Part 89
အန်တီလျိုက ကျန်းယန်ရှန့်၏ မီးပူတိုက်ထားသော အဝတ်များကို အပေါ်ထပ်သို့ ပို့ပေးလာခဲ့သည်။
သူမက တံခါးလက်ကိုင်ကို ကိုင်ကာ တံခါးဖွင့်ဖို့ လုပ်လိုက်သောအခါတွင်တော့ ထိတ်လန့်သွားရသည်- ကျန်းယန်ရှန့်၏ အခန်းတံခါးက ပွင့်နေသည်။ သူမက ကျန်းယန်ရှန့် ထွက်သွားပြီးနောက် အထဲဝင်ကာ အခန်းသန့်ရှင်းရေး လုပ်ပြီးတဲ့နောက် သူမထွက်သွားတဲ့အချိန်မှာ တံခါး ပြန်ပိတ်ထားခဲ့တာကို ရှင်းရှင်းလင်းလင်း မှတ်မိပါသေးသည်။
ကျန်းယန်ရှန့်က အိမ်က တစ်ခြားသူတွေ သူမအခန်းထဲ ဝင်တာကို မကြိုက်တာကြောင့် သူမအိမ်မှာ မရှိတဲ့ အခါတိုင်း တံခါးအမြဲတမ်း ပိတ်ထားတာ ဖြစ်သည်။
အန်တီလျိုက တံခါးကို တွန်းကာ ဝင်လာပြီးနောက် လျှောက်လာကာ မေးလိုက်သည် "ယန်ယန်... ပြန်လာပြီလား?"
ရေချိုးခန်းထဲမှာ ရေချိုးခန်းပစ္စည်းတွေကို မတော်တဆ တိုက်မိသည့်အသံလို အသံအကျယ်ကြီး ထွက်လာပြီး ကြမ်းပြင်ပေါ် ပစ္စည်းတွေ ကျသွားသည့် အသံများလည်း ထွက်လာသည်။
အန်တီလျိုက မူလက အင်္ကျီများထားသည့် အခန်းထဲကို လက်ထဲက အဝတ်များဖြင့် ဝင်သွားဖို့ လုပ်ခဲ့သော်လည်း ထိုအသံကို ကြားသည့်အချိန်မှာ ရပ်ပြီး အော်လိုက်သည် "ယန်ယန် အဆင်ပြေရဲ့လား..."
မထင်မှတ်ထားတာက ရေချိုးခန်းတံခါး ပွင့်သွားသွားချင်း သုတ်သီးသုတ်ပျာ ပြေးထွက်လာသူမှာ လျန့်ကျန်း ဖြစ်နေခဲ့သည်။
အန်တီလျိုက ရုတ်တရက် ကြောင်အသွားပြီးမှ အံ့သြတကြီး မေးလိုက်သည်
"ဘာလို့ ဒီထဲရောက်နေတာလဲ..."
လျန့်ကျန်းက ပြုံးပြကာ ပြောလိုက်သည်
"ကျွန်တော် ရှို့ရှို့နဲ့ တူတူပုန်းတမ်းဆော့နေတာလေ... ဒီထဲကို ပုန်းဖို့ ဝင်လာခဲ့တာ.." သူက လျန့်ယင်းယင်းရဲ့ တူဖြစ်နေသော်လည်း အန်တီလျိုက သူ့ကို ဒေါတတကြီး ကြိမ်းမောင်းလိုက်သည်
"ဒါ မိန်းကလေးတစ်ယောက်ရဲ့ အခန်း! မင်းဝင်ချင်တိုင်း ဝင်လာလို့မရဘူး!"
