Part 85
ကျန်းဟယ်လင်း အတွက်တော့ ဒီလို ပျော်စရာနေ့လေးမျိုးကို တစ်ခါမှမကြုံဖူးခဲ့ပေ။
နွေရာသီအားလပ်ရက်မှာတော့ ကစားကွင်းက မနက် 7နာရီတိုင်း ဖွင့်လေ့ရှိရာ သူတို့ရောက်သွားတဲ့အချိန်က ကစားကွင်းဖွင့်ချိန်နဲ့ ကွက်တိပင်။
သူတို့ဝင်သွားသွားချင်း ကျန်းရှို့ချန်က ကျန်းဟွမ်ကို ကလေးများကစားသည့်နေရာသို့ ဆွဲခေါ်သွားချင်ခဲ့သည်။
ဘယ်သူကများ သူ့ကို အသက်ငယ်ပြီး အရပ်မရှည်ပေးဖို့ ပြောလို့လဲ...
ကျန်းဟယ်လင်းက အများကြီး ကစားနိုင်ပေမယ့် သူ့အရပ်အတွက်တော့ ကန့်သတ်ခံထားရပြီး မကစားနိုင်ပေ။
ရလဒ်အနေနဲ့ကတော့ သူ့ရဲ့အစ်မကြီး ကျန်းယန်ရှန့်က သူ့ဆီ လက်ဆန့်ထုတ်ကာ ငှက်ရဲ့ လက်သည်းများ သားကောင်ကိုသုတ်သကဲ့သို့ သူ့ခေါင်းကို မြဲမြံစွာ ကိုင်လာခဲ့သည်။
"ဒီနေ့က နင့်မမရဲ့ မွေးနေ့လေ... ဒါကြောင့်မို့ သူ့ကို ဦးစားပေးရမယ်... ဒီနေ့ ငါတို့အားလုံး နင့်မမကို အဖော်ပြုပေးဖို့လာတာ... နင့်နောက်လိုက်ဖို့ မဟုတ်ဘူး... သူကစားချင်တာတွေ ကစားပြီးမှ နင်သွားဆော့ချင်တဲ့နေရာ အကြောင်း ပြောကြတာပေါ့"
သူ့အစ်မကြီးရဲ့ လက်တွေက ပလာယာတွေလိုပဲ။ ကျန်းရှို့ချန်က မိနစ်တိုင်းမှာ သူ့ခေါင်းကနေ သွေးပေါက်ကြီးငါးပေါက် ပေါက်ထွက်တော့မလို ခံစားလိုက်ရသည်။ ပြီးတော့ လျန့်ယင်းယင်းကလည်း ဒီနေ့ လိုက်မလာခဲ့ရာ ကျန်းရှို့ချန်က စိတ်ပျက်အားလျော့လာပြီး မကြည်မသာ ဆိုလိုက်လေသည်။
"ဒါဆိုလည်း သဘောပဲ"
အန်တီဝမ်ကတော့ သူမပါးစပ်ကိုအုပ်ကာ တိတ်တိတ် ရယ်လေသည်။
သူ့ရဲ့ အကြီးဆုံးသမီးက သားငယ်လေးကို ဂရုစိုက်နေတာ မြင်လိုက်ရတော့ ကျန်းဟွမ် တစ်ယောက် အမှန်တကယ်ကို စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။ သူက သမီးငယ်လေးရဲ့ ခေါင်းကိုတို့ကာ ပြုံးပြလျက် မေးလိုက်သည်။
"ဟယ်ဟယ်ကရော ဘာကစားချင်လဲ?"
ကျန်းဟယ်လင်းရဲ့ မျက်နှာက ပျော်ရွှင်မှုကြောင့် ဝင်းပသွားသည်:
"ရိုလာကိုစတာ!"
"အိုဟိုး!" ကျန်းဟွမ်ကပြောလိုက်သည်။
"စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ စကြမယ်ပေါ့!"
