အပိုင်း ၂၂
Viewers 9k

အခန်း (၂၂) ကန်တော့ပစ္စည်း ခြောက်မျိုး


နေ့ထူးနေ့မြတ် မင်္ဂလာရှိသော အချိန်အခါသို့ ရောက်ရှိပြီ ဖြစ်သည်။


လွီရှို့ချိုက်နှင့် သူ၏ဇနီးသည်တို့သည် သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို ရည်ရွယ်ချက်ရှိရှိ ဝတ်ဆင်ခဲ့ကြသည်။ လီကျန်း၏ ဦးဆောင်မှုဖြင့် သူတို့သည် လီယောင်၏အိမ်သို့ ရောက်လာခဲ့ကြသည်။ 


စာသင်ရန်အတွက် အထူးသီးသန့်  ပြင်ဆင်ထားသည်ကို မြင်ရသောအခါ လွီရှို့ချိုက်သည် သူ့အား ရိုသေလေးစား အလေးထားသည်ဟု ခံစားခဲ့ရပြီး အလွန်အမင်း ကျေနပ်သွားခဲ့သည်။ သူ၏မျက်နှာတစ်ခုလုံး တောက်ပစွာဖြင့် ပြုံးနေခဲ့သည်။ 


ရွာသူရွာသားများကလည်း ခြံဝန်းပတ်ပတ်လည်တွင် အခမ်းအနား၏ သက်ဝင်လှုပ်ရှားမှုများကို ကြည့်ရှုရန်အတွက် အလျင်အမြန် လာခဲ့ကြသည်။


အခမ်းအနားကို ခြံဝင်းထဲတွင် ကျင်းပခဲ့ပါသည်။ လေးထောင့်စားပွဲပေါ်တွင် ဝက်ခေါင်းပြုတ်၊ ဝက်မြှီး၊ ဆန်အရက်တစ်အိုး၊ မုန်လာဥတစ်ဝက်နှင့် အမွှေးတိုင်အနည်းငယ်တို့ ရှိပါသည်။ 


လွီရှို့ချိုက်သည် အမွှေးတိုင်ကို မီးညှိခဲ့သည်။ သူ၏ တပည့် လေးယောက်နှင့်အတူ သူ၏ ကနဦးဆရာကို အဝေးမှ ဂါရ၀ပြုခဲ့ပြီး ဉာဏ်ပညာနတ်ဘုရားဖြစ်သော ဝမ်ချွီရှင်းက သူတို့အား ကောင်းချီးပေးစေရန် ဆုတောင်းခဲ့ပါသည်။ ထို့နောက် သူသည် အမွေးတိုင်ကို မုန်လာဥတစ်ဝက်ထဲသို့ စိုက်ကာ ခုံရှည်ပေါ်တွင် ဇနီးသည်နှင့်အတူ ထိုင်ခဲ့သည်။


ထို့နောက် ကလေးလေးယောက်သည် အတန်းလိုက် တန်းစီခဲ့ပြီး သုံးကြိမ်သုံးခါ အရိုအသေပေးသည့် အခမ်းအနားကို ဆောင်ရွက်ခဲ့သည်။ သူတို့သည် ဆရာကို ဂါရ၀ပြုခြင်းအလို့ငှာ လက်ဆောင် ၆ခုကို ပေးအပ်ခဲ့ပါသည်။ 


ဂါရ၀ပြုသည့် လက်ဆောင် ၆ခုမှာ-  တရုတ်နံနံ၊ ကြာစေ့၊ ပဲနီစေ့၊ အနီရောင် တရုတ်ဆီးသီး၊ လိုင်ချီးသီးတို့ ဖြစ်ပါသည်။ ဤငါးမျိုးသည် တန်ဖိုးမရှိပေ။ သူတို့၏ မင်္ဂလာရှိသော အဓိပ္ပါယ်သီးသန့်အတွက်သာ ဖြစ်သည်။