လျန့်ကျန်း၏ သဘောထားက အလွန်ကောင်းမွန်နေပြီး သူက သူ့အမှားကို ချက်ချင်းပဲ ဝန်ခံလိုက်သည်
"ကျွန်တော့အမှား..ကျွန်တော့်အမှားပါ... ဒါကြောင့်မို့ အခုပဲ ထွက်သွားတော့မလို့" သူက ထိုစကားကို ပြောပြီးပြီးချင်း ထွက်ပြေးချင်နေသကဲ့သို့ မြန်မြန် လျှောက်သွားတော့သည်။
အန်တီလျိုက တံခါးကို ညင်ညင်သာသာ ပိတ်ကာ လက်ထဲက အဝတ်များဖြင့် အဝတ်လဲခန်းကို လျှောက်သွားလိုက်သည်။ အဝတ်များကို သေချာ စီထားပြီးမှ ပြန်ထွက်သွားခါနီး ရေချိုးခန်းဘက်ကို တစ်ချက်ကြည့်လိုက်မိသောအခါ အန်တီလျို မျက်မှောင်ကြုတ်မိသွားကာ အထဲကို တစ်ချက်ဝင်ကြည့်လိုက်သည်။
ဘာအနှောင့်အယှက်မှ ရှိပုံမပေါ်သော်လည်း အန်တီလျိုကတော့ စိုးရိမ်နေဆဲဖြစ်သည်။ သူမက လျန့်ကျန်း ကျန်းယန်ရှန့်၏အိမ်သာကို ခွင့်ပြုချက်မရှိဘဲ သုံးလိုက်မလားဆိုတာကို စိတ်ပူနေခဲ့သည်။ ထိုကဲ့သို့ ဖြစ်ခဲ့လျှင်တော့ အရမ်းရွံရှာဖွယ်ရာ ဖြစ်နေမှာပင်။
သန့်ရှင်းရေး လုပ်ခြင်းက အန်တီလျို၏ အလုပ် မဟုတ်ဘဲ သန့်ရှင်းရေးအန်တီများသာ တာဝန်ရှိပေသည်။ သို့သော်ငြား အန်တီလျိုက နှာရှုံ့ကာ သန့်ရှင်းရေးပစ္စည်းများကို သွားယူလာခဲ့ပြီး လက်အိတ်တွေကို စွပ်ကာ အိမ်သာကို အတွင်းရော အပြင်ပါ ပြောင်လက်နေအောင် ပွတ်တိုက်တော့သည်။
အထူးသဖြင့် သူမက ထိုရွံစရာ ကိစ္စတွေကို ကျန်းယန်ရှန့်ကို မြင်ခွင့်မပြုနိုင်ပေ။
ကျန်းယန်ရှန့် အိမ်ပြန်လာသောအခါ အင်္ကျီလဲပြီး ရေချိုးရန် ရေချိုးခန်းထဲကို ဝင်သွားလိုက်သည်။ သူမဝင်သွားသွားချင်း နှာချေလိုက်ကာ နှာခေါင်းကိုပိတ်ပြီး ပြန်ထွက်လာခဲ့ရသည်။
"အန်တီလျို... အန်တီလျို!" သူမက စင်္ကြံလမ်းကနေ နှစ်ကြိမ် အော်ခေါ်လိုက်တာပြီး အန်တီလျိုက ကြားကြားချင်းပဲ ရောက်လာခဲ့သည်။ သူမက အထွန့်တက်လိုက်သည်
"သမီးရေချိုးခန်းက ဘယ်လို ဖြစ်တာလဲ... ဘာလို့ ချေးချွတ်ဆေးအနံ့ပြင်းပြင်းတွေ ရနေရတာလဲ? သမီး အသက်ရှုပါ ရပ်တော့မလို့!"
"အိုး... သမီးလေးရယ်... အန်တီ လေတွေ အပြင်ထုတ်ဖို့ မေ့သွားလို့"
အန်တီလျိုက အမြန်ပဲ ဝင်လာပြီး ရေချိုးခန်းထဲက လေထုတ်စက်ကို ခလုတ်ဖွင့်လိုက်သည်။
ကျန်းယန်ရှန့်က သူမနှာခေါင်းကို ပိတ်ထားလျက် ပြောလိုက်သည်။
"ဘာကြောင့်ပါလိမ့်... ဒီနေ့သန့်ရှင်းရေး အန်တီတွေကို ဘယ်လို လေတွေ တိုက်လွှတ်လိုက်လဲ မသိပါဘူး...ချေးချွတ်ဆေးတွေ ဘယ်လောက်တောင် သုံးလိုက်တာလဲ?"
အန်တီလျိုက ပြောလိုက်သည် "သူ မဟုတ်ပါဘူး... အန်တီ လုပ်ထားတာ"
"ဟမ်..."
အန်တီလျိုက ရှင်းပြလိုက်သည် "ဒီနေ့ ဟိုမိန်းမရဲ့ တူ ရောက်လာတယ်လေ"
"လျန့်ကျန်း..."
"ဟုတ်တယ်... သူလေ" အန်တီလျိုက ပြောလိုက်ပြီး မျက်မှောင်ကြုပ်ကာ ရွံရှာမှု အပြည့်ဖြင့် ဆက်ပြောလိုက်သည်
"စောစော အန်တီ သမီးအဝတ်တွေထည့်ဖို့ ဝင်လာတော့ အခန်းထဲမှာ သူရောက်နေတာလေ"
အန်တီလျို စကားပြောလို့ မပြီးခင်မှာတင် ကျန်းယန်ရှန့်၏ မျက်နှာက နက်နဲလာသည်
"သမီးအခန်းထဲကို သူက ဘာဝင်လုပ်နေတာလဲ..