အပြောနှင့်အညီ သူတို့အုပ်စုက ရိုလာကိုစတာဆီသို့ ဦးတည်လာကြသည်။
ကစားကွင်းတွင် လူတစ်ယောက်စီအတွက် လက်မှတ်တစ်ခုစီ ဝယ်ပြီးသွားရင် အထဲကို ရောက်တဲ့အခါမှာ စီးစရာတွေအတွက် နောက်ထပ် လက်မှတ် ဝယ်စရာမလိုတော့ပေ။ ဒါပေမယ့်လည်း စိတ်လှုပ်ရှားဖွယ်ရာ စီးစရာတွေအတွက်ကတော့ တန်းစီစရာ လိုသေးသည်။ ပိုပြီး လူကြိုက်များလေ လူတန်းပိုရှည်လေပင်။
ရိုလာကိုစတာက ဒီမြို့တွင် အထူးကဲဆုံး စီးစရာ တစ်ခုအဖြစ် ဆိုနိုင်ပေသည်။
သူတို့ မနက်စောစော ရောက်လာခဲ့တာကြောင့် လူတွေအများကြီး မရှိသေးဘဲ ရိုလာကိုစတာကို ချောချောမွေ့မွေ့စီးလိုက်နိုင်သည်။
သနားစရာ ကျန်းရှို့ချန်လေးမှာတော့ စီးဖို့ရာ အသက်ငယ်နေသေးတာကြောင့် အောက်မှာသာ အန်တီဝမ်ဘေး ရပ်ကာ သူ့အဖေနဲ့ အစ်မနှစ်ယောက် ပျော်နေတာကို ရပ်ကြည့်နေရရှာသည်။
ကျန်းဟွမ်က သူ့နှလုံးခုန်ပေါက်နေရာကနေ တည်ငြိမ်လာပြီးနောက် ကြွေးကြော်လိုက်သည်။
"အရမ်း မိုက်တာပဲ! အရမ်း မိုက်လွန်းတယ်... မကောင်းတော့ဘူး... ငါ့ခြေထောက်တွေ မတ်မတ် မရပ်နိုင်တော့ဘူး"
ကျန်းဟယ်လင်းက ပျော်မဆုံး မော်မဆုံး ဖြစ်နေပြီး ကျန်းယန်ရှန့်တောင်မှ မနေနိုင်ဘဲ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ကွေးလာရသည်။
ကျန်းရှို့ချန်က ခုန်ပေါက်ကာ ပြောလိုက်သည် "သားအလှည့်! သားအလှည့်!"
ကျန်းယန်ရှန့်က ကျန်းဟွမ် တစ်ခုခု ပြောမလို့ ပြင်လိုက်တာကို တွေ့လိုက်ရလို့ ချက်ချင်း ဖြတ်ပြောလိုက်သည်။ "ဒီနေ့က နင့်မမရဲ့ မွေးနေ့လေ ဒါကြောင့် ဖေဖေက သူနဲ့ လိုက်ပေးချင်နေတာ... သွားရအောင်... ငါနင့်ကို ကစားဖို့ ခေါ်သွားပေးမယ်"
သူမက ပြောတဲ့အတိုင်းပဲ သူမရဲ့လက်ကို ကျန်းရှို့ချန်ဆီ ဆန့်ထုတ်လိုက်လေသည်။
သူမရဲ့လက်တွေက သူ့တင်ပါးကို ရိုက်တဲ့အခါ အရမ်းကို နာကျင်ရသည်! ထိုလက်က သူ့ခေါင်းပေါ် တင်လာတဲ့အခါမှာတော့ သိမ်းငှက်ရဲ့ ခြေသည်းတွေလိုပင်။
ကျန်းရှို့ချန်က ခဏလောက် တွန့်သွားပြီးမှ ကျန်းယန်ရှန့်ရဲ့ ချိန်းခြောက်တဲ့ အကြည့်အောက်မှာ ဦးရေပြားတွေ ထုံကျင်လာရသည်။
ထို့ကြောင့် သူက ကလေးလက်ဖဝါးနုနုလေးကို ဆန့်ထုတ်ကာ ကျန်းယန်ရှန့် လက်ထဲမှာ မြဲမြဲမြံမြံ ကိုင်ထားစေလိုက်သည်။
"အန်တီဝမ်နဲ့ သမီးက သူ့ကို ကလေးတွေကစားတဲ့နေရာကို ခေါ်သွားလိုက်မယ်... ဖေဖေက ဟယ်ဟယ့်ကို ခေါ်သွားပေးလိုက်"
ထိုစာကြောင်းက ကျန်းဟွမ် အတွက်ပင်။
ထိုစကားကို ပြောပြီးနောက် သူမက ကျန်းဟယ်လင်းရဲ့ ခေါင်းကိုပုတ်ကာ ဆိုလိုက်သည်
"ကောင်းကောင်း ပျော်ခဲ့နော်! ပျော်စရာ မွေးနေ့လေး ဖြစ်ပါစေ!"
