Part 87
ကျန်းဟယ်လင်း၏ မွေးနေ့ပွဲကို နေ့လည်ပိုင်းမှာ စားသောက်ဆိုင်တစ်ခုတွင် ကျင်းပပေးခဲ့သည်။
ကျန်းဟွမ်ရဲ့ အတွင်းရေးမှူးက အားလုံးကို ပြင်ဆင်ပေးထားပြီး ကိတ်မုန့်လာပို့ပေးဖို့ကိုလည်း တစ်ယောက်ယောက်ကို ခိုင်းထားပြီးသားပင်။
သူမရဲ့အမေက သူမမွေးနေ့မှာ အတူမရှိခဲ့သော်လည်း ကျန်းဟယ်လင်းကတော့ မပျော်ရွှင်တာမျိုး မဖြစ်ပေ။ သူမမွေးနေ့ ဖြစ်တဲ့ အတွက်ကြောင့် သူမအစ်မက မောင်လေးကို ထိန်းပေးထားပြီး သူမအဖေက သူမကို ကိတ်မုန့်ရဲ့ ပထမဆုံးအပိုင်းကို လှီးကာ ခွံ့ကျွေးခဲ့သည်။
သူမအမေသာ ရှိပါက ကိတ်မုန့်ရဲ့ ပထမဆုံး အပိုင်းကို သူမမောင်လေးကိုသာ ကျွေးမည် ဖြစ်သည်။ သူမ မကျွေးရင်လည်း သူမမောင်လေးက ငိုယိုကာ မြေပေါ် လူးလှိမ့်နေမည်ပင်။
ဒီနေ့မှာတော့ သူမမောင်လေးက မျက်နှာတင်းတင်းနဲ့ စိုက်ကြည့်နေသည်။ ဒါပေမယ့်လည်း သူမအစ်မရဲ့ ဖိအားအောက်မှာ သူမမောင်လေးက ဘာပြသနာမှ မလုပ်ရဲပေ။
ဒါက တကယ့်ကို.... ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာလည်း ကောင်းတဲ့ မွေးနေ့ပွဲပဲ။
ကျန်းဟယ်လင်းက ကိတ်ကို ပထမဆုံးကိုက်လိုက်ပြီး ဘာကြောင့်ရယ်မသိ မျက်ရည်များ ကျဆင်းလာတော့သည်။
ကျန်းဟွမ်ကတော့ သူ့သမီးငယ်လေးရဲ့ မျက်ရည်တွေက နောက်ကွယ်အကြောင်းအရင်းကို ခပ်ယဲ့ယဲ့ နားလည်နေတာကြောင့် မတတ်သာပဲ အလွန် ရှက်ရွံ့လာပြီး နှလုံးသားထဲမှ အပြစ်ရှိစိတ်တို့ကို ခံစားလာရသည်။ ဒါပေမယ့် ဒီလိုအချိန်မှာ သူ့သမီးငယ်လေးကို ဘယ်လို နှစ်သိမ့်ရမှန်း မသိတာကြောင့် ကျန်းယန်ရှန့်ကိုသာ အရှက်ပြေ ကြည့်လိုက်နိုင်တော့သည်။
ကျန်းယန်ရှန့်က သူမလက်ကို ဆန့်ထုတ်ကာ ကျန်းဟယ်လင်း၏ ခေါင်းကို နှစ်ကြိမ်မျှ ပုတ်ပေးလိုက်သည်။
သူတို့အားလုံး မွန်းလွဲပိုင်းမှသာ အိမ်ပြန်ရောက်လာကြသည်။
နေ့ခင်းကြောင်တောင်ကြီး လျန့်ယင်းယင်း အိမ်မှာရှိနေတာကြောင့် အားလုံး အံ့အားသင့်သွားကြလေသည်။
"ကဒ်သွား မကစားဘူးလား" ကျန်းဟွမ်က မေးလိုက်သည်။
"ဘာလဲ... ဒီနေ့က ဟယ်ဟယ့် မွေးနေ့ မဟုတ်ဘူးလား... ဒါကြောင့် ကျွန်မ အိမ်စောစောပြန်လာတာ"
လျန့်ယင်းယင်းက အထွန့်တက်လိုက်သည်။
"အမှန်တိုင်း ပြောရရင် ရှင်တို့အားလုံး ကစားကွင်း သွားကြတာကို ကျွန်မကို ဘာလို့ မခေါ်တာလဲ..."
ကျန်းဟွမ် နည်းနည်းလောက် မလွယ်ကူတော့သလို ခံစားလိုက်ရသည်။
ကျန်းဟွမ်က သူ့အမူအယာကို မပြောင်းဘဲပြောလိုက်သည်
" ငါတို့ ဒီနေ့ ဟယ်ဟယ့်မွေးနေ့ပွဲ လုပ်ပေးကြမှာကို လူတိုင်းသိနေကြတာပဲ... ဒါကြောင့် ငါတို့အားလုံး စောစောထကြတာ... မင်းက ဘယ်လို စောစောထရမယ်မှန်း ဘာလို့ မသိရတာလဲ..."
