အခန်း (၃၁) နှစ်ရှည်အလုပ်သမား
“အဖွား၊ သမီးကို မရောင်းပါနဲ့။”
“အဖေ၊ သမီးတောင်းပန်ပါတယ်။ သမီး အခုကစပြီး နာခံမှာပါ။ သမီးကို မရောင်းပါနဲ့နော်.”
“အမေ..”
တုမိသားစု ခြံဝန်းထဲရှိ တုရှောင်ဟွေ့ထံမှ ဝမ်းနည်းတကြီး ငိုသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဖန်းရှီသည် ၎င်းကို ကြားလိုက်သည်နှင့် သူမ၏ တုတ်ဖြင့် လျင်မြန်စွာ သွားခဲ့သည်။
“တို့လည်း သွားကြည့်ကြစို့။”
လီယောင်သည် ကလေးများကို ဦးဆောင်ပြီး တုမိသားစု၏ အိမ်သို့ ရောက်လာခဲ့သည်။
နားရွက်ကြီးကြီး ခေါင်းကြီးကြီး ၀၀ဖိုင့်ဖိုင့်လူတစ်ယောက်သည် အရပ်ရှည်သည့် လူရမ်းကားတစ်ယောက်နှင့်အတူ မရပ်မနား ငိုနေသော တုရှောင်ဟွေ့ကို ကျေနပ်စွာ ကြည့်နေခဲ့သည်။ တုရှောင်ဟွေ့သည် တံခါးကို ဆုတ်ကိုင်ထားပြီး အပြင်ထွက်ရန် ငြင်းဆန်နေခဲ့သည်။
ဖန်းရှီ ပြန်လာသည်ကို မြင်သောအခါ သူမအနားကို အမြန်ပြေးသွားခဲ့ပြီး “အမေ၊ သမီးကို မရောင်းပါနဲ့နော်။”
“မရောင်းဘူး။ အမေ မရောင်းဘူးနော်။” ဖန်းရှီသည် သူမကို ပွေ့ဖက်လိုက်ပြီး အတိုင်းမသိ နူးညံ့စွာဖြင့် ပြောခဲ့သည်။ “စိတ်မပူနဲ့တော့နော်။ အမေတို့ သမီးကို မရောင်းပါဘူး။”
“သူ့ကို မရောင်းဘူးလား။” အမျိုးသမီးရွှီသည် ထိုစကားကို ကြားကြားချင်း စတင်အော်ဟစ်ခဲ့သည်။ “နင် သူ့ကို မရောင်းရင် ချန်းမင်က ချွေးမတစ်ယောက် လက်ထပ်ဖို့အတွက် ပိုက်ဆံကို ဘယ်လိုလုပ် ရမှာလဲ။ သူ့ကို ခုတ်ထစ်ပြီး အပိုင်းပိုင်း ရောင်းမှာလား။”
“အမေ၊ ကျုပ် အစ်မလီကို ပြောထားပြီးပြီ။ သူက ရှောင်ဟွေ့ကို နှစ်ရှည်အလုပ်သမား ငှားဖို့ ဆန္ဒရှိတယ်။”ဟု ဖန်းရှီက အလျင်အမြန် ပြောခဲ့သည်။ “ပြီးတော့ သူက တစ်နှစ်စာ လုပ်အားခကိုလည်း ကြိုပေးနိုင်တယ်တဲ့။”
အမျိုးသမီးရွှီသည် အမှန်တကယ်ဟု မယုံကြည်နိုင်လောက်အောင် ဖြစ်နေပုံရကာ လီယောင်ကို တအံတဩ ကြည့်နေခဲ့သည်။
ဟဲဝမ်ရွာက ဤအော့ကြောလန် အရိုင်းအစိုင်းက ဘယ်အချိန်ကများ သနားကြင်နာတတ်လာတာပါလိမ့်။
“အခုကဘာလဲ။” လူကုန်ကူးသူ၏ မျက်နှာသည် ရုတ်တရက် မဲမှောင်လာခဲ့ပြီး သူသည် အေးစက်စွာ ပြောခဲ့သည်။ “မင်းတို့က ငါတို့ သဘောတူညီချက်ကို ဖျက်ချင်တာလား။ ဒီကမ္ဘာမှာ အဲလိုကောင်းတာမျိုး မရှိဘူးနော်”
