အခန်း (၃၆) စမ်းသပ်မှု
“ရှန်းရှီ အကုန်ကြားလိုက်တာ သေချာလို့လား။”
“သူက အဲတုန်းက ကျုးယို့ကွေနဲ့ နီးနီးလေးမှာ။” တုရှောင်ဟွေ့သည် အမှန်အကန် ပြန်ဖြေခဲ့သည်။ “သမီးတောင် အကုန်လုံးကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားကို ကြားတာလေ။ အဲဒါကြောင့် သူ မကြားစရာ ဘာအကြောင်းမှ မရှိဘူး။”
“မေမေ” ဟဲရှောင်ယာသည် ထိုစကားကို ကြားသောအခါ အနည်းငယ် စိုးရိမ်ထိတ်လန့်စွာဖြင့် ပြောခဲ့သည်။ “ဒေါ်လေးရှန်းက တိတ်တိတ်လေး လာပြီး သင်ချင်နေရင် ဘယ်လိုလုပ်မလဲ။ အဲ့ကျရင် သမီးတို့တွေ ဘာလုပ်ကြမှာလဲ။”
“ကောက်ချက်မချပါနဲ့ဦး။” ဟု လီယောင်က ပြောခဲ့သည်။ “ဘယ်လိုပဲဖြစ်ဖြစ် သူ သိပ်မကြာခင် ငါ့ကို လာရှာလိမ့်မယ်လို့ ငါထင်တယ်။ အဲဒီခါကျရင် တို့တွေ သေချာ သိမှာပဲလေ။”
ယခုအချိန်တွင် ဝမ်အိမ်ဟောင်းဘက်တွင် ဒုတိယမိသားစုသည် သူမနှင့်အတူ စွပ်ပြုတ်ရောင်းနေကြပြီး အဖိုးဖြစ်သူကလည်း စျေးတွင် ဝါဂွမ်းများကို အစေ့နှင့် အညစ်အကြေးများ ထုတ်ကာ မွေ့ယာလုပ်သည့်အလုပ်ကို စလုပ်နေပြီ ဖြစ်သည့်အတွက် သူတို့သည် ငွေအနည်းငယ် စရှာလာနိုင်ပြီ ဖြစ်သည်။
ထိုကြောင့် တတိယမိသားစု တစ်ခုတည်းသာလျှင် အားလပ်နေခြင်း ဖြစ်သည်။
တတိယအစ်ကိုဖြစ်သူ ဝမ်ယွမ်ပန့်သည် ယီကျိုးသင်္ဘောဆိပ်ကမ်းတွင် အလုပ်ကြမ်းသမားအဖြစ် လုပ်ကိုင်နေဆဲပင် ဖြစ်သည်။
လူမရှိသည့်အတွက် မဟုတ်ပဲ စည်းကမ်းလိုက်နာမှု မရှိသည်မှာ ပြဿနာဖြစ်သည်။
ရှန်းရှီ၏ နှလုံးသားထဲတွင် သူမအား မကျေမချမ်း ဖြစ်နေပေလိမ့်မည်။ သေချာပေါက်ပင် သူမကလည်း ဂရုမစိုက်ပေ။
သူမသည် ရှန်းရှီစကားပြောပုံကိုလည်း မကြိုက်ပေ။ သူမ့စကားလုံးတိုင်းသည် နားထောင်ရန် အလွန်ဆိုးရွားလှသည်။ ထို့ကြောင့်ပင် ၎င်း၏ဝင်ရောက်စွက်ဖက်မှုကို မလိုချင်ခဲ့ပေ။
ထို့ကြောင့် သူမသည် ဤသတင်းအချက်အလက်များကို ရရှိပြီးနောက် ရှန်းရှီဘာလုပ်လိမ့်မည်ကို သူမ မသိပေ။
သူမထံသို့ လာပြီး အတင်းအဖျင်းလာပြောလိမ့်မလား။ သို့မဟုတ် မြက်စိမ်းလိမ်းဆေးဆီ ပြုလုပ်နည်းကို တိတ်တဆိတ် လေ့လာရန် နည်းလမ်းမျိုးစုံနှင့် အိမ်နားတစ်ဝိုက်တွင် ကူညီပေးရန် ကြိုးစားမလား။
စောင့်ကြည့်ရုံမျှသာ။
……………………………….
