Part 51
'ဟုတ်တယ်...အဲ့ဒါ သူပဲ...'
ကျန်းယန်ရှန့် ဝမ်းသာသွားပြီး ထိုလူငယ်ကို လှမ်းခေါ်မည် ပြုသည်။
'ဟင်...သူ့နာမည်မှ မသိတာ'
ထို့အပြင် သူမတို့ ညီအစ်မနှစ်ယောက် စီးလာသော အဆင့်ဖြတ် စက်လှေကားသည် အလွန်မြန်သဖြင့် နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
"လာ...မြန်မြန်တက်ရအောင်...”
ကျန်းယန်ရှန့် က ကျန်းဟယ်လင်း ၏ လက်ကို ဆွဲကာ ပြေးတက်လိုက်ပြီး အဆင်း စက်လှေကားဆီသို့ အမြန် ပြေးသွားသည်။
သို့သော် သူမတို့ အောက်ထပ်သို့ ရောက်သောအခါ ထိုလူငယ်ကို မတွေ့ရတော့ပေ။ကျန်းယန်ရှန့် သည် ဘေးပတ်ပတ်လည်ကို လိုက်ကြည့်သော်လည်း အခြားဈေးဝယ်သူများကိုသာ တွေ့ရသည်။
ကျန်းဟယ်လင်း က ကျန်းယန်ရှန့် လက်ကို လှမ်းဆွဲလိုက်ပြီး နားမလည်နိုင်စွာ မေးသည်။
"အစ်မ...ဘာဖြစ်လို့လဲ..."
ကျန်းယန်ရှန့် က စိတ်ပျက်စွာ ပြောလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး...ငါ့ အသိတစ်ယောက်ကို တွေ့လိုက်လို့...အခု သူဘယ်ရောက်သွားလဲ မသိတော့ဘူး...လာ...သွားကြစို့... လက်ဖက်ရည် သွားသောက်ရအောင်...."
"ဘုရင်မ" ကိတ်မုန့်ဆိုင်သည် နာမည်ကျော်ဆိုင်ကြီး ဖြစ်၍ လူစည်ကားလှသည်။ ကျန်းဟယ်လင်းသည် ကိတ်မုန့် စားရခြင်းထက် အစ်မဖြစ်သူက ဂရုစိုက်ပေးသည့်အတွက် ပို၍ပျော်ရွှင် နေသည်။ ဤကဲ့သို့ လွတ်လပ်ပြီး နွေးထွေးသည့် ခံစားမှုမျိုးကို သူမဘဝတွင် တစ်ခါမျှ မခံစားခဲ့ဖူးပေ။
ကျန်းဟယ်လင်း ကိတ်မုန့် တစ်ဇွန်းကို စားလိုက်ရင်း ကျန်းယန်ရှန့် ကို မျက်လုံးများ မှိတ်သွားသည်ထိ ရယ်ပြလိုက်သည်။
ကျန်းယန်ရှန့် က သူမနဖူးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး ပြောလိုက်သည်။
"အရူးမလေး..."
ထို့နောက် ကျန်းယန်ရှန့် စက်လှေကားပေါ်မှ လူငယ် အကြောင်းတွေးနေမိသည်။ထိုလူငယ်သည် သူမကို ဆေးရုံသို့ ပို့ပေး၍ လက်ကို ညင်သာစွာ ဆုပ်ကိုင်ကာ သူမ၏ နောက်ဆုံးအချိန်တွင် ဖေးမ,ပေးခဲ့သူဖြစ်သည်။ မိခင် ဆုံးပါးသွားပြီးနောက် သူမသည် အခြားသူများ၏ ကြင်နာယုယမှုကို မခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
ထို နောက်ဆုံးအချိန် တစ်ခဏသည် ကျန်းယန်ရှန့် ဘဝတွင် မမေ့နိုင်သည့် နွေးထွေးမှုအဖြစ် ယခုထိတိုင် ထင်ကျန်ဆဲ ဖြစ်ပြီး သူမသေဆုံးခဲ့သည့် အချိန် ရောက်လျှင် သူ့ကို ပြန်တွေ့ရန် ကျင်းတင်း KTV သို့ သွားဦးမည် ဖြစ်သည်။
ထို့နောက် သူမတို့ နှစ်ယောက်သည် လက်ဖက်ရည် သောက်ပြီး VR ဂိမ်းစင်တာတွင် ဂိမ်းကစားကြသေးသည်။
ညီအစ်မ နှစ်ယောက် လက်တွဲပြီး အိမ်ပြန်ရောက်သောအခါ ကျန်းဟွမ် သည် အိမ်ပြန်ရောက်နေပြီး လျန့်ယင်းယင်း နှင့် လျန့်ကျန်း တို့ကလည်း ကားအသစ် ယူလာကြပြီ ဖြစ်သည်။
လျန့်ယင်းယင်း ၏ ဖရာရီကားကို ၂နှစ်စောပြီး ဝယ်လိုက်သဖြင့်ကားမော်ဒယ်မှာ ယခင်ဘဝနှင့် မတူသော်လည်း အနီရောင်ဖြစ်ဆဲပင်။
လျန့်ယင်းယင်း ကားဝယ်ပြီးနောက် ကျန်းယန်ရှန့် လည်း ယာဉ်မောင်းလိုင်စင်ရပြီးသည်နှင့် ကားတစ်စီး ဝယ်ခဲ့သည်။ကျန်းယန်ရှန့် ကလည်း အနီရောင်ကိုသာ ဝယ်ခဲ့ပြီး မော်ဒယ်ပိုမြင့်ကာ ပို၍ စျေးကြီးလေသည်။
"အမေ...ဒါ အမေ့ရဲ့ကားလား..."
