အပိုင်း ၂၄
Viewers 8k


အခန်း (၂၄) ဖာရာရီနှင့် ထွန်စက်


နွားများသည် အဖိုးတန်ကာ စျေးကြီးသည်။


အရွယ်ရောက်ပြီးသား ရေကျွဲတစ်ကောင်သည် ဝမ် ၁၀၀၀၀ ထက်မနည်း ကုန်ကျမည် ဖြစ်သည်။ ထိုကြောင့် များသောအားဖြင့် မျိုးနွယ်စုကြီးတစ်ခုတွင် နွားတစ်ကောင်သာ မွေးမြူပြီး ထွန်ယှက်ရန်အတွက် အလှည့်ကြ အသုံးပြုကြသည်။ အစာကျွေးရန်အတွက်လည်း သူတို့သည် အလှည့်ကျ တာဝန်ယူကြသည်။


မတတ်နိုင်ကြသူများသည် သူတို့၏လယ်ကွင်းများကို ထွန်ယှက်ရန်အတွက် တခြားသူများကိုသာ ငွေပေးကာ လုပ်ဆောင်ကြရသည်။


လီယောင်အတွက်မူ နွားဝယ်ရင် ကောင်းမလား၊ မြင်းဝယ်ရင် ကောင်းမလားဆိုပြီး ချီတုံ့ချတုံ ဖြစ်နေခဲ့သည်။


“တာ့ကျွမ်းရေ၊ သား ဘယ်လိုတွေးလဲ။”


“နွားဝယ်တာက ပိုကောင်းတာပေါ့။”ဟု တာ့ကျွမ်းက ပြောခဲ့သည်။ “နွားတွေက လှည်းလည်းဆွဲနိုင်တယ်၊ လယ်လည်းထွန်နိုင်တယ်။ မြင်းတွေကတော့ မလုပ်နိုင်ဘူးလေ။ လယ်ထွန်ဖို့အတွက် အဖွားအားပေါ်တို့ မိသားစုဆီကနေ ငှားနေရဦးမှာ။”


လယ်သမားကလေးသည် လယ်သမားကလေးသာ ဖြစ်ပေသည်။


ထွန်စက်နှင့် ဖာရာရီကြား တခုကို ရွေးခိုင်းပါက လယ်ထွန်စက်ကိုသာ သူရွေးချယ်လိမ့်မည် ဖြစ်သည်။


နောက်ဆုံးတွင် တာ့ကျွမ်းသည် အသက်တစ်နှစ်ခွဲခန့်ရှိပြီး ဝမ်၆၀၀၀ကျသည့် အဝါရောင် နွားငယ်လေးကို ရွေးချယ်ခဲ့သည်။ ယခုအခါ လှည်းဆွဲရန်အတွက် အသုံးပြုနိုင်မည်ဖြစ်ပြီး လာမည့်နှစ်တွင် လယ်ထွန်ဖို့အတွက် အံကိုက်ဖြစ်ပေလိမ့်မည်။


“အခုကစပြီး မင်းပဲ ဂရုစိုက်ရတော့မှာနော်။”


“အိုး…..”


သူ့ကိုယ်ပိုင်နွားလေး ရှိလာသည့်အခါ တာ့ကျွမ်းသည် ဇနီးတစ်ယောက် ရသကဲသို့ပင် စိတ်လှုပ်ရှားနေခဲ့သည်။ နွားငယ်လေး၏ နောက်ကျောပေါ်တွင် လှည်းကို ဂရုတစိုက်တင်ခဲ့ပြီး တဖြည်းဖြည်း ဆွဲရင်းလမ်းလျှောက် သွားစေခဲ့သည်။


ဝါဂွမ်းလုံးလေးများကဲ့သို့  အမွေးနုလေးများနှင့် အကောင်ပေါက်လာသည့် ကြက်ကလေးများလည်း စျေးထဲတွင် ရှိသည်။ ဝမ်ရှောင်စစ်က လှမ်းကြည့်နေသည်ကို လီယောင် သတိထားမိခဲ့သည်။


“မင်းကော ကြက်မွေးချင်လား။”


