အပိုင်း ၄၉-၅၀
Viewers 23k

Chapter 49


"အဲ့ဒါက...” 


ကျန်းယန်ရှန့် က ခဏလောက်စဉ်းစားပြီး


 “မတော်တဆ ထိမိရင် အရမ်းနာတယ်လေ... နည်းနည်းလေး ရောင်ရမ်း‌ နေသလို ခံစားရတယ်....ဟုတ်တယ်မဟုတ်လား...."


"ဟုတ်တယ်...ဟုတ်တယ်...နာတယ်..."


အမှန်ပင် သူမ၏ ရင်သား ဖွံ့ဖြိုးစ ပြုနေပြီဖြစ်သည်။ 


ကျန်းယန်ရှန့် သည် ကျန်းဟယ်လင်း ကို တစ်ချက် ကြည့်လိုက်ကာ ေပြာလိုက်သည်။


"ရှင်မီး အင်္ကျီ ဘာလို့ မဝတ်တာလဲ...နောက်ဆို အတွင်းခံကောင်းကောင်းဝတ်ရမယ်...” 


ကျန်းဟယ်လင်း အူတူတဖြင့်ပြန်မေးလိုက်သည်။


 "ဘယ်အဝတ်လဲ..." 


ကျန်းယန်ရှန့် က မျက်မှောင်ကြုတ်ပြီး 


“နင့်အမေက  နင့်အတွက် မဝယ်‌ပေးဘူးလား...ရင်သားကို ကာကွယ်ဖို့ ရှင်မီးအင်္ကျီလေ...” 


 


"အဲဒါ... ဘာလဲဟင်..." 


သူမ အမေ၏ အမိုက်စား ဘရာစီယာတွေကို သူမ မြင်ဖူးသည်။သူမ  ကြောက်သွားမိသည်။ ဒီကလေး မလေး၏ ထိတ်လန့်သော အကြည့်ကြောင့်  ကျန်းယန်ရှန့် ပြုံးလိုက်သည်။


ကျန်းယန်ရှန့် လည်း ပျိုဖော်ဝင်ခါစက ရင်သားဖွံဖြိုးလာခြင်းကို ရှက်ရွံ့ခဲ့ရသည်။


ကံကောင်းထောက်မစွာ၊ သူမ၏ အမေ  က သတိထားမိသွားသည်။သူမကို မေးခွန်း အနည်းငယ် မေးပြီးနောက်  မိန်းကလေးများ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုသည် အလွန်လှပကြောင်း ပြောပြခဲ့သည်။ သူမ၏ အမေသည် အပြင်သိပ်မထွက်ပေ။အပြင်ထွက်လျှင်လည်း  ဆေးရုံကိုသာ သွား‌လေ့ရှိသည်။


အမေက သူမ အတွက် ရှင်မီး တော်တော်များများ ဝယ်ခဲ့ပြီး သူမအတွက် အသင့်တော်ဆုံး နှင့် သက်တောင့်သက်သာရှိသည့်  ၀တ်စုံတွေကိုသာ အမေ ကိုယ်တိုင် ရွေးချယ်ပေးခဲ့သည်။ 


နောက်ပိုင်းတွင် သူမ၏ အမေ ဆုံးပါးသွားပြီးနောက် ကျန်းယန်ရှန့် သည် အရိုးရှင်းဆုံး ရှင်မီး မှ ခွက်နှင့်ဘရာစီယာများ အထိ သူမကိုယ်တိုင် စိတ်တိုင်းကျ ဝယ်ယူခဲ့သည်။


တစ်‌နေ့တွင်  ကျန်းယန့်ရှန်း သည် ရာသီစ,လာ‌သဖြင့် သူမ၏ အမေပြောသည့်အတိုင်း အေးအေးဆေးဆေး ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။ မိခင်မရှိသော မိန်းကလေးများသည် မိမိကိုယ်ကိုသာ အားကိုးရသည်။ နှစ်ရက်အကြာတွင် အန်တီ လော သည် အခန်းရှင်းရင်းအမျိုးသမီး လစဉ်သုံးပစ္စည်းများကို 