ဒါက အလုံးစုံ မှန်ကန်နေတာတော့ မဟုတ်ဘူး။ ကျန်းရှို့ချန်က အစောကြီးကတည်းက ဒီနေ့ အပြင်သွားမယ့်အကြောင်း မေ့သွားခဲ့ပြီးပြီ။ ကျန်းဟယ်လင်းက မနက်တုန်းက အပေါ်ထပ်ကို တက်ပြီး သူ့ကို သွားနှိုးပေးခဲ့ရတာ ဖြစ်သည်။ သူမက "ကစားကွင်း သွားရအောင်လို့" ပြောလိုက်ချင်းပဲ သူက ချက်ချင်း ထလာတာဖြစ်သည်။
သို့သော်လည်း ထိုစကားတွေက လျန့်ယင်းယင်းကို ပါးစပ်ပိတ်သွားစေဖို့ လုံလောက်လေသည်။ သူမက ရုတ်တရက်ပဲ အမှားလုပ်တဲ့သူ ဖြစ်သွားသည်။
ကျန်းဟယ်လင်းက စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်ပေမယ့် စိတ်ပျက်တာမျိုးတော့ မဖြစ်သွားပေ။ သူမရဲ့ အမေရင်းက သူမမွေးနေ့ကို မေ့သွားတာလို့ ပြောလိုက်ပေမယ့် ကျန်းဟယ်လင်းအတွက် အထူးတဆန်း ဖြစ်မနေခဲ့ဘူး။
သူမက ကျန်းယန်ရှန့် အပေါ်ထပ် တက်သွားတာကို ကြည်ပြီး ဘာစကားမှ မပြောဘဲ "အစ်မ" လို့ခေါ်လိုက်သည် ထို့နောက် သူမလည်း လိုက်တက်သွားလိုက်သည်။
ကျန်းရှို့ချန်ကိုလည်း အန်တီဝမ်က အဝတ်အစားလဲပေးဖို့ အပေါ်ထပ်ကို ဆွဲခေါ်သွားခဲ့သည်။
လျန့်ယင်းယင်းကတော့ သူမရဲ့ကလေးတွေက အရင်တုန်းကလို သူမနဲ့ ရင်းနှီးမှု မရှိတော့ဘူးလို့ အမှန်တကယ် ခံစားလိုက်ရသည်။ ထို့ထက် ပိုပြီးဆိုးနေတာက ကျန်းဟွမ်ကပါ သူမအပေါ် သဘောထားတွေ ပြောင်းလဲနေပုံပေါ်သည်။
ထိုအရာက လျန့်ယင်းယင်းကို စိတ်ပူပန်စေရသည်။
သူမက ညုတုတု ပြောကာ ကျန်းဟွမ်ရဲ့ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။
"လုပ်ပါ... ရှင်လည်း ကျွန်မ အကြောင်း မသိတာလည်း မဟုတ်ဘဲ... ကျွန်မ မနေ့က ညနက်တဲ့အထိ ဒရာမာဇာတ်လမ်း ကြည့်နေတာကို ဘယ်လို စောစောထနိုင်ပါ့မလဲ?~"
သူမက ကျောင်းထွက်ပြီးနောက် Kမြို့ကိုလာကာ အပျော်မယ် အဖြစ် အလုပ်လုပ်ခဲ့သည်။ သူမကို ညီအစ်မတစ်ယောက်က တစ်ချို့သော ညစာစားပွဲများကို ခေါ်သွားပေးခဲ့သည်။ သူမက ကျန်းဟွမ်နဲ့ ဆုံခဲ့ပြီး အသက်ငယ်စဥ်ကတည်းက သူ့နောက်သို့ လိုက်ခဲ့ရသည်။
ထိုအချိန်က သူမက ငယ်ရွယ်နုပျိုကာ ကလူ၏သို့ မြူ၏သို့ အမူအယာများနှင့် ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့် ကျန်းဟွမ်က သူမပုံစံလေးကို အထူး နှစ်ခြိုက်ခဲ့သည်။
အခုချိန်မှာတော့ ကျန်းဟွမ်၏ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များက ကွဲပြားနေပုံပင်။
အခုချိန်မှာ လျန့်ယင်းယင်း၏ ညုတုတု ပုံစံလေးက အရင်တုန်းကလို ချစ်ဖို့မကောင်းတော့ပေ။ ပြီးတော့လည်း ထိုအချိန်တုန်းကသူ့ အသက် ဘယ်လောက် ရှိခဲ့လို့လဲ...
