Chapter 38
Viewers 4k

🏝️ Chapter 38

မျက်နှာကောင်းရမည့်ကိစ္စ



ရှန်းလေ့က ထွက်သွားသော ပုံရိပ်လေးကို ကြည့်ကာ ခံစားချက်များစွာ ရောယှက်နေခဲ့လေသည်။


နင်ထန် ပဟေဠိ ဖြစ်သွားသည်။

"စာမေးပွဲလေးတစ်ခုပါပဲ…"


သူမ ဆက်ပြောလိုက်၏။

"ပထမတန်း နှစ်ကုန်စာမေးပွဲလေးပဲကို... ဘာတွေ စိတ်လှုပ်ရှားနေရတာလဲ…"


ရှန်းလေ့ ပြန်ဖြေလိုက်သည်။

"မင်း နားမလည်ပါဘူး... ဒါက မျက်နှာကောင်း ရမရ ကိစ္စကွ…"


"မျက်နှာကောင်း ရမရ ကိစ္စက ဘာလဲ…"

နင်ထန် မေးလိုက်၏။

"သူ ကောင်းကောင်း ဖြေနိုင်နိုင် မဖြေနိုင်နိုင်… တဝါရဲ့ ကိစ္စပဲလေ... မျက်နှာပျက်ရရင် သူ့မျက်မှာ ပျက်ရမှာပေါ့... ရှင်နဲ့ ဘာဆိုင်လို့လဲ…"


ရှန်းလေ့ သူမကို ကြည့်ကာ ပြောလိုက်သည်။

"မင်း နားမလည်ပါဘူးကွာ... တဝါသာ အနီရောင် မီးပုံးနှစ်ခု [သုည] ဆွဲပြီး ပြန်လာရင် ကိုယ် စစ်တပ်ထဲ သွားတဲ့အခါ လူတွေက ဒီလိုဝိုင်းမေးကြလိမ့်မယ်... 'ဟေး ဗိုလ်ကြီးရှန်း ခင်ဗျားသား တဝါက ဒီနှစ် ပထမတန်းလို့ ကြားတယ်... စာမေးပွဲရော ဖြေနိုင်လား'... အဲ့ကျကိုယ်က ဘယ်လို ပြောရမှာလဲ... သူ ကျတယ်လို့ ပြောရမှာလား... ကိုယ့်မျက်နှာ ဘယ်မှာ ထားရတော့မှာလဲ…" 


သူတစ်ခဏမျှ ရပ်သွားပြီးနောက် ဆက်ပြောလိုက်သည်။ 

"ကိုယ်က တပ်ရင်းက ဗိုလ်ကြီး ဖြစ်ပြီး ကိုယ့်အောက်က လူတွေက တွဲဖက်ဗိုလ်ကြီးတွေနဲ့ တပ်စုခေါင်းဆောင်တွေပဲ... ကိုယ့်လက်အောက်က စစ်သားတွေရဲ့ သားသမီးတွေက တဝါထက် စာမေးပွဲမှာ ပိုတော်နေရင် လုံးဝ အရှက်ကွဲတော့မှာပဲ... လူတွေက ပြောကြလိမ့်မယ်... 'သြော်... ဒုဗိုလ်ကြီးတွေနဲဲ့ တပ်စုခေါင်းဆောင်တွေရဲ့ သားသမီးတွေက အမှတ် 80 90ရနေတဲ့ အချိန်မှာ တဝါက ဘာလို့ ဒီလောက်ပဲ ရတာလဲ' လို့ပေါ့…" 


နင်ထန် ရယ်လိုက်သည်။ ရှန်းလေ့တွင်လည်း ထိုကဲ့သို့သော ဘက်ခြမ်းတစ်ခု ရှိနေမည်ဟု ထင်မထားခဲ့ပေ။ သူမ ခြေဖျားထောက်ကာ ရှန်းလေ့၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ... ရှင် အိမ်မှာနေပြီး တဝါ အမှတ်ပြည့်ရဖို့ ဆုတောင်းနေပေါ့…"


×××××


နောက်တစ်နေ့တွင် နင်ထန်က အစ်မလော၏ အိမ်သို့ သွားလည်ခဲ့သည်။

"အစ်မ... အရင်တစ်ခေါက်က မုန်လာဥချဥ်လေးက အရမ်း စားကောင်းတာပဲ... ဘယ်လိုလုပ်လဲ သင်ပေးလို့ ရမလားဟင်…" 


