Chapter 35
Viewers 4k

🏝️ Chapter 35

 á€›á€˝á€ąá€¸á€á€ťá€šá€şá€™á€žá€Żá€™á€ťá€Źá€¸ 



နင်ထန်က တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

"စည်းမျဥ်းက အတူတူချည်းပါပဲ... အရင်ဆုံး နင့်ကိုယ်နင် ရပ်တည်ရမယ်... အရင်အတွေ့အကြုံတွေအရဆို ဗိုလ်ကြီးချီက အားကိုးလို့ရတဲ့သူ မဟုတ်ဘူး... သူရတဲ့ ငွေကို သူ့မွေးရပ်မြေဆီကိုပဲ ဖြည့်ပေးနေလိမ့်မယ်... ဒါကြောင့် နင်က အလုပ်တစ်ခု ရှာပြီး ကိုယ့်ဘာသာ ငွေရှာဖို့ လိုတယ်... နင့်လက်ထဲမှာ ငွေရှိပြီး စိတ်အေးရရင် နင့်ငွေကို မိသားစု လိုအပ်သမျှအရာရာတိုင်း ဝယ်လို့ရမယ်... နင်က ဗိုလ်ကြီးချီဆီမှာ မှီခိုပြီး သူ့ကို ငွေတောင်းစရာ မလိုတော့ဘူး... နောက်ဆို သူ ခေါင်းမာရဲမလား ကြည့်ရသေးတာပေါ့…" 


အစ်မလောက သူမ၏ ပေါင်ကို ရိုက်ကာ အားရပါးရပြောလာ၏။

"အတိအကျပဲ... ရှောင်နင်ရဲ့ အကြံကို လုပ်ကြည့်ကြရအောင်... ဗိုလ်ကြီးချီက သူ့မိန်းမ ရှာထားတဲ့ငွေကို သူ့မိသားစုအတွက် သုံးရဲမယ်လို့ မထင်ဘူး... ဒီလိုဆို အရှက်မရှိသလို ဖြစ်သွားမှာပဲ…" 


ကျန်ရှင်းလန်က နင်ထန်ပြောသမျှ စကားလုံးတိုင်းကို စာရွက်နှင့် ဘောပင် ယူ၍ ချရေးထားချင်စိတ် ပေါက်မိသွားသည်။

"ပြီးတော့ရော... ဘာလုပ်ရမလဲ" 


"ပြီးရင် နင်က 'ဆင်းရဲမွဲတေမှုကတ်'ကို အသုံးချရမယ်... အိမ်စရိတ်က နင့်လစာအပေါ်မှာပဲ လုံးဝ မှီခိုထားလို့ မရဘူးလေ... ဗိုလ်ကြီးချီက အနည်းဆုံး တစ်ဝက်တော့ စိုက်ရမယ်... မဟုတ်ရင် နင်တို့တွေ ခွဲပြီးနေထိုင်ကြမှာနဲ့ အဆုံးသတ်သွားလိမ့်မယ်…"

နင်ထန် ရှင်းပြလိုက်သည်။ 


ကျန်ရှင်းလန် ရှုပ်ထွေးသွား၏။

"ဆင်းရဲမွဲတေမှုကတ် ဆိုတာ ဘာလဲ…" 


နင်ထန် ရှင်းပြလိုက်၏။

"အင်း... ဆိုလိုတာက နင့်ဘက်ကနေ ဗိုလ်ကြီးချီကို နင်ရင်ဆိုင်ရသမျှ အခက်အခဲတွေ တဖြည်းဖြည်း ရှင်းပြဖို့ လိုတယ်ပြောတာ... နင်နဲ့ နင့်သား ဘယ်လောက် ခက်ခဲတယ်ဆိုတာကို သူ နားလည်သွားပါစေ... ဥပမာ ပန်းကန်အကွဲကိစ္စနဲ့ သူက စစ်တပ်ကန်တင်းမှာ စားနေရချိန်မှာ နင်တို့က ပင်လယ်ကမ်းခြေက အလကားကောက်လာတဲ့ ပင်လယ်စာတွေအပေါ် မှီခိုနေရတဲ့အကြောင်းကိုပဲ... အစပိုင်းမှာ နားမဝင်ရင်တောင် တစ်နှစ်ပြီးတစ်နှစ် တစ်လပြီးတစ်လ အဆက်မပြတ် ပြောပြနေ... သူသာ အသိစိတ်နည်းနည်းလောက် ရှိတဲ့ ယောကျ်ားတစ်ယောက်ဆိုရင် သက်ရောက်မှု မရှိမှာ ပူစရာ မလိုတော့ဘူး…" 


