အခန်း (၃၉) - တောက်ပသည့် အနာဂတ်
ဆံပင်ဖြူနှင့် အဖိုးအိုတစ်ဦးသည် စျေးထောင့်တွင် ဆိုင်ခန်းငယ်တစ်ခုကို တည်ထားခဲ့သည်။
ပျားရည်နှစ်အိုးအပြင် ပင်နီလီယာ ပါဝင်သည့် ဆေးခြင်းတောင်းကြီး နှစ်တောင်းအပြည့်လည်း သူ့မှာ ရှိနေခဲ့သည်။
“အဖိုးကြီး၊ ကျုပ် ပင်နီလီယာ အားလုံးကို ယူမယ်။” ဟု သူဌေးဟုန်က ပြောခဲ့သည်။
“မရဘူး။” အဖိုးအိုက ခေါင်းခါခဲ့သည်။ “ငါက ဒီဆေးပင်တွေကို အတူတူရောင်းတာ။”
“ခင်ဗျား… ကောင်းပြီ။ ကောင်းပြီ။” သူဌေးဟုန်သည် ဆေးနည်းကို စမ်းကြည့်ရန် အလျင်လိုနေခဲ့သည်။ ထို့ကြောင့် သူသည် ငွေရေးကြေးရေးကို ဂရုမစိုက်ခဲ့ပေ။ “အကုန်ဘယ်လောက်လဲ။”
“ငွေဆယ်ချောင်း”
“ဘယ်လောက်..” သူဌေးဟုန်၏ မျက်လုံးများ အပြင်သို့ ထွက်လာတော့မတတ် ဖြစ်ခဲ့သည်။ “တစ်ခြင်းတောင်းလုံးက ဆေးပင်တွေက အပုတ်တွေလေ။ ဒါကို ငွေဆယ်ချောင်း တောင်းရဲတယ်ပေါ့လေ။”
“သခင်ကြီး၊ သခင်ကြီး မသိပါဘူး။” အဘိုးအိုသည် ခြင်းတောင်းအောက်မှာ ပုရွက်ဆိတ်ကြီးအမျိုးအစားဖြစ်သည့် ပိုလီရာခိစ်အနည်းငယ်ကို ထုတ်ယူခဲ့ကာ “ဒီမှာကြည့်။ ဒါက လူပုံသဏ္ဍာန်ရှိတဲ့ ပိုလီရာခိစ်ပဲ။ ဒါကိုစားရင် အသက်ရှည်ပြီး ကျန်းမာရေး ပိုကောင်းစေတယ်။ အရမ်းတန်ဖိုးရှိတယ်။”
“ငွေဆယ်ချောင်း မတန်သေးပါဘူး။”
“တပြားမှ လျော့လို့မရလို့ပါ။”
သူဌေးဟုန်သည် ရွေးချယ်စရာ မရှိပေ။ သူ့မှာ ဝယ်ခဲ့ရတော့သည်။
မြက်စိမ်းလိမ်းဆေးဆီကို လျင်လျင်မြန်မြန် လုပ်နိုင်နေသရွေ့ ငွေ ၁၀ချောင်းသာမက ငွေချောင်း ၁၀၀ပင် သူပေးပါလိမ့်မည်။
“အဲဒါဆိုလည်း ဒီပျားရည်နှစ်အိုးကို အလကားပေးပါ။”
“ပေးလို့ မရပါဘူး။”
“ကျုပ်က ခင်ဗျားရဲ့ ဆေးပင်တွေဝယ်ဖို့ ငွေ ၁၀ချောင်းတောင် သုံးထားတာလေ။ ဒါကို ခင်ဗျားက ပျားရည်နည်းနည်းကိုတောင် မထည့်ပေးနိုင်ဘူးလား။”
“သခင်ကြီး မသိပါဘူး။”အဖိုးအိုသည် ဝမ်းနည်းသည့်ပုံပေါက်သွားပြီး သူ့မျက်လုံးများ နီရဲလာကာ “ဒီပျားရည်နှစ်အိုးကို စုဆောင်းဖို့ ငါ့သားက သူ့အသက်စွန့်ပြီး ချောက်ကမ်းပါးကို တက်ခဲ့တာ။ ဒါအတွက် သူ့ခြေထောက် ကျိုးသွားတယ်။ သူ အခုထိ အိပ်ယာထဲကနေ မထနိုင်သေးဘူး။”
