အခန်း (၂၅) - ကောလဟလတွေထဲက လီအမျိုးသမီး
လီယောင်သည် သူမ၏ အိတ်ထဲသို့ ငွေချောင်း ၂၀ကို ထည့်လိုက်သည်။ ကြေးဒင်္ဂါးပြား ၅၀၀ကိုလည်း သိမ်းရန် သေချာပေါက် မမေ့ခဲ့ချေ။ အရမ်းမများသော်လည်း စိတ်အနှောက်အယှက်ပေးသည့် ကိစ္စရပ်တခု၏ ဇာတ်သိမ်းကို ကိုယ်စားပြုပေသည်။ ကျိုးယိုချိုင်သည် အပြင်ဘက်မှ အပြေးအလွှားဝင်လာသည့်အချိန်တွင် သူမသည် ထွက်သွားရန် ထနေခဲ့ပြီ ဖြစ်သည်။
“ကျွန်တော်တောင်းပန်ပါတယ် အမျိုးသမီးလီ။ ကျွန်တော်နောက်ကျသွားတယ်။”ဟု ကျိုးယိုချိုင်က ပြောခဲ့သည်။
“ခင်ဗျား ပစ္စည်းတွေ ဝယ်ပြီးသွားတာ ကျွန်တော် မသိလိုက်ဘူး။ ခင်ဗျား အခုတစ်ခေါက်ကော ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ ဘယ်လောက်များ လုပ်နိုင်မလဲဗျ။ “
“ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ”
ထိုအကြောင်းကို ကြားသောအခါ တင်းရှောင်ရန် ထိတ်လန့်သွားခဲ့သည်။ သူမသည် အသေအချာပင် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီအကြောင်းကို သိခဲ့သည်။ ယွမ်ကျင်းယုက ယနေ့တွင် ပေးခဲ့သည့် ဗူးတစ်ဗူး သူမ၏အိတ်ထဲတွင် ရှိသည်။ လီယောင်ကို ပြသရန် ခုနကလေးတင် သူမထုတ်လိုက်သေးသည်။
သို့သော် ဤမျှအဖိုးထိုက်တန်သည့် အရာတစ်ခုကို လီယောင် တကယ်ပဲ ဖန်တီးနိုင်လိမ့်မည်လား။
လီယောင်သည် သူမ၏စိတ်ထဲတွင် တွက်ချက်ခဲ့သည်။ ယခုတစ်ခေါက်တွင် သူမ ရရှိခဲ့သည့် ပျားဖယောင်း ပမာဏသည် မသေးငယ်ပေ။ သို့သော် သူမ တစ်ခါတည်း အကုန်မသုံးနိုင်ပေ။ နောက်နောင်လိုအပ်ချက်များအတွက် တစ်ချို့ကို သိမ်းဆည်းထားရမည် ဖြစ်သည်။
ထို့ကြောင့် သူမက ပြန်ဖြေခဲ့သည်။ “ဘူး၁၀၀လောက်တော့ ဖြစ်နိုင်တယ်။”
အများကြီး ရလိမ့်မည်ဟု ကျိုးယိုချိုင်ကြားသည့်အခါ အရမ်းဝမ်းသာသွားခဲ့သည်။ “အရမ်းကောင်းတယ်။ ဒါဆို ကျွန်တော် ခင်ဗျားကို စရံငွေတချို့ အရင်ပေးထားပါရစေ။”
ထို့သို့ပြောရင်း သူသည် သူ၏ အင်္ကျီရင်ဖက်ထဲမှ ငွေစက္ကူတရွက်ကို ထုတ်ယူခဲ့ပြီး လီယောင်ရှေ့တွင် ထားခဲ့သည်။
တင်းရှောင်ရန်တွင် လျင်သည့် မျက်လုံးများရှိသည်။ အကြည့်တချက်မျှဖြင့် ၎င်းသည် အမှန်တကယ်ပင် ငွေချောင်း ၁၀၀တန် ငွေစက္ကူဆိုသည်ကို သူမ မြင်ခဲ့ရသည်။ သူမ အသက်ရှူမမှားပဲ မနေနိုင်ခဲ့ချေ။