ကျန်ရှင်းလန် ရှက်ရွံ့သွားသည်။

"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်...ရှောင်နင်... ငါ့လစာကို သူ့ကို မပေးဘဲ အိမ်အတွက် ပစ္စည်းတွေ ဝယ်တာက ဟုတ်တယ်... အိမ်ထဲက ပစ္စည်းတွေကို သူများတွေဆီ ပေးပစ်မှာ ကြောက်ရတယ်... ဒီလိုဆို သူ့မိဘတွေအတွက် ဖြည့်ဆည်းပေးနေရသလို ဖြစ်မသွားဘူးလား…" 


အစ်မလော ပြောလိုက်သည်။

"ရှင်းလန်ပြောတာ မှန်တယ်... နှစ်ယောက်လုံးရဲ့ လုပ်စာနဲ့ ဖြည့်ဆည်းပေးနေရသလို ဖြစ်သွားမှာပေါ့.. ဒီလိုဆို..." 


"ဒါကြောင့် နင့်ရဲ့ငွေနဲ့ နင်ပိုင်တဲ့ ပစ္စည်းတွေကို ထိန်းသိမ်းထားရမယ်လို့ ပြောတာပေါ့... လိုအပ်ရင် ရန်ဖြစ်စကားများပြီး လူသိအောင် လုပ်လို့ရတယ်... ဥပမာ ပန်းကန်လုံးကိစ္စကိုကြည့်... နင့်ငွေနဲ့ ပန်းကန်အသစ်ဝယ်ပြီးရင် ဗိုလ်ကြီးချီက သူ့မိဘတွေဆီ ပေးလိုက်တယ်လို့ ထားပါတော့... နင်က အဲ့ဒီပန်းကန်လုံးကို အပြင်းအထန် ကာကွယ်ပြီး တဟူအတွက် နင့်လုပ်စာနဲ့ ဝယ်ခဲ့တယ်လို့ ပြောရမယ်... သူ ယူဖို့ကြိုးစားရင် နင်လည်း ပြန်ရန်ဖြစ်ရမယ်…" 

နင်ထန် အကြံပေးလိုက်သည်။ 


"ဗိုလ်ကြီးချီက ဂုဏ်သတင်းကို အလေးထားတော့ အိမ်နီးချင်းတွေကို နင်တို့ စကားများတဲ့ကိစ္စကို သိခွင့်ပေးမှာ မဟုတ်ဘူး... တစ်ခါ ကာကွယ်နိုင်ရင် ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်တွေ ရှိလာမှာပဲ…"

နင်ထန် ဆက်ပြောလိုက်သည်။ 


သူတို့က မိသားစုအစစ်မဟုတ်သဖြင့် မိသားစုကြား လိုက်လျောညီထွေမှုလည်း ရှိမည် မဟုတ်ပေ။ ဗိုလ်ကြီးချီက ဂုဏ်သတင်းကို တန်ဖိုးထားပြီး ကျန်ရှင်းလန်ကလည်း မျက်နှာမပျက်ချင်ပေ။ 


သူမက နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ပြောလိုက်သည်။ 

"ဒီကိစ္စ ကြီးလာရင် ပတ်ဝန်းကျင်ကလူတွေက ကျွန်မကို ဘယ်လိုမြင်ကြမလဲ... အကြီးတွေကို ငွေမထောက်ပံ့ရင် သားသမီးဝတ်မကျေပွန်ဘူးလို့ ပြောခံရလိမ့်မယ်…" 