အစ်မလော၏ မျက်လုံးများက တည့်တည့်ကိုသာ ကြည့်နေပြီး ဘယ်လက်တွင် ရှူးဖိနပ်ကို ကိုင်ထားရင်း ညာလက်တွင် အပ်ကိုင်ထားသည်။ သူမကိုယ်သူမ ထိုးမိသွားသဖြင့် "အွတ်" ဟု ငြီးတွားလိုက်လေသည်။ 


နင်ထန်က သူမရှေ့တွင် လက်ယမ်းပြလိုက်သည်။

"အစ်မလော…" 


ထိုမှသာ အစ်မလော အသိပြန်ဝင်သွားလေသည်။ 

"တောင်းပန်ပါတယ်ကွယ်... အစ်မ အတွေးနစ်သွားလို့... ခုနက ဘာပြောလိုက်တာလဲ…" 


"အစ်မရဲ့ မုန်လာဥချဥ်က အရမ်းစားကောင်းလို့ လုပ်နည်းသင်ပေးပါလားလို့ ပြောလိုက်တာ…"

နင်ထန် ပြောလိုက်လေသည်။ 


အစ်မလော ပြောလိုက်၏။

"သြော်သြော်သြော် ရတာပေါ့ကွယ်... အရမ်း ရိုးရှင်းတယ်... မုန်လာဥဖြူကို အမျှင်လေးတွေ ဒါမှမဟုတ် အတုံးလေးတွေ တုံးပြီး ရေတွေ စင်သွားဖို့ ဆားဖြူးပေးရတယ်... ပြီးရင် သကြားနှစ်ဇွန်း၊ ငရုတ်သီးမှုန့်၊ အဖြူရောင်ဗင်နီဂါ ပန်းကန်တစ်ဝက်လောက်၊ ရေအေးနှစ်ခွက်လောက် ထည့်မယ်... နှစ်ရက်လောက် နှပ်ထားလိုက်ရင် စားလို့ရပြီ…". 


နင်ထန် ခေါင်းညိတ်ကာ ချက်နည်းကို ချရေး၍ မှတ်ထားလိုက်သည်။

"ရပြီ... စကားမစပ် အစ်မ ခုနက ဘာတွေ စဥ်းစားနေတာလဲ... ဒီလောက် အတွေးတွေ နက်နေတာလဲ…"" 


အစ်မလော က အပ်စူးထားသည့် လက်ချောင်းကို ညှစ်ထုတ်နေခဲ့သည်။

"ချင်ချင်က ဟိုတလောကမှ စာမေးပွဲ ဖြေထားတာလေ... အစ်မလည်း စာမေးပွဲအကြောင်း တွေးမိနေတာ... နောက်ထပ် အထက်တန်းပြီးတော့မှာပေမယ့် ဘာဆက်လုပ်ရမလဲ မသိဘူး ဖြစ်နေတယ်…" 


နင်ထန် ပြန်စဥ်းစားကြည့်လိုက်ရာ ယခုနှစ်က ၁၉၇၆ ဖြစ်၍ ၁၉၇၇တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်ကျင်းပမည် ဖြစ်သည်။ ကျောက်ချင်က ၁၇နှစ်သာ ရှိသေးသဖြင့် နှစ်နှစ်ထပ်ပြီး စာလေ့လာလျှင်ပင် နောက်မကျသေးပေ။ 


နင်ထန် ပြောလိုက်သည်။

"စာတွေ ပိုပိုင်နိုင်အောင် နောက်တစ်နှစ် ထပ်ပြီး စာလေ့လာခိုင်းပါလား... ကောလဟာလတွေကို စိတ်ပူစရာ မလိုပါဘူး... နောက်နှစ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ ပြန်စလောက်တယ်... သူ အောင်သွားရင် ကောလိပ်ကျောင်းသူတစ်ယောက် ဖြစ်လာမယ်လေ…" 


အစ်မလော က နှိမ့်ချသည့်ပုံစံဖြင့် လက်ခါပြလိုက်သည်။ 

"ကိုယ့်ကလေးကို ကိုယ်သိတာပေါ့... အဲ့ဒီကောင်မလေးက အမြဲတမ်း အတန်းထဲမှာ နောက်ဆုံးပဲ... ဒီနှစ် တရုတ်နှစ်သစ်ကူးမှာဆို အနီရောင်မီးပုံးနှစ််ခု ထပ်ပြီး ပြန်ယူလာလောက်တယ်... နောက်ထပ် စာတစ်နှစ် ထပ်လေ့လာဖို့ထား... ဆယ်နှစ်လေ့လာရင်တောင် အတူတူပဲနေမှာ…" 