သူဌေးဟုန် …… “ဒါဆို .. ခင်ဗျားက အဲဒါအတွက် ဘယ်လောက်လိုချင်တာလဲ။”
အဖိုးအိုသည် ခဏမျှ စဉ်းစားခဲ့ပြီးနောက် ဖြေညှင်းစွာ ပြောခဲ့သည်။ “ငွေ၅ချောင်း၊ ပျားရည်တစ်အိုးအတွက်။”
ဤနေရာသည် ယီကျိုးစီရင်စုဆိုပါက သူဌေးဟုန်သည် ဤကောက်ကျစ်စဉ်းလဲသည့် အဖိုးအိုကို သေသည်အထိ ရိုက်မိမှာ အသေချာပင်ဖြစ်သည်။
ပျားရည် တစ်အိုးအတွက် ငွေငါးချောင်း။ ခင်ဗျားက ဓားပြတိုက်တာထက် ပိုဆိုးသည်။
“ရောင်းထွက်သွားပါပြီ။”
ဤအမှိုက်များတွင် ငွေချောင်း၂၀ သုံးစွဲရသည်မှာ သူ့အား နာကျင်စေသော်လည်း သူဌေးဟုန်သည် ယခုအခါ ဂရုမစိုက်နိုင်တော့ချေ။ သူသည် တည်းခိုခန်းသို့ အမြန်ပြန်သွားခဲ့ပြီး မြက်စိမ်းလိမ်းဆေးဆီကို စတင်ပြုလုပ်နိုင်ရန် အရာအားလုံးကို ပြင်ဆင်ထားရန် သူ့အစေခံများကို ပြောခဲ့သည်။
“ပါဝင်ပစ္စည်းများအားလုံးကို ရေနဲ့ပြုတ်ရမယ်။ ပြီးရင် ပျားရည်ထည့်ရမယ်။ အပူချိန်နည်းနည်းနဲ့ အနှစ်ဖြစ်လာတဲ့အထိ တဖြည်းဖြည်း ချက်ရမယ်။”
အစေခံသည် ဆေးညွှန်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ညွှန်ကြားချက်များကို လိုက်နာခဲ့သည်။
တည်းခိုးခန်း၏ အပြင်ဘက်တွင် ကျုးယိုကွေ့သည် ပျော်ပျော်ရွှင်ရွှင်နှင့် အိပ်မက်မက်နေခဲ့သည်။
သူသည် ချမ်းသာကြွယ်၀မှုနဲ့ ထိမှန်တော့မည် ဖြစ်သည်။
ငွေချောင်း၅၀၀နှင့် အိမ်တစ်လုံးကို ရပြီးပါက သူ ပထမဆုံးလုပ်မည့်အရာသည် လှပသည့်ဇနီးသည်တစ်ဦးကို လက်ထပ်ခြင်းဖြစ်သည်။
နောက်ပြီး ကိုယ်လုပ်တော် သုံးဦးကို ယူမယ်။
အသားနှင့် ငါးကို နေ့တိုင်းစားမည်။
…………………………………
သူဌေးဟုန်ဘက်တွင် မြက်စိမ်းလိမ်းဆေးဆီသည် ပြီးခါနီးပြီ ဖြစ်သည်။
သို့သော် ထူးဆန်းစွာဖြင့် အိုးထဲမှ အနှစ်သည် စိမ်းရွှေရွှေအနံထွက်ကာ အရောင်ကလည်း လုံး၀ အစိမ်းရောင် မဟုတ်ပဲ မူမမှန်သည့်ပုံပေါ်သည်။