နောက်ဆုံးတစ်ခုမှာ အသားခြောက်ပင်ဖြစ်သည်။ ၎င်းသည် ဆရာ၏ ဉာဏ်ပညာနှင့် လမ်းညွှန်မှုကို အရိုအသေလေးစားသမှုပြုကာ အနစ်နာခံသည့် ဂါရ၀ပြုခြင်း အဓိပ္ပါယ်ရသည့် သွားယစ်ပူဇော်ခြင်းဖြင့် ဆရာအတွက် ပေးခြင်းပင် ဖြစ်သည်။


အသားခြောက်အတွက် စျေးတခုလုံးကို ရှာဖွေပြီးနောက် မည်သူမှ အသားခြောက်ရောင်းသည်ကို လီယောင် မတွေ့ရခဲ့ချေ။ ထို့ကြောင့် သူမသည် ဝက်နောက်ခြေထောက်တချောင်းလုံးကို  အသင့်ပြင်ပြီး သုံးရက်ကြာ ဆားနှင့်နယ်ကာ ၎င်းအား ဟဲရှောင်ယာကို မီးအနည်းငယ်နှင့် တနေ့လုံး ကင်စေခဲ့သည်။ အတွင်းပိုင်းတစ်ခုလုံး ကျက်သွားသင့်သည်ဟု သူမက ယူဆထားခဲ့သည်။ လွီရှို့ချိုက်ကလည်း  သေချာမုချပင် အရေးမစိုက်ခဲ့ပေ။


လွီရှို့ချိုက်၏ ဝမ်းသာကြည်နူးမှုသည် သူ၏မျက်နှာပေါ်တွင် ပကတိအမှန်ပင် ဖော်ပြထားသည်။ 


ယခင်တုန်းက ရွာသူရွာသားများသည် သူ့ကိုမြင်လျှင် သူတို့သည် ဟာသကြည့်နေ့သကဲ့သို့ ဖြစ်နေခဲ့သည်။ အိမ်တွင်လည်း သူ၏ဇနီးသည် ပွင့်လင်းစွာ မပြောခဲ့သော်လည်း သူသည် မိသားစုကို ထောက်ပံရန် ငွေမရှာနိုင်ဟု သူမ၏စကားများတွင် စောင်းပါးရိပ်ခြည် ပြောခဲ့သည်။


ဤကိစ္စရပ်များသည် သူ၏စိတ်နှလုံးထဲတွင် ကောင်းကောင်း သတိထားမိနေခဲ့သည်။ သို့သော်လည်း သူသည် အမှန်တကယ်ပင် ခိုကိုးရာမဲ့နေခဲ့သည်။ တခြားသူများအတွက် စာအုပ်ကူးပေးရန် သူသွားသောအခါ ၎င်းတို့တွေသည် သူ့အား အရမ်းနှေးသည်ဟု ထင်ကြသည်။ တခြားသူများအတွက် စာလုံးအလှ ရေးပေးသောအခါ သူသည် ရှို့ချိုက်အစစ်အမှန် မဟုတ်သေးဟု သူတို့ ထင်မြင်နေကြဆဲ ဖြစ်သည်။ 


ယခုအခါ အလွန်ကောင်းပေသည်။ သူသည် လင်္ကာကဗျာများနှင့် စာအုပ်များကို ဆယ်စုနှစ်များစွာ လေ့လာခဲ့ပြီး နောက်ဆုံးတွင်မူ ငွေရှာနိုင်ခဲ့ပြီ ဖြစ်သည်။


ထို့အပြင် ဝမ်အာ၏အမေသည် သူ့အား မျက်နှာသာပေးကာ ဤသို့အခင်းအကျင်းကြီးကို လုပ်ထားခဲ့သည်။ 


ယခုကစပြီး သူမအား မည်သူမှ ရိုင်းပြသည်ဟု မပြောနိုင်တော့ပေ။ မည်သူမျှ အပေါက်ဆိုးသည့် အမျိုးသမီးဟု မပြောနိုင်ကြတော့ပေ။  အဟမ်း…….