ကျန်းဟယ်လင်းရဲ့ ကျောက်နက်လေးတွေလို မျက်လုံးလေးတွေက ပျော်ရွှင်မှုကြောင့် နေရောင်အောက်မှာ ဖိတ်ဖိတ်လက်နေသည်။
ကျန်းယန်ရှန့်က ကျန်းရှို့ချန်ကို လက်ဆွဲကာ အန်တီဝမ်ကို ခေါ်သွားလိုက်သည်။
ကျန်းဟွမ်နဲ့ ကျန်းဟယ်လင်းတို့က အချင်းချင်း ကြည့်လိုက်ကြပြီး အခုအချိန်က သူမမွေးကတည်းက စလို့ ကျန်းဟွမ်က ကျန်းဟယ်လင်း တစ်ယောက်တည်းကို အဖော်ပြုပေးတာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရုတ်တရက် နှစ်ယောက်လုံး သတိရသွားကြသည်
ထိုကိစ္စကို သတိရသွားတော့ ကျန်းဟွမ်က အနည်းငယ် စိတ်မသက်မသာ ဖြစ်လာပြီး ခြောက်ကပ်ကပ် ပြုံးကာ ကျန်းဟယ်လင်းရဲ့ ခေါင်းကို ချစ်မြတ်နိုးစွာ ပွတ်ပေးလိုက်သည်။
"ဟယ်ဟယ်.. နောက်ထပ် ဘာစီးချင်သေးလဲ....ဖေဖေ့ကိုပြောပြလေ.. သူတို့ကို အရင်ဆုံး တန်းစီခိုင်းလိုက်မယ်... ဒီနေ့က ဟယ်ဟယ့် မွေးနေ့လေ... ဒါကြောင့်မို့ သမီး ပျော်ချင်သလောက် ပျော်လို့ရတယ်"
သူတို့က အိမ်ကဒရိုင်ဘာ နှစ်ယောက်ကိုပါ ဝင်လာနိုင်ဖို့ လက်မှတ်ဝယ်ပေးပြီးသားပင်။ ပြီးရင် သူတို့ကိုပဲ တန်းစီခိုင်းလိုက်ရင် သူတို့အတွက်လည်း အချိန်ကုန်သက်သာစေနိုင်သည်။
ကျန်းဟယ်လင်းအတွက် ဒီနေ့လေးက သူမဘဝမှာ တန်ဖိုးအရှိဆုံးနေ့လေး ဖြစ်လာခဲ့သည်။ ဒီလိုအချိန်ကောင်းလေးမျိုး သူမဘဝမှာ တစ်ခါမှ မရှိခဲ့ဘူးပေ။ ကျန်းဟယ်လင်းရဲ့ မျက်နှာသေးသေးလေး တစ်ခုလုံး တောက်ပနေခဲ့သည်။
တစ်ဖက်မှာတော့ ကျန်းရှို့ချန်က ကျန်းယန်ရှန့်က သူ့ကို ကလေးများ ကစားသည့်နေရာသို့ ဆွဲခေါ်သွားတာကို ခံလိုက်ရသည်။
သူက လျန့်ယင်းယင်း ပါမပါကို ဂရုမစိုက်သော်လည်း ကျန်းယန်ရှန့်နောက်ကို တကယ် မလိုက်ချင်ပေ။
သို့ပါသော်လည်း သူ သူမကို မလွန်ဆန်နိုင်ပေ။ မလွန်ဆန်ရဲတာက ပိုသည်။
ကလေးတွေရဲ့ နေရာ၌ လူနည်းနေ၏။ ပြီးတော့လည်း ကလေးများ ကစားသည့် နေရာက ကစားကွင်းရဲ့ အဓိက အချက်အချာ လုပ်ငန်း မဟုတ်ပေဘူး။ ကလေးတစ်ယောက်တည်းရှိတဲ့ မိသားစုတွေအတွက် လူတစ်ယောက်ကို ယွမ်300က တော်တော်လေးကို မတန်ဘူး။ သာမန်ပန်းခြံက ကစားသည့် နေရာတွေကမှ ပိုကောင်းလိမ့်အုံးမည်။
ကျန်းရှို့ချန်က ရောက်ရောက်ချင်း ဆော့တော့သည်။ ထိုနေရာ၌ လူတန်းရှည်ကြီး မရှိပေ။
သူကစားပြီးသွားချိန် အန်တီဝမ်က တစ်နေရာရာမှာ တန်းစီနေသည်။ သူ့အစ်မကြီး ကျန်းယန်ရှန့်က ရေခဲမုန့်တစ်ခွက်ကို ကိုင်ထားလေသည်။
သေချာပေါက်ကို ကျန်းရှို့ချန်လည်း စားချင်ပေမယ့် ကျန်းယန်ရှန့်လက်ထဲမှာ တစ်ခုထဲပဲ ရှိလေသည်။ သူမ သူ့ကို စပြီးစည်းကမ်းတင်းကြပ်လိုက်ကတည်းက သူမရှေ့မှာ ဘာမဟုတ်တာမှ မလုပ်ရဲဘူး။ သူက ရေခဲမုန့်ကို ကြည့်လိုက်ပြီး ခေါင်းကို ဘယ်ညာလှည့်ကာ အန်တီဝမ် သူ့ကို တစ်ခုလောက် ဝယ်ပေးလို ဝယ်ပေးညား လိုက်ရှာနေလိုက်သည်။
ထင်မှတ်မထားစွာပဲ ကျန်းယန်ရှန့်က ရေခဲမုန့်ကို သူ့ဆီ ကမ်းပေးလိုက်သည်။ "စားလိုက်!"