အစောပိုင်းက ငွေချောင်း ၂၀မျှသာဆိုပါက သူမသည် ထိုအကြောင်းကို သိပ်တွေးနေမည် မဟုတ်ချေ။ ယွမ်ကျင်းယုကို လပ်ထပ်ပြီးနောက် သူမသည် မည်သည့်နည်းနှင့်မဆို ချမ်းသားသည့် မိသားစု၏ သခင်မ ဖြစ်လာပေလိမ့်မည်။
သို့သော် ဤဟာသည် ငွေချောင်း ၁၀၀ ဖြစ်သည်။
ယွမ်ကျိုးမှာ ရှိသည့် ချမ်းသာသည့် သူများထဲတွင်တောင် မိသားစု ဘယ်လောက်များက လက်ထဲတွင် ငွေချောင်း ၁၀၀ ရှိနေလိမ့်မည်လဲ။
“တာ့ကျွမ်းအမေရေ၊ နောက်ဆုံးတော့ ငါ နင့်ကို ရှာတွေ့ပြီဟဲ့” လီယောင်သည် ငွေစက္ကူကို သိမ်းပြီးပြီးချင်း ရွာသူကြီး ဝမ်ကျားဖူကလည်း အလျင်စလို ပြေးလာခဲ့သည်။
“ဘာဖြစ်လို့လဲ။”
“သေချာပေါက် သတင်းကောင်းပေါ့။”ဟု ဝမ်ကျားဖူက ပြောခဲ့သည်။ “ခရိုင်တရားသူကြီးမင်းက ရေတွင်းတူးတဲ့ကိစ္စကို ယီကျိုးစီရင်စုကို တင်ပြခဲ့တယ်။ စီရင်စုမှူးက အရမ်းကျေနပ်ပြီး တအားချီးကျူးခဲ့တယ်။ အခု ခရိုင်တရားသူကြီးမင်းက ဒီအောင်မြင်မှုတွေကို ဆုချချင်နေတယ်။ ဝမ်အာက ဦးဆောင်ကြိုးပမ်းပြီး အားထုတ်ခဲ့တယ်လေ။ ခရိုင်တရားသူကြီးမင်းက ဝမ်အာကို လုပ်နိုင်စွမ်းရှိတယ်။ ဗဟုသုတကြွယ်၀တယ်လို့လည်း ပြောတယ်။ သူက ဝမ်အာကို ခုချက်ချင်း ခရိုင်ရုံးကို သွားစေချင်နေတယ်။ သူက ဝမ်အာကို ကိုယ်တိုင်ကိုယ်ကျ ငွေ၁၀ချောင်းနဲ့ ဆုချချင်နေတာကွ။”
ဤသည်ကို မန်နေဂျာဖန်နှင့် ကျိုးယိုချိုင်တို့ ကြားသည့်အခါ ချက်ချင်းပင် လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့သည်။
“သခင်ငယ်လေးက ခရိုင်တရားသူကြီးမင်းရဲ့ ချီးမွမ်းတာကို လက်ခံရတဲ့အတွက် ဂုဏ်ယူပါတယ် အမျိုးသမီးလီရေ။ အကန့်အသတ်မဲ့တဲ့ အနာဂတ်တော့ သူမှာ့ ရှိရော့မယ်ဗျို့။”
“အမှန်ပဲဗျို့။ ဒီပိုင်ချွမ်းခရိုင်တစ်ခုလုံးမှာ လူဘယ်နှစ်ယောက်လောက်ကများ ခရိုင်တရားသူကြီးမင်း သတိထားမိအောင် လုပ်နိုင်လို့လဲ။”
“ရှင့်တို့နှစ်ယောက် သိပ်ချီးကျူးလွန်းနေပါပြီ။ ဒါလေးက ကိစ္စအသေးအမွှားလေးပါ။”ဟု လီယောင်က ပြောခဲ့သည်။
တာ့ကျွမ်းနှင့် သူ့ညီသုံးယောက် လှည်းလေးကို မောင်းလာစဉ် သူမ၏ ပစ္စည်းများကို ဖယ်ထားလိုက်ပြီး တံခါးမှ ထွက်သွားခဲ့သည်။
