Chapter 36
Viewers 4k

🏝️ Chapter 36



ထိုအကြောင်းကို တွေးရင်း နင်ရွှယ်တစ်ယောက် ရှန်းအိမ်မှ ထွက်လာမည့် အသံဗလံများကို အားတက်သရော နားစွင့်နေခဲ့လေသည်။ 


တဝါ ပြန်ရောက်လာသည့်အချိန်တွင် အစားအသောက်များ အသင့်ဖြစ်နေလေပြီ။ 


ရှန်းလေ့က သူ့ကို ကြည့်၍ မေးလိုက်၏။

"ညစာစားတော့မှာကို ဘယ်တွေ လျှောက်သွားနေတာလဲ…" 


တဝါက မျက်လုံးလေး ကလယ်ကလယ် လုပ်ကာ ပြန်ဖြေလိုက်လေသည်။

"စုကွမ်းကျုံးနဲ့ စုယောင်ကျူးက သူတို့အိမ်မှာ ကစားဖို့ခေါ်လို့…" 


"ဘာတွေ ကစားခဲ့တာလဲ…"

ရှန်းလေ့က ငါးအရိုးနွှင်ရင်း သာမန်ကာလျှံကာ မေးလိုက်သည်။ 


"ဘာမှ မကစားခဲ့ရဘူး... သူတို့က သားကို အန်တီရွှယ် လုပ်ထားတဲ့ ကြက်ပေါင်အကြွပ် ပြလာတာ…"

တဝါ၏ အသံက ကြွပ်ဆတ်ဆတ် ဖြစ်နေပြီး တံတွေးမျိုချလိုက်သည်။

"အရမ်းမွှေးတာပဲ…" 


ရှန်းလေ့က သူ့အပြုအမူများကို တစ်ချက်မှ မလွတ်စေခဲ့ပေ။ သူ လှောင်ရယ်လိုက်၏။

"အနံ့မွှေးတာလား ဟမ်... ဒါဆို အနံ့ပိုရှူပြီးတော့ သူတို့အနံ့နဲ့ အိမ်က အစားအသောက်တွေ စားလိုက်လေ…" 


ရှန်းလေ့ မတုန်မလှုပ် ဖြစ်နေသည်ကို မြင်နေရသည့် တဝါက မျက်လုံးလေးများ တဖျတ်ဖျတ် ခတ်ကာ တန်း၍ ပြောလိုက်သည်။

"အဖေ... သားလည်း ကြက်ပေါင် ကြွပ်ကြွပ်လေး စားချင်တယ်…" 


ရှန်းလေ့ ရယ်လိုက်၏။

"မင်းကမှ ကြက်ပေါင်ကြွပ်ကြော်နဲ့ တူနေသလားလို့…" 


တဝါက ပါးလေးကို အုပ်ကြည့်လိုက်သည်။

သားက သေချာပေါက် ကြက်ပေါင်ကြွပ်ကြော်နဲ့ မတူဘူးလို့…


ထို့နောက် နင်ထန်ဘက်သို့ ဘက်ပြောင်း တိုက်ခိုက်လာ၏။ " ဟို့မား... သားအတွက် ကြက်ပေါင်ကြွပ်ကြွပ်ကြော် လုပ်ပေးလို့မရဘူးလား…" 


နင်ထန် ပြန်မဖြေဘဲ ပြုံးသာပြုံးပြလိုက်သည်။ 


တဝါက မျက်လုံးလေးကို တောင်ပို့မြောက်ပို့ လုပ်လိုက်ပြီးမှ ပြောလာသည်။

"စုယောင်ကျုးက သူတို့အမေက ကြက်ပေါင်ကြွပ်ကြွပ်ကြော် လုပ်ပေးတယ်လို့ ပြောတော့ သားလည်း စားချင်တယ်လို့ ပြောလိုက်တာလေ... သူတို့က အိမ်ပြန်ပြီး မိထွေးကို လုပ်ခိုင်းလိုက်လို့ ပြောလွှတ်လိုက်တာ…" 