“တောင်းပန်ပါတယ် အစ်ကို။ ကျွန်မတို့ သူကို တကယ် မရောင်းတော့ပါဘူး။”
“သောက်ရေးမပါတာ။” လူကုန်ကူးသူက အော်ဟစ်ခဲ့သည်။ “ငါက ဒီတစ်လမ်းလုံး လာခဲ့တာ။ ပြီးတော့ မင်းတို့က ဒီလိုပဲ သူ့ကို မရောင်းတော့ပါဘူးလို့ပဲ ငါ့ကို ပြောလာတယ်။ မင်းတို့တွေ ဒီနေ့ သူ့ကို ငါ ခေါ်သွားခွင့် မပြုခဲ့ရင်၊ မင်းတို့ ဒါအတွက် နောင်တရသွားအောင် ငါလုပ်ပြမယ်။”
သူ ဒေါသထွက်သွားသည်ကို မြင်ရသောအခါ တုမိသားစုသည် အသံ မထွက်ရဲကြတော့ချေ။
ယနေ့ခတ်တွင် လူကုန်ကူးသူ ဖြစ်သည့် မည်သူမဆို ရက်စက်ကြမ်းကြုတ်သည့် စရိုက်လက္ခဏာ ရှိသည်။
သူတို့ကို စိတ်အနှောက်အယှက်ပေးခြင်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အကျိုးဆက်ကိုသာ ဦးတည်ပေလိမ့်မည်။
သူတို့ လက်လျော့လိုက်သည်ကို မြင်သောအခါ လူကုန်ကူးသည့်သူ၏ လူဆိုးလူမိုက်သည် ပိုက်ဆံအိတ်ကို မြေကြီးပေါ်သို့ ပစ်ချခဲ့ပြီး “ဒါက သဘောတူထားတဲ့ ငွေပဲ။ သူကိုမြန်မြန် လွဲပေးစမ်း။”
ထိုလူသည် သူမဆီသို့ ဦးတည်လာနေသည်ကို မြင်သောအခါ တုရှောင်ဟွေ့သည် ထိတ်လန့်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ပြီး ဖန်းရှီ၏လက်မောင်းများကို တိုးကပ်နေခဲ့သည်။
သို့သော် လူဆိုးလူမိုက်သည် အလွန်ပင် သန်မာလှသည်။ သူသည် သူမ၏သေးသွယ်သော လက်မောင်းကို လှမ်းဆွဲကာ ဖန်းရှီကို လက်တစ်ဖက်တည်းနှင့် မြေပြင်ပေါ်သို့ တွန်းချခဲ့ပြီး ထွက်ခွာရန် တုရှောင်ဟွေ့ကို တရွတ်တိုက်ဆွဲသွားခဲ့သည်။
“ခင်ဗျား ဒါဘာလုပ်တာလဲ။”
တာ့ကျွမ်းနှင့် ညီအစ်ကိုများသည် လူဆိုးလူမိုက်ကို တားဆီးရန် ပြေးလာခဲ့ကြသည်။
ဝမ်အာ၏ တရားမျှတမှု အသိဉာဏ်သည် ရုတ်တရက် တောက်ဖြာကာ ထွက်လာခဲ့ပြီး သူသည် ကျယ်လောင်စွာ အော်ခဲ့သည်။ “ခင်ဗျားက နေခင်းကြောင်တောင်မှာတောင် အပြစ်မဲ့တဲ့ မိန်းကလေးကို ပွင့်ပွင့်လင်းလင်း ပြန်ပေးဆွဲဖို့ သတ္တိရှိနေသေးတာပဲ။”
“အိုး… မင်းက ပညာရှင်တစ်ယောက်လို ပြောနေတာပဲ။” လူကုန်ကူးသူသည် ရယ်ကာ ပြောခဲ့သည်။ “ဒါပေမဲ့ ငါ ပိုက်ဆံပေးပြီးပြီမို့လို့ အားနာပါတယ်။ ဒါကြောင့်မို့ ဒါက လူကုန်ကူးတာ မဟုတ်တော့ဘူး။ မျှတတဲ့ အရောင်းအဝယ်ပဲ။ မင်းတို့ လမ်းကို ဆက်ပိတ်နေဦးမယ်ဆိုရင် မယဉ်ကျေးလို့ ငါ့ကို အပြစ်မတင်နဲ့။”
