အပိုင်း ၄၀
Viewers 9k

အခန်း (၄၀) - လူတွေကို သိပြီး ကောင်းမွန်စွာ အသုံးချတတ်ပါစေ။


သူဌေးကျိုး၏ စီမံကွပ်ကဲမှုအောက်တွင် အရောင်းစတိုးဆိုင်လေးကို အချိန်မကြာပဲ သေသေသပ်သပ် စီစဉ်နိုင်ခဲ့သည်။ လီယောင်သည်လည်း ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ဗူး ၂၀၀အတွက် အချိုးကျ ပြင်ဆင်ခဲ့သည်။


သူမသည် သူဌေးကျိုးကို လက်ရာမြောက်သည့် ကြွေပုလင်းငယ် ၂၀၀ကို ဝယ်ယူရန် တောင်းဆိုခဲ့သည်။ ၅၀ဂရမ်ရှိသည့် တစ်ပုလင်းကို ငွေတစ်ချောင်းကျသင့်ခဲ့ပြီး ၎င်းတို့ကို သူမသည် အိမ်တွင် ထုတ်ပိုးခဲ့သည်။ 


“မေမေ၊ သမီးတို့က ဆိုင်ဖွင့်ဖို့ကို သူဌေးကျိုးနဲ့ တကယ်ပဲ လက်တွဲလုပ်တော့မှာလား။”ဟု ဟဲရှောင်ယာသည် နောက်ဆုံးတွင် သူမ၏ သံသယများကို မထိန်းထားနိုင်တော့ပဲ မေးခဲ့သည်။


“ဟုတ်တယ်လေ။”


“ဒါပေမဲ့ ဘာလို့ လက်တွဲရတာလဲ။” ဟဲရှောင်ယာက ဆက်မေးခဲ့သည်။ “တကယ်တော့ သမီးတို့ဖာသာ ဖွင့်လို့ရတယ်လေ။ အများဆုံး သမီးတို့ ယုံကြည်လို့ရတဲ့ ဘဏ္ဍာစိုး တစ်ယောက်ကို ငှားပြီး ကိုယ့်ဖာသာကိုယ် သူဌေးလုပ်လို့ရတယ်လေ။ ”  


“ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ကို ငှားရမယ်ဆိုတာကို ညည်းလည်းသိထားတာပဲလေ။” လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ အကျိုးအမြတ်အရ ဘယ်သူ့ကို တကယ်ယုံကြည်လို့ရမှာလဲ။ တကယ်လို့ ယုံကြည်ရတဲ့သူ တစ်ယောက် ရှိခဲ့တဲ့ဆိုရင်တောင် ဘယ်လောက်များ ရှိနိုင်မှာမို့လို့လဲ။ စီးပွားရေးလုပ်ဖို့ ယုံကြည်စိတ်ချရတဲ့သူကို ရှာရမယ်ဆိုရင် အဲလိုဆို စီးပွားရေးက လုပ်လို့ ရမှာမဟုတ်တော့ဘူး။”  


“အဲလိုဆိုရင်လည်း ကျွန်မကတော့ အစ်မ ရှောင်ယာကိုပဲ ဘဏ္ဍာစိုးလုပ်ခိုင်းလိုက်တော့လေ။”ဟု တုရှောင်ဟွေ့က ပြောခဲ့သည်။  “အစ်မ ရှောင်ယာက ဆိုင်တစ်ဆိုင်ကို လည်ပတ်နိုင်အောင် အရမ်း လုပ်နိုင်တယ်လို့ သမီးကတော့ ထင်တယ်။”