သူက တမင်တကာပင် မျက်နှာလေး ငယ်ထားရင်း ပြောလိုက်၏။

"သူတို့ကို အရမ်း မနာလိုတာပဲ.. သူတို့အမေက သူတို့စားဖို့ ကြက်ပေါင်ကြော် ဘယ်လိုလုပ်ရမလဲ သိတယ်... သားကျ မစားရဘူး…" 


နင်ထန် နှုတ်ခမ်းတွန့်၍ ပြောလိုက်သည်။

"ငါလည်း သူတို့ကို မနာလို  ဖြစ်တယ်... နင်ကြီးလာရင် ငါ့ကို ကြပ်ပေါင်ကြွပ်ကြွပ်ကြော် ဝယ်ကျွေးဦးနော်…" 


တဝါ စိတ်ပြောင်းသွားပြီး စိတ်ကောက်ရန် လုပ်တော့သည်။ သူ မြေပေါ်တွင် ထိုင်ချကာ အော်ဟစ်လိုက်လေသည်။

"သားဂရုမစိုက်ဘူး... ကြက်ပေါင်ကြော် စားချင်တယ်လို့... ဟို့မား သားအတွက် လုပ်ပေးရမယ်…" 


နင်ထန်က မတုန်မလှုပ် ရှိနေဆဲဖြစ်ကာ သူ စိတ်ကောက်နေသည်ကို ကြည့်နေရင်း စားလက်စကိုသာ ဆက်စားနေခဲ့သည်။ ရံဖန်ရံခါ ဟင်းအချို့ကို ခပ်ကာ စန်းဝါနှင့် အားနူတို့၏ ပန်းကန်ထဲသို့ ထည့်ပေးတတ်သေးသည်။

"များများစား... ဒီနေ့ ခုံးကောင်တွေက အရမ်းလတ်ဆတ်တာ... မြန်မြန် အကုန်စားပြီး နင်တို့အစ်ကိုအတွက် ချန်မထားကြရအောင်... သူ့ဘာသာသူ ပြဿနာ ရှာပါစေ... ဆက်လုပ်နေရင် ဗိုက်ဆာလာမှာပဲ…" 


တဝါက တစ်ခဏမျှ ငိုချင်ယောင်ဆောင်လိုက်သော်လည်း နင်ထန်က သူ့အား လျစ်လျူရှုထားသည့်အပြင် သူလုပ်နေသမျှကိုလည်း ရယ်ချင်နေပုံရသည်ကို တွေ့လိုက်ရလေသည်။


သူ နည်းလမ်းပြောင်းကာ သက်ပြင်းချလိုက်ပြီးနောက် ပြောလိုက်၏။

"နှစ်ယောက်လုံးက မိထွေးတွေ ဖြစ်ရဲ့သားနဲ့.. ဘာလို့ ဒီလောက်ကွဲပြားနေရတာလဲ... စုယောင်ကျူးနဲ့ စုကွမ်းကျုံးတို့ မိထွေးက သူတို့ကို အရမ်းချစ်တာ... သူက သူတို့ကို အမျိုးမျိုး ချက်ကျွေးတယ်... ဟိုတလောက သူတို့မိထွေးက သူတို့အတွက် ပေါက်စီပေါင်းကျွေးဖို့ စျေးကြီးတဲ့ ပေါင်းအိုးတစ်လုံး ဝယ်ခဲ့သေးတယ်လို့ သားကို ပြောသေးတယ်... သူတို့ဆီက ထွက်လာတဲ့ ပေါက်စီနံ့လေးက မွှေးပြီး နူးညံ့နေတာ အရသာလည်း ရှိတယ်... အဲဒီပေါင်းအိုးက ငွေအများကြီး ကုန်ကျလို့ သူတို့မှာ နောက်ထပ် ငွေတောင် သိပ်မကျန်တော့ဘူးတဲ့…" 


သူက အံ့သြတကြီး ပြောလိုက်သေးသည်။

"အိုး... သားမှာသာ ကြက်ပေါင်အကြွပ်ကြော် လုပ်ပေးဖို့ စျေးကြီးတဲ့ ပေါင်းအိုး ဝယ်ပေးမဲ့ မိထွေးတစ်ယောက်သာ ရှိခဲ့ရင်…"