ဝမ်အာတစ်ယောက် ခရိုင်တရားသူကြီးမင်း၏ ချီးမွမ်းမှုကို ခံရကြောင်း သူတို့ကြားသိရသောအခါ တာ့ကျွမ်းနှင့် သူ့ညီများကလည်း သူ့အတွက် ဝမ်းသားအားရ ဖြစ်ခဲ့ကြသည်။
“ကဲ၊ ငါနဲ့ မြန်မြန်လေး လိုက်ခဲ့ကြဦး။ တရားသူကြီးမင်းကို မစောင့်ရစေနဲ့။”ဟု ပြောကာ ရွာသူကြီး လီကျန်းသည် ဝမ်အာကို ခရိုင်ရုံးသို့ အလျင်အမြန် ဆွဲခေါ်သွားခဲ့သည်။
ထိုအချိန်အတောအတွင်းတွင် တင်းသားအဖတို့သည် လုံး၀ပင် ကြက်သေ သေကာ အံအားသင့်သွားခဲ့သည်။
လွန်ခဲ့သည့် လဝက်ခန့်က စားပွဲပေါ်တွင် အစားအသောက်များ မတင်ခဲ့နိုင်လောက်အောင်ပင် ဆင်းရဲနွမ်းပါးခဲ့သည့် လီယောင်သည် ယခုခဲ့သို့ ငွေအများကြီး ရှာလာနိုင်လိမ့်မည်ဟု သူတို့ တခါမျှ မထင်ထားခဲ့ချေ။ အိမ်ထောင်မပြုနိုင်သည့်အတွက် ဘ၀တစ်လျှာက်လုံး သူတို့ လှောင်ပြောင်သရော်ခဲ့သည့် ဝမ်အာကို ယခုအခါ ခရိုင်တရားသူကြီးမှ ကိုယ်တိုင်ကိုယ်ကျ ချီးမွမ်းခဲ့သည်။
ဤအခိုက်အတန့်တွင် လူအိုကြီးတင်းသည် သူ၏အူများ အစိမ်းရောင် ပြောင်းသွားသည်အထိ အလွန်အမင်းကို နောင်တရခဲ့သည်။
သူသည် ဒါတွေအားလုံးကို စောစောသိခဲ့ပါက စေ့စပ်ပွဲ ဖျက်သိမ့်မည့်အစား အသေသာ ခံလိုက်ပေမည်။
သို့သော် တင်းရှောင်ရန်သည် လျင်လျင်မြန်မြန်ပင် တည်ငြိမ်လာခဲ့သည်။ သူမသည် ယွမ်မိသားစုတွင် လက်ထပ်ပြီး ယွမ်ကျင်းယု၏ ဇနီးသည်ဖြစ်လာခြင်းသည် မှန်ကန်သည့် ရွှေးချယ်မှုတစ်ခုကို သူမပြုလုပ်ခဲ့သည်ဟု ခိုင်မာစွာ ယုံကြည်ခဲ့သည်။ ထိုဟာသည် ဝမ်မိသားစုမှာ လက်ထက်တာထက် သေချာပေါက် ပိုကောင်းပေလိမ့်မည်။
……………………………..
စုန့်တရားသူကြီးမင်းသည် ထူးထူးခြားခြား စိတ်သဘောထား ကောင်းမွန်နေခဲ့သည်။ ရွာသူကြီး ဝမ်ကျားဖူက ဝမ်အာကို ခေါ်ဆောင်လာခဲ့သည့် အချိန်တွင် သူသည် သူ၏ စာကြည့်ခန်းတွင် စာရွက်စာတမ်းများကို ပြန်လည်သုံးသပ်နေခဲ့ပါသည်။
သူသည် ယခင်တစ်ခါက ဝမ်အာနှင့် တစ်ကြိမ်တွေ့ဆုံခဲ့ဖူးပြီး မေးခွန်းတချို့ မေးခဲ့သည်။ ဝမ်အာသည် ၎င်းတို့အားလုံးကို ကျွမ်းကျွမ်းကျင်ကျင် ဖြေဆိုခဲ့ပြီး ပြီးပြည့်စုံသည် ယဉ်ကျေးရည်မွန်သည့် အပြုအမှုများဖြင့် စနစ်တကျ ပြောဆိုခဲ့သည့်အတွက် ဝမ်အာကို ကောင်းမွန်သည့် သဘောထားတစ်ခု ရှိခဲ့သည်။
