Chapter 37
Viewers 4k

🏝️ Chapter 37



အစ်မလော,က လက်ပေါ်မှ အညစ်အကြေးများကို အဝတ်ဖြင့် သုတ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားပြီးနောက် မုန်လာဥချဥ် လေးအိုးလောက် ထုတ်ပေးလာခဲ့သည်။ "ဒီမှာရပြီ... ရှောင်နင်... ချင်ချင့် ကိုယ်စား အစ်မတောင်းပန်ပါတယ်ကွယ်... သူက ငယ်သေးတော့ ဘာမှ မသိတတ်လို့ပါ…"


နင်ထန်က မုန်လာချဥ်အိုးကို ယူလိုက်သည်။

"ရပါတယ် အစ်မ…"


အစ်မလောက တစ်ခဏမျှ တန့်သွားသည်။

"အစ်မနင့်ကို အမြဲ မေးချင်နေတာ... ဘာလို့ ဗိုလ်ကြီးရှန်းကို လက်ထပ်ခဲ့တာလဲ…"


ကျောက်ချင် နားမလည်သည်မဆိုထားနှင့် အစ်မလောကိုယ်တိုင်သည်ပင် နင်ထန် ဗိုလ်ကြီးရှန်းကို လက်ထပ်ခဲ့သည့် ဆုံးဖြတ်ချက်အား နားမလည်နိုင်ခဲ့ပေ။ 


သူတို့အတူရှိခဲ့သည့်ကာလအတွင်း အစ်မလောက နင်ထန်မှာ လှပချောမောရုံသာမက အလွန်ဥာဏ်ကောင်းပြီး အမြင်ကျယ်သည့် အမျိုးသမီးလေးတစ်ယောက် ဖြစ်ကြောင်း သိခဲ့ရသည်။ 


သူမလို မိန်းကလေးတစ်ယောက်က မုဆိုးဖိုစစ်သားတစ်ယောက်နှင့် လက်ထပ်ပြီး မိထွေးတစ်ယောက် ဖြစ်လာသည်က အမှန်အတိုင်းပြောရလျှင် ထင်မှတ်ထားသည်ထက် ကျော်လွန်နေလေပြီဟု ခံစားရသည်။


နင်ထန် ပြောလိုက်သည်။

"တကယ်တော့ အထူးတလှယ်တော့ မဟုတ်ပါဘူး... အဓိကက အကြောင်းအရင်းနှစ်ခုကြောင့်ပေါ့... ပထမက ဗိုလ်ကြီးရှန်းက အခြေအနေကောင်းပြီး လစာမြင့်တာကို သိလိုက်ရတယ်... သူ့ကို လက်ထပ်ရင် လယ်ကွင်းထဲမှာ ထပ်ပြီး အလုပ်လုပ်စရာ မလိုတော့ဘူးလေ... ဒုတိယတစ်ချက်က ကျွန်မ ကလေး မလိုချင်ဘူး... ဗိုလ်ကြီးရှန်းမှာ ကလေး သုံးယောက် ရှိပြီးတဲ့အပြင် ယောကျ်ားလေးရော မိန်းကလေးရော စုံသွားပြီ... ဒါကြောင့် ကျွန်မကို နောက်ထပ် ကလေးမွေးခိုင်းတော့မှာ မဟုတ်ဘူး…"


အစ်မလော ခေါင်းညိတ်ပြလိုက်သည်။

"အစ်မ နားလည်ပြီ... ကောင်မလေး ကျောက်ချင်ကိုလည်း ပြောထားလိုက်မယ်... သူနောက်ထပ် မရိုမသေ စကား ထပ်ပြောရဲရင် သူ့ကို ကောင်းကောင်းကြီး ရိုက်ပေးလိုက်မယ်…"


နင်ထန် လက်ခါပြလိုက်၏။

"ဒါက အစ်မ သဘောပါ... ဒါပေမယ့် ကျွန်မလည်း ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားချင်လို့... ကျောက်ချင် ကျွန်မကို မလေးမစား လုပ်ရဲရင် ကျွန်မလည်း ယဥ်ကျေးနေမှာ မဟုတ်ဘူး…"