ကျန်းဟယ်လင်း အံ့သြစွာမေးလိုက်သည်။ကျန်းရှို့ချန်လည်း ကားထဲသို့ဝင်ကာ လျှောက်ကြည့်နေ၏။
ကျန်းဟွမ် အိမ်ပြန်ရောက်သောအခါ သူမတို့နှစ်ယောက်ကို မတွေ့ပေ။ ထို့ကြောင့် သူက အိမ်အကူ အဒေါ်တစ်ယောက်ကို မေးလေသည်။
“ယန်ယန် နဲ့ ဟယ်ဟယ် ဈေးသွားဝယ်ပါတယ်...”
ကျန်းဟွမ် အံ့သြသွားသည်။
'သမီးအကြီးဆုံးက သမီးငယ် ကိုခေါ်ပြီး ဈေးဝယ် ထွက်နေတယ်...'
ထိုအချိန်တွင် ဆင်တူ ဝတ်စုံများ ၀တ်ဆင်ထားသည့် သမီးချောနှစ်ယောက်ကို စျေးဝယ်အိတ်များ ကိုယ်စီဖြင့် မြင်လိုက်ရသည်။ သမီးငယ်လေးသည် သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးရိပ်တို့ ရှိနေပြီး သူမ အလွန်ပျော်နေမှန်း သိသာသည်။ဤသည်ကို မြင်လိုက်ရသောအခါကျန်းဟွမ် သည် မျက်ရည်ကျလုမတတ် ဝမ်းသာသွားသည်။
"နင် ဘာဝတ်ထားတာလဲ...ကြည့်စမ်း..."
လျန့်ယင်းယင်း က အော်လိုက်သည်။
သူမကို အနိုင်ယူရန် ကျန်းယန်ရှန့် သည် သမီးငယ်နှင့် အဝတ်ဆင်တူ ဝတ်ထားခြင်း ဖြစ်သည်။သို့သော် ယနေ့သည် ဒေါ်လာ ၃ သန်းတန် ပြိုင်ကားကို ဝယ်ထားသောကြောင့် ပျော်ရွှင်နေသဖြင့် ကျန်းဟယ်လင်း ကို မဆူတော့ပေ။
ကျန်းဟယ်လင်း က ပြုံး၍ပြောလိုက်သည်။
“သမီးတို့နှစ်ယောက် ဆင်တူဝယ်ပြီး ဝတ်လာကြတာ... 'လှတယ် 'ဆိုပြီး သူများတွေက ချီးကျူးကြတယ်...”
ကျန်းဟွမ် သည် ကျန်းယန်ရှန့် ကို ချစ်ခင်စွာ မေးလိုက်သည်။
"ဟယ်ဟယ့် ကိုခေါ်ပြီး စျေးဝယ်သွားတာလား..."
ကျန်းယန်ရှန့် က လျန့်ယင်းယင်း ကြားစေရန် အသံကို အနည်းငယ်မြှင့်၍ ပြောလိုက်သည်။
"ဟယ်ဟယ့် ရဲ့ အဝတ်တွေက မတော်တော့ဘူး..ဒါကြောင့် သမီးဝယ်ပေးဖို့ ခေါ်သွားတာ..."
ကျန်းဟယ်လင်း က သူ့လက်ထဲက အိတ်ကို မြှောက်ပြလိုက်ပြီး ကျန်းဟွမ်ကို ပြောသည်။
“သမီးကြိုက်တဲ့ အင်္ကျီတွေ အများကြီး ဝယ်ခဲ့တယ်... မုန့်စားပြီး ဂိမ်းလည်းဆော့ခဲ့သေးတယ်...အရမ်းပျော်စရာ ကောင်းတာပဲ...”
