အခန်း (၂၁) လွီရှို့ချိုက်
"သူနဲ့ အကြာကြီး သင်ဖို့လည်း ကျွန်မ မရည်ရွယ်ထားပါဘူး။”ဟု လီယောင် က ပြောခဲ့သည်။ "ဝမ်အာက နည်းနည်းပါးပါး သင်ထားပြီးသားလေ။ သူ့ဖာသူ စီမံနိုင်ပါလိမ့်မယ်။”
လီကျန်းသည် ခဏမျှ စဉ်းစားပြီးနောက် မေးခဲ့သည်။ "မင်း သူ့ကို ဘယ်လောက်ပေးဖို့ ရည်ရွယ်ထားလဲ။”
“ကျွန်မက သူ့ကို နေ့တိုင်း ဒုတိယလေးကို လာပြီး စာသင်ပေးစေချင်တယ်။ ပြီးတော့ သူ့မှာ အချိန်ရှိသေးတယ်ဆိုရင်တခြားကလေး သုံးယောက်ကိုလည်း အခြေခံဂဏန်းသင်္ချာထဲက တချို့ အခြေခံသင်ခန်းစာတွေကို သင်ပေးစေချင်ပါတယ်။”ဟု လီယောင်က ပြောခဲ့သည်။ "လစာအတွက်ကတော့ ကျွန်မ သူကို စျေးမလျော့ပါဘူး။ ကျွန်မတို့ နေ့လည်စာ ကျွေးပါမယ်။ တစ်လကို ငွေ၂ချောင်း ပေးမယ်။ သင်ခန်းစာ စသင်တာတို့ အားလက်ရက်တွေလိုမျိုး အခမ်းအနားတွေအတွက်လည်း အစဉ်အလာမပျက် ဂါရ၀ပြုတာတွေလည်း ရှိမှာပါ။”
“အဲလောက်ကြီးက မများလွန်းဘူးလား။”ဟု လီကျန်းက ပြောခဲ့သည်။ "သူက ရှို့ချိုက်တောင် မဟုတ်သေးဘူးလေ။ မင်းက သူ့ကို တစ်လ ငွေ၂ချောင်း ပေးတော့မှာလား။ ဝမ် ၅၀၀လောက်ဆို လုံလောက်ပြီလို့ ငါထင်တယ်။”
မိသားစုနည်းပြအတွက် ဝမ် ၅၀၀သည် အလွန်ပင် နည်းလွန်းလှသည်။
လစာက အလွန်နည်းနေပါက နည်းပြဆရာက သင်ကြားမှုအတွက် စိတ်နှလုံးထဲသို့ ထည့်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုမှသာ ငွေဖြုန်းတီးရာပင် ရောက်နေပေလိမ့်မည်။
“ကျွန်မပြောသလိုပဲ လုပ်ကြရအောင်။”ဟု သူမက ခိုင်ခိုင်မာမာ ပြောခဲ့သည်။
သူမ သဘောထား မပြောင်းလဲသည်ကို မြင်သောအခါ လီကျန်သည် သူမအား နောက်ထပ် ဖျောင်းဖျရန် မကြိုးစားတော့ချေ။ သူသည် သူမနှင့်အတူ လွီရှို့ချိုက်၏အိမ်သို့ တိုက်ရိုက်သွားခဲ့သည်။
လွီရှို့ချိုက်၏ဇနီး အမျိုးသမီးပေါ်သည် သူမတို့၏ နေထိုင်စားသောက်ရေးအတွက် စိုးရိမ်ပူပန်နေခဲ့သည်။ ယခုအခါ ပွပေါက်ကြီးကြီးမားမားတခုသည် ကောင်းကင်မှ ရုတ်တရက် ကျလာခဲ့ပြီး သူမအား ချာချာလည် မူးဝေလုနီးပါး ဖြစ်စေခဲ့သည်။
“မင်းအိမ်မှာ ငါ့ကို နည်းပြဆရာ လုပ်စေချင်တာလား”ဟု လွီရှို့ချိုက်က မေးခဲ့သည်။
“မီးဖိုကို ဖြည့်နိုင်ဖို့ တို့တွေ ဘယ်တော့များမှ တတ်နိုင်မှာလဲ။”ဟု အမျိုးသမီးပေါ်က ပြောခဲ့သည်။
