အပိုင်း ၃၇
Viewers 9k

အခန်း (၃၇)  ဖက်ရှင်စတိုးဆိုင် 


“လီယောင်၊ ဒီမှာ မင်းကို လူတစ်ယောက် ရှာနေတယ်။”


ရွာသားတစ်ယောက်က ဆိုင်ရှင်ကျိုးကို ခေါ်ဆောင်လာသည့်အချိန်တွင် လီယောင်က နေ့လည်စာ စချက်ရန် လုပ်နေခဲ့သည်။


လီယောင့်အိမ်သည် အလွန်ယိုယွင်းပျက်စီးနေသည်ကို မြင်ရသောအခါ ဆိုင်ရှင်ကျိုးလည်း အလွန်ပင် အံအားသင့်သွားခဲ့သည်။ အံဩဖွယ်ကောင်းသည့် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကဲ့သို့ အရာကို ပြုလုပ်နိုင်သူသည် အနည်းဆုံး စုဆောင်းငွေတစ်ချို့ ရှိရမည်ဟု သူထင်ခဲ့သည်။


သို့သော် သူသည် သူဌေးဟုန်ကဲ့သို့ မနှစ်မြို့ခြင်း မရှိပေ။ ထိုအစား သူသည် ခြံဝင်းထဲသို့  သဘောထားကြီးစွာပင် လျှောက်သွားခဲ့သည်။ 


“အမျိုးသမီးလီရေ၊ ကျွန်တော် ခွင့်မတောင်းပဲ ဝင်လာလို့ တောင်းပန်ပါတယ်။” မန်နေဂျာကျိုးသည် ပြုံးပြီး ဆန်ကိတ်နှစ်ဗူးနှင့် လတ်လတ်ဆတ်ဆတ် သိုးခြေထောက်ကို ပေးခဲ့သည်။ “ဒါက လက်ဆောင်နည်းနည်းလေးပါ။”  


နောက်ဆုံးတစ်ကြိမ်က အမဲသားကို ပေးခဲ့ပြီး ယခု နောက်ထပ် ဆန်ကိတ်များနှင့် သိုးသားကို ထပ်မံပေးကာ ဤဆိုင်ရှင်ကျိုးသည် တကယ်ကို ယဉ်ကျေးသိမ့်မွေ့သည်။


“ကျွန်မ့အိမ်က သေးတယ်။ ခြံထဲမှာပဲ ထိုင်ကြရအောင်။”ဟု လီယောင်က ပြောခဲ့သည်။ “ရှောင်ဟွေ့ရေ။ ထိုင်ခုံယူခဲ့ပါဦး။”


“လာပါပြီ။”


တုရှောင်ဟွေ့သည် ခုံတန်းရှည်တစ်ခုကို သယ်ဆောင်လာခဲ့သည်။ ဆိုင်ရှင်ကျိုးက မငြင်းဆိုပဲ မဆိုင်းမတွပင် ချက်ချင်း ထိုင်ခဲ့သည်။ 


“မေမေ” သူ ထိုင်ချခဲ့ပြီးနောက် ဟဲရှောင်ယာသည် ဥဖောက်ခန်းထဲမှာ လှမ်းခေါ်ခဲ့သည်။ “သမီး အဆင်သင့်ဖြစ်ပြီ။”


အချိန်ကြာလာသည်နှင့်အမျှ သားမဖောက်နိုင်သည့် ဥများကို ထပ်မံရွေးချယ်နိုင်မည် ဖြစ်သည်။  ၎င်းတို့ကိုလည်း ရွေးထုတ်ရမည် ဖြစ်သည်။ သို့မဟုတ်ပါက အချိန်ကြာလသည်နှင့်အမျှ သားဖောက်ခန်းထဲတွင် ပုတ်သွားပေလိမ့်မည်။


ငန်းဥများကို ရွေးချယ်ခြင်းသည် အရေးပါသည်။ လီယောင်က “ဆိုင်ရှင်ကျိုး၊ ခဏလောက် စောင့်ပေးပါဦး”ဟုသာ ပြောနိုင်တော့သည်။ 


“ကိစ္စမရှိဘူး ။ ကိစ္စမရှိဘူး။ သွားလုပ်ပါ။”