လီယောင်က ရယ်ကာ ပြောခဲ့သည်။ “သူက သေချာပေါက် လုပ်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒါက အရမ်းပင်ပန်းလိမ့်မယ်။ ဆိုင်တစ်ခုဖွင့်ဖို့ ဒုက္ခတွေ အခက်အခဲတွေ အများကြီးရှိလိမ့်မယ်။ ပိုက်ဆံရှာဖို့ အဆုံးရှိမှာကို မဟုတ်ဘူး။ အဲဒါတချို့ကို ခွဲပေးလိုက်တာ ပိုကောင်းတယ်လေ။ ပြီးရင် အိမ်မှာ အေးအေးဆေးဆေး သက်တောင့်သက်သာ ထိုင်နေရုံပဲ။ ဘယ်လောက်ကောင်းလဲ။”


ဤသည်မှာ လီယောင် သူမ၏ ကလေးများကို သွတ်သွင်းပေးလို့သည့် အတွေးအခေါ်ပင် ဖြစ်သည်။


အရာရာကို ကိုယ်တိုင်လုပ်ရန် မလိုအပ်ပေ။ လူတွေကို ကောင်းမွန်စွာ အသုံးချတတ်ရန် သိထားခြင်းသည်လည်း သက်တောင့်သက်သာနေထိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းပင် ဖြစ်သည်။


“ဆိုင်က မနက်ဖြန်ဖွင့်မှာ။ အမေ သွားကြည့်ရဦးမယ်။ အမေနဲ့ လိုက်ချင်တဲ့သူ ရှိလား။” 


“သားကတော့ စွပ်ပြုတ်ဆိုင်ပဲ ဖွင့်ချင်တယ်။”ဟု တာ့ကျွမ်းက ပြောခဲ့သည်။  “သမီးကတော့ ဥဖောက်တာကို ဂရုစိုက်ရဦးမှာလေ။” ဟဲရှောင်ယာသည်လည်းပဲ မသွားနိုင်ပေ။


ဝမ်အာက စာလေ့လာရမည်။ တတိယနှင့် စတုထ္ထသည် အစပိုင်းက သွားချင်ခဲ့သော်လည်း နောက်ဆုံးတွင်  ထိုနေရာအစား တောင်ပေါ်သို့သွားကာ လက်ဖက်စေ့များ ခူးယူရန်သာ ဆွေးနွေးကာ ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးတွင် ပျားပန်းခတ် ဆူညံ့လှုပ်ရှားပြီး အလုပ်များနေမှုများသည် ၎င်းတို့ကို ကြည့်ပြီးသည့်နောက်တွင် ပြီးဆုံးသွားလိမ့်မည်ဖြစ်ပြီး လက်ဖက်စေ့ သွားကောက်ပြီး အမေ့ကို ငွေသားနှင့် ရောင်းပါက တကယ့်ပိုက်ဆံဖြစ်သည်။


လူတိုင်း မသွားသည်ကို မြင်သောအခါ တုရှောင်ဟွေ့လည်း မသွားတော့ပေ။ 


“သမီး အိမ်မှာနေပြီး အစ်ကိုနှစ်အတွက် ထမင်းချက်ပေးလိုက်မယ်လေ။” 


………………………………… 


ဒန်း… ဒန်း…  ဒန်း.


ဒုန်း.. ဒုန်း…. ဒုန်း… 


နောက်တစ်နေ့ မိုးလင်းသည့်အခါ ပိုင်ချွမ်းစျေးတွင် ကျယ်လောင်သည့် မောင်းသံ ဗုံသံများ ထွက်ပေါ်လာခဲ့သည်။


အနီရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသား အမျိုးသမီး တစ်ဒါဇင်ကျော်သည် တချို့သည် ကျောက်ပြားကမ္ပည်းများကို ကိုင်ဆောင်ထားကြပြီး တချို့က မောင်းနှင့် ဗုံများကို ကိုင်ဆောင်ကာ လမ်းမပေါ်တွင် ရိုက်ခတ်ကာ စည်းချက်မှန်မှန် တီးနေခဲ့ကြသည်။ 


လူများသည် ဤကဲ့သို တန်းစီနေကြသည်ကို ရှားရှားပါးပါး မြင်တွေ့ခဲ့ရပြီး လူတိုင်း၏အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့သည်။ 


