အပိုင်း ၃၈
Viewers 9k

အခန်း (၃၈) သေလူ၏တံခါး


ပိုင်ချွမ်းစျေးသို့ အပြန်လမ်းတွင် ဆိုင်ရှင်ကျိုးသည် လေပြင်းနှင့်အတူ ထပ်ကြပ်မကွာ ခရီးနှင်ခဲ့သည်။


ယနေ့ ဟဲဝမ်ရွာသို့ ကိုယ်တိုင်ကိုယ်ကျ လာခဲ့သည် သူ့ကိုယ်သူအတွက်လည်း တိတ်တဆိတ် ကျေနပ်နေခဲ့သည်။ သို့မဟုတ်ပါက ဤသို့အကျိုးရှိသည့် စီးပွားရေး သဘောတူညီမှုကို တခြားတစ်ယောက်ထံသို့ သူ ဆုံးရှုံးသွားနိုင်သည်။


ယခုကစ၍ သူသည် ပါးနီနှင့် မျက်နှာလိမ်း ပေါင်ဒါမှုန့်များကို ရောင်းရန် နောက်ထပ် ဒုက္ခခံလိမ့်မည် မဟုတ်ပေ။ ဤဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ တခုတည်းကသာလျှင်  သူ့အား ငွေများလှိမ့်ဝင်စေနိုင်ပါသည်။ 


လမ်းတစ်လျှောက်လုံး သူ့ဆိုင်အသစ်၏ အပြင်အဆင်များနှင့် လုပ်ငန်းဆောင်တာများကို စီစဉ်ခဲ့ကာ ဆိုင်ရှင်ကျိုးသည် သူ့ဆိုင်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ဆိုင်အသစ်ကို ပြင်ဆင်ရန်အတွက် ချက်ချင်း အလုပ်စလုပ်ခဲ့သည်။


…………………………….


ဟဲဝမ်ရွာတွင် ကျုးယိုကွေ့သည် သူဌေးဟုန်ထံမှ ငွေရရှိပြီးနောက် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ပြုလုပ်နည်းကို သင်ယူရန် အလျင်စလို မဖြစ်ခဲ့ပေ။ ၎င်းအစား သူသည် အရက်အကောင်းစားနှင့် အသားများကို သူ့စားဖို့သောက်ဖို့ရန်အတွက် အရင်ဝယ်ခဲ့သည်။


မြူးထူးပျော်ရွှင်စွာနှင့်  အရက်မူးနေခဲ့ပြီးနောက် အိပ်ယာပေါ်သို့ လဲကျကာ ပယ်ပယ်နယ်နယ် အိပ်ပျော်သွားခဲ့သည်။ သူ ပြန်နိုးလာသောအခါ ကောင်းကင်က မှောင်နေခဲ့ပြီ‌ဖြစ်ပြီး ထိုအခါမှသာ အလုပ်စလုပ်ရန် သတိရလာခဲ့သည်။


ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို လုပ်နည်းကို သူရချင်ခဲ့ပါက သူကိုယ်တိုင်သွားယူရန် သေချာပေါက် မလုပ်မဖြစ်နိုင်ဟု သူက ရွေးချယ်ဆုံးဖြတ်ခဲ့သည်။ သို့သော် တုရှောင်ဟွေ့သည် လီယောင့်မိသားစုတွင် နှစ်ရှည်အလုပ်သမားအဖြစ် လက်ရှိလုပ်ကိုင်နေကြောင်းကို သူ သိထားခဲ့ပြီး တုကျားချင်သည် သူ့အကြီးဆုံးသားအတွက် ချွေးမတစ်ယောက်ရှာရန်  ပြင်ဆင်နေခဲ့ပြီး ငွေလိုနေမှာ သေချာပေါက်ပင်  ဖြစ်သည်။ 


ထို့ကြောင့် သူသည် အလုပ်ပြီးမြောက်ခဲ့ပါက ပိုက်ဆံ ခွဲဝေပေးမည်ဟု ကတိပေးခဲ့လျှင် တုကျားချင်၏ အပြည့်အ၀ ပူးပေါက်ဆောင်ရွက်မှုကို သေချာပေါက် ရနိုင်သည်။