အခုချိန်မှာ သူ့အသက် ဘယ်လောက်တောင် ရှိပြီလဲ...
ကျန်းဟွမ်၏ ယခု အသက်အရွယ်မှာတော့ အရင်တုန်းက ထိုပုံစံများကို မကြိုက် နှစ်သက်တော့ပေ။ ဒါကြောင့် ထိုအရာတွေက ကျန်းဟွမ်ကို မဆွဲဆောင်နိုင်တော့ဘူး။
အထူးသဖြင့် ဒီနေရာ ဖြစ်တဲ့ သူ့ကိုယ်ပိုင်အိမ်မှာ ကလေးတွေနှင့် အန်တီတွေလည်း ရှိနေသေးသည်။ ဒီနေရာက အပြင်က လျှို့ဝှက် အပျော်အိမ်တစ်ခု မဟုတ်တော့ဘဲ ထိုနေရာကို သွားခဲ့တာကလည်း သူအပျော်ရှာဖို့ အတွက်ပင်။ သူ့ကိုယ်ပိုင်အိမ်မှာ သူ့ကလေးများ၏ ရှေ့တွင်တော့ မိဘတစ်ယောက် အနေနှင့် သင့်တင့်လျောက်ပတ်စွာ နေထိုင်သင့်ပေသည်။
ဒါပေမယ့် သူတစ်ယောက်တည်းပဲ ကိုယ်တိုင် မဆောင်ရွက်နိုင်ဘူး။ လျန့်ယင်းယင်းလည်း အမေတစ်ယောက် ဖြစ်နေပြီကို ဘာလို့များ ဒီလို ဆက်လုပ်နေရသေးတာလဲ?
လျန့်ယင်းယင်း၏ ညုတုတု ပုံစံများနှင့် သူမ၏ ပေါ်ပေါ်ထင်ထင် သဘောထားများက လွန်ခဲ့သော ဆယ်နှစ်က လုပ်ခဲ့တဲ့ ပုံစံအတိုင်း မပြောင်းလဲခဲ့။ သို့သော်လည်း ကျန်းဟွမ်၏ သူမအပေါ် လိုအပ်ချက်တို့ကတော့ ပြောင်းလဲသွားခဲ့ပြီပင်။
အတိတ်တုန်းကတော့ သူက သူမရဲ့ ငယ်ရွယ်နုပျိုတဲ့ ခန္ဓါကိုယ်ကို စွဲလန်းခဲ့ပေမယ့်လည်း ယခုမှာတော့ သူ့ကလေးတွေနဲ့ မိသားစုကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ ဇနီး တစ်ယောက်ကိုပဲ အလိုရှိတော့သည်။ ဒီလိုအပ်ချက်က အရင်ကနဲ့ တူနိုင်ပါအုံးမလား...
ကျန်းဟွမ်က နူးနူးညံ့ညံ့ ပြောလိုက်သည်။
"အိမ်မှာ ဒါမျိုးထပ်မလုပ်နဲ့... ကလေးတွေ ကြည့်နေတယ်လေ..."
လျန့်ယင်းယင်း အနည်းငယ် ရှုပ်ထွေးသွားသည်။
ကျန်းဟွမ် စကားပြောပြီးသွားတော့ သူမကို ဖယ်ထုတ်ချင်သည့်အလား သူ့လက်ကို ခါယမ်းလိုက်သည်။
လျန့်ယင်းယင်းက လျင်မြန်စွာပဲ သူ့လက်မောင်းကို မှီတွယ်ကာ သတိထား ပြောလိုက်သည် "ကလေးတွေအားလုံး အပေါ်ထပ် ရောက်ကုန်ကြပြီ"
"ဒါဆိုလည်း ထပ်မလုပ်နဲ့"
ကျန်းဟွမ်က မျက်မှောင်ကြုတ်ကာ ဆိုသည်
"မင်း အသက် ဘယ်လောက် ရှိနေပြီလဲ... မင်းက ကလေး နှစ်ယောက် အမေ ဖြစ်နေပြီးပြီ... မိန်းမငယ်လေးလို ဟန်ဆောင်မနေနဲ့တော့... နောက်ဆုံးအကြိမ် ဒီအကြောင်း ပြောထားတာကရော အားလုံး အလကား ဖြစ်သွားတာလား"
မိန်းမငယ်လေးလို ဟန်ဆောင်နေတာတဲ့လား....
