အပိုင်း ၂၈
Viewers 8k

အခန်း (၂၈) ဘဲသွေးတို့ဟူး


လီယောင် ဤကမ္ဘာသို့ ရောက်ရှိနေသည်မှာ တစ်လနီးပါးပင် ရှိတော့မည် ဖြစ်သည်။ သူမသည်လုံး၀နီးပါး ကျင့်သားရနေခဲ့ပြီး ဖြစ်ပြီး သူမ၏ မူလခန္ဓာကိုယ်သည်လည်း အများအားဖြင့် ပြန်ကောင်းလာခဲ့ပြီ ဖြစ်သည်။ သူမသည် ပြေးခြင်းကဲ့သို့သော ရိုးစင်သည့်အရာဖြင့် စတင်ကာ သူမ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် အချိန်ကျရောက်ပြီဟု ခံစားမိခဲ့သည်။ 


သူမသည် အိမ်မှ တောအုပ်သို့ ပြေးခဲ့ပြီး တောစပ်တစ်လျှောက်လုံးမှ အိမ်သို့ ပြန်လာခဲ့သည်။ အဆုံးတွင် သူမသည် ပြင်းပြင်းထန်ထန် မောဟိုက်နေခဲ့သော်လည်း သွားများကို အံကြိတ်ကာ ပြီးဆုံးသည်အထိ နေခဲ့သည်။ မည်သို့ပင်ဆိုစေ သူမ၏အတိတ်ဘ၀က အမြင့်ဆုံး ကျန်းမာရေးအခြေအနေနှင့် အလှမ်းဝေးနေဆဲပင် ဖြစ်သည်။ ဤသည်မှာ လက်ခံနိုင်လောက်သည့် တာထွက်တစ်ခုပင် ဖြစ်သည်။


ယနေ့မနက် အာရုံဦးအချိန်တွင် လူအိုကြီးကျန်းသည် ဘဲငန်းအကောင် ၃၀ကျော်ကို ပို့ဆောင်ခဲ့သည်။ 


လျို့ယောင်းမနှင့် ဟူ‌ယောင်းမတို့သည် ကူညီရန် စောစောစီးစီး လာခဲ့ကြသည်။ အဖိုးနှင့်အဖွားကလည်း မနေ့က သူတို့ ကူညီရန် လာမည်ဟု ပြောခဲ့သည်။ 


ရှန်းရှီနှင့် သူမ၏ ကလေးသုံးယောက်လည်း လာခဲ့ကြသော်လည်း သူတို့သည် အင်တင်တင်နှင့် မလိုလားသည့် ပုံပေါက်သည်။ တကယ်တော့ သူမတို့သည် တောင်ပေါ်တွင် ဆေးပင်များ စုဆောင်းကာ ငွေရှာနိုင်ပေသည်။ ဘဲမွေးနှုတ်ခြင်းသည် အများဆုံး ထမင်းတစ်နပ်သာ အလကားရမည်ဖြစ်ကာ ငွေကြေး မပါဝင်ပေ။


“နင်တို့အားလုံး ဒီမှာနေပြီး ကူညီကြရမယ်။”


ဝမ်ရွှယ်ရှစ်သည် သူမ၏ ချွေးမအကြောင်းကို လုံး၀ နားလည်သည်။ ရှန်းရှီ ဘာများ တွေးနေသလဲဆိုသည်ကို သိရန် သူမ လိုအပ်သည်မှာ အကြည့်တချက်ပင် ဖြစ်သည်။


 “နင် မနက်ဖြန်မှာ ဆေးပင်တွေ သွားစုတော့။ နင့်ယောင်းမရဲ့ အလုပ်ကို ငါတို့  နှောင့်နှေးလို့ မရဘူး။”


ငန်းကို ဟင်းစားအတွက် ဖျက်ရာတွင် ငြီးငွေ့ဖွယ်အကောင်းဆုံး အပိုင်းမှာ အမွေးများကို နုတ်ခြင်းပင် ဖြစ်သည်။