“မေမေ၊ မေမေလိုချင်ရင် ဝယ်လေ။”


“မေမေ မင်းအတွက် ဝယ်ပေးလို့ရတယ်။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ မင်း သူတို့ကို ကောင်းကောင်း ဂရုစိုက်ပေးဖို့တော့ လိုလိမ့်မယ်။”


“စိတ်မပူပါနဲ့။ သား သူတို့ကို သေချာပေါက် ဂရုစိုက်မှာ။”


ဝမ်ရှောင်စစ်က ငယ်သေးသည့်အတွက် လီယောင်သည် အများကြီးဝယ်ရန် မရည်ရွယ်ခဲ့ချေ။


“ကြက်လေးတွေက တစ်ကောင် ဘယ်လောက်လဲ။”


“တစ်စုံကို ဝမ်၃၀ပါ။”ဟု ကြက်ဒိုင်က ပြောခဲ့သည်။ “စိတ်မပူပါနဲ့။ သူတို့အကုန်က ကြက်မတွေ၊ ငါ ရွေးထုတ်ခဲ့တာပါ။ ကြက်ဖဆို ပိုက်ဆံပြန်အမ်းမယ်လို့ အာမခံတယ်။”


လီယောက်သည် ကြက်ဖလား ကြက်မလား ဂရုမစိုက်ပေ။ ကြက်ဖသည် အမှန်တကယ် ကြီးထွားမြန်ပြီး အသားသည် အရသာ အနည်းငယ် ပိုရှိသည်။ ကြက်ကလေးများသည် အသက်ဝင်နေသောအခါ သူတို့ထဲမှ အစုံ ၂၀ကို တိုက်ရိုက်ဝယ်ယူခဲ့သည်။ ရောင်းသူသည် ပျော်ရွှင်စွာပင် ဝါးခြင်းတောင်းကို အလကား ပေးခဲ့သည်။


အကြီးဆုံးနှင့် အငယ်ဆုံးအတွက် ယခုအခါ အဖော်လှော်များ ရှိနေခဲ့ပြီ ဖြစ်သည်။ 


တတိယမြောက်လေးအတွက်ကတော့………….


“အမေ” ဟု ဝမ်စန်းအာသည် အာသာငမ်းငမ်းဖြင့် လိုချင်တက်မက်စွာဖြင့် ပြောခဲ့သည်။ “သားတို့ ဝက်နှစ်ကောင် မွေးနိုင်မယ်ထင်တယ်။ သူတို့ကို ကျွေးဖို့ သားနေ့တိုင်း မြက်ခုတ်ပေးမယ်။”


“ဝက်တော့ တစ်ကောင်ပဲ ဝယ်ကြစို့။”ဟု လီယောင်က ပြောခဲ့သည်။ “ဒါပေမဲ့ ချည်ထားလို့ မရဘူးနော်။ လွတ်လွတ်လပ်လပ် စားကျက်မြေမှာ လွတ်ထားရမှာ။ မင်း နေ့တိုင်း မြက်စားဖို့ တောင်ပေါ်ကို ခေါ်သွားရမယ်။ ပြီးရင် အိမ်ကို ပြန်ခေါ်လာရမယ်။ အဲလို လုပ်နိုင်လား။”


“ဘာလို့ ခေါ်သွားရမှာလဲ။”


“အများကြီး မမေးနဲ့”ဟု လီယောင်က ပြောခဲ့သည်။ “မင်း လုပ်နိုင်လား မလုပ်နိုင်ဘူးလားပဲ ပြော။”


“ဒါပေါ့။ သားလုပ်နိုင်တယ်။”


ထို့ကြောင့် လီယောင်လည်း ဝက်ငယ်လေးတစ်ကောင်ကိုလည်း ဝယ်ယူခဲ့သည်။


ယခုအခါ လူတိုင်းသည် လုပ်စရာကိုယ်စီနှင့် သူတို့၏နေ့ရက်များသည် ပို၍ပင် စိတ်ချမ်းသာလာလိမ့်မည် ထင်သည်။


