အပိုင်း ၃၀
Viewers 9k

အခန်း (၃၀) အဝယ်တော်


ဖန်းရှီ၏ ဒဏ်ရာများသည် တော်တော်ကလေး သက်သာလာခဲ့ပြီး သူမသည်လည်း မကြာမကြာ တစ်နေ့တခြား ပိုပိုတိုးကာ လာခဲ့သည်။ တုရှောင်ဟွေ့သည်လည်း သူမတောင်ပေါ်မှ နေ့တိုင်းခူးလာခဲ့သည့် ကီဝီသီး အနည်းငယ်တစ်ချို့ကို ဝမ်အာထံသို့ ယူယူလာခဲ့သည်။


လီယောင်သည် အရာအားလုံးကို မြင်တွေ့သော်လည်း ဝင်ရောက်မစွက်ဖက်ခဲ့ချေ။ သူမ၏ အဓိက ရည်ရွယ်ချက်သည် ငွေရှာရန်နှင့် ထို့နောက် အငြိမ်းစားယူကာ နားရန်တို့  ဖြစ်သည်။ တခြားကိစ္စရပ်များကို သူ့အကြောင်းနှင့် သူသာ ဖြစ်သွားစေမည် ဖြစ်သည်။


နောက်တခါ မှောင်လာခဲ့ပြန်ပြီဖြစ်သည်။ ရွာသူရွာသားများ လာရောက်ကြပြီး ဆေးပင်များ ရောင်းကြမည့်အချိန် ဖြစ်သည်။


ယနေ့သည် ဆေးပင်များဝယ်သည့် လေးရက်မြောက်နေ့ဖြစ်သည်။ လူတွေ၏ ခူးဆွတ်မှုသည် အများကြီး ကောင်းမွန်ခြင်း မရှိတော့ပေ။ ကံကောင်းထောက်မစွာဖြင့် အလုံအလောက် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် လီယောင်က မနက်ဖြန်က စ၍ ဆေးပင်များကို ဝယ်ယူလိမ့်မည်မဟုတ်ပါဟု ကြေညာခဲ့သည်။


“တကယ် မဝယ်တော့ဘူးလား”


“ငါတို့ နည်းနည်းပိုဝေးတဲ့နေရာတွေမှာ တူးနိုင်သေးတယ်။”


“နောက်တစ်ရက်လောက် ဘာလို့ ထပ်မဝယ်တော့တာလဲ။”


………………………………………


ရွာသူရွာသားများသည် အားလုံး အင်တင်တင်ဖြစ်ကာ ဝန်လေးနေကြသည်။


သို့သော် ယခုအခါ လုံလောက်သည့် ဆေးပင်များ ရှိနေခဲ့ပြီ ဖြစ်သည်။ ရွာသူရွာသားများကို တောင်ထဲသို့ နက်နက်ဝင်ကာ အရဲစွန့်စေခြင်းသည် တစုံတစ်ခု ဖြစ်လာပါက ကောင်းနိုင်လိမ့်မည် မဟုတ်ပေ။


………………………………………


ဆေးပင်များကို အခြောက်ခံပြီးနောက် လီယောင်သည် ယနေ့တွင် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီကို ဒုတိယအကြိမ်မြောက် အသုတ်အနေဖြင့် စတင်ပြုလုပ်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ တစ်မနက်လုံး  အလုပ်ကြိုးကြိုးစားစား လုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် သူမသည် လက်ဖက်စေ့ဆီ ၁၀ကတ်တီကျော်ကို ထုတ်ယူနိုင်ခဲ့သည်။ ၎င်းသည် ဆီမွှေးလိမ်းဆေးဆီ ဗူး ၃၀၀ ပြုလုပ်ရန် လုံလောက်သည်။


ယခုတစ်ခေါက်တွင် သူမသည် အမြန် မလုပ်ခဲ့ချေ။ သူမသည် စည်ပိုင်းကြီးတစ်ခုကို ယူခဲ့ကာ ဆေးဖက်ဝင်အပင်များကို ဆီထဲတွင် စိမ်ထားခဲ့သည်။ ၎င်းသည် နှေးသော်လည်း အာနိသင်ပိုကောင်းလာစေရန် ဖြစ်သည်။