"
ကျန်းယန်ရှန့် ထိုအကြောင်းကို သိတာနဲ့ သေချာပေါက် ပေါက်ကွဲပေါက်ကွဲတော့မည်ကို အန်တီလျိုက သိပြီးသားပင်။ သူမက ခပ်မြန်မြန် ပြောလိုက်သည် "သူက တူတူပုန်းတမ်း ဆော့ရင်း သမီးအခန်းထဲ လာပုန်းနေတာတဲ့... စိတ်မဆိုးပါနဲ့... အန်တီက သူ သမီးရဲ့ အိမ်သာကို သုံးလိုက်မှာ စိုးရိမ်လို့ စိတ်သန့်သွားအောင် တိုက်ပေးထားတာ! အခု အရမ်း သန့်ရှင်းသွားပြီ! တကယ်ပြောတာ!
ထိုကဲ့သို့ ဆိုရင်တောင် ကျန်းယန်ရှန့် စက်ဆုပ်သွားဖို့ လုံလောက်ပြီ ဖြစ်သည်။
သူမက သူမမျက်ခုံးကို မြှင့်လိုက်သည်: "သူအခု ဘယ်မှာလဲ?"
အန်တီလျိုက ပြောသည် :"သူပြန်သွားပြီ"
ကျန်းယန်ရှန့်က ဒေါသဖြေဖို့ ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့လေဘူး။ သူမမျက်နှာပေါ်မှာ ရန်လိုနေမှုတွေ အထင်းသားပေါ်နေခဲ့သည်။
အန်တီလျိုက သူမကို မြန်မြန် နှစ်သိမ့်ပေးလိုက်သည်။
"အန်တီ ဒါကို အကြိမ်အများကြီး တိုက်ပေးပြီးသွားပြီ... ပိုးသတ်ဆေးတွေလည်း အများကြီး သုံးထားတာ"
ကျန်းယန်ရှန့် သူမအစာအိမ်ထဲကနေ နေမကောင်း ဖြစ်လာသလို ခံစားလိုက်ရသည်။ အန်တီလျိုရဲ့ နှစ်သိမ့်မှုတွေကလည်း သူမကို မသက်သာစေခဲ့ပေ။ သူမက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်
"တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်နေတယ်!"
"စိတ်မတိုပါနဲ့! စိတ်မတိုပါနဲ့!" အန်တီလျိုက သူမကို စိတ်လျှော့ဖို့ ပြောပေးနေသည် "မတန်ဘူးလေနော်.. မတန်ပါဘူးကွယ်"
အတိတ်မှာတုန်းက ယန်ယန်က လက်ဝှေ့ကို လေ့ကျင့်ခဲ့သော်လည်း လျန့်ယင်းယင်း၏ စကားလုံးထိုးစစ်များကို ရှုံးနိမ့်ခဲ့ရချည်းသာ။ အခုတလော ယန်ယန်က အရမ်းကို အလင်းပွင့်လာခဲ့သည်။ ဘယ်သူကများ သူမနဲ့ငြင်းခုံနိုင်မှာလဲ? သူမက ထိုလူကို လက်သီးနဲ့သာ တိုက်ရိုက် ထိုးပစ်လိုက်မှာ ဖြစ်သည်။
ဒါက သူမသင်ခဲ့တာတွေကို အသုံးချတဲ့နည်းပဲ! မိသားစု တစ်ခုလုံးကို ပျော်ရွှင်စေရတယ်လေ!
ကျန်းယန်ရှန့်က အချိန်အတော်ကြာအောင် စိတ်ဆိုးနေခဲ့သော်လည်း သူမက ရေချိုးဖို့ လိုနေသေးသည်။ နေ့လည်ပိုင်းမှာ လက်ဝှေ့ လေ့ကျင့်ရေးဆင်းဖို့ သွားခဲ့တာ ဖြစ်သည်။ လက်ဝှေ့ အားကစားခန်းမှာ ယောကျ်ားတွေ အများကြီး ရှိတာကြောင့် သူမက ထိုနေရာမှာ ရေမချိုးချင်ခဲ့ဘူး။ ထို့ကြောင့်ပင် သူမက ချွေးအပြည့်ဖြင့် ပြန်လာခဲ့ရတာပင်။
ရေချိုးခန်းထဲက ချေးချွတ်ဆေးအနံ့တွေ ပျောက်လုနီးပါး ဖြစ်သည့်အချိန်မှ ကျန်းယန်ရှန့် သူမအဝတ်အစားများကို ပိုက်ကာ ဝင်လာခဲ့သည်။
သူမက လက်နှစ်ဖက်ဖြင့် တီရှပ်အင်္ကျီအစွန်းကို မကာ ချွတ်ပစ်ခါနီးပင်။ သူမက သူမ၏ဗိုက်သားဖွေးဖွေးလေးနှင့် သေးသွယ်သောခါးလေးကို မှန်ထက်တွင် မြင်လိုက်ရချိန်မှာတော့ ကျန်းယန်ရှန့်၏လက်များ ရုတ်တရက် ရပ်သွားတော့သည်။
သူမဒေါသများ လွင့်သွားပြီး စိတ်ငြိမ်လာချိန်မှာတော့ တစ်ခုခု မှားနေကြောင်း ခံစားလ်ုက်ရသည်။
ကျန်းရှို့ချန်နဲ့ တူတူပုန်းတမ်း ကစားတယ်...
