Chapter 34
Viewers 4k

🏝️ Chapter 34

ဟန်ဆောင်နေမကောင်းမှု



ရှည်ရှည်ဝေးဝေး မတွေးနိုင်ခင်မှာပင် ခြေသံများ နီးကပ်လာသံကို ကြားလိုက်ရပြီး အစ်မလောက ကျန်ရှင်းလန်နှင့်အတူ ပြန်လာခဲ့သည်။ 


ကျုံးရှန်းဟုန်၏ မျက်နှာထက် အပြုံးများဖြင့် ဝင်းလက်သွားလေသည်။

"အိုး... ပြန်လာကြပြီပဲ... ဘာလို့ ဒီလောက်ကြာနေတာလဲ... ငွေရခဲ့ပြီလား…"


ကျန်ရှင်းလန်က မတုန်မလှုပ် ပုံစံဖြင့် ပြန်ဖြေလိုက်သည်။ 

"ရခဲ့ပြီ…"


သူမက အိတ်ကပ်ထဲမှ ယွမ်တစ်ရာကို ထုတ်လိုက်ရာ ကျုံးရှန်းဟုန်က ဆွဲလုသွားလေသည်။ သူမက လက်ချောင်းကို တံတွေးစွတ်ကာ အကြိမ်ပေါင်းများစွာ ငွေရေလိုက်ပြီးမှ ပြောလိုက်သည်။

"အင်း... ငွေကိုက်ပါတယ်…"


ကျုံးရှန်းဟုန်က မျက်လုံးများကို မှေးကျဥ်းလိုက်သည်။

"ရှောင်နင်... အခု နင့်ရဲ့ ယွမ်တစ်ရာပဲ လိုတော့တယ်…"


နင်ထန် ပြုံးလိုက်သည်။

"အဒေါ်ရေ ကျွန်မကတော့ ရှင့်ကို ယွမ်တစ်ရာ ချေးပေးဖို့ စိတ်ကူးမရှိဘူး…"


"ဘာလို့လဲ…"

ကျုံးရှန်းဟုန်က အံ့သြသွားဟန်ဖြင့် မေးလိုက်လေသည်။ 


"အဒေါ် ကျွန်မ နောက်ဆုံးတစ်ခေါက်လောက် မေးပါရစေ... ရှင်းလန်ရဲ့ ယောက္ခထီးက ဂေါက်ရောဂါ ရှိပြီးတော့ ဆေးကုဖို့ ယွမ်နှစ်ရာ လိုတာ တကယ်ပဲလား…"


ကျုံးရှန်းဟုန် တစ်ခဏမျှ တွေးလိုက်ပြီးနောက် ပြောလာသည်။

"တကယ်ပါ…"


နင်ထန် ပြောလိုက်သည်။

"သေချာတာလား... အင်း... ဒါဆိုရင်တော့ ရှင် လူတွေကို လိမ်နေတယ်ဆိုတာ ကျွန်မလည်း သေချာပြောရဲတယ်… စောစောက ကျွန်မတို့ စကားပြောကြတုန်းက ရှင်းလန်ရဲ့ ယောက္ခထီးက အမြဲတမ်း အရက်နဲ့ ပင်လယ်စာ စားရတာ ကြိုက်တယ်လို့ ပြောခဲ့သေးတယ်မလား... ရှင့်စကားအရဆို သူက ဂေါက်ရောဂါလည်း ဖြစ်နေသေးတယ်... အမှန် ဖြစ်ပါ့မလား…"


"အဲ့လိုဆိုတော့လည်း ဘာဖြစ်လဲ... ပင်လယ်စာတွေက ငါ့အကြီးဆုံးသားနဲ့ သူ့မိန်းမက ပေးတာတွေပဲ... ငါတို့ဘာသာ စားချင်လို့စားတာ... နင့်အပူပါလို့လား... ဘာတွေ လာစွက်ဖက်နေတာလဲ…"