ကလေးမလေး၏ ပျော်ရွှင်မှုက ကျန်းဟွမ် ဆီသို့ ကူးစက်သွားသည်။ကျန်းဟွမ် သည် သမီးငယ်ကို အနေအေးသည် ဟု ယခင်က ထင်ခဲ့သော်လည်း ယခုမူ သူမ၏ အပြုံးသည် အလွန် ချစ်ဖို့ကောင်းပြီး သူမစကားတို့မှာလည်း နွေးထွေးလှသည်။
Xxxxxx
Part 52
ထိုအချိန်တွင် ကားအင်ဂျင်ဖုံး ပေါ်တွင်ထိုင်ကာ ပို့စ်အမျိုးမျိုးပေး၍ တူဖြစ်သူကို ဓာတ်ပုံရိုက်ခိုင်းနေသည့် ဇနီးဖြစ်သူကို ပြောပြရန် လှည့်ကြည့်လိုက်သည်။
ကျန်းဟွမ် : “…”
ထိုမြင်ကွင်းက သူ့စိတ်ကို အကျည်းတန်သွားစေပြီး ချက်ချင်းပင် နွေးထွေးမှုတို့ ပျောက်ရှကုန်၏။
ကျန်းရှို့ချန် က ကျန်းဟယ်လင်း၏ စကားကိုကြားပြီး ကားပေါ်က ဆင်းလာ၏။
"သားလည်း VR ဂိမ်း ကစားချင်တယ်...ကစားချင်တယ်..."
"နည်းနည်း ကြာရင် ငါတို့ပြန်သွားဦးမှာ..."
ကျန်းဟယ်လင်း ကပြောလိုက်သည်။
ယခုနောက်ပိုင်းတွင် ကျန်းရှို့ချန် သည် စကားနားထောင်ပြီး လိမ္မာလာခဲ့သည်။
ကျန်းယန်ရှန့် က ခပ်တည်တည်ပြောလေသည်။
" နင် လိမ္မာရင် ခေါ်မယ်..."
ကျန်းဟယ်လင်း ကပါ ဘေးတီးပေးလိုက်သည်။
“အဲ့ဒီက ကိတ်မုန့်ကလေ အရမ်းစားလို့ကောင်းတာပဲ...”
အစားအသောက်နှင့် ဂိမ်းများဖြင့် ကျန်းရှို့ချန် သည် သွေးဆောင်ခံလိုက်ရသည်။
"အခုကစပြီး သား နေ့တိုင်း အိမ်စာကို အချိန်မှန် လုပ်မယ်လို့ ကတိပေးပါတယ်..."
"ကောင်းပြီ...ဒါဆို ခေါ်မှာပေါ့..."
ကျန်းယန်ရှန့် ကပြောလေ၏။
လျန့်ယင်းယင်း သည် ဓါတ်ပုံများရိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ ခင်ပွန်း၊ သား၊ သမီးများအားလုံးသည် ကျန်းယန်ရှန့် ကို ပြုံးကြည့်နေသည်ကို မြင်သွားသည်။
ဤမြင်ကွင်းမျိုးကို သူမ မမြင်ချင်ပေ။ကျန်းယန်ရှန့် သည် ယခင်ကကဲ့သို့ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသူ မဟုတ်တော့ပေ။ယခုမူ သူမသည် စကားနည်းပြီး အနေအေးလာကာ ကျန်းဟွမ် ကလည်း သူ့သမီးကြီးကို အလွန်ဂရုစိုက်လာသည်။လျန့်ယင်းယင်း မြင်ချင်သော အခြေအနေမဟုတ်သည်မှာ သေချာသည်။
"ဟယ်ဟယ်...ညစာ အဆင်သင့်ဖြစ်မဖြစ် သွားကြည့်စမ်း..."
သူမသည် ငြိမ်သက်မှုကို ချိုးဖျက်ရန် ကျန်းဟယ်လင်း ကို အော်လိုက်သည်။
ကျန်းဟယ်လင်း သွားခါနီးမှာပင် အိမ်အကူ အဒေါ်တစ်ယောက် ထွက်လာပြီး ပြောလေသည်။
“ညစာ အဆင်သင့်ဖြစ်ပါပြီရှင်...”