အမွေးအများစုသည် ရေနွေးပွက်ပွက်ဆူနှင့် လောင်းပြီးနောက် အလွယ်တကူ ဖယ်ရှားနိုင်ပါသည်။ သို့သော် သေးငယ်သည့် အပ်ကဲ့သို့ အမွေးငယ်များသည် ရှင်းလင်းရန် ခက်ခဲလှသည်။


ဘဲငန်းအနည်းငယ်သာ ရှိသည့်အခါ ၎င်းတို့ကို တစ်ကောင်ပြီးတစ်ကောင် အမွေးနုတ်ရန် အချိန်များစွာ မယူပေ။ သို့သော် ယနေ့တွင် အကောင် ၄၀နီးပါးရှိသည့်အတွက် တူညီသည့်နည်းလမ်းကို အသုံးပြုခြင်းသည် သူတို့အား ညထိတိုင်အောင် ကောင်းကောင်း ခေါ်ဆောင်သွားလိမ့်မည် ဖြစ်သည်။


ရှန်းရှီသည် မပျော်ရွှင်ဆုံးသူဖြစ်ပြီး တိုးတိုး တိုးတိုးဖြင့် ရေရွတ်နေခဲ့သည်။ “သူရှာတဲ့ပိုက်ဆံ တပြားတစ်ချပ်မှလည်း တော်က ကျုပ်ကို မပေးနေပါဘူး။”


“ပိုက်ဆံ၊ ပိုက်ဆံ၊ပိုက်ဆံ။ နင်စဉ်းစားသမျှ အားလုံးကိ ပိုက်ဆံကြည့်ပဲလား။ နင် ပိုက်ဆံကျင်းထဲ ဒါမှမဟုတ် တစ်ခုခုထဲကို ကျသွားတာလား။”


နှစ်ယောက်သား ငြင်းခုံနေကြသည်ကို မြင်သောအခါ လီယောင်က လျှင်လျှင်မြန်မြန် ပြောခဲ့သည်။  “ဆေးပင်တွေပဲ သွားခူးလိုက်တော့။ ငါတို့ ဒီမှာလည်း မင်းရဲ့အကူအညီ မလိုအပ်တော့ဘူးလေ။ ဝမ်စန်းအာနဲ့ ရှောင်စစ်လည်း မင်းနဲ့အတူ သွားနိုင်တယ်။”


“ကောင်းလိုက်တာ။”


ကလေးနှစ်ယောက်သည် ယနေ့လည်း သူတို့မှာ ငွေရှာရန် အခွင့်အရေး ရရှိနေဆဲ ဖြစ်သည့်အတွက် ပျော်မြူးနေခဲ့ကြသည်။ 


ရှန်းရှီလည်း ထွက်ခွာရန် သဘာ၀ကျကျပင် အလွန်အမင်း ပျော်ရွှင်နေခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိသကဲ့သို့ နှုတ်ဆက်စကားပင် မပြောပဲ ထွက်သွားခဲ့သည်။ 


လီယောင်သည် ဝမ်ကျားကွေ့ကို ငန်းအလုပ်များကို ကူညီရန် မမေးခဲ့ပဲ ဝါဂွမ်းမှ အစေ့များနှင့် အညစ်အကြေးများကို ဖယ်ရှားသည့် လုပ်ငန်းစဉ်ကိုသာ ဆက်လုပ်စေခဲ့သည်။ ထိုအချိန်တွင် ဝမ်ရွှယ့်ရှစ်သည် ဟဲရှောင်ယာကို စောင်ဖုံးများနှင့် ဂွမ်းချည်ထည်အဝတ်အစားများကို ချုပ်လုပ်ရန် ကူညီခဲ့သည်။


ဘဲငန်းအသားကိုင်ခြင်းအတွက် အဓိကလုပ်သားအဖြစ် လျို့ယောင်းမနှင့် ဟူ‌ယောင်းမကိုသာ ချန်ထားခဲ့သည်။


“မင်းတို့သုံးယောက်တည်း ဒါတွေ ပြီးပါ့မလား။”


