အခန်း (၂၇) ဝါဂွမ်းဖတ်ခြင်း
ဝါးတုတ်ချောင်းလေးများကို ဝါးအိပ်ယာခင်းတစ်ခုလုံးပေါ်တွင် ဖြန့်ခင်းထားခဲ့သည်။ အပေါ်ပိုင်းတွင် သေးငယ်သည့် ကွင်းတစ်ကွင်းပါရှိသည့် တိုင်ရှည်တစ်ချောင်းနှင့်တူ ဂွမ်းချည်များကို ဝါးတုတ်ချောင်းများ အပေါ်တွင် ထူထပ်စွာ ရစ်ပတ်ထားခဲ့သည်။ ထို့နောက် ဝါဂွမ်း ၈ကတ်တီကို အပေါ်အတွင် အညီအမျှ ဖြန့်ခင်းထားခဲ့ပြီး ချည်မျှင်များကို ဖွကာ ခွဲထုတ်ပစ်ရန်နှင့် မသန့်စင်သည့်အရာများကို ဖယ်ထုတ်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်ပါသည်။
လက်တစ်ဖက်က လေးကို ထိန်းကာ ကျန်သည့်တစ်ဖက်က သစ်သားလက်တန်းကို ဆုတ်ကိုင်ထားပြီး နွားအရွတ်လေးကြိုးကို ညင်သာစွာ ရိုက်ပုတ်ခဲ့သည်။
စည်းချက်ကျသည့် အသံလေးတစ်ခုသည် တိတ်ဆိတ်နေသည့် ရွာတစ်လျှောက်လုံး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝါဂွမ်းတစ်စုသည် သိပ်မကြာခင်မှာပင် အမွေးပွသည့် အနေအထားသို့ ဖွနိုင်ခဲ့ပြီ ဖြစ်သည်။
ဝမ်ရွယ်ရှစ်နှင့် ဝမ်ကျားကွေ့ ရောက်ရှိလာသောအခါ လီယောင်သည် အားရပါးရ အမွေးဖွနေခဲ့ပြီး သူမ၏ဆံပင်များတွင် ဝါဂွမ်းမွေးများဖြင့် ဖုံးလွှမ်းထားပါသည်။
လီယောင်က သူ့အား ကူညီရန် တောင်းဆိုခဲ့သည့်အတွက် ဝမ်ကျားကွေ့သည် သစ်သားပြားကို ကိုင်ထားခဲ့သည်။ လီယောင်က ဝါဂွမ်းများကို ဖွနေသည်ကို မြင်သောအခါ ဝမ်ကျားကွေ့၏ မျက်လုံးများ ကျယ်လာခဲ့သည်။
“အဲဒါ ဘာလုပ်နေတာလဲ။”
“ဂွမ်းတွေကို ဖွနေတာ။”ဟု လီယောင်က ပြောခဲ့သည်။ “ဂွမ်းမွေ့ယာလုပ်ဖို့အတွက် အမွေးပွလုပ်ဖို့ အမျှင်တွေ ပွလာအောင်လို့လေ။”
ဂွမ်းမွေ့ယာ ပြုလုပ်ရန်အတွက် ဂွမ်းများကို အထည်များကြားတွင် ထည့်ပြီးနောက် အပ်ဖြင့် ချုပ်ဖို့သာ လိုအပ်သည် မဟုတ်ဘူးလား။
ဝမ်ကျားကွေ့သည် ဘာတွေလုပ်နေသလဲဆိုသည်ကို နားမလည်ခဲ့သော်လည်း စည်းချက်ညီစွာ ရိုက်ပုတ်လိုက်သည့် အသံသည် သူ့အား ထူးထူးခြားခြား ယားယံစေခဲ့သည်။
“လုပ်ကြည့်ရမလား။”
“တော် ဘာတွေရှုပ်ဖို့ လုပ်နေတာတုန်း။” ဝမ်ရွယ်ရှစ်သည် သူမယောကျ်ား၏ လက်စွမ်းကို မယုံသင်္ကာဖြစ်ခဲ့သည်။ “လက်ဖက်စေ့ မြန်မြန်သွားကောက်တော့။”
“အဖေက လုပ်ကြည့်ချင်နေတာလေ။ သူ လုပ်ကြည့်ပါစေ။”
လီယောင်သည် လေးကို ချလိုက်ကာ ဝမ်ကျားကွေ့အား ပေးခဲ့သည်။