ကောလဟာလများ အတင်းအဖျင်းများအကြောင်း တွေးမိတိုင်း ကျန်ရှင်းလန် စိတ်ပူပန်လာရသည်။ 


နင်ထန် ပြန်ဖြေလိုက်၏။

"သူတို့ နင့်အပေါ် ဘယ်လိုမြင်လဲ ဆိုတာ အရေးကြီးလို့လား... ကြင်နာတတ်တဲ့သူက နင့်ကို သနားမယ်... ငါ့ကို မယုံရင် အစ်မလောကို မေးကြည့်လေ... သဘောထားကျဥ်းမြောင်းတဲ့သူတွေအတွက်ကတော့... ဘာလို့ စိတ်ရှုပ်ခံပြီး သူတို့အတွေးတွေကို စဥ်းစားနေမှာလဲ…" 


အစ်မလောကလည်း ပြောလိုက်သည်။

"နင့်ဘဝကို နင်ပဲ ရှင်သန်ရမှာ... သူများတွေက သူတို့ပါးစပ်နဲ့သူတို့ ပြောကြမှာပဲ... မထင်ထားဘူး ရှောင်နင်က ငယ်ငယ်လေးနဲ့ ဒီလောက် မြင်တတ်မယ်လို့.... ဒါကို နားလည်ဖို့ ငါ ဘဝသက်တမ်းတစ်ဝက်လောက် နေထိုင်ခဲ့ရတာ…" 


နင်ထန် : "အစ်မလော မြှောက်နေပြန်ပါပြီ...အဲ့ဒါအပြင် ပိုအရေးကြီးတာဘာရှိလို့လဲ... မျက်နှာလား ငွေလား…"


အစ်မလော ပြောလိုက်သည်။

"နင့်ရဲ့ ဂုဏ်သိက္ခာကို မစွန့်လွှတ်ချင်ရင် တဟူကို တွေးကြည့်လိုက်... တဟူလေး အာဟာရအတွက်၊ သူ့ပညာရေးအတွက်၊ သူ့အနာဂတ် ဇနီးအတွက် ငွေလိုမဲ့အကြောင်း တွေးလေ... ဒီလိုဆို နင့်စိတ်ကို ခိုင်မာသွားစေလိမ့်မယ်..." 


ကျန်ရှင်းလန် အံတင်းတင်းကြိတ်ကာ စိတ်ပြင်ဆင်လိုက်သည်။

"ကောင်းပြီ... အခုကစပြီး ကျွန်မ လုပ်မယ်…" 


"ပထမဆုံး အလုပ်ရှာရမယ်…"

အစ်မလော ပြောလိုက်သည်။ 


ကျန်ရှင်းလန် ပြန်ဖြေလာ၏။

"ဒါပေမယ့် အလုပ်က ဘယ်မှာ သွားရှာရမှာလဲ…" 


ကျွန်းပေါ်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သည့် အစ်မလော က အတွေ့အကြုံအချို့ ရှိပေသည်။

"နှစ်ကူးပြီးရင် ကျန်းမာရေးစင်တာနဲ့ အမျိုးသမီးရေးရာ အဖွဲ့မှာ လူတွေ ခေါ်တတ်တယ်...နင် ကြိုးစားကြည့်ပေါ့…" 


ကျန်ရှင်းလန်က မေးခွန်းပြန်ထုတ်လိုက်၏။

"ကျန်းမာရေးစင်တာလား... ဒါပေမယ့် ကျွန်မက လူနာတွေကို ဘယ်လို ကုသရမလဲ မသိဘူးလေ…" 


"ပုံမှန်တော့ ဆေးဝါးဘက်အပိုင်းအတွက် လူတွေခေါ်တာပဲ... ဆရာဝန်ရဲ့ ဆေးညွှန်းကို ကြည့်ပြီး ဆေးထုတ်ပေးဖို့ပဲ လိုတာ... အခြေခံလောက်တော့ စာတတ်ဖို့ လိုတယ်...လစာလည်း မဆိုးဘူး... တစ်လကို သုံးယွမ်ကနေ ငါးယွမ်အထိ ရတယ်... အမျိုးသမီးရေးရာအဖွဲ့ကိုလည်း ထည့်တွေးရမယ်... သူတို့ကတော့ အလုပ်ပိုများပေမယ့် လစာလည်း ပိုမြင့်တယ်.... ခုနစ်ယွမ်ကနေ ရှစ်ယွမ် ပတ်ဝန်းကျင်လောက်ပဲ... နင် ဘယ်ဟာကို ပိုကြိုက်လဲအပေါ် မူတည်နေမှာပေါ့…"