“သူက ဒီလို ဝက်ခြေထောက် အကြီးကြီးကို တကယ်ပေးချင်ခဲ့တာ။”


“သူက တစ်လကို ငွေနှစ်ချောင်းတောင် ပေးတာလို့ ငါကြားတယ်။ လွီရှို့ချိုက်တော့ အချိန်ကောင်းကို ရောက်ပြီဟေ့။” 


“ကြည့်ရတာ သူတို့မိသားစုတွေ စျေးမှာ အစားအသောက်ရောင်းတာ ငွေတွေ အများကြီး ဝင်ပုံရတယ်။”


…………


ရွာသူရွာသားများသည် တိုးတိုးလေး ပြောနေခဲ့ကြသည်။ အားလုံးနီးပါးသည် အားကျနေကြသည့် ပုံပေါက်နေကြသည်။ 


သို့သော်လည်း သဘောထားကွဲလဲမှုတစ်ချို့လည်း ရှိနေခဲ့သည်။ “မုဆိုးမတစ်ယောက်၊ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ကို သူ့အိမ်မှာ နေ့တိုင်းလာနေခွင့်ပေးတာက… ကျွတ်... ကျွတ် ငါထင်တာတော့ တစ်ယောက်ယောက်ကို စာသင်ခွင့် ခွင့်ပြုတယ်ဆိုတာ အတုအယောင်ပါကွာ။ သူ ယောက်ျားတစ်ယောက်ကို တောင့်တနေတာပဲ ဖြစ်ရမယ်။ ဒါကမှ အမှန်တရားကွ။”


အသံသည် အကျယ်ကြီးမဟုတ်သော်လည်း လီယောင် ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ သူမ၏မျက်လုံးများ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့သည်။ 


သူမ၏ ခွန်အားကို ရက်အနည်းငယ်ကြာအောင် မထုတ်ပြရသောအခါ သူမက အောကျော့လန်တစ်ယောက် ဖြစ်သည်ကိုပင် သူမ တကယ်မေ့သွားခဲ့သည်။


သို့သော်ငြား သူမ စကားမပြောခင်လေးပင် လူတိုင်း၏နားစည်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲစေနိုင်သည့် ဝမ်ရွှယ်ရှစ်သည် အသံခပ်ကြမ်းကြမ်းသည် မိုးခြိမ်းသံကဲသို့ ပေါ်ထွက်လာခဲ့သည်။ 


“ကျူးယိုကွေ့၊ အသုံးမကျတဲ့အကောင်။”


“နင့်အဖေလည်း စောစောစီးစီး သေသွားတာပဲလေ။ နင့်အမေရော အိမ်မှာ နေ့တိုင်း ယောက်ျားတွေကို စဉ်းစားနေတာလား။”


“ရိုင်းစိုင်းလိုက်တဲ့ ဟာတွေ၊ ထပ်ပြီး အတင်းပြောကြည့်စမ်း။ ငါ နင်တို့ကို အရေခွံခွာပြစ်မယ်။”


ကျူးယိုကွေ့သည် ရွာလူဆိုးဖြစ်သော်လည်း မည်သူမှ ဝမ်ရွှယ်ရှစ်ကို ရန်စရန် သတ္တိမရှိကြချေ။ အခမ်းအနား လှုပ်ရှားမှုများကိုပင် ဆက်မကြည့်ရဲတော့ပဲ သူသည် လက်မြှောက်အရှုံးပေးကာ ထွက်ပြေးသွားခဲ့သည်။


သူ့ကွယ်ရာတွင် နောက်ထပ်အကြိမ်နည်းနည်း ဆဲဆိုကျိန်ဆဲပြီးနောက် ဝမ်ရွှယ်ရှစ်သည် သူမ၏ခင်ပွန်း ဝမ်ကျားကွေ့နှင့်အတူ အသာအယာပင် အနိုင်ရခဲ့သည်။