“အမေ”တာ့ကျွမ်းသည် မွန်းတည့်ချိန် ပြန်လာသောအခါ အမဲသား အပိုင်းကြီးတစ်ပိုင်းကို ယူလာခဲ့သည်။”အလှကုန်ဆိုင်ရှင် သူဌေးကျိုးက ဒါကို ကျွန်တော်တို့အတွက် ပေးလိုက်တယ်။ ကျွန်တော်က မယူခဲ့ချင်ဘူး။ ဒါပေမဲ့ သူက ကျွန်တော်တို့လှည်းထဲမှာ ထည့်ခဲ့ပြီး ပြန်သွားတယ်။ အဲဒါကြောင့်မို့ ကျွန်တော် ယူပဲယူလာခဲ့ရတော့တယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ။”


အမဲသားသည် ယနေ့ခတ်တွင် ရှားပါးသော ကုန်ပစ္စည်းတစ်ခု ဖြစ်သည်။


နွားတစ်ကောင် မွေးမြူရခြင်းသည် မလွယ်ကူပေ။ ထို့အပြင် အမဲဖျက်ရန် ခရိုင်သို့ သတင်းပို့ရန်နှင့် မသတ်ခင် ခွင့်ပြုချက် ရရှိထားရန် လိုအပ်ပါသည်။ ဤကဲ့သို့ ကြီးမားသည့် အမဲသားတုံးကြီးသည် အနည်းဆုံး ငွေနှစ်ချောင်းမျှ ကုန်ကျမည်ဖြစ်ပြီး ဝယ်ယူနိုင်ရန်ပင် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ 


“သူက တို့တွေကို ဘာလို့ အမဲသား ပေးချင်ရတာလဲလို့ သူပြောခဲ့သေးလား။”


“ပြောခဲ့တယ်”ဟု တာ့ကျွမ်းက ပြောခဲ့သည်။ “သူ့က အမေ့ကို ပြောပြလိုက်ဖို့ ကျွန်တော်ကို ခွင့်တောင်းလိုက်တယ်။ သူက ဆေးဖက်ဝင် ဆီမွှေးလိမ်းဆေး များများပိုမှာဖို့ မျှော်လင့်နေတယ်။ သူက ယီကျိုးစီရင်စုမှာ ရောင်းချင်လို့တဲ့။”


“အမေ သဘောပေါက်ပြီ။”ဟု လီယောင်က ပြောခဲ့သည်။ “နောက်တစ်ခါ သူ မင်းကို လာရှာရင် ပစ္စည်းတွေ ရမယ်လို့ သူ့ကိုပြောလိုက်။ ဒါပေမဲ့ နောက်ထပ် ရက်နည်းနည်းတော့ ပိုစောင့်ရမယ်လို့ ပြောလိုက်။”


ဤသည်မှာ စီးပွားရေးအရ အကျိုးအမြတ်ဖြစ်သည့်အတွက် လီယောင်သည် ယဉ်ကျေးနေလိမ့်မည် မဟုတ်ပေ။


ဤနေရာသို့ ရောက်နေခဲ့သည်မှာ အချိန်အတော်ကြာပြီးနောက် ဤကမ္ဘာမှ အမဲသားကို သူမ မမြည်းစမ်းဖူးပေ။


အမဲသားအပိုင်းကို ကြည့်လိုက်သောအခါ ၎င်းသည် အဆီများသည့် ရင်ပုံသား အများစု ဖြစ်သည်။ လီယောင် အနည်းငယ် နောင်တရသွားခဲ့သည်။ သို့သော် ဤလောကရှိ လူအများစုသည် ဤကဲ့သို့ အဆီများသော အမဲသားမျိုးသည်သာ အကောင်းဆုံးဟု ထင်ကောင်းထင်ကြပေလိမ့်မည်။