ပြီးနောက် လီယောင်သည် ဆေးဆိုင်သို့သွားကာ သူတို့တွင် ရှိသမျှ ပျားဖယောင်း စုစုပေါင်း ၁၀ကတ်တီကျော်ကို ဝယ်ယူခဲ့သည်။


ဤပျားဖယောင်းများဖြင့် သူတို့သည် နောက်တခါ လိမ်းဆေးဆီကို ပိုမိုပြုလုပ်နိုင်မည် ဖြစ်သည်။


ကျိုးယိုချိုင်အား အကြောင်းပြန်ရန် လိုအပ်သေးသည်ဟု တွေးကာ လီယောင်သည် စျေးတွင် ထမင်းစားရန် ဆုံးဖြတ်ခဲ့သည်။


ဟယ်စားသောက်ဆိုင်သို့ ရောက်သောအခါ လီယောင်၏ မိသားစုသည် အစားအသောက်စားရန် လာသည့်အပေါ် မန်နေဂျာဖန်သည် သဘာ၀အလျောက်ပင် စားပွဲထိုးတစ်ယောက်အား သူတို့အား အပေါ်ထပ်ရှိ သီးသန့်ခန်းတစ်ခုသို့ ခေါ်သွားစေခဲ့သည်။


သို့သော် သူမတို့ ဒုတိယထပ်သို့ ရောက်သွားသောအခါ ရင်းနှီးနေသည့် တစ်စုံတစ်ယောက်ကို သူမ မြင်တွေ့ခဲ့ရသည်။ ဝမ်အာနှင့် စေ့စပ်ကြောင်းလမ်းထားသည့် တင်းရှောင်ရန်ပင် ဖြစ်ပါသည်။ သူမသည် အမျိုးသားငယ်တစ်ဦးနှင့် သီးသန့်အခန်းထဲတွင် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေသည့် သရုပ်သကန်မျိုးနှင့် နီးကပ်စွာ ရှိနေခဲ့သည်။


၎င်းကို လီယောင်မြင်သောအခါ ကလေးများ တွေ့မြင်ခြင်းကို တားဆီးရန် အနည်းငယ် ဖွင့်ထားသည့် တံခါးကို ပိတ်ရန် သူမကိုယ်လုံးကို အသုံးပြုခဲ့သည်။


“ဘယ်လိုလုပ် သူမဖြစ်နေရတာလဲ။”


ဝမ်အာသည် တံခါး၀တွင် ကြက်သေသေသွားခဲ့သည်။ 


သူ့အနာဂါတ်ဇနီးသည်သည် အမှန်တကယ်ပင် တခြားယောကျ်ားတစ်ယောက်နှင့် ရင်းနှီးကျွမ်းဝင်နေခဲ့ပါသည်။ ဝမ်အာသည် အတွင်းထဲမှာ အလွန်အမင်းပင် စိတ်မသက်မသာ ခံစားခဲ့ရပြီး သူ၏မျက်လုံးများတွင် မခံမရပ်နိုင်ဖြစ်ကာ ဒေါသများဖြင့် ပြည့်နေခဲ့ပါသည်။ တာ့ကျွမ်းသည် သူတို့နှင့် ထိပ်တိုက်ဖြေရှင်းရန် သွားတော့မည်ဟု လုပ်နေချိန်တွင် လီယောင်က သူအားတားခဲ့ပြီး ထို့အစား ဘေးဘက်ရှိ သီးသန့်ခန်းထဲသို့ ဦးဆောင်ကာ ခေါ်သွားခဲ့သည်။


ခေတ်မီသည့်သူတစ်ယောက် အနေဖြင့် သူမသည် ဝမ်အာ၏အိမ်ထောင်ရေးကို အလွန်အမင်း ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်ထားခဲ့ပေ။ သူ၏ကိုယ်ပိုင်ဆန္ဒများကို တတ်နိုင်သလောက် အလေးထားပြီး လေးစားသွားမည် ဖြစ်သည်။


“မင်း သူမကို လက်ထပ်ချင်လား။”


