အခန်း (၃၂) သားဖောက်ခြင်း
နဘေးနားတွင် တုရှောင်ဟွေ့ အကူအညီနှင့်အတူ လီယောင်သည် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို ပြုလုပ်ရာတွင် ပို၍လွယ်ကူလာခဲ့သည်။ ဤကလေးမလေးသည် အလွန်ပင် ထက်မြက်လျင်မြန်ပြီး ကျွမ်းကျင်သည်။ တစ်ကြိမ်သာလျှင် ပြောဆိုရပြီး အလုပ်တော်တော်များများကို နားလည်သဘောပေါက်နိုင်သည်။
ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို လုပ်ပြီးနောက် သူမသည် လျှို့ယောင်းမကို ဟင်းသီးဟင်းရွက်များနှင့် ဘဲငန်းများကို ဆေးကြောရန် ကူညီဖို့ သွားခဲ့သည်။ ထိုအလုပ် ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် သူမသည် အစက်အပြောက် မရှိသည်အထိ အိမ်နှင့် ခြံဝန်းကို လှည်းကျင်းခဲ့သည်။
နောက်ဆုံးတွင် တခြားဘာမှ လုပ်စရာမရှိသည်ကို မြင်သောအခါ သူမသည် သူမ၏ခြင်းတောင်းကို ကောက်ကိုင်ခဲ့ပြီး နောက်ထပ် မြက်သွားရိတ်ရန် ပြင်နေခဲ့သည်။
“ရှောင်ဟွေ့၊ ဒီနေ့ မြက်ရိတ်စရာ မလိုဘူး။” ဟု လီယောင်က ပြောခဲ့သည်။
“အဲဒါဆို..” တုရှောင်ဟွေ့သည် ဘယ်ပြန်ညာပြန် ကြည့်ခဲ့ပြီး၊ “နောက်ကျနေပြီဆိုတော့၊ သမီး ညစာလုပ်ဖို့ ကူညီပေးမယ်ဆိုရင်ကော ဘယ်လိုလဲဟင်။”
“မလိုဘူး။ ဒေါ်လေးနဲ့ လိုက်ခဲ့။” ဟု လီယောင်က ပြောခဲ့သည်။
ညနေခင်းတိုင်း ကလေးများသည် ဆရာလွီရှို့ချိုက်နှင့် စာသင်နေချိန်တွင် လီယောင်သည် တုရှောင်ဟွေ့ကို စာသင်ခန်းထဲသို့ ခေါ်သွားခဲ့ပြီး သူမကိုလည်းပဲ သင်ယူရန် ထိုင်စေခဲ့သည်။
“ဒေါ်လေးလီ၊ သမီး.. သမီး စာမလေ့လာနိုင်ဘူး” ဟု တုရှောင်ဟွေ့က ပြောခဲ့သည်။
“ဘာလို့ မလေ့လာရမှာလဲ။” ဟု လီယောင်က မေးခဲ့သည်။
“အဖွားက ပြောတယ်။ အမျိုးသမီးတစ်ယောက် အရည်အချင်း မရှိတာက အကျင့်ကောင်းတစ်ခုတဲ့။” ဟု တုရှောင်ဟွေ့က ရှင်းပြခဲ့သည်။ “ချမ်းသာတဲ့ မိသားစုက သမီးပျိုလေးတွေကပဲ လေ့လာနိုင်တယ်တဲ့။”
လီယောင်သည် ဤကဲ့သို့ မြေရှင်ပဒေသရာဇ်စနစ်၏ ဥပဒေသများကို သည်းမခံနိုင်ပေ။ ထို့ကြောင့် သူမသည် ရှောင်ယာကို ထိုအရာများဖြင့် တိုက်ရိုက်ပင် ခွဲထုတ်ခဲ့သည်။ “ညည်းက တို့မိသားစုအတွက် အလုပ်လုပ်နေတာ။ တို့ပြောတဲ့အတိုင်း လုပ်ရမယ်။ မဟုတ်ဘူးဆိုရင်တော့ အိမ်ကို ပြန်နိုင်တယ်။”