သေချာပေါက်ပင် ဤတာဝန်သည် အမျိုးသားများနှင့် သဘာ၀ကျကျ ပို၍ သင့်တော်သည်။ တခဏအကြာတွင် ၎င်းနှင့် အသားကျလာပြီးနောက် ဝမ်ကျားကွေ့သည့် ကျွမ်းကျင်စွာဖြင့် ဂွမ်းဖွခဲ့သည်။ ဝါဂွမ်းအားလုံးကို အမွေးဖွပြီးနောက် လီယောင်သည် သူအား မည်ကဲ့သို့ အညီအမျှ ထုတ်ရမည်ကို သင်ပေးခဲ့သည်။
“အလယ်မှာ ထူထူလုပ်ပြီး အနားဘက်မှာ ပါးပါးလေးလုပ်ရမှာ။ ဒါမှ မွေ့ယာက ပိုပြီး အသုံးဝင်မှာပါ။”
ပြီးမြောက်သွားသည့်အခါ လီယောင်သည် သူ့အား ချည်မျှင်များဖြင့် တစ်လျှောက်လုံး ချုပ်ရန် သင်ပေးခဲ့ပြီးနောက် သစ်သားပြားနှင့် ဖိထားခဲ့သည်။ သက်တောင့်သက်သာ ရှိသည့် ဂွမ်းမွေ့ရာတစ်ခု ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
သပ်သပ်ရပ်ရပ်နှင့် သက်တောင့်သက်သာရှိသည့် ဂွမ်းမွေ့ယာကို ကြည့်ရင်း ဝမ်ကျားကွေ့နှင့် သူ့ဇနီးတို့သည် အလွန်အမင်း အမွှမ်းတင်ခဲ့ကြသည်။
“ဒီနည်းလမ်းကို မင်း ဘယ်လိုလုပ် သိလာခဲ့တာလဲ။”
“ဂွမ်းဆိုင်ပိုင်ရှင်ဆီက ကျွန်မကြားခဲ့တာပါ။”ဟု လီယောင်က ပြောခဲ့သည်။
ဝမ်ကျားကွေ့သည့် မွေ့ယာတစ်ခုအတွက် ဂွမ်းများ ဖွခဲ့ပြီးသော်လည်း မကျေမနပ် ခံစားရကာ “တို့တွေ နောက်ထပ် ထပ်ဖွပေးရဦးမလား”ဟု မေးခဲ့သည်။
ဝမ်ရွှယ်ရှစ်က ဘာမှ မပြောခဲ့သော်လည်း သူမ၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက်တချို့ကို ပြသနေခဲ့သည်။
ဤနည်းလမ်းဖြင့် ပြုလုပ်ထားသည့် မွေ့ယာများသည် အလွန်ပင် သပ်ရပ်ပြီး မြဲမြံကာ အစုလိုက်အနေအထားကို သိသိသာသာ လျော့နည်းစေသည်။ သူတို့သည် ဤမျှကောင်းမွန်သော မွေ့ယာများကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ သူတို့သာ ဤအတတ်ပညာကို သင်ယူနိုင်ခဲ့ပါက အဖိုးအိုသည် ၎င်းပညာနှင့်အတူ ဝင်ငွေတစ်ချို့ ရရှိလာနိုင်ပါသည်။
သေချာပေါက်ပင် လီယောင်သည်လည်း ဝါဂွမ်းဖွသည့်သူတစ်ယောက် မဖြစ်လာနိုင်သည့်အတွက် ဤသည်မှာ ပြဿနာမရှိပေ။
အကယ်၍ ယောက္ခမကြီးသာ ဤပညာရပ်ကို သင်ယူနိုင်ပြီး ငွေရှာနိုင်ခဲ့ပါက ဤသည်မှာ သူ၏လုပ်နိုင်စွမ်းပင် ဖြစ်လိမ့်မည်။
“ဒါဆိုလည်း နောက်ထပ် နည်းနည်းလောက် ဖွပေးပါဦး။”
ဝမ်ကျားကွေ့သည် ပျော်ရွှင်စွာဖြင့် လေးကို နောက်တစ်ကြိမ် ကောက်ကိုင်ခဲ့သည်။
