အခန်း (၂၉) ထိခိုက်ဒဏ်ရာကို ကုသပေးခြင်း
တုမိသားစု။
လီယောင်ရောက်လာသည့်အချိန်တွင် ဖန်းရှီသည် တံစက်မြိတ်အောက်ရှိ ကုလားထိုင်တွင် ထိုင်နေဆဲ ဖြစ်သည်။
သွေးများ ရွှဲစိုနေပြီဖြစ်သော အဝတ်တစ်ခုဖြင့် သူမ၏ ခြေသလုံးကို စည်းထားသည်။ သွေးများထွက်နေသေးသည့် ပုံပေါ်သည်။ ဖန်းရှီ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏နဖူးပြင်တွင် ချွေးစက်များဖြင့် ဖုံးနေသည်။ သို့သော် သူမသည် အံတင်းတင်းကြိတ်ကာ နာကျင်သည့်အသံကို မထုတ်ရဲခဲ့ပေ။
သူ၏ ဇနီးသည် ဤသို့ ထိခိုက်နာကျင်နေသည်ကို မြင်ရသော တုကျားချင်သည် မကူနိုင်ပဲ ပြောခဲ့သည်။ “မိန်းမရေ၊ ဘာလို့ ငါတို့ ဆေးဆရာတစ်ယောက်ကို ခေါ်ဖို့ မလုပ်တာလဲ။”
“ဘာကြည့်စရာရှိလို့လဲ။”ဟု တုကျားချင်၏ အမေ အမျိုးသမီးရွှီက စိတ်ဆိုးမာန်ဆိုးနှင့် ပြောခဲ့သည်။
“ဆေးဆရာခေါ်တယ်ဆိုတာ ပိုက်ဆံကုန်တယ် မဟုတ်ဘူးလား။ ဒါက ဒဏ်ရာသေးသေးပဲကို။ သည်းခံလိုက် ပြီးရင် ပျောက်သွားလိမ့်မယ်။”
တုကျားချင်သည် ရိုးအသည့် လူတစ်ဦးဖြစ်သည်။ သူ့အမေက ထိုသို့ပြောခဲ့သောကြောင့် သူသည် ထိုအကြောင်းကို ထပ်မံ၍ မပြောရဲတော့ချေ။
“ကျွန်မ တချက်ကြည့်ပါရစေ။”
လီယောင်သည် ဖန်းရှီထံသို့ လျှောက်သွားပြီး ပိတ်ဖြူစကို ဖြည်းညှင်းစွာ ဖြေချခဲ့သည်။ ဆယ်စင်တီမီတာကျော် ရှည်သည့် ဆိုးရွားလှသော ဟက်တက်ကွဲဒဏ်ရာတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဒဏ်ရာသည်အလွန်နက်ကာ အရိုးများကို မြင်ရလုနီးပါး ဖြစ်နေပြီး သွေးများလည်း ဆက်ထွက်နေခဲ့သည်။
ထို့အပြင် ၎င်းကို လုံး၀ မကုသရသေးသည့်အပြင် ညစ်ပတ်သည့် တချို့အရာများ ကပ်နေဆဲ ဖြစ်သည်။
“ဒါကို ချက်ချင်း ကုသဖို့ လိုအပ်တယ်။”ဟု လီယောင်က ပြောခဲ့သည်။ “မဟုတ်ရင် ပိုးဝင်သွားပြီး ခြေထောက်ဆုံးရှုံးလိမ့်မယ်။”
ရှေးခတ်က အလွန်ညံ့ဖျင်းသော ဆေးပညာနှင့် မသန့်စင်သည့် အခြေအနေများကြောင့် ယခုကဲသို့ ပြင်းထန်သည့် ပြင်ပဒဏ်ရာ မပြောပါနှင့်။ သေးငယ်သည့် အအေးမိခြင်းကပင် သေလောက်စေနိုင်သည်။
ရောင်ရမ်းလာသည့်ဆိုပါက အသက်ရှိနေခြင်းသည်က ကံကောင်းသည်ဟု ယူဆရလိမ့်မည်။