လျန့်ယင်းယင်း သူမမျက်နှာပေါ် ဖြတ်ရိုက်ခံရသလို ခံစားလိုက်ရတာကြောင့် မျက်နှာ တစ်ခုလုံး ပြာနှမ်းပြီး နီရဲလာသည်။
သူမရဲ့ နှလုံးသားထဲမှာ အကြီးအကျယ် တုန်လှုပ်နေမှုကို ခံစားနေရပြီး ကျန်းဟွမ်ကို သွားခွင့်မပေးနိုင်ခဲ့ပေ။ သူမက အံကြိတ်လိုက်ပြီး အပြုံးလေး တစ်ခုကို ချိတ်ဆွဲကာ ပြောလိုက်သည်။
"အပြင်မှာ ပူတယ်... အပေါ်ထပ်တက်ပြီး ရေချိုးရအောင်လေ..."
ကျန်းဟွမ်က သူ့လက်ကို ခါလိုက်သော်ငြား သူမကိုတော့ ခါမထုတ်နိုင်ခဲ့ပေ။ ထိုအစား သူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ခံလိုက်ရသည်။ ကျန်းဟွမ် သူ့ခေါင်းကို ခါရမ်းကာ သူမလက်မောင်းကို ကိုင်ပြီး အပေါ်ထပ်တက်သွားခဲ့ရလေသည်။
......
ကျန်းယန်ရှန့် ခြေလှမ်းရပ်လိုက်လိုက်ချင်း ကျန်းဟွမ်နဲ့ လျန့်ယင်းယင်းတို့လည်း ဆင်းလာကာ သူမကို နောက်ကနေ လှမ်းခေါ်လိုက်သည်။
ကျန်းယန်ရှန့် သူမခေါင်းကို လှည့်လိုက်ပြီး ကျန်းဟွမ်ကို မြင်သောအခါတွင်တော့ သူ တစ်ခုခု ကွဲပြားနေမှန်း ခံစားလိုက်ရလေသည်။ သူမ မျက်မှောင်ကြုံ့မိသွားသည်။ ကျန်းဟွမ် သူမဆီ လျှောက်လာသည့် အခါတွင်တော့ သူ့အမူအရာက စိတ်အေးလက်အေး ဖြစ်နေပုံရပြီး သူ့မျက်ခုံးအကြားတွင်လည်း သက်တောင့်သက်သာ ဖြစ်နေပုံရသည်။
လျန့်ယင်းယင်းကို ထပ်ကြည့်မိလိုက်သည့် အချိန်တွင် သူမမျက်နှာအမူအယာမှာ နွေဦးအလားပင်။ အရွယ်ရောက်ပြီးသား ဝိဥာဏ်ရှိနေတဲ့ ကျန်းယန်ရှန့်က ဘယ်လိုများ နားမလည်ဘဲနေပါ့မလဲ...
ကျန်းယန်ရှန့် ခဏလောက် ဆွံ့အသွားရသည်။ အပေါ်တက်ပြီး အဝတ်လဲ ရေချိုးရုံလေးနဲ့တင် သူမအဖေနဲ့ ထိုမိန်းမက ဇာတ်လမ်းရိုက်ခဲ့သေးသည်။
ကျန်းယန်ရှန့်က ခေါင်းပြန်လှည့်ကာ လမ်းမြန်မြန် လျှောက်ပြီး အခုလေးတင် ချစ်မှုရေးရာ ကိစ္စတွေ ပြုလုပ်ထားကြတဲ့ လူနှစ်ယောက်အနားကနေ ဝေးဝေးပြေးတော့သည်။
ခန်းမငယ်လေးထဲတွင်တော့ သူမက တမင် သက်သက်ပင် ကျန်းဟယ်လင်း၏ ဘေးမှာ ထိုင်လိုက်သည်။ ထိုနေရာက ကျန်းဟွမ် မကြာခဏ ထိုင်လေ့ရှိသည့် နေရာနှင့် အဝေးဆုံးမှာ ဖြစ်သည်။
လူတိုင်း ထိုင်လိုက်တာကို တွေ့တော့ အန်တီတစ်ယောက်က သစ်သီးတွေ ယူလာပေးသည်။
ကျန်းယန်ရှန့်က အခုချိန်မှာ ဘာကိုမှ စားချင်စိတ်မရှိသဖြင့် နေရာမှ မရွေ့ပေ။
လျန့်ယင်းယင်းက ကျန်းဟွမ်ကိုသာ မလွတ်တမ်း အာရုံစိုက်နေပြီး အသီးခက်ရင်းကိုကိုင်ကာ သူ့ကို ကျွေးဖို့ ကြိုးစားနေသည်။ ကျန်းဟွမ်က ခက်ရင်းကိုယူကာ သူမကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်ကာ ကလေးတွေရှေ့မှာ တမင်သက်သက် တရင်းတနှီးအပြုအမူများကို ရှောင်ဖယ်လိုက်လေသည်။