“ကဲ၊ အဲလိုဆိုတော့ ဒီနေ့ အမဲရင်ပုံသားကို နှပ်စားကြစို့။”


ဤသည်ကို ကြားသောအခါ ကလေးများသည် အလွန်အစ်မင်း ပျော်ရွှင်သွားခဲ့သည်။


ဤသည်မှာ အမဲသားဖြစ်သည်။


သူတို့ဘ၀တစ်လျှောက်လုံးတွင် အမဲသားကို တစ်ခါမျှ မစားဖူးကြပေ။


အမေသည် အမှန်တကယ်ပင် အံအားသင့်စရာ ကောင်းလှပေသည်။


ယခုအခါ လူတိုင်းသည် အဝတ်အစားအသစ်များနှင့် ဖိနပ်အသစ်များကို နေ့တိုင်း ဝတ်ဆင်နိုင်ခဲ့ပြီး ညဘက်တွင်လည်း အိပ်ရန်အတွက် အလွန်ပင် သက်တောင့်သက်သာရှိသော စောင်များ ရှိကြသည်။


သူတို့သည် နေ့တိုင်း အသားစားနိုင်ခဲ့ပြီး ယခုအခါ သူတို့သည် အမဲသားကိုတောင် စားနိုင်ခဲ့ပြီ ဖြစ်သည်။ သူတို့၏ဘ၀များသည် ချမ်းသာသည့် အိမ်သူအိမ်သားများကဲ့သို့ပင် ကောင်းကောင်းနေနိုင်ခဲ့ကြသည်။


ဟဲရှောင်ယာသည်လည်း သားဖောက်ခန်းမှ ထွက်လာခဲ့ပြီး မီးဖိုချောင်ထဲသို့ တည့်တည့်မတ်မတ် သွားခဲ့သည်။ သူမသည် အမဲသား ချက်ပြုတ်နည်းကို မြန်မြန် သင်ယူချင်ခဲ့သည်။ 


အမဲသားနှပ်သည် အလွန်ပင် ရိုးရှင်းလှပါသည်။ အတုံးလေးများ တုံးကာ ရေနွေးဖြင့်ပြုတ်ကာ ဆီနှင့် မွှေကြော်ရပါမည်။ ဇောင်းလျားသီး၊ သစ်ကြံပိုးခေါက်နှင့် အမျိုးမျိုးသော ရာသီပေါ် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ကာ မီးပြင်းပြင်းဖြင့် နူးညံ့ပျော့ပျောင်းကာ အရောင်တက်လာသည်အထိတိုင်အောင် တည်ထားရမည် ဖြစ်သည်။ 


နူးညံ့ပြီး မွှေးပျံနေသည့် အမဲသားနှပ်သည် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။


ဝက်သားနှင့် မတူပဲ အလွန်ပင် ကွဲပြားနေသည့် မရင်းနှီးသည့် အမွှေးရနံသည် ကလေးများကို တံတွေးများ တစ်လုတ်ပြီး တစ်လုတ် မျိုချစေခဲ့သည်။


လီယောင်သည် တူများကို ဟဲရှောင်ယာကို ပေးခဲ့ပြီး သူမအား အရင် မြည်းစမ်းကြည့်စေသည်။


ဟဲရှောင်ယာသည် အိုးထဲမှ တစ်ပိုင်းကို ဆယ်လိုက်ကာ အေးသွားအောင် မှုတ်လိုက်ပြီး သူမဘ၀၏ ပထမဆုံး အမဲသားကို အရသာ မြည်းစမ်းရန် ဂရုတစိုက် သူမ၏ ပါးစပ်ထဲသို့ 

ထည့်ခဲ့သည်။ 


“အရသာရှိလား။”


“အရသာရှိတယ်။” ဟဲရှောင်ယာသည် အပြင်းအထန် ခေါင်းငြိမ့်ခဲ့သည်။ “သမီးထင်ထားတာထက်ကို ပိုကောင်းတယ်။”