“ဆုံးရှုံးသည်ဖြစ်စေ မဆုံးရှုံးသည်ဖြစ်စေ အဲဒါ နင့်နဲ့ဘာဆိုင်လို့တုန်း။” မျှော်လင့်မထားပဲ ရွှီသည် လီယောင်၏ ကောင်းမွန်သော စေတနာများကို လုံး၀ လက်မခံခဲ့ချေ။ “နင်သာ ဆေးပင်တွေ လိုချင်နေတာလေ။ မဟုတ်ရင် ဒါက ဖြစ်လာမှာ မဟုတ်ဘူး။”
လီယောင် နှုတ်ခမ်း မဲ့သွားခဲ့သည်။ ဤဟာက သူမနှင့် ဘာများ သက်ဆိုင်လို့တုန်း။
သူမကို ချောက်ကမ်းပါးကို တက်ခိုင်းသည့် သူကိုသာ အပြစ်တင်သင့်တယ် မဟုတ်ဘူးလား။
“နင် မြန်မြန်ပြန်သင့်နေပြီ။”ဟု အမျိုးသမီးရွှီက ဆက်ပြောခဲ့သည်။ “ငါတို့မိသားစုက နင့်ရဲ့ အတုအယောင် ဂရုဏာကို မလိုအပ်ဘူး။”
အမျိုးသမီးရွှီက သူမကို ထွက်သွားဖို့ ပြောနေခဲ့ခြင်းသည် တုကျားချင်နှင့် ဖန်းရှီတို့၏ မျက်နှာများကို ပို၍ အကျဉ်းတန်သွားစေခဲ့သည်။
သူတို့သည် လီယောင်၏ မိသားစုနှင့် ယခင် က ရေလိုမီးလို ဖြစ်နေခဲ့ပြီး ရေတွင်းတူးသည့် ဖြစ်ရပ်ပြီးနောက် မိသားစု နှစ်စုကြား ဆက်ဆံရေးသည် သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုအခါ တုရှောင်ဟွေ့သည် လီယောင်၏ အိမ်တွင် ဆော့ကစားရန် သတ္တိရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော် မိခင်အိုကြီးသည် ဤကဲ့သို့ အာဃာတကို ဆုတ်ကိုင်ကာ သူတပါး၏ မေတ္တာကို လုံး၀ ငြင်းဆန်နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲချေ။
“ယောင်းမ၊ နင် ပြန်လိုက်ပါတော့။..” ဖန်းရှီသည် တိုးတိုးညှင်းညှင်းလေး ပြောခဲ့သည်။ “ကျုပ်.. ကျုပ် အဆင်ပြေပါတယ်။”
“ရှင် ဘယ်လိုလုပ် အဆင်ပြေနိုင်မှာတုန်း။”
“နင်နဲ့ ဘာဆိုင်လို့တုန်း။” ရွှီသည် နောက်ထပ်တစ်ခါ စအော်ဟစ်ခဲ့တော့သည်။ “ကိုယ့်အလုပ်ကိုယ်လုပ်။ ငါတို့ မိသားစုကိစ္စကို နင် စိတ်ပူဖို့ လိုအပ်လို့လား။”
မူလက လီယောင်သည် သူမနှင့် မငြင်းခုံချင်ခဲ့ပေ။ သို့သော် ဤအဖွားအိုကြီးသည် လက်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်းလှသည်။ သူမ၏ချွေးမသည် ယခုကဲ့သို့ ဒဏ်ရာရရှိသွားခဲ့သော်လည်း သူမသည် ဆရာဝန်တစ်ယောက်ကို မခေါ်ရုံသာမက တခြားသူများကိုလည်း သူမချွေးမ၏ အခြေအနေကို မေးခွင့်မပေးခဲ့ချေ။