Xxxxx
Part 88
ကျန်းဟယ်လင်းက အသီးစားပြီးသည့်နောက် ဂိမ်းစက်ကိုချကာ ရေချိုးခန်းဆီ သွားတော့သည်။
ကျန်းရှို့ချန်က ဂိမ်းကစားပြီးနောက် သူ့ခေါင်းကို မော့လိုက်သည်။
ပထမဆုံး အကြည့်မှာတင် သူ အသီးမစားချင်ဘဲ ရေခဲချောင်းသာ စားချင်ခဲ့သည်။ သူမနက်က အချိန်ကောင်းလေး ရှိခဲ့သော်လည်း အရမ်းပူလွန်းသည်။ သူအိမ်ပြန်ရောက်ရောက်တော့ အပူသက်သာစေဖို့ ရေခဲချောင်း စားချင်နေတုန်းပင်။
သူက ဆိုဖာပေါ်မှ ခုန်ထွက်ကာ မီးဖိုချောင်ထဲက ရေခဲသေတ္တာဆီ ပြေးသွားပြီး ဖွင့်လိုက်သည်။
သူက ရေခဲမုန့်တစ်ခုကို ယူလိုက်ပြီး ကျန်ယန်ရှန့် အသီးမစားတာကို သတိရသွားတာကြောင့် မနေနိုင်ဘဲ တုန့်ဆိုင်းသွားလေသည်။ ခဏလောက် စဥ်းစားနေပြီးတော့မှ ကျန်းရှို့ချန်က နောက်တစ်ခုကို ထပ်ယူလိုက်ပြီး တတောက်တောက် ပြန်ပြေးသွားသည်။
"အစ်မအတွက်" သူက ဂရုမထားသည့်လေသံနှင့် ပြောကာ ရေခဲမုန့်ကို ကျန်းယန်ရှန့်ဆီ ကမ်းပေးလိုက်သည်။
ကျန်းဟွမ်နှင့် လျန့်ယင်းယင်းက ရပ်ကာ အမြဲတမ်း စကားနားမထောင်တတ်ဘဲ တစ်ခြားသူကို ဘယ်တော့မှ တွေးမပေးတတ်ခဲ့သော ထိုကလေးကို အံ့သြတကြီး ကြည့်နေကြသည်။
အတိတ်မှာတုန်းက သူက အရသာရှိတဲ့တစ်ခုခုကို ယူရင် တစ်ခြားသူတွေအတွက်လည်း ယူပေးရမယ် ဆိုတာကို ဘယ်တုန်းကများ သတိရဖူးလို့လဲ... ဒါပေမယ့်လည်း အခုချိန်မှာ ကျန်းယန်ရှန့်အတွက် တစ်ခုခု ယူလာပေးဖို့ အမှန်တကယ် သတိရသွားလေပြီ။
ကျန်းဟွမ်နဲ့ လျန့်ယင်းယင်းတို့ တစ်ချိန်လုံး ထိုနေရာမှာ ထိုင်နေခဲ့တာပေမယ့် ကျန်းယန်ရှန့်က သူမဖုန်းကိုပဲ ငုံ့ကြည့်နေပြီး ကျန်းရှို့ချန်ကို ရေခဲမုန့်ယူလာဖို့ မပြောခဲ့တာကို သူတို့ သေသေချာချာ ကိုတွေ့လိုက်ရသည်။
ကျန်းယန်ရှန့် ကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ရသည်။
အမှန်တကယ်ကတော့ သူမပြန်လည်မွေးဖွားလာပြီးသည့် နောက်မှာ ကျန်းရှို့ချန်ကို စည်းကမ်းတင်းကြပ်ခဲ့သော်လည်း သူမက ကျန်းရှို့ချန်၏ကောင်းကျိုးအတွက် လုပ်ခဲ့တာ မဟုတ်ပေ။ သူမအရင်ဘဝက ကျန်းရှို့ချန်ကို တွေ့ရတာ အရမ်းကို ပင်ပန်းခဲ့ရသည်။ ထို့ကြောင့်သူမက သူ့အပေါ်ကောင်းမပေး နိုင်ခဲ့ဘူး။ သူမက အနာဂါတ်မှာ ကျန်းရှို့ချန် တစ်ခြားသူတွေအပေါ် အန္တရာယ်ပေးမှာကို ကြိုတင်ကာကွယ်ရုံသာ။