ဤသို့နှင့် ညအမှောင်အောက်တွင် အရက်နံ့ တစ်လှိုင်လှိုင်နှင့် သူသည် တုကျားချင့အိမ်သို့ သွားခဲ့သည်။ 


ဟဲဝမ်ရွာရှိ လူတိုင်းသည် ကျုးယိုကွေ့သည် ကလိမ်ကကျစ်တစ်ယောက်မှန်း သိထားကြပြီး အရက်သောက်ထားပြီး ရောက်လာသည့် သူ့ကို မြင်သောအခါ တုကျားချင်သည် သူ မဟုတ်တရုတ် လုပ်မည်ကို သတိချပ်နေခဲ့သည်။


“အစ်ကိုတု၊ ကျုပ် ခင်ဗျား ချမ်းသာအောင် လုပ်ပေးဖို့ လာခဲ့တာ။”


တုကျားချင်ကို သူ့အိမ်နောက်ဘက်သို့ ဆွဲခေါ်ခဲ့ပြီး ကျုးယိုကွေ့သည် တခဏအကြာ လှို့လှို့ဝှက်ဝှက်နှင့် တိုးတိုးလေး ပြောခဲ့သည်။ တုကျားချင်၏ မျက်ခုံးများသည် မျက်မှောင်ကြုတ်ကာ တွန့်သွားခဲ့သည်။


သူတို့ မိသားစုသည် လီယောင်ထံမှ အကူအညီ ကြီးကြီးမားမား ရရှိခဲ့သည်။ ယခု ဆန့်ကျင်ဘက်အနေနှင့် တုရှောင်ဟွေ့ကို ဆေးပြုလုပ်နည်းကို ခိုးယူခိုင်းခြင်းသည် သိက္ခာရှိသည့် လူတစ်ယောက် လုပ်လိမ့်မည့် ကိစ္စမဟုတ်ပေ။


“ကျုပ်ကို အလျင်စလို ငြင်းဖို့ မလုပ်နဲ့ဦး။”ဟု ကျုးယိုကွေ့က ပြောခဲ့သည်။ “အစ်ကိုအမေနဲ့ အရင် သွားဆွေးနွေးလိုက်ဦး။ ပြီးမှာ ကျုပ်ကို အဖြေတစ်ခု ဖြည်းဖြည်းပြန်ပြောပေါ့။ ဒါပေမဲ့ ကျုပ်အခုပြောနိင်တာက၊ အဲဒါသာ အောင်မြင်ခဲ့ရင် အနည်းဆုံး ကျုပ်တို့ ငွေချောင်း ၅၀ ရနိုင်တယ်။ ကျုပ် တဝက်ခွဲပေးမယ်လေ။”


ကျူးယိုကွေ့ ထွက်ခွာသွားသည့်နောက် တုကျားချင်သည် အိမ်သို့ ပြန်လာခဲ့သည်။


“သူက ဘာလိုချင်လို့တဲ့လဲ။” ဟု အမျိုးသမီးရွှီက မေးခဲ့သည်။ 


တုကျားချင်သည် ရိုးသားသူတစ်ဦး ဖြစ်သည့်အတွက် ကျူးယိုကွေ့ ပြောသမျှ အရာအားလုံးကို အမျိုးသမီးရွှီကို ပြောပြခဲ့သည်။


သူတို့ ငွေ ၂၅ချောင်း ရနိုင်သည်ဟု ကြားရသည့်အပေါ် အမျိုးသမီးရွှီသည် အချိန်အတော်အကြာအောင် စကားမပြောနိုင်ခဲ့ပေ။ တုကျားချင်သည် သူ့မိခင်အိုကြီး ဖြားယောင်းသွေးဆောင်ခံလိုက်ရသည်ကို သိခဲ့သည်။