နောက်ဆုံးအကြိမ်တွင် တင်းမိသားစု၏ ငြင်းဆိုခြင်းကို ခံရပြီးနောက် ယခုတွင်မူ လီယောင်သည် တင်းရှောင်ရာအတွက် သဘာ၀အလျောက် ခံစားချက်များ မကျန်ရှိတော့ပေ။


“မလိုချင်တော့ဘူး။”


လီယောင်သည် အနည်းငယ် ခေါင်းညိတ်လိုက်တယ်။ ဤသည်မှာ အမြော်အမြင်ရှိသည့် ဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်သည်။


“အရင် စားကြရအောင်။”ဟု လီယောင်က ပြောခဲ့သည်။  “ဒါပြီးမှ စေ့စပ်ပွဲ ဖျက်သိမ်းဖို့ တို့တွေသွားကြမယ်။”


စားသောက်ဆိုင်တွင် အစားအသောက်စားသည်မှာ သူတို့၏ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ လီယောင်သည် ကိုယ်ပိုင်ဟင်းလျာတစ်ချို့ကို မှာယူခဲ့သည်။ အရသာသည် တော်တော်လေး ကောင်းမွန်သည်ဟု သူမခံစားခဲ့ရပြီး သူတို့အားလုံးသည် အားပါးတရ စားခဲ့သကြသည်။ သို့သော် ကလေးများသည် အတွင်းစိတ်တွင် စိတ်ဆိုးမာန်ဆိုး ခံစားနေရဆဲ ဖြစ်သည့်အတွက် အနည်းငယ်သာ စားခဲ့ကြသည်။


ထမင်းစားပြီးသည့်နောက် လီယောင်သည် မန်နေဂျာဖန်ကို တစ်ချို့အချက်အလက်များကို အသေးစိတ် မေးမြန်းခဲ့သည်။


တင်းရှောင်ရန်နှင့်အတူရှိသည့် အမျိုးသားငယ်မှာ ယွမ်မိသားစု၏ အကြီးဆုံးသား ဖြစ်သူ ယွမ်ကျင်းယုပင် ဖြစ်သည်။


ယွမ်မိသားစုသည် ပိုင်ချွမ်းခရိုင်တွင် မြေဩဇာကောင်းမွန်သည့် လယ်မြေ ရာပေါင်းများစွာ ပိုင်ဆိုင်ထားပြီး ပိုင်ချွမ်းစျေးထဲတွင်လည်း အထည်ဆိုင်တစ်ဆိုင်ရှိသည်။ သူတိုသည် အလွန်ပင် ကြွယ်၀သည်။ သို့သော် ယွမ်ကျင်းယုမှာ လက်ထပ်ထားခဲ့ပြီးပြီဖြစ်သည်။ ပဓာန ဇနီးသည်အပြင် ကိုယ်လုပ်တော်နှစ်ဦးလည်း ရှိသည်။ သူသည် မကြာခဏဆိုသလို ဆောင်ကြာမြိုင်သို့ လာလေ့ရှိပြီး တစ်ညလုံး နေလေ့ရှိသည်ဟု ကောလဟာလတွေ ရှိခဲ့သည်။


စားသောက်ပြီးသောအခါ လီယောင်သည် ဟယ်မိသားစုစားသောက်ဆိုင် အပေါက်၀တွင် စောင့်နေစဉ် ကလေးများကို လှည်းအရင် ဆွဲသွားခိုင်းခဲ့သည်။ 


သိပ်မကြာခင်မှာပင် တင်းရှောင်ရန်နှင့် ယွမ်ကျင်းယုတို့သည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။


လီယောင်ကို ရုတ်တရက် မြင်လိုက်သောအခါ ပထမတော့ အနည်းငယ်မျှ ထိတ်လန့်သွားခဲ့သည်။ လီယောင်က ဘယ်လို အရိုင်းအစိုင်း အော့ကြောလန်အမျိုးအစားဆိုတာကို သူမ သိသည်။ 