ဝမ်ရွှယ်ရှစ်က စိုးရိမ်နေခဲ့သည်။ သို့သော် လီယောင်တွင် သူမ၏ နည်းလမ်း ရှိခဲ့သည်။ 


သူမသည် ငန်းဖျက်ခြင်းကို တာဝန်ယူခဲ့ပြီး၊ လျို့ယောင်းမသည် ရေနွေးဖျောကာ၊ ဟူယောင်းမက အမွေးနုတ်ရန် တာဝန်အသီးသီး ယူခဲ့ကြသည်။ သူတို့သည် အမွေးအများစုကို နုတ်ရန်သာလိုအပ်ပြီး သေးငယ်သည့် အမွေးများကို နောက်ပိုင်းအတွက် ချန်ထားခဲ့သည်။


ဘဲအနည်းငယ်ကို အမွေးနုတ်ပြီးသည့်နောက် လီယောင်သည် ခြံထဲတွင် အိုးကြီးတစ်လုံးကို ပြင်ဆင်ခဲ့ပြီး ပထမဦးစွာ အသီးအရွက်ဆီ ၂ ကျင်းကိုထည့်ကာ ထို့နောက် ထင်းရှူးဆီတုံး ဆယ်ကျင်းကျော်ကို ထည့်ခဲ့သည်။


အရည်ကျိုပြီးနောက် သူမသည် တဝက်တပျက် အမွေးနုတ်ပြီးထားသည့် ဘဲများကို ထင်းရှူးဆီအရည်ဖြင့် သုတ်လိမ်းခဲ့သည်။ ထို့နောက် ရေအေးတွင် မြန်မြန်ဆန်ဆန် နှစ်ထားခဲ့သည်။ ယခုအခါ အသာအယာ ဆွဲလိုက်ရုံဖြင့် အမွေးငယ်လေးများအားလုံးကို ထွက်သွားပြီး သဘ၀အစေးတွင် ကပ်နေခဲ့သည်။


လျို့ယောင်းမနှင့် ဟူ‌ယောင်းမတို့သည် ဤကဲ့သို ကြံကြံဖန်ဖန် တီထွင်ထားသည့် အမွေးနှုတ်သည့် နည်းလမ်းကို ယခင်က မမြင်ဖူးခဲ့ကြပဲ တအံတဩဖြစ်ကာ အဆက်မပြတ် ချီးမွမ်းခဲ့ကြသည်။


“လီယောင်၊ ဒါကို မင်းဘယ်လိုများ လုပ်တတ်ခဲ့တာလဲ။”


“ကျွန်မ တခြားတစ်ယောက်ဆီက ကြားခဲ့တာပါ။”


လျို့ယောင်းမနှင့် ဟူ‌ယောင်းမတို့သည် အချင်းချင်း အပြန်အလှန် ကြည့်ခဲ့ကြသည်။ သူမတို့အားလုံးသည် တရွာတည်းတွင် နေထိုင်ကြပြီး မည်သို့ကြောင့် သူတို့ ဤနည်းနိဿယကို  တခါမှ မကြားဖူးကြသနည်း။


သို့သော် သူမတို့သည် လီယောင်၏ ပင်ကိုစရိုက်ကို သိရှိနားလည်သည့်အတွက် နောက်ထပ် မမေးရဲကြတော့ချေ။  ယနေ့အလုပ်က ပို၍လွယ်ကူလာနေသရွေ့  ဤကိစ္စသည် အရေးအကြီးဆုံးပင် ဖြစ်သည်။


“ပိုနေတဲ့ ထင်းရှူးဆီရည်ကို ပြန်သိမ်းပြီး အဲဒါကို ပြန်သိမ်းလိုက်။ လက်ကို မလောင်မိအောင်လည်း သတိထားဦး။”


လျို့ယောင်းမနှင့် ဟူ‌ယောင်းမတို့ကို သင်ကြားပေးပြီးနောက် လီယောင်သည် လုံး၀ ကူညီရန် မလိုအပ်တော့ပေ။ အမျိုးသမီးနှစ်ဦးသည် ဘဲငန်းများကို အလွယ်တကူပင် လုပ်ဆောင်နိုင်ခဲ့သည်။


“ဒေါ်လေးလီ”