သူမ သက်ပြင်းချလိုက်သည်။

"လောင်ကျောက်ကတော့ အကြံပေးပါတယ်... မိန်းကလေးတစ်ယောက်အတွက် အတန်းပညာက အရေးမကြီးဘူးတဲ့... အထက်တန်းအောက်ရင် ကျန်းမြို့က အထည်အလိပ်စက်ရုံမှာ သူ့အဆက်အသွယ်တွေနဲ့ အလုပ်ရှာပေးမယ်လို့ ပြောတယ်…" 


နင်ထန် ပြန်ဖြေလိုက်သည်။

"ဒါလည်း မဆိုးပါဘူး... စက်ရုံမှာ ပုံမှန်အလုပ်သမား ဖြစ်တာက တည်ငြိမ်တဲ့ အလုပ်ပဲ... တစ်နှစ်ကို လစာကောင်းကောင်းလည်း ရမယ်…" 


တစ်ခဏမျှ စကားပြောပြီးနောက် နင်ထန်တစ်ယောက် အစ်မလော အခြားနေရာကို စိတ်ရောက်နေကြောင်း သတိပြုမိသဖြင့် အိမ်ကိုသာ ပြန်လာခဲ့သည်။ 


သူမ အိမ်ပြန်ရောက်သောအခါ ခြောက်နာရီ ထိုးလုနီးပါး ဖြစ်နေပြီး ရှန်းလေ့က ပြန်မလာသေးပေ။ 


နှစ်ကုန်ခါနီးဖြစ်၍ တာဝန်များစွာ ရှိနေရာ အမြဲလိုလို အလုပ်များနေပြီး အိမ်ကိုလည်း နောက်ကျမှ ပြန်လာတတ်သည်။ 


နင်ထန်က ယင်းကို စိတ်မကွက်ဘဲ ကလေးသုံးယောက်ကို မေးလိုက်သည်။

"ဘာစားချင်ကြလဲ…" 


တဝါက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလာခဲ့သည်။

"သား အသား စားချင်တယ်…" 


နင်ထန် ရယ်မောကာ ပြောလိုက်သည်။

"ပူပူချဥ်ချဥ် ဂေါ်ဖီဟော့ပေါ့ဆို ဘယ်လိုလဲ... အောက်ခံရည်အဖြစ် ဂေါ်ဖီချဥ်ကို သုံးပြီး အမဲသား၊ သိုးသား၊ ငါးအသားလုံးကို ငါးဟင်းရည်ထဲ ထည့်ချက်လိုက်မယ်…" 


အားနူက နားထောင်နေပြီး ကြားရလေလေ သွားရည်ပိုကျလာလေလေပင်။ ကလေး သုံးယောက်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်ကြသည်။

"အဲ့ဒါ စားကြမယ်…" 


ပူပူချဥ်ချဥ် ဟော့ပေါ့ အသင့်ဖြစ်သောအခါ အစိမ်းရောင်ဖျော့ဖျော့ ဟင်းရည်အပေါ်ယံတွင် ငါးအသားလုံးများ ပေါလောပေါလျက် အနီရောင် အသားလွှာများ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေခဲ့သည်။ ၎င်းက စားမြိန်မည့်ပုံ ပေါ်နေခဲ့သည်။ 


အစားအသောက်များ ကျက်မည်ကို စောင့်နေရင်း တဝါ မေးလိုက်သည်။

"ဟို့မား... အဖေ ဒီည ပြန်မလာရင်လည်း ဒီလောက်ကောင်းတဲ့ ဟင်းကို စားလို့ ရပါဦးမလား…" 


သူတို့ အမေရင်း အသက်ရှိနေစဥ်အခါက သူတို့အဖေ အိမ်တွင် မရှိလျှင် ထိုကဲ့သို့သော ဟင်းကောင်းမျိုးကို စားရလေ့ မရှိပေ။ အများဆုံး အသီးအရွက်ချဥ်ကို ပေါက်စီများဖြင့် စားရရုံသာ။ 