သို့သော် ပြန်စဉ်းစားလိုက်သောအခါ သခင်လေးယွမ်သည် သူမကို လက်ထပ်ရန် သဘောတူခဲ့ပြီး ဖြစ်သည်။ သူသည် ရက်ရောစွာဖြင့် ခန်းဝင်ပစ္စည်းများကို စီစဉ်ပေးရုံသာမက စေ့စပ်ကြောင်းလမ်းမှုကိုလည်း ဖြေရှင်းပေးမည်ဟု ကတိပေးခဲ့သည်။ ထို့ကြောင့် သူမသည် မာန်တက်စွာဖြင့် ခေါင်းကိုမော့ကာ လျှောက်လာခဲ့သည်။


“အဒေါ်လီ၊ တိုက်ဆိုက်လိုက်တာ။”


“တိုက်ဆိုင်တာ မဟုတ်ဘူး။ ငါ နင့်ကို ဒီမှာ စောင့်နေတာ အတော်ကြာပြီ။”ဟု လီယောင်က ဆိုခဲ့သည်။ “တင်းရှောင်ရန်၊ နင်ဘာတွေလုပ်နေတာလဲ နင်သိလား။”


သူမ၏ မေးခွန်းများနှင့် ရင်ဆိုင်နေရသော်လည်း တင်းရှောင်ရန်သည် လုံး၀ပင် နောက်မဆုတ်ပဲ “ကျွန်မ အခုထိ ရှင်တို့ ဝမ်မိသားစုနဲ့ လက်မထပ်ရသေးဘူး။ အခုထိ ရှင်တို့ထဲက တစ်ယောက် မဟုတ်သေးဘူး။ ရှင့်ကိုရှင် ဘောင်ကျော်နေတယ်လို့ မထင်ဘူးလား။”


ယွမ်ကျင်းယုကလည်း လမ်းလျှောက်လာခဲ့ပြီး တင်းရှောင်ရန်ကို ပြောခဲ့သည်။ “ ဘာဖြစ်လို့ မင်းက ဒီလို ရူးကြောင်ကြောင် ရွာသမကို အများကြီး ပြောနေရတာလဲ။”


“အဒေါ်လီ၊ ဒီနေ့ပဲ ဒါကို ရှင်းရှင်းလင်းလင်း လုပ်ရအောင်။” သူမ၏ ကျောထောက်နောက်ခံ အမျိုးသား၏ ရဲဆေးတင်ပေးမှုကြောင့် တင်းရှောင်ရန်က ပြောခဲ့သည်။ “အာဏာပိုင်တွေဆီကို သွားရမယ်ဆိုရင်တောင် ကျွန်မက သေချာပေါက် ရှင်တို့ မိသားစုကို လက်ထပ်မှာ မဟုတ်ဘူး။ ကျွန်မတို့အိမ်ကိုလာပြီး ပြဿနာလာရှာချင်တယ်ဆိုလည်း ရှင်စိတ်ရှိတဲ့အတိုင်း လုပ်ဖို့ ကျွန်မအဖေက ပြောတယ်။”


လီယောင်က တိတ်တဆိတ် ရယ်ခဲ့ပြီး  “နင် သေချာလား။”


“ဒါပေါ့။ သိပ်သေချာတယ်။ ကျွန်မက သခင်လေးယွမ်ကို လက်ထပ်မှာ။”ဟု တင်းရှောင်ရန်က ပြောခဲ့သည်။ 


“ယွမ်မိသားစုအကြောင်းကို ရှင်သိကောသိရဲ့လား။ သူတို့တွေက မြေဩဇာကောင်းတဲ့ လယ်ကွက် ၅၀၀နဲ့ စျေးထဲမှာ အထည်ဆိုင်တစ်ဆိုင် ပိုင်တယ်။ ခရိုင်တရားသူကြီးကတောင် သူတို့ကို မျက်နှာသာတစ်ချို့ ပေးရတယ်။ ရှင်တို့ ဝမ်မိသားစု ယှဉ်နိုင်လား။”


တင်းရှောင်ရန်သည် စကားပြောနေစဉ်မှာပင် သူမ၏အိတ်ထဲမှ ဆေးမွှေးဆီတစ်ဗူးကို ထုတ်ယူခဲ့သည်။