စုံတွဲနှစ်ယောက်လုံးသည် သန့်ရှင်းသန့်ရပ်သော အဝတ်အစားများနှင့် ပိတ်ဖိနပ်များကို ဝတ်ဆင်ထားကြပြီး ပွဲတော်ကျင်းပနေသကဲသို့ ထင်ရသည်။


မနေ့က သူတို့မလာနိုင်ပါဟု ပြောခဲ့တာ ဘယ်သူတွေများပါလိမ့်။


ဟုတ်ပေသည်။ သူတို့ရောက်လာသည်မှာ ပိုကောင်းပေသည်။ သူတို့သည် လွီရှို့ချိုက်နှင့်အတူ စားရန်သောက်ရန် လိုက်ပါသွားနိုင်သည်။ 


နေမြင့်လာသည်ကို မြင်သောအခါ လီယောင်သည် မီးဖိုချောင်ထဲသို့ဝင်ကာ ထို့နေ့အတွက် နေ့လည်စာကို စပြီး ပြင်ဆင်ခဲ့သည်။ 


ဝက်နားရွက်များကို ပါးပါးလေး လှီးထားပြီး အအေးစာအဖြစ် မျှစ်စို့များကို နုပ်နုပ်စဉ်းကာ ရောမွှေခဲ့သည်။ 


ဝက်ခေါင်းနှင့် ဝက်မြီးများကိုလည်း ဟင်းရည်ချက်ထားခဲ့သည်။ လင်ဗန်းပေါ်တွင် အသေးစိတ် ပြင်ဆင်ပြီးနောက် *လုဝေတစ်ပွဲ ဖြစ်လာခဲ့တော့သည်။


(*lu သည် ဟင်းချိုရည်၊ ပဲငံပြာရည်၊ အနံ့မွှေးကြိုင်သော ဟင်းခတ်အမွှေးအကြိုင်များစွာဖြင့် ပြုလုပ်ထားသော အနံမွှေးသော အရည်တွင် ပါဝင်ပစ္စည်းများကို ဖြည်းညှင်းစွာ နှပ်ထားခြင်းဖြစ်သည်။ ထိုသို့ပြင်ဆင်ထားသည့် အစားအစာကို luwei (လုဝေ) ဟု ခေါ်သည်။


ချိုချိုချဉ်ချဉ် ဝက်နံရိုးများနှင့် ကြက်သွန်ဖြူထည့်ထားသော ဝက်သားစဉ်းကော၊ ဟင်းလေးပွဲလုံးကို စားပွဲပေါ်တွင် တည်ခင်းထားသည်။ သူမသည် အဖိုးကို လွီရှို့ချိုက်၊ လီကျန်းတို့နှင့်အတူ ဝိုင်သောက်ခွင့် ပြုခဲ့သည်။


ထို၀ိုင်သည် စျေးထဲမှ အကောင်းဆုံး ဆန်ဝိုင်ပင် ဖြစ်သည်။ အရက်ပါဝင်မှု အတော်နည်းပါးသည်မှလွဲ၍  အရသာကမှု တော်တော်ကောင်းနေဆဲပင် ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ မြေပဲမရှိပေ။ သို့မဟုတ်ပါက ပြီးပြည့်စုံသွားပေလိမ့်မည်။ 


ပူပူနွေးနွေး ဟင်းလျာများ ဆက်လုပ်ရန် မီးဖိုချောင်သို့ ပြန်ရောက်သည်။


အနီရောင် ဝက်သားနှပ်ကို ဟဲရှောင်ယာမှ ကြိုတင်ချက်ထားပြီး ဖြစ်သည်။ လီယောင်သည် အရသာ အတိုးအလျော့ အနည်းငယ် လုပ်ရန်သာလိုအပ်ပြီး အပူချိန်လျော့လိုက်ပြီးနောက် တည်ခင်းစားသောက်နိုင်ပြီ ဖြစ်သည်။


ဝက်သားနှစ်ပြန်ကြော်၊ ငါးနှပ်နှင့် ငါးအရသာ ဝက်သားပါးပါးကြော်တို့သည်လည်း အချိန်အများကြီး မယူခဲ့ပေ။


