ယောက်အနေနှင့် သူမသည် မည့်သည့်အရာကိုမှ အလွန် ပေါ်ပေါ်ထင်ထင် မဝတ်စားနိုင်ပေ။ သူမသည် ပန်းများ သို့မဟုတ် ငှက်အမွေးများကိုလည်းပဲ မဆင်ယင်ခဲ့ပေ။ သူမ၏ ဝတ်စုံ တစ်ခုလုံးသည် ရိုးစင်းလှသည်။
တခြားသခင်မများနှင့် အမျိုးသမီးငယ်လေးများထက် မက်မောစွဲလမ်းဖွယ်ရာ နည်းပါးသော်လည်း ၎င်းသည် သူမအား မတူညီသည့် လုံး၀ အတားအဆီး မရှိသော ပင်ကိုစရိုက်ကို ထုတ်ဖော်ထားခဲ့ပါသည်။ နှစ်လိုဖွယ်ကောင်းသည့် အသွင်အပြင်နှင့် ချောမွေ့နူးညံ့ပြီး ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လစ်သော်လည်း သူမ၏မျက်ခုံးများနှင့် မျက်လုံးများတွင် လုံး၀မမျှော်လင့်ထားသည့် ရဲစွမ်းသတ္တိရှိသော စိတ်ဝိဉာဏ်များ ပါရှိနေခဲ့သည်။
လူအတော်များများသည် သူမ့အကြောင်းကို သိခဲ့ကြသော်လည်း သူမအား ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းသာ ဖြစ်နေဆဲဖြစ်ပြီး သူတို့အချင်းချင်း တီးတိုးပြောဆိုခဲ့ကြသည်။
“ဒီလိုဆို ဒါက လီယောင်ပေါ့လေ။ တချက်ကြည့်လိုက်ရုံနဲ့ သာမာန်လူမဟုတ်ဘူးလို့ ပြောနိုင်လောက်တယ်နော်။”
“ငါတို့ ပညာရှင် အသုံးအနှုန်းနဲ့ဆိုရင် နတ်သမီးတပါးလို ထူးကဲသာလွန်နေပြီး အံမခန်းဖြစ်လောက်တယ်လို့ ခေါ်တယ်။”
“ဒါပေမဲ့ ငါကြားဖူးတာကျတော့ သူက အရိုင်းအစိုင်း အော့ကြောလန်တစ်ယောက်တဲ့နော်။”
“မုဆိုးမတစ်ယောက်က ဘယ်လိုလုပ် မခက်ထန်နိုင်ပဲ နေလို့ရမှာလဲ။ အဲလိုမှမဟုတ်ရင် သူ့ကို နေရာတကာက အနိုင်ကျင့်ကြမှာပေါ့။ သူ့ဒေါသက အဲလောက် သိပ်အများကြီး အရေးမကြီးပါဘူး။”
…………………………………
လီယောင်သည် လူလုပ်ကြားထဲသို့ ဖြတ်လျှောက်သွားခဲ့ပြီး ခရိုင်တရားသူကြီးမင်းကတော်ကို ဦးစွာ နှုတ်ဆက်ခဲ့သည်။
ခရိုင်တရားသူကြီးမင်းကတော်ကလည်း သူမလက်ကို ကိုင်ထားခဲ့ပြီး နှစ်ဦးသားသည် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် အချစ်ဆုံး သူငယ်ချင်းများကဲ့သို့ ဖြစ်နေခဲ့သည်။ “အမှန်တကယ်တော့ လီယောင်က အင်မတန် ကျက်သရေရှိပြီး ကျွန်မတို့ ပိုင်ချွမ်းခရိုင်ကို ဂုဏ်တက်စေခဲ့တဲ့ ရှားရှားပါးပါး ပါရမီပါတဲ့ သူတစ်ယောက်ပါ။ အနာဂါတ်မှာလည်း ကျွန်မတို့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း ပိုသိလာလိမ့်မယ်လို့ ထင်တယ်။ ”