အမဲသားနှပ်ရန် အချိန်အတော်ကြာခဲ့ပြီး မွန်းတည့်ချိန် ကျော်နေခဲ့ပြီ ဖြစ်သည်။ လူတိုင်းက ဆာလောင်နေခဲ့ကြသည်။ သူတို့သည် ထမင်းနှင့် ဟင်းပွဲများကို ကမန်းကတန်း ပြင်ခဲ့ကြသည်။


“ကျွန်တော်လည်း အမဲသားမစားရတာ နှစ်အတော်ကြာနေပြီ။” ဆရာလွီကလည်း ယနေ့တွင် စောင့်စားနေခဲ့သည်။ “နောက်ဆုံးတစ်ခေါက်က ကျွန်တော် တက္ကသိုလ်မှာ စာသင်နေတုန်းကပဲ။”


“ကဲ အဲလိုဆို စားကြစို့။”


ဆရာလွီတို့မိသားစုသည် သူတို့၏ တူများကို ကောက်ယူခါနီးအချိန်တွင်း အိမ်နီးနားချင်း အမျိုးသမီးဖန်းက တုတ်တစ်ချောင်းကို ထောက်ကာ ရောက်လာခဲ့သည်။


သူတို့ ထမင်းစားနေသည်ကို မြင်သောအခါ သူမသည် ခြံထဲတွင် ရပ်ကာ စောင့်နေခဲ့သည်။ လီယောင်သည် သူမသည် မျက်လုံးများ နီရဲနေကာ နေမကောင်းသည့်ပုံပေါ်နေသဖြင့် အပြင်သို့ ထွက်သွားခဲ့သည်။


“ညီမဖန်း၊ ဘာကိစ္စရှိလို့လဲ။”


“အစ်မလီ” ဖန်းရှီသည် သူမ၏ မျက်နှာတွင် မျက်ရည်များ စီးကျလာသော်လည်း စကားအနည်းငယ်ကို ပြောခဲ့သည်။


“ကျုပ်တို့မိသားစုကိစ္စကို တော့်ကို စိတ်မရှုပ်စေသင့်ဘူးဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်မှာ တကယ် ရွေးချယ်စရာ မရှိလို့ပါ။”


“ဘာဖြစ်လို့လဲဆိုတာသာ ကျွန်မကို ပြောပါဦး။”


“ကျုပ်ယောက္ခမက ရှောင်ဟွေ့ကို ရောင်းချင်တယ်လို့ ပြောတယ်။”


လီယောင်သည် အနည်းငယ် ကြက်သေသေသွားခဲ့ပြီး၊ စိတ်တည်ငြိမ်မှု ပြန်လည်ရရှိရန် အချိန်ယူခဲ့ရသည်။


သူမသည် တစ်ဦးတစ်ယောက်၏ ကလေးများ ရောင်းချခြင်းသည် အလွန် ဝေးကွာလှသည့် ဇာတ်လမ်းတစ်ပုဒ်ဟု သူမ အမြဲတမ်း ခံစားခဲ့ရသည်။ သို့သော် ယခုအခါ ၎င်းသည် သူမ၏ မျက်စိရှေ့တွင် ဖြစ်ပျက်နေခဲ့သည်။


သူမသည် တုမိသားစု အခြေအနေကို အတိအကျ မသိပေ။ သို့သော် သူတို့သည် အမှန်တကယ်ပင် မခေါင်းပါးနေခဲ့ပါက သူတို့သည် သေချာပေါက် သူတို့၏ သမီးကို ရောင်းလိမ့်မည် မဟုတ်ချေ။

“ရှောင်ဟွေ့ကို ဘာလို့ ရောင်းချင်တာလဲ။”ဟု လီယောင်က မေးခဲ့သည်။ 


ဖန်းရှီတွင် ကလေးနှစ်ယောက်ရှိသည်။ သူ၏ အကြီးဆုံးသား တုချန်းမင်သည် တာ့ကျွမ်းနှင့် အရွယ်တူဖြစ်ပြီး ခုထိတိုင် လက်မထပ်ရသေးပေ။ ၎င်းသည် ဖန်းရှီ၏ ယောက္ခမကို အလွန်အစ်မင်း သောကရောက်စေခဲ့သည်။


