အပိုင်း ၂၆
Viewers 8k

အခန်း (၂၆) လက်ဖက်မျိုးစေ့များ စုဆောင်းခြင်း


အိမ်သို့ ပြန်ရောက်သောအခါ ရုတ်ခြည်းပင် တစ်ခါ ပြန်အသက်ဝင်လာခဲ့သည်။


တာ့ကျွမ်းသည် ခြံထဲတွင် နွားလေးကို  ချည်ထားပြီး ၎င်း၏အမွေးများကို ဘီးကြမ်းဖြင့်  ညင်သာစွာ ပွတ်တိုက်ပေးခဲ့သည်။ ဝမ်စန်းအာသည် ဝက်ကလေးကို မြက်စားရန် တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ကြက်လေးများကို ခြံစည်းရိုးဖြင့် ပိတ်ထားပြီး မရပ်မနား ကျည်ကျည်ကျာကျာ မြည်နေခဲ့ကြသည်။ ဝမ်ရှောင်စစ်သည် ၎င်းတို့ကို အရွက်စိမ်းတစ်ချို့ ကို ဖြန့်ပေးရုံသာမက တီကောင်တစ်ချို့ကိုလည်း နေရာအနှံမှ တူးပေးခဲ့သည်။


သိပ်မကြာသေးခင်ကပင် ဟဲရှောင်ယာသည် ဥဖောက်သည့်အလုပ်ကို တာဝန်ယူခဲ့ပြီး  အတွေ့အကြုံ တစ်ချို့ ပင် ရရှိခဲ့သည်။ သူမ စလုပ်သည့်အချိန်ကလောက် စိုးရိမ်ပူပန်မှု မရှိတော့ပေ။ သူမသည် ဥဖောက်ခန်း၏တံခါး၀တွင် စားပွဲတစ်ခုကို ခင်းထားပြီး ပိုးထည်နှင့် ချည်ထည်များကို ညှပ်ပြီး ဂွမ်းဂျာကင်များ၊ ဂွမ်းသားဘောင်းဘီများ၊ စောင်များနှင့် အိပ်ယာအဖုံးများကို လူတိုင်းအတွက် ချုပ်ခဲ့သည်။


လီယောင်သည်လည်းပဲ အားမနေခဲ့ချေ။


သူမတို့သည် ဝါဂွမ်းအိပ်ယာများ လုပ်တော့မည် ဖြစ်သည့်အတွက် သူတို့သည် သေချာပေါက် ဝါဂွမ်းချည်အောက်ခံစများကို အရင်ဦးဆုံး ပြုလုပ်ရန် လိုအပ်သည်။ ဝါဂွမ်းအောက်ခံစကို ပြုလုပ်ရန်  ဝါဂွမ်းများကို အသာအယာ ခွဲထုတ်ကာ ပျော့ပြောင်းစေရန် လိုအပ်သည်။


ဤအလုပ်မှာ ပညာသားပါသည့် အလုပ်တစ်ခုဖြစ်ပြီး သူမလည်း နည်းလမ်းကို အကြမ်းဖျင်းသာ သိပြီး ယခင်က လက်တွေ့တစ်ခါမှ မလုပ်ဖူးခဲ့သည့်အတွက် သူမသည် ဆန္ဒမစောနိုင်ပဲ ဂရုတစ်စိုက် ပြင်ဆင်ခဲ့ရသည်။


“ဝမ်အာ” ယခုအခါ ခြံဝန်းထဲသို့ ဝင်လာရဲပြီဖြစ်သည့် အိမ်နီးချင်း၏သမီး တုရှောင်ဟွေ့က “ဒါက ကျွန်မ တောင်ပေါ်က ခူးလာခဲ့တဲ့ အသီးလေးတွေလေ။ နည်းနည်း မြည်းကြည့်ပါဦး”ဟု ပြောခဲ့သည်။


လီယောင် တစ်ချက် ကြည့်ခဲ့သည်။ ၎င်းတို့သည် ကီဝီသီးအနည်းငယ်ဖြစ်ပြီး အရသာအလွန်ရှိမည့် ပုံပေါ်သည်။ သို့ပေသည့် ခြံထဲတွင် လူအများကြီး ရှိသည့်တိုင်အောင် ဒီကလေးမလေးသည် ဘာကြောင့်များ ဝမ်အာကိုသာလျှင် အသီးများ ပေးခဲ့တာပါလိမ့်။