လီယောင်သည် စိတ်ထဲမှာ လှောင်ရယ် ရယ်ခဲ့သည်။
ခရိုင်တရားသူကြီးမင်းကတော်သည် သူမအား မည်သည့်အတွက်ကြောင့် မြှောက်ပင့်နေခဲ့သည်ကို သူမ တကယ်မသိပေ။ မျက်လုံးဖွင့်ထားလျှင်နှင့်ပင် ဗြောင်ကျကျ လိမ်ညာနေခဲ့သည်။
ကျက်သရေရှိပြီး ဂုဏ်တက်စေတာလား။
ပါရမီတစ်ခုလား။
သူမသည် မဟုတ်မှန်ကြောင်း အာမခံရဲကာ ထိုကဲ့သို့သော လူမျိုးလည်း မဖြစ်လာချင်ပေ။ သူမသည် နေ့တိုင်း အိမ်မှာပင် လတ်လျားလတ်လျားနှင့် အပျင်းထူနေချင်ရုံသာ ဖြစ်သည်။
သို့သော်လည်း ခရိုင်တရားသူကြီးမင်းကတော်သည် လူအများရှေ့တွင် ဤကဲ့သို့ သူမအား မတောင်းဆိုပဲနှင့် ဂုဏ်ပြုချီးမွှမ်းလာသည့်အတွက် လျက်တပြတ် ပေါ်ပေါက်လာသည့် ဆန္ဒတစ်ခုမျှသာ မဖြစ်နိုင်ပေ။ အရာရှိများနှင့် သူတို့၏ဇနီးသည်များတွင် ကွယ်ဝှက်ထားသည့် ရည်ရွယ်ချက်များ အခုတစ်ရာထက်မနည်း ရှိကြသည်ကို လူတိုင်းသိကြသည်။
ဖဲကြိုးဖြတ်ပြီးနောက် သူမ အိမ်သို့ အမြန်ပြန်လျှင် ပိုကောင်းမည့် ပုံပေါ်သည်။
“မင်းကတော် သခင်မကြီးက ကျွန်မကို အထင်ကြီးနေပါပြီရှင်။ ကျွန်မက သာမာန်ရွာသူလေးတစ်ယောက်ပါပဲရှင်။ ဘယ်လိုလုပ် ပါရမီပါနိုင်မှာလဲရှင်။”
“အရမ်းကြီး ကျိုးကျိုးနွံနွံ မဖြစ်ပါနဲ့ရှင်။”ဟု ခရိုင်တရားသူကြီးမင်းကတော်က ပြုံးနေခဲ့သည်။ “ကဲ၊ နောက်ကျနေပြီ။ အားလုံးက စောင့်နေကြတယ်လေ။ ဘာလို့ ကျွန်မတို့ မစကြတာလဲ။”
သူဌေးကျိုးက ကျယ်လောင်စွာဖြင့် ကြေငြာခဲ့သည်။ “ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်ကို စီးပွားရေးလုပ်ဖို့အတွက် တရားဝင်ဖွင့်လှစ်လိုက်ပါပြီ ခင်ဗျား….။”
ဒန်း ဒန်း ဒန်း…
ဒုန်း ဒုန်း ဒုန်း…
လမ်းမပေါ်တွင် စီတန်းလှည့်လည်သည့်အဖွဲ့လည်း ပြန်ရောက်လာခဲ့ပြီး ချက်ချင်းဆိုသလို မောင်းနှင့်ဗုံများကို စတင်တီးခဲ့သည်။ အနီရောင် ဦးထုတ်ဆောင်းထားသည့် အဖိုးအိုတစ်ဦးသည် သူ့ပါးစုံအပြည့် ဖောင်းလာသည့်အထိ ရိုးရာနှဲတစ်ခုဖြင့် အောင်ပွဲတေးသံကို တီးမှုတ်ခဲ့သည်။