အစ်မလော ရှင်းပြလိုက်သည်။ 


သူတို့က အလုပ်ရှာမည့်အကြောင်း စတင်ပြောဆိုနေကြသော်လည်း နင်ထန်က ထိုအကြောင်းကို စိတ်မဝင်စားပေ။ 


ယခင်ဘဝတွင် သူမက နှစ်ပေါင်းများစွာ ကြာသည်အထိ နာရီအကြာကြီး အလုပ်လုပ်ခဲ့ရသဖြင့် အလုပ်၏ ပင်ပန်းခက်ခဲမှုများကို မခံစားလိုတော့ပေ။ အလုပ်က အလုပ်သာ ဖြစ်ပြီး လွယ်ကူသည့်တိုင် ပင်ပန်းနွမ်းနယ်မှု ရှိစမြဲပင်။ သူမ၏ ခန္ဓာကိုယ်က [တစ်ရက် 12နာရီ၊ တစ်ပတ် ခြောက်ကြိမ်] အလုပ်လုပ်ရခြင်းမှ ပြိုလဲသွားခဲ့ပြီး ဝိညာဥ်ကူးပြောင်းလာခဲ့ခြင်း ဖြစ်မည်ဟု သံသယဝင်မိသည်။ 


ကျန်ရှင်းလန်၏ အခြေအနေက တစ်မူထူးသဖြင့် နင်ထန် အကြံပေးရခြင်း ဖြစ်လေသည်။ 


နင်ထန်က အစ်မလောနှင့် ကျန်ရှင်းလန်အား ဆက်ဆွေးနွေးကြရန် ပြောပြီးနောက် သူမဘာသာ အိမ်ပြန်လာခဲ့သည်။ 


ကျန်ရှင်းလန်၏ ကိစ္စကို ဖြေရှင်းနေရသဖြင့် သူမတစ်နေ့လုံးနီးပါး အလုပ်များနေခဲ့ရသည်။ တဝါနှင့် ကလေး နှစ်ယောက်က သူမပြန်အလာကို မျှော်နနေကြတော့မည်။ 


နင်ထန် အိမ်ပြန်လာသောအခါ တဝါက သူမ၏ ခြေသံကို ကြားပြီးနောက် ပြေးလာခဲ့လေသည်။

"ဟို့မား... နောက်ဆုံးတော့ ပြန်လာပြီပေါ့... မပြန်လာရင် လိုက်ရှာကြတော့မလို့…" 


နင်ထန် လက်ခါပြလိုက်သည်။

"ဗိုက်ဆာလှပြီ... စားစရာ ရှိလား…"


သူမက နေ့လည်စာ မစားရသေးဘဲ အစ်မလောအိမ်တွင် သခွားသီးနှစ်လုံးလောက် ကိုက်စားခဲ့ရုံသာ ဖြစ်သည်။ 


အားနူက ခေါင်းလေးကို စောင်းလိုက်၏။

"ဒီစကားက ဘာလို့ ရင်းနှီးနေပုံရတာပါလိမ့်…" 


စန်းဝါ ပြောလိုက်သည်။

"သားသိတယ်... အစ်ကိုကြီး အိမ်ပြန်လာတဲ့အချိန်တိုင်း အဲ့လိုပဲ ပြောတယ်... သူ ပြန်လာတာနဲ့ အဖေ့ကို အော်ခေါ်ပြီး ဗိုက်ဆာတယ် စားစရာ ရှိလားဆိုပြီး မေးတော့တာပဲ…" 


နင်ထန် မျက်လုံးများကို မှေးကျဥ်းလိုက်၏။

"စန်းဝါ... ဒီကိုလာ... စားလို့ကောင်းတာလေး ရှိတယ်" 