လျန့်ယင်းယင်း က ကျန်းရှို့ချန်နှင့် ကျန်းဟွမ် ကို လက်ဆွဲလိုက်ပြီး ခေါ်လိုက်သည်။
" ညစာ စားကြရအောင်.... "
ကျန်းယန်ရှန့် က သူမကို အေးစက်စွာကြည့်ပြီးနောက် ဝမ်းနည်းသွားမိသည်။ယခင်ဘဝတွင်၊ သူမနှင့် လျန့်ယင်းယင်း တို့သည် ကျန်းဟွမ် ကြောင့် ရန်မကြာခဏ ဖြစ်ရသည်။ ကျန်းဟွမ် ၏ ချစ်ခြင်းသည် အကန့်အသတ်ရှိပြီး လျန့်ယင်းယင်း ကိုသာ တစ်မှတ်ပိုပေးတတ်ပြီး ကျန်းယန်ရှန့် မှာတစ်မှတ်လျော့မြဲ ဖြစ်သည်။
သူမသည် ဖခင်၏ ဂရုစိုက်မှုကို မက်မောလှ၍ မိထွေးဖြစ်သူကို ရန်စောင်သည့်အခါတိုင်း ဖခင်သည် သူမကို စိတ်ပျက်ကာ ဖခင်၏ မေတ္တာနှင့် တဖြည်းဖြည်း ဝေးသွားရတော့သည်။ ပြန်လည် မွေးဖွားလာပြီးနောက်မူ ကျန်းယန်ရှန့် သည် ကျန်းဟွမ် ထံမှ မည်သည့်အရာကိုမျှ မမျှော်လင့်တော့ပေ။
"သွား...ငါ ယန်ယန်နဲ့ စကားပြောဦးမယ်..."
လျန့်ယင်းယင်း ကျန်းယန်ရှန့် အား မကျေမနပ် စိုက်ကြည့်ပြီး ကျန်းရှို့ချန် ကို ဆွဲခေါ်သွားသည်။
လျန့်ကျန်း သည် ဆဲလ်ဖုန်းကို ထပ်မံ မြှောက်လိုက်ပြီး ကားနှင့် ဆယ်လ်ဖီ ရိုက်နေရာက ကျန်းဟွမ်ကို ပြောလေသည်။
"ဦးလေး...ညစာ စားရအောင်..."
"အေး...မင်းသာ အရင်သွားလိုက်ပါ..."
ကျန်းဟွမ် က သူမနှင့် ဘေးချင်းကပ်လျက် လျှောက်လာပြီး မေးလိုက်သည်။
"ယန်ယန်... သမီးလိုချင်တာ တစ်ခုခုရှိလား..."
ဤသည်မှာ ကျန်းဟွမ် ၏ စိတ်ရင်းအမှန်ဖြစ်ပြီး ငွေပေးခြင်းသည် မေတ္တာနှင့် ဂရုစိုက်မှုပေးခြင်းနှင့် ညီမျှသည် ဟု ယူဆထားခြင်း ဖြစ်သည်။
"ကားလိုချင်တယ်..."
ကားမောင်းတတ်သည့် ကျန်းယန်ရှန့် အတွက် ကားမရှိသည်မှာ အဆင်မပြေပေ။
“ဟင့်အင်း..သမီးမှာ ယာဉ်မောင်း လိုင်စင်မရှိသေးလို့ ကားဝယ်ပေးရင်တောင် မောင်းလို့ မရဘူး...စိတ်မပူပါနဲ့....သမီး အသက် ၁၈ နှစ်ပြည့်ရင် အဖေက မွေးနေ့လက်ဆောင်အဖြစ် ကားတစ်စီး ဝယ်ပေးမှာပါ..."
ကျန်းဟွမ် က လျန့်ယင်းယင်း ကို မနာလိုဖြစ်၍ သူမ ကားလိုနေချင်သည် ဟု ထင်သွားသည်။
" ဒီကားထက် ပိုကောင်းမယ်ဆိုတာ အာမခံတယ်...အများကြီး ပိုလှစေရမယ်... အခုတော့ တခြား တစ်ခုခု ပြောလေ...အဖေ ဝယ်ပေးမှာပေါ့..."
“သမီးလိုချင်တာ ဘာမှမရှိတော့ဘူး...ဘာမှ မလိုဘူး...”
ပထမဇနီး ဆုံးပြီးကတည်းက သမီးကြီး ယန်ယန် သည် လျန့်ယင်းယင်း နှင့် ရန်ဖြစ်သည်မှလွဲ၍ ကျန်းဟွမ် ကိုဘယ်သောအခါမှ စိတ်အနှောင့်အယှက်မပေးခဲ့ပေ။
ထို့အပြင် လျန့်ယင်းယင်း ကျန်းအိမ်သို့ ၀င်မလာခင်က သမီးအကြီးဆုံးသည် နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်သည်။စင်စစ် သူမသည် မိထွေးဖြစ်သူကြောင့်သာ ပြောင်းလဲသွားရခြင်း ဖြစ်သည်။ ဤသည်မှာလည်း သူမ အပြစ်ဟု မဆိုသာပေ။အဘယ်ကြောင့်ဆိုသော် မိထွေးနှင့် တရားမ၀င် မောင်နှမ နှစ်ယောက်ကို အိမ်ပေါ် ခေါ်တင်ထားရန် မည်သူမျှနှစ်မြို့မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းဟွမ် သည် က်ိုယ့်ကိုယ်ကို အပြစ်ရှိသည်ဟု အချိန်အတော်ကြာခံစားခဲ့ရသည်။
Xxxxxxxx