ဒါပေမယ့် သူမ ရှေ့က ကျန်းရှို့ချန်ကတော့.... သူမမှတ်ဥာဏ်ထဲက ပုံစံနဲ့ အနည်းငယ် သွေဖယ်နေပုံရသည်။
ကျန်းယန်ရှန့်က ခဏလောက် တိတ်သွားပြီးမှ ယူလိုက်ပြီး "ကျေးဇူး"ဟု ပြောလိုက်သည်။
သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ကျန်းယန်ရှန့်က ကျန်းရှို့ချန်ကို ကျေးဇူးတင်ခဲ့တာ ဖြစ်သည်။ ထိုအရာက ကျန်းရှို့ချန်အတွက် အရမ်းကို အိမ်မက်ဆန်လွန်းသော အတွေ့အကြုံလည်း ဖြစ်လေသည်။
မှုန်မှိုင်းနေသော မျက်နှာ ဖြင့်ပင် သူက ခပ်တောင့်တောင့် ဆိုလိုက်သည် "ရ...ရပါတယ်"
"ကျေးဇူးပါ"နှင့် "ရပါတယ်"ဆိုတာကို ပြောဆိုရခြင်း၏ သိတတ်ယဥ်ကျေးမှုကို စဥ်းစား ကြည့်ရလျှင် ကျန်းယန်ရှန့် သူ့ကို တုတ်နှင့်လက်ဝါးကို အသုံးပြုပြီး သင်ပေးခဲ့တာ ဖြစ်လေသည်။
ကျန်းဟွမ်က ထိုမောင်နှမ၏ အပြန်အလှန် ဆက်ဆံပုံကို ကြည့်ကာ အံ့သြမှုကြောင့် မျက်တောင်များ ခတ်သွားရသည်။ ထိုအရာက ပုံမှန်အားဖြင့် သာမန်ကလေးများ ရှိသင့်သော ယဥ်ကျေးမှု ဖြစ်သော်လည်း ကျန်းရှို့ချန်လို ကလေးဆိုးတစ်ယောက်က ပြုမူလိုက်သော အခါတွင်တော့..... ကျန်းဟွမ်က ရိုးရိုးသားသားပင် အံ့သြတကြီး ဖြစ်သွားကာ ရင်ထဲလှုပ်ရှားသွားရသည်။
ကျန်းယန်ရှန့် ကျန်းရှို့ချန်ကို စပြီး စည်းကမ်းတင်းကြပ်လိုက်ကတည်းက ကျန်းရှို့ချန်၏ တိုးတက်လာမှုများက အများကြီး စိတ်အေးစေရသည်။
လျန့်ယင်းယင်းကတော့ သူနဲ့ ဆန့်ကျင်ဘက်ပင်။
သူမအရမ်း ရက်စက်သလို ခံစားနေရသည်။
ဒါက သူမမွေးပြီး ပျိုးထောင်ခဲ့ရတဲ့ သားလေးပင်။ သူမက သူ့ကို "ကျန်းယန်ရှန့်က မိသားစုရဲ့ အပိုလူ"ဟု ဘယ်လောင်တောင် ရိုက်သွင်းပေးခဲ့ရလဲ... ဒါတောင် ဘာကြောင့်များ ကျန်းယန်ရှန့်နဲ့ ရုတ်တရက်ကြီး နီးကပ်သွားရတာလဲ...
သူမလို မွေးမိခင်ကိုတောင်မှ သူ့ဆီက စားဖို့ သောက်ဖို့ တစ်ခုခု လာမပေးဖူးခဲ့ဘူး!
လျန့်ယင်းယင်း ရုတ်တရက်ပဲ သူမသူငယ်ချင်းမတွေ ပြောတဲ့ ကျန်းယန်ရှန့်က သူမကလေးတွေကို သိမ်းသွင်းဖို့ လျှို့ဝှက်ကြံစည်နေတာ ဆိုတာကို သတိရလိုက်သည်။ သူမက ထိုအချိန်တုန်းက ထိုအကြောင်းကို အများကြီး မတွေးခဲ့မိပေ။ သူမက သူတို့ကို သူမကိုယ်တိုင် မွေးခဲ့ပြီးဘယ်သူနဲ့ နီးကပ်သင့်လဲဆိုတာကို သိသင့်သည်ဟု တွေးခဲ့မိတာ ဖြစ်သည်။ ဒါပေမယ့် အခုတော့ သူမရှေ့မှာ ရှင်းလင်းတဲ့ သက်သေတွေ ရှိနေပြီ။
ကျန်းယန်ရှန့်! နင်တော်တော် ဥာဏ်ကောင်းတာပဲ!
သူမ လျှော့တွက်မိသွားခဲ့တာ!