“အမေ၊ ကျွန်တော်တို့ ဒါကို မလုပ်နိုင်ဘူး။ ကောင်းကင်က ကျွန်တော်တို့ကို မိုးကြိုးပစ်လိမ့်မယ်။”


“အဲဒါ မင်းလုပ်တာ မဟုတ်ဘူးလေ။ မင်းရဲ့ သမီး လုပ်မှာလေ။ မင်းက ဘာကို ကြောက်နေတာလဲ။”ဟု အမျိုးသမီးရွှီက ပြောခဲ့သည်။ “အဲဒါအပြင် ငွေ ၂၅ချောင်းနော်။ အဲ့လောက် ငွေအများကြီးကို ရှာဖို့ ဘယ်နှစ်နှစ်လောက် ကြာမှာလဲ။” 


“ဒါပေမဲ့…….” 


“ဒါကို စိတ်ပူမနေတော့နဲ့။ ငါ ရှောင်ဟွေ့ကို ပြောလိုက်မယ်။”ဟု အမျိုးသမီးရွှီက အေးစက်စက်နှင့် ပြောခဲ့သည်။ “မင်း ပါးစပ်သာပိတ်ထား။ မင်းမိန်းမကိုလည်း မပြောနဲ့။”  


တုကျားချင်သည် သက်ပြင်းချခဲ့သည်။ သူ အမေ့ကို မပြောလိုက်သင့်ပေ။


အခု သူ ဘာလုပ်နိုင်တော့မည်နည်း။


အချိန်သိပ်မကြာခင်မှာပင် တုရှောင်ဟွေ့သည် လီယောင့်အိမ်မှ ပြန်လာခဲ့သည်။ အမျိုးသမီးရွှီက သူမအား အိပ်ခန်းထဲသို့ တစ်ဦးတည်း သီးသန့်ခေါ်ခဲ့သောအခါ သူမ၏ မျက်လုံးများသည် နီရဲပြီး ဖောင်းကားလာခဲ့သည်။


“ငါပြောသလို နင်လုပ်ရင် နင်လက်ထပ်ဖို့ မိသားစုကောင်းကောင်းကို ငါရှာပေးမယ်။ နင့် နောက်ပိုင်း ဘ၀တစ်လျှောက်လုံး ဆင်းရဲတာကို ကြုံရတော့မှာ မဟုတ်ဘူး။”ဟု အမျိုးသမီးရွှီက ပြောခဲ့သည်။ “မဟုတ်ရင် နောက်နှစ်ကျရင် နင့်ကို လူအိုမုဆိုးဖိုတစ်ယောက်နဲ့ ပေးစားလိုက်မယ်။ နင် တစ်သက်လုံး ဒုက္ခရောက်သွားနိုင်တယ်။ ဆိုတော့ ဒါ နင့်အပေါ်မူတည်တယ်။”  


တုရှောင်ဟွေ့သည် ကြက်သေ သေသွားခဲ့သည်။


ဤသည်မှာ သူမအဖွားရင်း တကယ်ကော ဟုတ်ရဲ့လား။


သူမသည် အမှန်တကယ်ပင် ဆင်းရဲမွဲတေခြင်းကြောင့် ငွေချောင်းအနည်းငယ်အတွက် ဤကဲ့သို့သော နည်းလမ်းအချို့ကို အသုံးပြုရန် ကြံမိကြံရာ စွပ်လုပ်နေခြင်း ဖြစ်ရမည်။ 


တုရှောင်ဟွေ့သည် ဒေါ်လေးလီကို လုံး၀ သစ္စာမဖောက်ချင်ပေ။ သို့သော် သူမ လူအိုမုဆိုးဖိုကြီးနှင့် လက်ထပ်ခဲ့ရလျှင် သူမ ဘာလုပ်ရမည်လဲ။


ထိုအကြောင်းကို စဉ်းစားကာ တုရှောင်ဟွေ့သည် သူမ့နှာခေါင်းထဲတွင် ချဉ်စူးစူးဖြစ်လာသည်ကို ခံစားခဲ့ရသည်။ သို့သော် သူမသည် ဒေါ်လေးလီ၏ စကားကို သတိရခဲ့ပြီး မငိုမိအောင် ထိန်းထားခဲ့သည်။ 


တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပဲ နောက်တစ်နေ့ လီယောင်အိမ့်သို့ ရောက်သောအခါ သူမ၏ မျက်လုံးများသည် နီရဲကာ ဖောင်းကားနေဆဲ ဖြစ်သည်။


ဤပုံနှင့် သူမကို မြင်လိုက်ရသောအခါ သူမ အိမ်သို့ ပြန်သွားပြီးနောက် နှိပ်စက်ညှင်းပမ်းမှုများကို ပို၍ ခံလာခဲ့ရသည်ဟု လီယောင် သိခဲ့သည်။ ထို့ကြောင့် မေးခဲ့သည်။ “ဘာဖြစ်လို့လဲ ပြောပါဦး။”


“ဒေါ်လေးလီ။ သမီး… သမီး နောက်နှစ်ကျရင် ဒေါ်လေးအတွက် အလုပ် မလုပ်နိုင်လောက်တော့ဘူး။” တုရှောင်ဟွေ့သည် သူမ့နှုတ်ခမ်းကို ကိုက်ရင်း ပြောခဲ့သည်။


“ဘာဖြစ်လို့လဲ။”


“အဖွားက သမီးကို နောက်နှစ်ကျရင် လူအိုမုဆိုးဖိုကြီးနဲ့ လက်ထပ်ပေးတော့မှာလို့ ပြောတယ်။”


လီယောင် - …


သူမသည် တုရှောင်ဟွေ့ကို ကောင်းကောင်း နားလည်သည့်အတွက် သူမကို ပြောပြနေသည်မှာ တစ်ခုခု မမှန်ကန်ပဲ မှားနေကြောင်း သိခဲ့သည်။ ထို့ကြောင့်သာ သူမသည် အမှန်ကိုပြောမည့်အစား သူမဖာသာ ခက်ခက်ခဲခဲနှင့် ဖြေရှင်းရန် ကြိုးစားနေခဲ့သည်။ 


“ညည်း ဒေါ်လေးကို ပြောပြဖို့မလိုပါဘူး။ ကိုယ့်ဖာသာကိုယ် ကိုင်တွယ်ရမှာပဲလေ။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ သမီးက ဒေါ်လေးတို့ကို ပြောပြရင်တော့ အဖြေတစ်ခု ရှာရင် ရှာနိုင်မှာပေါ့။ ညည်းသဘောပါ။”  


တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် တုရှောင်ဟွေ့သည် သူမ၏ဇာတ်လမ်း တစ်ခုလုံးကို ပြောပြခဲ့သည်။


“ညည်းမိဘတွေက ဘာတွေ တွေးနေကြတာတုန်း”ဟု လီယောင်က မေးခဲ့သည်။


“အဖေက အဖွားကို မဆန့်ကျင်ရဲဘူးလေ။ အမေက ဒါကို မသိဘူး”


ထိုသို့ဆိုလျှင် ဤကိစ္စသည် အမျိုးသမီးရွှီ၏အကြံအစည်ပင် ဖြစ်မည်။


လီယောင်သည် အဖွားအိုကြီးအပေါ် သိပ်အထင်အမြင်ကောင်း မရှိခဲ့ပေ။


သို့သော် အထူးသဖြင့် ဆင်းရဲမွဲတေမှုကို‌ ကြောက်ရွံ့သည့် ဆင်းရဲသားများသည် အကျိုးအမြတ်အတွက် လောဘကြောင့် ဤသို့သော ရွေးချယ်မှုကို ပြုလုပ်သည့် အကြောင်းအရင်းအဖြစ် နားလည်နိုင်ခဲ့သည်။ 