ထိုတစ်နေ့လည်လုံး သူသည် စည်းချက်ညီသည့် တေးသံကို အရသာတွေ့ကာ ဤအရာကို စွဲလမ်းသွားသကဲ့သို့ ခံစားခဲ့ရသည်။ နောက်ကျနေပြီဖြစ်သည့်အတွက် သူ့အားရပ်စေရန် သူ၏နားများကို ဝမ်ရွှယ်ရှစ်သာ မဆွဲလိမ်ခဲ့ပါက သူသည် မိုးလင်းသည်အထိ ဂွမ်းများ ဖွကောင်းဖွနေနိုင်ပေလိမ့်မည်။
“ယောင်းမ၊ ကျုပ်တို့ လက်ဖက်စေ့ရောင်းဖို့ လာပါပြီ။”
ခြံဝန်းထဲသို့ လေးလံသည့် လက်ဖက်စေ့တောင်းကြီးများကို သယ်ကာ ရှန်းရှီသည် ကလေးသုံးယောက်ကို ဦးဆောင်လာခဲ့သည်။
တောင်ပေါ်တွင် လက်ဖက်စေ့များ အလွန်ပင် တော်တော်များများ ရှိခဲ့ပါသည်။ ယနေ့တွင် သူမသည် ခြင်းတောင်နှစ်တောင်း ပြည့်အောင် ကောက်ရန်အတွက် သားတစ်ယောက်နှင့် သမီးနှစ်ယောက်ကို ခေါ်လာခဲ့သည်။ သူမသည် လီယောင်က ကောက်လာသမျှ အားလုံးကို ဝယ်ရန် အလွန်များသွားလိမ့်မည်ကို မစိုးရိပ်နေခဲ့ပါက ဤမျှလောက် အစောကြီး ပြန်လာလိမ့်မည် မဟုတ်ပေ။
“တာ့ကျွမ်း၊ မင်းအဒေါ်အတွက် ချိန်ပေးလိုက်ပါဦး။”
တာ့ကျွမ်းသည် လက်ဖက်စေ့နှစ်တောင်းကို ခြင်းပြားတစ်ခုထဲသို့ လောင်းထည့်လိုက်ပြီး ၎င်းတို့ကို အလေးချိန်ခဲ့သည်။ အထင်ကြီးလောက်စရာပင် ၁၀၃ကတ်တီ ရှိခဲ့သည်။
“ဒေါ်လေး၊ ဒါက ၂၀၆ဝမ်ပါ။”
“ဝိုး….၊ ငါ တစ်နေ့တည်းနဲ့ ဝမ် ၂၀၀ရှာနိုင်တယ်။” ရှန်းရှီသည် ပိုက်ဆံကို အားရဝမ်းသာဖြင့် ယူလိုက်ပြီး သူမ၏မျက်နှာသည် ပန်းလေးတစ်ပွင်ကဲ့သို့ ရုတ်ချဉ်း ပွင့်လန်းသွားခဲ့သည်။
“ဘာကို နင်ရှာခဲ့တာလဲ။” ဝမ်ရွှယ်ရှစ်က သရော်ခဲ့သည်။ “ဒီကလေးတွေက ဘာမှ မလုပ်ခဲ့ကြဘူးလား”
“သူတို့က ဘယ်လောက်များ ခူးနိုင်မှာမို့လို့လဲ။”
သို့သော် ရှန်းရှီသည် လျင်မြန်စွာပင် မာမာဆတ်ဆတ်နှင့် ပြန်ပြောပြီး၊ ဝမ်ရွှယ်ရှစ်အား သူမ ရထားသည့် ပိုက်ဆံများကို အင်တင်တင်နှင့် ပေးခဲ့သည်။ သူမသည် ပိုက်ဆံများကို မက်မောစွာဖြင့် စိုက်ကြည့်နေခဲ့သည်။
“ကြည့်ပါဦး။ သိပ်ကို အရှက်မဲ့လိုက်တာ။” ဝမ်ရွှယ်ရှစ်သည် ဝမ် ၅၀ကို ထုတ်ယူခဲ့ပြီး သူမအား ပြန်ပေးခဲ့သည်။ “နင့်ဟာနင် သိမ်းထားလိုက်။”
“အိုး...” ရှန်းရှီသည် ဝမ် ၅၀ ရသည့်အတွက် ဝမ်းမသာပဲ မနေနိုင်ခဲ့ချေ။ တတိယအိမ်အတွက် အပိုဝင်ငွေ အနည်းငယ်ကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်သည်။