သို့သော် ဝမ်အာသည် အကြောက်အလန့် မရှိချေ။ “သူတို့က ခင်ဗျားပိုက်ဆံကို မယူဘူး။ ဒါကြောင့်မို့ သဘောတူညီချက်က ပျက်သွားပြီ။”
လူကုန်ကူးသူကလည်း အလွန်ပင် ကြမ်းကြုတ်လှသည်။ သူသည် ဝမ်အာကို ဘေးသို့ ကိုင်ပေါက်ရန် သူလက်ကို မြှောက်ခဲ့သည်။ သို့သော် သူသည် ဝမ်အာ၏ကော်လာကို လှမ်းမဆွဲနိုင်ခင် အသားဖြူကာ လှပသည့် လက်လေးသည် သူ၏လက်မောင်းကို ဆုတ်ကိုင်ခဲ့သည်။
“သောက်ကျိုးနည်းတဲ့ အမျိုးသမီး.. မင်း…”
လီယောင်သည် သူ့ကို စိုက်ကြည့်ကာ သူမ၏လက်သီးဆုပ်အားကို တိုးမြှင့်ခဲ့သည်။ ထိုလူ၏လက်မောင်းကို သူ၏နောက်ကျောဘက်သို့ လိမ်ခဲ့သည်။ ထို့နောက် သူမသည် အားနှင့် တွန်းလှဲကာ မြေပြင်ပေါ်တွင် သူ့အား ဒူးထောက်စေခဲ့သည်။
ဤသည်ကို မြင်သောအခါ လူဆိုးလူမိုက်သည် ကူညီရန် ချက်ချင်းပင် ရောက်လာခဲ့သည်။ သို့သော် သူအနားမကပ်ခင်မှာပင် လီယောင်သည် သူ့ကို ဘောင်းဘီဂွကြားထဲသို့ ကန်ခဲ့သည်။ သူသည် ရှုံတွနေသည့် ပုဇွန်တစ်ကောင်ကဲ့သို့ နာကျင်မှုကြောင့် ခွေနေခဲ့သည်။
“သောက်ကျိုးနည်းတဲ့ အမျိုးသမီး၊ ငါ့ကို သွားခွင့်ပြုစမ်း။” လူကုန်ကူးသူသည် စိတ်ကြီးဝင်လေ့ရှိသည်။ ယခင်က အခုကဲ့သို အရှက်ကွဲခြင်းမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပဲ သူသည် ကျယ်လောင်စွာ ဆဲဆိုခဲ့သည်။ “ငါ့ညီဝမ်းကွဲက အစိုးရဝန်ထမ်းတစ်ယောက်ပဲ။ ငါ သူ့ကို မင်းတို့ တစ်မိသားစုလုံးကို ဖမ်းခိုင်းပြီး ထောင်ထဲကို ထည့်မှာ။”
“အိုး.. ရှင် ဒီလို စိတ်ကြီးဝင်တာ အံဩစရာမရှိပါဘူး။ ရှင့်နောက်မှာ ကျောထောက်နောက်ခံရှိနေတာကိုး။”
“အဲဒါကောင်းတယ်ဆိုတာ မင်းသိတယ်မဟုတ်လား။” လူကုန်ကူးသည် ပြောခဲ့သည်။ “မြန်မြန် ငါ့ကို လွတ်ပေးစမ်း။ ပြီးရင် ငါ့ကို ဆေးဖိုးငွေ လျော်ပေးလိုက်။ ဒါဆို ငါ မင်းတို့ကို လွတ်ပေးရင် လွတ်ပေးလိုက်မယ်။”
“ဟီး ဟီး၊ ဒါပေမဲ့ ရှင်သိလား။ ကျွန်မက ရှင်လို ဆန်ကုန်မြေလေးတွေနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ တအားကျွမ်းကျင်တယ်။”