ငါးနှင့် အသားများ ကျွေးတတ်သည့် နင်ထန်နှင့်မတူပေ။ 


နင်ထန် ပြောလိုက်သည်။

"ဒါပေါ့... ဗိုလ်ကြီးရှန်းက စားချင်စိတ်များတယ်... သူအိမ်မှာစားရင် ငါတို့အတွက် ဘာကိုမှ ချန်ပေးမှာ မဟုတ်ဘူး... ဒါကြောင့် သူ အိမ်မှာ မရှိတုန်း ငါတို့ဘာသာ အရသာ ရှိတာလေးတွေ ပိုပြီး စားပေးရမယ်…" 


နင်ထန်က ဂေါ်ဖီချဥ်ဟင်းရည်တစ်ခွက် ထည့်လိုက်ပြီးနောက် ဟင်းရည်ထဲသို့ ငါးအသားလုံးအချို့ကို ထည့်လိုက်သည်။ ထို့နောက် စန်းဝါထံ ကမ်းပေးကာ ပြောလိုက်သည်။ 

"မစားခင် အေးအောင် မှုတ်သောက်နော်…" 


စန်းဝါ ခေါင်းည်ိတ်ပြလိုက်ပြီး ပန်းကန်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ မှုတ်သောက်လိုက်သည်။ 


ကလေးကြီးနှစ်ယောက်က နင်ထန် လိုက်ကြည့်ပေးရန် မလိုအပ်ပေ။ သူတို့ကိုယ်တိုင် အိုးထဲမှ ခပ်စားနိုင်ပေသည်။ 


ကလေးသုံးယောက် တပျော်တပါး စားသောက်နေသည်ကို ကြည့်ကာ နင်ထန်လည်း သူမအတွက် နည်းနည်းလောက် ပိုစားလိုက်ပြီး ပန်းကန်တစ်ဝက် ကုန်လုနီးပါး ဖြစ်သွားသည်။ 


ရှန်းလေ့က ညကိုးနာရီတွင် ပြန်လာခဲ့သည်။ 


သူရောက်သည်နှင့် တအံ့တသြ ပြောလာလေသည်။ 

"စားစရာ ရှိလား... ကိုယ်ဗိုက်ဆာနေပြီ…" 


နင်ထန် သူ့ကို ကြည့်ကာ ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ... စစ်တပ်ကန်တင်းမှာ ဝအောင် မစားခဲ့ရလို့လား…" 


ရှန်းလေ့ သူ့လက်ကို ယမ်းပြကာ ပြောလိုက်သည်။ 

"အစည်းအဝေးပြီးတော့ ညစာ စားထားတာတွေအားလုံး ချေဖျက်လိုက်ပြီလေ…"


နင်ထန် မီးဖိုချောင်ထဲသို့ သွားကာ သူ့အတွက် ခေါက်ဆွဲတစ်ပန်းကန် ပြင်ဆင်ပေးလိုက်သည်။ ဟင်းရည်က ဟော့ပေါ့စားရာမှ ကျန်ခဲ့သည့် ဂေါ်ဖီချဥ် ဟင်းရည်မှ ပြုလုပ်ထားခြင်း ဖြစ်သည်။ ဖြူဖွေး ပါးလျသည့် ခေါက်ဆွဲဖတ်များကို ငါးအသားလုံးအချို့တင်ကာ ပြင်ဆင်ပေးလိုက်ပြီး ကြက်သွန်မြိတ်အချို့နှင့် ကြက်ဥပြုတ်ကိုတင်ကာ နှမ်းဆီ ဆမ်းပေးလိုက်သည်။ 


ရှန်းလေ့က စိတ်မကွက်ဘဲ ပန်းကန်ကို ကောက်ယူလိုက်သည်။ သူက ခေါက်ဆွဲများကို မြန်မြန် လက်စသတ်ကာ ပါးစပ်သုတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"ချက်ကောင်းထိသွားတာပဲ…" 


သူက ဘေးနားမှ တဝါကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"အခုတလော အလုပ်များနေလို့ မေးဖို့ အချိန်မရခဲ့ဘူး... သား စာမေးပွဲအခြေအနေ ဘယ်လိုလဲ…" 


မကြာသေးမီက ကျွန်းပေါ်မှကျောင်းများက နှစ်ကုန်စာမေးပွဲများ တဖြည်းဖြည်း ဖြေဆိုခဲဲ့ကြသည်။ လူတိုင်းက သူတို့၏ ကလေးများ ဖြေနိုင်မဖြေနိုင်ကို မေးမြန်းကြကာ ရှန်းလေ့သည်လည်း ထိုမေးခွန်းများမှ မလွတ်မြောက်နိုင်ခဲ့ပေ။ 