များမကြာမီအချိန်တွင် လက်ဖက်စေ့များကို ခြင်းအပြည့်ကိုယ်စီဖြင့် တခြားရွာသူရွာသားများလည်း ဖြည်းဖြည်းချင်း ပြန်လာခဲ့ကြသည်။
နောက်ဆုံး၌ လက်ဖက်စေ့ စုစုပေါင်း ကတ်တီ ၁၃၀၀ကို ယနေ့တွင် စုဆောင်းနိုင်ခဲ့သည်။
လက်ဖက်စေ့များကို ကြိုးကြိုးစားစား ခူးခဲ့ကြသည့် မိသားစုအားလုံးနီးပါး ဝမ်၁၀၀ကျော် ဝင်ငွေရရှိခဲ့ပြီး လူတိုင်းကို စိတ်အားတက်ကြွစေခဲ့ပါသည်။
“တာ့ကျွမ်းအမေ၊ မနက်ဖြန်ကော နောက်ထပ် ထပ်လိုသေးလား။”
“လက်ဖက်စေ့ကတော့ အခုတော့ လုံလောက်ပါပြီ။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ ကျွန်မတို့ ဆေးဖက်ဝင် အပင်တွေတော့ အများကြီး လိုပါသေးတယ်။”
“ဒီလိုဆိုရင် ဘယ်စျေးလဲ။”
လီယောင်သည် စဉ်းစားလိုက်ကာ “မြို့က ဆေးဆိုင်လိုပဲ ပေးပါမယ်။”
သူမသည် ရွာသူရွာသားများ၏ အရှိန်ကို လျှော့မတွက်ရဲခဲ့ပေ။
တရက်အတွင်းမှာပင် သူတို့သည် လက်ဖက်စေ့ ၁၃၀၀ကတ်တီကို ယူဆောင်လာခဲ့သည်။ သူမသာ ဆေးဖက်ဝင်အပင်များအတွက် စျေးပိုပေးခဲ့ပါက ဤလူများသည် တောင်တစ်တောင်လုံးကိုပင် ဗလာဖြစ်သွားအောင် တူးကောင်းတူးနိုင်သည်။
သို့သော် မြို့ပေါ်၏ စျေးနှုန်းသည်လည်း အလွန်ကောင်းနေဆဲပင် ဖြစ်သည်။ ထို့အပြင် ဆေးဆိုင်များသည် ဆေးဖက်ဝင်အပင်များအားလုံးကို မဝယ်ယူကြပဲ အလွန်အကျွံ နုတ်ယူကြသည်။ လီယောင်ဆီသို့ တိုက်ရိုက်ရောင်းချခြင်းသည် သူတို့ မြို့သို့ သွားရန် ခရီးတစ်ခေါက်ကို သက်သာစေသည်။
လူတိုင်းထွက်ခွာသွားကြပြီးနောက် လီယောင်သည် ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်တို့ ပြန်မရောက်လာသေးသည်ကို သတိရလိုက်သည်။
“သား သူတို့ကို သွားရှာလိုက်မယ်။”ဟု တာ့ကျွမ်းက ပြောခဲ့သည်။
“အမေသွားမယ်။ မင်းက အိမ်မှာ အသားနှပ် ပြင်ဆင်လိုက်။”
လီယောင်သည် ဝါးရင်းတုတ်တစ်ချောင်းကို ယူကာ မမှောင်ခင် အနောက်ဘက်တောင်ဆီသို့ ဦးတည်သွားခဲ့သည်။ ကျောက်တုံးကြီးပေါ်တွင် ထိုင်နေသည့် ပုံရိပ်သေးသေးလေး နှစ်ခုကို မြင်ရသည်အထိ သူမသည် သိပ်ဝေးဝေး မသွားခဲ့ရချေ။
“မေမေ”
“ကြည့်ပါဦး။ သားတို့ လက်ဖက်စေ့တွေ အများကြီး ကောက်ခဲ့တယ်။”
တော်တော်များများပင်ဖြစ်ပြီး တောင်းတစ်တောင်းလုံး အပြည့်နီးပါးရှိပြီး အနည်းဆုံး ၇၀-၈၀ကတ်တီ ရှိပေမည်။ သယ်ရသည်မှာ အလွန်လေးသည့်အပြင် ဝမ်စန်းအာသည် ဝက်ကလေးကို ကိုင်ထားရသည့်အတွက် ယခုအချိန်ထိ သူတို့ နောက်ကျနေခြင်းဖြစ်သည်။