တဖက်တွင် အအေးဟင်းလျာများကို အများကြီး မထိရသေးပေ။ ဟင်းလျာပူပူနွေးနွေးများက အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။


နောက်ဆုံးတွင်မူ သူမသည် မီးအေးအေးနှင့် နှပ်ထားသော ကြက်သားစွတ်ပြုတ်အိုးကို ထုတ်ယူလာခဲ့သည်။ စားပွဲနှင့်အပြည့် အစားအသောက်များသည် လွီရှို့ချိုက်နှင့် သူ့ဇနီးသည်ကို မျက်စိများ ပြာအောင် ဖမ်းစားနေခဲ့ပြီး ဝမ်ရွှယ်ရှစ်ကိုမူ နာကျင်စေခဲ့သည်။ 


ဤဟင်းပွဲများသည် ငွေချောင်း ၁ချောင်း-၂ချောင်း ကုန်ကျရမည်။


ချမ်းသာသည့် မိသားစု၏ နှစ်သစ်ကူးညစာစားပွဲပင် ယှဉ်နိုင်မည် မဟုတ်ချေ။


ဤမျှ ဖြုန်းတီးလွန်းလှသည့် မိန်းမယုတ်။ ဘယ်လိုလုပ်များ ဒီလိုအရာတွေကို ဖြုန်းတီးနိုင်တာပါလိမ့်။


လွီရှို့ချိုက်နှင့် လီကျန်းသာ ဒီနေရာတွင် မရှိပါက သူမသည် လီယောင်ကို လုံး၀ ပွဲချင်းပြီး ဆူငေါက်နေလိမ့်မည် ဖြစ်သည်။ 


တချိန်တည်းတွင် လွီရှို့ချိုက်နှင့် သူ၏ဇနီးသည်လည်း လီယောင်တစ်ယောက် ခမ်းခမ်းနားနား ပြင်ဆင်ထားမည်ဟု မမျှော်လင့်ထားခဲ့ပေ။ လေးစားဂုဏ်ပြုသည်ဟုသာ သူတို့ ခံစားခဲ့ရသည်။ 


ကျေးလက်တောရွာ စည်းမျဉ်းများသည် အများအပြားမရှိသလို အစားအသောက်စားချိန်တွင် အမျိုးသားနှင့် အမျိုးသမီး၊ ကလေးနှင့်လူကြီး ခွဲခြားသည့် ထုံးတမ်းစဉ်လာလည်း မရှိပေ။ 


သို့သော်လည်း လေးထောင့်စားပွဲခုံသည် လူရှစ်ယောက်သာ ထိုင်နိုင်သည်။ ဟဲရှောင်ယာသည် အသက်ငယ်ကာ ဝါနိမ့်သောကြောင့် သူမနှင့်ဝမ်ရှောင်စစ်သည် မီးဖိုထဲတွင် စားရန် အစားအသောက်များကို ချန်ထားခဲ့သည်။ လီယောင် ထိုင်စရာနေရာ မရှိသည်ကို မြင်သောအခါ ဝမ်ရွှယ်ရှစ်သည် ဝမ်စန်းအာကို တိုက်ရိုက်ပင် အပေါ်သို့ ဆွဲထူလိုက်သည်။ 


“ဘေးမှာသွားစား ၊ မင်းအမေကို ထိုင်ခိုင်းလိုက်။”


ဝမ်စန်းအာသည် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။ သူ့ထမင်းပန်းကန်ကို သယ်ကာ မီးဖိုထဲသို့ ပြေးဝင်သွားခဲ့သည်။


ထမင်းစားရန် လွီရှို့ချိုက်နှင့်အတူ ထိုင်နေခြင်းသည် အလွန်ပင် အနေရခက်လေသည်။ တစ်လုတ်စားပြီးတိုင်း၊ သူတို့၏တူများကို အောက်ချထားရသည်။ နောက်ထပ် တလုတ်ထပ်စားရန် သူတို့၏တူများကို မကောက်ကိုင်ခင် အရင် စကားအနည်းငယ်ပြောကာ၊ ဝိုင်အနည်းငယ်သောက်ရသည်။ 