အိမ်အပြန်လမ်းပေါ်တွင် ရှန်းရှီသည် သူမ ချမ်းသာလာတော့မည် အကြောင်းကို တွေးကာ သူမဖာသာ ပြုံးနေခဲ့သည်။
သို့သော် သူမသည် အိမ်တံခါး၀သို့ ရောက်သည်နှင့် တပြိုင်နက် သူမ၏ ယောက္ခမ ဝမ်ရွှယ်ရှစ်ထံသို့ ပြေးသွားခဲ့သည်။ “နင် ဘာလို့ ရယ်နေရတာတုန်း။”ဟု ဝမ်ရွှယ်ရှစ်က ပြောခဲ့သည်။ “ငါ နင့်ကို မြက်သွားခုတ်ခိုင်းတာလေ။ ဘာလို့ ခြင်းအလွတ်နဲ့ ပြန်လာတာတုန်း။”
“အမေ၊ ကျုပ်နဲ့ အိမ်ထဲကို အမြန်လိုက်ခဲ့ပါဦး။ ကျုပ် သတင်းကောင်းတွေ ပြောစရာရှိလို့။”
ဝမ်ရွှယ်ရှစ်သည် မျက်မှောင်ကြုတ်ခဲ့သည်။ ဒီတတိယချွေးမက ဒီနေ့ ထူးထူးဆန်းဆန်း လုပ်နေခဲ့သည်။ သူမတို့ မကောင်းတာ တစ်ခုခုများ စားမိသွားတာလား။
“ဒီအပြင်မှာပဲ ငါ့ကို ပြော။”
“မဖြစ်ဘူး။ မဖြစ်ဘူး။ ဒါက ကိစ္စအကြီးကြီး။”
ဝမ်ရွှယ်ရှစ်ကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ရှန်းရှီသည် နားလည်ရခက်စွာ တံခါးကိုပင် ပိတ်ခဲ့သည်ကို မြင်သောအခါ သူမသည် ပို၍ပင် ပဟေဋ္ဌိဖြစ်နေခဲ့သည်။
“ဘာတွေ ဖြစ်ခဲ့လို့တုန်း။”
“အမေ၊ ကျုပ်တို့ ချမ်းသာတော့မယ်။”
ရှန်းရှီသည် သူမအား ကြားခဲ့ရသမျှ အကုန်ပြောပြခဲ့သည်။
နားထောင်ပြီးနောက် ဝမ်ရွှယ်ရှစ်သည် မမေးခင် တခဏမျှ စဉ်းစားခဲ့သည်။ “ဒါဆို နင့်ယောင်းမ မြက်စိမ်းလိမ်းဆေးဆီကို လုပ်တာ နင့်ကို ကူညီခိုင်းဖို့ ငါဘာလို့ သွားမပြောရမှာလဲ။ ဒါဆို နင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်လာပြီး ပိုက်ဆံရအောင် ရောင်းစားလို့ရတယ်လေ။”
“ဟမ်။” ရှန်းရှီသည် အံအားသင့်သွားခဲ့ပြီး ဣန္ဒြေဆည်ရန် အချိန်အတော်ကြာ ယူခဲ့ရသည်။ “အမေ၊ ဘယ်လိုလုပ် ဒီလိုမျိုး တွေးလိုက်တာတုန်း။”
ဝမ်ရွှယ်ရှစ်က မျက်မှောင်ကြုတ်ခဲ့သည်။ “အဲဒါ မကောင်းဘူးလား။ ငွေချောင်း ၅၀၀ အပြင် အိမ်ဝိုင်းတစ်ခုလေ။ အနည်းဆုံး အပိုင်း၃ပိုင်းပါတဲ့ လူနေအိမ်ကြီးပဲ ဖြစ်ရမယ်။ အဲဒါနဲ့ဆို နင့် ကျန်တဲ့ ဘ၀တစ်လျှောက်လုံး ဇိမ်ရှိရှိ နေနိုင်ပြီလေ။”
“အဲ့လို မလုပ်ပါဘူး” ရှန်းရှီသည် ယတိပြတ် ငြင်းဆိုခဲ့သည်။ “အဲဒါ ယောင်းမရဲ့ စီးပွားရေးကို ပျက်စီးစေမှာ မဟုတ်ဘူးလား။”