“တုရှောင်ဟွေ့၊ ဒီကိုလာပါဦး။”


“အာ…” တုရှောင်ဟွေ့သည်  သူမ၏ အဝတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ခဲ့ပြီး စိုးရိမ်တကြီးနှင့် လျှောက်လာခဲ့သဖြင့် နှလုံးသည် တဆတ်ဆတ်ခုံနေခဲ့သည်။ “ဒေါ်လေး၊ တစ်ခုခု လိုအပ်လား။”


“သမီး လက်ဖက်စေ့ကိုသိလား”


“သိပါတယ်။”


“ဒါဆို လက်ဖက်စေ့တစ်ချိုု့ ဒေါ်လေးကို သွားခူးကူပါဦး”ဟု လီယောင်က ပြောခဲ့သည်။ “တစ်ပေါင်ခူးခဲ့ရင် ဒေါ်လေး သမီးကို လုပ်အားခ ၂ဝမ်ပေးမယ်။”


တုရှောင်ဟွေ့သည် လုံး၀ပင် အံအားသင့်သွားခဲ့သည်။


လက်ဖက်စေ့သည် တောင်ပေါ်ရှိ နေရာတိုင်းတွင် ရှာတွေ့နိုင်ပြီး မည်သူမှ မကောက်သဖြင့် မြေပေါ်တွင် ကျနေသည်။


လက်ဖက်စေ့ပင်တစ်ပင်မှာပင် ပေါင် ဒါဇင်ပေါင်းများစွာ ရလာနိုင်သည်။


အဒေါ်လီသည် သူမကို အမှန်ပင် တစ်ပေါင်လျှင် ဝမ်၂ဝမ် ပေးရန် ဆန္ဒရှိနေသည့်အတွက် ဤသည်မှာ သူမအား အလွယ်တကူ ပိုက်ဆံကောက်စေခြင်းပင် ဖြစ်သည်။


“သမီး အခုပဲသွားလိုက်မယ်။”


“မလောနဲ့။”ဟု လီယောက်က ပြောခဲ့သည်။ “တစ်ယောက်တည်း မသွားနဲ့။ သမီးအမေကို အတူသွားဖို့ မေးတာ အကောင်းဆုံးပဲ။”


“ဟုတ်ကဲ့ပါ။”


တုရှောင်ဟွေ့သည် အိမ့်သို့ အမြန်ပြန်သွားခဲ့သည်။ လက်ဖက်စေ့များကို အတူတူကောက်ရန် သူမ၏အမေကို သွားခေါ်မည့်အစား လမ်းတစ်ဝက်တွင် နောက်ပြန်လှည့်ကာ ဝမ်အာ၏ ဘေးဘက်တွင် ကီဝီသီးအနည်းငယ်ကို ထားခဲ့သည်။ 


“ဝမ်အာ” ကီဝီသီးများကို ကြည့်ရင်း ဝမ်ရှောင်စစ်၏ တံတွေးများသည် သူ၏ပါးစပ်ထောင့်မှ စီးကျလာခဲ့သည်။ “ဒီအသီးတွေက ချဉ်မယ်လို့ ထင်လား။”


“မသိဘူးလေ။” ဝမ်အာသည် ကီဝီသီးများကို လီယောင်ထံသို့ လှမ်းပေးလိုက်ပြီး “မေမေ၊ စားပါ။”


“အမေ မစားတော့ဘူး။ သူတို့နဲ့သာ သား ဝေမျှစားလိုက်တော့။”


လီယောင်သည် ကီဝီသီးများ ချဉ် မချဉ်ကို မသိခဲ့သော်လည်း အချစ်၏ အံဩဖွယ် အရသာကတော့ ချဉ်မှန်း သိခဲ့ပါသည်။


…………………………..