တွေ့ရှိခဲ့ပြီး  သူမ ဓမ္မတာလာပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ဝမ်းနည်းခြင်း ၊ပျော်ရွှင်ခြင်း နှင့် အန်တီလော က သူမကို ဟင်းချိုတစ်ခွက် ချက်ကျွေးသည်။


 "အစ်မ..." ကျန်းဟယ်လင်း သည် ကျန်းယန်ရှန့် ၏ မျက်နှာရှေ့တွင် သူမ၏ လက်ကလေးကို ယမ်းလိုက်သည်။


ကျန်းယန်ရှန့်  သတိ ပြန်ဝင်လာပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။


 “နင့်အမေကို ပြောပြပြီး  အတွင်းခံတွေ ဝယ်ခိုင်းပါ...” 


ကျန်းဟယ်လင်း က ခေါင်းငုံ့ပြီး တီးတိုးစကားဆိုလာသည်။


 “ညီမ သူမကို ပြောရင် 'ငါ့ကို အနှောက်အယှက်မပေးနဲ့ '  ဒီလိုပဲ ပြောမှာပဲ...”  


ကျန်းယန်ရှန့် သည် ဆွံ့အသွားရသည်။ 


လျန့်ယင်းယင်း သည် နည်းပညာ ကျောင်းမှ ဘွဲ့မရမီ ကေမြို့ တွင်  အလွတ်တန်း မော်ဒယ်လ် အဖြစ် လုပ်ကိုင်ခဲ့သည်။ထိုစဉ်ကပင် ကျန်းဟွမ် နှင့် ရင်းနှီးခဲ့ပြီး နောက်ဆုံးတွင် အငယ်အနှောင်း မယားပါ ဖြစ်လာခဲ့သည်။ သူမ၏ ရည်မှန်းချက်မှာ ချမ်းသာပြီးရင်း ချမ်းသာဖို့ ဖြစ်သည်။သူမ၏ သားသမီးများအပေါ်တွင် ဈေးဝယ်ထွက်ခြင်းလောက် ဂရုမစိုက်ချေ။


ကျန်းယန်ရှန့် က ခဏတိတ်ဆိတ်နေပြီး 


“ဒီနေ့ နေ့လည်မှာ ဈေးဝယ်သွားမယ်... အတူတူလိုက်မလား..."


 ကျန်းဟယ်လင်း အံ့သြစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ မြန်မြန်ခေါင်းညိတ်လိုက်သည်။


“ဟုတ်ကဲ့...ညီမလည်း လိုက်ချင်တယ်..."


 


"ဒါဆို နင့်ရဲ့အိမ်စာတွေကို အရင်ပြီးအောင်လုပ်...နေ့လည်စာစားပြီးမှ ငါတို့သွားမယ်...ငါ့အစား ကျန်းရှို့ချန် ရဲ့ အိမ်စာကိုလည်း နင်စစ်ရမယ်..."


"ညီမ စစ်လိုက်မယ်..." 


ကျန်းဟယ်လင်း က ကတိပေးလိုက်သည်။ ကျန်းယန်ရှန့် ကျေနပ်သွားသည်။


သို့သော်  လျန့်ကျန်း နှင့် နေ့လည်စာစားရမည် ဖြစ်၍ သူမ စိတ်ညစ်သွားရပြန်သည်။


.....


ကျန်းယန်ရှန့် သည် ထိပ်ဆုံးထိုင်ခုံတွင်ထိုင်နေပြီး ကျန်းဟယ်လင်း နှင့်  ကျန်းရှို့ချန်သည် သူမ၏ ဘယ် ၊ညာ နှစ်ဖက်စလုံးတွင် ရှိနေသောကြောင့် လျန့်ကျန်း က သူမ၏ ဘေးတွင် ထိုင်မရတော့ပေ။


 လျန့်ကျန်းက ထမင်းစားခန်းထဲသို့ ရောက်လာသည်နှင့် မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းယန်ရှန့် ကို မေးလိုက်သည်။


"ယန်ယန် က ဘာလို့ အဲ့ဒီထိုင်ခုံမှာ ထိုင်နေတာလဲ..." 