“ဘာလို့ ဝက်ကို ကြိုးနဲ့ မဆွဲခေါ်ရတာလဲ။”
ဝမ်စန်းအာသည် သူ၏ခေါင်းကို ကုတ်လိုက်ပြီး “မေမေပဲ နေ့တိုင်း ဒါကို သယ်ပြီး ပြန်ယူလာဖို့ ပြောထားတယ်လေ။”
လီယောင်…………
ကိစ္စမရှိပါဘူးလေ။ အိမ်ပဲ ပြန်ကြစို့။
ခြင်းတောင်းအလေးကြီးကို သယ်ကာ လီယောင်သည် နောက်ကျနေသည့် ကလေးနှစ်ယောက်ကို အိမ်သို့ ပြန်ခေါ်သွားခဲ့ပြီး သူမဖာသာပင် ၎င်းတို့ကို အလေးချိန်ခဲ့သည်။
“၇၈ကတ်တီ။”
အများကြီးဟု ကြားသည့်အပေါ်တွင် ညီအစ်ကိုနှစ်ယောက်သည် စိတ်အားထက်သန်စွာဖြင့် မေးခဲ့သည်။ “မေမေ၊ အဲဒါ ပိုက်ဆံ ဘယ်လောက်လဲ။”
“မင်းတို့ဖာသာ တွက်ကြည့်ချေ။”ဟု လီယောင်က ပြောခဲ့သည်။ “မှန်မှန်ကန်ကန်တွက်မှပဲ မင်းတို့ ပိုက်ဆံရမှာနော်။ မှားတွက်မိရင် ဘာမှ ရမှာမဟုတ်ဘူး။ တခြားသူတွေကိုလည်း အကူအညီမတောင်းရဘူး။”
ဝမ်စန်းအာနှင့် ဝမ်ရှောင်စစ်တို့ အကျပ်ရိုက်သွားခဲ့ကြသည်။
ဤမျှလောက် အရေအတွက် အများကြီးလေ။ သူတို့ မည်သို့လုပ်ရမည်ကိုပင် မသိကြတော့ပေ။
နောက်ဆုံးတွင် အစေ့များကို လက်တစ်ဆုပ်စာ ယူလိုက်ပြီး မြေပြင်ပေါ်သို့ ဖြန့်လိုက်သည့်သူမှာ လိမ္မာပါးနပ်သည့် ဝမ်ရှောင်စစ်ပင် ဖြစ်သည်။
“နှစ်စေ့က နှစ်ဝမ်ကို ကိုယ်စားပြုတယ်။ ဒါကြောင့် တို့ ၇၈တွဲ ထားလိုက်မယ်။ ပြီးရင် သူတို့ကို ရေတွက်မယ်လေ။”
နည်းလမ်းသည် အနည်းငယ် ကလေးဆန်ကာ ရယ်စရာကောင်းလှသော်လည်း တော်တော် ကောင်းမွန်သည့် တွေးခေါ်မှု ဖြစ်ခဲ့ပါသည်။
အဆုံးတွင် ညီအစ်ကိုနှစ်ယောက်သည် ၁၅၆ဝမ်ကို အောင်အောင်မြင်မြင် ရရှိခဲ့သည်။
“မေမေ သားတို့ မနက်ဖြန် တစ်ခေါက် ထပ်သွားချင်တယ်။”
“မင်းတို့ သွားနိုင်တယ်။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ မနက်ဖြန် မင်းတို့ဖာသာ မင်းတို့ တွက်ရမှာနော်။ ဒီနေ့ နည်းလမ်းကို မသုံးရဘူး။”
ညီအစ်ကိုများသည် သူတို့ခေါင်းကို တခါထပ်ကုတ်ခဲ့ပြန်သည်။
“အဲလိုဆို သားတို့ မသိရင် ဘယ်လိုလုပ်ရမှာတုန်း။”
“မင်းတို့ သင်နိုင်တယ်လေ။”
“အိုး.. ဟုတ်သားပဲ။” ညီအစ်ကိုနှစ်ယောက်သည် ဝမ်အာကို ရှာဖို့ ပြေးလွှားခဲ့သည်။ “ဒုတိယအစ်ကို၊ သားတို့ကို တွက်တတ်အောင် မြန်မြန်လေး သင်ပေးပါဦး။”
…………………………………………….