လျန့်ယင်းယင်းက ဒေါသကြောင့် မူးဝေလာကာ ကျန်းယန်ရှန့်ကို စားတော့ဝါးတော့မတတ် စိုက်ကြည့်နေသည်။
သူမကတော့ ကျန်းယန်ရှန့် ပြန်လည်မွေးဖွားလာတဲ့ လတစ်ဝက်ဆိုတဲ့ ကာလတိုလေးနဲ့တင် ဒီ15နှစ်ပဲ ရှိသေးတဲ့ ကောင်မလေးနဲ့ ရင်ဆိုင်ရတိုင်း အရင်ကရှိခဲ့တဲ့ တည်ငြိမ်မှုတွေ ပျောက်ဆုံးသွားတာကို နားမလည်ခဲ့ပေ။
အတိတ်မှာတုန်းက သူမနှုတ်ခမ်းထောင့်မှာ အပြုံးလေးတစ်ခု ရှိနေပြီး ဆွပေးနေတဲ့ မျက်လုံးတွေနဲ့ သူမစကားတွေထဲက ထေ့လုံးငေါ့လုံးတွေက မိန်းမငယ်လေးကို စိတ်ဆိုး ဒေါသထွက်စေကာ စိတ်ဂယောင်ချောက်ချားတောင် ဖြစ်စေနိုင်ခဲ့သည်။
အခုတော့ သူမနေရာမှာ တည်ငြိမ်ပြီး တိတ်ဆိတ်တဲ့ ကောင်မလေးကို အစားထိုးခံရပြီး တော်တော်လေး ပြောင်းလဲသွားခဲ့သည်။
ထိုကဲ့သို့သော ရန်ပွဲတွင်တော့ စိတ်လှုပ်ရှားလွယ်ပြီး စိတ်မရှည်သူကသာ ပထမဆုံး ကျရှုံးမြဲ ဖြစ်သည်။
ကျန်းယန်ရှန့်က သူမခေါင်းကို ငုံ့ကာ ရေခဲမုန့်ကို တစ်လုတ်ကိုက်စားလိုက်သည်။
ကျန်းရှို့ချန် သူမကို ပေးလာသည့် ရေခဲမုန့်က ထူးဆန်းနေသည်။ ထိုအကြောင်းကို တွေးနေရင်း ထို စိုက်ကြည့်နေသော မျက်လုံးများကို ရုတ်တရက် ခံစားလိုက်မိသည်။ သူမခေါင်းကို မော့ကြည့်လိုက်တော့ သူမအဖေနှင့် သူဇနီးက သူမကို စိုက်ကြည့်နေကြတာကို တွေ့လိုက်ရလေသည်။ ထိုလူနှစ်ယောက်ရဲ့ မျက်လုံးတွေက မတူညီတဲ့ အမူအယာတွေကို ပြနေရုံလေးတင်။
လျန့်ယင်းယင်း၏ အကြည့်က အဆိပ်ပြင်းကာ ကြောက်စရာ ကောင်းနေသော်လည်း ကျန်းဟွမ်၏အကြည့်များက အထင်ကြီးခြင်းနှင့် စိတ်သက်သာရာရနေပုံ ဖြစ်ပြီး တစ်ခုခု ပြောချင်သော်လည်း ပြောမထွက်ပုံပင်။
ကျန်းယန်ရှန့်က ကျန်းဟွမ်၏ တစ်ခုခုပြောချင်နေပုံကို လျစ်လျူရှုကာ ရေခဲမုန့်ကို နောက်တစ်ကိုက်ကိုက်လိုက်သည်။ သို့သော်လည်း တုံ့ဆိုင်းနေပြီးမှ နက်နက်ရှိုင်းရှိုင်း ပြောင်းလဲသွားသော အမူအယာဖြင့် တခြားလူကို တည့်တည့် စိုက်ကြည့်လိုက်သည်။
ကျန်းဟွမ်က မူလက ခံစားချက်အပြည့် ဖြစ်နေသော်လည်း ရုတ်တရက် ကျန်းယန်ရှန့်၏ မျက်လုံးများက တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ သူက သူမ၏အကြည့်တစ်လျှောက် လိုက်ကြည့်လိုက်သောအခါ သူ့ဘေးမှာထိုင်နေသည့် လျန့်ယင်းယင်းက သတ်မလို ဖြတ်လို ကြည့်နေတာကို တွေ့လိုက်ရသည်။
ကျန်းဟွမ်:"..."
ကျန်းဟွမ်က လျန့်ယင်းယင်းကို သူ့နောက်လက်ဖြင့် လှုပ်ရမ်းသည်: "ဘာတွေ လုပ်နေတာလဲ..."
လျန့်ယင်းယင်းက အသိစိတ်ပြန်ဝင်လာသည်။ ဘာကြောင့်များ ကျန်းဟွမ်ရှေ့မှာ သူမရဲ့ ပုံစံအမှန်ကို ပြမိပါလိမ့်? သေစမ်း!