ကျန်းယန်ရှန့် သည် ဆဲလ်ဖုန်းကို ကြည့် နေရင်း ြပန်မေးလိုက်သည်။


"ဘာဖြစ်လို့လဲ...."


 "နင် မသိဘူးလား...ဒီလို စားပွဲရှည်ကြီးမှာ ထိပ်ဆုံးထိုင်ခုံက ဦးလေးရဲ့ ထိုင်ခုံဖြစ်သင့်တယ်....”


“အဆင်ပြေပါတယ်...အ‌ဖေ အပြင်သွားရင် ကျွန်မ ဒီမှာထိုင်တယ်လေ...." 


ကျန်းယန်ရှန့်က  လျန့်ကျန်း ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့် ၍ အေးဆေးစွာ ပြောလိုက်သည်။ 


လျန့်ကျန်း က ခြောက်ကပ်စွာ ပြုံးလိုက်ပြီး အကြည့်လွှဲကာ "မင်းရဲ့ အမေ ဘယ်မှာလဲ..." ဟု ကျန်းရှို့ချန် ကို မေးလိုက်သည်။


ကျန်းရှို့ချန် က သူ့ကို စောင်းငဲ့ကြည့်ကာ

" အိပ်ရာ မထသေးဘူး..."


စကားပြောနေစဉ်တွင် လျန့်ယင်းယင်း သည် တဝါးဝါး သမ်းရင်း ထမင်းစားခန်းဆီသို့လာနေ၏။ ကျန်းဟွမ် က သူမကို ‌ဆူပြီးနောက် သူမသည် ညအိပ်ဝတ်စုံနှင့် ညဝတ်ဂါဝန်ကို မဝတ်ရဲတော့ပေ။ ယခု သူမသည် လုံခြုံသော စကတ်ရှည်ကို ၀တ်ဆင်ထား၏။


 "အန်တီ...ဘာလို့ အခုမှ အိပ်ရာထတာလဲ..." လျန့်ကျန်း က  မေးလိုက်သည်။


"နင့်အလုပ် မဟုတ်ဘူး..." 


လျန့်ယင်းယင်း သည် သူနှင့် အသက် သိပ်မကွာဘဲ အတူတူ ကြီးပြင်းလာခဲ့သူများ ဖြစ်ကြသည်။ သူမသည် စကားကိုပေါ့ပေါ့ တန်တန် ပြောဆိုတတ်ပြီး ကိန်းကြီးခန်းကြီး နိုင်လှသည်။


 “ငါ ဒီအချိန်မှာ နေ့တိုင်းထတယ်...ဘာဖြစ်လို့လဲ...မနာလိုဘူးလား..." 


လျန့်ကျန်း "‌အင်းလေ....ဒါ....ချမ်းသာတဲ့ ဇနီး တစ်ယောက်ရဲ့ ဘဝပဲ...ကျွန်တော့်မှာ စွက်ဖက်ပိုင်ခွင့် မရှိပါဘူး..." 


အိမ်အကူ အဒေါ် တစ်ဦးက လျန့်ယင်းယင်း ၏   နံနက်စာကို ယူဆောင်လာပေးပြီးနောက် လျန့်ယင်းယင်း လျန့်ကျန်းကို စကားဆိုလိုက်သည်။


"ငါ့ကားအသစ်ကို နေ့လည်ကျရင် သွားယူရမယ်..... နင် လိုက်မလား..." 


လျန့်ကျန်း ၏ မျက်လုံးများ တောက်ပလာပြီး


" အန်တီ ကားဝယ် လိုက်တာလား...ဘယ်လိုကားမျိုးလဲ..."