“ဘယ်မိသားစုက မင်္ဂလာဆောင်တာတုန်း။”


“မင်္ဂလာဆောင်နဲ့ မတူဘူး။ ပြင်ထားဆင်ထားတာတွေ မရှိဘူး။”


“ကမ္ပည်းကျောက်ပြားကို တစ်ယောက်ယောက် ဖတ်နိုင်ကြလား။ အဲဒါ ဘာပြောတာလဲ။”  


“ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်၊ ဖွင့်ပွဲနှင့် ဆုလက်ဆောင်ကြီးများ။ သင် အထူးဈေးဝယ်သူ တစ်ဦး ဖြစ်လာသည့်အခါ ၈ ရာခိုင်နှုန်း လျော့စျေး ရယူလိုက်ပါ။ သင်စျေးဝယ်သည့်အခါ အခမဲ့လက်ဆောင်များ ရယူလိုက်ပါတဲ့။” 


“ဘာစတိုးဆိုင်လဲ။ ဘယ်နားလေးမှာလဲ။” 


…………………………………


လီယောင်၏ ကြော်ငြာနည်းလမ်းများဖြင့် ပိုင်ချွမ်းစျေးရှိ လူတိုင်းနီးပါးသည် ယနေ့တွင် အရောင်းစတိုးဆိုင် ဖွင့်တော့မည်နှင့်  အထူးဈေးဝယ်သူဖြစ်လာခဲ့ပါက လက်ဆောင်များ ရရှိနိုင်မည်ကို သိခဲ့ကြသည်။


ပိုက်ဆံရှိသည့် အမျိုးသမီးတချို့သည် သေသေချာချာ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပြီးမှ ငွေနှင့်အတူ ဤစတိုးအရောင်းဆိုင်တွင် ဘာများ ရောင်းသလဲဆိုတာကို သွားကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ 


ပိုက်ဆံမရှိသည့် လူများကလည်း စိတ်ဝင်စားစရာများကို သွားကြည့်ရန် အချိန်ယူခဲ့ကြသည်။ 


များမကြာမီ စတိုးဆိုင်တံခါး၀တွင် လူအုပ်ကြီးတစ်စု စုဝေးလာခဲ့ကြသည်။ စတိုးဆိုင်၏  ရှယ်ယာရှင်နှင့်ဘဏ္ဍာစိုး ဖြစ်သည့် သူဌေးကျိုးကလည်း ယနေ့တွင် သူ့မျက်နှာသည် အားပါတရ ပြုံးနေခဲ့ပြီး အလွန်တောက်ပစွာ ဝတ်ဆင်ထားခဲ့သည်။


“လူကြီးမင်းတို့၊ ကျွန်တော်တို့ “ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်”က ဒီနေ့ ဖွင့်ပါပြီ။  အားလုံးကို ကြိုဆိုပါတယ်ဗျာ။”


“သူဌေးကျိုး။” သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် အစေခံတစ်ယောက်က  အရှေ့သို့တက်လာပြီး မေးခဲ့သည်။


“ကျွန်မရဲ့ သခင်မက ရှင်တို့ ဒီဆိုင်မှာ ဘာပစ္စည်းတွေ အဓိကရောင်းလဲဆိုတာကို မေးခိုင်းလိုက်လို့ပါ။”


“အခုလောလောဆယ်တော့ ကျွန်တော်တို့မှာ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီပဲ ရှိပါသေးတယ်။ နောက်ထပ် တခြားထုတ်ကုန်တွေကိုလည်း နောက်ကျရင် ထပ်တင်ပေးသွားမှာပါ။ သတိထားပြီး စောင့်ကြည့်ပေးပါဦးဗျာ။”


လူတိုင်းက ၎င်းသည် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီများ ရုတ်ခြည်းဆိုသလို သိသွားခဲ့ကြသည်။