သူက အားနူနှင့် စန်းဝါကိုပါ မျက်စပစ်ပြလိုက်သည်။ 

"မင်းတို့ရော အဲ့ဒီလို မထင်ဘူးလား…" 


နင်ထန် ရယ်လိုက်သည်။

"ငါထင်တာတော့ ဒလိမ့်တုံးက စျေးကြီးတဲ့ ပေါင်းအိုးထက် ပိုစျေးပေါမယ်ထင်တယ်... ပြီးတော့ နေရာအများကြီးမှာ သုံးလို့ရတယ်... နင့်ရဲ့ အိမ်စာတွေမှာရော ကူညီပေးနိုင်လောက်တယ်…" 


ရှန်းလေ့ အစာနင်လုနီးပါးပင်။ 


နင်ထန် သူ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။

"ကျွန်မ မှားလို့လား…" 


ရှန်းလေ့ ပြောလိုက်သည်။

"မင်း ပြောတာ မှန်တယ်…"

သူ တဝါကို ကြည့်လိုက်သည်။

"တဝါ အခုတလော လိမ်လိမ်မာမာ မနေဘူးလို့ ကိုယ်ထင်တာပဲ... အိမ်မှာ ဒလိမ့်တုံးတစ်ခု ဝယ်ထားသင့်နေပြီ…" 


တဝါက ချက်ချင်းဆိုသလို တုန်ယင်သွားပြီး ဖင်လေးကို ကာထားလိုက်သည်။ 


ရှန်းလေ့ ပြောလိုက်သည်။

"ရှန်းတဝါ... မင်း ဟင်းမချက်တတ်ဘူးဆိုရင် အစားရွေးဖို့ အခွင့်အရေး မရှိဘူး... မင်းက မင်းရဲ့ဟို့မားကို ကြက်ပေါင်ကြော် လုပ်ခိုင်းရင် သူက မင်းအတွက် လုပ်ပေးရမယ်ပေါ့... ဟုတ်လား…" 


"ဟင်းတစ်ခွက်ချက်ဖို့ ဘယ်လောက် ဒုက္ခများလဲ ဆိုတာ သိလို့လား... ကြက်ပေါင်ကိုပဲ ဥပမာထားရအောင်... ကြက်သားဝယ်ပြီး ကိုင်ရမယ်... ပြီးရင် အတွင်း ကလီစာတွေ ဆေးရမယ်... ထင်းခုတ်ပြီး မီးမွှေးရမယ်... ဟင်းချက်တဲ့အခါလည်း အပူချိန်ကို မျက်စိဒေါက်ထောက် ကြည့်ဖို့ လိုသေးတယ်... အားအများကြီး ကုန်တယ်ကွ…"


သူ တဝါကို မေးလိုက်သည်။

"ငါ မင်းကို ကြက်သားဝယ်ပေးမယ်... မင်းဘာသာမင်း ကြက်ပေါင်အကြွပ်ကြော် လုပ်စား... မင်းကြိုက်သလောက် စားလို့ရတယ်…" 


တဝါက ခေါင်းညိတ်ကာ လက်ခံလိုက်ချင်ပါသော်လည်း ကြက်ပေါင်တစ်ချောင်းလုံးကို အကြွပ်ကြော်လုပ်ရန် မည်မျှ ဒုက္ခများကြောင်း တွေးလိုက်မိသောအခါ တုံ့ဆိုင်းသွားလေသည်။ 


ရှန်းလေ့ လှောင်ရယ်လိုက်သည်။

"ကိုယ်တိုင်ကျ မလုပ်ချင်ဘဲနဲ့ မင်းဟို့မားကိုကျ လုပ်ခိုင်းချင်နေတယ်... ရှန်းတဝါ မင်းတကယ့်ကို..." 


နင်ထန် ပြောလိုက်သည်။

"ဒီလုပ်ငန်းစဥ်တစ်ခုလုံး နင့်ဘာသာ ပြီးအောင် လုပ်နိုင်ရင် ဗိုလ်ကြီးရှန်းကို နေ့တိုင်း နင့်အတွက် ကြက်ပေါင်အကြွပ်ကြော် လုပ်ခိုင်းမှာ…"


ရှန်းလေ့ ပြောစရာ မဲ့သွားလေသည်။ 

ငါ့ကို တဝါကို ကူညီခိုင်းတာ ဘာသဘောလဲ... နင်ထန် ဘာသာ လုပ်လိုက်လို့ မရဘူးလား... 