အအေးခံပြီးနောက် သူ၏လက် အနောက်ဘက်သို့ နည်းနည်းစမ်းကြည့်ခဲ့သည်။ အေးမြမှု၏ အရိပ်အယောင်ပင် မရှိပေ။
“သခင်ကြီး၊ ကျွန်တော်မျိုးတို့ လုပ်တာ မမှန်ဘူးလား။”ဟု အစေခံက မေးခဲ့သည်။
“ငါတို့တွေ ဆေးနည်းအတိုင်း အတိအကျ လုပ်ခဲ့တာပဲလေ။”
“အဲလိုဆို ဒါက ဘယ်လိုဖြစ်ရတာလဲ။”
“ဒါက ဘယ်လိုဖြစ်ရတာလဲဆိုတော့” သူဌေးဟုန်သည် အေးစက်စွာ ရယ်ခဲ့ပြီး “ဒါက ဒီတစ်ခုကိုပဲ ဆိုလိုနေတာလေ။ ကျုးယိုကွေ့ ပေးတဲ့ ဆေးနည်းက အတုကြီးပဲ။ နောက်ပြီးတော့ ဆေးပင်ရောင်းတဲ့ အဖိုးအိုကလည်း ငါ့ပိုက်ဆံကို ကလိမ်ကကျစ်ကျဖို့ သူ စီစဉ်ထားတာပဲ ဖြစ်ရမယ်။”
“ဘယ်လို” ဤစကားကို ကြားလိုက်သောအခါ အစေခံသည် တုန်လှုပ်သွားခဲ့သည်။
များသောအားဖြင့် ယီကျိုးစီရင်စုတွင် သူသည် သဌေးဟုန်၏ ဗိုလ်ကျကြီးစိုးခြယ်လှယ်သည့် နည်းလမ်းများကို အမှီပြုခဲ့သည်။ ဤအနုပ်စုတ်ကုပ်စုတ် ပိုင်ချွမ်းစျေးသို့ လာပြီး ကျေးလက်တောရွာမှ တောသားလူနုံ့များ၏ လှည့်စားခြင်းကို ခံရမည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
“သခင်ကြီး၊ ကျွန်တော်မျိုး သူ့ကို ခုချက်ချင်း သွားရိုက်လိုက်မယ်။”
“ကောင်းကောင်း ရိုက်ပစ်ခဲ့စမ်း။”
…………………………………
ကျုးယိုကွေ့သည် သူ၏ ချိုမြိန်သည့် အိပ်မက်မပြီးနိုင်သေးခင် သူဌေးဟုန် ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့အား နှုတ်ဆက်ရန် တက်သွားခဲ့သည်။
“သခင်ကြီး၊ ဘယ်လိုဖြစ်သွားပြီလဲဗျ။”
“ဘယ်လိုဖြစ်သွားပြီလဲ ဟုတ်လား။ ဘယ်လိုဖြစ်သွားလဲဆိုတာ ကျုပ်ပြောပြမယ်။”
သူဌေးဟုန်၏ အစေခံရဲ့ မျက်နှာသည် မည်းမှောင်သွားပြီး သူ့အနောက်မှ သစ်သားတုတ်တစ်ချောင်းကို ထုတ်ကာ ကျုးယိုကွေ့၏ ဦးခေါင်းထက်ကို ရက်ရက်စက်စက် စတင်ရိုက်နှက်ခဲ့တော့သည်။
ကျုးယိုကွေ့သည့် သူနှင့် ဘက်ညီသူ မဟုတ်ပေ။ တခဏအတွင်းမှာပင် သူ့မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်နေခဲ့ပြီး အဖုအထစ်များဖြင့် နာကျင်နေခဲ့သည်။
“ဘာလို့ ကျုပ်ကို ရိုက်ရတာလဲ။”