ပြီးခဲ့သည့်အခေါက်က စျေးထဲမှာ ပိုက်ဆံနည်းနည်းရှိတဲ့သူများသည် ၎င်းကို ဝယ်ဖူးကြသည်။ သုံးပြီးသည့်နောက် အာနိသင်က အမှန်ပင် ကောင်းလွန်းလှသည်။ လူတော်တော်များများက နောက်တစ်ခေါက် ပြန်လာဝယ်ကြသော်လည်း ရောင်းကုန်သွားပြီဖြစ်ကြောင်းကိုသာ အပြောခံခဲ့ရသည်။ 


“နောက်တစ်ခါ ဗူး တစ်ရာပဲ ရှိတယ်လို့ ထပ်မပြောနဲ့တော့နော်။”


“မဟုတ်ရပါဘူးဗျာ။ ဒီတစ်ခါတော့ ကျွန်တော်တို့ ဗူး၂၀၀လောက် ပြင်ဆင်ထားပါတယ်ဗျာ။” သူဌေးကျိုးက ပြောခဲ့သည်။ “ပြီးတော့ ကျွန်တော်တို့ဆိုင်ရဲ့ အထူးဈေးဝယ်သူ အဓိကဖောက်သည် ဖြစ်လာမယ်ဆိုရင် စျေးဝယ်တိုင်း ၂၀ရာခိုင်နှုန်း လျော့စျေးကို ရရှိသွားမှာဖြစ်ပါတယ်။  ပြီးတော့ ဒီနေ့ မြက်စိမ်းလိမ်းဆေးဆီ ၁ဗူးဝယ်တဲ့သူတိုင်း ဆန်တစ်ကျင်း၊ ဂျုံတစ်ကျင်းနဲ့ ကြက်ဥ၂လုံးကို အခမဲ့ ရရှိသွားမှာပါဗျ။”


၂၀ရာခိုင်နှုန်း လျော့စျေးသည် ဝမ် ၂၀၀ လျော့နည်းခြင်းနှင့် ညီမျှသည်။ ထို့အပြင် အခမဲ့ပစ္စည်းများထည့်ပေါင်းပါက အနည်းဆုံး ဝမ် ၃၀၀ သက်သာစေသည်။


ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို ဝယ်နိုင်ကြသူများသည် ဤမျှ သေးငယ်သည့် ဝမ် ၃၀၀ကို အလွန်ဂရုမစိုက်ကြသည့် ချမ်းသာသော သူဌေးများ ဖြစ်ကြသော်လည်း သူတို့၏ရှေ့မှ အခမဲ့ရရှိသည့် အကျိုးကျေးဇူးများကို သေချာပေါက်ပင် ငြင်းပယ်လိမ့်မည် မဟုတ်ပေ။


“အဲလိုဆို ကျွန်မ အထူးဈေးဝယ်သူတစ်ယောက် ဘယ်လိုဖြစ်လာနိုင်မလဲ။”


“အဲဒါ ရိုးရိုးလေးပါ။”ဟု သူဌေးကျိုးက ပြောခဲ့ပါသည်။ “ကျွန်တော်တို့ စတိုးဆိုင်မှာ ငွေ ၅ချောင်း စရံငွေထားလိုက်ရုံပါပဲ။ အဲဒါဆို ခင်ဗျား တစ်သက်တာ အထူးဈေးဝယ်သူတစ်ယောက် ဖြစ်လာနိုင်ပါပြီ။ လျော့စျေးတွေ အားလုံးကိုလည်း ရနိုင်ပါပြီ။ ပြီးတော့ အဲ့ဒီ ငွေ ၅ချောင်းကလည်း ခင်ဗျားကို နောက်ကျရင် ဝယ်တဲ့အခါမှာ ခုနှိမ်လို့ရပါတယ်။ ကျွန်တော်တို့ ခင်ဗျားဆီကနေ ဘယ်တော့မှ တစ်ပြားတစ်ချပ် အလွဲသုံးစားလုပ်မှာ မဟုတ်ပါဘူး။”