သူမ လှည့်ထွက်သွားသည်ကို မြင်သောအခါ ဆိုင်ရှင်ကျိုးက စိတ်အနှောက်အယှက် မဖြစ်ခဲ့ပေ။ ထိုအစား သူက လှည့်ပတ်ကြည့်ရှူခဲ့သည်။ 


လီယောင့်အိမ်သည် အမှန်တကယ်ပင် စုတ်ပြတ်သတ်နေသည်ဟု ဆိုရပါမယ်။ လမ်းဘေးရှိ ထင်းပုံထားသည့် တဲသာသာပင် ဖြစ်သည်။ ခေါင်းမိုး၌  အပေါက်ကြီးများပင် ရှိနေသည်။


သို့သော် ခြံထဲတွင် ဝါးတဲလေးတစ်လုံးရှိနေပြီး ဆရာတစ်ယောက်က ကလေးတစ်ယောက်ကို စာဖတ်ရန် သင်ပေးနေခဲ့သည်။


လက်ရှိအချိန်တွင် ကိုယ်ပိုင်ဆရာကို  ငှားရန် တတ်နိုင်ကြသူများသည် ချမ်းသာသည့် သူ သို့မဟုတ် ဆွေကြီးမျိုးကြီးများသာ ဖြစ်သည်။


ထို့ကြောင့် သူ အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။ ဤအမျိုးသမီးလီသည် တပြားမှမရှိပဲ ဆင်းရဲနေတာလား။ သို့မဟုတ် ဆီများ တစ်စက်စက်ယိုနေအောင် ချမ်းသာနေခဲ့တာလား။


ရှီးချန်တစ်ဝက်လောက်ကို စောင်ခဲ့ပြီးနောက် လီယောင်သည် နောက်ဆုံးတွင် ဘဲငန်းဥများကို ရွေးချယ်ပြီးပြီ ဖြစ်သည်။


ပထမဆုံးအခေါက် သူမ အလုံး၅၀ ရွေးချယ်ခဲ့ပြီး၊  ယခုတစ်ယောက်တွင် နောက်ထပ် အလုံး၂၀သာ ရွေးချယ်ခဲ့သည်။ ကျန်သည့် အလုံး ၁၃၀ကို ဥဖောက်ခန်းထဲတွင် ချန်ထားခဲ့သည်။ ရွေးလာသော ဥအားလုံးကလည်း ဘဲငန်းပေါက်လေးများ ဖြစ်လာနိုင်မည် မဟုတ်ပေ။


၎င်းတို့ အကောင်ပေါက်လာပါက သူမသည် မအောင်သည့် ဘဲ‌ငန်း နောက်တစ်သုတ်ကို ရွေးချယ်ဖယ်ထုတ်ရမည် ဖြစ်သည်။


“မေမေ၊ သမီးတို့ ဒီငန်းဥတွေကို ဘာလုပ်ရမလဲ။”


“အဲဒါတွေကို ပြုတ်ပြီးတော့ ဝက်ကျွေးလိုက်။”


ဥဖောက်ခန်းထဲတွင် ရက်၂၀ ကြာပြီးနောက် ၎င်းတို့သည် ပုပ်သွားပေလိမ့်မည်။ သေချာပေါက် လူ မစားနိုင်တော့ပေ။ ၎င်းတို့ကို ဝက်များကိုသာ ကျွေးနိုင်တော့မည် ဖြစ်သည်။ 


သူမသည် ဘဲငန်းဥ အလုံး ၂၀ကို ဝက်များအား ကျွေးတော့မည်ဟု ကြားသောအခါ ဆိုင်ရှင်ကျိုးက စိတ်မကောင်း ဖြစ်သွားခဲ့သည်။ 


သူ့အလှကုန်ဆိုင်လေးသည် ငွေအများကြီး ဝင်ပါသည်။ သူသည် ပိုင်ချွမ်းစျေးတွင် အလွန်ကျော်စောသည့် မိသားစု တစ်ခုမှ ဖြစ်သည်။ သို့သော် သူသည် သေချာပေါက် ဘဲငန်းဥများကို ဝက် ကျွေးလိမ့်မည် မဟုတ်ပေ။


“အမျိုးသမီးလီ” ဆိုင်ရှင်ကျိုးသည်  သူ့ကို့သူ ထိန်းသိမ်းခဲ့လိုက်ပြီး သူ့ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။ “ကျွန်တော် ဒီနေ့လည်း မြက်စိမ်းလိမ်းဆေးဆီရဲ့ ကိစ္စအတွက် လာခဲ့တာပါ။” 