သူမက သူမအပေါ် ကျော်နင်းသွားမည်ကို ခွင့်ပြုပေးမည့်သူမျိုး မဟုတ်ပေ။


အစ််မလောကြောင့်သာ မဟုတ်ခဲ့ပါက ကျောက်ချင်ကို သူ့စကားနှင့်သူ ပြန်ငိုသွားအောင် လုပ်လိုက်မည်ပင်။


×××××


နင်ထန် အိမ်ပြန်ရောက်သောအခါ ရှန်းလေ့တစ်ယောက် ဟင်းချက်၍ ပြီးသွားလေပြီ။


သူက အသီးအရွက်နှင့် အဆီနည်းအသားများကို လှလှပပ လှီးဖြတ်ကာ ဟင်းသီးဟင်းရွက်နှင့် အဆီနည်းအသား ယာဂုတစ်အိုးကို ချက်ပြုတ်လိုက်ပြီး မွှေးပျံ့လှသော ရနံ့လေးများ ထုတ်လွှင့်လာလေသည်။


ယာဂု၏ မွှေးရနံ့က ကလေးသုံးယောက်ကို နိုးကြားသွားစေခဲ့သည်။ တဝါက မျက်လုံးလေးကို ပွတ်ကာ လှေကားမှ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ဆင်းလာခဲ့သည်။

"အဖေ... ဘာစားကောင်းတာတွေ ချက်နေတာလဲ... အနံ့လေး အရမ်းမွှေးတာပဲ…"


ရှန်းလေ့က စားပွဲပေါ်တွင် ယာဂုကို ထားထားလိုက်သည်။ 

"အသီးအရွက်နဲ့ အသား ယာဂု…"


တဝါ၏ မျက်လုံးများ ဝင်းလက်သွားလေသည်။

"ခဏစောင့်နော်... မျက်နှာသစ်ပြီး ဆင်းလာခဲ့မယ်…"


နင်ထန်က မီးဖိုချောင်စင်တွင် ပုလင်းလေးလုံးကို တင်လိုက်သည်။ ရှန်းလေ့ မေးလိုက်သည်။

"ဒါဘာလဲ…"


"အစ်မလော ပေးတဲ့ မုန်လာဥချဥ်လေ... ပန်းကန်ထဲ ထည့်လိုက်မယ်... ယာဂုနဲ့ဆို အရမ်းလိုက်မှာ…"

နင်ထန် ရှင်းပြလိုက်သည်။ 


နင်ထန်က မုန်လာဥချဥ်ပန်းကန်ကို စားပွဲပေါ် တင်လိုက်သည်။ ယင်းက မုန်လာဥဖြူကို အတုံးလေးများ တုံးကာ ငရုတ်သီးအနီမှုန့်များဖြင့် နှပ်ထားသည်။ စားချင်စရာပင်။


ရှန်းလေ့က ယာဂုတစ်ဇွန်းခပ်ကာ မြည်းလိုက်ပြီး မုန်လာဥချဥ်တစ်တုံးကို ယူ၍ ပါးစပ်ထဲသို့ သွပ်လိုက်သည်။ အချဥ်၊ အချို၊ အစပ်နှင့် ကြွပ်ဆတ်မှုတို့၏ ပေါင်းစပ်မှုက အလွန် အရသာ ရှိလှသည်။

"အင်း... အရသာ ရှိတယ်…"


သူက မနက်စာစားနေရင်း သာမန်ကာလျှံကာ ပြောလိုက်သည်။

"ခြံထဲက ပေါင်းပင်တွေ ရှင်းပြီးသွားပြီ... တစ်ခုခု စိုက်ဖို့ ဘယ််လို စဥ်းစားထားလဲ... အစ်မလောလို အသီးအရွက်နဲ့ အသီးတချို့ စိုက်လို့ ရလောက်တယ်နော်…"


နင်ထန် ပြန်ဖြေလိုက်သည်။

"မစိုက်ဘူး... ကျွန်မ သူတို့ကို စိုက်ဖို့ အားမရှိဘူး…"