“အဲလောက်ကောင်းတာမျိုး ရှိနေတာလား။” လူများသည် ရုတ်တရက် အနည်းငယ် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။ 


သူပြောခဲ့သည့် စကားအရ  ပိုက်ဆံတစ်ပြားတစ်ချပ်မှ မသုံးရပဲ အထူးဈေးဝယ်သူတစ်ယောက် ဖြစ်လာပြီး လျော့စျေးများကို  တစ်သက်လုံး ရရှိသွားနိုင်သည်ဟု ဆိုလိုသည် မဟုတ်လား။


“သူဌေးကျိုး၊ ရှင် ကျွန်မတို့ ပိုက်ဆံတွေယူပြီး ညတွင်းချင်းတော့ ထွက်မပြေးဘူးပါဘူးနော်။ ဟုတ်တယ်မဟုတ်လား။”


“ဟား ဟား။ ဒီသခင်မကတော့ နောက်နေပါပြီဗျာ။” သူဌေးကျိုးက ပြောခဲ့သည်။ “လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပိုင်ချွမ်းစျေးက ကျွန်တော်ရဲ့ ဂုဏ်သတင်းအကြောင်းကို ခဏထားပြီး မပြောပါသေးနဲ့ဦး။ ဒီစတိုးဆိုင်ရဲ့ တခြားသူဌေးတစ်ယောက် ဘယ်သူလဲဆိုတာ သိလားဗျ။”


“ဘယ်သူတုန်း။”


“ကျွန်တော် ပြောလိုက်ရင် ခင်ဗျားတို့ တော်တော်များများ သူ့အကြောင်းကို ကြားဖူးကြမှာပါဗျ။”ဟု သူဌေးကျိုးက ပြောခဲ့သည်။ “သူက ဒီစျေးထဲမှာ ပထမဆုံး အသားစွပ်ပြုတ်ဆိုင်ကို တည်ခဲ့တယ်။ အခု ဒီအနီးအနားက စျေး၃စျေးမှာ သူ့ဆိုင်တွေ ရှိတယ်။ နောက်ပြီး အနီးအနားက စျေးတွေတော်တော်များများမှာ ရောင်းတဲ့ ဘဲသားနှပ်ကိုလည်း သူမပဲ ထွင်ခဲ့တာ။ ပြီးတော့ သူက ဂွမ်းမွေ့ယာကိုလည်း တီထွင်ခဲ့သေးတယ်။ မိသားစု တော်တော်များများရဲ့ မွေ့ယာတွေကို သူ့ယောက္ခမက လုပ်ပေးခဲ့တယ်လို့ ကျုပ် ယူဆပါတယ်။ သူက ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကိုလည်း တီထွင်ခဲ့ပြီး လူတစ်ယောက်က ဆေးဖော်စပ်နည်းကို ဝယ်ဖို့ ငွေချောင်း ၅၀၀၀ ကမ်းလှမ်းတာကိုတောင် တချက်လှည့်မကြည့်ခဲ့ဘူးလေ။”


ယခုအချိန်တွင် သူ ဘယ်သူလဲဆိုသည်ကို လူတော်တော်များများ သိခဲ့သည်။ 


အမျိုးသမီးလီ ဖြစ်ပါသည်။ 


စတိုးဆိုင်ကို ‘ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်’ဟု ခေါ်ဆိုသည်မှာ အံဩစရာ မဟုတ်တော့ပေ။ ၎င်းအမည်ကို သူမ၏ မျိုးရိုးနာမည်ဖြင့် ပေးထားခြင်း ဖြစ်သည်။