ကျန်းရှို့ချန်က သူမကို အံ့သြတကြီး ကြည့်လိုက်သည်။
ကျန်းယန်ရှန့်က စိတ်မရှည်တော့ပေ။
"မစားချင်ဘူးလား...နင်မစားရင် ငါစားလိုက်မှာနော်"
"စားမှာပေါ့... သားစားမယ်"
ကျန်းရှို့ချန်က ခပ်မြန်မြန် လှမ်းယူလိုက်ပြီး ချွန်ထွက်နေတဲ့ အပိုင်းလေးကို အရင်ကိုက်စားလိုက်သည်။ သူက ကျန်းယန်ရှန့်ကို ထပ်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ တစ်ခုခု ရှိနေသည့် အတိုင်းပင်။
ကျန်းရှို့ချန်ရဲ့ အတွေးထဲမှာတော့ ကျန်းယန်ရှန့်က နတ်ဆိုးဘုရင်ကြီးပဲ။ နတ်ဆိုးဘုရင်ကြီးက သူ့ကို ရေခဲမုန့် ကျွေးခဲ့ပေမယ့် ဘာလို့များ သူက စားဖို့ နည်းနည်း စိုးရိမ်နေရတာပါလိမ့်။
ကျန်းယန်ရှန့်နဲ့ နှစ်ယောက်ထဲ အတူရှိနေရတာ လူတွေကို စိတ်မသက်မသာ ဖြစ်စေပြီး ကြောက်ရွံ့စိတ်တွေလည်း အမြဲတမ်း ရှိနေရသည်။
"မပူနဲ့... ဖြည်းဖြည်းစား" နတ်ဆိုးဘုရင်ကြီးက ဆိုလိုက်သည်။
"အန်တီဝမ်က ဟိုမှာ တန်းစီနေတယ်... နင်စားပြီးချိန်နဲ့ အကိုက်လောက်ပဲ... မကုန်ရင်လည်း ငါကိုင်ထားပေးမယ်"
သူမက ပြောထားသည့်အတိုင်းပဲ ကျန်းရှို့ချန်ရဲ့ ခေါင်းကို ကိုင်ကာ နောက်ထပ်တစ်နေရာမှာ စီးဖို့ ခေါ်သွားပေးသည်။ သေချာပေါက်ကိုပဲ သူက ထိုနေရာမှာ တန်းစီနေတဲ့ အန်တီဝမ်ကို လှမ်းတွေ့လိုက်ပြီး အန်တီဝမ်ကလည်း သူတို့ကို လက်လှမ်းပြလာခဲ့သည်။
ကျန်းရှို့ချန်က စိတ်သက်သာရာရသွားသလို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
သူက နတ်ဆိုးဘုရင်ကြီးနဲ့ အတူရှိနေရတာလည်း အဲ့ဒီလောက်ကြီး မဆိုးပါဘူးဟုလည်း တွေးလိုက်သည်။ သူသာ လိမ်လိမ်မာမာဘဲ နေသ၍ နတ်ဆိုးဘုရင်ကြီးက အကြောင်းအရင်းမရှိဘဲ မရိုက်လောက်ပါဘူးလေ... ဟုတ်တယ်မလား...