 လျန့်ယင်းယင်း က ဂုဏ်ယူသည့် ပုံစံဖြင့်  မော်ကြွားစွာ ဖြေလိုက်သည်။


 "ဖရာရီ ပြိုင်ကား..." 


လျန့်ကျန်း က  "‌ဝိုး" ဟု အော်လိုက်သည်။


 "အမေ...ကားဝယ်လိုက်တာလား..." 


ကျန်းဟယ်လင်း၏ အမေးကို လျန့်ယင်းယင်း ပြန်မဖြသော ကြောင့် သူမ မျက်နှာ ညှိုးသွားရှာသည်။


ကျန်းယန်ရှန့်  လျန့်ယင်းယင်း ကိုဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။ သည် ကားကို စောစီးစွာ ဝယ်လိုက် သောကြောင့် ကျန်းယန်ရှန့် အနည်းငယ် အံ့သြသွားမိသည်။


လျန့်ယင်းယင်း သည် ကားဝယ်ရန် နောက်ထပ် နှစ်နှစ်ခန့် စောင့်ရဦးမည် ဆိုသည်ကို သူမသိနေ၏။  သူမက ကားဒရိုင်ဘာကို မောင်းခိုင်း၍ ဈေးဝယ်ထွက်နေကျ ဖြစ်သည်။


......


နေ့လည်စာ စားပြီးနောက် ...


"သွားမယ်...သွားမယ်..."


လျန့်ယင်းယင်းက စိတ်အားထက်သန်စွာဖြင့် လောဆော်လိုက်ပြီး နှစ်ယောက်သား အတူထွက်သွားကြလေသည်။


Xxxxxxxxx


Chapter 50


သူတို့(လျန့် တူ၀ရီး )အိမ်က ထွက်သွားပြီးနောက်   ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ကို ဈေးဝယ်ရန် ခေါ်သွားသည်။


ယခင်ဘဝရော၊ယခု ဘဝမှာပါ ညီအစ်မ နှစ်ယောက် အတူတူ ဈေးဝယ်ထွက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်းယန်ရှန့် ပင် သူမ စိတ်ထဲတွင် ဆန်းသစ်သော ခံစားမှုတစ်ခု ရှိနေလေ၏။


"အစ်မ ဘယ်သွားမလို့လဲ..." 


 "လိုင်လီ စင်တာ..." 


"လိုင်လီ စင်တာက ဘယ်မှာလဲ..." 


"ဒယ်ဂွမ်း လမ်းမှာ..." 


 "ဒယ်ဂွမ်းလမ်း က ဘယ်မှာလဲ..."


 “…” 


ကျန်းယန်ရှန့် သည်  စိတ်ဆိုးသွားပြီး 


"ဘာလို့ မေးခွန်းတွေ အများကြီး မေးနေတာလဲ... " 


ကျန်းဟယ်လင်း က လျှာထုတ်ကာ ဇက်ပုလိုက်ရင်း 


“အစ်မ နားငြီးရင်လည်း မမေးတော့ပါဘူး...”  


“ညီမ အမြဲတမ်း ဈေးဝယ်ထွက်ချင်ပေမယ့် ဘယ်သူမှ ညီမကို ခေါ်မသွားဖူးဘူး...”  


ကျန်းယန်ရှန့် ခဏမျှ တိတ်ဆိတ်သွားသည်။


"နင့် အမေက နင့်ကို ခေါ်မသွားဘူးလား..."