“ဟုတ်ပါတယ်။ အဲဒါ အစ်မလီပါ။”ဟု သူဌေးကျိုးက ပြောခဲ့သည်။ “သူက ဒီစတိုးဆိုင်ရဲ့ အကြီးဆုံး ရှယ်ယာပိုင်ရှင်ပါ။ ပြီးတော့ သူ့အိမ်ကလည်း ဟဲဝမ်ရွာမှာပါ။ သူက ဟဲဝမ်ရွာမှာ အချမ်းသာဆုံးသူ ဖြစ်နေခဲ့တာကြာပါပြီ။  ကဲ ဒီတော့ ဒီလောက် ငွေနည်းနည်းလေးနဲ့ သူက ညတွင်းချင်း ထွက်ပြေးမယ်လို့ ခင်ဗျားတို့ ထင်ကြသေးလား။”


ဤခေတ်တွင် အိမ်ကို စွန့်ပစ်ခြင်းသည် အရင်းအမြစ်များ ဆုံးရှုံးခြင်းဖြစ်သောကြောင့် တခြားရွေးချယ်စရာများ မရှိမှသာလျှင် စွန့်ခွာကြပြီး ယေဘူယျအားဖြင့် လူများသည် သူတို့၏ ဇာတိမြိုု့ကို စွန့်ခွာရန် စိတ်မပါကြပေ။


လူတိုင်းတွင် နောက်ဆုံး သံသယ အနည်းငယ်မျှ ကျန်ရှိနေသည့်အခိုက်တွင် ယာမင်အစိုးရဝန်ထမ်းအနည်းငယ်သည် လူစုလူဝေးကို တဖြည်းဖြည်း ရှင်းလင်းပစ်ခဲ့သည်။ 


“လူတိုင်း လမ်းဖယ်ပေးကြပါ။ ခရိုင်တရားသူကြီးမင်းကတော် ဒီကို ရောက်လာပါပြီ။”


လူအုပ်ကြီးသည် ခရိုင်တရားသူကြီးမင်း၏ ဇနီးသည်ကို လျင်မြန်စွာ လမ်းပေးခဲ့ကြသည်။ 


ယနေ့တွင် ခရိုင်တရားသူကြီးမင်း၏ဇနီးသည် အလှဆင်ယဉ်မှုများစွာ မပါရှိသည့် အရောင်ရင့်သည့် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။ သို့သော် အစိတ်အပိုင်း တစ်ခုချင်းစီသည် အလွန်စျေးကြီးသည်ကို မြင်တွေ့နိုင်ပြီး ခရိုင်တရားသူကြီးမင်း၏ဇနီးသည်အား သူမ၏အဆင့်အတန်းကို ပြီးပြည့်စုံစွာ မီးမောင်းထိုးပြနေခဲ့ပြီး သိက္ခာရှိပြီး တည်ကြည်လေးနက်ကာ ဣန္ဒြေရှိသည့် အသွင်အပြင်ကို ပြုလုပ်ပေးခဲ့ပါသည်။


သူမနှင့် နှိုင်းယှဉ်ပါက လှလှပပ ဝတ်ဆင်ထားသည့် တခြားအမျိုးသမီးများထက် သာလွန်ထင်ပေါ်နေခဲ့ပါသည်။ 


 “မင်းကတော်သခင်မကြီး၊ ဘာလို့ လူကိုယ်တိုင် လာခဲ့ရတာပါလဲခင်ဗျာ။” သူဌေးကျိုးသည် သူမကို နှုတ်ဆက်ရန် အလျင်အမြန် ရှေ့တက်လာခဲ့သည်။ “မင်းကတော်သခင်မကြီး လိုအပ်တာလေးပဲ သိပါရစေခင်ဗျာ။ ကျွန်တော် ခရိုင်တရားရုံးကို ချက်ချင်း ပို့ဖို့ စေခိုင်းလိုက်ပါ့မယ်ခင်ဗျာ။”