တုရှောင်ဟွေ့သည် သူမ့လေသံကြောင့် တုန်လှုပ်သွားခဲ့သည်။ သူမသည် လုံး၀ အိမ်သို့ မပြန်ချင်ပေ။
ဒေါ်လေးလီက သူမကောင်းဖို့အတွက် ဆိုလိုသည်ကို သူမ သိသည့်အတွက် သူမသည် နောက်ထပ် မကန့်ကွက်တော့ပဲ နာခံစွာ ထိုင်ချခဲ့သည်။
ကလေးမလေးသည် အလွန်နာခံကာ လိုက်နာသည်ကို မြင်သောအခါ လီယောင်သည် နောက်ထပ် ထပ်မပြောတော့ပေ။ သူမသည် ဆရာလွီရှို့ချိုက်ဘက်သို့ လှည့်ပြီး ပြောခဲ့သည်။ “ဆရာလွီ၊ နောက်တစ်ယောက် သင်ပေးရတာကို စိတ်မရှိဖို့ မျှော်လင့်ပါတယ်။”
“စိတ်မရှိပါဘူး။ လုံး၀ စိတ်မရှိပါဘူး” ဟု ဆရာလွီရှို့ချိုက်က ပျော်ရွှင်စွာဖြင့် ပြောခဲ့သည်။
ဆရာလွီ၏ နေတိုင်း နေ့လည်စာချိန်မှာ သူဌေးတစ်ယောက်၏ ဘ၀ကဲ့သို့ပင် တူနေသည်။ ထမင်းအနပ်တိုင်းတွင် အသားစားရန် ရရှိသည်။ ယခုအခါ သူအား ကလေးမတစ်ယောက်ကို သင်ကြားပေးရန် တောင်းဆိုခံခဲ့ရသည်။ သူ ဘယ်လိုများ ငြင်းဆန်နိုင်ပါ့မလဲ။
လီယောင်၏ ပြင်းထန်သည့် ဒေါသကို ဖြစ်ပေါ်စေခြင်းသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင် ဖြစ်ပေလိမ့်မည်။ ဤသို့ ဇိမ်ရှိလှသည့် အနောက်တိုင်းပုံစံထိုင်ခုံကို သူ သေချာပေါက် ဆုံးရှုံးလိမ့်မည် ဖြစ်သည်။
တုရှောင်ဟွေ့ကို အပြီးဖြတ်ပြီးနောက် လီယောင်သည် သားဖောက်ခန်းထဲသို့ သွားခဲ့သည်။
ဟဲရှောင်ယာသည် ဘဲငန်းဥများကို နေ့ ညမပြတ် စောင့်ကြည့်နေခဲ့ရသည်။ သူမ၏ ပုံပန်းသဏ္ဌန်သည် ပင်ပင်ပန်းပန်းနှင့် ကြိုးစားအားထုတ်မှုကြောင့် တော်တော်လေး ဆိုးရွားနေပုံရသည်။ ကံကောင်းထောက်မစွာဖြင့် အရာအားလုံးသည် ပြီးခဲ့သည့် လဝက်ခန့်အတွင်း ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သည်။
လီယောင်သည် ဥများ၏ အပူချိန်ကို စမ်းသပ်ပြီးနောက် ဟဲရှောင်ယာကို ပြောခဲ့သည်။ “ဒီလိုအချိန်မှာဆို ငန်းဥတွေက သူ့အလိုလို အပူချိန် စတက်လာလိမ့်မယ်။ ဒါကြောင့် တို့တွေ အောက်က ဆီမီးခွက်တွေကို လျော့နိုင်ပြီ။ ညကျရင် သူတို့ကို တစ်ခါလောက်ပဲ လာစစ်ပြီးတော့ များများပိုနားလိုက်ဦး။”
“ဟုတ်ကဲ့ပါ မေမေ”ဟု ဟဲရှောင်ယာက ပြောခဲ့သည်။
သူမသည် ကြိုတင်မျှောင်လင့်ခြင်းနှင့် စိုးရိမ်ကြောက်ရွံခြင်းများ ပြည့်နေခဲ့သည်။