သို့သော်ငြား နင်ထန် ဆူမည်စိုးသဖြင့် ထုတ်မပြောရဲပေ။ 


တဝါက နောက်ထပ် အထွန့်တက်ချင်နေသေးသော်လည်း နင်ထန်က အကြည့်တစ်ချက်သာ ထုတ်လွှင့်လိုက်သည်။ 

"ဗိုလ်ကြီးရှန်းရေ... သူနဲ့ အချိန်ဖြုန်းမနေနဲ့တော့... မနက်ဖြန် အလုပ်က အိမ်ပြန်လာရင်သာ ဒလိမ့်တုံး ဝယ်လာခဲ့တော့…" 


တဝါက ထိုင်ခုံမှ အမြန် ထထိုင်ကာ ပါးစပ်ထဲသို့ ထမင်းများ ပစ်ထည့်လိုက်လေတော့သည်။ စားနေရင်းလည်း တမင်တကာဖြင့် အသံမြှင့်၍ ပြောလိုက်သေးသည်။ 

"အိုး... ဒီနေ့ဟင်းတွေက အရမ်း ကောင်းတာပဲ... ကြက်ပေါင်ကြော် လုံးဝကို မစားချင်တာ…" 


နင်ထန် လှောင်ရယ်လိုက်သည်။

"နင်တော့ အလိုလိုက်ခံရတာ များနေပြီ ထင်တယ်…" 


ထိုအခိုက်တွင် နင်ရွှယ်တစ်ယောက် ခြံဝင်းထဲက အမှောင်ရိပ်တွင် ရပ်ကာ နားစွင့်နေရင်း ရှန်းမိသားစုမှ အသံဗလံများကို နားထောင်နေခဲ့သည်။ 


ရုတ်တရက်ဆိုသလို ရှန်းမိသားစုမှ တဝါ၏ ငိုသံကို ကြားလိုက်ရလေသည်။ ယင်းက တိတ်ဆိတ်နေသည့် လမ်းကြားလေးကိုပင် စူးရှစွာ ထိုးဖောက်သွားခဲ့သည်။ နင်ရွှယ် အပျော်လွန်သွားပြီး မနေနိုင်ဘဲ လည်ဆန့်ကာ ပြတင်းပေါက်၏ ရောင်ပြန်ဟပ်မှုမှတစ်ဆင့် နင်ထန် တဝါကိုညဆူပူနေမည့် အရိပ်အယောင်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ 


သို့သော်လည်း ထိုငိုသံပြီးနောက် ရှန်းမိသားစုက တိတ်ဆိတ်သွားပြန်လေသည်။ 


နင်ရွှယ် ခြေဖော့ကာ ဒေါသထွက်ထွက်ဖြင့် ရှန်းမိသားစုထံ ခြေနှစ်လှမ်းမျှ တိုးကပ်မိသွားလေသည်။ 


"အိုး…"

အချိန်နောက်ကျမှ အလုပ်က ပြန်လာသည့် စုကျွင်းယန်မှာ တိုက်မိသွားသည့် ရင်ဘတ်ကို ပွတ်ကာ မျက်ခုံးကြုံ့မိသွားသည်။

"ဒီလောက် ညနက်နေတာကို မင်းက ဒီမှာ ဘာလုပ်နေတာလဲ…"


နင်ရွှယ်သည်လည်း လန့်သွားသည်။ 

ရှန်းမိသားစုက အခြေအနေကို ကြည့်ချင်ပါတယ်လို့ ဘယ်လိုလုပ်ပြီး ပြောလို့ရမှာလဲ... 