သူတို့သာ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ စိုက်လိုက်ပါက တိုးတိုးတိတ်တိတ် လယ်စိုက်ခြင်းနှင့် တူသွားပေဦးမည်။ သူတို့၏နေရာကို ရှန်းကန်ရွာမှ ဟိုင်လန်ကျွန်းသို့ ပြောင်းသွားသည်သာ ဖြစ်ပေတော့မည်။ 


ရှန်းလေ့ ပါးစပ်ပိတ်သွားသည်။

"မင်းက အရမ်း ပျင်းတာပဲ…"


နင်ထန်က သူ့ကို ဘေးမှတစ်ချက် လှမ်းကြည့်လိုက်သည်။ "ရှင် မပျင်းရင် ရှင့်ဘာသာရှင် လုပ်လေ... လယ်တစ်ကွင်းလုံး ရှင်ဂရုစိုက်ထားလို့ ရတယ်…"


ရှန်းလေ့က ထို့အတွက် အချိန်မရှိပေ။

"ဒါဆို ဘာစိုက်ရမလဲ ပြောလေ…"


နင်ထန် တစ်ခဏမျှ တွေးတောလိုက်သည်။

"ပူစီနံပင် စိုက်ကြမယ်လေ... မြက်ရိုင်းပင်တွေက လတ်ဆတ်တဲ့အနံ့ကို ထုတ်ပေးတယ်... တဝါက တောင်ခြေမှာ အဲ့အပင်တွေ ပေါက်တယ်လို့ ပြောတယ်... ခြံထဲရယ် ပြတင်းပေါက်ဘောင်အောက်မှာ တစ်စုလောက် စိုက်ထားလိုက်ရအောင်... နွေရာသီဆို ခြင်တွေ မောင်းပေးတယ်လေ... ပူစီနံရွက်တွေကို လက်ဖက်ရည်ဖျော်ဖို့လည်း သုံးလို့ရတယ်... အပူငြိမ်းပြီး လူကိုအေးစေတယ်…"


ရှန်းလေ့ ပြန်ပြောလိုက်သည်။

"ဆောင်းရာသီ ရောက်ကာနီးပြီ... ဘယ်သူက ခြင်မောင်းဖို့ လိုမှာလဲ... ဒါပေမယ့် ကောင်းပါတယ်... မင်းတို့နှစ်ယောက် တောင်တွေဘက်ရောက်ရင် နည်းနည်းလောက် တူးပြီး ပြန်ယူခဲ့လိုက်ကြပေါ့…"


တဝါက ယာဂုကို မျိုချလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

"အဖေ... သားတို့အတွက် သကြားပန်ကိတ် လုပ်ကျွေးရမယ်နော်…"


"သကြားပန်ကိတ်လား…"

ရှန်းလေ့က နင်ထန်အား အတည်ပြုလိုဟန်ဖြင့် ကြည့်လိုက်သည်။


"အဲ့ဒါက မုန့်နှစ်ထဲမှာ သကာရည်ကို ထည့်ပြီး ပန်ကိတ်ပုံစံကို လှိမ့်ပြီးတော့ နှစ်ဖက်လုံး ရွှေညိုရောင် သန်းတဲ့အထိ ဆီထဲမှာ ကြော်ပေးရတယ်... တစ်ကိုက် ကိုက်လိုက်ရင် ပထမဆုံး ပန်ကိတ်ရဲ့ ကြွပ်ဆတ်ဆတ် အရသာကို ရလိမ့်မယ်... ပြီးရင် ချိုပြီး ပူနွေးတဲ့ သကြားရည်ရဲ့ အရသာကို ခံစားရမှာ…"

နင်ထန် ရှင်းပြလိုက်၏။


ရှန်းလေ့ နှုတ်ခမ်းသပ်လိုက်၏။

"ကြားရတာ စားကောင်းမဲ့ပုံပဲ... ကောင်းပြီလေ တဝါ ပူစီနံရွက် ပြန်ယူလာခဲ့ရင် သေချာပေါက် သကြားပန်ကိတ် လုပ်ပေးမယ်…"