"အရှေ့ခန်းအတွက် နည်းပြဆရာလား အနောက်ခန်းအတွက် နည်းပြဆရာလား ကျုပ် ဂရုမစိုက်ဘူး။ လက်ခံတယ်လို့ပဲ ပြော။” ဤအသုံးမကျသော စာကြမ်းပိုးဟောင်းက ငြင်းဆိုလိုက်မည်ကို သူမ ကြောက်နေခဲ့သည်။ ထို့ကြောင့် ခပ်မြန်မြန်ပင် ထပ်ပြောခဲ့သည်။ "မြန်မြန် သဘောတူလိုက်လေ။”
“စာမတတ် ပေမတတ်တဲ့ တောသူမတော့ကွာ။ စာသင်ကြားတယ်ဆိုတာ အဆင့်မြင့်မြင့် ခံခံညားညားရှိရမဲ့ ကိစ္စတရပ်ကွ။”
“အဆင့်မြင့်တာတွေ ခံညားတာတွေ ကျုပ် တခုမှမသိဘူး။ ကျုပ်သိတာအကုန်က အိမ်မှာ ဆန်မရှိတော့ဘူးဆိုတာပဲ။ တော်ငြင်းရဲရင် လယ်ထဲဆင်းပြီး အလုပ်သွားလုပ်တော့။”
“မင်း.. မင်း.. ရိုင်းစိုင်းပြီး အောက်တန်းကျလိုက်တာ။”
“တော် သွားမှာလား မသွားဘူးလား။”
“သွားမယ်။ သွားမယ်။”
ဤသို့ဖြင့် လွီရှို့ချိုက်သည် လီယောင်၏အိမ်တွင် နည်းပြဆရာ ဖြစ်လာခဲ့လေတော့သည်။
ဓလေ့ထုံးတမ်းအစဉ်လာအရ သူမတို့သည် ဆရာကို အိမ်သို့ဖိတ်သည့်အခါ ဆရာအား ဦးညွှတ်ကာ အရိုအသေပေးသည့် ထုံးတမ်းဓလေ့ကို ပြုလုပ်ခဲ့ရသည်။
လီယောင်သည် လွီရှို့ချိုက်၏ ပင်ကိုစရိုက်ကို သိသောကြောင့် လက်ဆောင်များစွာ ပေးရန် မလိုအပ်ချေ။ သို့သော် မင်္ဂလာရှိပြီး အတိတ်နမိတ်ကောင်းသော အဝါရောင် ပြက္ခဒိန်ရက်စွဲကို ရွေးချယ်ရမည် ဖြစ်သည်။ အခမ်းအနားတွင်လည်း ကျင့်ဝတ်ထုံးတမ်းများကို မှန်မှန်ကန်ကန် လိုက်နာရမည် ဖြစ်သည်။
နှစ်ရက်မြောက် ကြာသည့်နေ့သည် နေ့ကောင်းနေ့မြတ် တစ်ရက် ဖြစ်သည်။
ထို့နေ့မတိုင်ခင်မှာပင် ရွာထဲတွင် သတင်းများ ပျံ့နေခဲ့ပြီးဖြစ်သည်။
“ယောင်းမက လွီရှို့ချိုက်ကို ဝမ်အာအတွက် ဆရာလုပ်ပေးဖို့ ဖိတ်ထားတယ်တော်။”ဟု ရှန်းရှီသည် ထို့နေ့ညက အိမ်သို့ ရောက်ရောက်ချင်း သူမ၏ယောက္ခမကို ပြောပြခဲ့သည်။ “သူက ငွေနှစ်ချောင်းတောင် ပေးတာလို့ ကြားခဲ့တယ်။ ကြည့်ရတာ သူပိုက်ဆံတော်တော်များများ ရှာနိုင်ခဲ့တယ်နဲ့ တူပါတယ်။”
ဤသည်ကို အဖွားဝမ် ကြားသောအခါ သူမ၏ သွေးပေါင်ချိန် ထိုးတက်သွားခဲ့သည်။ “သူဖာသာ ပိုက်ဆံ ရှာနိုင်သည်ဖြစ်စေ မရှာနိုင်သည်ဖြစ်စေ နင့်အလုပ်ဘာရှိတုန်း။ နင်လည်းပိုက်ဆံရှာနိုင်ရင် ကိုယ်ဟာကိုယ် သွားလုပ်ချေ။ နင်လုပ်သမျှက အကူအညီပေးမဲ့အစား ပြဿနာဖြစ်အောင် တစ်ချိန်လုံး ပါးစပ်တဖျပ်ဖျပ်လှုပ်နေတာလေ။ သွား .. မြက်သွားခုတ်။”