သူမက သူ့ကို ရေခဲမုန့်လည်း ဝယ်ကျွေးပြီး သူ့အပေါ်လည်း ကောင်းသေးသည်။
ကလေးတွေရဲ့ နှလုံးသားထဲမှာ အခြအနေ တစ်ခုပဲ ရှိလေသည်။ တကယ်လို့ သင်သာ သူတို့ကို လုပ်ချင်သမျှ လုပ်ခွင့်ပြုပြီး ကစားဖို့ ခေါ်သွားပေးရင် သင်က ချက်ချင်းပဲ လူကောင်းဖြစ်သွားလိမ့်မည်ပင်။
Xxxxxx
Part 86
တစ်ဖက်မှာတော့ သင် ဘယ်လောက်ပဲ သူတို့အပေါ် ကောင်းပါစေ သူတို့ကို ရိုက်ပြီး သူတို့ရဲ့ အခြေအမြစ်မရှိတဲ့ တောင်းဆိုမှုတွေကို ငြင်းဆန်လိုက်ရင်တော့ သင်က ရုတ်တရက် လူဆိုးတစ်ယောက် အဖြစ် ပြောင်းလဲသွားပေမည်။
စီးစရာတစ်ချို့ကို ကစားပြီးချိန်မှာတော့ ကျန်းရှို့ချန်က နတ်ဆိုးဘုရင်ကြီးက အမှန်တကယ် အရမ်းကောင်းတဲ့လူလို့ ရုတ်တရက် ခံစားလိုက်ရသည်။
အနည်းဆုံး သူမက ရာသီဥတုက အရမ်းပူတယ်၊ လူတန်းရှည်တယ်၊ စီးရတာ အရမ်းနှေးတယ်၊ စသဖြင့် တွေးတတ်တဲ့ သူ့အမေလို ငြီးငြူပြောဆိုမနေပေ။ အဲ့ဒါတွေက သူမရဲ့ ကဒ်ကစားပြီး စျေးဝယ်ထွက်မည့် အချိန်တွေကို အများကြီး ယူလိုက်တာ ဖြစ်သည်။
ကျန်းယန်ရှန့်က စကားနည်းနည်းပဲ ပြောသော်လည်း သူတစ်ခုခုကို စီးချင်သည်ဟု ပြောလိုက်သည်နှင့် ငြင်းဆန်မနေဘဲ အန်တီဝမ်ကို သွားတန်းစီခိုင်းမည် ဖြစ်သည်။ သူက သူစီးချင်သမျှ အရာအားလုံးကို စီးလိုက်သည်။
သူစားချင်သမျှ အားလုံးကိုလည်း စားခဲ့သည် - ရေခဲမုန့်ကတော့ ချွင်းချက်ပင်။ သူမက ပြောသည် " ရေခဲမုန့်အများကြီးစားရင် ဝမ်းလျှောလိမ့်မယ်... နောက်ပိုင်းကျရင် ငါလူတွေအများကြီးကို လိုက်ပြောမှာ... နင့်ကျောင်းက အတန်းဖော်တွေသာ သိရင် နင့်ကို တစ်ဘဝလုံး ရယ်စားကြမှာပဲ"။
ကျန်းရှို့ချန်က တစ်ခါတုန်းက ရေခဲမုန့်အများကြီးစားလို့ တကယ်ကြီး ဝမ်းလျှောခဲ့ဖူးသည်။ သူထိုအကြောင်းကို တွေးမိသွားတော့ ကြောက်ကြောက့်လန့်လန့်နဲ့ ဆက်မစားရဲတော့ပေ။
အဆုံးမှာတော့ ကျောင်းတစ်ကျောင်းလိုမျိုး လူ့အဖွဲ့အစည်းတစ်ခုကို ဝင်ရောက်ပြီးသွားတော့ လူသားတွေက ရှောင်ဖယ်ကြခြင်းနှင့် အတန်းသားတွေရဲ့ လှောင်ပြောင်ခံရတာတွေကို အထိမခံဖြစ်တတ်ကြသည်။ ကျန်းရှို့ချန်လို ကလေးဆိုးလေး တစ်ယောက်တောင်မှ တစ်ဘဝလုံး အတန်းသားတွေ ဟာသလုပ်ကြမည်ကို မလိုချင်ပေ။
ကျန်းယန်ရှန့်ရဲ့ နှလုံးသားထဲက အတွေးကတော့ ကျန်းရှို့ချန်က ကိုင်တွယ်ရတာ မခက်ခဲပေဘူး။
ပြီးတော့ သဘာဝအတိုင်း မွေးကတည်းက ဆိုးသွမ်းလာသူတွေ အနည်းငယ် ရှိတတ်ကြသည်။ ဆိုးသွမ်းတဲ့သူ အများစုကတော့ စည်းမျဥ်းတွေကို မလိုက်နာတာနဲ့ လောကကြီးထဲကို ရောက်လာပြီးမှ ရှိလာတတ်တဲ့ အလွန်အမင်း တကိုယ်ကောင်းဆန်မှုတွေ ပေါင်းစပ်ဖြစ်ပေါ်လာတာ ဖြစ်သည်။
တကယ်လို့ သင်သာ အနည်းငယ် စီမံခန့်ခွဲလိုက်တာနဲ့ ကလေး တစ်ယောက်က အနည်းဆုံး လူသားဆန်တဲ့ အကျင့်စရိုက်လေးတွေ ရှိလာနိုင်သည်။ ဒါပေမဲ့လည်း မိဘတော်တော်များများက အရမ်း အလိုလိုက်လွန်းသည့် အတွက် စီမံခန့်ခွဲမှူ အကြောင်း မပြောကြတော့ပေ။
....