နှစ်ရက်ကြာသောအခါ တဝါနှင့် အားနူက တောင်ခြေမှ ပူစီနံပင်များ ပြန်တူးယူလာခဲ့ကြသည်။ ရှန်းလေ့က ၎င်းတို့ကို ခြံဝင်းထဲတွင် စိုက်ထားလိုက်သည်။


လေပြေနုလေးတစ်ချက်တွင် အစိမ်းရောင် ပူစီနံပင်များက လေအဝေ့၌ ယိမ်းနွဲ့နေခဲ့ကြပြီး စိတ်ကြည်လင်သွားစေသည့် ရနံ့လေးများ ထုတ်လွှင့်ပေးနေခဲ့သည်။


ရှန်းလေ့က ပေါက်တူး၏ အရိုးကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း သူစိုက်ထားသည့် ပူစီနံပင်ကို ကြည့်လိုက်ပြီးနောက် လမ်းတစ်ဖက်ရှိ စုမိသားစု၏ ခြံဝင်းထဲတွင် စိုက်ထားသည့် ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူ အပင်ပေါက်များကို ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ စိုက်ထားသည်က ပို၍ စတိုင်ကျသည်ဟု တွေးမိသွားလေတော့သည်။


သူ မျက်ခုံးပင့်လိုက်မိသည်။ 

အဲ့ဒီဘက်မှာ ဘာလို့ တိတ်ဆိတ်နေပါလိမ့်... 


သာမန်အားဖြင့် ဤအချိန်လောက်တွင် နင်ရွှယ်တစ်ယောက် သူမ၏ စိုက်ခင်းလေးထဲ၌ တကုပ်ကုပ် အလုပ်ရှုပ်နေပေလိမ့်မည်။

"ဒီနှစ်ရက်ထဲ မင်းရဲ့ ဝမ်းကွဲကို မမြင်မိဘူး... ဘာဖြစ်လို့လဲ... သူ နေမကောင်း ဖြစ်နေတာလား... အိမ်ထဲကကို မထွက်တာလား…"


နင်ထန်လည်း မတွေးတတ်တော့ပေ။ သူမက နင်ရွှယ်ကို လုံးဝ စိတ်ထဲရှိသည် မဟုတ်ပေ။


တဝါက ရှန်းလေ့ လုပ်ပေးထားသည့် သကြားပန်ကိတ်ကို မျိုချလိုက်ပြီးနောက် လက်ကလေးကို မြှောက်ကာ ဆိုလိုက်သည်။

"သားသိတယ်…"


ရှန်းလေ့ ပြုံးလိုက်သည်။

"ဒါဆို ပြောပြလေ…"


"သားတို့ ပထမတန်းမှာ နှစ်ကုန်စာမေးပွဲကြီး ဖြေရတော့မှာလေ... အန်တီက စုကွမ်းကျုံးနဲ့ စုယောင်ကျူးတို့ကို စာကူလုပ်ပေးနေတာ... ဒါကြောင့် အန်တီနင်ရွှယ် အိမ်ပြင်သိပ်မထွက်တော့တာ…"

တဝါ ပြောလိုက်သည်။


ရှန်းလေ့ တစ်ခဏမျှ ပြန်စဥ်းစားလိုက်ရာ အမှန်ပင် ထိုကိစ္စကြောင့် ဖြစ်ကြောင်း နားလည်သွားလေသည်။ သူ တဝါကို တစ်ချက် ကြည့်ကာ ခေါင်းကို နှိမ့်ချလိုက်သည်။

"နှစ်ကုန်စာမေးပွဲလား... မင်းကျ ဘာလို့ သူတို့လို မကြိုးစားရတာလဲ…"


စာကြည့်ရသည်က ပျော်စရာ မကောင်းသဖြင့် တဝါ မျက်လုံးလှိမ့်ကာ အံ့သြတကြီး ပြောလာ၏။

"ဗိုက်ဆာလိုက်တာ... အခန်းထဲကို ပြန်ပြီး သကြားပန်ကိတ် နည်းနည်းလောက် သွားယူလိုက်ဦးမယ်…"