“ကျွန်မသိပါတယ်”ဟု လီယောင်က ပြောခဲ့သည်။ “အစောနက ယီကျိုးစီရင်စုက လူတစ်ယောက်ကလည်း ကျွန်မကို လာရှာသေးတယ်။”


ဆိုင်ရှင်ကျိုး၏ နှလုံးသား နစ်မြုပ်သွားခဲ့သည်။ သူက အလျင်အမြန် မေးခဲ့သည်။  “ဒါဆို အမျိုးသမီးလီ၊ မင်းဆိုလိုတာက သူ့ကို အားလုံးရောင်းဖို့ ရည်ရွယ်တာလား။”


နောက်ဆုံးတွင် သူဌေးဟုန်သည် ချမ်းသာပြီး အထက်စီးဆန်သည်။  ၎င်းကို ဝယ်သည့်အခါ သေချာပေါက် သဘောထား သေးလိမ့်မည် မဟုတ်ချေ။


ဒီ့အပြင် ဤကမ္ဘာကြီးတွင် မည်သူက ငွေကို ငြင်းပယ်လိမ့်မည်နည်း။


သူဌေးဟုန်၏ ကြွယ်၀မှုလောက် သူမှာ မရှိခဲ့သည့်အတွက် စိတ်မကောင်းစရာပင်။


“တကယ်တမ်းတော့ အဲဒါ ကိစ္စမရှိပါဘူးလေ။”ဟု ဆိုင်ရှင်ကျိုးက  ဆက်ပြောခဲ့သည်။ “စျေးမြင့်ခေါ်တဲ့သူက ရပါစေ။ အဲဒါ တရားမျှတပါတယ်။ ကျွန်တော်က ပိုင်ချွမ်းစျေးကွက်ရဲ့ ဝေစုကို ကျွန်တော့်အတွက် ခင်ဗျားချန်ထားပေးဖို့ပဲ မျှော်လင့်တာပါ။ ကျွန်တော် သူဌေးဟုန် ပေးတဲ့ စျေးအတိုင်း လိုက်ပေးပါမယ်။”


“ဆိုင်ရှင်ကျိုး၊ ရှင်နားလည်မှုလွဲနေပြီ။”ဟု လီယောင်က ပြောခဲ့သည်။ “ကျွန်မက ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို တခြားဘယ်သူ့ကိုမှ ရောင်းဖို့ မရည်ရွယ်ထားပါဘူး။”


“အမ်….”


ဆိုင်ရှင်ကျိုးသည် သူနားကြားမှားခဲ့သည်ဟု ထင်နေခဲ့သည်။ အသိပြန်ဝင်လာစေရန် အချိန်အတော်ကြာခဲ့သည်။ 


တခြားသူကို မရောင်းခြင်းသည် သူ့အတွက်သာ သီးသန့် အကုန်လုံး ရောင်းမည်လို့ ဆိုလိုတာလား။  သူ့တစ်ယောက်တည်းကို ဤငွေတွေအားလုံးကို ရှာခွင့်ပြုမှာလား။


သူ့ခေါင်းပေါ်ကို တည့်တည့်ကျမည့် ဤသို့သော် ပွပေါက်တစ်ခုသည် ကမ္ဘာပေါ်မှာ ရှိနေသေးတာလား။


“ရှင်လည်း အံအားသင့်နေဖို့ မလိုပါဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “ကျွန်မက တော်တော်ပျင်းတဲ့သူပါ။ ကျွန်မက ဆိုင်တစ်ဆိုင် မဖွင့်ချင်ပါဘူး။ အဲဒါကြောင့်မို့ ပူးပေါင်းဖို့ ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ကို ရှာဖို့ တွေးခဲ့တာပါ။”


“ခင်ဗျားကတော့ ဟာသတွေ ပြောနေပါပြီ။ ပျင်းတဲ့သူက ဘယ်လိုလုပ် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို လုပ်နိုင်မှာလဲဗျာ။ ခင်ဗျားက ဘယ်လိုပူးပေါင်းမှုမျိုးကို ရည်ညွှန်းတာလဲ ကျွန်တော် မသိဘူးဗျ။”


“အစုရှယ်ယာ ပိုင်ဆိုင်တဲ့စနစ်တစ်ခုကို ရွေးချယ်ကြရအောင်။”