သူမ အနားယူတော့မည့်အခိုက်တွင် တုရှောင်ဟွေ့သည် အခွံပါ ဝါးစားနိုင့်သည့် လိမ္မော်သီးမျိုးနွယ်ဝင် အဝါရောင် ရွှေလိမ္မော် အနည်းငယ်ကို လက်ထဲတွင် ကိုင်ကာ ရောက်လာခဲ့သည်။


“သမီး၊ ဆေးပင်တွေ သွားခူးနေတာမဟုတ်ဘူးလား”ဟု လီယောင်က မေးခဲ့သည်။


“အဖွားက ပြောတယ်။ သမီးက ဆေးပင်တွေ မသိဘူးတဲ့။ အဲဒါကြောင့် သမီးကို အိမ်စောင့်ဖို့ ပြန်ခိုင်းလိုက်တာ။” ခြံဝန်းထဲမှ ဒါဇင်ပေါင်းများစွာသော ဘဲငန်းများကို ကြည့်ရင်း တုရှောင်ဟွေ့က “ဒီနေ့ ဘဲတွေ အများကြီး ဖျက်နေတာလား။ သမီး ကူညီဖို့ လိုလား။”


“မလိုပါဘူးကွယ်။ ဒေါ်လေးတို့ လုပ်နိုင်ပါတယ်။”


“သမီးမှာလည်း တခြားလုပ်စရာ ဘာမှမရှိဘူးလေ။”


တုရှောင်ဟွေ့သည် ရွှေလိမ္မော်သီးများကို ဝမ်အာ၏ စားပွဲပေါ်တွင် တင်ထားခဲ့ပြီး ဝိုင်းကူရန် သူမ၏ အင်္ကျီလက်များကို ခေါက်တင်ခဲ့သည်။  ဆယ့်နှစ်နှစ်အရွယ် ကလေးမလေးသည် ဘဲငန်းဖျက်သည့် လုပ်ငန်းစဉ်ကို အလွန် လျင်မြန်စွာဖြင့် ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်ခဲ့သည်။ 


နေမစောင်းခင်မှာပင် ငန်းအားလုံးကို သူမတို့ လုပ်ပြီးခဲ့သည်။


“ဒေါ်လေးလီ၊ သမီး အခုအိမ်ပြန်လိုက်တော့မယ်။” လုပ်စရာ ဘာမှမရှိတော့သည်ကို မြင်သောအခါ တုရှောင်ဟွေ့သည် အိမ်ပြန်ရန် ဦးတည်ခဲ့သည်။


“နေဦး။”


လီယောင်သည် ကြေးဒင်္ဂါး ၂၀ကို ထုတ်ယူခဲ့သည်။


မိန်းကလေးသည် နေ့လည်စာအတွက်တောင် မစားပဲ တစ်နေကုန် လုပ်ကူပေးခဲ့သည်။ သူမသည် သေချာပေါက် လုပ်အားခနှင့် ထိုက်တန်သည်။


“သမီး မလိုချင်ပါဘူး။”


မမျှော်လင့်ပဲ တုရှောင်ဟွေ့သည် ခေါင်းခါပြီး ပိုက်ဆံကို မယူခဲ့ချေ။


“သမီးက စေတနာအလျောက် ကူဖို့ လာခဲ့တာပါ။ သမီးမကူလည်း ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လေးတို့ ပြီးသွားမှာပါ။ ဒါကြောင့်မို့ သမီး ပိုက်ဆံ မယူနိုင်ပါဘူး။”


ထို့သို့ပြောရင်း သူမသည် လှည့်ကာ ထွက်ပြေးသွားခဲ့သည်။


လီယောင်သည် ဒင်္ဂါးပြားများကို အဝေးမှာသာ ဖယ်ထားခဲ့ပြီး နောက်မှ သူမအားပေးဖို့ အခွင့်အရေးတစ်ခုရှာရန် စီစဉ်ခဲ့သည်။


ဤကဲ့သို့ ပင်ပန်းခက်ခဲ့သည့် နေ့တစ်နေ့ကို ကျော်ဖြတ်ပြီးနောက် လီယောင်သည် မတွန့်တိုပဲ လျို့ယောင်းမနှင့် ဟူ‌ယောင်းမတို့ကို လုပ်အားခ နှစ်စပေးခဲ့ပြီး  သူမတို့အား နားရွက်တခုမှ တစ်ခုထိရောက်အောင် အားပါးတရ ပြုံးစေခဲ့သည်။