“သေသေချာချာ စဉ်းစားပါဦး။ ဒီလို နေ့ချင်းညချင်း ချမ်းသာလာဖို့ အခွင့်အရေးဆိုတာ နင့်ဘ၀မှာ တစ်ခါလောက်ပဲ ရနိုင်တယ်လေ။”ဟု ဝမ်ရွှယ်ရှစ်က ပြောခဲ့သည်။ “လွဲချော်သွားရင် နင်ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ဘူး။”
“ဒါပေမဲ့ ကျုပ် အဲ့လိုမျိုးတော့ မလုပ်နိုင်ဘူး။ ကျုပ်ရဲ့ ကျောရိုးမဏ္ဍိုင် ကျိုးသွားလိမ့်မယ်။” ရှန်းရှီသည် သူမ၏ခေါင်းကို ပြတ်ပြတ်သားသား ခါခဲ့ပြီး “ဒါအပြင် အဲဒီပိုက်ဆံကို ဒီလိုမျိုး လူတွေကို အလကားပေးဖို့ဆိုတာ မလွယ်ဘူး။ ကျူးယိုကွေ့က အရူးမို့လို့သာ အဲဒါကို ယုံတာ။ အဆုံးကျရင် ကျုပ်တို့ ပိုက်ဆံမရတဲ့အပြင် သူတို့ကိုပါ ပေးနေရဦးမယ်။ ကောင်းကင်ကနေ ပိုင်မုန့်က ဒီတိုင်း မပြုတ်ကျလာပါဘူးတော်။ ”
သူမ ထိုသို့ ပြောသည်ကို ကြားသောအခါ ဝမ်ရွှယ်ရှစ်သည် စိတ်အေးလက်အေးနှင့် တိတ်တဆိတ် သက်ပြင်းချခဲ့သည်။
ဤတတိယချွေးမသည် စိတ်အနှောက်အယှက်ပေးသော်လည်း ဤကဲ့သို့သော် ကိစ္စကြီးများနှင့် ကြုံတွေ့သည့်အခါ သူမတွင် အသိစိတ်တစ်ချို့ ရှိနေဆဲ ဖြစ်သည်။
“အနည်းဆုံးတော့ နင့်မှာ လူ့ကျင့်ဝတ်တစ်ချို့ ရှိပါသေးတယ်။”ဟု ဝမ်ရွှယ်ရှစ်က ပြောခဲ့သည်။ “နင်သာ ခေါင်းငြိမ့်ခဲ့ရင် ငါ နင့်ကို ဒီနေ့ အရေခွံခွာပြီး တတိယသားနဲ့ ကွာရှင်းခိုင်းမှာ။”
ရှန်းရှီ… ယောက္ခမတွေက အသေးအဖွဲ အရေးမပါဟု ပြောကြသည်။ သူမကတော့ ဤသို့ မထင်ချေ။
ကံကောင်းထောက်မစွာဖြင့် သူမသည် ၎င်းကိုရောင်းရန် တိတ်တဆိတ် လေ့လာဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပေ။ သို့မဟုတ်ပါက ယနေ့ သူမ သေဆုံးသွားနိုင်သည်။
“ငါ့ကို ပြောပါဦ။ နင်က တိတ်တိတ်လေး မသင်ဘူးဆိုရင် နင်ဘယ်လိုလုပ် ချမ်းသာလာမှာတုန်း။”ဟု ဝမ်ရွှယ်ရှစ်က မေးခဲ့သည်။
စီးပွားရေး လုပ်ငန်းအကြောင်း ပြောသည့်အခါ ရှန်းရှီသည် ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာခဲ့သည်။