ဤယောက္ခမ၏ စိတ်သဘောထားကို သူမ တကယ်ပင် နားမလည်နိုင်ချေ။
ချွေးမတစ်ယောက်သည် သူ့ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်သင့်သည် မဟုတ်ဘူးလား။
သူမကိုယ်တိုင်ကလည်း အရင်က ချွေးမတစ်ယောက် ဖြစ်ခဲ့သည် မဟုတ်ဘူးလား။
ဒါမှမဟုတ် အရင်တုန်းက သူမ ယောက္ခမ၏ အလွန်အမင်း နှိပ်စက်ခံခဲရသဖြင့် ယခုအခါ သူမ ချွေးမထံမှ နှစ်ဆ ပြန်လိုချင်နေခဲ့သည်လား။
“ကောင်းပါပြီ။ ကျွန်မ မမေးတော့ပါဘူး”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ ကျွန်မ ချွေးမသာ ဒဏ်ရာရခဲ့ရင် ကျွန်မ သေချာပေါက် သူအတွက် ဆေးဆရာ ရှာပေးမှာ။ ကျွန်မ အသက်ကြီးပြီး အိပ်ယာက မထနိုင်တဲ့အခါ ကျွန်မ ချွေးမကလည်း ကျွန်မကို ပြန်ပြုစုလိမ့်မယ်လေ။”
ရွှီသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
သူမသည် ဒီနှစ်တွင် အသက် ၅၀ကျော် ရှိနေခဲ့ပြီ ဖြစ်သည်။ သူမ အိပ်ရာပေါ်တွင်လဲနေပြီး မလှုပ်နိုင်တော့မည့် အချိန်ကာလသည် သိပ်ပြီးမဝေးတော့သည့် ပုံပေါ်သည်။ ထို့နောက် သူမ၏ ချွေးမက သူမကို မပြုစု မစောင့်ရှောက်သည်ကို တွေးကြည့်ရုံဖြင့် သူမအား ထိတ်လန့်အားငယ်စေသည်။
“အမေ” တုကျားချင်သည် ထပ်ပြောရန် အခွင့်အရေးယူကာ ပြောခဲ့သည်။ ”ကျွန်တော်တို့ ဘာလို့ ဆေးဆရာ မခေါ်ရမှာလဲ။”
“ဘယ်ပိုက်ဆံနဲ့လဲ။”ဟု အမျိုးသမီးရွှီက ပြောခဲ့သည်။ ”ငါတို့အိမ်မှာ ပိုက်ဆံရှိနေသေးရင်၊ ငါ သူ့ကို ဒီနေ့ ဒီလို အရဲစွန့်တာကို လုပ်ခိုင်းမှာ မဟုတ်ဘူး။”
စကားတစ်ခွန်းတည်းဖြင့် အမျိုးသမီးရွှီသည် သူမ၏ နှလုံးသားထဲမှာ ခိုးကိုးရာမဲ့နေမှုကို ဖော်ပြခဲ့သည်။
တုကျားချင်သည် သူ့ဇနီးသည်ကို ကြည့်လိုက်ပြီး အလွန့်အလွန် မချိတင်ကဲဖြစ်ကာ လုံး၀လည်းပဲ အကူအညီမဲ့နေခဲ့သည်။
“ဆေးပင်တွေနဲ့ ဒဏ်ရာကို ဘယ်လိုကုရမယ်ဆိုတာ ကျွန်မ သိတယ်။”ဟု လီယောင်က ပြောခဲ့သည်။ “ရှင်သာ ဆန္ဒရှိမယ်ဆိုရင် ကျွန်မ ကူညီနိုင်တယ်။”
“တကယ်လား။” တုကျားချင်သည် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။ သူသည် သူ၏အမေကို ပြန်ကြည့်လိုက်ပြီး “အမေ၊ ဘာလို့ ကျွန်တော်တို့ မလုပ်…………………….”