လျန့်ကျန်းက ဘယ်တုန်းကများ ကျန်းရှို့ချန်နဲ့ ကစားဖို့ စိတ်ရှည်သွားရတာလဲ...တစ်ခြားသူတွေက ကျန်းရှို့ချန်အပေါ် သူ့ရဲ့ စိတ်မရှည်မှုတွေကို မမြင်နိုင်ဘူးလို့ သူထင်နေတာလား..
ဒါပေမယ့် သူလိမ်နေတာဆိုရင် သူက သူမအခန်းထဲ ဘာဝင်လုပ်တာလဲ...
သူမရဲ့အရင်ဘဝမှာတုန်းက လျန့်ကျန်းက တံခါးသေချာ မပိတ်ထားတဲ့အချိန်တွေမှာ တံခါးအဟကြားကနေ သူမပုံတွေကို တိတ်တိတ်လေး ခိုးရိုက်တတ်သည့် နှာဘူးတစ်ယောက်သာ ဖြစ်သည်။
ကျန်းယန်ရှန့်က ရုတ်တရက် သူမတီရှပ် အနားစကို ပြန်ဆွဲချလိုက်သည်!
......
ကျန်းဟွမ် အိမ်ပြန်လာသောအခါ သူ့ရှေ့က အိမ်တံခါးဝမှာ ရပ်ထားသော ရဲကားတစ်စီးကို တွေ့လိုက်သည်။ သူနဲ့ ဒရိုင်ဘာ နှစ်ယောက်လုံး အံ့သြသွားကြလေသည်။
သူ့ကား နောက်ကနေ လိုက်ဝင်လိုက်သည်။ သူ ကားထဲကနေ ထွက်လာချိန်မှာတော့ ကားထဲကနေ အခုလေးတင် ထွက်လာတဲ့ ရဲတစ်ယောက်က သူ့ကိုတွေ့တော့ သေချာကြည့်ကာ မေးလာခဲ့သည်။
"ခင်ဗျားက ဒီမိသားစုနဲ့ ဘာတော်သလဲ..."
ကျန်းဟွမ်က ရှေ့ကို လျှောက်လာကာ ပြောလိုက်သည် "ဒီအိမ်က ကျွန်တော့်အိမ်ပါ... ခင်ဗျားတို့ ဘာအကြောင်းကြောင့် ရောက်လာတာလဲဆိုတာကို မေးလို့ရမလား..."
ထိုရဲအရာရှိက ပြောလိုက်သည် "ကျွန်တော်တို့ ဌာနကို တိုင်ကြားမှုတစ်ခု ရောက်လာလို့ စစ်ဆေးဖို့ လာခဲ့တာပါ"
ကျန်းဟွမ်က အဖေတစ်ယောက် အနေနဲ့တော့ အနည်းငယ်မျှ ဆန်ကုန်မြေလေး ဖြစ်ခဲ့ပေမယ့် အပြင်ပန်းမှာတော့ တည်ငြိမ်နေဆဲပင်။ သူ့ရဲ့ အံ့သြတကြီး ဖြစ်သွားမှုကို ဖိနှိပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဘယ်သူက ရဲတိုင်လိုက်တာလဲ... ဘာဖြစ်သွားလို့လဲ?"
"သမီးပါ" ကျန်းယန်ရှန့်က ခြံတံခါးဝမှာ ပေါ်လာခဲ့သည်။
ရဲအရာရှိက ထိုအသံကို ကြားသောအခါ မမေးမြန်းခင် သူ့ပုခုံးပေါ်က အသံဖမ်းစက်ကို ဖွင့်လိုက်သည်။
"ရဲတိုင်တဲ့သူက မင်းလား..."
"ဟုတ်" ကျန်းယန်ရှန့်က မျက်နှာကို ငုံ့လိုက်သည် "ကျေးဇူးပြုပြီး သမီးနောက်က လိုက်ခဲ့ပေးပါ"
ကျန်းယန်ရှန့်က ရဲအရာရှိတွေကို အိမ်ထဲသို့ ခေါ်သွားခဲ့ပြီး ကျန်းဟွမ်က သူမကို လှမ်းမေးလိုက်သည်
"ယန်ယန်.. ဘာဖြစ်လို့လဲ..."