လီယောင်သည်လည်း ယဉ်ကျေးပျုငှာမှုကို ထိန်းသိမ်းနေမည် မဟုတ်ပေ။ သူမသည် လူကုန်ကူးသူ၏ ဦးခေါင်းကို မြေကြီးပေါ်သို့ ဆောင့်နင်းချခဲ့ပြီး အားနှင့်မာန်နှင့် မြေပြင်ပေါ်သို့ ကျစေခဲ့သည်။
သူမသာ ဟဲဝမ်ရွာတွင် ဆက်လက်မနေထိုင်တော့ပါက သူမ၏နဂိုမူလစိတ်နှင့်ဆို ဤအမှိုက်၏လည်ပင်းကို လိမ်ချိုးကာ ရေဆိုးမြောင်းထဲသို့ ပစ်ချလိမ့်မည် ဖြစ်သည်။
“မလုပ်ပါနဲ့။ ကျုပ်ကို ချမ်းသာပေးပါ။ ကျုပ် နောက်ထပ် မလုပ်တော့ပါဘူး။”
လီယောင်သည် အေးစက်စွာ ပြောခဲ့သည်။ “ရှင်ပြန်သွားပြီး ရှင့်ကို အနိုင်ကျင့်တဲ့အတွက် ရှင့်ရဲ့ ဝမ်းကွဲကို ကျွန်မကို လက်တုံ့ပြန်ဖို့ ပြောလိုက်။ ကျွန်မက ဟဲဝမ်ရွာက လီယောင်ပါလို့ပြောလိုက်လေ။”
“ကျုပ် မလုပ်ရဲပါဘူး။ မလုပ်ရဲပါဘူး။”
“အခုချက်ချင်းထွက်သွား။”
လူကုန်ကူးသူသည် ပိုက်ဆံကို မြေကြီးပေါ်မှ ကောက်ယူခဲ့ပြီး သူ၏စွမ်းအားအကုန်ဖြင့် အဝေးသို့ တွားသွားခဲ့သည်။
အမျိုးသားနှစ်ဦး ထွက်ခွာသွားပြီးနောက် တုရှောင်ဟွေ့သည် လီယောင်ရှေ့တွင် ဒူးထောက်ခဲ့ပြီး မြေပြင်ပေါ်သို့ နဖူးနှင့်ထိကာ ဆက်တိုက်အရိုအသေပေးခဲ့သည်။ “ဒေါ်လေးလီ၊ သမီးအသက်ကို ကယ်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ အခုကစပြီး သမီးက ဒေါ်လေးရဲ့ နွားနဲ့မြင်း ဖြစ်သွားပါပြီ။”
“ထဦး” လီယောင်သည် တုရှောင်ဟွေ့ကို သူမ၏ ခြေရင်းသို့ ဆွဲခေါ်လိုက်သည်။ “ဒေါ်လေးကို ကတိတစ်ခုတော့ပေး”
“ဟုတ်ကဲ့။” တုရှောင်ဟွေ့သည် ပြောခဲ့သည်။ “ဒေါ်လေးလီ၊ သမီးကို ပြောပါ။ သမီး ဘာမဆို သဘောတူပါ့မယ်။”
“အခုချိန်ကစပြီး ဘာကိစ္စတွေပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ မငိုနဲ့။”
တုရှောင်ဟွေ့သည် လီယောင်ကို ငေးကြောင်ကြောင်ဖြင့် ကြည့်နေခဲ့သည်။ သို့သော် သိပ်မကြာခင် သူမ၏ မျက်နှာမှ မျက်ရည်များကို သုတ်ခဲ့ပြီး အကြီးအကျယ် ခေါင်းငြိမ့်ခဲ့သည်။ “သမီး နားလည်ပါပြီ။ နောက်ဆို သမီး မငိုတော့ပါဘူး။”
လီယောင်သည် တာ့ကျွမ်းကို အိမ်မှ ကြေးနီဒင်္ဂါးပြား ၆၀၀ကို သွားယူခိုင်းခဲ့သည်။ ဤသည်မှာ တုရှောင်ဟွေ့ကို နှစ်ရှည်အလုပ်သမားအဖြစ် ငှားရမ်းသည့် တစ်နှစ်စာ လုပ်ခ လစာ ဖြစ်သည်။
လစာမှာ အလွန်ပင် နည်းလွန်းလှသည်။