 


ကျန်းဟယ်လင်း က ခေါင်းခါပြီး 


“ဘယ်တုန်းကမှ မခေါ်ဖူးဘူး...” ဟု အခိုင်အမာ ပြောလိုက်သည်။ 


ကျန်းဟယ်လင်း ၏ အခန်းထဲတွင် ၀တ်စုံများစွာ ရှိသော်လည်း သူမ ကိုယ်တိုင် ရွေးချယ်ပြီး မဝယ်ခဲ့ရပေ။ လျန့်ယင်းယင်း ကသာ ဝယ်ခြမ်းပေးတတ်သည်။ 


ကျန်းယန်ရှန့် သည် ခေါင်းကို လှည့်ကာ ပြတင်းပေါက် အပြင်ဘက်ရှိ လမ်းမြင်ကွင်းကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူမက 


"လိုင်လီ စင်တာက ဒယ်ဂွမ်း လမ်းပေါ်မှာ ရှိတယ်....အဲ့ဒီမှာ ကလေး အဝတ်အစား ဘရန်းတွေ‌ အများကြီးရှိတယ်...  စားသောက်ဆိုင်ကောင်းကောင်း တွေလည်း ရှိတယ်... ဈေးဝယ်ပြီး နေ့ခင်းဘက်ကျရင် ကော်ဖီသောက်လို့ ရတယ်...ဗီအာ (VR)ဂိမ်းဆိုင်လည်း ရှိတယ်... နင်သ‌ဘောကျမှာပါ..."


ကျန်းဟယ်လင်း သည် အစ်မဖြစ်သူကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


 အစ်မ တစ်ယောက် ရှိသည့် ခံစားချက်ကို သူမ နားလည်သွားရသည်။ 


 လိုင်လီစင်တာကို ရောက်သည့်အခါ ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ကို အတွင်းခံ စတိုးဆိုင်သို့ အရင်ခေါ်သွားသည်။ ထို့နောက် ‌အရောင်းဝန်ထမ်းကို တံဆိပ်မေးပြီး ပြစေသည်။ထို တံဆိပ်သည် သူမကိုယ်တိုင် ကျန်းဟယ်လင်း အရွယ်က ဝယ်ခဲ့သော ရှင်မီး တံဆိပ် ဖြစ်ပြီး မိန်းကလေး အတွင်းခံ များလည်း ထုတ်သည်။


 ဆိုင်ဝန်ထမ်း အမျိုးသမီးသည် ကြင်နာတတ်ပြီး ဖော်ရွေတတ်သဖြင့်  ကျန်းဟယ်လင်း သည် သူမ၏ ရှက်ကြောက်မှုကို ကျော်လွှားကာ လိုက်ဖက်သော၊ သက်တောင့်သက်သာရှိသော အတွင်းခံများကို အဆင်ပြေပြေ ဝယ်ယူနိုင်ခဲ့သည်။


သူမတို့ နှစ်ယောက်သည် စတိုးဆိုင်တစ်ဆိုင်ပြီး တစ်ဆိုင်ကို  သွား၍  ဝယ်ကြသည်။ ကျန်းယန်ရှန့် ပါ သူမကြိုက်သော အဝတ်များကို စိတ်ကြိုက် ဝယ်ယူလေ၏။


ကျန်းယန်ရှန့် က  အဝတ်အစား စမ်းဝတ်ကြည့်နေရင်း သူမကို ငေးကြည့်နေသော ကျန်းဟယ်လင်း ကို


 "ဘာကြည့်နေတာလဲ..." 


 ကျန်းဟယ်လင်း က


"ညီမလည်း အဲ့ဒီလို အဝတ်အစားတွေ ဝတ်ချင်တယ်..." 


ကျန်းယန်ရှန့် သည် အနက်ရောင် တီရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားခြင်း ဖြစ်သည်။


 သူမက မျက်ခုံးပင့်လိုက်ပြီး 


"ဒီစတိုင်လ် ကို ကြိုက်လား..."


 "ဟုတ်...အမေဝယ်ပေးတဲ့ စကတ်တွေ ကို မကြိုက်ဘူး...” 


ကျန်းဟယ်လင်း က 


"စကတ်တွေက ဝတ်ရတာ ခက်တယ်...ဘောင်းဘီက သက်တောင့်သက်သာ ဖြစ်တယ် လို့ခံစားရတယ်..." 