ဆိုင်ရှင်ကျိုး - …


ရိုးသားစွာ ပြောရလျှင် သူ စီးပွားရေးလုပ်နေသည့် ကာလတစ်လျှောက် အစုရှယ်ယာ ပိုင်ဆိုင်သည့်စနစ်ဆိုသည့် အထူးအဆန်း အသုံးအနှုန်းမျိုးကို တစ်ခါမျှ မကြားဖူးပေ။


သို့သော် သူသည် ချက်ချာပါးနပ်သည့်သူ ဖြစ်သည်။ စကားလုံးများထဲမှ အဓိပ္ပါယ်ကို ခန့်မှန်းနိုင်သည်။


သူမနှင့် ဆိုင်ရှင်ကျိုးတို့သည် အထူးသဖြင့် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို ရောင်းချရန် ဆိုင်တစ်ဆိုင်ဖွင့်ရန် ပူးပေါင်းလိမ့်မည်ဟု လီယောင်က ဆိုလိုသည်။ သူမက ကုန်ပစ္စည်းများကို ထောက်ပံ့မည်ဖြစ်ပြီး မန်နေဂျာကျိုးက လုပ်ငန်းလည်ပတ်မှုကို အပြည့်အ၀ တာဝန်ယူရမည် ဖြစ်သည်။ 


သူမသည် မည့်သည့်လုပ်ငန်းကိစ္စကို ဝင်ပါလိမ့်မည်မဟုတ်ပဲ လက်လွှဲပေးထားသည့် ရှယ်ယာရှင်တစ်ဦးသာ ဖြစ်ပေလိမ့်မည်။ 


အမြတ်ငွေများကို လီယောင်အတွက် ၄၀ ရာခိုင်နှုန်းနှင့် ဆိုင်ရှင်ကျိုးအတွက် လုပ်ငန်းလည်ပတ်ရန် တာဝန်ရှိသည့်အတွက် ၆၀ ရာခိုင်နှုန်းကို အသီးသီး ခွဲယူကြမည် ဖြစ်သည်။ 


လီယောင်က အကျိုးအမြတ်နည်းသည်ဟု ထင်ရသည်။ သို့သော် အမှန်အားဖြင့် သူမက ပိုရခဲ့သည်။ နောက်ဆုံးတွင် သူမထံမှ ကုန်ပစ္စည်များသည် ဆိုင်သို့ ရောင်းရသည့်အတွက် သူမက ဦးစွာ အမြတ်ရရှိခဲ့သည်။


“ပထမဆုံး ပိုင်ချွမ်းစျေးကွက်မှာ ဆိုင်တစ်ဆိုင် အရင်ဖွင့်ကြရအောင်”ဟု လီယောင်က နောက်ဆုံး ပြောခဲ့သည်။ “အလုပ်ဖြစ်ခဲ့ရင် တခြားနေရာတွေမှာလည်း ဆိုင်ခွဲတွေကို ကျွန်မတို့ ဖွင့်လို့ရတယ်။”


“အလုပ်ဖြစ်မှာပါ။ သေချာပေါက်ပဲ။”


ဆိုင်ရှင်ကျိုးသည် ဤသို့သီးသန့် သဘောတူညီချက်ကို မည်သို့ ငြင်းဆိုနိုင်မည်နည်း။


သူသည်လည် မြိုတော်တွင် စတိုးဆိုင်များစွာကို ဝယ်ယူရန် တွေးထားခဲ့ပြီး ဖြစ်သည်။


“ဒါပေမဲ့ ခင်ဗျား အဆိုပြုထားတဲ့ ခွဲတမ်းက နည်းနည်းတော့  မသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ်။”


“ဒါဆို ဘယ်လို ခွဲသင့်တယ်လို့ ရှင်ထင်လဲ။”ဟု လီယောင်က မေးခဲ့သည်။


“အဲဒါ ပြောင်းပြန် ဖြစ်သင့်တယ်။”ဟု ဆိုင်ရှင်ကျိုးက လေးလေးနက်နက်ဖြင့် ပြောခဲ့သည်။ “ ကျွန်တော်က ၄၀%၊ ခင်ဗျားက ၆၀%။ အဲဒါကမှ ပိုသင့်တော်လိမ့်မယ်။”