“အမေ ဒီအကြောင်းကို ယောင်းမကို သွားပြောလိုက်လေ။ သူ သေချာပေါက် ကျုပ်တို့ကို ကျေးဇူးဆပ်ရမှာလေ။”ဟု ရှန်းရှီက ပြောခဲ့သည်။ “အဲဒါဆို အမေက သူ့ကို တတိယအစ်ကိုအတွက် စွပ်ပြုတ်ဆိုင် တစ်ဆိုင်ထောင်ဖို့ တောင်းဆိုလိုက်လေ။ အဲဒါဆို ကျုပ်တို့ ချမ်းသာပြီ မဟုတ်ဘူးလား။”
ဝမ်ရွှယ်ရှစ်သည် သူမ၏ နှုတ်ခမ်းများကို မဲ့ခဲ့သည်။
စွပ်ပြုတ်ဆိုင်သည် တစ်ရက်လျှင် ဝမ်၂၀၀ ဝင်ငွေရသော်လည်း သူတို့သည် ချမ်းသာကြွယ်၀ဖို့ ဝေးနေသေးသည်။
ပို၍ပင် မနီးစပ်ပေ။
ဤတတိယချွေးမသည် အမှန်တကယ်ပင် ထိုမျှထိ ဉာဏ်မထက်မည့်ပုံပေါ်သည်။
“နင် ဘာလို့ နင့်ဖာသာ မသွားတာလဲ။”
“ကျုပ် မသွားဘူး။” ထိုစကားကို ရှန်းရှီသည် ကြားလိုက်သောအခါ အလျင်အမြန် ခေါင်းခါခဲ့သည်။ “ကျုပ် ယောင်းမကို နည်းနည်းကြောက်တယ်။ သူက အရမ်းခက်ထန်လွန်းတယ်။”
ဝမ်ရွှယ်ရှစ် …………… ငါကကျတော့ မဖြစ်ဘူးလား။
အထူးသဖြင့် လွန်ခဲ့သည် ရက်ပိုင်းကပင် အဖိုးကြီးကို ဂွမ်းဖွခွင့်ပြုရန် လီယောင်အား သူမ တောင်းဆိုခဲ့သည်။ နောက်တကြိမ် အကူအညီပေးရန် လီယောင်အား တောင်းဆိုဖို့ရာ သူမ့မျက်နှာသည် ထိုမျှလောက် လုံလုံလောက်လောက် မထူချေ။
ရှန်းရှီတွင် မလိုမုန်းထားသော အကြံအစည် မရှိခဲ့ပဲ ယခုတစ်ကြိမ်တွင် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့သောကြောင့် ဝမ်ရွှယ်ရှစ်သည် သူမ့အကြီးဆုံးချွေးမကို မေးနိုင်သည်ဟု ခံစားခဲ့ရသည်။ သူမ သဘောတူခဲ့ပါက သူတို့သည် တတိယလေးကိုလည်း ပြန်လာခွင့်ပြုနိုင်ပြီ ဖြစ်သည်။
ထိုမှသာလျှင် အကြာကြီး ခွဲခွာနေရမည့်အစား တစ်မိသားစုလုံး ပြန်လည်ဆုံစည်းနိုင့်မည့် နည်းလမ်းဖြစ်သည်။
တတိယချွေးမသည် အရွယ်ငယ်သေးသည်။ နောက်ထပ် မြေးငယ်နှစ်ယောက် ရှိခြင်းသည် ဝမ်မိသားစု၏ အမွှေးတိုင်များကို ပိုမို လောင်ကျွမ်းလာစေပြီး ကောင်းချီးများ တိုးမြှင့်လာနိုင်ပါသည်။
“ရည်ရွယ်ချက် ရည်မှန်းချက်မရှိတဲ့ နင့်ကိုနင် ပြန်ကြည့်ပါဦး။”ဟု ဝမ်ရွှယ်ရှစ်က ပြောခဲ့သည်။ “သူက နင့်ယောင်းမ၊ ကျား မဟုတ်ဘူး။ သူ နင့်ကို ဘယ်လိုလုပ် စားနိုင်မှာတုန်း။”
“အတူတူသွားကြရအောင်။”
……………………………….