ရှန်းလေ့ လှောင်ရယ်လိုက်၏။

"သူက ပြဿနာကို ဆွဲဆောင်ပြီး အနီရောင်မီးပုံး ပြန်ယူလာမယ်ဆို... သူ့ကို သင်ခန်းစာ ပေးမှ ရတော့မယ်…" 


နင်ထန်က မေးလိုက်သည်။

"ဗိုလ်ကြီးရှန်း... ညစာ ဘာစားကြမှာလဲ…"


ရှန်းလေ့က ပေါက်တူးကို အိမ်ထဲသို့ ပြန်ထားလိုက်သည်။ 

"ကြက်ပေါင်အကြွပ်ကြော်နဲ့ ငွေမှင်ခေါက်ဆွဲကို ဘဲဟင်းရည်နဲ့ လုပ်ပေးမယ်…"


နင်ထန် အံ့သြသွားလေသည်။

"ဒီနေ့က ဘယ်လို အားလပ်ရက်မျိုးမို့ အသားဟင်းတွေ အများကြီး လုပ်ရတာလဲ…"


"အားလပ်ရက် မဟုတ်ဘူး... ကိုယ် စိတ်ကောင်းဝင်နေလို့…"

ရှန်းလေ့က ဤသို့ ပြန်ဖြေသော်လည်း တဝါကို ရန်စခဲ့သည့် အတွက် နင်ရွှယ်အား သွယ်ဝိုက်နည်းဖြင့် ပြန်ရန်စပေးခြင်းဖြစ်သည်။


နင်ထန်က အိမ်ထဲတွင် အော်ဟစ်နေလေသည်။

"တဝါ သကြား ပန်ကိတ်တွေ အများကြီး မစားနဲ့လေ... ဗိုက်ထဲလည်း နေရာချန်ဦး... နင့်အဖေက ငါတို့အတွက် ကြက်သားရော ဘဲသားရော ချက်ကျွေးမယ်တဲ့…"


ကြက်သားနဲ့ ဘဲသား ချက်ကျွေးမှာလား...


တဝါ၏ နားရွက်လေးများ ထောင်တက်လာ၏။ ထို့နောက် စားလက်စ သကြားပန်ကိတ်ကို ချကာ အိမ်ထဲသို့ ပြေးထွက်သွားလေသည်။

"တကယ်ပဲလား ဟို့မား... သားကို ဟို့မား စားဖို့အတွက် ပန်ကိတ်တွေ ကျန်အောင် လှည့်စားနေတာ မဟုတ်ဘူးမလား…"


နင်ထန် ထေ့ငေါ့လိုက်သည်။

"နင်က အယုံကြည် နည်းလိုက်တာ... ငါ့ကို မယုံရင် နင့်အဖေကို မေးကြည့်လေ…"


တဝါက ရှန်းလေ့အား ကြည့်လိုက်သောအခါ အဖေဖြစ်သူက ပြောလာ၏။

"အမှန်ပဲ... ကြည့်လေ ကြက်ပေါင်အကြွပ်ကြော်လေးပဲဟာ... ငါတို့အိမ်မှာလည်း စားလို့ရတယ်... မင်းတို့အတွက် ဘဲသားဟင်းရည်နဲ့ ငွေမှင်ခေါက်ဆွဲလည်း လုပ်ပေးဦးမှာ…"


တဝမ်၏ နှုတ်ခမ်းမှာ နားရွက်တက်ချိတ်မတတ်ပင်။

"အဖေက အရမ်းကောင်းတာပဲ…"


သူ တစ်ခဏမျှ တွေးလိုက်ပြီးတောက် ထပ်ဖြည့်ပြောလိုက်သည်။

"အဖေရင်းတစ်ယောက်အနေနဲ့ ဘေးအိမ်က မိထွေးထက် ပိုကောင်းတယ်…"


ငါ့ကို နင်ရွှယ်နဲ့ လာနှိုင်းနေတာလား... 