ထို့အပြင် ပိုင်ချွမ်းခရိုင်မှ လူများအတွက် သောက်သုံးရေ ပြဿနာကို ယခုတစ်ခေါက်တွင် ဖြေရှင်းနိုင်ခဲ့သည်နှင့်အတူ သူ၏ နိုင်ငံရေးအောင်မြင်မှုသို့ ပြင်းထန်သည့် ပထမဆုံး ရိုက်ချက်ကို ထည့်ပေါင်းကာ သူသည် ဝမ်အာကို ပိုကောင်းသည့် အမြင်ဖြင့် မြင်ခဲ့သည်။
သူ၏ အသုံးအဖြုန်းကြီးသည့် သားနှင့်နှိုင်းယှဉ်ပါက ဝမ်အာသည် နေရာတိုင်းတွင် ပိုမိုကောင်းမွန်ခဲ့သည်။
“စိတ်လှုပ်ရှားစရာ မလိုပါဘူး”ဟု စုန့်တရားသူကြီးမင်းသည် ညင်သာစွာ မေးခဲ့သည်။ “ဝမ်အာ၊ မင်း ဘယ်မှာ စာသင်နေတာလဲ။”
“တရားသူကြီးမင်းခင်ဗျာ၊ ကျွန်တော့်မျိုးအမေက ကျွန်တော်မျိုးကို အိမ်မှာ သင်ဖို့ သီးသန့်နည်းပြဆရာတစ်ယောက် ငှားခဲ့ပါတယ်ခင်ဗျာ”ဟု ဝမ်အာက ပြန်ဖြေခဲ့သည်။
အိမ်မှာသင်တဲ့ နည်းပြဆရာတစ်ယောက်လား။
စုန့်တရားသူကြီးမင်းသည် မြို့တော်မှ လာသူဖြစ်ပြီး သဘာ၀အားဖြင့် သီးသန့်နည်းပြဆရာငှားခြင်းနှင့် အသားကျနေကျဖြစ်သည်။
သို့သော် ဤနေရာသည် ခေါင်းပါးသည့် ပိုင်ချွမ်းခရိုင် ဖြစ်သည်လေ။
ဒါ့အပြင် ဝမ်အာ၏ဖခင်သည် ကွယ်လွန်သွားခဲ့ပြီးပြီ ဖြစ်ကြောင်းကိုလည်း သူကြားသိခဲ့ရသည်။ မိသားစုတွင် ညီအစ်ကိုလေးယောက်ရှိပြီး အစားအသောက်အတွက်ပင် မတတ်နိုင်ခဲ့ပေ။ သို့သော် သူတို့သည် နည်းပြဆရာငှားဖို့အတွက် ငွေကို သုံးချင်နေဆဲပင် ဖြစ်သည်။
“ဒါဆို မောင်မင်းက ဘာလို့ ခရိုင်ကျောင်းကို မသွားခဲ့တာလဲ။”
“ကျွန်တော်မျိုး သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက ဆရာလျှို့ ပြောခဲ့တာက…” ဝမ်အာသည် တခဏမျှ စဉ်းစားခဲ့ပြီးနောက် ဆက်ပြောခဲ့သည်။ “ကျွန်တော်မျိုးက အကျင့်မကောင်းလို့ ပြောပြီး သူက လက်ခံဖို့ ငြင်းခဲ့လို့ပါ။”
“အဓိပ္ပါယ်မရှိလိုက်တာ။”
စုန့်တရားသူကြီးမင်းသည် လွှတ်ကနဲ ဆဲဆိုခဲ့သည်။
ရေတွင်းတူးစဉ်တလျှောက်လုံး သူသည် ဝမ်အာကို အချိန်ပြည့် စောင့်ကြည့်နေခဲ့သည်။
သူ၏လက်အောက်ငယ်သားများ ပြန်လာသည်နှင့်တပြိုင်နက် သူသည် ထိုအကြောင်းကို မေးခဲ့သည်။ ထိုရေတွင်းများ တူးနေသည့် အချိန်အတောအတွင်း ဝမ်အာသည် တစ်ချိန်လုံး ဝီရိယရှိရှိနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်ခဲ့သည်။ သူသည် ပင်ပန်းလာသည့်အချိန်တွင် ကောက်ရိုးဖျာပေါ်တွင် ခဏမျှ တမှေးအိပ်ကာ ရက်ပေါင်းအတော်ကြာအောင် အိမ်သို့မပြန်ခဲ့ပေ။ သူသည် တစ်စက်လေးမျှပင် မညည်းညူခဲ့ချေ။