သူမက ခပ်မြှောက်မြှောက် ပြုံးလိုက်ပြီး ပြောလိုက်သည် "ကျွန်မက ရှို့ရှို့အကြောင်းတွေးနေတာပါ... ရှို့ရှို့ အခုဘယ်လောက်လိမ္မာလိုက်လဲ"
"ဟုတ်တာပေါ့" ကျန်းဟွမ်က ထူးမခြားနားပုံစံဖြင့် ပြောလိုက်သည် "ယန်ယန်က သူ့မောင်လေးကို ကောင်းကောင်း သင်ပေးထားတာပဲ"
လျန့်ယင်းယင်းက ဆိုးဆိုးဝါးဝါး ဒေါကန်သွားရပေမယ့်လည်း သူမရင်ထဲက အမုန်းတွေကို ဖုန်းကွယ်ထားရသည်။
ကျန်းဟွမ်က သူ့သမီးကို ထပ်ကြည့်ဖို့ ခေါင်းပြန်လှည့်လိုက်သည်။
သူ့သမီးရဲ့ နှုတ်ခမ်းထောင့်လေးတွေက အနည်းငယ် ညွတ်နေပြီး ရေခဲမုန့်ကို ဖြည်းဖြည်းချင်း စားကာ သူမအကြည့်တွေက ဖုန်းပေါ်ကို ပြန်ရောက်နေသည်။ သူမက ဇနီးမောင်နှံ နှစ်ယောက်ကြားက စကားဝိုင်းကို မြင်လည်းမမြင် ကြားလည်း မကြားသည့်ပုံပင်။
သူ့သမီးငယ်လေး ရေချိုးခန်းကနေ ပြန်ရောက်လာသည့် အချိန်မှာတော့ သူ့သား ရေခဲမုန့်စားနေတာကို တွေ့လိုက်ပြီး သူမသည်လည်း တူတူပဲစားတော့မည်ဟု ပြောလိုက်သည်။ သူ့သားက ကျယ်ကျယ်လောင်လောင်ရယ်တော့သည်။
"သား ဒီအရသာရဲ့ နောက်ဆုံး ကျန်တဲ့ နှစ်ဘူးကို စားလိုက်ပြီးပြီ"
သူ့သမီးငယ်လေးက အရမ်းဒေါသထွက်ကာ တစ်ခုခုယူဖို့ သွားခဲ့သည်။
ကလေးနှစ်ယောက်က တတွတ်တွတ် ပြောနေကြတာ ဖြစ်သည်။
ထိုကဲ့သို့သော သက်ဝင်လှုပ်ရှားနေသည့်အချိန်လေးမှာ တိတ်တိတ်ဆိတ်ဆိတ် ဖုန်းကြည့်နေသည့် မိန်းကလေးကသာ အရမ်းကို ရင့်ကျက်ပုံ ပေါ်နေသည်။
ထိုကဲ့သို့ နှိုင်းယှဥ်လိုက်သောအခါတွင်တော့ ကျန်းဟွမ် ကျိတ်ပြီး သက်ပြင်းချမိသွားလေသည်။
အသက် 30ပြည့်ခါနီးဖြစ်သော သူ့ဇနီးက သူ့ရဲ့ 15နှစ်သား သမီးကြီးလောက်တောင် မကောင်းပါလား။
မကြာခင်မှာပဲ သောကြာနေ့ကုန်ဆုံးကာ စနေနေ့ ရောက်လာခဲ့သည်။
လွန်ခဲ့တဲ့ တစ်ပတ်က ကျန်းမိသားစုကနေ ထွက်လာခဲ့သော လျန့်သခင်လေးက ပြန်ရောက်လာခဲ့သည်။
"ကျွန်တော့် အဒေါ်ရှိလား... ကျွန်တော် ဟယ်ဟယ်နဲ့ ရှို့ရှို့တို့နဲ့ အတူကစားပေးဖို့ လာခဲ့တာ"သူက အပြုံးလေးနှင့် ပြောလိုက်သည်။
ထိုသူက မွန်ရည်ပြီး သဘောကောင်းတဲ့ ပုံစံ ဖြစ်နေကာ ဘယ်လိုပဲကြည့်ကြည့် မကောင်းတဲ့လူပုံ မပေါ်ပေ။
ကံမကောင်းစွာပဲ ကျန်းဟွမ်နဲ့ လျန့်ယင်းယင်းက အိမ်မှာ ရှိမနေခဲ့ပေ။ ကျန်းယန်ရှန့်တောင်မှ လက်ဝှေ့ထိုးလေ့ကျင့်ဖို့ အချိန်ရှိနေသည်။
ထိုစကားကို ကြားချိန်မှာတော့ လျန်ကျန့် မျက်ခုံးပင့်မိသွားသည်။
"အချိန်ကိုက်လေးပဲ! မဟုတ်သေးဘူး... ကျွန်တော်ပြောချင်တာ.. ကျွန်တော့ညီနဲ့ ညီမကို တွေ့ဖို့ လာတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်လို့... မပူပါနဲ့.. ကျွန်တော် ကိုယ့်ဘာသာပဲ အပေါ်တက်ပြီး သူတို့ကို သွားရှာလိုက်မယ်"
ထို့ကြောင့်ပင် အန်တီက လျန့်ကျန်းကို အပေါ်တက်သွားဖို့ ခွင့်ပြုလိုက်ရသည်။
Xxxxx