စန်းဝါ နောက်တစ်လှမ်း ဆုတ်လိုက်ပြီး တဝါ၏ အနောက်ဘက်တွင် ပြေးပုန်းလိုက်သည်။

"သားအရူး မဟုတ်ဘူး.... သားကို ခေါ်ရင် ရိုက်မှာမှန်း သိပြီးသား…" 


နင်ထန် ပြောလိုက်၏။

"ကောင်းပြီလေ... အဓိပ္ပါယ် မရှိတာတွေ ထားလိုက်တော့... စားစရာ ရှိလား... စကားမစပ် နင်တို့သုံးယောက် နေ့လည်စာ ဘာစားကြလဲ…" 


တဝါ ပြန်ဖြေလိုက်သည်။

"ဦးလေး ရှောင်ကျောက်ကို သွားရှာလိုက်တာ... သားတို့အတွက် ဟင်းချက်ပေးတယ်…" 


နင်ထန်က ခဏတာ ဗိုက်အဆာပြေစေရန် စွန်ပလွံသီးအချို့ကို စားလိုက်ပြီး ရှန်းလေ့ အိမ်ပြန်လာပြီး သူမအတွက် ညစာ ချက်ပေးမည်ကို စောင့်နေခဲ့သည်။ 


ခဏကြာသောအခါ မွှေးရနံ့ ခပ်ပြင်းပြင်းတစ်ခုကို ရလိုက်သဖြင့် နှာခေါင်းတရှုံ့ရှုံ့ လုပ်လိုက်သည်။ 

"ဒါဘာလဲ... အနံ့လေး အရမ်းကောင်းတာပဲ" 


တဝါ တံတွေးမျိုချလိုက်ပြီး နှုတ်ခမ်းသပ်လိုက်သည်။

"ဘေးအိမ်က မိထွေးက အရသာရှိတာ တစ်ခုခု လုပ်ခဲ့ပုံပဲ…" 


ရှန်းမိသားစုမှ ရေဘဝဲကြော်၊ ကြက်သွန်ဖြူ ကမာကင်နှင့် ကဏန်းအကြွပ်ကြော် လုပ်ခဲ့သည့်နေ့ကတည်းက မွှေးရနံ့များ စုမိသားစုထံ ရောက်ရှိလာခဲ့သည်။ နင်ရွှယ်က နင်ထန်ထံမှ အရိပ်အမြွက် ပေးခံလိုက်ရသလိုပင် စုကျွင်းယန်နှင့် အမြွှာနှစ်ယောက်အတွက် နေ့စဥ်ရက်ဆက် စားကောင်းသောက်ဖွယ်များ စတင်ချက်ပြုတ်ပေးခဲ့သည်။ 


အရသာကလည်း အမှန်ပင် ရှိလှသည်။ 


အနံ့ဖြင့် မြူဆွယ်ခံလိုက်ရသည့် နင်ထန်က ဗိုက်ပြည့်စေရန် စွန်ပလွံသီးအချို့ စားနေပြီး ရှန်းလေ့သည်လည်း အိမ်ပြန်လာခဲ့လေသည်။


သူ အိမ်ပြန်ရောက်သည်နှင့် အပေါ်ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ရေရွတ်လိုက်၏။

"စုမိသားစုက ဘာဟင်းတွေ ချက်နေတာပါလိမ့်... ဘာလို့ အနံ့က အရမ်းမွှေးနေရတာလဲ…"

 

သူ စုမိသားစုအိမ်ဘေးမှ ဖြတ်လာခဲ့စဥ်က အနံ့ထဲတွင် ပျော်ဝင်သွားခဲ့ရသေးသည်။ 


နင်ထန် တစ်ခဏမျှ နှာတရှုံ့ရှုံ့လုပ်ကာ နင်ရွှယ် ချက်နေမည့်ဟင်းကို ခန့်မှန်းလိုက်သည်။

"ကျွန်မထင်တာ သူ ကြက်သားစတူးဟင်းရည် လုပ်နေတာ ဖြစ်မယ်... ကြက်သားဟင်းရည်အနံ့မျိုးပဲ…" 