လီယောင်နှင့် ခရိုင်တရားသူကြီးမင်းကတော်သည် ကတ်ကြေးများကို တစ်ပြိုင်နက်တည်း ကိုင်ဆောင်ကာ တံခါး၀ရှိ အနီရောင်ဖဲကြိုးကို ညှပ်ခဲ့သည်။
“ဖွင့်လှစ်လိုက်ပါပြီ။”
“စျေးဝယ်ဖောက်သည်ကြီးများကို ကြိုဆိုပါတယ်ခင်ဗျာ။”
ဝန်ထမ်းအကူများစွာကလည်း အပေါ်ပိုင်းတွင် အဖြူရောင်အင်္ကျီများကို ဆင်တူဝတ်ဆင်ကာ တံခါး၀တွင် ရပ်နေခဲ့ကြပြီး လူတိုင်းအား ပြုံးပြကာ “ကြိုဆိုပါတယ်ခင်ဗျာ။”
အရောင်းစတိုးဆိုင်ထဲတွင် လူစုလူဝေး အပြည့်ဖြစ်နေသည်ကို မြင်သောအခါ လီယောင်သည် ဗြောက်အိုးသံ တဒိုင်းဒိုင်းဒိုင်း ရှိနေခဲ့ပါက ပိုအသက်ဝင်လိမ့်မည်ဟု တသသ ဖြစ်နေခဲ့သည်။
သို့သော် ဤခေတ်တွင် ဗြောက်အိုးများ မရှိပဲ မီးရှူးမီးပန်းများသာ ရှိသည့်အတွက် နောက်ပိုင်း ရှိလာသည့်အချိန်ထိ စောင့်ရဦးမည် ဖြစ်သည်။
ထုတ်ကုန်ပစ္စည်း ‘ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ‘ တစ်မျိုးတည်းသာ ရှိသော်လည်း ကောင်တာများကို တာဝန်ယူရသည့် ဝန်ထမ်းအကူသုံးယောက်သည် ပုံမှန်ထက် ကျော်လွန်၍ အလွန် အလုပ်များနေခဲ့သည်။ နှင်းကျနေသကဲ့သို့ အဖြူရောင် ငွေချောင်းများ၊ ကြိုးတွဲထားသော ကြေးဒင်္ဂါးများသည် ငွေပုံးထဲသို့ ဆူဆူညံညံ အသံမြည်ကာ ဝင်နေခဲ့ကြသည်။
ဘေးဘက်မှ စာရင်းကိုင်သည်လည်း အရောင်းအဝယ်ကိစ္စများကို မအားမလပ်နိုင်အောင် မှတ်တမ်းတင်နေခဲ့ပြီး သူ့တွင် နောက်ထပ် လက်နှစ်ချောင်းရှိရန်ပင် အလိုရှိနေခဲ့သည်။
ခရိုင်တရားသူကြီးမင်းကတော်သည် တကြိမ်တည်းနှင့် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီဗူး ၂၀ကို ဝယ်ယူခဲ့ကာ ရင်းနှီးမြှုပ်နှံမှု အကြီးကြီးတစ်ခုကို သူမစကားအတိုင်း အမှန်တကယ် ဝယ်ယူခဲ့သည်။
စုန်တရားသူကြီးမင်းကို ဤဆင်းရဲနွမ်းပါသည့် ဒေသကို အုပ်ချုပ်ရန် ရာထူးချခံရပြီးနောက် မြို့တော်သို့ ပြန်ရန် မစဉ်းစားပဲ သူသည် ရွှံနွံထဲနှစ်သကဲ့သို့ပင် ဤနေရာ၌ တစ်ဆို့နေခဲ့သည်။ ထို့ကြောင့် သူ့ဇနီးသည်တစ်ယောက်အနေဖြင့် သူ့ရှေ့ရေး အောင်မြင်လာစေရန် ကူညီဖို့ နည်းလမ်းရှာကာ အကြံအဖန် လုပ်ရပေတော့မည်။