သို့သော် အစားအသောက်နှင့် နေရာထိုင်ခင်းများကို စီစဉ်ရသည့်အပြင် အဝတ်အစားသစ်များကိုလည်း ထည့်ထားသည့်အပြင် အမှန်တကယ်တွင် တုရှောင်ဟွေ့ကဲ့သို့ မိန်းမငယ်လေးတစ်ဦးကို ငွေကြေးအလွန်အကျွံပေးခြင်းသည် သေချာပေါက် ကောင်းမွန်သည့် ကိစ္စ မဟုတ်ပေ။ မဟုတ်ပါက သူမ အရွယ်ရောက်လာသည့်အခါ သူမမိသားစုဝင်များ၏ ဩဇာသက်ရောက်မှုမှ သူမကိုယ်သူမ လုံး၀ ဖယ်ရှားသွားပေလိမ့်မည်။
သူမသည် ဖန်းရှီကို ပိုက်ဆံပေးပြီးနောက် လီယောင်သည် တုရှောင်ဟွေ့ကို ပြောခဲ့သည်။ “သွားကြစို့။ အခုပဲ အလုပ်လာလုပ်တော့။”
“ဟုတ်ကဲ့ပါ ဒေါ်လေးလီ။”
တုရှောင်ဟွေ့သည် အဖွားနှင့် တုကျားချင်ကို နောက်ဆုံးတစ်ချက် ပြန်ကြည့်ခဲ့ပြီးနောက် ပြတ်ပြတ်သားသားပင် လှည့်ကာ လီယောင်နောက်သို့ လိုက်သွားခဲ့သည်။
သူမ၏ နှလုံးသားမဲ့သည့် အဖွားသည် သူမကို ရောင်းချင်နေခဲ့ပြီး၊ သူမ၏အဖေသည် သဘောတူရုံသာမက အစမှအဆုံးထိ စကားတစ်ခွန်းမှ မပြောခဲ့ချေ။
ပြီးနောက် သူမ၏ အစ်ကိုဖြစ်သူသည် သူ့မင်္ဂလာပွဲအတွက် ငွေရဖို့အတွက် သူမကို ရောင်းရတော့မလို ဖြစ်ခဲ့သော်ငြား အိမ်ထဲမှာပဲ ပုန်းနေခဲ့ပြီး သူမကို တစ်ချက်ကြည့်ရန် အပြင်သို့ ထွက်ပင်မလာခဲ့ချေ။
အဆုံးတွင် ရောင်းစားခံရတော့မည့် ကံကြမ္မာမှ သီသီလေး လွတ်မြောက်လာစေရန် ဒေါ်လေးလီကို အသနားခံခဲ့သည် သူမ၏ အမေ တစ်ယောက်တည်းကြောင့်သာလျှင် ဖြစ်သည်။
ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် သူမ၏နှလုံးသားကို ဝမ်းနည်းကြေကွဲမှုများဖြင့် ဆို့နင့်စေခဲ့သည်။
သို့သော် သူမ ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲမှုကို ခံစားနေရပါစေ၊ သူမ ဒေါ်လေးလီကို ကတိပေးခဲ့သည့်အတိုင်း ငိုလိမ့်မည် မဟုတ်ပေ။
သိပ်မကြာခင်မှာပင် သူမတို့သည် လီယောင်၏ အိမ်သို့ ရောက်လာခဲ့သည်။
ပုံမှန်အားဖြင့် လီယောင်သည် ကစားရန်လာသောအခါ တုရှောင်ဟွေ့သည် သက်တောင့်သက်သာ ရှိနိုင်သေးသည်။ ယခုတွင်မူ သူမသည် ဒေါ်လေးလီ၏ မိသားစုအတွက် ဤနေရာသို့ အလုပ်လုပ်ရန် ဖြစ်သည့်အတွက် သူမသည် အနည်းငယ် အနေရခက်နေခဲ့သည်။