"ဒါဆို မနက်ဖြန်ကျရင် ကိုယ်တို့ ဘဲသားဟင်းရည်ချက်ကြမယ်... ငွေမှင်ခေါက်ဆွဲနဲ့ အတူစားမယ့် ဘဲသားဟင်းရည်တစ်အိုး .. သူတို့အိမ်ထက် အရသာ ပိုကောင်းစေရမယ်…"

ရှန်းလေ့ အကြံပြုလိုက်သည်။ 


တဝါက သွားရည်တမြားမြားဖြင့် နားထောင်နေပြီး အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းတယ် အဖေ... အခုရော ငွေမှင်ခေါက်ဆွဲနဲ့ ဘဲသားဟင်းရည် သောက်လို့ရမလား…" 


ရှန်းလေ့က သူ့နှားခေါင်းကို ကုတ်လိုက်၏။

"အိမ်မက် မက်မနေနဲ့... ဒီနေ့ ဘဲသား မဝယ်လာဘူး…" 


×××××


နောက်တစ်ရက်တွင် ညနေပိုင်း ငါးနာရီခွဲခန့်၌ ရှန်းလေ့ အိမ်ပြန်လာခဲ့သည်။ 


တဝါက အပြေးသွားကြိုပြီး မျှော်လင့်ချက် ပြည့်နေသော မျက်လုံးများဖြင့် မေးလိုက်၏။

"အဖေ... ဘဲသား ဝယ်ခဲ့လား…" 


ရှန်းလေ့ ရယ်မောလိုက်သည်။

"မဝယ်ခဲ့ဘူး... ဒါပေမယ့် သားက ဘဲသားကို ဒီလောက်တောင် စားချင်နေတယ်ဆိုမှတော့ နောက်တစ်ကြိမ် ဘဲသားချက်စားရင် သားကို ဘဲပေါင်ပေးမယ်…" 


တဝါက လက်ကလေးများဖြင့် ရေတွက်လိုက်၏။

"ဘဲတစ်ကောင်မှာ အတောင်ပံနှစ်ခု၊ ပေါင်နှစ်ချောင်း ရှိတာကို…" 


သူ အသက်ပြင်းပြင်း ရှူလိုက်၏။

"ဟင်း... သားတို့ မိသားစုမှာ လူငါးယောက် ရှိနေတာဆိုတော့ ဘယ်လိုခွဲကြမလဲ…" 


နင်ထန် ပြောလိုက်သည်။

"နင့်အဖေနဲ့ငါက ပေါင်တစ်ချောင်းစီ စားမယ်... အားနူနဲ့ စန်းဝါက တောင်ပံတစ်ချောင်းစီ စားကြမှာ... နင်ကတော့ စွပ်ပြုတ်ပဲ သောက်ပေါ့…" 


တဝါက ခါးထောက်လိုက်၏။

"ဟို့မားးးးးးး" 


"ဟေး…"

နင်ထန်က သူ့ကို နားရွက်ဆွဲလိုက်သည်။

"ငါကြားတယ်... ငါ နားမကန်းသေးဘူး…" 


တဝါက ရှန်းလေ့ကို ကြည့်လိုက်သည်။

"အဖေ... နောက်ထပ် ဘာဘဲမှ မချက်နဲ့တော့... မဟုတ်လည်း သားစားရမှာမှ မဟုတ်တာ…" 


နင်ထန် ပြောလိုက်သည်။

"နင်က တစ်ပတ်မှာ ကျောင်းငါးရက် တက်ရတာကို... နင် ကျောင်းတက်နေရင် ငါတို့က တိတ်တိတ်လေး စားမှာပေါ့... နင် သိတောင် သိလိုက်မှာ မဟုတ်ဘူး…" 


ရှန်းလေ့ ခေါင်းညိတ်ပြလိုက်သည်။

"တဝါ ကျောင်းတက်ရင် ငါတို့တွေ ချက်စားကြတာပေါ့... အားနူ၊ စန်းဝါ ဘယ်လိုထင်လဲ…" 