ရှန်းလေ့ နှုတ်ခမ်းတွန့်ကာ စိုက်ကြည့်လိုက်သည်။ 


ရှန်းလေ့ စိတ်ဆိုးတော့မည်ကို တွေ့လိုက်ရသည့် တဝါက အမြန် ပြောလိုက်သည်။

"အဖေ... သား မီးမွှေးပေးမယ်နော်…"


ရှန်းလေ့ နှာမှုတ်လိုက်သည်။

"အပိုးကျိုးအောင်နေ…"


×××××


စားပွဲပေါ်တွင် ကြက်ပေါင်အကြွပ်ကြော်နှင့် ငွေမှင်ခေါက်ဆွဲဘဲသားဟင်းရည်တို့ကို တည်ခင်းထားသည်။ နင်ထန်က ခေါက်ဆွဲဖတ်အချို့ကို တူဖြင့် ယူ၍ ဆောစ့်ထဲသို့ နှစ်ကာ စားလိုက်သည်။ သူမက လက်မထောင်ကာ ပြောလိုက်လေသည်။

"ဗိုလ်ကြီးရှန်း... ရှင့်ရဲ့ ဟင်းချက်လက်ရာက အထင်ကြီးလောက်စရာပဲ…"


တဝါက ကြက်ပေါင်အကြွပ်ကြော်ကို တစ်ကိုက်ကိုက်လိုက်၏။ အရင်ဆုံး ကြွပ်ရွနေသည့် အရေခွံကို ဝါးမိပြီး နူးအိနေသည့် ကြက်သားက နောက်မှ တွဲပါလာသည်။ သူ မနေနိုင်ဘဲ ပြောမိသွားလေသည်။

"ဒါက ကြက်ပေါင်အကြွပ်ကြော်ရဲ့ အရသာပဲကိုး... အရသာ ရှိလိုက်တာ…"


အားနူလည်း ပြောလာသည်။

"သမီးကတော့ သကြားပန်ကိတ်က အရသာ ပိုရှိတယ် ထင်တယ်…"

သူမက သကြားပန်ကိတ်ကို ပိုသဘောကျပေသည်။

"နင်ရော ဘယ်လိုထင်လဲ စန်းဝါ…"


စန်းဝါသည်လည်း သကြားပန်ကိတ်ကို ပိုနှစ်သက်သဖြင့် အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။


ရှန်းလေ့ ရယ်မောလိုက်သည်။

"ကြိုက်ရင် နောက်ကျ ထပ်လုပ်ပေးမယ်နော်... သကြား ပန်ကိတ်လေးပဲဟာ... အားအများကြီး ကုန်တာ မဟုတ်တော့…"


တဝါက ဘေးပတ်လည်ကို ကြည့်လိုက်၏။

"အဖေ... သားလည်း ကြက်ပေါင်ကြော်ကို ကြိုက်တယ်…"


ရှန်းလေ့က ခပ်ညစ်ညစ် ပြုံးကာ ပြောလိုက်သည်။ 

"တဝါ... ထပ်ပြောလိုက်စမ်း…"


တဝါက မျက်ရည်မထွက်ဘဲ ငိုချမိတော့မတတ်ပင်။ 

"သား...သား... သကြားပန်ကိတ်ကို ကြိုက်တယ်…"


×××××


နင်ရွှယ်က အိမ်ထဲတွင် နေကာ စုယောင်ကျူးနှင့် စုကွမ်းကျုံးတို့ကို စာပြပေးနေခဲ့သည်။ 


သူမက အထက်တန်းအောင်မြင်ထားသဖြင့် ပထမတန်းကလေးနှစ်ယောက်ကို စာပြရန် လုံလောက်သည်ထက်ပင် ပိုသေးသည်။


စုကွမ်းကျုံးက စားပွဲပေါ်ကို မှီထားရင်း လက်သေးသေးလေးက ခဲတံကိုကိုင်၍ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

"အနံ့လေးက ကောင်းလိုက်တာ... ကြက်ပေါင်ကြော် အနံ့လေးပဲ…"


ငြိမ်ငြိမ်မနေနိုင်သည့် စုယောင်ကျူးက ဖင်လေးကို လိမ်ကာ ချွဲနွဲ့၍ ပြောလာသည်။

"အမေ..."