နောက်ထပ် လတစ်ဝက်တွင် ငန်းပေါက်ငယ်လေးများ အကောင်ပေါက်လာကြတော့မည် ဖြစ်သည်။ တာ့ကျွမ်းသည် ဘဲငန်းလေးများကို ဘဲခြံထဲထည့်ရန် အကာအရံအတွက် ယက်လုပ်ခဲ့ပြီးပြီ ဖြစ်သည်။ ငန်းပေါက်လေး ဘယ်လောက်များများ အောင်အောင်မြင်မြင် ပေါက်လာလိမ့်မည်ကိုသာ သူတို့ မသိကြပေ။
ဤနည်းသာ အလုပ်ဖြစ်ခဲ့ပါက သူတို့သည် အနာဂါတ်တွင် ဘဲငန်းများ၊ ကြက်များနှင့် ဘဲများကို အမြောက်အမြား သားဖောက်နိုင်မည် ဖြစ်သည်။
နူးညံပြီး အမွေးပွသည့် ချစ်စရာ အကောင်ငယ်လေးများ ပြည့်နေသည့် ခြံဝန်းအကြောင်းကို တွေးတောရင်း ဟဲရှောင်ယာသည် သူမ့နှလုံးသားတစ်ခုလုံး အရည်ပျော်သွားသကဲ့သို့ ခံစားခဲ့ရသည်။ သတိမမူမိသည့် ရူးကြောင်ကြောင် အပြုံးတစ်ခုသည် သူမ၏ မျက်နှာအနှံ့ ပြန့်နှံ့သွားခဲ့သည်။
နောက်ထပ်ရက်အနည်းငယ်အတွင်းတွင် လီယောင်သည် သူမ၏ ကိုယ်ပိုင်လေ့ကျင့်မှု နည်းစနစ်ပုံစံကို တိုးမြှင့်ခဲ့သည်။ သူမသည် တောင်တန်းများပေါ်တွင် မနက်ပိုင်းနှင့် ညနေပိုင်း အပြေးလေ့ကျင့်ရန် သွားခဲ့ပြီး ဘားတန်းခိုသည့် ဘား၊ နှစ်တန်းဘား၊ ကွန်ဖူးလေ့ကျင့်ရန် ဆီးပန်းပုံသဏ္ဌန် တိုင်အပုံများ ၊ စသည်ဖြင့် လေ့ကျင့်ရေး ပစ္စည်းကိရိယာများကို တည်ဆောင်ရန် တောအုပ်အတွင်းနက်နက်ရှိ နေရာတစ်နေရာကို ရှင်းလင်းခဲ့သည်။
အိမ်သို့ ပြန်ရောက်သောအခါ သူမသည် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီတစ်ချို့ကို ပြုလုပ်ရာတွင် လက်ဖက်စေ့ဆီ တစ်ချို့ကို ဖြည်းဖြည်းချင်း စစ်ထုတ်ကာ ဆေးဘက်ဝင်အပင်များကို စိမ်ခဲ့သည်။ အငတ်ဘေးကပ်ဆိုးကျရောက်နေသည့် နယ်မြေသည် သူမ မိသားစုနှင့် ဘာမှမဆိုင်သကဲ့သို့ သူမ၏နေ့ရက်များကို တည်ငြိမ် အေးချမ်းစွာဖြင့် ဖြတ်သန်းခဲ့သည်။
..............................................
ဝမ်အိမ်ဟောင်းတွင် ဝမ်ကျားကွေ့သည် ခြံထဲတွင်ထိုင်ကာ မျက်ခုံးများ တစ်ညီတည်းဖြစ်သည်အထိ တွေးတောကာ ထိုင်နေခဲ့သည်။
လွန်ခဲ့သောရက်များတွင် လီယောင်အိမ်၌ လဲမှို့ဂွမ်းများကို ပါဝင်လုပ်ဆောင်ပြီးကတည်းက သူ့အား အနည်းငယ် စွဲလမ်းစေခဲ့ပြီး ၎င်းကို နောက်ထပ် ထပ်လုပ်ရန် မကြာခဏ တွေးတောနေခဲ့သည်။
ပြသာနာသည် ရွာတွင် မည်သည့်တခြားနေရာမှ သူ ပါဝင်လုပ်ဆောင်ရန် လဲမှို့ မရှိပေ။