လျန့်ယင်းယင်း သည် ဆွေမျိုးများရှေ့တွင် သူမမျက်နှာပန်း လှစေရန်  သမီးဖြစ်သူကို ဆွဲဆောင်မှုရှိသော အဝတ်ကိုသာ ဝတ်ဆင်ပေးသည်။နာမည်ကြီး ဘရန်းများကို ဝတ်ဆင်ထားသဖြင့် ကျန်းဟယ်လင်းမှာ အရုပ်လေး တစ်ရုပ်လို  ဖြစ်နေရသည်။ထို ဆွေမျိုးများက လျန့်ယင်းယင်း ကို ချီကျူးချိန်မှစပြီး နေ့စဉ် နာမည်ကြီး ဘရန်းကိုသာ ဝတ်ဆင်ခိုင်းတော့သည်။ထို့ကြောင့် ကျန်းဟယ်လင်းမှာ အမြဲစိတ်ကျဉ်းကြပ်ရသည်။


 


 ကျန်းယန်ရှန့် ဝတ်ထားသည့် အမှတ်တံဆိပ်မှာ ကလေး ဆိုဒ်လည်း ရှိသည်။


အရောင်း ဝန်ထမ်းက အဝတ်အစားတွေကို စမ်းဝတ်ကြည့်ရန် ကျန်းဟယ်လင်း ကို ကြည့်လိုက်ပြီး


 "ညီအစ်မ တွေလား... ဆင်တူ ဝတ်ပြီး အပြင်ထွက်ရင် အရမ်းချစ်စရာကောင်းမှာပဲ...”


ကျန်းယန်ရှန့် သည် စတိုးဆိုင်မှ ဝယ်လာ‌သော အဝတ်အစားများကို ချက်ချင်းဝတ်ရန် အလွန် တောဆန်သည်ဟု ခံစားမိသောကြောင့် သူမ ငြင်းရန် ပါးစပ်ကို ပြင်လိုက်၏။ သို့သော် ကျန်းဟယ်လင်း သည် သူမမျက်နှာကို  တောက်ပသော မျက်လုံးများဖြင့် မော့ကြည့်၍ သူမ မငြင်းဆန်နိုင်သော မျှော်လင့်ချက်များ ပြည့်နှက်လျှက် ရှိသည်။


ထို့ကြောင့်.......


ကျန်းယန်ရှန့်:  “…” 


ညီအစ်မနှစ်ယောက် စတိုးဆိုင်မှ ထွက်လာသောအခါ သူမတို့ နှစ်ယောက်လုံး အနက်ရောင် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ၀တ်ထားကြသည်။


 နှစ်ယောက်သား လက်ထဲတွင် အိတ်တစ်ထုပ်စီကို ကိုင်ထားကြသည်။ 


ကျန်းဟယ်လင်း က ဝမ်းသာအားရဖြင့် ကျန်းယန်ရှန့် ၏ လက်ကို ရဲရဲတင်းတင်း ကိုင်ထားလိုက်သည်။ ကျန်းယန်ရှန့်သည် အစပိုင်းတွင် လက်ကို ရုန်းသော်လည်း နောက်ဆုံးတွင် ထိုနွေးထွေးသော လက်ကလေးကို ပြန်လည် ဆုပ်ကိုင်ထားလိုက်သည်။


 လမ်းသွား လမ်းလာများက သူမတို့ကိုပြုံး၍ ကြည့်သွားကြသည်။


  "အစ်မ...ဈေးဝယ်ထွက်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ...အခုတော့ အမေက ဘာလို့ တစ်နေ့လုံး ဈေးဝယ်ထွက်လဲ ဆိုတာ နားလည်ပါပြီ..."  ကျန်းယန်ရှန့် ပြုံးလိုက်မိသည်။


သူမတို့ သုံးယောက် ကျန်း မိသားစုသို့ မရောက်မီက ကျန်းဟွမ်သည် လျန့်ယင်းယင်း ကို အဝေးမှာသာထားပြီး ငွေသာပို့ ပေးခဲ့သည်။ သူမသည် ငွေကို စွဲလမ်းနေပုံရသော်လည်း လက်တွေ့တွင် သူမ ဘဝသည် အဓိပ္ပါယ်မရှိ ဖြစ်နေသည်။သူမ ဘဝ၏ ပျော်ရွှင်မှုကို ဈေးဝယ်ခြင်း၊ကြွားဝါခြင်း၊ပါတီပွဲ တက်ခြင်း တို့ဖြင့်သာ ကုန်ဆုံးနေခဲ့သည်။


"ပြန်ရအောင်လေ...အစ်မ..." 