ထိုညတွင် လီယောင်သည် ကိုယ်တိုင်ကိုယ်ကျ ညစာ ချက်ကျွေးခဲ့သည်။
ယနေ့တွင် သူမသည် စျေးထဲမှ ကြက်မနှစ်ကောင် ဝယ်ယူခဲ့သည်။ ၎င်းတို့ကို သေချာသန့်စင်ကာ အရေခွံများ ကျုံသွားအောင် ရေနွေးပူပူဖြင့် ခဏလောက် ဆေးကြောခဲ့သည်။ ချက်ပြုတ်လိုက်သောအခါတွင် အရေခွံသည် ကြွပ်ရွကာ နူးညံလာလိမ့်မည် ဖြစ်သည်။
ဆားနှင့်ဖုတ်သည့် ကြက်သားသည် ဟင်းခတ်အမွှေးအကြိုင်များ မလိုအပ်ပေ။ ဆားနှင့် နှမ်းရွက်များဖြင့်သာ အရောင်တင်ရမည် ဖြစ်သည်။ ထို့နောက် သင်္ဘောရွက်ကြီးများဖြင့် လုံအောင်ထုပ်ပြီး ဆားထဲတွင် မြုပ်အောင်ထည့်ကာ နှစ်လိုဖွယ်ကောင်းသည့် ကြက်ဆားမီးဖုတ်ရသည်အထိ အပူချိန်နည်းနည်းဖြင့် ချက်ခဲ့သည်။
ရွှေရောင် အရေခွံ၊ နူးညံ့ပြီး ပျစ်ပျစ်နှစ်နှစ်ရှိသည့် ကြက်သား၏အသား၊ ငန်ပြီး လတ်ဆတ်သည့်အရသာသည် လူတိုင်းကို သွားရည်တများများ ကျစေခဲ့သည်။ သူတို့သည် အရိုးများကိုပင် မျိုချချင်လုနီးပါး ဖြစ်ခဲ့သည်။
ညစာစားပြီးနောက် လီယောင်သည် ရေချိုးသန့်စင်ပြီးနောက် သက်တောင့်သက်သာရှိသည့် အောက်ခံဘောင်းဘီကို ပြောင်းဝတ်ကာ ယနေ့တွင် သူမပြုလုပ်ခဲ့သည့် ဂွမ်းမွေ့ယာနှင့် စောင်များကို ချခင်းခဲ့ပြီး ဇိမ်ကျစွာ လဲလျောင်းခဲ့သည်။
ထူထဲသော ဂွမ်းမွေ့ယာများသည် အိပ်ရန်အတွက် အလွန်ပင် သက်တောင့်သက်သာရှိပြီး တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုများအားလုံးကို ဖယ်ရှားပေးခဲ့ပါသည်။ နူးညံ့သည့် ဂွမ်းစောင်ဖြင့် ဖုံးအုပ်ထားခဲ့ပြီး သူမ၏ခန္ဓာကိုယ် တစ်ခုလုံး ပျော့ပျောင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်အတော်ကြာအောင် ဤနေရာသို့ ရောက်ရှိခဲ့ပြီးသည့်နောက်ပိုင်း လီယောင် ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည့်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။