“ငါ သူ့ကို ဘာအကူအညီမှ အကြွေးမတင်ချင်ဘူး။”
“အမေ့၊ အခြေအနေကိုလည်း ကြည့်ပါဦး။” နောက်ဆုံးတွင် တုကျားချင်သည် ဒေါသထွက်လာပြီး အော်ခဲ့သည်။ “ကောင်းပြီ။ ကောင်းပြီ။ အမေက ညီမလီကို မကူညီစေချင်ဘူးဆိုလည်း အဆင်ပြေတယ်။ ဒါပေမဲ့ နောက်နောင် အမေ အသက်ကြီးလာတဲ့အခါ အမေ့ကို သားသမီး၀တ္တရားမကျေပွန်ရင် ကျွန်တော့်ကို အပြစ်မတင်နဲ့။”
“မင်း... မသိတတ်လိုက်တဲ့အကောင်။ မင်းက ငါ့ကို အခုချက်ချင်း ဒေါသထွက်ပြီး သေသွားအောင် လုပ်နေတာလား။ ငါ ဘာလို့ မင်းလိုသားမျိုးကို မွေးခဲ့မိတာလဲ။”
“အမေ ခွင့်ပြုမှာလား မပြုဘူးလား။”
သားတစ်ယောက်လုံးက လုံးလုံးလျားလျား သူ့မိန်းမဘက်တွင် ရှိနေသဖြင့် အမျိုးသမီးရွှီတစ်ယောက် ဘာများ ပြောနိုင်လိမ့်ဦးမည်နည်း။
“ဒါဆိုလည်း သူမကို ကြည့်ပါစေ။ ဒီကျေးဇူးကြွေးကို နောက်ကျရင် မင်းဖာသာမင်း ပြန်ဆပ်ရမယ်။”
ထို့သို့ပြောပြီးနောက် အမျိုးသမီးရွှီသည် လက်ချောင်းတချက်ရှင်းကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။
တုကျားချင်သည် သက်ပြင်းအသာအယာချကာ လီယောင်ဆီသို့ လာခဲ့ပြီး “ညီမလီ၊ အလုပ်ပိုသွားပြီ။ ကျေးဇူးတင်ပါတယ်။”
“ကိစ္စမရှိပါဘူး။”
လီယောင်သည် ဖန်းရှီ၏ ဒဏ်ရာကို ဂရုတစိုက် စစ်ဆေးခဲ့ပြီး တာ့ကျွမ်းကို အိမ်သို့ ပြန်ခိုင်းကာ ၀ိုင်နှင့် ဆေးပင်များကို သွားယူလာစေပြီး တုရှောင်ဟွေ့ကို ရေတစ်ချို့ကို ကျိုခိုင်းခဲ့သည်။
“သည်းခံလိုက်ဦး။ ဒါက နည်နည်းနာနိုင်တယ်။”
“အမ်…”
ဝိုင်က သန့်စင်ထားသည့် အရက်ပျံလောက် အစွမ်းမထက်သော်လည်း အနာကို မသန့်ရှင်းသည်ထက် ၎င်းသည် ပိုကောင်းနေဆဲ ဖြစ်သည်။
အနာကို သန့်စင်ပြီးသည်နှင့် တပြိုင်နက် ရေပူကလည်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ လီယောင်သည် ပိုးသတ်ရန် ရေနွေးထဲတွင် ချည်စတစ်စကို ထည့်ကာ ချေမွထားသော ဆေးပင်အများအပြား၏ အရောအနှောကို အနာကို လိမ်းခဲ့ပြီး ၎င်းကို အဖြူရောင်ချည်စဖြင့် စီးထားခဲ့သည်။
ဤဆေးပင်များကို ကြုံရာကျပန်း ရွေးချယ်ခဲ့ခြင်းမဟုတ်ပဲ သူမ၏ မှတ်ဉာဏ်အတွင်းမှ ဒဏ်ရာများကို ကုသရာတွင် အထူးသဖြင့် ပြုလုပ်ထားသော ဆေးများပင်ဖြစ်သည်။ သူမသည် အဖြူရောင်ဆေးလုံးများနှင့် အာနိသင်ချင်း နှိုင်းယှဉ်နိုင်သည့် ဤဆေးညွှန်းကို ဆယ်စုနှစ်တစ်ခုကျော်အကြာ အသုံးပြုခဲ့သည်။