ထို့အပြင် ဤကိစ္စ၏ အကြောင်းအရင်းခံသည် သူဌေးဟုန်နှင့် ကျုးယိုကွေ့တို့သာ ဖြစ်သည်။ 


“မြက်စိမ်းလိမ်းဆေးဆီလုပ်နည်းကို သမီးသိတယ်ဆိုရင်တောင် သမီး ဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ပါဘူး ဒေါ်လေးလီ။”ဟု တုရှောင်ဟွေ့က ပြောခဲ့သည်။ “သူက သမီးကို လက်ထပ်ပေးချင်တယ်ဆိုလည်း လုပ်ပါစေ။ သမီး မကြောက်ပါဘူး။”


“မဟုတ်ဘူး။ သူ့ကို ကတိပေးလိုက်။”


“ဟမ်..”


တုရှောင်ဟွေ့ မှင်တက်သွားခဲ့သည်။ 


မြက်စိမ်းလိမ်းဆေးဆီ ပြုလုပ်နည်းအား တခြားသူများကို သူမပြောပြခဲ့ပါက သူတို့ဖာသာ လုပ်သွားနိုင်လိမ့်မည်။ ထို့သို့ဆိုလျှင် ဒေါ်လေးလီက ငွေ ဘယ်လို ရှာတော့မည်နည်း။


“စိတ်မပူပါနဲ့”ဟု လီယောင်က ပြောခဲ့သည်။ “အချိန်တန်ရင် ညည်း သူတို့ကို ပေးဖို့ နည်းလမ်းတစ်ခုကို ဒေါ်လေးရေးပေးမယ်။ အဲဒါကို ဒီအိမ်ကနေ ယူလာတာလို့ ညည်း ပြောလိုက်ရုံပဲ။”


………………………….


နောက်တစ်နေ့ညတွင် ကျုးယိုကွေ့က ထပ်ရောက်လာကာ အော်ခေါ်ခဲ့သည်။


“ကဲ၊ ခင်ဗျားတို့ ဆုံးဖြတ်ပြီးပြီလား။”


“ဆုံးဖြတ်ပြီးပြီ” အမျိုးသမီးရွှီသည် တုရှောင်ဟွေ့ ခိုးလာခဲ့သည့် ဆေးနည်းကို ထုတ်ယူခဲ့ပြီး သူ့အား ပေးခဲ့သည်။ “ဒါပေမဲ့ ငါတို့တွေအကုန် တစ်ယောက်မှ မဖတ်တတ်ဘူး။ အဲဒါကြောင့်မို့ မှန် မမှန်တော့ ငါတို့တွေ မသိဘူး။”  


ကျုးယိုကွေ့ကလည်း စာမတတ်ပေ။ သို့သော် ဤသည်မှာ ကိစ္စကြီးကြီးမားမား မဟုတ်ပေ။


“ကျုပ် ဒါကို ကြည့်ခိုင်းဖို့ တစ်ယောက်ယောက်ကို ရှာလိုက်မယ်။ အဲဒါဆိုရင် သိလိမ့်မယ်လေ။” နောက်တစ်နေ့နံနက်တွင် ကျူးယိုကွေ့သည့် ပိုင်ချွမ်းစျေးသို့ စောစောသွားခဲ့သည်။ သူသည် စျေးအပြင်ဘက်တွင် စာရေးတတ်ဖတ်တတ်သည့် ကျောင်းသားတစ်ဦးကို ရှာခဲ့ပြီး နည်းလမ်းကို သူ့အား ကြည့်ရှုစစ်ဆေးခိုင်းခဲ့သည်။


ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ပြုလုပ်နည်းဟု ကြားသောအခါ သူသည် သူဌေးဟုန်ကို ရှာရန် လိုင်ဖူတည်းခိုခန်းသို့ ချက်ချင်းသွားရှာခဲ့သည်။


“ဆေးလုပ်နည်း ရခဲ့ပြီ။”


“တကယ်လား။”


“ဒါကို ကျုပ်က လိမ်စရာလား”ဟု ကျူးယိုကွေ့က ဘဝင်ခိုက်စွာ ပြောခဲ့သည်။ “ကျုပ် ကျူးယိုကွေ့က ကတိတစ်ခုကို ဘယ်တုန်းက ပျက်ကွက်ခဲ့ဘူးတာ ရှိလို့လဲ။”