ကျန်းယန်ရှန့် က စက်လှေကားပေါ်တက်ဖို့ ကျန်းဟယ်လင်း ၏ လက်ကိုဆွဲထားလိုက်သည်။


"အပေါ်မှာ 'ဘုရင်မ' ကိတ်မုန့်ဆိုင်ရှိတယ်...စားချင်လား..." 


" အရသာရှိလား..." 


 " 'ဘုရင်မ' ကိတ်မုန့်ကို မစားဖူးဘူးလား..." 


ကျန်းဟယ်လင်း  "ဟင့်အင်း..ခုမှကြားဖူးတာ..."


ကျန်းယန်ရှန့် .."ကေမြို့ရဲ့ မုန့်ဆိုင်တွေထဲမှာ အကောင်းဆုံးလို့ ပြောလို့ရပါတယ်...နောက်တော့ သိလာမှာပေါ့..."


“အစ်မ...ဒီစက်လှေကားက အရမ်းရှည်ပြီး မြင့်တယ်နော်..."


“အဲဒါက အဆင့်ဖြတ် စက်လှေကားလို့ခေါ်တယ်... အလယ်က တစ်ထပ်ကိုကျော်ပြီး ဟိုး အပေါ်ထပ်ကို တိုက်ရိုက် ရောက်သွားတာ..." 


"အိုး...ဝိုး..." 


သူတို့သည် အတက် စက်လှေကားတွင် ရှိပြီး ဘေးကပ်ရက်တွင် အဆင်း စက်လှေကား ရှိသည်။ 


 ဘေးကပ်ရက်ရှိ စက်လှေကားမှ လူငယ် တစ်ယောက်သည် ကျန်းယန်ရှန့်  ကို ငေးကြည့်နေသည်ကို သူမက သတိမထားမိသေးပေ။


သူမတွင် လှပသော မျက်ခုံးနှင့် မျက်လုံးများရှိပြီး သူမ၏ အလှတရားတွင် သူရဲကောင်းဆန်မှုနှင့် အေးစက်မှုတို့ ရောယှက်နေကြသည်။ ၎င်းသည် သူမ၏ အသက်အရွယ်နှင့်  မလိုက်ဖက်ပေ။


 ကျန်းယန်ရှန့် က ခေါင်းကို လှည်လိုက်ရာ ထိုလူငယ်လေးကို တွေ့သွားသည်။ လက်ကိုင်ဖုန်းကို ကိုင်ထားကာ သူမကို စူးစိုက်ကြည့်နေ၏။ ထူထဲသော မျက်ခုံးမွှေးနှင့် ဖြောင့်စင်းသော နှာတံ ရှိပြီး  ချောမော ခန့်ညားသော ရုပ်သွင် ရှိသည်။ ခန္ဓာကိုယ်က အနေတော်ရှိပြီး သပ်သပ်ရပ်ရပ် ဝတ်စားထား၏။


တစ်ယောက်ကို တစ်ယောက် ခေတ္တမျှကြည့်မိကြပြီး ပုခုံးကို ပြိုင်တူ တွန့်လိုက်ကြသည်။ထိုလူငယ်လေးက ချောမောလှပသည့် မိန်းကလေးကို ပြုံးပြလိုက်သည်။


လှပသောအရာများကိုမြင်ရသောအခါ လူသားတို့ သဘာဝအတိုင်းပြသသော အပြုအမူပင် ဖြစ်သည်။


Xxxxxxx