“မင်းက ကျုပ်တို့ရဲ့ ပိုက်ဆံကို ဆေးနည်းအတုနဲ့ လိမ်လည်ဖို့ ကြိုးစားခဲ့တာလေ။ မင်းကို သေတဲ့အထိ ငါမရိုက်လို့ ကံကောင်းတယ်လို့ မင်းကိုမင်း မှတ်ထားလိုက်။”
“အတု” ကျုးယိုကွေ့သည် သူ လှည့်စားခံလိုက်ရမှန်း သဘောပေါက်သွားကာ သူ့နှလုံးသားလေးသည် နှစ်မြုပ်သွားခဲ့သည်။
သို့သော်လည်း သူသည် ဤအကြောင်းကို တုမိသားစုနှင့် ပွင့်ပွင့်လင်းလင်း ရင်ဆိုင်ကာ မဖြေရှင်းနိုင်သည့်အတွက် ဤမဖွင့်ဟနိုင်သည့် မကျေနပ်ချက်ကိုသာလျှင် မျိုချနိုင်ခဲ့သည်။
“ထွက်သွားစမ်း။”
ကျုးယိုကွေ့ကို မောင်းထုတ်ခဲ့ပြီးနောက် သူဌေးဟုန်သည် သူ့ဒေါသများ မကုန်သေးသဖြင့် သူသည် သူ့အစေခံနှင့်အတူ ကျိုးအလှကုန်ဆိုင်သို့ သွားခဲ့သည်။
“ယို့.. သူဌေးဟုန် ရောက်လာတာပဲ။ ဘာကိစ္စရှိလို့လဲခင်ဗျ။”
“ကျိုးယိုချိုင်”ဟု သူဌေးဟုန်က အေးစက်စွာ ပြောခဲ့သည်။ “ငါ မေးပါဦးမယ်။ မင်း လီယောင်ကို တိတ်တိတ်လေး မပြောခဲ့ဘူးလား။”
“ဘာကို ပြောရမှာလဲ။” ကျိုးယိုချိုင်သည် ပဟေဠိ ဖြစ်သွားခဲ့သည်။ “သူဌေးဟုန်၊ ခင်ဗျား ဘာတွေ ပြောနေတာလဲဗျ။”
“ဟမ့်၊ ဟန်ဆောင်ပန်ဆောင်လုပ်နေတာတွေ ရပ်လိုက်” သူဌေးဟုန်က ပြောခဲ့သည်။ “ဒီနေ့ကစပြီး ငါ့စီကနေ ပစ္စည်းတစ်ခုတစ်လေမှ ရမယ်လို့ မမျှော်လင့်နဲ့တော့။ ယီကျိုးက ပါးနီနဲ့ အလှကုန်ရောင်းတဲ့ တခြားသူတွေဆီကလည်း မင်းကို ဘာမှ မရောင်းမှာ မဟုတ်ဘူး။ မင်းရှေ့ဆက်ပြီးတော့ ဒီအလှကုန်ဆိုင်ကို ပိတ်ပစ်လိုက်တော့။”
“အဲလိုလား။” ကျိုးယိုချိုင်သည် လုံး၀ မပူပန်ခဲ့ချေ။ သူသည် ပြုံးခဲ့ပြီး “သူဌေးဟုန်ကို ရိုးရိုးသားသားပြောရမယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကလည်း ဒီဆိုင်ကို တကယ် ဆက်မဖွင့်ချင်တော့ပါဘူး။ ဆိုင်က ကလေးတွေ၊ ဆိုင်းဘုတ်အဟောင်းကို မြန်မြန်ဖြုတ်ပြီး အသစ်ကို တင်လိုက်တော့လေ။”
“အခုလုပ်လိုက်ပါမယ်။”
ဆိုင်ဝန်ထမ်းလေးနှစ်ယောက်သည် လှေခါးတစ်ခုကို ထောင်ကာ “ကျိုးအလှကုန်ဆိုင်”ဆိုင်းဘုတ်ကို ဖြုတ်ချကာ အလွန်လှပပြီး လက်ရာမြောက်သည့် ဆိုင်းဘုတ်အသစ်ကို ကျွမ်းကျင်စွာဖြင့် အစားထိုး လဲလှယ်ခဲ့သည်။
“လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်၊ ဟဲဝမ်ရွာ”ကျိုးယိုချိုင်သည် ဆိုင်းဘုတ်အား ကျေနပ်အားရစွာ ကြည့်နေခဲ့ပြီး သူဌေးဟုန်ဘက်သို့လှည့်ကာ လက်နှစ်ဖက်ဖြင့် ဦးညွတ်ခဲ့သည်။ “သူဌေးဟုန်၊ ကျွန်တော့်ဆိုင်အသစ်က ရက်ပိုင်းအတွင်း ဖွင့်တော့မှာ။ ခင်ဗျားနေပြီးတော့ စိတ်ဝင်စားစရာလေးတွေ လုပ်ဦးမလား။”
သူဌေးဟုန်၏ မျက်နှာသည် ဒေါသကြောင့် အစိမ်းရောင်သို့ ပြောင်းသွားခဲ့သည်။
ဆိုင်းဘုတ်ကို တချက်ကြည့်ရုံမျှဖြင့် လီယောင် ပါဝင်ပတ်သက်နေသည်ကို သူသိသည်။
ထိုကျေးဇူးမသိတတ်သည့် မိန်းမသည် သူနှင့် ပူးပေါင်းရန် ငြင်းဆိုခဲ့ပြီး ထို့အစား ဤ"ကျိုး"မျိုးနွယ်ကို သာ သူမ၏လုပ်ဖော်ကိုင်ဖက်အဖြစ် လက်ခံခဲ့သည်။
“ကောင်းပြီ။ ပိုင်ချွမ်းစျေးမှာ မင်းရဲ့မြက်စိမ်းလိမ်းဆေးဆီ ကို တဖြည်းဖြည်းရောင်းလိုက်ဦး။”သူဌေးဟုန်က ပြောခဲ့သည်။ “ဒါပေမဲ့ မင်း ယီကျိုးစီရင်စုမှာ ရောင်းချင်တယ်ဆိုရင်တော့ ငါခွင့်ပြုမလား မပြုဘူးလားပေါ်မှာ မူတည်တယ်နော်။”
“အိုး.. ဟုတ်သား။ ကြည့်ရတာ ယီကျိုးစီရင်စုက သူဌေးဟုန် မိသားစု ပိုင်နေတာကိုး။ ကျွန်တော် ဒီနေ့မှ သဘောပေါက်မိတယ်။” ကျိုးယိုချိုင်က ရယ်ရင်းပြောခဲ့သည်။ “ဒီကိစ္စကို အုပ်ချုပ်ရေးမှူးကော သိရဲ့လား ကျွန်တော်သိချင်ပါသေးရဲ့။”
“မင်း…. သွားကြစို့။”
သူဌေးဟုန် ဒေါသတကြီး ခြေထောက်ဆောင့်နင်းသည်ကို ကြည့်ရင်း ကျိုးယိုချိုင်သည် အလွန်အမင်း စိတ်ကျေနပ်သွားခဲ့သည်။
သူသည် သူဌေးဟုန်ထံမှ ပစ္စည်းများ ယူသည့်အခါ သူဌေးဟုန်၏ နှိမ့်ချသည့် အကြည့်များကို ရခဲ့ဖူးပြီး ဒေါသထွက်ခြင်းများကို မျိုသိပ်ခဲ့ရသည်။ ယနေ့ သူ့အား နောက်ဆုံးတွင် ပြန်ပြောနိုင်ခဲ့ပြီ ဖြစ်သည်။
“သူဌေး” ဆံပင်ဖြူနေသည့် အဖိုးအိုတစ်ယောက်သည် ခြံအနောက်ဘက်မှ ထွက်လာခဲ့ပြီး “ဒီမှာ ဆေးပင်တွေနဲ့ ပျားရည် ရောင်းလို့ရတဲ့ ငွေချောင်း ၂၀ပါ။ အဲလူက တော်တော် မိုက်မဲတာပဲ။ သူက သူဌေးပြောခိုင်းတဲ့အတိုင်း ကျုပ်ပြောတာကို သူက တကယ်ယုံတယ်ဗျာ။ ”