ထို့ကြောင့် သူသည် ခက်ခက်ခဲခဲ တွေးတောခဲ့ပြီး ချမ်းသာသည့် မိသားစုများအတွက် ပြုလုပ်ပေးရန်အတွက် မြို့စျေးသို့သွားရန် ဆုံးဖြတ်ခဲ့သည်။ သူကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့လျှင် သူ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရုံသာမက ငွေတစ်ချို့ပင် ရှာနိုင်လိမ့်မည်။
သို့သော် သူ ဒီအကြံအစည်ကို ထုတ်ပြောသည့်အခါ ဝမ်ရွှယ်ရှစ်၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို ကြုံတွေ့ခဲ့ရသည်။
“တော်လို ဒီအသက်အရွယ်က ဒီလို စိတ်ကူးမျိုး ထွက်လာတယ်။” ဝမ်ရွှယ်ရှစ်သည် အမြဲတမ်း ဩဇာညောင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။ “အဲ့အလုပ်က ရမှာက တစ်ပြားတစ်ချပ်၊ တော့်ကြောင့် တန်ဆာပလာတွေ ပျက်စီးကုန်ရင် လျော်ပေးနေရဦးမယ်။”
“ငါ့ ကျွမ်းကျင်မှုက အဲလောက်တော့ မဆိုးပါဘူး။” ဟု ဝမ်ကျားကွေ့က ပြောခဲ့သည်။
“တော်က အကြိမ်နည်းနည်းပဲ လုပ်ဖူးတာလေ။” ဝမ်ရွှယ်ရှစ်က ခွန်းတုံပြန်ခဲ့သည်။ “အဲဒီ ဂွမ်းမွေ့ယာတွေ လုပ်တုန်းကတောင် တော့်ချွေးမက တော့်ကို သင်ပေးဖို့ လိုအပ်နေတုန်းလေ။ တော့်ကို လုပ်သမျှ အဆင့်တိုင်း ကြီးကြပ်ပေးနေရတုန်းလေ။ ဒါကို တော်က အဲ့ဒါကို ကျွမ်းကျင်နေပြီလို့ တွေးနေတုန်းလား။”
ဝမ်ကျားကွေ့သည် မတရားသဖြင့် အပြောခံနေရသည်ဟု ခံစားမိသော်လည်း ပြန်မပြောရဲခဲ့ပေ။
ဤအိမ်တွင် ဝမ်ရွှယ်ရှစ်သည် အမြဲလိုလို တစ်ခုခုလုပ်ဆောင်ရာတွင် ဆုံးဖြတ်သူသာ ဖြစ်သည်။
“ဒါဆို ငါတို့ တစ်နေကုန် အချိန်ဖြုန်းပြီး ထိုင်နေတယ်ဆိုရင်ကော ဘာစီစဉ်ထားတုန်း။”ဟု ဝမ်ကျားကွေ့က ပြောခဲ့သည်။ “ဒုတိယသား မိသားစုက အနည်းဆုံးတော့ အသားစွပ်ပြုတ်နဲ့ ထမင်းရောင်းလို့ အောင်မြင်နေကြပြီ။ ဒါပေမဲ့ ရေရှည်ကျရင် လူတွေက သူတို့အကြောင်းကို စပြီး အတင်းပြောလာမှာ မဟုတ်ဘူးလား။”
“ကျုပ်က ဒီမိသားစုအရေးကို တော့်ထက် ပိုသိတယ်။” ဝမ်ရွှယ်ရှစ် ဘာမှ မပြောခင် ခဏမျှ စဉ်းစားခဲ့သည်။ “ခဏစောင့်ဦး။”
ထို့နောက် ဝမ်ရွှယ်ရှစ်သည် အိမ်မှ ကြက်ဥတစ်ချို့ယူကာ လီယောင့်အိမ်သို့ သွားခဲ့သည်။
ယောက္ခမ ရောက်လာသည့်အချိန်တွင် လီယောင်သည် ခြံဝန်းထဲတွင် သူမဖာသာ နေပူဆာလုံရင်း ထိုင်နေကာ ပဟေဠိဖြစ်နေခဲ့သည်။