ကျန်းယန်ရှန့်က သူမခေါင်းကို လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည် "သမီးနောက်သာ လိုက်ခဲ့ပါ... ဖေဖေ သိလာလိမ့်မယ်"
ကျန်းယန်ရှန့်၏ သဘောထားက သူ့ကို သံသယပွားစေသည်။ သူက ရဲအရာရှိတွေနဲ့အတူ အပေါ်ထပ်ကို တက်သွားကာ ကျန်းယန်ရှန့်ရဲ့ အိပ်ခန်းထဲက ရေချိုးခန်းထဲကို လိုက်ဝင်သွားခဲ့သည်။
Xxxxx
Part 90
ကျန်းယန်ရှန့်က ရေချိုးခန်းနံရံမှာ ကပ်ထားသည့် ရေပန်းချိတ်သော ကွင်းလေးကို ညွှန်ပြလိုက်သည်။
"အဲ့ဒီမှာပါ"
ကျန်းဟွမ်က ရဲအရာရှိတွေ ဝင်သွားပြီး ဓါတ်မီးနဲ့ ထိုးကာ ရှာဖွေနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့က သူတို့၏ ကိရိယာများကို ထုတ်ကာ ကျွမ်းကျွမ်းကျင်ကျင် ဖြုတ်ယူလိုက်ပြီး အဆုံးမှာတော့ ဝက်အူလေးတစ်ခုကို ဖယ်ထုတ်နိုင်ခဲ့သည်။
သို့သော်လည်း ထိုအရာက တကယ့်ဝက်အူတစ်ခု မဟုတ်ခဲ့ပေ။ ၎င်းက အမှန်တကယ်တော့ ဝက်အူ ပုံစံ ဖုံးကွယ်ထားသော ချောင်းရိုက်ကင်မရာသေးသေးလေး တစ်ခု ဖြစ်လေသည်။
ထိုအရာကို ထိုနေရာမှာ တပ်ဆင်ထားခဲ့သည်။ အကယ်၍ ကျန်းယန်ရှန့်သာ ရေဝင်ချိုးလိုက်ပါက သူမကို နှံ့နှံ့စပ်စပ် ရိုက်မိသွားနိုင်ပြီး အဖော်အချွတ် ပုံများနှင့် ဗီဒီယိုများလည်း နေရာတိုင်း ပြန့်သွားနိုင်သည်။
ကျန်းဟွမ်၏ မျက်နှာ တစ်ခုလုံး ပြာနှမ်းသွားလေသည်!
ကျန်းယန်ရှန့်က အခြေအနေကို ရဲတွေဆီ တင်ပြလိုက်သည်။
"နေ့လည်တုန်းက တစ်ယောက်ယောက်က သမီးရဲ့ ခွင့်ပြုချက်မရှိဘဲ သမီးအခန်းထဲက ရေချိုးခန်းထဲကို ဝင်သွားခဲ့တယ်... အဲ့အကြောင်းကို ကြားတော့ တစ်ခုခုမှားနေသလို ခံစားလိုက်ရလို့ ရေချိုးခန်းထဲကို သေချာ ရှာကြည့်လိုက်တော့ အဲ့တာကို လွယ်လွယ်ပဲ တွေ့ခဲ့တယ်လေ... ဒီလိုပစ္စည်းတွေက ရေပန်းမှာပဲ တပ်လေ့ရှိကြတာ... ရုတ်တရက်ပဲ ဝက်အူလေးက အရောင်ကွဲနေတာကို တွေ့ခဲ့တယ်... အလင်းရောင်နဲ့ ထိုးကြည့်လိုက်တော့ အလင်းပြန်တာကို တွေ့တွေ့ချင်းပဲ သမီး ရဲတိုင်လိုက်တာ..."
ရဲအရာရှိတွေ ဘာမှ မပြောနိုင်ခင်မှာပဲ ကျန်းဟွမ်က မဲမှောင်နေတဲ့ မျက်နှာကြီးနဲ့ ရှေ့တိုးလာကာ မေးလိုက်သည်။
"ဘယ်သူလဲ... ဘယ်သူ လုပ်တာလဲ..."
ကျန်းယန်ရှန့်က သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး ရဲကို လှည့်ပြောလိုက်သည်
"သမီး အဖေရဲ့ မိန်းမရဲ့တူပါ"
ကျန်းဟွမ် ကြက်သေသေသွားတော့သည်။
သူမကို မေးမြန်းနေတဲ့ ရဲက "အဖေ့ရဲ့မိန်းမ"ဟူသော အမည်ကို ရေရွတ်ကာ မေးလိုက်သည်။
"ဒါဆို သမီးအမေရဲ့ တူ မဟုတ်ဘူးလား..."