မကြာသေးမီက သူမသည် သူအတွက် လက်ထပ်ထိမ်းမြားရန် စီစဉ်ခဲ့ပြီး အဆင်လိမ့်မည်မဟုတ်ဟု တွေးထင်ခဲ့သည်။ မမျှော်လင့်ထားစွာ တခြားတစ်ဖက်သည် မနေ့က အောင်သွယ်တော်ကို စကားပြောရန် စေလွှတ်ကာ သဘောတူခဲ့သည်။


သို့သော် သတို့သမီးဘက်က သတို့သမီးတင်တောင်းကြေးအတွက် ငွေ လေးချောင်းအပြင် မင်္ဂလာပွဲတွင် မင်္ဂလာစရိတ်အတွက်  သတို့သမီးဘက်က ပေးဆောင်ရမည့် နောက်ထပ် ငွေ နှစ်ချောင်းကိုလည်း သူတို့ဘက်က ပေးရမည်ဆိုသည့် သတ်မှတ်ချက် တစ်ခု ရှိသည်။


မိုးခေါင်ရေရှားပြီး အငတ်ဘေးကျရောက်သည့်နှစ် မဟုတ်သည့်တိုင်အောင် ငွေ လေးချောင်းသည် သာမာန်မိသားစုအတွက် သေးငယ်သည့် ငွေပမာဏ မဟုတ်ပေ။ ယခု မည်သည့်နေရာမှ တုမိသားစု ရရှိနိုင်မည်နည်း။


ဤကိစ္စကြောင့် ဖန်းရှီ၏ ယောက္ခမသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဆေးပင်များတူးရန် သူမအား အရဲစွန့်ခိုင်းခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ 


သို့သော် ပိုက်ဆံမရှိလျှင် တုချန်းမင်သည် အိမ်ထောင်မပြုနိုင်ပေ။ နောက်ထပ် နှစ်နှစ်ကြာအောင် အချိန်ဆွဲထားပါက သူသည် လူပျိုကြီးဖြစ်လာပြီး ဇနီးသည်တစ်ယောက်ရှာရန် ပို၍ပင် ခက်ခဲလာပေလိမ့်မည်။


ရှောင်ဟွေ့သည် သတို့သမီးတင်တောင်းကြေးနှင့် မင်္ဂလာစရိတ်အတွက် လက်ထပ်ရန် ငယ်ရွယ်လွန်းသည့်အတွက် ဖန်းရှီ၏ ယောက္ခမသည် သူမကို ရောင်းရန်သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဤနည်းဖြင့်သာ မိသားစုတွင် ကျွေးမွေးရန် ပါးစပ်တစ်ပေါက် လျော့သွားမည်ဖြစ်ပြီး သူမ၏မြေးဖြစ်သူသည် သူ၏လက်ထပ်ရေး အရေးကိစ္စကိုလည်း ကောင်းကောင်းဖြေရှင်းနိုင်မည် ဖြစ်သည်။


“အစ်မလီ။ ကျုပ် ရှောင်ဟွေ့ကို မရောင်းချင်ဘူး။ ကျုပ်ကို ကူညီဖို့ နည်းလမ်းတစ်ခုလောက် စဉ်းစားပေးပါဦးတော်။ ကျုပ် တောင်းပန်ပါတယ်။”


ထိုအချိန်တွင် ကလေးများကလည်း သူမ၏ စကားကို ကြားပြီး အပြင်သို့ ထွက်လာခဲ့ကြသည်။


တာ့ကျွမ်းသည် ရှောင်ဟွေ့ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရသည်။ ဝမ်အာသည်လည်း ရှောင်ဟွေ့နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ လောင်စန်းနှင့်လောင်စစ်တို့သည်လည်း မိသားစုနှစ်ခု လုံး၀ ငြင်းခုံကာ စကားများကြသည့် အချိန်မတိုင်မီအထိ ရှောင်ဟွေ့နှင့်အတူ မကြာခဏ ကစားလေ့ရှိကြသည်။