နင်ရွှယ်က သူတို့၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ 

"လိမ်လိမ်မာမာနဲ့ စားကြိုးစားနော်... ချက်ပေးမယ်…"


"ကြက်ပေါင်အကြွပ်ကြော် လုပ်ပေးမှာလား…"

စုယောင်ကျူးက မေးလိုက်သည်။ 


သေချာပေါက် ဘယ်ဟုတ်မလဲ... 


ယခင်တစ်ခေါက် နင်ထန် သံသယ ဖြစ်လာမည့်အရေးမှ ရှောင်ရှားရန် နင်ရွှယ်တစ်ယောက် ရက်ပေါင်းများစွာ ကြက်သားဟင်း ချက်ခဲ့ရသဖြင့် ပိုက်ဆံအတော်လေး ကုန်ကျသွားသည်။ သူမက စုကျွင်းယန်၏ ဝေဖန်မှုကိုလည်း မရှောင်လွဲနိုင်ခဲ့ဘဲ တစ်ခဏလောက် ခါးပတ်ကို ကြပ်ကာ ချွေတာနေရလေသည်။


"မဟုတ်ဘူး... နောက်တစ်ခေါက်မှ လုပ်ကျွေးမယ်လေနော်... ဒီနေ့တော့ ပင်လယ်စာလေးပဲ စားကြမယ်…"

နင်ရွှယ် ပြောလိုက်သည်။


စုယောင်ကျူး မျက်မှောင်ကြုတ်၍ ဆိုလိုက်သည်။

"မသိဘူး... ကြက်ပေါင်ကြော်ပဲ စားချင်တယ်…"


နင်ရွှယ်က အမြွှာနှစ်ယောက်အပေါ် လုံးဝ ဥဿုံ ချစ်မြတ်နိုးသည်။

"ကောင်းပြီ ကောင်းပြီ... နေ့လည် သားတို့အဖေ ပြန်လာရင် ကြက်ပေါင်ကြော် စားလို့ရမလား မေးကြည့်ကြတာပေါ့... ဟုတ်ပြီလား…"


စုယောင်ကျူး ကျေနပ်သွားပြီး ချိုသာစွာ ပြောလာ၏။ 

"အမေက အရမ်းကောင်းတာပဲ…"


စုကွမ်းကျုံးက ဖြည့်ပြောလာ၏။

"သားတို့အမေရင်းထက် ပိုကောင်းတယ်…"


အမြွှာလေးများက သူမကို အမေရင်းထက် ပိုကောင်းသည်ဟု ပြောကြသဖြင့် နင်ရွှယ်မှာ ပျားရည်တစ်ပုလင်းလောက် စားလိုက်ရသလို ခံစားလိုက်ရလေသည်။


"သားတို့ စာကောင်းကောင်းလုပ်ပြီး ဒီတစ်ကြိမ် ထိပ်ဆုံးအမှတ်ရအောင် လုပ်ရမယ်... သားတို့အဖေ ပျော်ရင် နေ့တိုင်း ကြက်ပေါင်အကြွပ်ကြော် လုပ်ပေးမယ်နော်…"

နင်ရွှယ် ပြောလိုက်သည်။


အမြွှာနှစ်ယောက်က စိတ်အားထက်သန်စွာဖြင့် လက်ခံလိုက်ကြသည်။

"ဟုတ်... သားတို့စာကောင်းကောင်းကြိုးစားပြီး ပထမနေရာ ရစေရမယ်…"


နင်ရွှယ် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။


အစားနှင့် ယှဥ်ပြိုင်ခြင်းမှာ ရေရှည်ဖြေရှင်းနည်း မဟုတ်မှန်း သူမလည်း နားလည်နေခဲ့သည်။


ကလေးနှစ်ယောက်ကို ထူးချွန်သူများအဖြစ် မြှင့်တင်ပေးခြင်းကသာ ပန်းတိုင်အစစ်အမှန်ဖြစ်ပြီး နင်ထန်လည်း မနာလို ဖြစ်လာစေရမည်ပင်။