“ဒါဘာလဲ ရှင်သိလား။ ဆေးမွှေးဆီလို့ခေါ်တယ်။ သူ ကျွန်မအတွက် ဝယ်ပေးခဲ့တာ။ ဒီဗူးသေးသေးလေးကိုတောင် ငွေ၅ချောင်း ပေးခဲ့ရတယ်။ ရှင်တို့ဝမ်မိသားစုက တစ်နှစ်မှာတောင် အဲလောက်များများ မရှာနိုင်ဘူး။”


လီယောင်………


နင်ပျော်နေသရွေ့ ကောင်းပါပေတယ်။


သူမတို့၏ ငွေရှာနိုင်စွမ်းအကြောင်းကို တင်းမိသားစု သိသွားပါက ဘယ်လိုပင်ဖြစ်ဖြစ် သူတို့၏ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် ငြင်းဆိုလိမ့်မည်ကို သူမသည် ယခင်က စိုးရိမ်နေခဲ့ဖူးသည်။ ထိုစိုးရိမ်ပူပန်မှုသည် မလိုအပ်သည့် ပုံပေါ်သည်။


စေ့စပ်ပွဲကို မြန်မြန်ဆန်ဆန်ပင် ဖျက်သိမ်းပြီး ၎င်းကို ပြီးဆုံးစေမည် ဖြစ်သည်။


“နင်က ငါတို့မိသားစုကို လက်မထပ်ချင်ဘူးဆိုတော့လည်း ငါ နင့်ဆန္ဒကို ခွင့်ပြုပေးမယ်။”ဟု လီယောင်က ပြောခဲ့သည်။ 


“မင်းအဖေကို သွားခေါ်လိုက်၊ အခုပဲ စေ့စပ်ပွဲကို ဖျက်သိမ်းကြစို့။”


ဤသည်ကို ကြားလိုက်သောအခါ တင်းရှောင်ရန်သည် အလွန်ပင် ပျော်သွားခဲ့သည်။


သူမသည် သာမာန်ကာလျှံကာဖြစ်သည့် စကားလုံးတစ်ချို့နှင့် ဤအော့ကြောလန် အမျိုးသမီးသည် စေ့စပ်ပွဲ ဖျက်သိမ်းရန် အမှန်တကယ် သဘောတူလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။


လီယောင်ကို ယွမ်မိသားစု၏ အရှိန်အဝါက ခြိမ်းခြောက်နေသည် ဖြစ်ပေမည်။ သူမအတွက် ကိစ္စရပ်များကို ခက်ခဲအောင် မလုပ်ဝံ့တော့ချေ။ သူမသည် ယွမ်ကျင်းယုအား အမည်မဖော်ပြနိုင်သည့် ပျော်ရွှင်မှုများအပြည့်နှင့် လေးလေးနက်နက် စိုက်ကြည့်ခဲ့သည်။


“ကိုယ့်နေရာ ကိုယ်သိသားပဲ။”ဟု ယွမ်ကျင်းယုက ပြောခဲ့သည်။ “ရှောင်ရန်၊ မင်းအဖေက အခုစျေးထဲမှာ မဟုတ်လား။ ငါ တစ်ယောက်ယောက်ကို သွားခေါ်ခိုင်းလိုက်မယ်။”


သိပ်မကြာခင်မှာပင် တင်းရှောင်ရန်၏ ဖခင်ကို မိသားစု အစေခံများက ခေါ်ဆောင်လာခဲ့သည်။ သူတို့သည် ဟယ်စားသောက်ဆိုင်တွင် စားပွဲတစ်ခုကို ငှားကာ ချက်ချင်းပင် ဖျက်သိမ်းသည့် သဘောတူညီချက်စာချုပ်ကို ရေးသားခဲ့သည်။


ဖျက်သိမ်းသည့် သဘောတူညီချက်စာချုပ်ကို သူမရရှိသည့် အခိုက်အတန့်တွင် တင်းရှောင်းရန်သည် ပြီးပြည့်စုံသည့် ပျော်ရွှင်မှုကို သူမ ရရှိနေခဲ့ပြီဟု ခံစားခဲ့ရသည်။