လီယောင် - …


မလှည့်စားသည့် စီးပွားရေးလုပ်ငန်းမရှိဟု အဆိုတစ်ခု  ရှိသည်မဟုတ်လား။


ဘယ်လိုကြောင့် ဤဆိုင်ရှင်ကျိုးသည် သူ၏ အမြတ်ငွေ ၂၀ ရာခိုင်နှုန်းကို လိုလိုလားလား စွန့်လွှတ်ချင်နေခဲ့ပြီး မိုက်မဲရိုးသားသူတစ်ဦးကဲ့သို့ ပုံပေါ်နေခဲ့တာလဲ။


“အမျိုးသမီးလီ၊ ကျွန်တော်မှာ တခြားရည်ရွယ်ချက်မရှိပါဘူး။”ဟု ဆိုင်ရှင်ကျိုးက ပြောခဲ့သည်။ “ကျွန်တော်က လုပ်ငန်းလည်ပတ်တာကို တာဝန်ယူပြီး ပုံမှန်အားစိုက်ထုတ်တာမျိုး ဖြည့်စီးပေးမှာဆိုပေမဲ့ ဆန်းစစ်ဝေဖန်ရမဲ့ အချိန်ကျရင် ခင်ဗျား ကြီးကြပ်ဖို့ လိုသေးတယ်လို့ ကျွန်တော်ထင်တယ်။”


နောက်ဆုံးအကြိမ်က သူမ၏ အကန့်အသတ်နှင့် ရောင်းချသည့် နည်းလမ်းကြောင့် သူ့အား အခိုင်အမာ ယုံကြည်စေခဲ့သည်။ 


“ဒါဆိုလည်း အညီအမျှ ခွဲကြရအောင်။ ၅၀-၅၀စီ။ ဒီလိုပဲ လုပ်ကြရအောင်။” လီယောင်သည် အခွင့်အရေးယူရန် တွေးနေသည့် သူတစ်ယောက် မဟုတ်ပေ။ မညီမျှသော ခွဲတမ်းသည် နောက်ပိုင်းတွင် သဘောထားကွဲလွဲမှုများကို ဦးတည်လာလိမ့်မည်ကို သူမသိသည်။


“ဒါဆိုလည်း ကျွန်တော်တို့ အမျိုးသမီးလီပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့ဗျာ။” ဆိုင်ရှင်ကျိုးသည် ဆက်လက်ပြီး မငြင်းဆိုခဲ့ပေ။ “စာရင်းအင်းတွေအတွက် ခင်ဗျား ယုံကြည်စိတ်ချရတဲ့သူ ရှာဖို့ လိုသေးတယ်နော်။”


“အခုမလိုအပ်သေးပါဘူး။ ကျွန်မတို့ နောက်မှ ပြောကြတာပေါ့။ ကျွန်မ ရှင့်ရဲ့ အကျင့်စရိုက်ကို ယုံပါတယ်။”


ဆိုင်ရှင်ကျိုးလည်း စိတ်သက်သာရာ ရသွားခဲ့သည်။


အတူတူစီးပွားရေး လုပ်ကြသော်လည်း တခြားတစ်ဖက်က စာရင်းများကို ကြီးကြပ်ရန် မစီစဉ်ထားခဲ့ပေ။ ဘယ်လိုယုံကြည်မှုပါလိမ့်။


“အမျိုးသမီးလီ၊ စိတ်ချလက်ချနေပါ။ ကျွန်တော်တို့ “ကျိုး”တွေက စာရင်းဇယားတွေကို ဘယ်တော့မှာ လိမ်လည်ရေးသားတာမျိုး မလုပ်ပါဘူး။” ဆိုင်ရှင်ကျိုးသည် နေကို လှမ်းကြည့်ခဲ့သည်။ “နောက်ကျနေပြီ။ ကျွန်တော် ပြင်ဆင်ဖို့ မြန်မြန်ပြန်သင့်ပြီ။”


“အခု ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီဆိုတော့ ထမင်းတစ်နပ်လောက် စားသွားပါဦး။”ဟု လီယောင်က ပြောခဲ့သည်။