သူမ၏ခြေထောက်များ လက်များသည် ဘာလုပ်ရမှန်း မသိဖြစ်နေသည်ကို မြင်သောအခါ ဟဲရှောင်ယာသည် သူမ၏လက်ကို ကိုင်ကာ ဖိတ်ကြားခဲ့သည်။ “ထိုင်ပြီး ငါတို့နဲ့အတူတူ ထမင်း စားကြမယ်။”
“အိုး.. မဟုတ်တာ။ သမီးက ဘယ်လိုလုပ် အစ်မတို့နဲ့ စားရမှာလဲ။”
စားပွဲပေါ်ရှိ အမဲသားနှပ်ကို ကြည့်လိုက်ရင်း တုရှောင်ဟွေ့သည် အလွန်ပင် ကြောက်ကြောက်ရွံ့ရွံ့ ဖြစ်လာခဲ့သည်။
နှစ်ရှည်အလုပ်သမားများသည် ပိုင်ရှင်နှင့် စားပွဲတစ်ခုတည်းတွင် လုံး၀မစားနိုင်ကြောင်းနှင့် ပိုင်ရှင်များကဲ့သို့ တူညီသောအစားအသောက်များကိုလည်း မစားနိုင်ကြောင်း သူမကြားသိခဲ့ရသည်။
“သမီး ဒီဘေးမှာပဲ တစ်ခုခု စားလိုက်ပါ့မယ်။”
“ထိုင်လိုက်။”ဟု လီယောင်က ပြောခဲ့သည်။ “တို့ ဒီမိသားစုမှာ စည်းကမ်းတွေ အများကြီး မရှိဘူး။”
လီယောင် ဤကဲ့သို့ ပြောသည်ကို ကြားသောအခါ တုရှောင်ဟွေ့သည် နောက်ဆုံးတွင် စိုးရိမ်တကြီး ထိုင်ချခဲ့သည်။
ဟဲရှောင်ယာသည် သူမအတွက် ထမင်းပန်းကန်ကြီးနှင့်တစ်ပန်းကန် ခပ်ထည့်ခဲ့ပြီး သူမ၏ တူချောင်းများကို ပေးခဲ့သည်။ သူမသည် အရံဟင်းများကိုသာ စားနေခဲ့ပြီး အမဲသားတစ်ဖတ်မှ မယူရဲသည်ကို မြင်သောအခါ ဟဲရှောင်ယာသည် သူမအတွက် အသားဖတ်တော်တော်များများကို ရွေးပေးခဲ့သည်။
ဤသည်မှာ တုရှောင်ဟွေ့၏ ဘ၀တွင် ပထမဆုံးအကြိမ် အမဲသား၏အရသာကို မြည်းစမ်းဖူးခြင်း ဖြစ်သည်။ ၎င်းသည် သူမကို မပြောပြနိုင်လောက်သည့် ခံစားချက်များကို ပေးခဲ့သည်။
ငယ်ရွယ်စဉ်မှ ယခုအထိ အမဲသားသည် အလွန်အရသာရှိသော်လည်း စျေးကြီးကြောင်း၊ ချမ်းသာသည့် မိသားစုများနှင့် အမှုထမ်းအရာရှိများပင် တစ်ခါတစ်ရံ သို့မဟုတ် အားလပ်ရက်တွေမှာသာ စားနိုင်ကြောင်းကိုသာ သူမ ကြားသိခဲ့ရသည်။
သို့သော် ဒေါ်လေးလီ၏ အိမ်တွင် သူမတို့သည် နေ့တိုင်း အသားစားကြသည်။
သူမလို နှစ်ရှည်အလုပ်သမားကိုပင် သူတို့က အသားစားခွင့်ပေးခဲ့သည်။
ဤဘ၀သည် အိမ်မှာထက် အများကြီး ပိုကောင်းခဲ့သည်။
လစာ၊ အစားအသောက်နှင့် နေစရာနေရာနှင့်အတူ မည်သည့်မိသားစုကများ ဤကဲ့သို့ ကောင်းမွန်လှသည့် ဆက်ဆံခြင်းမျိုးကို သူမအား ပေးနိုင်လိမ့်မည်နည်း။ သူမသည် နောင်နှစ်ပေါင်းများစွာထိ တိုင်အောင် ဒေါ်လေးလီ၏ သနားကြင်နာမှုကို ပြန်ပေးဆပ်ရန် သူမ အလုပ်ကြိုးစားသွားရမည်။