“ဒါပါပဲ။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ ရှင် နေ့တိုင်း ပတ်တီးလဲဖို့တော့ လိုလိမ့်မယ်။ အဲဒါ လဲဖို့ ကျွန်မနေရာကို လာခဲ့လေ။”
“ကျေးဇူးတင်ပါတယ် ယောင်းမလီ။”
“ကျွန်မတို့က အိမ်နီးနားချင်းတွေပါ။ ယဉ်ကျေးနေဖို့ မလိုပါဘူး။”
လီယောင် ပြန်သွားပြီးနောက် တုကျားချင်သည် ဖန်းရှီကို အိမ်ထဲဝင်ရန် ကူညီပေးခဲ့သည်။ တုဇနီးမောင်နှံနှစ်ယောက်သည် ယခုတစ်ခေါက်တွင် လီယောင်သည် ကူညီရန် ရှိနေခဲ့သည့်အတွက် သူတို့၏ ကံကောင်းမှုကို ကျေးဇူးတင်သည့်အကြောင်းကို အချင်းချင်း တီးတိုးပြောဆိုခဲ့ကြသည်။ သို့မဟုတ်ပါက ခြေထောက်သည် သက်သာပျောက်ကင်းခဲ့လျှင်တောင် သူမသည် ခြေဆာသွားသည်နှင့် အဆုံးသတ်နိုင်ပေလိမ့်မည်။
“မနက်ဖြန်ကျရင် ကျွန်မ သူ့အိမ်မှာ ကူညီလိုက်မယ်လေ။”ဟု ဖန်းရှီက ပြောခဲ့သည်။ “ကျွန်မ အလုပ်ကြမ်းတွေတော့ မလုပ်နိုင်ဘူးလေ။ ဒါပေမဲ့ ကျွန်မ ငန်းမွေးတော့ နုတ်နိုင်သေးတယ်။ သူ့စေတနာကို နည်းနည်းလောက် ပြန်ဆပ်ဖို့ အကူအညီ ဖြစ်မှာပါ။”
“အင်း… မနက်ဖြန် ငါဖာသာငါ ဆေးပင်တွေ သွားတူးလိုက်မယ်။ ပြီးတော့ အဲဒါတွေကို ရောင်းလိုက်ရင် ငါတို့ ပိုက်ဆံရလာမှာ။ ငါ မင်းအတွက် အသားနည်းနည်း ဝယ်နိုင်ပြီလေ။”
“အာ... လာမယ့်ရက်တွေကို ဘယ်လိုကျော်ဖြတ်ရမလဲ မသိတော့ပါဘူးတော်။”
……………………………………..
အိမ်သို့ ပြန်ရောက်သောအခါ ရွာသူရွာသား ဒါဇင်ပေါင်းများစွာက လီယောင်ကို ဆေးပင်များ ကောက်ဖို့ စောင့်နေခဲ့ကြသည်။
ဆေးပင်များသည် လက်ဖက်စေ့ထက် ပို၍ ဒုက္ခများသည်။ မျိုးတူစုရန် နှင့် တွက်ချက်ရန် လိုအပ်သည်။ လီယောင်သည် ဤအလုပ်ကို ကလေးများဖြင့် ချန်ခဲ့လိုက်သည်။
တာ့ကျွမ်းသည် ပမာဏကို စစ်ဆေးရန် တာဝန်ရှိပြီး ဝမ်အာသည် ငွေစာရင်းကို တာဝန်ယူခဲ့သည်။ ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်တို့သည် စုထားသည့် ဆေးပင်များကို သိမ်းဆည်းခဲ့ရသည်။ မိသားစုသည် အလွန်နောက်ကျသည်အထိတိုင်အောင် အလုပ်များခဲ့သော်လည်း ဆွတ်ခူးခြင်းက အလွန်ကောင်းမွန်ခဲ့သည်။
ယနေ့ပမာဏကို အခြေခံပါက သူတို့ စုဆောင်းရန် နောက်ထပ် နှစ်ရက်မျှသာ လိုအပ်တော့သည်။
ရွာသူရွာသားများကလည်း ကြေးဒင်္ဂါးအမြောက်အမြားနှင့် ထွက်ခွာသွားခဲ့ပြီး ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်သွားခဲ့ကာ နောက်နေ့တွင် တောင်ပေါ်သို့ထပ်တက်ရန် ပြင်ဆင်ခဲ့ကြသည်။
……………………………………..