ရှန်းရှီလည်း ဤကိစ္စကို မယူဆောင်လာသင့်သည်ကို သိခဲ့သည်။ သူမသည် ချောင်းကြည့်ရန်ပင် မလုပ်ရဲပဲ ပါးစပ်ကို လျင်မြန်စွာ ပိတ်ထားခဲ့သည်။ သို့သော်လည်း သူမ၏နှလုံးသားထဲတွင် မနာလိုမှုများနှင့် မကျေမချမ်းဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ယောင်းမသည် ပိုက်ဆံရှာခဲ့ပြီး အိမ်သို့ပင် ဆရာဖိတ်ခေါ်ရန် သတ္တိရှိခဲ့သော်လည်း ဆွေမျိုးများကို လေးစားသမူပြုသည့်အနေဖြင့် အသားပြုတ်တစ်ပန်းကန်တောင် ယူဆောင်လာခဲ့ခြင်းကို သူမ မတွေ့ခဲ့ရချေ။
သူမ နောက်ဆုံးစားခဲ့ရသည့် စွပ်ပြုတ်၏အရသာကို တွေးလိုက်ရုံမျှဖြင့် သူမပါးစပ်ထဲတွင် တံတွေးများ ပြည့်သွားခဲ့သည်။
“ယောင်းမက ဝမ်အာရဲ့ ပညာရေးအတွက် ပိုက်ဆံသုံးဖို့ ဆန္ဒရှိတာ ကောင်းပါတယ်။”ဟု ပို၍စဉ်းစား ချင့်ချိန်တတ်သော ဒုတိယချွေးမ ကျိုးရှီက ပြောခဲ့သည်။ “နောက်နှစ်နည်းနည်းကြာရင် ငါတို့ဝမ်မိသားစုမှာ ခရိုင်စာမေးပွဲအောင်တဲ့သူ တစ်ယောက် ပေါ်ထွက်လာနိုင်တယ်။”
သူမ၏ စကားလုံးများသည် အဖွားဝမ်၏ စိတ်နှလုံးအနီးသို့ ထိမှန်သွားခဲ့သည်။
အရေးမပါသော အရာအားလုံးထက် စာသင်ကြား လေ့လာမှုသည် အမြင့်မြတ်ဆုံးပင် ဖြစ်သည်။
ဟဲဝမ်ရွာ စရှိလာကတည်းက ရွာထဲတွင် ရှို့ချိုက်တစ်ယောက်ပင် ပေါ်ထွက်ခဲ့ခြင်း မရှိပေ။
ဝမ်အာသာ ခရိုင်စာမေးပွဲအောင်မြင်သူ တစ်ယောက်အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါက ၎င်းသည် သူတို့၏အဘိုးအဘေးများအတွက် ကြီးကျယ်သော ဂုဏ်ကျက်သရေကို ယူဆောင်လာခြင်းပင် ဖြစ်ပေလိမ့်မည်။
ဝမ်အာသည် ငယ်ငယ်လေးကတည်းက လိမ္မာပါးနပ်သည့် ကလေးတစ်ဦးဖြစ်သည်ဟု သူမ အမြဲတမ်း ခံစားခဲ့ရသည်။
ထိုစိတ်မချရသည့် ချွေးမသည် တကြိမ်တခါတော့ သင့်တင့်လျောက်ပတ်သည့် ကိစ္စတစ်ခုကို လုပ်ခဲ့ပြီ ဖြစ်သည်။
ဤသည်ကို တွေးနေရင်းဖြင့် အဖွားအိုသည် ညစာချက်နေသည်ကို ရပ်ကာ သူမ၏အခန်းတွင်းသို့ လျင်မြန်စွာ ပြန်ဝင်သွားခဲ့သည်။ သူမသည် ခိုင်ခံ့သည့် သေတ္တာကြီးကို ဖွင့်ကာ ၎င်း၏အောက်ဆုံးအောက်ခြေမှ အိတ်တစ်လုံးကို ထုတ်ယူခဲ့သည်။ သူမသည် ကြေးဒင်္ဂါးဝမ် ၅၀၀ ကို ရေတွက်ခဲ့သည်။
၎င်းတို့ကို ရေတွက်ခဲ့ပြီးနောက် သူမသည်း အနည်းငယ်မျှ ပိုတွေးတောကာ တန်ဖိုး ၅ချန်ခန့်ရှိသော ပိုကြီးမားသည့် ငွေတုံးကြီးတစ်တုံးကို ကောက်ယူခဲ့သည်။ ၎င်းကို အဝတ်တစ်ထည်ဖြင့် ပတ်ခဲ့ပြီးနောက် ကောင်းကင်မှာ မှောင်စပြုနေပြီ ဖြစ်သောကြောင့် လီယောင်၏အိမ်သို့ ပြေးသွားခဲ့သည်။
…………………...