ဤကဲ့သို့ လိမ္မာသည့် ကလေးသည် မည်သို့ အကျင့်ပျက်နိုင်မည်နည်း။
ထို့အပြင် သူသည် သူ၏ ကိုယ်ပိုင်ထင်မြင်ယူစချက်အပေါ် ယုံကြည်မှု ရှိသည်။ သူသည် သေချာပေါက် အမှား လုပ်မိလိမ့်မည် မဟုတ်ချေ။
ကြည့်ရသည်မှာ သူသည် ဤခရိုင်ကျောင်းသို့လည်း စုံစမ်စစ်ဆေးရန် အချိန်ရှာရဦးမည့် ပုံပေါ်သည်။
ကံကောင်းထောက်မစွာဖြင့် ကလေး၏အမေသည် သီးသန့်နည်းပြဆရာကို ငှားယူရန် ငွေသုံးစွဲရန် အမြော်အမြင် ရှိသည့်အတွက် သူ၏ပညာသင်ယူမှုသည် မနှောင့်နှေးခဲ့ချေ။
“ဒီငွေဆယ်ချောင်းက မောင်မင်းရဲ့ ဆုလာဘ်ပဲ။”
“ကျေးဇူးကြီးလှပါပေတယ်၊ ခရိုင်တရားသူကြီးမင်းခင်ဗျာ။”
နှစ်ယောက်သား ထွက်သွားသောအခါ စုန့်တရားသူကြီးမင်းသည် ပို၍ပင် သိချင်စိတ် ပြင်းပြလာခဲ့သည်။ အော့ကြောလန်နှင့် လူနုံလူအဟု သိကြသည့် အမျိုးသမီးတစ်ယောက်သည် ဤကဲ့သို့ စဉ်းစားချင့်ချိန်တတ်သည့် အသိဉာဏ်ရှိသော သားတစ်ယောက်ကို မည်သို့များ မွေးမြူနိုင်မည်နည်း။
သူသည် ဤအကြောင်းကို တစိမ့်စိမ့် တွေးနေတုန်း ခရိုင်တရားသူကြီးမင်း၏ ဇနီးသည် ရောက်လာခဲ့သည်။ “သခင်ကြီး၊ စားဖို့အချိန်ရောက်ပြီလား။”
“အင်း”
သူ၏ ရှားရှားပါးပါး အစာစားချင်စိတ်ကို မြင်သောအခါ ခရိုင်တရားသူကြီးမင်း၏ ဇနီးသည်သည် အစားအသောက်များကို လျင်မြန်စွာ ထုတ်ယူလာခဲ့သည်။
“ကျွန်မ ဟယ်စားသောက်ဆိုင်က ဘဲနှပ်တစ်ချို့ ဝယ်လာတယ်။ မြန်မြန်လေး စမ်းကြည့်ပါဦး။”
ဤသည်မှာ ခရိုင်တရားသူကြီးမင်း၏ ဘဲသားနှပ်ကို ပထမဆုံးအကြိမ် စားခြင်းဖြစ်သည်။
တစ်ချက်မျှ ကိုက်လိုက်ရုံဖြင့် အသားသည် နူးညံကာ နူးအိနေပြီး အသားနှပ်ဆော့ရည်သည်လည်း ရနံမွှေးပြီး အရသာထူးကဲလှသည်။ သူသည် မချီးမွမ်းပဲ မနေနိုင်တော့ချေ။ “ဒီဘဲသားနှပ်ရဲ့ အရသာက မြို့တော်က ချွမ်ကျုဖူ စားသောက်ဆိုင်ရဲ့ ပီကင်ဘဲကင်နဲ့တောင် ယှဉ်လို့ရတယ်။”
“ဒါက ၀မ်အာရဲ့အမေ ဟဲဝမ်ရွာက လီလို့ခေါ်တဲ့ အမျိုးသမီးက လုပ်ထားတာတဲ့။”ဟု ခရိုင်တရားသူကြီးမင်း၏ ဇနီးက ပြောခဲ့သည်။ “’ဒီလို အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို လုပ်နိုင်တယ်ဆိုရင် ဒီအမျိုးသမီး”လီ”က တော်တော့်ကို အရည်အချင်းရှိပြီး လုပ်နိုင်စွမ်း ရှိပုံရတယ်။”