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ဖန်းရှီသည် သစ်သားတုတ်တစ်ချောင်းထောက်ကာ ထော့နဲ့ထော့နဲ့ဖြင့် ရောက်လာခဲ့သည်။
သူမသည် ပတ်တီးလဲပြီးနောက် သူမသည် လျှို့ယောင်းမနှင့် ငန်းမွှေးနုတ်ရန် ပါဝင်ခဲ့သည်။ သူမကို တစ်ခုခု လုပ်ခွင့်မပြုပါက သူမ စိတ်မကောင်းဖြစ်မည်ကို သိသည့်အတွက် လီယောင်ကလည်း သူမကို မတားခဲ့ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဤကမ္ဘာ၏ ဆေးဖက်ဝင်အပင်များသည် အလွန်ထိရောက်မှု ရှိသည်။ ဖန်းရှီ၏ အနာများသည် ရောဂါပိုးဝင်သည့် လက္ခဏာ လုံး၀ မရှိပေ။
သို့သော် ဆေးပင်များကို အနာသို့ တိုက်ရိုက်လိမ်းခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိပေ သို့မဟုတ် အလွန် ထိရောက်မှု မရှိပေ။ သူမမှာ အချိန်ရသည့်အခါ ဒဏ်ရာများကို ကုသရန် အထူးသဖြင့် ဆေးမှုန့်များအဖြစ်သို့ ထုတ်လုပ်နိုင်သည်ဟု တွေးခဲ့သည်။
၎င်းကို အိမ်မှာသိမ်းထားနိုင်ပြီး အမြတ်အနည်းငယ်ဖြင့်လည်း ရောင်းချနိုင်သည်။
သုံးရက်ကြာပြီးနောက် ဖန်းရှီ၏ဒဏ်ရာတွင် အသားအသစ်များ ထွက်လာပြီး ဘေးတဝိုက်တွင် အနာဖေးများကို မြင်လာရသည်။ ဤသည်မှာ သတင်းကောင်းပင် ဖြစ်သည်။
“ဒီနေ့ကစပြီး ရှင် ဆေးလိမ်းဖို့ မလိုတော့ဘူး။”ဟု လီယောင်က ပြောခဲ့သည်။ “သန့်ရှင်းပြီး ခြောက်သွေ့တဲ့ ပိတ်စနဲ့တော့ အသာလေး ဖုံးထားလိုက်ဦး။”
“ကျေးဇူးတင်ပါတယ်၊ ယောင်းမလီ။ ဒီတခေါက် တော့်ကြောင့်သာ မဟုတ်ရင် ဒီခြေထောက်တွေ မသန်မစွမ်းဖြစ်လာမှာ ကျုပ်ကြောက်တယ်။”
“တအား ယဉ်ကျေးနေဖို့မလိုပါဘူး။ ပီးခဲ့တဲ့ရက်တွေတုန်းကည်း ရှင်နဲ့ရှောင်ဟွေ့က ကျွန်မတို့မိသားစုကို အများကြီး ကူညီခဲ့တယ်လေ။”
စကားပြောနေရင်း လီယောင်သည် ကြေးဒင်္ဂါး၁၀၀ကို ထုတ်ကာ ဖန်းရှီ၏လက်ထဲသို့ ထည့်ခဲ့သည်။ ဤသည်မှာ နောက်ဆုံးတစ်ခေါက်တွင် တုရှောင်ဟွေ့ ဘဲငန်းအမြောက်အများကို ကူညီသည့်အချိန်နှင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အမေနှင့်သမီးတို့၏ အလုပ်များအတွက် လုပ်အားခ ဖြစ်သည်။
“ယောင်းမလီ၊ ကျုပ် ဘယ်လိုလုပ် တော့်ပိုက်ဆံကို ယူရမှာလဲ။”
“ယူလိုက်။”
“ဟင့်အင်း၊ ကျုပ် တကယ် ဒီပိုက်ဆံကို မယူနိုင်ဘူး။” ဖန်းရှီသည် ဒင်္ဂါးပြားများကို အမြန် ပြန်ပေးရန် ကြိုးစားခဲ့သည်။ “ကျုပ်ဒါကို ယူခဲ့ရင် ကျုပ်ဘယ်လိုလုပ် အသိတရား ရှိပါဦးမလဲ။”
“ရှင်မယူဘူးဆိုရင် အဲလိုဆို ကျွန်မအိမ်ကိုလည်း မလာခဲ့နဲ့တော့။”
ဖန်းရှီသည် သူမ၏နှလုံးသားထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရပြီး သူမ၏ ကျေးဇူးတရားကြီးကြီးမားမားကိုသာ ထပ်ခါထပ်ခါ ဖော်ပြနိုင်ခဲ့သည်။
လီယောင်သည် တစ်နေလုံး အေးတိအေးစက် အမူအယာနှင့် တုံးတုံးတိတိ ပြောဆိုတတ်သော်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက သူမ အမှန်တကယ်ပင် ပြောင်းလဲသွားပုံပေါ်သည်ကို ခံစားခဲ့ရသည်။