ဒုတိယလေးအတွက် စာပေလေ့လာရာတွင် ပတ်ဝန်ကျင်းကောင်း တစ်ခုရစေရန်အတွက် တာ့ကျွမ်းသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ခြံထောင့်စွန်းတစ်လျှောက်တွင် သက်ကယ်တဲငယ်လေးတစ်လုံးကို ဆောက်လုပ်ရန် အင်အားစိုက်ထုတ်ကာ သုံးခဲ့သည်။
နံရံများမရှိသောကြောင့် လေးဘက်လေးတန် ဘက်ပေါင်းစုံမှ လေများတိုက်ခတ်နိုင်သော်ငြား ၎င်းသည်း လင်းထိန်ကာ ဟင်းလင်းပွင့်နေသည်။ အရေးအကြီးဆုံးမှာ ဓလေ့တုံးတမ်း၏ သဘောတရားကို ပေးရန်ပင် ဖြစ်သည်။
အရှေ့ဘက်တွင် လွီရှို့ချိုက်အတွက် ခုံဖြစ်သည့် သစ်သားစားပွဲရှည်တစ်လုံး ရှိသည်။
သစ်သားစားပွဲ အသေး ငါးခုံလည်း ရှိသည်။ လေးခုံမှာ စာသင်ရန်အတွက်ဖြစ်ပြီး ထိုင်စရာအဖြစ် ကောက်ရိုးဖျာများကို ခင်းထားသည်။ တခြားတစ်ခုံသည် လက်ရေးလှ လေ့ကျင့်ရန်အတွက် ချောမွေ့ပြီး ညီညာပြန့်ပြူးနေသည့် ကျောက်သင်ပုန်းတစ်ချပ်ကို တင်ထားသည်။
တဆက်တည်းမှာပင် ချောမွေ့အောင် ကော်ဖတ်စားထားသည့် ဝါးကျည်တောက်ထဲတွင် အသစ်စက်စက် သိုးမွှေးစုတ်တံများကို ထည့်ထားပါသည်။
အဖွားဝမ် ရောက်လာသောအခါ ဝမ်အာသည် တာ့ကျွမ်းနှင့်အတူ လွီရှို့ချိုက်အတွက် ဆရာထိုင်ခုံအား အချောသတ်နေခဲ့သည်။
“ဝမ်အာ၊ သားဘာလုပ်နေတာလဲ။”ဟု အဖွားဝမ်က ခြံထဲသို့မဝင်ခင် လှမ်းအော်ခေါ်ခဲ့သည်။ ”မင်းလိုပညာရှင် တစ်ယောက်က အလုပ်ကြမ်း မလုပ်သင့်ဘူး။ မင်းရဲ့လက်တွေ နာကုန်လိမ့်မယ်။ မြန်မြန်ရပ်လိုက်တော့၊ မင်းရဲ့ အစ်ကိုကြီးပဲ အဲဒါကို လုပ်ပါစေ။”
“အဖွား၊ သားအဆင်ပြေပါတယ်”ဟု ဝမ်အာက ညင်ညင်သာသာ ပြောခဲ့သည်။
“အဖွားစကားနားထောင်ပြီး အခုချက်ချင်း ရပ်လိုက်တော့။” အဖွားဝမ်သည် ဝမ်အာလက်ထဲမှ ပစ္စည်းများကို ဆတ်ခနဲ့ ဆွဲယူလိုက်ပြီး အနီးအနားတွင် ပျင်းတိပျင်းတွဲထိုင်နေသည့် လီယောင်ဘက်သို့လှည်ကာ အော်ခဲ့သည်။
“နင်က ဘယ်လိုအမေမျိုးတုန်း။ ဝမ်အာက အလုပ်လုပ်နေတုန်း ဒီနားမှာ ဘာမှမလုပ်ပဲ လာထိုင်နေတာလား။”