သူဌေးဟုန်သည် နည်းလမ်းကို ကြည်ရှုစစ်ဆေးခဲ့ပြီး ၎င်းသည် အလားအလာ ကောင်းပုံရသည်။


သို့သော် သူသည် သတိထားတတ်သည့်သူ ဖြစ်သည်။ ထို့ကြောင့် သူသည် ငွေမချေခင်မှာ ၎င်းကို အရင်ဦးစွာ အထောက်အထားကို စစ်ဆေးခဲ့သည်။


“ဆေးနည်းအရဆို လုပ်ဖို့အတွက် အများဆုံး နေ့တစ်ဝက်လောက် ကြာလိမ့်မယ်။ ဒီမှာ ခဏစောင့်ပါဦး။ အဲဒါကို အခုလုပ်ဖို့ ကျွန်တော့လူတွေကို ပါဝင်ပစ္စည်းတွေ သွားဝယ်ခိုင်းလိုက်မယ်။ တကယ် အလုပ်ဖြစ်ရင် ကျွန်တော် ခင်ဗျားကို တပြားတချပ်မှ မလျော့စေရဘူး။"


“ကောင်းပါပြီ။ ကျုပ် သခင်ကြီးကို ပါဝင်ပစ္စည်းတွေ ဝယ်ဖို့ ဆေးဆိုင်တွေကို ခေါ်သွားပေးမယ်။”


ကျုးယိုကွေ့က ဦးဆောင်ပြီး သူဌေးဟုန်သည် ဆေးနည်းအရ ပါဝင်ပစ္စည်းများကို ဝယ်ရန် စျေးထဲရှိ ဆေးဆိုင်များကို သူဌေးဟုန်သည် သူ့အစေခံများကို ခေါ်ဆောင်သွားခဲ့သည်။


အရာအားလုံးသည် တော်တော် ချောချောမွေ့မွေ့နှင့် ပြီးသွားခဲ့ပြီး သူတို့သည် ပါဝင်ပစ္စည်းအများစုကို ဝယ်ယူနိုင်ခဲ့ကြသည်။ အမျိူးအစား ၂မျိုးသာ ဝယ်မရ ဖြစ်ခဲ့သည်။


တစ်ခုမှာ ဆိုင်အားလုံးတွင် ပစ္စည်းပြတ်နေသည် ပင်နီလီးယားဥပင် ဖြစ်သည်။


ဒုတိယတစ်ခုမှာ ပျားရည် ဖြစ်သည်။


ယခုရာသီတွင် အချိန်တိုအတွင်း ပျားရည်ကို ရှာနိုင်ရန် ခက်ခဲသည်။


ပါဝင်ပစ္စည်းများ အားလုံးကို မဝယ်နိုင်သည့်အတွက် သုံးယောက်သား စိုးရိမ်နေကြသည်။ အားလုံးထဲတွင် ကျူးယိုကွေ့သည် ဒေသခံတစ်ဦးဖြစ်ပြီး အကြံဉာဏ်ကောင်းများက အလျင်အမြန် ပေါ်ပေါက်လာခဲ့သည်။


“ကျုပ်တို့ ဘာလို့ စျေးကို တစ်ချက်လောက် သွားမကြည့်ရတာလဲ။ တစ်ခါတစ်လေကျရင်  လူတွေက အဲမှာ ပစ္စည်းမျိုးစုံ လာရောင်းကြတယ်လေ။”


သူဌေးဟုန်သည် စျေးသို့ သွားရန်မှတပါး ရွေးချယ်စရာမရှိပဲ သွားခဲ့ရပြီး အံဩစရာကောင်းကောင်းလောက်စွာပင်  သူတို့သည် ပစ္စည်းနှစ်မျိုးလုံးကို ရောင်းရန်အတွက် ရှာတွေ့ခဲ့ကြသည်။