စုန့်ခရိုင်တရားသူကြီးမင်းသည် အသာအယာ ခေါင်းငြိမ့်ပြခဲ့သည်။
ဤကဲ့သို့ အရသာများ ထုတ်လုပ်နိုင်ပါက သူမ ငွေအနည်းငယ် ရှာနိုင်မည်မှာ သဘာ၀ပင် ဖြစ်သည်။
“အိုး.. ဟုတ်သား။ ဒီမှာ နောက်တစ်မျိုးလည်း ရှိသေးတယ်။”
ခရိုင်တရားသူကြီးမင်း၏ ဇနီးသည်သည် ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ နှစ်ဗူးကို ထုတ်ယူခဲ့ပြီးနောက် စားပွဲပေါ်သို့ တင်ခဲ့သည်။
“အဲဒါက ဘာလဲ။”
“ဒါက ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီပါ”ဟု ခရိုင်တရားသူကြီးမင်း၏ ဇနီးက ပြန်ဖြေခဲ့သည်။ “ကျွန်မစမ်းပြီးသွားပြီ။ ဒါက ပိုးမွှားတွေကိုက်လို့ ယောင်တာတွေ ယားတာတွေကို ချက်ချင်းသက်သာစေတယ်။ ပုံမှန် နည်းနည်းလိမ်းပေးရုံနဲ့ ပိုးမွှားတွေကို ကာကွယ်နိုင်တယ်။ ပြီးတော့ စိတ်ကိုလည်း လန်းဆန်းသွားစေတယ်။”
“မင်းအတွက် မင်းဖာသာ သုံးလေ။ ငါ့ကိုလာပေးနေတာ ဘာလို့လဲ။”
သူနားမလည်သေးသည်ကို မြင်သောအခါ ခရိုင်တရားသူကြီးမင်း၏ဇနီးက သတိပေးခဲ့သည်။ “’ဒီလို အံဩဖို့ကောင်းတဲ့ ပစ္စည်းမျိုး မြို့တော်မှာ တွေ့ဖူးတာမျိုး ရှိလား။”
စုန့်ခရိုင်တရားသူကြီးမင်းသည် ခတခဏမျှ စဉ်းစားခဲ့သည်။ မြို့တော်တွင် ဤကဲ့သို့ ပုံစံတူသည့် လိမ်းဆေးဆီများ ရှိသော်လည်း ဤတစ်ခုကဲ့သို ချက်ချင်းအမြန် အကျိုးသက်ရောက်မှု မရှိပေ။
“သာမန်ပြည်သူတွေကြားထဲမှာ ဖုန်းကွယ်ထားတဲ့ အရည်အချင်းတွေ ရှိနိုင်တယ်။ ဒါကို ကြီးကြီးကျယ်ကျယ် အရေးကြီးခွင်ကျယ် လုပ်ဖို့ ဘာမှမရှိဘူး။”
“သခင်ကြီး၊ ကျွန်မရဲ့ ဆိုလိုရင်းကို အခုထိ နားမလည်သေးဘူးလား။”ဟု ခရိုင်တရားသူကြီးမင်း၏ဇနီးက ပြောခဲ့သည်။
“ရှင့်ကို ဒီလိုဝေးလံခေါင်သီတဲ့အရပ်မှာ ရာထူးလျော့လိုက်တယ်။ ကြီးကျယ်ခမ်းနားတဲ့ ပြီးမြောက်မှုတွေ မရှိဘူးဆိုရင် မြို့တော်ကို ပြန်ဖို့ဆိုတာ ကောင်းကင်ဘုံကို ရောက်တာထက် ပိုခက်မှာ ကျွန်မကြောက်တယ်။ ဒါပေမဲ့ ဆန္ဒရှိရင် နည်းလမ်းရှိစမြဲပါ။ ဒီဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီက အခွင့်အရေးတခုပဲ။ မြို့တော်ကို နည်းနည်းပြန်ပို့လိုက်ပါ။ တစ်ယောက်ယောက်က တော်ဝင်ကိုယ်လုပ်တော်တွေကို ဒါကို လက်ဆောင် ရသွားပါစေ။ မိဖုရားခေါင်ကြီးရဲ့ အလေးပေးမှုကိုသာ ရခဲ့မယ်ဆိုရင်…..”