ထို့ကြောင့် သူမ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... အဲ့ဒါ… ရာသီဥတုလေးကောင်းလို့ လမ်းခဏလျှောက်နေတာ…" 


"ရာသီဥတုကောင်းတာလား…"

စုကျွင်းယန် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ တိမ်မဲများက တလွင့်လွင့်ဖြစ်နေပြီး မိုးခြိန်းသံအချို့ပါ အဆစ်ပါနေခဲ့သေးသည်။ 


သူက နင်ရွှယ်ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။ 

သူ ဘာလို့ အခုတလော ထူးဆန်းနေရတာလဲ... 


×××××


ညဆယ့်တစ်နာရီအချိန်တွင် နင်ထန်နှင့် ရှန်းလေ့တို့ အိပ်ရာထဲတွင် လှဲလျောင်းနေခဲ့ကြသည်။ 


ရှန်းလေ့ လှည့်လိုက်သောအခါ အိပ်ရာက အသံမြည်သွားလေသည်။ 


နင်ထန် မျက်လုံးပွင့်လာ၏။

"ဗိုလ်ကြီးရှန်း အိပ်မပျော်ဘူးလား…" 


ရှန်းလေ့ ငြီးတွားလိုက်သည်။

"ကိုယ်အိပ်မပျော်ဘူး... မင်းသိလား... တဝါက ရုတ်တရက်ကြီး ကြက်ပေါင်စားချင်လို့ ပြဿနာ ရှာလာတာလေ…" 


တဝါက အစားကြီးသော်ငြား ထိုအခြေအနေအထိ သွားလိမ့်မည်မဟုတ်ပေ။ 


"ကျွန်မလည်း မစဥ်းစားတတ်တော့ဘူး... တစ်ယောက်ယောက် သူ့ကို သွေးထိုးလိုက်သလိုပဲ…"

နင်ထန် ပြောလိုက်သည်။ 


ရှန်းလေ့ မေးလိုက်သည်။

"ဘယ်သူက သူ့ကို သွေးထိုးတာလဲ…စုမိသားစုက အမြွှာနှစ်ယောက်လား…" 


"ညစာစားတုန်းက တဝါပြောတဲ့စကားကို စဥ်းစားကြည့်လိုက်လေ... 'စုကွမ်းကျုံးနဲ့ စုယောင်ကျူးတို့က နင်ရွှယ် ချက်ပေးတဲ့ ကြက်ပေါင်ကို ပြတယ်' ဆိုတာကိုလေ ပြီးတော့ 'အိမ်ပြန်ပြီး ကျွန်မကို ကြက်ပေါင်ကြော် လုပ်ကျွေးခိုင်းလိုက်' ဆိုတာရောပဲ... အမြွှာတွေက ဒီလိုအကြံမျိုး စဥ်းစားတတ်ပါ့မလား... နင်ရွှယ်ရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ဖြစ်ရမယ်…"

နင်ထန် ရှင်းပြလိုက်သည်။ 


ရှန်းလေ့ မျက်မှောင်ကြုတ်လိုက်၏။

"အကြောင်းအရင်း မရှိဘဲ ဘာလို့ တဝါကို လာစရတာလဲ... ကလေးငိုအောင်လုပ်ပြီး သူ ဘာရမှာမို့လဲ…" 


နင်ထန် တွေးကြည့်လိုက်၏။ အကျိုးများစွာ ရှိသော်လည်း အသိသာဆုံးတစ်ခုမှာ အုတ်အော်သောင်းနင်းကိစ္စများကို ပျော်ပျော်ကြီး ကြည့်နေချင်၍သာ ဖြစ်နိုင်သည်။ သို့သော်ငြား ထိုအကြောင်းအရင်းက သမာရိုးကျ အမျိုးသားတစ်ယောက် ဖြစ်သည့် ရှန်းလေ့၏ သဘောပေါက်နားလည်မှုများထက် ကျော်လွန်နေခဲ့သည်။ 


သူမက ဟိုဘက်သို့ လှည့်သွားပြီး စောင်ကို ဆွဲယူလိုက်သည်။ 


မကြာမီ ရှန်းလေ့တစ်ယောက် ဟောက်သံခပ်တိုးတိုးကို ကြားလိုက်ရသည်။ 


ရှန်းလေ့: မင်းကတော့ နှလုံးသားကြီးမားလိုက်တာ... 