သူမ၏ယောက္ခမဖြစ်သူအတွက်ကိုမူ သူမလက်ခံလိမ့်မည်မဟုတ်သည့်အတွက် လီယောင်သည် ငွေမပေးခဲ့ပေ။ ထိုအစား ဘဲသွေးများကို ခွဲကာ စားရန် အိမ်သို့ ယူသွားစေခဲ့သည်။


ယနေ့ညတွင်မူ တညလုံး ဘဲများကို ချက်ပြုတ်ရလိမ့်မည် ဖြစ်သည်။ လီယောင်သည် သူမကိုယ်သူမ ဆုချရန်အတွက် အရသာရှိသည့် တစ်စုံတရာကို ပြုလုပ်ရန် အရင်စီစဉ်ခဲ့သည်။


ပန်းရောင်သန်းနေသည့် ဘဲအူများကို ကြည့်ရင် လီယောင်သည် ရုတ်တရက် အကြောင်းအမျိုးမျိုးကြောင့် ဟော့ပေါ့ကို တွေးမိသွားခဲ့ပြီး အလိုအလျောက် သွားရည်များ ကျလာခဲ့သည်။ သို့သော် ယခုအချိန်တွင် သူမသည ဟော့ပေါ့၏ ပါဝင်ပစ္စည်းများကို မပြုလုပ်နိုင်ချေ။ သူမ ငရုတ်သီးနီတောင့်ကို တွေ့သည့်တိုင်အောင် စောင့်ရဦးမည် ဖြစ်သည်။


တာ့ကျွမ်းသည် တို့ဟူးဝယ်လာသည့်အတွက် ၎င်းအစား သူမသည် ဘဲသွေးတို့ဟူးကို ပြုလုပ်နိုင်ခဲ့သည်။


သူမသည် ငန်းသွေးကို  တဖြည်းဖြည်း မီးအေးအေးဖြင့် ဆူရုံတည်ထားပြီး သူမသည် ငန်းဆီကိုလည်း အဆီထုတ်ခဲ့သည်။ တမူထူးခြားသော ဘဲဆီ၏ရနံ့သည် ဟင်းချက်ရာတွင် ပြီးပြည့်စုံစေရန် သင့်တော်သည်။


ဘဲဆီထုတ်ပြီးနောက် သူမသည် ဒယ်အိုးစောက်ထဲတွင် မွှေးရနံ တလှိုင်လှိုင်သင်းလာသည့်အထိ အသားတောက်တောက်စင်းများကို ထည့်ကြော်ပြီးနောက် စီချွမ်ပန်းငရုတ်ကောင်း၊ ဆား၊ ငါးပိ၊ ငန်းသွေး၊ တို့ဟူးနှင့် ဆီအကပ်အသပ်များကို ထည့်ခဲသည်။ သူမသည် တို့ဟူးကို စိမ့်ဝင်သွားစေရန် မီးအေးအေးနှင့် တည်ထားခဲ့ပြီးနောက် ပျစ်လာစေရန် စတင်လုပ်ဆောင်ခဲ့သည်။ 


နောက်ဆုံးတွင် သူမသည် လတ်ဆတ်သည့် ကြက်သွန်ဖြူအမြိတ်နှင့် ကြက်သွန်နီအဖူးတို့ကို  ဖြူးပေးခဲ့သည်။ သွားရည်ကျစေနိုင်သည့် ရနံများသည် ချက်ချင်းပင် လေထုထဲသို့ အပြင်းအထန် ပြည့်သွားသည်။


တာ့ကျွမ်းသည် တနေလုံး အလုပ်လုပ်နေခဲ့ပြီး ဆာလောင်နေခဲ့ပါသည်။ သို့သော် ညီငယ်နှစ်ယောက်သည် ပြန်မလာသေးပေ။ ယခုလောလောဆယ် သူ သည်းခံနေရသည်။