တဝါ နှုတ်ခမ်းစူ၍ ပြောလိုက်သည်။

"အဖေ ဗိုက်ဝတာနဲ့ သားကို လာရှာတော့တာပဲနော်... စာမေးပွဲမှာ ဘယ်လောက် ရမလဲဆိုတာ သားက ဘယ်လိုသိမှာလဲ... နှစ်ရက်အတွင်း ကျောင်းသွားပြီး အဆင့်မှတ်တမ်း သွားယူရမှာ…"


နင်ထန်သည်လည်း ရယ်မိသွားပြီး ရှန်းလေ့၏ ပုခုံးကို ပုတ်ကာ ရယ်အားသန်လျက် ပြေလိုက်သည်။

"အာ... ဗိုလ်ကြီးရှန်းက သူ့သားကို အမြဲတမ်း မြင့်မြင့် မှန်းထားတာပဲ…" 


ရှန်းလေ့ သူမကို ကြည့်ကာ ပြောလိုက်သည်။

"မင်းလည်း မင်း,သားကို မြင့်မြင့် မှန်းထားရမယ်... ငါတို့ တဝါ အနီရောင်မီးပုံးနှစ်ခုနဲ့ ပြန်လာရင် ဘယ်လို လုပ်မလဲ... တစ်ယောက်ယောက် မေးလာရင် ဘယ်လိုမျက်နှာပြကြမလဲ…" 


"ဘာလို့ ကျွန်မက မျက်နှာမပြရဲဘဲ နေမှာလဲ…"

နင်ထန်က သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ကျွန်မက မိထွေးပဲလေ... သူ စာမေးပွဲမှာ အမှတ်ကောင်းကောင်း ရရ မရရ ကျွန်မနဲ့ မဆိုင်ဘူး... လူတွေက ဒီလိုပဲ ပြောကြလိမ့်မယ်... 'အိုး ဗိုလ်ကြီးရှန်း အရင်အိမ်ထောင်နဲ့ ရတဲ့ ကလေး ဘယ်လောက်ညံ့လဲ ကြည့်စမ်းပါဦး... ဘာလို့ အမှတ် ဒီလောက် နည်းနေရတာလဲ'…" 


သူမ ထပ်ပြောလိုက်သည်။

"ပြီးတော့ ဒီစာမေးပွဲက ကျွန်မအတွက် မဟုတ်ဘူး... သူ ကောင်းကောင်းဆိုးဆိုး သူ့ရဲ့ တာဝန်ယူမှုပဲ... သူဒါကို အလေးအနက် မထားဘဲ ကောင်းကောင်း မလေ့လာဘဲ မီးပုံးနီတွေနဲ့ ပြန်လာရင် သူလည်း ဝေဖန်မှုတွေနဲ့ ထိုက်တန်တယ်... အဲ့ဒီလိုပဲ... သူ အမှတ်ပြည့်ရရင် မနာလို ခံရပြီး ချီးကျုး ခံရမှာပဲ... ဗိုလ်ကြီးရှန်း အမှန်တရားကလေ တဝါရဲ့ စာမေးပွဲက ရှင်နဲ့ လုံးဝ မဆိုင်ဘူး ဆိုတာပဲ…" 


ရှန်းလေ့ နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"မင်းက အမြဲတမ်း ချက်ကျလက်ကျ ပြောတတ်တာပဲ…" 


သူက တဝါကို ကြည့်ကာ ပြောလိုက်သည်။

"မင်း စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ရင် အဖေ ဂုဏ်ယူရမယ်... တရုတ်နှစ်သစ်ကူးကျရင် စာအိတ်နီကို နှစ်ဆ ထည့်ပေးလိုက်မယ်…" 


ထိုစကားကို ကြားသောအခါ တဝါတစ်ယောက် စာမေးပွဲခန်းကို ပြန်သွားကာ အဖြေစာရွက်ကို သုံးကြိမ်လောက် ပြန်ပြင်ချင်မိသွားသည်။ 