ပြီးခဲ့သည့် အချိန်တုန်းက အဖွားအိုသည် စောင်များနှင့် ဂွမ်းချည်အဝတ်အစားများကို လုပ်ကူပေးခဲ့သော်လည်း ကလေးများနှင့် အစေခံများကို အလွန်ကြင်နာသည်မှာ သိသာထင်ရှားလှသည်။ ၎င်းတို့အား ညင်ညင်သာသာ ပြောဆိုခဲ့သည်။
သူမနှင့် ပြောဆိုသည့်အခါမှသာ အဖွားအိုသည် အေးစက်ပြီး မချေမငံ တုံးတိတိ ဖြစ်နေဆဲပင် ဖြစ်သည်။ သူမအား မကြာခဏလည်း ကဲ့ရဲ့တတ်သည်။
ဒီတစ်ကြိမ်တွင်လည်း သူမ ဘာအတွက် ရောက်လာသည်ကို ဘယ်သူသိနိုင်လိမ့်မည်လဲ။
“ငါ ဒီမှာ ဝမ်အာအတွက် ကြက်ဥနည်းနည်း ယူလာတယ်။ ကျောင်းသားတစ်ယောက်က အစားကောင်းကောင်း လိုအပ်တယ်။” ဟု ဝမ်ရွှယ်ရှစ်က ပြောခဲ့သည်။
“အမေ ဘာလို့လာတာလဲကိုသာ ကျွန်မကို တည့်တည့်ပြောလို့ရပါတယ်။” ဟု လီယောင်က ပြောခဲ့သည်။
ဝမ်ရွှယ်ရှစ်သည် ကြက်ဥများကို ချလိုက်ပြီး နောက်ဆုံးတွင် ပြောခဲ့သည်။ “ကောင်းပြီ။ ငါ ငါ့မာနတွေကို ချပြီး အကူအညီတစ်ခု တောင်းဖို့ ဒီကိုလာတာ။ နင် ရယ်ချင်တယ်ဆို ရယ်လိုက်ပါ။”
လီယောင်သည် စိတ်ထဲမှာ သရော်နေခဲ့သည်။ သူမတွင် ထိုကဲ့သို ဟာသလုပ်ရပ်များအတွက် အချိန်မရှိပေ။
“ယွမ်ရှန်းအဖေက လဲမှို့တွေကို လုပ်ပြီး ပိုက်ဆံရှာဖို့ မြို့ကိုသွားချင်နေတယ်။”ဟု ဝမ်ရွှယ်ရှစ်က ဆက်ပြောခဲ့သည်။ “ဒါပေမဲ့ သူက မကျွမ်းကျင်ဘူး။ သူ လေ့ကျင့်ဖို့လည်း ငါတို့ အိမ်မှာ ဝါဂွမ်းတွေ မရှိဘူး။ အဲဒါကြောင့် ငါမေးချင်တာက နင့်မှာ ကျန်သေးလားလို့။ သူကို နင့်အတွက် နောက်ထပ် မွေ့ယာနည်းနည်း လုပ်ခိုင်းဖို့လေ။”
“ကျွန်မ နောက်ဆုံး ဝယ်လာခဲ့တဲ့ ဝါဂွမ်းတွေက အကုန်သုံးပစ်လိုက်ပြီ။” ဟု လီယောင်က ပြောခဲ့သည်။
“အဲလိုဆို ထားလိုက်ပါတော့။”ဟု ဝမ်ရွှယ်ရှစ်က ပြောခဲ့သည်။ “အဲဒါလည်း ကောင်းပါတယ်လေ။ သူ စိတ်ကူးယဉ်တဲ့ အကြံအစဉ်တွေ ရပ်သွားလိမ့်မယ်။”
သူမ ထိုသို့ပြောသော်လည်း ဝမ်ရွှယ်ရှစ်သည် ယောက္ခမကို ဒီအလုပ်အား လုပ်ခွင့်ပြုချင်နေသည်ကို လီယောင်သိသည်။ သို့မဟုတ်ပါက သူမသည် သူမဖာသာ လာလိမ့်မည် မဟုတ်ပေ။ တစ်နေ့လုံး အိမ်မှာ သူ အားလပ်နေခြင်းသည်လည်း အဖြေတစ်ခု မဟုတ်မှန်း သိသာလှပေးသည်။ နေ့တိုင်း ငွေအနည်းငယ်ရှာနေခြင်းက ပိုကောင်းလိမ့်မည် ဖြစ်သည်။
“သူလုပ်ချင်တယ်ဆိုရင် လေ့ကျင့်ဖို့အတွက် ကျွန်မ နောက်ထပ် ထပ်ဝယ်လို့ ရတယ်။”ဟု လီယောင်က ကမ်းလှမ်းခဲ့သည်။ “ရာသီဥတုက ပိုအေးလာပြီ။ ညဘက်မှာ စောင်ထူထူတစ်ထည်က ပိုကောင်းပါလိမ့်မယ်။”