အစားအသောက်များသည် သူတို့၏ အစာအိမ်ထဲတွင် ကြေညှက်နေလောက်ပြီဟု သူမ တွက်ဆခဲ့သည်။ ဒုတိယအလုတ်ကိုမူ မဖမ်းမိသေးပေ။ 


ဤအနေအထားကို လီယောင် သတိထားမိသောအခါ နောင်တရရန် အချိန်နှောင်းသွားခဲ့လေပြီ။ သူမ စောသိခဲ့ပါက မီးဖိုချောင်ထဲတွင် စားရသည်မှာ ပို၍ အားရပါရ ဖြစ်ပေလိမ့်မည်။ 


အဆုံးတွင်မူ ၀ိုင်နှင့် အစားအသောက်များက ပေါများပြီး အိမ်ရှင်နှင့် ဧည့်သည်များသည်လည်း ဝမ်းသာအားရ ရွှင်မြူးနေကြသည်။ 


နောက်တနေ့တွင် လွီရှို့ချိုက်သည် ဝမ်အာကို စာသင်ဖို့ ဆော်ဩရန် ဝေလီဝေလင်းတွင် အစောကြီး ရောက်လာခဲ့သည်။ မနက်ပိုင်းတွင် သူတို့သည် အပြန်ပြန် အလှန်လှန် ဖတ်ရှုခဲ့သည်။ နေ့လည်ခင်းတွင် သူသည် အနှစ်သာရ အနှစ်ချုပ်ကို ရှင်းပြခဲ့ပြီး ဂန္တဝင်ကျမ်းများကို ကိုးကားခဲ့ပြီး လက်ရေးအလှ သင်ပေးခဲ့သည်။ 


တာ့ကျွမ်းနှင့် တခြားသူများ ဆိုင်သိမ်းပြီး ပြန်လာသောအခါ အခြေခံစာပေလေ့လာမှုများကို သင်ကြားပေးခဲ့ပြီး ရိုးရှင်းသည့် စကားလုံးတစ်ချို့ကို ရေးသားခဲ့သည်။ ညနေပိုင်းတွင် အခြေခံသင်္ချာသင်ခန်းစာတစ်ချို့ကို သင်ကြားပေးခဲ့သည်။


ဤသည်ကို ဘာသာစကားနှင့် ဂဏန်းသင်္ချာနံပါတ်များ တန်းတူရည်တူ ဖြစ်စေသည်ဟုလည်း ယူဆနိုင်ပါသည်။


လီယောင်သည် တနေ့လုံး တိတ်တဆိတ် လေ့လာနေခဲ့သည်။ လွီရှို့ချိုက်သည် စတင်သင်ကြားသည်နှင့် တပြိုင်နက် သူသည် တခြားသူတစ်ယောက်ကဲ့သို့ ဖြစ်လာသည်ကို သူမတွေ့ရှိခဲ့ရသည်။ စာသင်နေချိန်တွင် သူ့မျက်လုံးများသည် တောက်ပနေပုံရပြီး အလွန်ပင် အာရုံစိုက်ကာ ဂရုတစိုက်လည်း ရှိသည်။


သူ့စာလုံးများကိုလည်း ကောင်းမွန်စွာ ရေးခဲ့သည်။ လက်ရေးအက္ခရာ အရေးအသားများသည်လည်း စနစ်တကျ ရေးနည်းများဖြင့် သပ်ရပ်ကြော့ရှင်းစွာ ရေးသားခဲ့သည်။


ထို့အပြင် လီယောင်သည် လွီရှို့ချိုက်သည် အမှန်တကယ်ပင် သင်ယူလေ့လာမှုတချို့ ရှိခဲ့သည်ဟု ခံစားခဲ့ရသည်။ 