ထိုရက်တွေမှာ ကျန်းရှို့ချန်နဲ့ ကျန်းဟယ်လင်းတို့က ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေကြပေမယ့် လျန့်ယင်းယင်းကတော့ သူမနှလုံးသားကနေ တစ်ခုခု ထူးဆန်းနေသလို ခံစားနေရသည်။
ကျန်းဟွမ်က သူမကို ကောင်းကောင်းသိတယ်ဆိုတာ တကယ်မှန်ကန်လေသည်။ ပြောရရင်တော့ သူမက ဒီနေ့မှာ ကစားကွင်းကို သွားကြမည့် အကြောင်းကို လုံးဝမေ့သွားခဲ့တာ ဖြစ်သည်။ သူမ ထိုအချိန်က ကျန်းရှို့ချန်ကို သာမန်ကာလျှံကာသာ ပြောလိုက်ခြင်း ဖြစ်သည်။ သူမမှာ သူမပြောခဲ့သမျှကို ကလေးတွေကို ဖြည့်ဆည်းပေးရမည် ဆိုသော မိဘစိတ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။ သူမက သာမန်ကာလျှံကာပဲ ပြောပြီး ခေါင်းလှည့်လိုက်တာနဲ့ မေ့သွားတတ်လေသည်။ ဒီတစ်ခေါက်ကလည်း ထူးမခြားနားပင်။
အကြောင်းမှာ ကျန်းရှို့ချန်ကလည်း ကလေးတစ်ယောက်ပဲ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ သူက ခေါင်းလှည့်လိုက်တာနဲ့ ကိစ္စကြီးငယ်မှန်သမျှ မေ့သွားတတ်သည်။
တစ်ခဏလောက်တော့ ကစားကွင်းသွားဖို့ မြေပေါ် လူးလှိမ့်ရင်း ပြောနေမည်။ သိပ်မကြာခင်မှာပဲ ဂိမ်းဆော့ရင်း ကိုယ့်ကိုယ်ကို ဖြေသိမ့်ကာ ကစားကွင်း သွားမည့်အကြံကို ပြောင်းပြန်လှန်လိမ့်မည် ဖြစ်သည်။
ကျန်းဟယ်လင်းက ထိုကိစ္စကို စိတ်ထဲမှာ အမြဲရှိနေတာ ဖြစ်ပေမယ့် လျန့်ယင်းယင်း ဒါမှမဟုတ် ကျန်းရှို့ချန်ကို ပြောပြမှာ မဟုတ်ပေ။ ကျန်းယန်ရှန့်နဲ့ ကျန်းဟွမ်သာ အရာအားလုံးကို စီစဥ်လိုက်ကာ ဘယ်သူကမှ လျန့်ယင်းယင်းကို ပြောဖို့ မတွေးခဲ့ကြဘူး။
လျန့်ယင်းယင်းက ကျန်းဟယ်လင်းရဲ့ မွေးနေ့ကိုရော ထိုနေ့မှာ ကစားကွင်းကို သွားဖို့ စီစဥ်ထားတာကိုရော အရာအားလုံးကို မေ့သွားခဲ့လေသည်။ သူမက ဒီနေ့မှာ ကဒ်ကစားဖို့ ချိန်းထားတာ ရှိနေသည်။
ရလဒ်အနေနဲ့တော့ မနက်မှာ သူမထလာတာနဲ့ မေးလိုက်သည် "သူတို့ ဘယ်မှာလဲ?"
အန်တီက အပြုံးလေးတစ်ခုနဲ့ ပြန်အဖြေပေးလိုက်သည် "သူတို့အားလုံး ကစားကွင်းသွားကြတယ်လေ"
ထိုအန်တီရဲ့ အပြုံးထဲမှာ ခန့်မှန်းရခက်သော အဓိပ္ပါယ်တစ်ခု ရှိနေခဲ့သည်။
လျန့်ယင်းယင်း :"..."
လျန့်ယင်းယင်း သူမနှလုံးသားထဲမှာ တစ်ခုခု ထူးဆန်းနေတာကို ခံစားလိုက်ရသည်။
အမှန်တကယ်ကတော့ သူတို့သာ သူမကို အပြင်ထွက်ဖို့ ခေါ်ရင် သွားဖို့ တွန့်ဆုတ်နေမှာပင်။ နွေရာသီမှာ အရမ်းကို ပူလှသည်လေ။ အပူရှောင်ချင်ရင်တော့ စောစောထမှ ရမည်။ သူမက စောစောထနိုင်တဲ့သူမျိုး မဟုတ်ဘဲ မနက်စောစောထရရင်လည်း အရမ်းဒေါသထွက်တတ်သည်။
တကယ်လို့ ကျန်းဟွမ်သာ သူမကို သွားဖို့မလိုတော့တဲ့အကြောင်း တိုက်ရိုက်ပြောလာခဲ့ရင် သူမ မသွားရတော့သည့်အတွက် သေချာပေါက် ပျော်သွားမည်သာ။
ဒါပေမယ့်လည်း!