မြို့တော်သို့ ဤ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီဗူးများ ပြန်ပို့ခြင်းသည် နန်းတော်မှ အမျိုးသမီးများ၏ မျက်နှာသာပေးခြင်းကို ရရှိလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။
ခရိုင်တရားသူကြီးမင်းကတော်နှင့်အတူ အပေါ်ထပ်တွင် လက်ဖက်ရည်သောက်ရန် လိုက်သွားခဲ့ပြီး လီယောင်သည် မသိမသာနှင့် ထွက်သွားရန် အရောင်းအဝယ်အခြေအနေကို စစ်ဆေးရတော့မည်ဆိုသည့် ဆင်ခြေပေးခဲ့သည်။
သို့သော် သူမ တိတ်တဆိတ် မထွက်ခွာမီ ‘ဟယ်မိသားစု စားသောက်ဆိုင်’ပိုင်ရှင် ဟယ်ကျားကျင်းသည် မန်နေဂျာဖန်၊ အစေခံတချို့တို့နှင့်အတူ ရောက်လာခဲ့သည်။
“လီယောင်၊ ဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်။”
“သူဌေးဟယ်၊ ဒီကို ဘာလို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာရတာလဲ။”
“လီယောင်ရဲ့ ခေတ်မီအရောင်းစတိုးဆိုင် ဖွင့်ပွဲကို ကျုပ်ဘယ်လိုလုပ် လွတ်သွားရမှာလဲ။” ဟယ်ကျားကျင်းသည် အားရပါရ ရယ်မောခဲ့ပြီး “မင်းက ကြိုမပြောထားလို့ ကျုပ် လက်ဆောင်တောင် မပြင်ထားလိုက်ရဘူး။ ဒီတိုင်း ပေါ့ပေါ့ပါးပါး ပစ္စည်းနည်းနည်းပဲ ယူလာခဲ့တယ်။ ကျေးဇူးပြုပြီး အထင်မသေးပါနဲ့ဦးဗျာ။”
ဟယ်ကျားကျင်း စကားပြောနေစဉ်တွင် သူ့အစေခံများသည် လက်ရာမြောက်သည့် သစ်သားသတ္တောာငယ်တစ်ခုကို ဖွင့်ပြခဲ့သည်။ အတွင်းထဲ၌ အလွန်သန့်စင်ခံ့ညားသည့် ကြွေထည်တစ်စုံပါရှိသည်။
သူဌေးကျိုးသည် အတွေ့အကြုံများစွာကြောင့် တစ်ချက်ကြည့်ရုံဖြင့် ဤကြွေထည်တစ်စုံသည် အံမခန်းသည့် ထူးထူခြားခြား အမျိုးအစားဖြစ်သည်ကို သတိထားမိခဲ့သည်။
အလွန်လက်ရာ ပြောင်မြောက်အောင် ဖန်တီးထားသည့်အတွက် ချမ်းသာသူတစ်ဦး ဖြစ်ခဲ့လျှင်တောင် မရရှိနိုင်ပေ။ ၎င်းကို အထက်တန်းစားများသာ သက်ဆိုင်ကြပြီး အဆင့်အတန်းမြင့်သော အရာရှိများသာ ပိုင်ဆိုင်ကြသည်။
ဟယ်ကျားကျင်းသည် ဤတစ်စုံကို လက်ဆောင်အဖြစ် ရရှိရန် မည်သည့် အချိတ်အဆက်များ ပြုလုပ်ခဲ့သည်ကို သူမသိပေ။ သူ၏ခမ်းနားထည်ဝါသော ပေးကမ်းရက်ရောမှုသည် အထင်ကြီးလောက်ပေသည်။