လီယောင်သည် ပြန်ခံမပြောချင်ခဲ့ပေ။ "ဘာပြောစရာရှိလို့လဲ၊ ပြောပါ။"ဟုသာ ပြောခဲ့သည်။
“ငါက နင့်ကို ဘာပြောရမှာလဲ” အဖွားအိုသည် ဝမ်အာကို ဘေးဘက်သို့ဆွဲကာ အကြွေစေ့များနှင့် ငွေတုံး ထည့်ထားသည့် အဝတ်ထုတ်ကို သူ့လက်မောင်းထဲသို့ ထည့်ပေးခဲ့သည်။ ”ဒါက မင်းစာသင်ဖို့အတွက်ပဲ။ အဖွားက သားကိုပေးတာ။ လုံလုံခြုံခြုံသိမ်းထား”
"အဖွား၊ အဖွားရဲ့ ပိုက်ဆံတွေ သားမယူချင်ဘူး"
"အဖွားကယူဖို့ပြောနေရင် ယူထားလိုက်။ မင်းဖာသာမင်း လုံလုံခြုံခြုံသာ သိမ်းထားလိုက်။" ထို့နောက် သူမသည် လီယောင်ဘက်သို့ လှည့်ကာ စိတ်ပူနေသည့် အသံဖြင့် ပြောခဲ့သည်။ “နင်ရဲ့ မိဘတွေ မိသားစုတွေကို ထပ်ပြီး ပေးရဲပေးကြည့်စမ်း။”
လီယောင် ……
“အဖွား၊ အမေက မပေးပစ်တော့ပါဘူး”ဟု ဝမ်အာက တိုးတိုးလေး ပြောခဲ့သည်။ “အမေက အဖွားတို့ မိသားစုဘက်နဲ့ နောက်ထပ် မဆက်သွယ်တော့ဘူး”
“ဟွန့်.. အဲဒါ မှန်မမှန် ငါတို့က ဘယ်လိုလုပ်သိမှာလဲ။ သူက မင်းအမေဆိုပေမဲ့ သူ့မိသားစုနာမည်က လီ ဖြစ်နေတုန်းလေ။” အဖွားဝမ်သည် ဝမ်အာ၏လက်လေးကို ခပ်ဖွဖွ ပုတ်ခဲ့သည်။ ”စာကြိုးစား၊ ငါတို့ ဝမ်မိသားစု ဘိုးဘေးတွေက မင်းကို မစလိမ့်မယ်။ အနာဂါတ်မှာ မင်း သေချာပေါက် အရေးပါတဲ့ အရာရှိတစ်ယောက် ဖြစ်လာလိမ့်မယ်။”
လီယောင်သည် မထီမဲ့မြင်ပြုခဲ့သည်။
ဤဆန္ဒသည် အမှန်ပင် ရိုးစင်းသော်လည်း လက်တွေ့ဆန်ခဲ့သည်
အပြန်အလှန် အပေးအယူ ပြုရသည့် လောကဝတ်အရ လီယောင်သည် မီးဖိုထဲသို့ ခေါ်ခဲ့သည်။ “ရှောင်ယာ၊ မင်းတို့အဖွားအတွက် အသားစွပ်ပြုတ် တစ်ပန်းကန်ထည့်ခဲ့၊ ပေါက်ဆီလည်း ထည့်ခဲ့ဦး။”
“ဟုတ်ကဲ့ပါ မေမေ။”
“ငါ မလိုချင်ဘူး။ မလိုချင်ဘူး။ ငါ စားစရာတောင်းဖို့ လာခဲ့တာ မဟုတ်ဘူး”ဟု အဖွားအိုက ထွက်သွားရန် လှည့်ကာ အော်ခဲ့သည်။ ”ပိုက်ဆံနဲ့ ရောင်းရအောင် သိမ်းထားလိုက်။ ငါ့ကို ပေးလိုက်ရင် ဖြုန်းတီးတာပဲ ဖြစ်လိမ့်မယ်။”