“နင်က လုံလုံလောက်လောက် မနွေးသေးလို့ စောင်ထူထူကို ရှာနေတုန်းလား။” ဤသို့ပြောသည်ကို ကြားသောအခါ ဝမ်ရွှယ်ရှစ်၏ အသံသည် အလိုအလျောက် မြှင့်တက်လာခဲ့သည်။ “နင့်ကိုနင် ချမ်းသာတဲ့ မျိုးနွယ်စုက သခင်မလို့ ထင်နေတာလား။”
လီယောင့်မျက်လုံးများ ပင့်သွားခဲ့ပြီး “အဲလိုဆို လုပ်ချင်တာလား၊ မလုပ်ချင်တာလား။ မလုပ်ချင်ဘူးဆိုရင်လည်း ထားလိုက်တော့။”
ပုံမှန်အားဖြင့် ဝမ်ရွှယ်ရှစ်သည် မည်သို့ပင်ဖြစ်ပါစေ သူမ၏မာနကို မျိုချရန် ငြင်းဆန်ပေလိမ့်မည်။
သို့သော် ယခုအခါ အခြေအနေသည် သူမအတွက် ရွေးချယ်စရာ မရှိတော့ပေ။ မိသားစုတွင် စားနပ်ရိက္ခာများ ရှိနေဆဲဖြစ်ပြီး ဒုတိယသားဖြစ်သူမှာ ဝင်ငွေရှာနိုင်သော်လည်း အငတ်ဘေးသည် အခုမှသာ စတင်ခဲ့ခြင်း ဖြစ်သည်။ ဘယ်လိုကိစ္စများ ဖြစ်လာမလဲဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
“ငါတို့ အဲဒါကို လုပ်မယ်။”
နောက်တစ်နေ့တွင် တာ့ကျွမ်းသည် ဝါးအိပ်ယာ၊ လောက်လေးခွ၊ တခြားပစ္စည်းများနှင့်အတူ မြို့ထဲမှာ လဲမှို့ကတ်တီ ၂၀ကို နောက်ထပ် ဝယ်ယူလာခဲ့သည်။ ၎င်းတို့အားလုံးကို ဝမ်အိမ်ဟောင်းသို့ ပို့ပေးခဲ့သည်။
ဝါဂွမ်းနှင့် ကစားနေရသဖြင့် ဝမ်ကျားကွေ့သည့် အစားစားဖို့ပင် ဂရုမစိုက်နိုင်ပေ။ သူသည် မရပ်မနား လေ့ကျင့်ခဲ့သည်။
လီယောင့်အကြံပေးချက်ကို လိုက်နာခဲ့ပြီး သူသည် ကောင်းမွန်စွာဖြင့် ဂွမ်းများကို လုပ်ဆောင်ခဲ့ပြီး တစ်ခါတည်းနှင့် ခွဲထုတ်ခဲ့သည်။ ချည်မျှင်များကို ဖြတ်တောက်လိုက်ခြင်းသည် ဝါဂွမ်းများကို တစ်စက်မှာ အလဟာသမဖြစ်စေပဲ အကြိမ်ပေါင်းများစွာ ပြန်လည်လုပ်ဆောင်နိုင်ခဲ့သည်။
နှစ်ရက်လောက် အိမ်မှာ မွေ့ယာ ဒါဇင်ပေါင်းများစွာကို လေ့ကျင့်ခဲ့ပြီးနောက် သူ၏ကျွမ်းကျင်မှုသည် အကျွမ်းကျင်ဆုံးအဆင့်သို့ ရောက်သွားခဲ့သည်။
သူ သီးခြားစီ ပြုလုပ်ထားသော မွေ့ယာများကို မြင်သောအခါ လီယောင်သည်ပင် သူ ငွေရှာရန် အဆင့်သင့်ဖြစ်နေပြီဟု သဘောတူခဲ့သည်။
“အံဩဖွယ်ရာပဲ။ အံဩဖွယ်ရာပဲ” ဝမ်ကျားကွေ့သည် သူ့လက်များကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်သပ်နေခဲ့သည်။ “ငါ မနက်ဖြန် မြို့ကို သွားမယ်။”