“အဖွား”


ဝမ်ရှောင်စစ်သည် လေပြင်းတိုက်သကဲသို့ ဝမ်အိမ်ဟောင်းထဲ့သို့ ဝင်ရောက်လာခဲ့သည်။


“ဘာလို့ အလန့်တကြား ဖြစ်နေတာလဲ။ တစ်ခုခု ဖြစ်လို့လား။”


“အမေက အဖွားဆီက ကိုယ်တိုင်းတဲ့ဟာနဲ့ အပ်နှစ်ချောင်း သားကို ငှားခိုင်းလိုက်လို့။”


“အပ်။” အဖွားဝမ်သည် အံအားသင့်သွားခဲ့သည်။ “မင်းအမေက ဘာလုပ်ဖို့ အပ်တွေလိုတာတုန်း။”


“အကြီးဆုံး ခယ်မကြီးက သားတို့အတွက် ဂွမ်းအနွေးထည်နဲ့ ဂွမ်းဘောင်းဘီရှည်တွေ လုပ်နေတာ။ စောင်တွေကောပဲ ချုပ်နေတာ။”


ထိုမှသာလျှင် အဖွားဝမ်သည် ဝမ်ရှောင်စစ်သည် အသစ်စက်စက် အဝတ်အစားနှင့် အဝတ်ဖိနပ်အသစ်စက်စက်တို့ကို ဝတ်ထားကြောင်းကို သတိပြုမိခဲ့သည်။ 


“ဖြုန်းတီးလိုက်တဲ့ မိန်းကလေး။ မင်းတို့အားလုံး ဒီလိုဟာတွေ ဝတ်လို့ရမလား။ မင်းတို့ကိုယ်မင်းတို့ ချမ်းသာနေပြီလို့ တကယ်ထင်နေတာလား။ အထက်ကောင်းကင်ဘုံရေ၊ ဒါတွေရဖို့ ငွေတွေဘယ်လောက်များ ကုန်သွားတာပါလိမ့်။”


“အဖွား”ဟု ဟဲရှောင်ယာက ပြောခဲ့သည်။ “အမေက ပြောတယ်။ ပိုက်ဆံဘယ်လောက်ရှိရှိ၊ သက်တောင့်သက်သာနဲ့ စိတ်ချမ်းသာဖို့က အရေးအကြီးဆုံးပဲတဲ့။”


“သက်တောင့်သက်သာရှိတာက မင်းတို့ဗိုက်ကိုကော ဖြည့်နိုင်လား။ မင်းတို့ အိမ်ခေါင်မိုးမှာ အပေါက်တွေကြည့်ပဲ။ နေရာတိုင်းမှာကို ပေါက်နေတာ။ မိုးမရွာလို့ တော်သေးတယ်။ မဟုတ်ရင် မင်းတို့ ဘယ်လိုများနေမလဲ ငါကြည့်ချင်သေးတယ်။”


အဖွားဝမ်သည် ညည်းညူနေခဲ့သော်လည်း သူမ၏လက်များကမူ အလုပ်ရှုပ်နေခဲ့သည်။ ဟဲရှောင်ယာ၏ အတိုင်းအတာကို ယူရန် ကြိုးပါးပါးလေးကို အသုံးပြုခဲ့ပြီးနောက် အထည်စကို ဖြတ်တောက်ရန် ကူညီခဲ့သည်။ အသက်အရွယ်ရလာသော်ငြားလည်း သူမသည် ရေများလျင်မြန်စွာ စီးဆင်းနေသကဲ့သို့ အပ်နှင့်အပ်ချည်တို့ဖြင့် အလွန်ပင် ကျွမ်းကျွမ်းကျင်ကျင် ချုပ်ခဲ့သည်။


ကောင်းကင်ကြီး မှောင်သွားသောအခါ တုရှောင်ဟွေ့သည် သူမ၏နောက်ကျောတွင် ခြင်းတောင်ကြီးတစ်တောင်းနှင့် ခြံထဲသို့ ဒယီးဒယိုင် ဝင်လာခဲ့သည်။


သူမ၏ ယိုင်ထိုးယိမ်းထိုး လမ်းလျှောက်လာသည်ကို မြင်ရသည့်အခါ သူမသည် ပမာဏနည်းနည်းသာ ကောက်ခဲ့လိမ့်မည် မဟုတ်ချေ။


“အမေက ဒါ ပေါင်၇၀လောက်ရှိတယ်တဲ့။”


လီယောင်သည် တာ့ကျွမ်းကို အလေးချိန်စေသည့်အခါ ၇၅ပေါင် ရှိသည်။ 


“အဒေါ်လီ၊ အမေက ပေါင် ၇၀ပဲ တွက်ပါတဲ့။”


“ဘယ်လောက်ရှိရှိ ရှိသလောက်ပဲလေ။”