ထို့ကြောင့် သူသည် လီယောင်ကို တိုးတိုးလေးပြောခဲ့သည်။ “အဲဒါ ကွမ်ရင်မီးကြွေထည်ပဲ။”
အလွန်တန်ဖိုးရှိသည့် အရာဟု ကြားလိုက်ရပါက လီယောင်သည် အနည်းဆုံး အနည်းငယ်မျှ အံအားသင့်သွားလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။ သို့သော် လီယောင်သည် ကြွေထည်များကို တစ်ကြိမ်သာလျှင် စူးစိုက်ကြည့်ခဲ့ပြီး နောက်ထပ်တစ်ခါ ထပ်မကြည့်တော့သည်ကို သူတွေ့ရှိခဲ့ရသည်။
အဖိုးတန်သည့် တစ်စုံတစ်ရာသည် သူမမျက်လုံးထဲတွင် စွပ်ပြုတ်ပန်းကန်နှင့် မခြားနားသကဲ့သို့ပင် ဖြစ်ခဲ့သည်။
လီယောင်ကတော့ အမှန်တကယ် လီယောင်ပင်ဖြစ်သည်ဟု သူ့စိတ်တွင်း၌ သက်ပြင်းချစေခဲ့သည်။ ဤကဲ့သို့သော အဖိုးတန်ပစ္စည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ သူမသည် အမှန်တကယ်ပင် မတုန်မလှုပ် ခံစားချက်မဲ့မှုများဖြင့် တည်ရှိနေနိုင်ခဲ့ပြီး ၎င်းသည် သူ့အားလုံး၀ သိမ်ငယ်မှုကို ခံစားရစေသည်။
အမှန်အတိုင်းပင် လီယောင်၏ အမြင်အရ ဤကြွေထည်တစ်စုံသည် အခြေခံအားဖြင့် အကြမ်းထည် အညံ့စားပင် ဖြစ်သည်။
လမ်းဘေးဆိုင်မှ ကုန်ပစ္စည်းက ဘယ်လိုလုပ်ပြီး သူမကို စိတ်လှုပ်ရှားစေနိုင်မှာလဲ။
လုံး၀ မဖြစ်နိုင်ပေ။
သူဌေးဟယ်နှင့် မန်နေဂျာဖန်ကို ဧည့်ခံပြီးနောက် လီယောင်သည် နောက်ဆုံးတွင် သူမ တိတ်တဆိတ် ထွက်သွားနိုင်ပြီဟု တွေးထင်ခဲ့သော်လည်း တံခါးပေါက် မရောက်ခင် တခြားတစ်ဖွဲ့သည် သေတ္တာကြီးတစ်လုံးကို သယ်ဆောင်ကာ လာခဲ့သည်။
“လီယောင် ဂုဏ်ယူပါတယ်ခင်ဗျာ။”
ဧည့်သည့်၏ မျက်နှာကို မြင်လိုက်သောအခါ လီယောင်သည် မထင်မှတ်ပဲ မျက်မှောင်ကြုတ်ခဲ့သည်။
ကျန်းကွမ်ရှန်လား။
ဒီလူ ဘယ်လိုများ ရောက်လာတာပါလိမ့်။
ဟယ်ကျားကျင်းနှင့် နှိုင်းယှဉ်ပါက ကျန်းကွမ်ရှန်၏ ကိုယ်ရောင်ကိုယ်ဝါသည် ပို၍ပြင်းထန်နေခဲ့သည်။ ဩဇာတိက္ကမ ရှိသော ဒေသခံသူဌေးကြီးတစ်ယောက်၏ပုံပန်းသဏ္ဍန်ကို နေရာအနှံ ပျံ့လွှင့်ထားခဲ့သည်။
သူသည် တစ်ချက်မျှကြည့်ကာ လက်ကို ဝှေ့ယမ်းခဲ့ပြီးနောက် သူ့အစေခံများသည် သေတ္တာကြီးကို ချက်ချင်းဖွင့်ခဲ့သည်။
“ဝိုး…”