“ကောင်းပါပြီ။ ကျွန်တော် ယဉ်ကျေးမနေတော့ဘူးနော်။ ဆိုင်ရှင်ကျိုးက ပြုံးခဲ့သည်။ “ခင်ဗျားရဲ့ ငန်းနှပ်က လက်ဖျားခါလောက်အောင် ကောင်းတယ်လို့ ကျွန်တော်ကြားဖူးနေတာ ကြာပြီ။ နောက်ဆုံး ဒီနေ့တော့ ကျွန်တော် စားခွင့်ကြုံသွားပြီပေါ့ဗျာ။”


“ငန်းနှပ်က အချိန်အရမ်းကြာလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့ သိုးသားကင် လုပ်လို့ရတယ်လေ။”


မည်သို့အသားပင် ဖြစ်စေ လတ်ဆတ်လေ ပိုကောင်းလေ ဖြစ်ပါသည်။


ထို့ကြောင့် ဆိုင်ရှင်ကျိုးယူလာခဲ့သည့် သိုးခြေထောက်ကို ညထိတိုင်အောင် သေချာပေါက် မချန်ထားနိုင်ပေ။


သိုးခြေထောက်ကို သန့်စင်အောင် ဆေးကြောပြီး အမြှေးပါးကို ဖယ်ကာ အတုံးအသေးများတုံး ခဲ့ပြီးနောက် သူမသည် ဆား၊ နှမ်း၊ ငရုတ်ကောင်းမှုန့်၊ စမုန်နက်နှင့် စီချွမ်ငရုတ်ကောင်းမှုန့်နှင့် ဂျုံမှုန်တို့ဖြင့် နှပ်ထားခဲ့သည်။


သူမသည် ခြံဝင်းထဲတွင် ခတ္တယာယီသုံး အသားကင်ဖိုကို တည်ဆောက်ခဲ့ပြီး အတွင်း၌ မီးသွေးကို မီးညှိကာ တုရှောင်ဟွေ့၊ ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်တို့ကို ဝါးတုတ်ချောင်းပေါ်တွင် နှပ်ထားသော သိုးသားများကို သီတံဖြင့် ထိုးစေခဲ့သည်။ လီယောင်က မီးကင်ရန် တာဝန်ယူခဲ့သည်။  


ခပ်ပါးပါး တုံးတစ်ထားသော သိုးသားကို လျင်မြန်စွာ ချက်ခဲ့သည်။ အပြင်ဘက်တွင် ကြွပ်ရွလပ်ဆပ်နေပြီး အတွင်းပိုင်းတွင် နူးညံ့နေခဲ့ပါသည်။ နောက်ဆုံးတွင် သူမသည် အပေါ်မှ ဆီတစ်ထပ် သုတ်လိမ်းကာ ဇီရာမှုန့်ကို ဖြူးခဲ့သည်။ တမူထူးခြားပြီး မွေးပျံ့သော ရနံ့များသည် ချက်ချင်း အပြင်သို့ ပျံလွင့်သွားခဲ့ပြီး လူတိုင်းကို  မထိန်းနိုင်လောက်အောင် သွားရည်ကျစေခဲ့သည်။ 


ဆိုင်ရှင်ကျိုးသည် ကမ္ဘာအနှံ့ မြင်ဖူးသော်လည်း ဤကဲ့သို့ အရသာရှိသော သိုးသားကင်ကို မစားဖူးပေ။


အနံသည် စားချင်စဖွယ် ဖြစ်နေရုံသာမက အရသာကလည်း ထူးထူးခြားခြား နူးညံ့ကာ ကောင်းမွန်သည်။


“အမျိုးသမီးလီ၊ ဒါက မြောက်ပိုင်းပုံစံ ဟင်းပွဲတစ်ပွဲပဲ။ ခင်ဗျား ဘယ်လိုသင်ယူခဲ့တာလဲ။”


“ကျွန်မ တခြားတစ်ယောက်ဆီက ကြားခဲ့တာပါ”ဟု လီယောင်က ပြောခဲ့သည်။ “ ဆိုင်ရှင်ကျိုး၊ အခုဆိုရင် ကျွန်မတို့က လုပ်ငန်းစပ်တူလုပ်ကြတဲ့ သူတွေ ဖြစ်နေပြီဆိုတော့ ယဉ်ကျေးနေစရာမလိုဘူးနော်။ စိတ်ကြိုက်စားပါဦး။”