×××××


တရုတ်နှစ်သစ်ကူး နီးကပ်လာသဖြင့် နင်ရွှယ်တစ်ယောက် အိမ်တွင်နေကာ စုကျွင်းယန်၊ စုကွမ်းကျုံးနှင့် စုယောင်ကျူးတို့အတွက် နှစ်သစ်အဝတ်အစားများ ချုပ်လုပ်ပေးနေခဲ့သည်။ 


အဝတ်အစားများမှာ တိမ်ဖြူများပုံစံ ချည်ထိုးထားသည့် အနီရောင် ပိတ်စဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး လှပ၍ စတိုင်ကျပုံပေါ်နေသည်။ 


နင်ရွှယ်က ချုပ်ပြီးထားသော အဝတ်အစားများကို မြှောက်ကြည့်ရင်း စိတ်ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ 


လီယွင်က ထူးခြားလှပသော အဝတ်အထည်ကို ကြည့်ကာ မနာလိုမှုဖြင့် အံ့သြတကြီး ဆိုလိုက်သည်။

"ရှင်က အရမ်း တော်တာပဲ... ရှင်ချည်ထိုးထားတာ တကယ့်ကို အသက်ဝင်နေတာ…" 


နင်ရွှယ် နှုတ်ခမ်းလေးကို တွန့်ကွေးကာ ပြောလိုက်သည်။ 

"ရှင်က ကြင်နာလွန်းနေပါပြီ... ရှင် ပန်းထိုးထားတာလည်း လှပါတယ်…" 


လီယွင်က သူမလက်ထဲမှ ချုပ်ထားသော အထည်များကို ကြည့်ကာ မကျေမနပ် နှုတ်ခမ်းစူလိုက်ပြီးနောက် ပြောလိုက်သည်။

"ရှင်က ကျွန်မကို နှစ်သိမ့်နေတာပဲ... ကြည့်လေ... ကျွန်မက ချုပ်ရိုးတွေတောင် ညီအောင် မချုပ်နိုင်ဘူး... အိမ်ကို ဒီအဝတ်တွေသာ ပြန်ယူသွားရင် အငယ်ဆုံးကလေးတော့ သေချာပေါက် ဂျီကျနေတော့မှာ…" 


နင်ရွှယ် သူမကို နှစ်သိမ့်ပေးပြီးနောက် ပြောလိုက်သည်။ 

"အဆင်ပြေပါတယ်... နောက်မှ ကျွန်မ ချုပ်ကူပေးမယ်နော်…" 


လိီယွင်က ကောက်ကျစ်စွာ မျက်လုံးလှိမ့်လိုက်သည်။ 

"ကောင်းပြီလေ... သဘောတူထားပြီးသားနော်... စကားမစပ်လေ အငယ်ဆုံးကလေးက ရှင် အရင်တစ်ခေါက် အမြွှာတွေကို ပန်းထိုးပေးတဲ့ ကျားပုံလေးကို သဘောကျနေတာ... သူ့အတွက်ရော ထိုးပေးလို့ ရမလား…" 


သူမက လက်ဟန်ပြကာ ဆက်ပြောလိုက်သည်။

"နည်းနည်း ပိုကြီးပေးရမယ်... လက်နှစ်ဖက်စာ အရွယ်အစားဆို အကောင်းဆုံးပေါ့... သေးလွန်းရင်လည်း ကလေးက ဂျီကျဦးမှာ…" 


ကျားခေါင်းပုံလား...


နင်ရွှယ် အမှတ်ရသွားသည်။ အမြွှာနှစ်ယောက်၏ ဘောင်းဘီတွင် အပေါက်ကလေး ရှိနေသည်ကို တွေ့လိုက်ရသဖြင့် တွဲချုပ်လျှင် ကြည့်မကောင်းလောက်ဟု တွေးမိသွားသည်။ ထို့ကြောင့် သူမက ဖန်တီးမှုရှိရှိဖြင့် အသက်ဝင်နေသည့် ကျားကလေးပုံစံ ပန်းထိုးပေးလိုက်ရာ အမြွှာလေးများ အလွန် ပျော်ရွှင်သွားကြလေသည်။ 


လီယွင်၏သား လျိုရှောင်းလျိုက အမြွှာလေးများနှင့် အတန်းတူသည်။ သူတို့ ကျောင်းတွင် ဝတ်သွားစဥ်က လျိုရှောင်းလျို တွေ့သွားပြီး သူလည်း လိုချင်သဖြင့် လီယွင်ကို မရပ်မနား တောင်းဆိုခဲ့ခြင်းပင်။ 