လီယောင်သည် တာ့ကျွမ်းကို ဝမ်၁၅၀ ရေတွက်ခိုင်းခဲ့ပြီး တုရှောင်ဟွေ့ကို ပေးခဲ့သည်။


သူမ ငွေလက်ခံရရှိသောအခါ တုရှောင်ဟွေ့၏ မျက်နှာလေးသည် အနီရောင်သန်းကာ ရှက်သွေးဖြန်းသွားခဲ့သည်။


သူမတို့သားအမိ တစ်နေ့ခင်းလေးအတွင်းတွင် ဝမ် ၁၅၀ ရှာနိုင်ခဲ့သည်။


“သမီး မနက်ဖြန်လည်း ထပ်ကောင်နိုင်တယ်နော်။ ဘယ်လောက်ပဲ ကောက်ကောက် ဒေါ်လေးဝယ်မယ်”ဟု လီယောင်က ပြောခဲ့သည်။ “မြန်မြန်ပြန်ပြီး သမီးအမေကို ပေးလိုက်ပါဦး။ မပျောက်စေနဲ့ဦး။”


“ကောင်းပါပြီ။”


တုရှောင်ဟွေ့ ထွက်သွားပြီးနောက် အဖွားဝမ်က မေးခဲ့သည်။ “နင် လက်ဖက်စေ့လိုချင်တယ်ဆိုရင် ဘာလို့ တောင်ပေါ်မှာ ကိုယ့်ဟာကိုယ် သွားမကောက်တာလဲ။ ကောက်ဖို့ကို ဘာလို့ သူများကို ပိုက်ဆံပေးမှာလဲ။ တကယ်လို့ နင်အလုပ်ရှုပ်နေတယ်ဆိုရင်တောင် ဒုတိယလေး၊ တတိယလေးနဲ့ ကလေးတွေကို သွားကောက်ခိုင်းလို့ရတယ်လေ။ အပြင်လူတွေနဲ့ အပေးအယူ လုပ်ရသလားဟဲ့။”


လီယောင်က “ဘယ်သူမဆို ကောက်နိုင်တယ်။ ကျွန်မ အားလုံးကို တစ်ပေါင်ကို ဝမ်၂ဝမ် ပေးမှာပါ။”ဟု ပြောခဲ့သည်။


“ဒါဆိုရင် ငါ မနက်ဖြန် သူတို့အားလုံးကို ခေါ်သွားလိုက်မယ်။”


“ပျားဖယောင်းနဲ့ ဆေးဖက်ဝင်အပင်တွေကောပဲ။ ပိုများလေ ပိုကောင်းလေပဲ။”


“ဆေးဖက်ဝင် အပင်တွေကတော့ ပြောဖို့ခက်တယ်။ ဒါပေမဲ့ ပျားဖယောင်းကတော့ မလွယ်လောက်ဘူး။” အဖွားဝမ်က ခဏမျှ စဉ်းစားပြီးနောက် “နင် တကယ်လို့ အများကြီး လိုနေတယ်ဆိုရင် ငါ ဒုတိယလေးနဲ့ တတိယလေးကို ယီကျိုးစီရင်စုကနေ ယူလာဖို့ တစ်ယောက်ယောက်ကို ပြောခိုင်းလိုက်မယ်။”


“ပေါင် ၁၈၀လောက်က သိပ်မများပါဘူး။”


“ကောင်းပြီ။ ဒီနေ့ဖို့အတွက်တော့ ငါပြန်တော့မယ်။”


“ညစာစားဖို့ နေပါဦး။”


“မလိုပါဘူး။ ငါ စားစရာတောင်းဖို့ လာတာမဟုတ်ဘူး။” ညစာစားရန် သူမကို တောင်းဆိုသည်ကို ကြားသောအခါ အဖွားဝမ်သည် သူမ၏အချုပ်အလုပ်များကို ချက်ချင်း ချထားခဲ့သည်။ “ရှောက်ရာ၊ ဒါတွေထားလိုက်တော့။ မနက်ဖြန် အဖွားပြန်လာခဲ့မယ်။”


အဖွားအိုသည် ယုန်တစ်ကောင်ထက်ပင် လျင်လျင်မြန်မြန် ပြေးသွားခဲ့ပြီး သူမ၏ပုံပန်းသဏ္ဌန် မမြင်ရသည့်တိုင်အောင် သူမအသံသည် ကြားနေရစဲကို မြင်သောအခါ လီယောင်သည် အလွန်ပင် ရယ်စရာကောင်းလှသည်ကို တွေ့ခဲ့ရသည်။


ညစာစားသွားဖို့ ပြောသည့်အခါတိုင်း ဤပုံစံပင် ဖြစ်ပေသည်။ မသိသောသူများအတွက် သူမ၏ အိမ်မှ အစားအသောက်များသည် အလွန်ဆိုးဝါးနေသည်ဟု တွေးထင်ကြပေလိမ့်မည်။


…………………………..