သူ့ရှေ့မှာ ရှိနေတဲ့ လှလှပပ မိန်းမငယ်လေးရဲ့ မျက်နှာက သိသိသာသာ မဲမှောင်သွားသည် :
"သူက သမီးအမေ မဟုတ်ဘူး!"
ထိုရဲက အလျင်အမြန် တောင်းပန်လိုက်သည်: "တောင်းပန်ပါတယ်"
သူ့အကြည့်တွေက သူ့လုပ်ဖော်ကိုင်ဖက်ဆီ ရောက်သွားကာ အကြည့်ချင်းဆုံမိပြီးနောက် သူတို့နားလည် လိုက်တာက ဒီမိသားစုရဲ့ အခြေအနေက ပို၍ရှုပ်ထွေးသည်ဟုသာ။
ထိုမိန်းကလေးရဲ့ အဖေက ဘာတစ်ခွန်းမှ မပြောဘဲ အပြင်ထွက်သွားသည်။ မကြာခင်မှာပင် ရဲအရာရှိများက ထိုလူ ကော်ရစ်ဒါမှာ အော်ဟစ်နေတာကို ကြားလိုက်ရလေသည် : "လျန့်ယင်းယင်း! ထွက်ခဲ့စမ်း!"
ရဲအရာရှိများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိသွားကြသည်။ မိန်းမငယ်လေးက သူမနှုတ်ခမ်းထောင့်လေးတွေ ညွှတ်ကာ အပြင်ထွက်ပြီး ပြောလိုက်သည်။
"အော်မနေနဲ့တော့.. သူအိမ်မှာ မရှိဘူး"
ကြည့်ရတာ လျန့်ယင်းယင်းဆိုသူက မိန်းမလှလေးရဲ့ မိထွေး ဖြစ်ပြီး သံသယရှိသူရဲ့ အဒေါ် ဖြစ်ပုံပင်။
ရဲအရာရှိတွေက ထိုကဲ့သို့သော အမှုပေါင်း များစွာကို ကြုံခဲ့ရပြီးပြီ။ သူတို့က အိတ်ဆောင်ကွန်ပြူတာများနဲ့ အထူးဆော့ဖ်ဝဲကို ယူလာခဲ့သည်။ သူတို့က ကျန်းယန်ရှန့် အခန်းထဲက ကော်ဖီစားပွဲပေါ်မှာ ကင်မရာနဲ့ ချိတ်ဆက်လိုက်သည်။
"သူလား...."
သူတို့က ကျန်းယန်ရှန့် မျက်နှာပြင်ကို ကြည့်နိုင်ဖို့ ဘေးကို ဆုတ်ပေးလိုက်သည်။
ထိုသို့သော ကင်မရာကို တပ်ဆင်သည့်အခါတွင် တပ်ဆင်သူ ကိုယ်တိုင်ကိုပါ ကင်မရာက ရိုက်ကူးမည် ဖြစ်သည်။ ဒီတစ်ကြိမ်ကလည်း ခြွင်းချက် မဟုတ်ခဲ့ပါဘူး။ ကင်မရာ တပ်နေသော လျန့်ကျန်း၏ တစ်ကိုယ်လုံးကိုပါ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားသည်။
ကျန်းယန်ရှန့်က သရော်ပြုံး ပြုံးကာ ရဲတွေကို ပြန်မဖြေဘဲ ကျန်းဟွမ်ကိုသာ လှည့်ကြည့်လိုက်သည်။
ကျန်းဟွမ်က မျက်နှာသာ ပူလာတော့သည်။
"သူပဲ သူပဲ!"
သူအရမ်း စိတ်ဒုက္ခရောက်နေပေပြီ။
"ဒီ အယုတ်တမာကောင်ကို မြန်မြန်ဖမ်းပေးပါ!"
........
လျန့်ကျန်းက ကျန်းအိမ်တော်ကနေ ပျော်ပျော်ရွှင်ရွှင် ပြန်လာပြီး သူနေထိုင်တဲ့ ရပ်ကွက်ကို ပြန်လာခဲ့သည်။ ဒီနေ့လည်မှာ သူ ဘယ်နှကြိမ်တောင်မှ စောင့်ကြည့် ကင်မရာရဲ့ ထိန်းချုပ် ဆော့ဖ်ဝဲကို ဖွင့်ကြည့်မိလဲ မသိတော့ပေ။ ဒါပေမယ့်လည်း သနားစရာကောင်းတာက ကျန်းယန်ရှန့်က အခုထိပြန်မလာခဲ့ဘဲ ရေချိုးခန်းထဲမှာ တစ်ယောက်မှ ရှိမနေခဲ့ဘူး။
သူက ဝမ်းနည်းစွာပင် ဆော့ဖ်ဝဲကို ပိတ်လိုက်ရတော့သည်။
သူက သူ့သူငယ်ချင်း တစ်ယောက်ကို ဖုန်းဆက်ပြီး လှမ်းပြောလိုက်သည်။ "တပ်ပြီးသွားပြီ"
ထိုလူက ဆိုလိုက်သည်: "ဖာခ့်! တကယ်ကြီးလား?"