တစ်မိသားစုလုံး ဘာတစ်ခွန်းမှမပြောဘဲ အတူတူထွက်သွားကြပြီး သူမကို တစ်ယောက်တည်း ချန်ထားခဲ့တာကြသည်။ တကယ့်အချက်က ကျန်းယန်ရှန့်... ထိုလူပိုမကပါ သူတို့နဲ့ ပါသွားသည်။
လျန့်ယင်းယင်းရဲ့ နှလုံးသားထဲမှာ မသက်မသာ ဖြစ်နေရပြီး တော်တော်လေး ကို့ယို့ကားယားနိုင်သလို ခံစားရသည်။
သူမ ကဒ်ကစားနေတဲ့အချိန်မှာတော့ သူမက စိတ်လွတ်နေပြီး ခဏခဏရှုံးနေသည်။
သူမရဲ့ အကောင်းဆုံး သူငယ်ချင်းက မေးလိုက်သည် "ဘာတွေဖြစ်နေတာလဲ?"
လျန့်ယင်းယင်းက စကားပြောဖို့ စိတ်အားထက်သန်နေတာ ဖြစ်တဲ့အတွက် အကုန်လုံး ပြောပြလိုက်သည်။ သူမက စကားပြောတာကို အဆုံးသတ်ပြီးတော့ ထပ်ပြောလိုက်သည်။
"ဘာမှားနေမှန်းကို မသိတော့ဘူး... ဒါကြောင့်မို့ ငါစိတ်မသက်မသာ ဖြစ်နေတာ..."
သူမသူငယ်ချင်းက စီးကရက်ကိုခဲကာ အငွေ့များ မှုတ်ထုတ်လိုက်ပြီး ပြောလိုက်သည်။
"ငါသိရသလောက် ပြောရရင် နင့်မိသားစုက လူပိုမက နင့်ကလေးတွေကို ချွေးသိပ်နေတာပဲ"
လျန်ယင်းယင်းက သူမမျက်ခုံးကို မြှင့်လိုက်သည် "အိုး?"
တစ်ဖက်လူက ထပ်ပြောလိုက်သည် "အဲ့ဒီကောင်မလေးကို ကြည့်ရတာ အကြံအစည်တစ်ခု ရှိနေသလိုပဲ"
"နင်နားမလည်ရင် ပြောပြမယ်... သူက နင့်သားသမီးတွေကို သူနဲ့ ရင်းနှီးအောင် လုပ်ပြီး နင်နဲ့ စိမ်းသွားစေချင်နေတာ... ဒီကောင်မလေးက တော်တော် တွက်ချက်တတ်တာပဲ"
ပစ္စည်းတွေက တူရာ တူရာ စုတတ်ကြသလို လူတွေကလဲ အကျင့်စရိုက်တူသူချင်း အုပ်စုဖွဲ့နေတတ်ကြသည်။ ထိုစားပွဲမှာ ဒုတိယဇနီး ဒါမှမဟုတ် တတိယဇနီးတွေ ရှိကြပြီး ထိုမိန်းမတွေ အားလုံးက စားသောက်နေထိုင်ဖို့ ရွှေသခင်ကြီးတွေဆီမှာပဲ မှီခိုနေကြတာ ဖြစ်သည်။
လျန့်ယင်းယင်းကတော့ ထိုအထဲမှာ အခြေအနေ အကောင်းဆုံး ဖြစ်သည်။ သူမက ရွှေသခင်ကြီးကို ထောင်ဖမ်းခဲ့ပြီး အကျိုးရလဒ်လည်း ရှိခဲ့သည်။ သူမက အခု ချမ်းသာတဲ့ ဇနီးတစ်ယောက် ဖြစ်နေပြီး ကျန်လူများနှင့် အခြေအနေ မတူပေ။
သို့သော်ငြားလည်း.... အဆင့်အတန်းကြောင့်မဟုတ်ဘဲ အတွေးအခေါ်အရသာ ဖြစ်သည်။
လျန့်ယင်းယင်းတစ်ယောက် သူမကြားလိုက်ရသော အရာကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
"ငါ ပြောခဲ့သလိုပဲ! ငါ တကယ့်ကို သူအခုတလော ဘာတွေလုပ်နေတာလဲလို့ စဥ်းစားနေတာ! သေစမ်း!" သူမက စားပွဲကို ခေါက်လိုက်သည် "သူက ငါ့သမီးကို ဟိုဟိုဒီဒီတွေ လိုက်ဝယ်ပေးနေပြီး ငါ့သားကိုလည်း ကစားဖို့ ခေါ်သွားပေးတယ်... သူတို့အတွက် VRခန်းတောင် လုပ်ပေးလိုက်သေးတယ်... ငါ့သမီးနဲ့ အင်္ကျီဆင်တူတွေ ဝတ်ပြီး အမေနဲ့သမီးလို ပုံစံတွေ လုပ်နေသေးတာ! ဟမ့်!"