ထိုအကြောင်း စဥ်းစားမိသည်နှင့် နင်ရွှယ် အမြွှာနှစ်ယောက်ကို မေးလိုက်သည်။

"အခုတလော တဝါနဲ့ ကစားကြသေးလား…"


စုကွမ်းကျုံး ခေါင်းယမ်း၍ ပြောလိုက်သည်။

"မဆော့ဖြစ်ဘူး…"


နင်ရွှယ် ပြောလိုက်သည်။

"နောက်ဆုံးစာမေးပွဲက ရောက်တော့မယ်... အမေ့ ဝမ်းကွဲညီမလည်း ကလေးတွေကို စာကူပြပေးရဲ့လား သိချင်မိတယ်…"


တဝါ၏ ဥာဏ်အရ စာမေးပွဲတွင် အမြွှာနှစ်ယောက်ကို အကြီးအကျယ် ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ ယင်းက နင်ထန်အား သေချာပေါက် ဒေါသပုန်ထစေမည် ဖြစ်သည်။


စုယောင်ကျုး ပြောလိုက်သည်။

"အင်း... အမေ မစိုးရိမ်ပါနဲ့... တဝါက အမြဲတမ်း အပြင်ထွက် ကစားနေပြီးတော့ အတန်းထဲမှာလည်း စာစိတ်မဝင်စားဘူး... ပြီးတော့ သူ့မိထွေးကလည်း သားနဲ့အစ်ကိုကို အမေ တိုက်တွန်းသလို စာလုပ်ဖို့ မတွန်းဘူး... သူ သေချာပေါက် သားတို့လောက် မရနိုင်လောက်ဘူး…"


နင်ရွှယ်သည်လည်း ထိုသို့ တွေးမိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"သားပြောတာ မှန်တယ်…"


ထို့နောက် ဆက်ပြီး စာပြနေခဲ့လေသည်။

"အင်း... ဒီမေးခွန်းကို ဒီလိုတွက်ရတာ…"


ဒီဇင်ဘာလကုန်တွင် ဟိုင်လန်ကျွန်းတစ်ခုလုံး ဆောင်းဝတ်များ ပြောင်းဝတ်ကြရပြီး တဝါသည်လည်း ပထမတန်း၏ နှစ်ကုန်စာမေးပွဲကို ဖြေဆိုရတော့မည်ပင်။


စာမေးပွဲ မနက်ပိုင်းတွင် ရှန်းလေ့က စောစောနိုးလာပြီး မနက်စာ ပြင်ဆင်ပေးသည်။


သူက တဝါ သူ့မနက်စာသူ စားနေသည်ကို ကြည့်နေပြီးနောက် သတိပေးလိုက်သေးသည်။

"စာမေးပွဲအတွက် ကောင်းကောင်းလေ့လာနော်...ဂရုမစိုက် မနေဘဲ အမှားတွေလည်း မလုပ်မိစေနဲ့... စာရွက် မအပ်ခင် အနည်းဆုံး နှစ်ကြိမ်လောက် ပြန်စစ်…"


ပြောပြီးနောက် သူ ထပ်ပြောလိုက်သေးသည်။

"ညနေပိုင်း ပြန်လာရင် စားကောင်းတာတွေ လုပ်ပေးထားမယ်…"


တဝါ တံတွေးမျိုချလိုက်ပြီးနောက် မေးလိုက်သည်။

"ဘာစားကောင်းတဲ့ဟာလဲ…"


"ကောင်းကောင်းလုပ်ခဲ့ရင် ပွဲတော်ကြီး တည်ရမယ်... မလုပ်နိုင်ခဲ့ရင် မျှစ်ကြော်ပဲရမယ်…"

နင်ထန် ကြားဖြတ်ပြောလိုက်၏။ 


"မျှစ်ကြော်" ဟူသည့် စကားလုံးကို ကြားလိုက်ရချိန်တွင် တဝါ ချက်ချင်း လန့်သွားပြီး လက်ယမ်းပြလိုက်သည်။

"ဒါဆိုသွားပြီ…"


သူ ပြောကာ ချက်ချင်း ထွက်ပြေးသွားလေတော့သည်။ 



🏝️🏝️🏝️