လျန့်ကျန်း : ဒါပေါ့! ငါ ဘယ်တုန်းက မဟုတ်ဘဲ ပြောဖူးလို့လဲ..."
ထိုလူကပြောသည် : "မိုက်ချက်ပဲ! ရိုက်ပြီးရင် မင်းသူငယ်ချင်းတွေကို ပြရမယ်နော်!"
လျန့်ကျန်းက ဝံ့ကြွားစွာ ပြောလိုက်သည် : "မင်းတို့ကို ပြရုံတင်မကဘူး XXX ဝက်ဘ်ဆိုက်မှာ တင်ဖို့လည်း လုပ်ထားပြီးပြီ!"
လျန့်ကျန်းက အံ့ကြိတ်လိုက်သည် : "ကောင်မလေး! မင်းငါ့ကို ဆန့်ကျင်ရဲတယ်! မင်းကို သင်ခန်းစာ ကောင်းကောင်း ပေးရတော့တာပေါ့!"
ဆိုရိုးစကားတွေ အတိုင်းပင် လျန့်ကျန်း၏ သူငယ်ချင်းများမှာလည်း သဘာဝကျကျပင် လူကောင်းများ မဟုတ်ခဲ့ပေ။ သူက ကျွတ်သပ်လိုက်ပြီး ပြောလိုက်သည်။
"သူ့ဖုန်းနံပါတ်ပါ တင်ပေးရင် ပိုတောင်ကောင်းသေးတယ်!"
"ဖာခ့်!" လျန့်ကျန်း ရုတ်တရက် အလင်းပွင့်သွားသည် " တော်လိုက်တာ ငါ့ကောင်! ငါ အဲ့အကြောင်း တွေးခဲ့သင့်တာ! ငါလုပ်လိုက်မယ်!"
သူက ဆော့ဖ်ဝဲကို ပြန်ဖွင့်လိုက်ပေမယ့်လည်း ကျန်းယန်ရှန့်က ပြန်မလာခဲ့သေးပေ။ ကြည့်ရတာ ဒီလို ကိစ္စမျိုးက အလျင်လိုစရာ မလိုဘဲ အချိန်ကြာကြာယူရမည့် ပုံပင်။
သူက စိတ်ကို ပြန်ထိန်းကာ ဂိမ်းစဆော့တော့သည်။ သူက ဂိမ်းစဆော့ဆော့ချင်းပဲ အချိန်ကို မေ့သွားပြီး မသိလိုက်ခင်မှာပဲ နာရီပေါင်းများစွာ ကုန်သွားလေသည်။ တံခါးခေါက်သံ ကြားသည့်အခါမှ လျန့်ကျန်းက ဖိနပ်ပါးကို စီးကာ တံခါးသွားဖွင့်ပေးလိုက်သည် : "ဘယ်သူလဲ?"
ယခုအချိန်က လအစပဲ ရှိသေးတာ ဖြစ်သည့်အတွက် တစ်ယောက်ယောက်က ရေမီတာကို လာစစ်ဆေးသည်ဟုသာ ထင်လိုက်တာကြောင့် တိုက်ရိုက်ပဲ တံခါးဖွင့်ပေးလိုက်သည်။
တံခါးဖွင့်လိုက်ချိန်မှာတော့ သူ ကြက်သေသေသွားရတော့သည်။ အကြောင်းမှာ အပြင်ဘက်ရှိလူမှာ မီတာ ဖတ်သူ မဟုတ်ဘဲ လျှာထိုးဦးထုပ်ကြီးကြီးကို ဆောင်းထားသော ဝတ်စုံပြည့်ဝတ်ထားသည့် ရဲတစ်ယောက် ဖြစ်နေသည်။
ထိုအချိန်တွင် လျန့်ကျန်းတစ်ယောက် ကြောက်လန့်လာရတော့သည်။
အရမ်းနောက်ကျသွားတာကတော့ သနားစရာပင်။
.....
လျန့်ယင်းယင်းက ရဲစခန်းကို မြန်မြန်ရောက်လာခဲ့ပြီး ကျန်းဟွမ်ကို တွေ့သောအခါ သူမခြေလှမ်းကို မြန်ကာ သူ့ဆီ လျှောကက်လာခဲ့သည် :
" ကျွန်မရောက်ပြီ.. ကျွန်မရောက်ပြီ... ဘာဖြစ်တာလဲ...ဘာလို့ ဖုန်းထဲမှာ ဘာမှ ပြောမသွားတာလဲ....."