တခြားသူတွေက ပြောကြလေသည်။
"ဒါဆို နင် သတိထားသင့်တယ်နော်... နင်သာ တစ်နေ့လုံး အိမ်မှာမနေဘဲ ကလေးတွေကို ဂရုမစိုက်ဘဲနေရင် နင့်သားနဲ့သမီး တစ်ခြားသူဆီ စိတ်ပါသွားမှာ သတိထား"
လျန့်ယင်းယင်းက ကျစ်ခနဲ စုတ်သတ်လိုက်ပြီး ပြောလိုက်သည်။
"ငါက ဘာကို ကြောက်ရမှာလဲ... သူတို့ကိုငါမွေးထားတာ... ပြီးတော့ သူတို့ကငတုံး မဟုတ်ဘူး... ဘယ်သူက သူတို့အမေလဲဆိုတာကို ရှုပ်ထွေးနေရအုံးမှာလား...တစ်ခြားသူတွေကိုပဲ ခေါ်ပြောနေပြီး သူတို့အမေကို လျစ်လျုရှုထား နိုင်ပါ့မလား...."
"ပြောရတာ ခက်တယ်... ကလေးတွေက မိုက်မဲကြတယ်လေ"
အမျိုးသမီး တစ်ယောက်က ပြောလိုက်သည်။
"ငါ့တူမဆိုရင်လေ... ငါနင်တို့ကို ငါ့အစ်ကိုနဲ့ ယောင်းမအကြောင်း ပြောဖူးတယ်မလား... ပြီးတော့လည်း ငါ့အစ်ကိုက တကယ့် အမှိုက်ကောင်လေ... အရမ်းဆိုးတဲ့ကောင်... ငါ့ယောင်းမက သူ့ကို ကွာရှင်းပြီး ထားသွားရော ငါ့အမေက နေ့တိုင်း ငါ့တူမကြားအောင် ငါ့ယောင်းမအကြောင်း ဆူပူနေတတ်တာလေ... အခုတော့ ဘာဖြစ်သွားလဲ သိကြလား? ငါ့ယောင်းမက ငါ့တူမကို တွေ့ဖို့ ပြန်လာတော့ ငါ့တူမက သူဝယ်လာတဲ့ ပစ္စည်းတွေကို မြေပြင်ပေါ် ကောက်ပေါက်ပြီး လက်ညှိုးထိုးပြီး ထွက်သွားဖို့ ပြောတယ်လေ... ကြည့်... အံ့သြဖို့မကောင်းဖူးလား..."
လျန့်ယင်းယင်း တစ်ယောက် ဆွံ့အသွားရသည် : "ဘုရားရေ... နင့်တူမက ရူးနေတာလား... သူက သူ့အမေကို မလိုချင်တော့ဘူးလား?"
"ဒါကို ရူးတာလို့ မခေါ်ဘူး... ဦးနှောက်ဆေးခံရတာလို့ ခေါ်တယ်! နင် ဦးနှောက်ဆေး ခံရတယ်ဆိုတာကို သိရဲ့လား..."
"ဒါဆို ဂရုစိုက်တော့... နင့်သားနဲ့သမီးက ခုမှ မူလတန်းပဲ ရှိသေးတယ်... နောက်ကျ နင့်မိသားစုက ဝန်ထုပ်ဝန်ပိုးမလေးကသာ သူတို့ကို ဦးနှောက်ဆေးလိုက်ရင် နင် ငိုသွားရမှာနော်"
"ကလေးတွေ အတွက်တော့ သူတို့ကို ကစားဖို့ ခေါ်သွားပြီး အရုပ်တွေပေးတဲ့ လူတိုင်းနဲ့ ရင်းနှီးသွားတတ်ကြတာပဲ"
ထိုစကားလုံးများက လျန့်ယင်းယင်းကို စိတ်ပူပန်စေသည်။
"နင် မျက်စိကျယ်ကျယ် ဖွင့်ထားပြီး သေချာ ဂရုစိုက်ကြည့်ထားရမယ်။ ကျန်းယန်ရှန့် ကလေး နှစ်ယောက်ကို အလိုမလိုက်စေနဲ့။အထူးသဖြင့် နင့်သားကိုပေါ့..."
Xxxxxx