ဟဲရှောင်ယာသည် ရှောင်ဟွေ့ကို ကောင်းကောင်း မသိသော်လည်း သူမကိုယ်တိုင် ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်အဖြစ် ရှောင်ဟွေ့ အား ရောင်းစားလိုက်မည်ကို သူမသည် ပင်ကိုသဘာ၀အားဖြင့် မမြင်ချင်ခဲ့ပေ။ တခြားတစ်ယောက်ထံသို့ ရောင်းချခံရခြင်းသည် စိတ်မချမ်းမြေ့စရာပင် ဖြစ်သည်။ သူမ ငယ်စဉ်အခါ ဆိုးသည့်အချိန်တွင် လူကြီးများက ၎င်းနှင့် သူမကို အမြဲတမ်း ခြိမ်းခြောက်လေ့ရှိသည်။


“အမေ” တာ့ကျွမ်းက ပြောခဲ့သည်။ “ဘာလို့ ဒေါ်လေးဖန်းကို မကူညီတာလဲ။”


“ဟုတ်တယ် မေမေ။”ဟု ဝမ်ရှောင်စစ်ကလည်း ပြောခဲ့သည်။ “သားလည်း အစ်မရှောင်ဟွေ့ကို မရောင်းပစ်စေချင်ဘူး။ အဲဒါ သိပ်သနားဖို့ကောင်းတာပဲ။ သူ့မိဘတွေကိုလည်း ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူးလေ။”


လီယောင်သည် တခြားသူများ၏ အရေးကိစ္စကို အလွန်အကျွံ ဝင်ရောက်မစွပ်ဖက်ချင်ပေ။ 


တုမိသားစုတစ်ခုတည်းသာ ဆင်းရဲသည်မဟုတ်ပေ။


တစ်ရွာလုံး၊ တစ်ခရိုင်လုံးနှင့် တစ်တိုင်းပြည်လုံး ယခုအခါ ခက်ခဲသည့် အချိန်ကာလကို ဖြတ်သန်းနေကြရသည်။ သူမ ဘယ်လောက်များ ကူညီနိုင်လိမ့်မည်နည်။ 


သို့သော် ကလေးများ၏ မျက်လုံးများတွင် အသနားခံ တောင်းပန်နေသည်ကို မြင်လိုက်ရသောအခါ သူမသည် အကြောင်းပြချက် မသိပဲ ရုတ်တရက် အနည်းငယ် ဝန်လေးသွားသလို ခံစားခဲ့ရသည်။ 


သူမလို သွေးအေးလူသတ်သမား တစ်ဦးသည် ဤသို့ အပြစ်ကင်းစင်သည့် မျက်လုံးလေးများကြောင့် လှုပ်ရှားသွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးခဲ့ဘူးချေ။ ဤကိစ္စသာ ပေါ်ပေါက်သွားပါက သူမ၏ လုပ်ဖော်ကိုင်ဖက်များသည် ခေါင်းငုံကာ သူမကို ရယ်ကြမည်မှာ သေချာပေါက်ပင် ဖြစ်သည်။


မြေးယောက်ျားလေး သတို့သမီးရစေရန်အတွက် မြေးမလေးကို ရောင်းချသည့် ဤသို့သော ကြားရုံဖြင့် သူမကို အလွန်အစ်မင်း မနှစ်မသက်ဖြစ်စေသည့် ကိစ္စရပ်ကြောင့်လည်း ဖြစ်သည်။

ထို့ကြောင့် သူမက ပြောခဲ့သည်။ “ကျွန်မ ရှင့်ကို ပိုက်ဆံချေးပေးလို့ ရပါတယ်။”


သူမ ချက်ချင်း မငြင်းဆိုသည်ကို မြင်သောအခါ ဖန်းရှီသည် အလွန့်အလွန် ဝမ်းသာသွားခဲ့သည်။ “ကျုပ် ပိုက်ဆံမချေးချင်ပါဘူး။ ကျုပ် ပြန်မဆပ်နိုင်မှာ ကြောက်တယ်။”