“အနည်းဆုံး လျန် ၁၀၀ပဲ။”
“သူဌေးကျန်းကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အရမ်းရက်ရောတယ်။”
လူအုပ်ကြီးထဲမှာ အံအားသင့်မှုကြောင့် အာမေဋိတ်သံ ခပ်တိုးတိုးလေးများ ထွက်ပေါ်လာခဲ့သည်။ သေတ္တာအတွင်းထဲတွင် အပေါ်တွင် တောက်ပပြောင်လက်နေသည့် ငွေချောင်းများကို သပ်ရပ်စွာ ဖြည့်ထားသည့် သစ်သားဗန်းတစ်ခုနှင့်အတူ အမှန်တကယ်ပင် တန်ဖိုးကြီးပိုးထည်တစ်ဗူး ရှိနေခဲ့သည်။
အစောပိုင်းက ဟယ်ကျားကျင်း လက်ဆောင်ပေးခဲ့သည့် ကြွေထည်နှင့်ယှဉ်ပါက ပို၍ပင် ထင်သာမြင်သာနှင့် မျက်စိဖမ်းစားနိုင်ခဲ့သည်။
တန်ဖိုးကို မမှတ်မိပါက ဘာမှ မလုပ်နိုင်ပေ။ ပစ္စည်းချင်းကိုသာ မနှိုင်းယှဉ်ပါနှင့်။
မျက်လုံးရှိသူတိုင်းသည် ကျန်းကွမ်ရှန်၏ လက်ဆောင်က ပို၍တန်ဖိုးကြီးသည်ကို မြင်တွေ့နိုင်သည်။
ယင်းကြောင့် ဟယ်ကျားကျင်း၏ နှလုံးသားကို ထိတ်လန့်စေခဲ့ပြီး သူ၏မျက်နှာအမူအရာသည် အလွန် ကသိကအောက်ဖြစ်နေခဲ့သည်။
လီယောင်သာ ဤလက်ဆောင်ကို လက်ခံခဲ့ပါက သူမသည် ကျန်းကွမ်ရှန်နှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်သည် ဟုဆိုလိုသည်။ အနာဂါတ်တွင် ငန်းနှပ် သို့မဟုတ် လီယောင် ဖန်တီးသော ဟင်းလျာအသစ်များသည် သူ့ဟယ်မိသားစု စားသောက်ဆိုင်၏ သီးသန့်မူပိုင် မဖြစ်နိုင်တော့ပေ။
စာချုပ်သက်တမ်းကုန်ဆုံးသွားပါက သူမသည် အရာအားလုံးကို ကျန်းကွမ်ရှန်သို့ တိုက်ရိုက်လက်လွဲပေးကောင်း ပေးနိုင်သည့် အလားအလာပင် ရှိနေသည်။
ထို့အပြင် ပိုင်ချွမ်းစျေးတွင် ကျန်းကွမ်းရှန်သည် သူ့ထက် ပိုက်ဆံပိုရှိသည်။
“လီယောင်” ကျန်းကွမ်းရှန်၏ မျက်နှာတွင် မရိုးသားသည့် အပြုံးများဖြင့် ပြည့်နှက်နေခဲ့ပြီး “ဒါ အထိမ်းအမှတ် လက်ဆောင် သေးသေးလေးတစ်ခုပါပဲ။ ယဉ်ကျေးမနေပဲနဲ့ ရယ်ရယ်မောမောနဲ့သာ လက်ခံပေးပါဗျာ။”
သူသည် ပြုံးရွှင်နေခဲ့ပြီး လူအများကြီး၏ ရှေ့မှောက်တွင် ဤသို့လက်ဆောင်းအကြီးကြီးကို ယူလာခဲ့သည့်တွက် ဤသို့ တောသူတစ်ယောက်က ဘယ်လို ငြင်းဆိုနိုင်လိမ့်မည်နည်းဟု တွေးထင်နေခဲ့သည်။
သူ ဘယ်လိုများ ငြင်းဝံနိုင်မှာတုန်း။