အားနူက တဝါကို ကြည့်လိုက်ပြီး ကောင်းပါပြီဟု ပြောချင်ခဲ့သည်။ တဝါက ကြက်တောင်ပံ မရသော်လည်း သူမနှင့် စန်းဝါက တစ်ခုစီ ရကြမည် ဖြစ်လေရာ ကလေးမလေးက လိပ်ပြာသန့်သန့်ဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီလေ .. ဒါပေမယ့် သူအတွက် ဟင်းရည်လေးတော့ ချန်ပေးထားကြမယ်နော်…" 


တဝါ ငိုချလုနီးပါးပင်။

"အားနူ... နင်က ဘယ်ဘက်ကလဲ…" 


စန်းဝါက သူ့လက်ကလေးကို မြှောက်ပြလာ၏။

"သားသိတယ်... အာ့ကျဲ[ဒုတိယအစ်မ]က အရသာ ရှိတဲ့ အစားအသောက်တွေ ဘက်ကပဲ…" 


နင်ထန်က ကလေးသုံးယောက်ကို စကားများခိုင်းထားလိုက်ပြီး ရှန်းလေ့ကို မေးလိုက်သည်။

"ညစာအတွက် ဘာစားကြမလဲ..." 


ရှန်းလေ့ ပြောလိုက်သည်။

"ကြက်ဥနဲ့ ခုံးကောင်ကို ပေါင်းပြီးတော့ ခုံးယောင်းမကို မွှေကြော်ကြော်မယ်... ဒီနေ့ စျေးက ခုံးကောင်တွေက တော်တော်လေး လတ်ဆတ်တယ်... ပြီးတော့ ပင်လယ်ငါးကြင်းဖြူတွေလည်း ပေါင်းမယ်လေ... လူငါးယောက်စာ လောက်ပါတယ်…" 


ရှန်းလေ့က မီးဖိုချောင်တွင် ချက်ရင်းပြုတ်ရင်း အလုပ်များနေခိုက် နင်ထန်ကလည်း ဝင်ရောက်ကူညီပေးနေခဲ့သည်။ 


တဝါက အိမ်ထဲတွင် နေနေရင်း အိမ်နီးချင်း စုမိသားစုမှ ပျံ့လွင့်လာသည့် မွှေးရနံ့ခပ်ပြင်းပြင်းတစ်ခုကို ရရှိလိုက်သည်။ သူ နှာခေါင်းတရှုံ့ရှုံ့ လုပ်ကြည့်လိုက်ရာ ပျံ့လွင့်လာသည့် အနံ့ကို တောင့်မခံနိုင်တော့သဖြင့် အနံ့လာရာနောက်လိုက်၍ စုမိသားစုအိမ်သို့ ပြေးသွားလေသည်။ 


စုမိသားစုခြံဝင်းထဲတွင် စုကွမ်းကျုံးနှင့် စုယောင်ကျူးတို့က ကြက်ပေါင်တစ်ချောင်းစီ ကိုင်ထားကြလေသည်။ သူတို့က စားသောက်နေကြပြီး "ဝိုး... အရသာ ရှိချက်ပဲ" ဟု ကျယ်လောင်စွာ ပြောဆိုနေကြလေသည်။

"ဒီကြက်ပေါင်ကြွပ်ကြွပ်လေးက မယုံနိုင်လောက်အောင် မွှေးနေတာပဲ…" 


တဝါက အနီးကပ်ကြည့်လိုက်သောအခါ သူတို့၏ လက်ထဲမှ ကြက်ပေါင်များကို မြင်လိုက်ရသည်။ အပြင်ပိုင်းတွင် ကြွပ်ကြွပ်ရွရွလေး ဖြစ်မည့်ပုံပင်။ သူတို့ ကိုက်ဝါးလိုက်ချိန်တွင် ကြွပ်ရွကာ နူးညံ့နေပြီး အသားကလည်း အရည်ရွှမ်းလှသည်။ 