နင်ရွှယ် တုံ့ဆိုင်းသွားပြီး ချက်ချင်း သဘောမတူခဲ့ပေ။ အကြောင်းမှာ ကျားခေါင်းပုံကို ပန်းထိုးခြင်းက များစွာ အားစိုက်ထုတ်ရခြင်းကြောင့်ပင်။ 


ချည်ကြိုးကို အနီ၊ အဖြူ၊ အပြာ၊ အဝါနှင့် အနက်ဟူ၍ အရောင်ကွဲငါးမျိုး လိုအပ်သည်။ ထို့အပြင် မက်မွန်အနီ၊ ဂျုံစိမ်း၊ ခရမ်းရောင်၊ ငွေချည်နှင့် တန်ဆာဆင်ရန်အတွက် အရောင်ထည့်ထားသည့် ပိုးချည်များ လိုအပ်သည်။ သူမ ပြီးပြည့်စုံစွာ ချုပ်လုပ်နိုင်ရန် တစ်ပတ်လုံး အားထုတ်ကြိုးပမ်းခဲ့ရသည်။ 


ထို့အပြင် ကျားခေါင်းကလည်း လက်သီးအရွယ်အစား ဖြစ်သော်ငြား ဤတစ်ကြိမ် လိီယွင်က လက်ဖဝါးနှစ်ဖက်စာ ကျားခေါင်းကို တောင်းဆိုလာခဲ့သည်။ ဤတာဝန်ကို ယူလိုက်ပါက နောက်ထပ် ရက်သတ္တပတ် အနည်းငယ်ထိ အိပ်ရတော့မည် မဟုတ်ပေ။ 


လိီယွင်က သူမ တုံ့ဆိုင်းနေသည်ကို ကြည့်ကာ သက်ပြင်းချဟန်ဆောင်ရင်း ပြောလိုက်သည်။

"အင်း... ဟုတ်ပါပြီ... ရှင် မလုပ်ချင်လည်း ထားလိုက်ပါတော့... ကျွန်မတို့က သူငယ်ချင်းကောင်းတွေလို့ ထင်ခဲ့ပေမယ့် ကြည့်ရတာ ကျွန်မ အများကြီး မျှော်လင့်မိသွားတယ်ထင်တယ်…" 


ထိုစကားကို ကြားသောအခါ နင်ရွှယ် အံကြိတ်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ... ကျွန်မ ချုပ်ပေးမယ်... လကုန်ရင် ရှင့်ကလေးရဲ့အင်္ကျီ အသင့်ဖြစ်စေရမယ်…" 


လိီယွင်က စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်ပြံး သူမ၏လက်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ အခြားတစ်ဖက်ဖြင့် အဝတ်များကို ထည့်ပေးလိုက်သည်။

"ကူညီပေးလို့ ကျေးဇူးပါနော်…" 


လီယွင်ထွက်သွားသည်နှင့် နင်ရွှယ်တစ်ယောက် လျိုရှောင်းလျို၏ အဝတ်အတွက် အချိန်ပိုအလုပ်ကြိုးစားရလေတော့သည်။ 


သူမက ချုပ်လုပ်နေရင်း အပြင်ဘက်ကို စိတ်လွတ်လွတ်သွားတတ်သည်။ အကြောင်းမှာ ယနေ့က စုအမြွှာတို့ စာမေးပွဲရလဒ်များ ယူလာပေးမည့်နေ့ ဖြစ်သောကြောင့်ပင်။ 


လွန်ခဲ့သည့်နှစ်ရက်တွင် နင်ရွှယ်မှာ ကောင်းကောင်း မအိပ်နိုင်ခဲ့ပေ။ ယခုတွင် ချုပ်ရိုးတစ်ကြောင်းလျှင် သုံးခါမျှ အပြင်သို့ ကြည့်မိနေ၏။ 


၄ နာရီခွဲတွင် စုကွမ်းကျုံးနှင့် စုယောင်ကျူးတို့၏ ရယ်သံကျယ်ကျယ်ကို အိမ်အပြင်ဘက်မှ ကြားလိုက်ရ၏။ 


နင်ရွှယ်၏မျက်လုံးများ ဝင်းလက်သွားလေသည်။ သူမက လက်ထဲမှ အလုပ်ကို ပစ်ချကာ ကလေးများကို ကြိုဆိုလိုက်သည်။ 

"ကွမ်းကျုံး၊ ယောင်ကျူး ပြန်လာကြပြီလား…" 