လီယောင်သည် အငယ်နှစ်ယောက်သည် ဆေးပင်များကို ပိုမိုစုဆောင်းလို၍ အချိန်ကို မေ့နေခဲ့သည်ဟု ခန့်မှန်းခဲ့သည်။ သူမသည် စောင့်နေရန် မရည်ရွယ်ခဲ့ပေ။  “အရင်စားကြစို့။ ပြီးရင် ဘဲတွေကို ဆားရည်စိမ်ရဦးမယ်။”


ယနေ့ညစာသည် ဘဲသွေးတို့ဟူးဇွန်းပြည့် ပုံထည့်ကာ မွှေထားသည် ထမင်းပေါင်းတစ်ပန်းကန် ဖြစ်သည်။


နူးညံ့သည့် ဘဲသွေးနှင့်တို့ဟူးတို့သည် ပါးစပ်ထဲ့သို့ ရောက်သွားသည့်အခါ အရည်ပျော်သွားခဲ့သည်။ အီဆိမ့်နေပြီး ဆော့ရည်ထူထူရောထားသည့် ထမင်းသည် အလွန့်အလွန် အရသာရှိသည်။ 


“အမေ၊ ဒီဘဲသွေးတို့ဟူးက တအားအရသာရှိတာပဲ။”ဟု ဟဲရှောင်ယာသည် သူမ၏ထမင်းနှင့် ဆော့ရည်ကို ရောစပ်ပြီး ပြောခဲ့သည်။ သူမသည် ဇလုံကြီးနှစ်လုံး စားခဲ့ပြီးပြီ ဖြစ်သည်။ “ဒါက ဘဲသွေးချက်ဖို့ အကောင်းဆုံးနည်းလို့ သမီးထင်တယ်။”


လီယောင်သည် ခပ်ယဲ့ယဲ့ ပြုံးခဲ့သည်။ 


သူမ၏ ထင်မြင်ချက်အရ ဟော့ပေါနှင့် ဘဲသားပြုတ်သည် ငန်းသွေးကို စားသောက်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်နေဆဲ ဖြစ်သည်။


ဟော့ပေါ့အကြောင်းကို စဉ်းစားလိုက်ရုံဖြင့် သူမ၏နောက်ဆုံး ထမင်းပန်းကန်သည် ဘာမှမဟုတ်တော့သလို ခံစားခဲ့ရသည်။ သူမ၏ ဝမ်းဗိုက်ထဲမှ အငမ်းမရဖြစ်မှုသည် နောက်ထပ်တစ်ခါ သောင်းကျန်းနေခဲ့သည်။


သူမသည် တောင်ပေါ်သို့ အမြန်သွားပြီး ငရုတ်သီးရှာရန် အမှန်ပင် လိုအပ်သည်။


“မေမေရေ၊ ဒုက္ခရောက်ပြီ။”


သူမ ထမင်းစား မပြီးသေးခင်မှာပင် ဝက်ကလေးကို သယ်ကာ အတင်းပြေးလာသည့် ဝမ်စန်းအာ၏ အလောတကြီးအသံကို သူမ ကြားလိုက်ရသည်။


“အရှိန်လျော့ပြီး အမေ့ကို ပြောပါဦး။”


“အဲဒါ အစ်မဟွေ့ရဲ့ အမေ…သူ.. သူလေ လဲကျပြီးတော့ ခြေထောက် ခိုက်မိသွားတယ်။”


ယနေ့တွင် ဆေးပင်များကို ခူးယူစုဆောင်းသည့်သူများ အလွန်အများအပြားရှိသည်။ ပိုမိုရရှိစေရန်၊ ဖန်းရှီ၏ ယောက္ခမသည် ချောက်ကမ်းပါးငယ်တစ်ခုပေါ်သို့ သူမအား တက်ခိုင်းခဲ့သည်။ သို့သော် သူမသည် ပြုတ်ကျကာ အနာတရ ဖြစ်ခဲ့သည်။ 


လီယောင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဘယ်လိုများ ဖြစ်သွားတာပါလိမ့်။


“သူ အခုဘယ်မှာလဲ။”


“အိမ်ကို ပြန်ခေါ်လာပြီ။”


“သွားကြည့်ကြစို့။”