ယွမ်မိသားစုနှင့် လက်ထပ်ပြီး ယွမ်ကျင်းယု၏ ဇနီးသည်ဖြစ်လာရန် သူမကို မည်သူမှ မတားဆီးနိုင်တော့ပေ။ မည်သူမှ သူမသည် ရွှေရောင်ဖီးနစ်ငှက် ဖြစ်လာပြီး ကြီးမြတ်လာသည်ကို မတားနိုင်တော့ပေ။


အဖေတင်းသည်လည်း ထူးထူးကဲကဲ အောင်နိုင်သည်ဟု ခံစားရကာ ကြေးဒင်္ဂါးငါးရာကို စားပွဲပေါ်သို့ သဘောထားကြီးစွာ ပစ်တင်ခဲ့သည်။ “ဒါက လက်ထပ်လက်ဆောင်။ မင်းကို ပြန်ပေးလိုက်မယ်။ အခုချိန်ကစပြီး ငါတို့မိသားစုတွေနဲ့ အချင်းချင်း ဘာမှ မဆိုင်ကြတော့ဘူးနော်။”


ဤသည်ကို မန်နေဂျာဖန် မြင်သောအခါ မရယ်ပဲ မနေနိုင်ခဲ့ချေ။


ဤတင်းမိသားစုသည် လူအလူနများပင် ဖြစ်ရမည်။


ယခုအခါ အမျိုးသမီးလီ၌ တစ်နေ့တာဝင်ငွေသည် ငွေဆယ်ချောင်းအနည်းဆုံးရှိသည်ကို သူတို့များ မသိကြဘူးလား။


သူတို့ လုံး၀ မသိကြသည်မှာလည်း သာမန်ပင် ဖြစ်သည်။


တင်းမိသားစုသည် စျေးသို့ ခဏခဏလာလေ့ မရှိသည့်အတွက် အမျိုးသမီးလီ ငွေကြေးမည်မျှ ရရှိနေသည်ကို သူတို့ သတိမမူမိခဲ့ကြပေ။


ထို့ကြောင့် သူသည် ရှေ့သို့တက်လာပြီး မေးခဲ့သည်။ “အမျိုးသမီးလီ၊ ဒီမှာ ပြီးသွားပြီလား”


“ပြီးသွားပါပြီ။ ဘာဖြစ်လို့လဲ။”


“’ဒီလိုပါ။ လျှို့ဝန်ထမ်းရဲ့ မိသားစုက နှစ်ရက်အတွင်းမှာ တစ်လပြည့်အခမ်းအနား ကျင်းပမှာ။ သူတို့က သေသေချာချာ ဘဲကင်အကောင် ၃၀ တောင်းထားလို့ ကျွန်တော် ကြိုပြီး အမှာစာ တင်ထားချင်လို့ပါ။”ဟု မန်နေဂျာဖန်က ပြောခဲ့ပြီး ပေါ့ပေါ့ပါးပါးပင် စားပွဲပေါ်သို့ ငွေချောင်းနှစ်ဆယ် တင်ခဲ့သည်။ “ဒါက စရံငွေပါ။ ကျေးဇူးပြုပြီး ယူပေးပါဦးခင်ဗျာ။”


“အမ်.. မှတ်ထားလိုက်ပါမယ်။ ကျေးဇူးတင်ပါတယ်။”


“ကောင်းပါပြီ။ ကောင်းပါပြီ။”


စားပွဲပေါ်ရှိ ငွေချောင်းများကို မြင်သောအခါ အဖေနှင့်သမီး နှစ်ယောက်လုံး အမူအယာ ပြောင်းသွားခဲ့သည်။


ငွေချောင်း နှစ်ဆယ်။


ထိုဟာသည် ငွေချောင်း ၂၀ ဖြစ်သည်။


ပြီးတော့ စရံငွေသာလျှင် ဖြစ်သည်။ 


ပြီးတော့ အလွန်အမင်း ရေပန်းစားနေသည့် အရသာရှိသည့် ဘဲငန်းနှပ်ကင်ကို လီယောင်က လုပ်ခဲ့တာလား။


ဘယ်လိုများ… ဘယ်လိုများ ဖြစ်နိုင်လိမ့်မည်လဲ။