“မဖြစ်နိုင်ဘူး။”ဟု စုန့်တရားသူကြီးမင်းသည် ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့သည်။ “စုန့်ဆိုတဲ့ငါက ဘာဖြစ်လို့ ဒီလိုအပြုအမူမျိုးနဲ့ အလိုလိုက်အကြိုက်ဆောင်ရမှာလဲ။ ဒီကိစ္စကို ထပ်မပြောနဲ့တော့။”
သူက အတွင်တွင်ငြင်းနေသည်ကို မြင်ရသောအခါ ခရိုင်တရားသူကြီးကတော်သည် သက်ပြင်းသာ အသာအယာချခဲ့တော့သည်။
အမျိုးသမီးလီ၏ ငန်းနှပ်က မည်မျှပင် အရသာရှိနေပါစေ၊ ဆေးဖက်ဝင် မြက်စိမ်းလိမ်းဆေးဆီ၏ အာနိသင်သည် မည်မျှပင် အံဖွယ်ထူးနေပါစေ၊ ဤပိုင်ချွမ်းခရိုင်သည် မြို့တော်၏ သာယာ၀ပြောမှုကို မည်သည့်အခါမှ မနှိုင်းယှဉ်နိုင်ခဲ့ချေ။
သူမ၏ စိတ်ပျက်လက်ပျက်နှင့် ဝမ်းနည်းပက်လက်ပုံစံကို မြင်ရသောအခါ စုန့်တရားသူကြီးမင်းသည် ညင်သာစွာ နှစ်သိမ့်ခဲ့သည်။ “စိတ်ချပါ ရှင်မရယ်။ ငါ ဒီပိုင်ချွမ်းခရိုင်မှာ သေချာပေါက် တစ်ခုခုကို ပြီးမြောက်အောင် လုပ်မှာပါ။ နောက်နှစ်အနည်းငယ်ကြာရင် ငါတို့ ပြန်သွားနိုင်မှာပါ။”
“အဲလိုပဲ မျှော်လင့်ပါတယ်ရှင်။”
“ကောင်းပါပြီ။ ဒီလို အံ့ဘနန်း အာနိသင်ရှိတဲ့ လိမ်းဆီမွှေးကို မင်း ဘယ်ကနေ ဝယ်လာတာလဲ။”
“ကျိုး အလှကုန်ဆိုင်က”ဟု ခရိုင်တရားသူကြီးကတော်က ပြောခဲ့သည်။ “ဒါကလည်း ဟဲဝမ်ရွာက အမျိုးသမီးလီ လုပ်တာပဲလို့ ကျွန်မကြားခဲ့တယ်။”
နောက်ထပ်တစ်ခါ သူမပဲလား။
စုန့်တရားသူကြီးမင်းသည် အနည်းငယ်မျှ အံအားသင့်သွားခဲ့သည်။
ရေတွင်းများ တူးနိုင်ပြီး တွင်းတိုင်းက ရေထွက်သည်။
နာမည်ကျော်ကြားသည့် ချွမ်ကျုဖူနှင့် နှိုင်းယှဉ်နိုင်သည့် ဘဲသားနှပ် ပြုလုပ်နိုင်သည်။
ချက်ချင်းသက်သာစေနိုင်စွမ်း ရှိသည့် လိမ်းဆေးဆီကို ပြုလုပ်နိုင်သည်။
ဤကိစ္စသုံးခုကို သီးခြားကြည့်ပါက ဂရုစိုက်စရာ အများကြီး မရှိပုံပေါ်သည်။
သို့သော် သုံးမျိုးစလုံးကို လူတစ်ယောက်တည်းက ဇောက်ချလုပ်ကိုင်နေပြီး ထိုသူမှာလည်း အော့ကြောလန်သည့် လူနုံလူအတစ်ယောက်အဖြစ် နာမည်ကျော်ကြားသူဖြစ်ပြီး အတော်လေးပင် မယုံနိုင်စရာ ကောင်းလာခဲ့သည်။
ဤအမျိုးသမီးလီသည် ဘယ်လိုအကျင့်စရိုက်ရှိတဲ့သူပါလိမ့်…