တစ်ညတည်းမှာပင် ရွာမှာရှိသည့် လူတိုင်းသည် လီယောင်သည် လက်ဖက်စေ့များ၊ ဆေးဖက်ဝင်အပင်များနှင့် ပျားဖယောင်းများကို ဝယ်ယူနေကြောင်းကို သိလိုက်ရသည်။


နောက်တစ်နေ့ မနက်အစောမှာပင် လူတစ်ချို့သည် သူမ၏အိမ်တံခါး၀သို့  ရောက်နေခဲ့ကြသည်။ မည်သူပင် ခူးခဲ့ကောက်ခဲ့ပါစေ သူမက အတူတူပေးမည်ဟု အတည်ပြုပြီးနောက် ၎င်းတို့သည် အုပ်စုလိုက် တောင်ပေါ်သို့ တက်သွားခဲ့သည်။


 “ရှောင်စစ် မြန်မြန်လုပ်၊ မဟုတ်ရင် အကုန်လုံးကို သူများတွေ ကောက်သွားလိမ့်မယ်။”


ဝမ်စန်းအာသည် သူ၏ဝက်ကလေးကို ကိုင်ကာ ခြံထဲမှ စိုးရိမ်တကြီး တိုက်တွန်းခဲ့သည်။


အမေက သူတို့ကိုလည်း လက်ဖက်စေ့ ခူးခဲ့လျှင် တစ်ပေါင်ကို ၂ဝမ်ပေးမည်ဟု ပြောခဲ့သည်။ ပြီးနောက် သူတို့ပိုက်ဆံကို သူတို့ဖာသာ စုနိုင်သည်။


ဘယ်တခြားကလေးများ သူတို့၏ ကိုယ်ပိုင်ပိုက်ဆံကို မည်သို့စုနိုင်လိမ့်မည်နည်း။


ညီအကိုနှစ်ယောက်သည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး ရောင်နီလာသည်အထိ အိပ်မပျော်ခဲ့ကြချေ။


ဝမ်ရှောင်စစ်သည် ကြက်ဥတစ်လုံးကို သူ့ပါးစပ်ထဲသို့ တစ်လုတ်ထဲနှင့် ထည့်လိုက်ပြီး ယာဂုကျိုနှစ်လုတ်ကို ပါးစပ်အပြည့်သောက်ခဲ့ပြီးနောက် သူ၏နောက်ကျောတွင် ခြင်းတောင်းတစ်တောင်းတင်ကာ အပြေးအလွှား ထွက်လာခဲ့သည်။


မနေ့ညက သူတို့ညီအစ်ကိုနှစ်ဦးသည် ယနေ့တွင် လက်ဖက်စေ့ ပေါင်၁၀၀‌ စုဆောင်းရန် သဘောတူခဲ့သည်။


စာပေလေ့လာရမည့် ဝမ်အာကတော့ သနားစရာကောင်းလှစွာဖြင့် လက်ဖက်စေ့ကောက်ရန် သူတို့နှင့် မပါဝင်နိုင်ခဲ့ပေ။


သို့သော် သူ့၏တာဝန်သည် စာပေလေ့လာရန်ပင် ဖြစ်သည်။


နောင်အနာဂါတ်တွင် သူ အရာရှိဖြစ်လာသည့်အခါ အမေနှင့် သူ၏ညီအစ်ကိုများသည် ဤမျှလောက် ပင်ပင်ပန်းပန်း အလုပ်လုပ်ရလိမ့်မည် မဟုတ်ချေ။


လူတိုင်းထွက်ခွာသွားခဲ့ပြီးနောက် လီယောင်သည် ပြင်ဆင်ထားသည့် လေးခွနှင့်ဝါးဖျာတို့ကိုထုတ်ကာ ဝါဂွမ်းအကြမ်းထည်များကို ညင်သာစွာ ဆွဲယူဖို့အတွက် စတင်ရန် စိတ်အားထက်သန်ခဲ့သည်။