နောက်တစ်နေ့ စနေနေ့တွင် ရှန်းလေ့ ပိတ်ရက်ရသဖြင့် စောစောထကာ မနက်စာ ပြင်ဆင်လိုက်သည်။ 


အသီးအရွက် တစ်ခြင်းကို သယ်လာပြီး ခြံဝင်းထဲသို့ ဆင်းကာ ဆေးကြောလိုက်သည်။ ရေပိုက်ခေါင်းကို ဖွင့်ရန်ပြင်ခိုက် ဘေးမှ အသံတစ်သံကို ကြားလိုက်ရလေသည်။ 

"ဗိုလ်ကြီးရှန်း…" 


ရှန်းလေ့ ကြောင်သွားပြီး မော့ကြည့်လိုက်သည်။ သူ့ကို ခေါ်နေသူမှာ နင်ရွှယ်မှ လွဲ၍ အခြားသူ မရှိနိုင်တော့ပေ။

"ဘာများလဲ…" 


နင်ရွှယ်က နံရံနိမ့်နိမ့်လေး၏ ဘေးတွင် ရပ်နေပြီး အိမ်ထဲသို့ လှမ်းကြည့်လိုက်ရာ လှုပ်ရှားမှု မရှိကြောင်း တွေ့ရပါမှ ပြုံး၍ ပြောလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... မနေ့က တဝါ အိမ်ပြန်ရောက်တော့ ဂျီကျသေးလားလို့ မေးမလို့ပါ…" 


"ဘာကို ဂျီကျတာများလဲ…"

ရှန်းလေ့ သိလိုစိတ်များဖြင့် မေးလိုက်သည်။ 


နင်ရွှယ် ရှင်းပြလိုက်သည်။

"အင်း... ကွမ်းကျုံးနဲ့ ယောင်ကျူး ပြောတာ တဝါက သူတို့စားနေတဲ့ ကြက်ပေါင် စားချင်တယ်လို့ ပြောပေမယ့် ယောင်ကျူးက မပေးချင်လို့ တဝါကို အိမ်ပြန်ပြီး နင်ထန်ကို လုပ်ခိုင်းဖို့ ပြောခဲ့တယ်လို့ ကြားတယ်…" 


သူမ ဆက်ပြောလိုက်သည်။

"ကျွန်မလည်း ဝမ်းကွဲညီမရဲ့ ဟင်းချက်အရည်အချင်းကို သိပါတယ်... သူက ကြက်ပေါင်ကြွပ်ကြွပ်ကြော်ကို ဘယ်လိုလုပ်ရမလဲ သိမှာ မဟုတ်ဘူး... တဝါ သေချာပေါက် ဂျီကျသွားမှာပဲ…" 


သူမက ဟန်ဆောင်ပန်ဆောင်ဖြင့် သက်ပြင်းချလိုက်သည်။ 

"အဲ့ဒါက အဒေါ်တစ်ယောက်အနေနဲ့ ကျွန်မ အမှားလည်း ပါတယ်... အိမ်မှာသာ ကြက်ပေါင်အပို နောက်တစ်ချောင်း ရှိရင် သေချာပေါက် တဝါကို ကျွေးမှာပဲ... မနေ့က ကြက်တစ်ကောင်ပဲ ချက်ခဲ့ရလို့ စိတ်မကောင်း ဖြစ်နေတာ…" 


ရှန်းလေ့က ခပ်ရှက်ရှက် ပြုံးလိုက်သည်။

"တဝါ ကြက်သားစားချင်တာ ဘယ်လိုလုပ်ပြီး မင်းတို့မိသားစုငွေကို သုံးခိုင်းရမှာလဲ... ကြက်ပေါင်က စျေးမှမနည်းတာ... တကယ်က တဝါ အစားမက်လွန်းသွားတာကြောင့်ပါပဲ…" 


ရှန်းလေ့၏ စကားများကို ကြားလိုက်ရသည့် နင်ထန်မှာ နှုတ်ခမ်းမတွန့်ဘဲ မနေနိုင်တော့ပေ။

"အင်း... ရှင် အဲ့ဒီလို ပြောလို့ မရဘူးလေ... တဝါက ကလေးပဲ ရှိသေးတာ... ဘယ်ကလေးက အစားမမက်ဘဲ နေမှာလဲ…" 