“ဒါဆိုရင် ရှင်က…………”


“ကျုပ်တွေးတာက ကျုပ်ယောက္ခမက ရှောင်ဟွေ့ကို ရောင်းမယ်လို့ ဆုံးဖြတ်ထားလို့ သူမကို ရောင်းမယ်။ ဒါပေမဲ့ ကျုပ်မျှော်လင့်တာက တော် ရှောင်ဟွေ့ကို တော့်အတွက် အစေခံအဖြစ် ဝယ်နိုင်တယ်။ စားဖို့ ထမင်းလေး ကျွေးရုံပါပဲ။ ဒီကိစ္စကတော့ ဒီလောက်ပါပဲ။”


လီယောင်…………. ရှင်က အကူအညီတောင်းဖို့ လာတာမဟုတ်ဘူးပဲ။ ရှင်က ဝယ်ချင်လာအောင် အမွှမ်းတင်ဖို့ လာခဲ့တာပဲ။


လီယောင်သည် ပိုက်ဆံ ပိုရှိလာခဲ့လျှင်တောင် အစေခံတစ်ယောက် ဝယ်ယူရန် ဘယ်တုန်းကမှ မတွေးခဲ့ဘူးချေ။ 


ဤကဲသို့ သူတပါး၏ ကျွန်ပြုခြင်းကို သူမ၏ ဖြစ်တည်မှု ပင်ကိုလက္ခဏာတိုင်းက ဆန့်ကျင်သွားမည် ဖြစ်သည်။


“ဟင့်အင်း။”


“အစ်မလီ၊ ကျုပ်တောင်းပန်ပါတယ်။”


“ကျွန်မက ဟင့်အင်းဆို ဟင့်အင်းပဲ။” လီယောင်သည် အေးစက်စွာ ပြောခဲ့သည်။ “ဒါကို ဆက်တိုက်တွန်းနေမယ်ဆိုရင် အိမ်ပြန်လိုက်ပါတော့ ပြီးတော့ ကျွန်မအိမ်လည်း နောက်ထပ်မလာခဲ့ပါတော့နဲ့။”


ဖန်းရှီသည် နောက်ထပ် အသံထပ်မထွက်ရဲတော့ပဲ တိတ်တဆိတ်သာ သူမ၏မျက်ရည်များကို သုတ်ခဲ့သည်။


ဤသည်ကို မြင်သောအခါ လီယောင်သည် သူမဖာသာသူမ တိတ်တဆိတ် သက်ပြင်းချကာ ပြောခဲ့သည်။ “ဒါပေမဲ့ အိမ်မှာ နေ့တိုင်း မြက်ခုတ်ဖို့နဲ့ တံမြက်စည်းလှည်းဖို့ လူတစ်ယောက်တော့ ကျွန်မ လိုအပ်တယ်။ ဒီတော့ ရှင်က ရှောင်ဟွေ့ကို ကျွန်မအတွက် လစဉ်အလုပ်ခန့်တဲ့အနေနဲ့ ရနိုင်တယ်။ တလကို ဝမ် ၅၀၊ အစားအသောက်လည်း ပါတယ်။ ရှင် အခုချက်ချင်း ပိုက်ဆံ အလောတကြီးလိုနေတာ ကျွန်မသိတယ်။ ဒီတော့ ကျွန်မ တစ်နှစ်စာ လခ ကြိုထုတ်ပေးနိုင်တယ်။”


ဖန်းရှီသည် ရုတ်တရက် မယုံကြည်နိုင်စွာဖြင့် ခေါင်းမော့ကာ လီယောင်ကို စိုက်ကြည့်နေခဲ့သည်။


တစ်နှစ်လုံးစာအတွက် ကြိုတင်လစာငွေ ဝမ် ၆၀၀ကျော်.. သူမ အိပ်မက်များ မက်နေသလားပဲ။