စုယောင်ကျုးက လွယ်ထားသည့် လွယ်အိတ်ကို ခပ်တင်းတင်းဆွဲကာ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

"အမေ သားတို့ ပြန်လာပြီ…" 


နင်ရွှယ်က တုံ့ဆိုင်းမနေဘဲ မေးလိုက်သည်။

"ဘယ်လိုလဲ.... ဒီတစ်ခေါက် စာမေးပွဲမှာ အမှတ်ဘယ်လောက် ရကြလဲ…" 


စုကွမ်းကျုံးနှင့် စုယောင်ကျုးက အချင်းချင်း ကြည့်လိုက်ကြပြီး မျက်နှာထက်တွင် အပြုံးများ ဝေဆာသွားလေသည်။ သူတို့က တစ်ညီတည်း ပြောလာကြသည်။

"သားတို့နှစ်ယောက်လုံး စာမေးပွဲမှာ အမှတ်ပြည့်ရတယ်... တစ်ခန်းလုံးမှာ အဆင့်တစ်ပဲသိလား…" 


"ဘယ်လောက်…"

နင်ရွှယ်မှာ သတင်းကောင်းကြောင့် မေ့လဲလုနီးပါးပင်။ 


စုယောင်ကျူးက အနားကပ်လာပြီး နင်ရွှယ်၏ လက်မောင်းကို ဆွဲလှုပ်လိုက်သည်။

"သားရောအစ်ကိုရော တရုတ်စာနဲ့ သင်္ချာမှာ အမှတ်ပြည့်ရတယ်... အမေ အရသာရှိတဲ့ ဟင်းတွေချက်ပြီး ဆုချရမယ်နော်…" 


စုကွမ်းကျုံးက သူ့ညီထက်ပို၍ ထိန်းထိန်းသိမ်းသိမ်း ရှိသော်လည်း သူလည်း ပြောလာ၏။

"သားနဲ့ ညီလေးပဲ အတန်းထဲမှာ အမှတ်ပြည့်ရတာ.. ဆရာမက ဥာဏ်ကောင်းလို့ဆိုပြီး သားတို့ကို ချီးကျုးသေးတယ်…" 


"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်…"

နင်ရွှယ် ထပ်ကာထပ်ကာ ပြောလိုက်သည်။

"သားတို့ ဘာစားချင်လဲ ဘာလေးတွေနဲ့ ကစားချင်လဲ အမေ့ကိုပြော... အားလုံး ဝယ်ပေးမယ်…" 


"ယေးး"

စုယောင်ကျူးနှင့် စုကွမ်းကျုံးတို့ နှစ်ယောက်လုံး ဝမ်းသာအားရ ဖြစ်သွားကြလေသည်။ 


"ခဏလေး နေပါဦး... အတန်းထဲမှာ သားတို့ပဲ အမှတ်ပြည့်ရတာလား…"

နင်ရွှယ်၏ မျက်လုံးထဲတွင် ဆန်းကြယ်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ 


စုကွမ်းကျုံးက ခေါင်းလေးကို စောင်း၍ မေးလိုက်သည်။ 

"ဟုတ်တယ်လေ အမေ... ဘာဖြစ်လို့လဲဟင်…" 


နင်ရွှယ် အပျော်လွန်သွားသည်။

"သားတို့ညီအစ်ကိုက တဝါနဲ့ တစ်ခန်းတည်းမို့လား... သားတို့နှစ်ယောက်ပဲ အမှတ်ပြည့်ရတာ ဆိုရင် တဝါက အမှတ်ပိုနည်းမှာ ပေါ့နော်…" 


စုယောင်ကျုးက နှုတ်ခမ်းလေးကို ကွေးလိုက်၏။

"ရှန်းတဝါက သားတို့ထက် နည်းရုံတင်မကဘူး... ဒီတစ်ခေါက်မှာ..." 


နင်ရွှယ်က ကြားရလေလေ ပို၍ ပျော်ရွှင်ရလေလေပင်။ သူမက ပေါင်ကို ရိုက်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။ "ကောင်းတယ် ကောင်းတယ် ဒီတစ်ခေါက်တော့ ရှန်းမိသားစု ပြုတ်ကျသွားမှာ လောင်းရဲတယ်…"



🏝️🏝️🏝️


နေရာတကာ လိုက်ပြိုင်နေတော့တာပဲ🥹