ဝမ်အာသည် သူမကို အလျင်အမြန် ဆွဲထားခဲ့ပြီး “အဖွားရယ်၊ လုပ်ပါ။ ယူသွားပါဦး။ အဖွား အခု မယူသွားဘူးဆိုရင်တောင် ခဏနေကျရင် ရှောင်စစ်က အဖွားဆီကို လာပို့လိမ့်မယ်။”
ကံကောင်းထောက်မစွာ ရှောင်ယာသည် သူမ၏ လက်လေးများဖြင့် ကျွမ်းကျင်စွာ လုပ်နေခဲ့သည်။ သူမသည် သိပ်မကြာပဲ အရာအားလုံးကို သပ်ရပ်စွာ ထုတ်ပိုးနိုင်ခဲ့သည်။ လေးလံသော ဝါးခြင်းတောင်းကို သယ်ကာ အဖွားအိုသည် သူတို့အား နောက်ထပ်တစ်ကြိမ် နားပူနားဆာ မလုပ်တော့ပေ။ လီယောင်ကို ကြည့်နေသည့် အကြည့်သည်လည်း ယခင်ကကဲ့သို့ စူးစူးရှရှ မဖြစ်တော့ပေ။
“ဝမ်အာကို ဆရာ ရစေဖို့ နင့်မှာ အသိတရားတချို့ရှိတာ ကောင်းပါတယ်။”ဟု အဖွားဝမ်က ပြောခဲ့သည်။
“နောက်ကျရင် နင် အိမ်ထောင် ပြုပြု မပြုပြု ဘာပဲဖြစ်ဖြစ်၊ ငါတို့ ဝမ်မိသားစုက နင့်ရဲ့ ကျေးဇူးကို မမေ့ပါဘူး။”
“ဘာကျေးဇူးတရားမှ သတိရနေဖို့ မလိုပါဘူး။”ဟု လီယောင်က ပြန်ပြောခဲ့သည်။ ”မနက်ဖြန်က ဆရာကို အရိုအသေပေးရမဲ့ ကန်တော့ပွဲနေ့လေ။ နေ့လည်ပိုင်းမှာ အဖေနဲ့အတူ စားဖို့ လာခဲ့ပါဦး။”
“ငါတို့ မလာဘူး။ မလာဘူး။” အဖွားအိုလည် လက်ကိုဝှေ့ယမ်းက အဝေးသို့ လမ်းလျှောက်သွားခဲ့သည်။ “လွီရှို့ချိုက်ကို အရိုအသေပြုဖို့ အရေးကို ရေးကြီးခွင်ကျယ် လုပ်နေကြတယ်။ မင်းမှာ ပိုက်ဆံအပိုရှိတယ်ဆိုရင် ဝမ်အာအတွက် သင့်တော်တဲ့ အဝတ်အစားတချို့ ဝယ်ဖို့ သုံးတာက ပိုကောင်းတယ်။”
သူမ၏ စကားမဆုံးခင်မှာပင် သူမ၏ ပုံရိပ်လေးက ပျောက်သွားခဲ့သည်။
ဝမ်အာက ငွေထုတ်လေးကို လွှဲပေးခဲ့သည်။ ငွေချောင်း တစ်ချောင်းနီးပါး ပါရှိသည်ကို သူမ တွေ့ခဲ့ရသည်။
အဖွားအိုသည် ကိုယ်နှုတ်အမူအရာ တင်းမာကာ ကျွဲမြီးတိုတတ်သော်ငြားလည်း အမှန်တကယ်ပင် ရက်ရောလှသည်။ သူမသည် စိုးရိမ်ပူပန်မှုကို ပြသသည့် နည်းလမ်းတစ်ခုသည်သာ ခွတီးခွကျဖြစ်နေခြင်း ဖြစ်သည်။