ယင်းက တဝါကို မဖော်ပြနိုင်လောက်အောင် ဗိုက်ဆာသွားစေခဲ့ရသည်။ သူက တံတွေးအနိုင်နိုင်မျိုချကာ ပြောလိုက်သည်။

"မင်းတို့အိမ်မှာ ကြက်သား စားကြပြန်ပြီလား…" 


စုယောင်ကျူးက တဟူအား ညစ်ကျယ်ကျယ် အမူအရာဖြင့် လှမ်းကြည့်လိုက်ပြီးနောက် တမင်သက်သက် သူ့ရှေ့တွင် ယူလာပြလာသည်။

"ဟုတ်တယ်လေ... ငါ့အမေ လုပ်ကျွေးတာ... သူ ပြောတာ ငါတို့နှစ်ယောက်က ပိန်လွန်းလို့ အာဟာရရှိဖို့ လိုတယ်တဲ့…" 


စုကွမ်းကျုံးက တဝါကို မေးလာသည်။

"မင်းရော လိုချင်လား…"


တဝါက အားတက်သရော ခေါင်းညိတ်ပြလာခဲ့သည်။ "အင်း... ငါလည်း လိုချင်တယ်…" 


စုကွမ်းကျုံးက ကြက်ပေါင်ကို ကျောဘက်တွင် ဖွက်ထားလိုက်၏။

"မပေးပါဘူး... စားချင်ရင် မင်းမိထွေးကို လုပ်ခိုင်းလေ…" 


တဝါက နှုတ်ခမ်းဆူလိုက်၏။

"ကြက်ပေါင်လေးပဲကို... ကိစ္စကြီးလည်း မဟုတ်ဘူး... ခဏစောင့်နေ... ငါပြန်သွားပြီးရင် ဟို့မားကို လုပ်ခိုင်းမှာ…" 


ပြောပြီးနောက် ခြေတံတိုလေးများဖြင့် ပြေးထွက်သွားလေသည်။ 


သူ ထွက်သွားသည်နှင့် နင်ရွှယ်က အိမ်ထဲမှ ထွက်လာပြီး စုကွမ်းကျုံးနှင့် စုယောင်ကျူးတို့၏ ခေါင်းလေးကို ပွတ်ပေးကာ ချီးကျူးလိုက်သည်။

"တော်တယ်…" 


စုကွမ်းကျူံးက ပဟေဠိ ဖြစ်နေသည်။

"အမေ... ဘာလို့ ခြံထဲကို ဆင်းပြီး တဝါကို ကြက်ပေါင်ပြခိုင်းရတာလဲဟင်…"


သူတို့က ပုံမှန်အားဖြင့် အိမ်ထဲတွင်သာ စားကြသည်။ 


စုယောင်ကျုး မျက်လုံးလှိမ့်လိုက်၏။

"အရူး... နားမလည်ဘူးလား... အမေက တဝါ ငါတို့ကို မနာလို ဖြစ်ပြီး သူ့မိထွေးကို ပြဿနာသွားရှာအောင် လုပ်လိုက်တာလေ…" 


နင်ရွှယ်က နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်ပြီး ပြောလိုက်၏။

"ယောင်ကျူးက တကယ့်ကို ဥာဏ်ကောင်းတာပဲ…" 


သူမ၏ မျက်လုံးထဲတွင် အေးစက်စက်အရိပ်များ ဖြတ်သန်းသွားသည်။ ယခုတွင် သူမ၏ အစားအသောက်တိုက်စစ်က အလုပ်ဖြစ်လား မဖြစ်လား စောင့်ကြည့်ရုံသာ ကျန်တော့သည်။ တဝါ အိမ်ပြန်သွားပြီး ဆူညံပူညံများ လုပ်ကာ နင်ထန် ကလေးကို ဆူလာရန် နှိုးဆွလိုက်လျှင် ရှန်းလေ့လည်း မပျော်မရွှင် ဖြစ်လာပေမည်။ ရှန်းမိသားစု ကမောက်ကမ အခြေအနေ ဖြစ်သွားလျှင် အကောင်းဆုံးပင်။ 



🏝️🏝️🏝️


ဒီဟာမကလည်းတစ်မျိုး🥲🤌