ကျိုးယိုချိုင်သည် စိတ်တွင်းထဲတွင် သက်ပြင်းချခဲ့သည်။ သူဌေးဟုန်သည် တကယ်ပဲ အဲသလောက် မိုက်မဲရသလား။
သူသည် အမြတ်ငွေကြောင့် အကျိုးအကြောင်းမမြင်နိုင်တော့ပဲ လီယောင်၏ လိမ္မာပါးနပ်သည့် အစီအစဉ်ထဲ့သို့ တည့်တည့်မတ်မတ် ကျသွားခဲ့သည်။ သူ၏ မတင်းတိမ် မရောင့်ရဲနိုင်သည့် အလိုလောဘကြောင့်သာ ကွတ်တိဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
“ဒီကိုလာလေ၊ ရှောင်လျှို့ဇီ”
“သူဌေး၊ ဒီငွေတွေကို ကျုပ်တို့ အမျိုးသမီးလီကို မပေးသင့်ဘူးလား။”
“မလိုအပ်ဘူး။”ဟု ကျိုးယိုချိုင်က ပြောခဲ့သည်။ “အမျိုးသမီးလီက ပြောတယ်။ ကျွန်တော်တို့ မယူသင့်တဲ့ မရိုးမသားနဲ့ ရထားတဲ့ ပိုက်ဆံတွေတဲ့။”
“သူဌေး ဒါကို လွှင့်ပစ်ဖို့ မပြောနိုင်ဘူးမို့လား။ ပြောနိုင်လား။” ရှောင်လျှို့ဇီက ရယ်နေခဲ့သည်။ “ဒါက ငွေချောင်း ၂၀နော်။”
“ဒါပေါ့။ ဘယ်လွင့်ပစ်ပါ့မလဲ။”ဟု ကျိုးယိုချိုင်က ပြောခဲ့သည်။ “အဲ့ငွေတွေကို ဆန် ကျင်း၅၀၀၊ ဂျုံမှုန့် ကျင်း ၅၀၀ နဲ့ ကြက်ဥ အလုံး ၁၀၀၀ ဝယ်ဖို့ သုံးလိုက်။ သဘက်ခါ မရောက်ခင် အကုန်ပြီးအောင် ဝယ်ထားလိုက်နော်။”
"သူဌေး၊ ကျုပ်တို့က မြက်စိမ်းလိမ်းဆေးဆီ ရောင်းမှာလေ။ ဘာလို့ ဆန်တွေ၊ ဂျုံတွေ ၊ ကြက်ဥတွေကို ဒီလောက် အများကြီး လိုအပ်တာလဲဗျ။"
“အလကားပေးဖို့လေ။”
ရှောင်လျှို့ဇီ ……………..
ကျိုးယိုချိုင်သည် ဆိုင်းဘုတ်အဟောင်းကို ကြည့်ကာ သူ့စိတ်ကို တင်းလိုက်ပြီး “ပြီးတော့ ဒီဆိုင်းဘုတ်ကိုလည်း ဖထုတ်ပြီး မီးရှို့ဖို့ နေရာလွတ်တစ်ခု ရှာလိုက်ဦး။”
ယခုအချိန်ကစပြီး "ကျိုးပါးနီနှင့်အလှကုန်ဆိုင်" ရှိတော့လိမ့်မည် မဟုတ်ပေ။ "လီမိသားစု ခေတ်မီအရောင်းစတိုး၊ ဟဲဝမ်ရွာ"သာ ရှိပေတော့မည်။
သူသည် အစမှ ပြန်စနေခဲ့မှန်း သူသိပါသည်။
သို့သော် ယခုတကြိမ်တွင် အနာဂတ်သည် အတိုင်းမသိ လင်းလက်တောက်ပ နေခဲ့ပါသည်။