“ကောင်းပါပြီ။ ကျုပ် မယဉ်ကျေးတော့ပါဘူး။”ဆိုင်ရှင်ကျိုးသည် ကလေးများကို လက်ယပ်ခေါ်ခဲ့သည်။ “မင်းတို့ အားလုံးလည်း လာကြလေ။ ဒါနဲ့ ဆရာ.. ဆရာရဲ့ မိသားစုမျိုးရိုးနာမည်လေး သိလို့ရမလားခင်ဗျာ။”


“သေချာပေါက် ရတာပေါ့။ ကျွန်တော့မျိုးရိုးနာမည်က လွီပါခင်ဗျာ။” 


“ဒါဆို ခင်ဗျားက မစ္စတာလွီကိုး..”ဆိုင်ရှင်ကျိုးသည် ကိုယ်ပိုင်နည်းပြကို လုံလုံလောက်လောက် အလေးထား လေးစားမှုပြုကာ ဂုဏ်သိက္ခာရှိသည့် အထက်ထိုင်ခုံတွင် ထိုင်စေရန် လက်ဦးမှုရယူကာ အစပြုကာ “ဆရာ၊ ကျေးဇူးပြုပြီး ကြွပါ။”


“ယဉ်ကျေးနေစရာ မလိုပါဘူး။ အတူတူစားရအောင်။”


မိသားစုနှင့်အပြင် ဧည့်သည်နှစ်ဦးတို့က ကင်နေစဉ်အတွင်း စားခဲ့ကြသည်။


မကြာခင်မှာပင် သိုးခြေထောက်တစ်ခုလုံးကို ပြောင်စင်သန့်ရှင်းသွားအောင် စားခဲ့သည်။ ဆိုင်ရှင်ကျိုးသည် နောက်ထပ် သိုးခြေထောက်တစ်ချောင်းကို မသယ်လာမိသည့်အတွက် နောင်တရရာ မကျေမနပ်ဖြစ်နေခဲ့သည်။ 


စားသောက်ပြီးနောက် ဆိုင်ရှင်ကျိုးက ထွက်ခွာရန် ထခဲ့သည်။


“အမျိုးသမီးလီ၊ ကျွန်တော် ပြင်ဆင်ဖို့ အခုချက်ချင်း ပြန်လိုက်ပါတော့မယ်။ ကျွန်တော်တို့ ဆိုင်အသစ်လေး အဆင့်သင်ဖြစ်ဖို့က သုံးရက်လောက်ပဲ ကြာလိမ့်မယ်။”ဟု ဆိုင်ရှင်ကျိုးက ပြောခဲ့သည်။ “ဒါပေမဲ့ အခုက ကျွန်တော်တို့ ဆိုင်ရဲ့ ဆိုင်းဘုတ်ကို ဆုံးဖြတ်သင့်တယ်။ အဲ့လိုဆို အဲဒါကိုလုပ်ဖို့ ကျွန်တော် လူရှာနိုင်တယ်။”


“ရှင် ဆုံးဖြတ်လိုက်ပါ။” လီယောင်သည် ဘာဆိုင်းဘုတ်လဲဆိုသည်ကို ဂရုမစိုက်ပေ။ သူမသည် လူမသိသူမသိ ရှယ်ယာရှင်တစ်ယောက်သာ ဖြစ်ချင်ခဲ့သည်။ 


“ဟဲဝမ်ရွာ၏ လီမိသားစုဆိုင် ဆိုရင်ကော ဘယ်လိုလဲ။ ခင်ဗျား ဘယ်လိုထင်လဲ။”


လီယောင်က စဉ်းစားခဲ့သည်။ ဤနာမည်သည် ခိုင်မာသည့် ပင်ကိုလက္ခဏာရှိသော်လည်း တစ်ခုခု ချို့တဲ့နေဆဲ ဖြစ်သည်။


“ဟဲဝမ်ရွာ လီမိသားစု စတိုးဆိုင်”


“စတိုးဆိုင်။” ဆိုင်ရှင်ကျိုး၏ မျက်လုံးများ တောက်ပလာခဲ့သည်။ “အံဩဖို့ကောင်းလိုက်တာ။ ထူးထူးခြားခြားပဲ။ ဟဲဝမ်ရွာ လီမိသားစုရဲ့ ဘယ်အရာမဆိုက စတိုင်ကျခေတ်မီတဲ့ ထုတ်ကုန်တစ်ခုကို ဦးတည်သွားတယ်။ ကျွန်တော် အခုချက်ချင်းပဲ သွားလုပ်လိုက်တော့မယ်။”