ရှန်းလေ့ ခေါင်းညိတ်ပြလိုက်သည်။

"မင်းပြောတာ ဟုတ်တယ်... မနက်ဖြန် ကြက်သားဝယ်ပြီး တဝါအတွက် ကြက်ပေါင်ကို ကြွပ်ကြွပ်လေး ကြော်ပေးရမယ်... အာ... ကြက်ကို နှစ်ကောင် ဝယ်ရမှာပေါ့... အိမ်မှာက ကလေး သုံးယောက်တောင် ရှိတာဆိုတော့…"


သူမ ထပ်မပြောနိုင်ခင်မှာပင် ရှန်းလေ့ ဆက်ပြောလိုက်သည်

 "စကားမစပ်... မင်းလုပ်တဲ့ကြက်ပေါင်က မုန့်နှစ်ရည်ထဲ နှစ်ပြီးမှ ကျက်အောင် ကြော်တာမလား... နှစ်ရက်အတွင်း ဒါကို လုပ်စားကြည့်ရမယ်... အိုး နောက်ထပ် ဘဲသားဟင်းရည်အေးအေးလေး တစ်အိုးလောက် ထပ်ချက်ရမယ်ထင်တယ်... နင်ထန် ယူလာတဲ့ စွန်ပလွံသီးလေးတွေနဲ့ဆို စွပ်ပြုတ်ထဲ ထည့်ရင် အကောင်းဆုံးပဲ... နင်ထန်အတွက်လည်း အာဟာရ ရှိသွားအောင်လေ…"


နင်ရွှယ်က နှုတ်ခမ်းထောင့်များကို အတင်းဆွဲဆန့်ထားရလေသည်။

"ဟင်းဟင်း..." 


ဒါက ငါ ထင်ထားတာနဲ့ အပုံကြီး ကွာနေပြီလေ... 


နင်ထန် အိပ်ရာထဲမှ ထွက်လာသောအခါ ဘေးမှ နေရာလွတ်ကို သတိထားမိသွားသည်။ လှေကားမှ ဆင်းလာသောအခါ ရှန်းလေ့တစ်ယောက် မီးဖိုချောင်ထဲတွင် အလုပ်များနေသည်ကို တွေ့လိုက်ရလေသည်။ 


သူမက စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရှန်းလေ့၏ အလုပ်ကြိုးစားမှုအတွက် သုံးဆယ့်နှစ်ခါလောက် လက်မထောင်ပြလိုက်သည်။ 


ခြံဝင်းထဲတွင် ဆေးကြောပြီးသွားသောအခါ နင်ထန် အိမ်ထဲပြန်ဝင်လာပြီး တဝါကို ခေါ်လိုက်သည်။

"တဝါ... ခဏနေရင် အစ်မလောရဲ့ အိမ်ကို သွားရမယ်နော်…" 


တဝါက ခေါင်းလေးကို စောင်း၍ မေးလိုက်သည်။

"ဘာလို့ အန်တီလောရဲ့ အိမ်လဲ…" 


" မုန်လာဥချဉ်လေးတွေ ယူဖို့ပေါ့… အရင်တစ်ခေါက်က နင်တို့ ကူတူးပေးထားတဲ့ မုန်လာဥဖြူတွေ မှတ်မိတယ်မလား... အစ်မလောက အချဥ်သိပ်ထားတာ.... သူ မနေ့တုန်းက ပြောသွားတယ်... ဒီနေ့ လာယူဖို့…" 


တဝါက လက်ထဲမှ သစ်သားကားအရုပ်လေးကို ကြည့်လိုက်ပြီးနောက် မရွှေ့ချင်တော့ပေ။ သူက အငယ်လေးများကို တံတောင်ဖြင့်တွတ်ကာ လောဆော်လိုက်၏။ 

"ဟို့မားက နင့်ကို ခေါ်နေတာ သွားလေ…" 


အားနူ နှုတ်ခမ်းဆူ၍ စန်းဝါကို တံတောင်ဖြင့် တွတ်လိုက်သည်။

"စန်းဝါ... နင်သွားလေ…" 