“ကျွန်မ ခရိုင်တရားရုံးမှာ တစ်နေကုန် ပိတ်လှောင်နေတယ်လို့ ခံစားရလို့ပါ။”ဟု ခရိုင်တရားသူကြီးမင်းကတော်က ပြောခဲ့သည်။ “ဒီနေ့ ရှင့်ဆိုင် ဖွင့်မယ်လို့ ကျွန်မကြားလို့  မြက်စိမ်းလိမ်းဆေးဆီ ဝယ်ပြီး မြို့တော်က ကျွန်မမိသားစုတွေဆီကို ပို့ဖို့ ရည်ရွယ်ထားလို့ပါ။ ဒါကြောင့် ကျွန်မ တစ်ချက်လာကြည့်တာပါ။”


“ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျွန်တော်တို့မှာ မင်းကတော်သခင်မကြီး လိုသလောက် ရပါတယ်ခင်ဗျ။ နောက်ပြီး အထူးဈေးဝယ်သူ လျော့စျေး ၂၀ရာခိုင်နှုန်း လည်း ရှိပါတယ်ခင်ဗျ။”  


“ဘာ အထူးဈေးဝယ်သူလဲ။”  


သူဌေးကျိုး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ခရိုင်တရားသူကြီးမင်းကတော်သည် သူ့အစေခံအား ငွေ၅ချောင်းကို ထုတ်ပေးရန် ချက်ချင်း အချက်ပြခဲ့သည်။


“ကျွန်မက အများကြီးဝယ်မှာ။ အဲဒါကြောင့် ၂၀ ရာခိုင်နှုန်း လျော့စျေးက ပိုက်ဆံနည်းနည်း ပိုသက်သာလိမ့်မယ်။”ဟု ခရိုင်တရားသူကြီးမင်းကတော်က ပြောခဲ့သည်။ “ကျွန်မ အထူးဈေးဝယ်သူအဖြစ် စာရင်းသွင်းလိုက်ပါမယ်နော်။”


ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ အလွန်အသုံးဝင်သည်။ သူမသည် သူမ့မိခင်မိသားစုအပြင် အသိမိတ်ဆွေတချို့၏ ဇနီးသည်များအတွက် လက်ဆောင်ပေးရန် တချို့ကို ဝယ်ယူနိုင်သည်။ 


၎င်းကို သူမကိုယ်တိုင်လည်း အသုံးပြုနိုင်ပြီး သူမပတ်ဝန်းကျင်၌ ရှိသော သူများကိုလည်း ဝေမျှနိုင်ပါသည်။ အလွန်မပေါ့လွန်း မလေးလွန်းသည့်အပြင် အလွန်ပင် အသုံးဝင်သည်။ 


ဒန်း… ဒန်း…  ဒန်း…


မောင်းသံများ ထွက်လာခဲ့ပြီး စတိုးဆိုင်လက်ထောက်တစ်ဦးသည် ကျယ်လောင်စွာ ဂုဏ်ပြုခဲ့သည်။ “ဟဲဝမ်ရွာ လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်ရဲ့ ပထမဆုံး အထူးဈေးဝယ်သူ ဖြစ်လာတဲ့အတွက် ခရိုင်တရားသူကြီးမင်းကတော်သခင်မကြီးကို ဂုဏ်ယူပါတယ်ခင်ဗျာ..”


ခရိုင်တရားသူကြီးမင်း၏ဇနီးသည်ပင် အထူးဈေးဝယ်သူတစ်ယောက် ဖြစ်လာသည်ကို မြင်လိုက်ရသောအခါ တုံ့ဆိုင်းနေခဲ့ဖြစ်သည့် တခြားဇနီးသည်များနှင့် မိန်းမပျိုလေးများသည် အလျင်အမြန် လိုက်လံ၍ စာရင်းသွင်းခဲ့ကြသည်။ 


“ကျွန်မလည်း စာရင်းသွင်းချင်တယ်။”


“ကျွန်မအတွက်လည်း တစ်ယောက် စာရင်းသွင်းပေးပါ။”