လီယောင်သည် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို အိမ်မှာ ပြုလုပ်နေခဲ့သည်။
ဒီနေ့အဖြစ်အပျက်ကို အခြေခံ၍ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ၏ စျေးကွက်သည် အလွန်ပင် ကောင်းမွန်သည်။ ဆောင်းရာသီ မရောက်မီ တတ်နိုင်သမျှ များများနှင့်မြန်မြန် လုပ်လျှင် ပိုကောင်းပေးသည်။ သို့မဟုတ်ပါက နောက်နှစ်အထိ သူမ စောင့်ရလိမ့်မည်။
အရှိန်မြှင့်မြှင့်နှင့် ကိစ္စရပ်များကို လုပ်နိုင်ရန် သူမသည် ဟဲရှောင်ယာကိုလည်း လာကူစေခဲ့သည်။ နှစ်ယောက်သား ကြိုးကြိုးစားစားနှင့် မနက်ဖြန် ပို့ဆောင်ရန် ပစ္စည်းအဆင်သင့် ရစေရန် ကြိုးပမ်းခဲ့သည်။
“ယောင်းမ၊ တော် အိမ်မှာရှိလား။”
သူမတို့ အဘက်ဘက်က အလုပ်များနေချိန်တွင် ရှန်းရှီ၏ အသံသည် အပြင်ဘက်မှာ ထွက်လာခဲ့သည်။
ဟဲရှောင်ယာသည် လီယောင်ကို ကြည့်လိုက်သည်။ အမေ ကြိုတင်ခန့်မှန်းထားသည်နှင့် ကွတ်တိဖြစ်သည်။
ဖြစ်ချင်တော့ အဖွားကပါ ဝင်လာသည့်အခါ ဟဲရှောင်ယာသည် ပို၍ပင် ရင်ဖိုလာခဲ့သည်။
အဖွားသာ တတိယဒေါ်လေးအား တိတ်တဆိတ် လေ့လာခြင်းကို ပံ့ပိုးပေးခဲ့ပါက အမေ့၏ ဒေါသနှင့်ဆိုလျှင် အိမ်ဟောင်းနှင့် အဆက်အသွယ်အားလုံးကို သေချာပေါက် ဖြတ်တောက်လိမ့်မည်။ ဒုတိယဦးလေး၏ စွပ်ပြုတ်လုပ်ငန်းသည်လည်း သေချာပေါက် ပြီးဆုံးသွားမည် ဖြစ်သည်။
သူမသည် ထို့ သို့ မဖြစ်စေချင်ပေ။ သူမသည် တစ်မိသားစုလုံး စည်းစည်းလုံးလုံးနှင့် နေထိုင်စေချင်သည်။ ထိုမှာသာလျှင် မျိုးနွယ်စုကြီးတစ်ခုနှင့် တူညီပေမည်။
“တတိယချွေးမပဲ။”ဟု လီယောင်က ပြောခဲ့သည်။ “ဒီနေ့ အားတာလား။”
“ဟုတ်တယ်။ ကျုပ်တို့ မနေ့က ဝက်နှစ်ကောင် ရောင်းလိုက်လို့ ဒီနေ့ မြက်အများကြီး ခုတ်ဖို့ မလိုဘူး။” ရှန်းရှီသည် လီယောင်နှင့် မျက်နှာချင်းဆိုင်ရသည့်အခါ မတွေးတတ်အောင်ပင် မသက်မသာ ခံစားခဲ့ရသည်။ ဤသည်မှာ သတင်းကောင်းတစ်ခုဟု ယူဆနိုင်သော်လည်း သူမသည် မည်သို့ တင်ပြရမည်ကို မသိခဲ့ပေ။
ဤပုံနှင့် သူမကို မြင်လိုက်သောအခါ ဟဲရှောင်ယာ၏ နှလုံးသားလေးသည် ပို၍ပင် နစ်မြုပ်သွားခဲ့သည်။ သူမ လုံး၀ မမြင်ချင်ဆုံးအရာသည် အမှန်တကယ်ပင် ဖြစ်လာတော့မည် ဖြစ်သည်။
“ရှင် အားနေတယ်ဆိုရင် ကျွန်မကို ရက်နည်းနည်းလောက် လာကူပေးဖို့ဆိုရင် ဘယ်လိုလဲ။” ဟု လီယောင်က မေးခဲ့သည်။ “မြက်စိမ်းလိမ်းဆေးဆီကို ကျွန်မဖာသာ လုပ်ရတာ အရမ်း အလုပ်ရှုပ်တယ်။”
"ဟင်"
ရှန်းရှီသည် လီယောင်က သူမအား အကူအညီတောင်းရန် အစပြုလိမ့်မည်ဟု လုံး၀ ထင်မှတ်မထားခဲ့ချေ။ သူမသည် လုံး၀အံအားသင့်သွားခဲ့သည်။ ဤသည်မှာ ရွှေရောင် အခွင့်အရေး တစ်ခု ဖြစ်သည်။
ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ပြုလုပ်နည်းကို သူမ သင်ယူနေသမျှ ထိုဟာသည် ငွေချောင်း ၅၀၀နှင့် အခန်း ၃ခန်းပါတဲ့ လူနေအိမ်ကြီးတို့သည် သူမ ရယူရန်အတွက်ပင် ဖြစ်သည်။
သူမ… အဲဒါကို…. လုပ်သင့်လား။
သူမ ရုတ်တရက် တုံ့ဆိုင်းသွားသည်ကို မြင်သောအခါ ဘေးတွင် ရပ်နေသော ဝမ်ရွှယ်ရှစ်ကလည်း မျက်နှာတွင် အေးစက်သော အကြည့်တစ်ချက်ဖြင့် တိတ်တဆိတ် နေခဲ့သည်။
သူမသည်လည်း တတိယချွေးမ၏ ရွေးချယ်မှုကို မြင်ချင်နေခဲ့သည်။
“ယောင်းမ၊ ကျုပ်လာကူနိုင်ပါတယ်။” ရှန်းရှီသည် စိတ်ဒုက္ခကို ကျော်လွှားခဲ့ပြီးနောက် နောက်ဆုံးတွင် သူမ ဆုံးဖြတ်ချက် ချခဲ့သည်။ “ဒါပေမဲ့ ကျုပ် တော့်ကို ပြောစရာရှိတယ်။ အခုနက ယီကျိုးက လူနှစ်ယောက်က……”
လီယောင်သည် သူမကို စကားမဆက်နိုင်အောင် ဖြတ်ပြောခဲ့သည်။ “ပြောဖို့ မလိုအပ်ပါဘူး။ ကျွန်မ သိပြီးသားပါ။”
“ဟမ်..၊ တော်က သိပြီးသားလား”
လီယောင်က ခေါင်းငြိမ့်ခဲ့သည်။ ဤယောင်းမသည် အကျိုးအမြတ်စမ်းသပ်ချက်ကို တောင့်ခံရန် သိက္ခာရှိသော နှလုံးသား ရှိနေဆဲ ဖြစ်ပုံရသည်။
ဟဲရှောင်ယာနှင့် ဝမ်ရွှယ်ရှစ်တို့ နှစ်ယောက်စလုံးကလည်း အသက်ပြင်းပြင်းရှူကာ ရှန်းရှီထံသို့ သူမတို့အကြည့်များသည် အတော် ပျော့ပျောင်းသွားခဲ့သည်။
“အကြီးဆုံးချွေးမ” နောက်ဆုံးတွင် ဝမ်ရွှယ်ရှစ်က ပြောခဲ့သည်။ “ ငါတို့ ဒီကိစ္စကို အမှတ်မယူဝံ့ပါဘူး။ ဒါပေမဲ့ တတိယသားက အခုထိ သင်္ဘောကျင်းမှာ အလုပ်သမား လုပ်နေတုန်းလေ။ ကလေးကလည်း နှစ်ယောက်ပဲ ရှိသေးတယ်။”
“ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ လက်ရှိ ကျွန်မမှာ တတိယသားအတွက် အလုပ်တစ်ခုမှ မရှိဘူး။” လီယောင်သည် ခဏမျှ စဉ်းစားခဲ့ပြီး “ ဒီလိုဆိုရင်ကော၊ အခုအတွက် ပျားဖယောင်းဝယ်ဖို့ သူ ကျွန်မကို ကူညီပေးဖို့ ဆိုရင်ကော။ ဒီပစ္စည်းက နေရာတိုင်းမှာ ဝယ်လို့ မရဘူး။ အဲဒါကြောင့် ဒါဝယ်ဖို့ဆို နေရာအနှံ ခရီးသွားရလိမ့်မယ်။ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။”
“သင်္ဘောကျင်းမှာ အလုပ်သမား လုပ်တာထက် ဒါကမှ ပိုကောင်းသေးတယ်။” ဝမ်ရွှယ်ရှစ်လည်း အခွင့်အရေး တစ်ခုရှိသည်ဟု ကြားသောအခါ ချက်ချင်း သဘောတူခဲ့သည်။ “ငါ မနက်ဖြန်ကျရင် စတုတ္ထသားကို လွတ်ပြီး သူ့ကို ချက်ချင်းသွားခေါ်ခိုင်းလိုက်မယ်။ သူ ဒီကိုရောက်လာတဲ့အခါကျရင် နင် သူ့ကို ကောင်းကောင်း သင်ပေးနိုင်တယ်။”
ဤသို့နှင့် တတိယသား၏ အရေးကိစ္စသည် ဆုံးဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။
အိမ်သို့ပြန်ရောက်သောအခါ ရှန်းရှီသည် အတွေးများဖြင့် မတုန်လှုပ်ပဲ မနေနိုင်ခဲ့ပေ။
သူမ လောဘမကြီးခဲ့သည်မှာ အလွန်ကောင်းလှသည်။
အစောက သူမသာ လုံး၀ စကားမှားပြောမိခဲ့ပါက ရလဒ်သည် ယခုကဲ့သို့ သေချာပေါက် ပြီးပြည့်စုံလိမ့်မည် မဟုတ်ပေ။