စန်းဝါက လက်လေးကို ပိုက်ထားရင်း မျက်နှာလေးကို ကွယ်ထားလိုက်သည်။

"အစ်ကိုကြီးတို့နှစ်ယောက် မသွားရင် သားလည်း မသွားဘူး…" 


နင်ထန် ရယ်လိုက်၏။

"နင်တို့အားလုံး ငပျင်းလေးတွေချည်းပဲ... ကောင်းပြီလေ... ငါဒီနေ့ စိတ်ကောင်းဝင်နေမှတော့ နင်တို့ ကလေးပေါက်လေးတွေကို မဆူတော့ဘူး... ငါ့ဘာသာ သွားတော့မယ်…" 


×××××


အစ်မလော၏ အိမ်သို့ရောက်သောအခါ နင်ထန် ပြောလိုက်၏။

"အစ်မရေ... ကျွန်မ မုန်လာဥချဥ်လေး လာယူတာ…" 


အစ်မလောက ခြံဝင်းထဲတွင် အလုပ်များနေသဖြင့် သမီးဖြစ်သူ ကျောက်ချင်ကိုသာ လှမ်းခိုင်းလိုက်လေသည်။ 

"ချင်ချင်ရေ... ရှောင်နင်ကို မုန်လာဥချဥ် ပုလင်းလေးတွေ ယူပေးလိုက်ပါဦး... မီးဖိုချောင်ထဲမှာ ထားထားတယ်…" 


ကျောက်ချင်က မက်မွန်စေ့ပုံစံ မျက်လုံးများနှင့် ခပ်ဝိုင်းဝိုင်း ပန်းသီးပုံစံမျက်နှာ ရှိပြီး လွန်စွာ နာခံတတ်ပုံပေါ်သည်။ သို့သော်ငြား မသင့်တော်သည့် အမူအရာတစ်ခုက သူမ၏ နာခံတတ်သော မျက်နှာထက်တွင် ပေါ်လာလေသည်။

"မသွားဘူး…" 


အစ်မလော ပေါက်တူးကို ချထားလိုက်သည်။

"ဟဲ့... နင်…" 


ကျောက်ချင် နှုတ်ခမ်းဆူလိုက်သည်။

"သမီး မသွားဘူးလို့ ပြောနေတယ်လေ... မအားပါဘူးဆို…" 


ပြောပြီးနောက် ခြေဆောင့်ကာ လှေကားပေါ်သို့ ပြေးတက်သွားရင်း နှုတ်မှလည်း တတွတ်တွတ် ရွတ်သွားသေးသည်။ 

"ဂုဏ်သိက္ခာရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ သူများမိထွေးလုပ်ပြီး မျက်နှာအပျက်ခံရတယ်လို့…" 


အစ်မလော မျက်လုံးပြူးသွားလေသည်။

"နင်... ခေါင်းမာလိုက်တဲ့ ကောင်မလေး…" 


သူမက နင်ထန်ကို တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် ရှောင်နင်ရယ်…" 


နင်ထန် လက်ယမ်းပြလိုက်သည်။

"ရပါတယ်… ကျွန်မ စိတ်ထဲ မထားပါဘူး…" 


ကျောက်ချင်က ဆယ့်ခုနစ်နှစ်သာ ရှိနေပြီး အတွေးများက မကြာခဏဆိုသလို ဖြူလိုက်မဲလိုက် ဖြစ်နေတတ်သည်။ သူမက ကလေးမယူချင်သည့် နင်ထန်၏ ဆန္ဒကို နားမလည်သဖြင့် ရင့်ရင့်သီးသီး ပြောလာခြင်း ဖြစ်သည်။ နင်ထန် နားလည်ပေးနိုင်သည်။ 


တဲ့တိုးပြောတတ်ပြီး ခြုံပုတ် မရိုက်တတ်သည့် လူများက မျက်နှာထက်တွင် ပြုံးပြနေပြီး နောက်ကျောမှ ဓါးနှင့် ထိုးတတ်သူများထက် ပို၍ ရိုးသားကာ တိုက်ရိုက်ဆန်ပေသည်။



🏝️🏝️🏝️