သူသည် အနှစ်ချုပ်များကို အလွန်ပင် ရှင်းရှင်းလင်းလင်း စေ့စေ့စပ်စပ် ရှင်းပြခဲ့ပြီး ဂန္တဝင်စာပေများကို သူ့ခေါင်းနှင့် စဉ်းစားစရာမလိုပဲ ကိုးကားခဲ့သည်။


သူမသည် အနည်းငယ်ပင် ပဟေဌိ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော လူသည် ရှို့ချိုက်တစ်ယောက်အဖြစ် ဘယ်လိုကြောင့်များ မှတ်ကျောက်အတင်မခံရတာပါလိမ့်။ ဒီကမ္ဘာကြီး၏ ပညာရှင်အသိုင်းအဝိုင်းသည် ပြိုင်ဆိုင်မှု အလွန်ပြင်းထန်သည့်အတွက်များ ဖြစ်နိုင်မလား။


………………………………….


ဝမ်အာ၏ စာသင်ကြားမှုများ စနစ်တကျ ဖြစ်ပြီးနောက် လီယောင်သည် သူမ၏ ပရုတ်အေး ဆေးဖက်ဝင် ဆီမွှေးကို ဟိုစမ်းဒီစမ်း ဆက်လုပ်ခဲ့သည်။


ဤစမ်းသပ်မှုကာလတစ်လျှောက်တွင် သူမသည် အတော်အတန်ပင် ပြီးပြည့်စုံသည့် နည်းလမ်းကို တီထွင်ခဲ့ပြီး ဖြစ်သည်။ ပြီးပြည့်စုံသည့် ပရုတ်အေး ဆေးဖက်ဝင်ဆီမွှေးကို ပြုလုပ်ရန် ဆေးဖက်ဝင်အပင်များအပြင် နောက်ထပ်ပစ္စည်းနှစ်မျိုးဖြစ်သည့် လ္ဘက်စေ့ဆီနှင့် ပျားဖယောင်းတို့သည် မရှိမဖြစ် လိုအပ်ပါသည်။


တောင်ပေါ်တွင် ဤပစ္စည်းနှစ်ခုလုံး ရှိနေပြီး ရရှိရန်လည်း လွယ်ကူပါသည်။


စုစည်းထားသော လက်ဖက်ခြောက်စေ့များကို ခြောက်သွေ့သည်အထိ လှော်ပြီးနောက် လက်ဖက်စေ့ဆီ ထုတ်ယူရန် ၎င်းတို့ကို ဖိရမည်။ အခြောက်ခံထားသော ဆေးဖက်ဝင်အပင် အမျိုးစုံကို နုတ်နုတ်စဉ်းကာ လက်ဖက်စေ့ဆီထဲ့သို့ ထည့်ပြီး ၅နာရီခန့်ကြာအောင် မီးအေးအေးဖြင့် ပေါင်းခံအိုးထဲတွင် ပေါင်းပေးရမည်။


၎င်းသည် ဆေးဖက်ဝင်အပင်များ၏ အစိတ်အပိုင်းများကို ထိရောက်စွာ ပြည့်ပြည့်၀၀ ထုတ်လွှတ်စေသည်။ 


ထို့နည်းတူစွာပင် ပေါင်းခံရည်ထဲတွင် ပျားဖယောင်းကို အရည်ပျော်ရမည်။ အရည်ဖြစ်သွားသည်နှင့် တပြိုက်နက် ဆေးဖက်ဝင် အဆီအနှစ်များကို စုပ်ယူထားသည့် အဆီနှင့် ရောမွှေရမည်။ 


အအေးခံပြီးပါက ၎င်းသည် အစိမ်းရောင်အနှစ် ဖြစ်သွားသည်။


ဖန်ပုလင်းထဲတွင် အလုံပိတ်ပြီးပါက ပရုတ်အေး ဆေးဖက်ဝင်ဆီမွှေး ပြီးသွားပြီ ဖြစ်ပါသည်။


လုပ်ငန်းစဉ် တစ်ခုလုံးသည် မရှုပ်ထွေးပေ။ အဓိကသော့ချက်များမှာ ဆေးဖက်ဝင် အမျိုးမျိုးနှင့် အတိုင်းအဆ ပမာဏ အချိုးအစားသာ ဖြစ်သည်။