သူမပြောလို့ မပြီးခင်မှာပင် ကျန်းဟွမ်က ရပ်ကာ သူ့လက်ကိုမြှောက်လိုက်ပြီး သူမပါးကို ရိုက်ချလိုက်သည်!
လျန့်ယင်းယင်း ကြောင်အသွားရသည်။
ကျန်းဟွမ်က မိန်းမတွေကို ရိုက်တတ်သည့် လူစားမျိုး မဟုတ်ပေ။ ဒါပေမယ့် အခုအချိန်မှာတော့ သူတကယ့်ကို ဒေါသထွက်နေသည်! သူမ တကယ့်ကို မှင်တက်သွားရသည်!
"မင်းရဲ့ အရမ်းကောင်းတဲ့တူလေး လုပ်ထားတာကို ကြည့်လိုက်စမ်း!" သူက အံတင်းတင်းကြိတ်ကာ ထိုစကားကို ပြောလိုက်သည်
လျန့်ယင်းယင်းက ရဲတွေ ပြောတဲ့စကားကို ကြားလိုက်ရချိန်မှာတော့ ပိုလို့ပင် ရှုပ်ထွေးသွားခဲ့သည်။ သူမက အထစ်ထစ်အငေါ့ငေါ့နှင့် မေးလိုက်သည် "အမှားလုပ်မိတာများလား..."
"ငါ့ဖင်ကြီးပဲ အမှား!" ကျန်းဟွမ်က သူ့ရှေ့က စာရွက်အချို့ကို သူမရှေ့ကို ပစ်ပေးလိုက်ပြီး အော်ဟစ်လိုက်သည် "မင်းဘာသာမင်း ကြည့်လိုက်!"
ရဲတွေက လျန့်ကျန်း ကျန်းအိမ်မှာ လုပ်ခဲ့တဲ့ အရာတွေကို ချောင်းရိုက် ဗီဒီယိုကနေ တဆင့် အတည်ပြုထားပြီးပြီ ဖြစ်သည်။
လျန့်ကျန်းက ရဲစခန်းကို ခေါ်သွားခံရချိန်မှာတော့ ငြင်းဆန်ချင်ခဲ့ပေမယ့်လည်း ကံမကောင်းစွာဖြင့် သူလုပ်ထားတဲ့ ပြစ်မှုရဲ့ သက်သေကို သူကိုယ်တိုင် မှတ်တမ်းတင်ခဲ့တာ ဖြစ်သည်။ သူက ဗီဒီယိုကို တွေ့လိုက်ချိန်မှာတော့ ခြေကုန်လက်ပမ်းကျကာ ဝန်ခံလိုက်ရတော့သည်။
ရဲတွေက သူ့ရဲ့ အဝယ်မှတ်တမ်းကို မေးလိုက်ပြီး သူက စိတ်ဓါတ်ကျစွာပင် ပြန်ဖြေလိုက်သည် : "ကျွန်တော် ရောင်းတဲ့သူကို WeChat ကနေ ဆက်သွယ်ခဲ့တာ"
ရဲများက သူ့WeChatကို ဖွင့်ကာ သက်သေတွေကို စုဆောင်းလိုက်သည်။ ဘယ်သူက သိခဲ့မှာလဲ... သူ့အကောင်းဆုံးသူငယ်ချင်းက ထိပ်ဆုံးမှာ ရောက်နေပြီး နောက်ဆုံးမက်ဆေ့က 'အဖော်အချွတ် ဗီဒီယိုတွေကို ပိုက်ဆံနဲ့ရောင်းတာ.. ဒါကြောင့်မို့ အလကား မတင်လိုက်နဲ့' ဖြစ်နေမယ်လို့.....
ရဲအရာရှိက ကြည့်ဖို့အတွက် တစ်ချက် နှိပ်လိုက်သည်... ကောင်းပြီလေ.. ကြည့်ရတာ သူတို့က ချောင်းရိုက်ရုံတင်မကဘဲ ကောင်မလေးတွေရဲ့ အဖော်အချွတ် ဗီဒီယိုကို ညစ်ညမ်းဝက်ဘ်ဆိုက်တွေမှာ တင်ဖို့ စီစဥ်ထားကြတာပေါ့...
လူမဆန်တဲ့ကောင်တွေ!
ကျန်းဟွမ် လျန့်ယင်းယင်းကို ပြလိုက်သည့် စာရွက်တွေကတော့ အဝယ်မှတ်တမ်းများနှင့် အဆက်အသွယ် မှတ်တမ်းများကို ပုံနှိပ်ထားသော စာရွက်များ ဖြစ်သည်။
လျန့်ယင်းယင်း မျက်လုံးများ မဲမှောင်သွားသည်။
ဒီ သောက်သုံးမကျတဲ့ တူကတော့!
Xxxxx