အကျိုးသက်ရောက်မှုကို စမ်းသပ်ရန် လီယောင်သည် တစ်မိသားစုလုံးကို ခေါ်ခဲ့သည်။


“ ခြင်ကိုက်ခံရတာ ဒီမှာ ဘယ်သူရှိလဲ။”


ဆောင်းဦးနှောင်းပိုင်းရာသီသို့ ရောက်ခါနီးပြီ ဖြစ်သော်လည်း တောင်ပေါ်သစ်တောများအနီးတွင် မရေမတွက်နိုင်သော ခြင်နှင့် ပိုးကောင်းများ ရှိနေဆဲ ဖြစ်သည်။ ကလေးတစ်ယောက်ချင်းဆီတွင် သူတို့၏ ခန္ဓာကိုယ်ပေါ်၌ အဖုအပိမ့်များ အနည်းအများဆိုသလို ရှိကြသည်။


လီယောင်သည် သူတို့အား ပရုတ်အေး ဆေးဖက်ဝင်ဆီမွှေးကို  လိမ်းစေခဲ့သည်။


“အရမ်းကောင်းတာပဲ။” ဝမ်ရှောင်စစ်က ဦးဆုံး မှတ်ချက်ပေးခဲ့သည်။


“အမ်း.… ဒါက အေးအေးလေးနဲ့ တကယ်သက်တောင့်သက်သာရှိတယ်။ ယားတာတွေတောင် ချက်ချင်း ပျောက်သွားတယ်။”


ဟဲရှောင်ယာသည် လက်ချောင်းဖြင့် တစ်တို့တို့ခဲ့ပြီး နှာခေါင်းနားသို့ ယူကာ အနံ့ခံခဲ့သည်။


“အနံလေးကလည်း သိပ်ကောင်းတာပဲ။ တခြား အနံပြင်းတဲ့ ဆေးပင်အနှစ်တွေနဲ့လည်း မတူဘူး။ သမီးလက်မောင်းပေါ်မှာ စမ်းကြည့်တာ တအား ချောချောလေးပဲ။ လုံး၀ အကြွင်းအကျန် မရှိဘူး။ ပြီးတော့ သိသာတဲ့ အရောင်လည်း ကျန်မနေဘူး။”


နောက်ဆုံးရလဒ်သည် လီယောင်ကို စိတ်အေးလက်အေး ရှိစေခဲ့သည်။


ဆယ်မိနစ်ကျော်အကြာတွင် ခြင်ကိုက်ခြင်းမှ ထွက်လာသည့် အဖုအပိမ့်များသည် အရောင်မှိန်သွားသည့် လက္ခဏာများ ဖြစ်လာသည်။ မအိပ်ခင် အနည်းငယ် လိမ်းပေးရုံဖြင့် နောက်တနေ့မနက် နိုးလာသည့်အခါ လုံး၀ အကုန်ပင် ပျောက်သွားလိမ့်မည် ဖြစ်သည်။


ခြင်နှိမ်နင်းသည့် ဆေးပင်ပါ ထည့်ထားသောကြောင့် ခြင်မကိုက်ရန် တွန်းလှန်နိုင့်သည့် အာနိသင်မှာလည်း မဆိုးလှချေ။


လီယောင်သည် လက်ရာမြောက်ကာ လှပသည့် အစိမ်းရောင်ကြွေထည် အလှပြင်သည့် သေတ္တာကို ဝယ်ယူပြီး  ပရုတ်အေး ဆေးဖက်ဝင်ဆီမွှေး တစ်ချို့ကို ထည့်ခဲ့သည်။ ပြီးနောက် ကျိုးဟု အမည်တွင်သော အလှကုန်ပစ္စည်းဆိုင်သို့ ဝင်သွားခဲ့ပြီး ပိုင်ရှင်ကို တိုက်ရိုက် ရှာခဲ့သည်။