ကျုံးရှန်းဟုန်က ဒေါသတကြီး ဆဲရေးလိုက်လေသည်။


နင်ထန် လှောင်ရယ်လိုက်၏။

"ရှင်တို့ကိစ္စတွေ ကျွန်မ စိတ်မဝင်စားဘူး... သူများတွေကို သနားခံပြီး ငွေလိမ်နိုင်အောင် နေမကောင်းဖြစ်တဲ့ကိစ္စကို အတုလုပ်တာကို ကြည့်မနေနိုင်ရုံပါ... ရှင်းလန်ရဲ့ ယောက္ခထီးသာ တကယ် ရောဂါရှိရင် ရှင်ပြောသလို နေ့တိုင်း ပင်လယ်စာနဲ့ အရက်ကို သောက်လို့ကတော့ ခြေထောက်တောင် ဖြတ်ပစ်ရမှာပဲ…"


ကျုံးရှန်းဟုန် မျက်လုံးလှိမ့်လိုက်သည်။

"နင်က ယုံချင်တာ ယုံနေတာပဲ... နင်က ဆရာဝန် မဟုတ်ဘဲနဲ့... လူပြောသူပြောလေးတွေကြားပြီး အလိမ်ခံထားရတာပဲ ဖြစ်မယ်... နင်ပြောတာ ငါယုံမယ် ထင်နေတာလား... ငါပြောပြမယ်... ဂေါက်ရောဂါ ရှိရင်တောင် ပင်လယ်စာ စားပြီး အရက်သောက်လို့ ရတယ်…" 


သူမက ကျန်ရှင်းလန်ကို ကြည့်ကာ ပြောလိုက်သည်။

"ရှင်းလန်... ငါတို့က မိသားစုတွေပဲလေ... သူ့ကို မယုံနဲ့... သူက ငွေမချေးပေးချင်လို့ လုပ်နေတာပဲ... သူ မပေးချင်လည်း နေပါစေပေါ့... နောက်ထပ် ငွေချေးပေးမယ့်သူ ရှာလို့ ရတယ်လေ... သူလျှောက်ပြောတာတွေ နားမယောင်နဲ့နော်…" 


နင်ထန် ပြောလိုက်သည်။

"မိသားစုက ငွေအတင်းချေးခိုင်းတယ်ဆိုတာမျိုး တစ်ခါမှ မကြုံဖူးပါဘူး…" 


ကျုံးရှန်းဟုန် ပြောလိုက်၏။

"ရှင်းလန်... တစ်ခုခု ပြောဦးလေ…" 


ကျန်ရှင်းလန် မျက်နှာလွှဲလိုက်သည်။

"အမေ... ကျွန်မတို့က တစ်နှစ်ပတ်လုံး ကျွန်းပေါ်မှာပဲ နေရလို့ ဂေါက်ရောဂါလူနာတွေ ပင်လယ်စာ စားလို့မရ အရက်သောက်လို့ မရဘူးဆိုတာကို မသိဘူးလို့ ထင်နေတာလား…" 


ယင်းက ကျုံးရှန်းဟုန်အား လုံးဝ ရှက်ရွံ့သွားစေခဲ့လေသည်။

"မဟုတ်... အဲ့လို မဟုတ်ဘူး... ငါ ရှင်းပြပါမယ်…" 


ကျန်ရှင်းလန် ဆိုလိုက်၏။

"အမေ...ယွမ်နှစ်ရာက တကယ် ဘာကြောင့် လိုနေတာလဲ... အဖေ့ရဲ့ အခြေအမြစ် မရှိတဲ့ ဂေါက်ရောဂါအတွက် ဟုတ်ရော ဟုတ်လို့လား…" 


အရာအားလုံး ဖော်ထုတ်ခံလိုက်ရပြီဖြစ်၍ ကျုံးရှန်းဟုန်လည်း အမှန်အတိုင်းပြောရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီလေ... အမှန်အတိုင်းပဲ ပြောတော့မယ်... ငါ ယွမ်နှစ်ရာကို အငယ်ဆုံးသားရဲ့ ဇနီးလောင်းအတွက် လက်စွပ် ဝယ်ပေးဖို့ လိုတယ်... နင်တို့ ပေးမှာလား မပေးဘူးလားပြောစမ်း…"


ကျန်ရှင်းလန် နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။

"ဒါဆိုရင် အဖေ့မှာ ဂေါက်ရောဂါ ရှိပါတယ် အကြောင်းပြပြီး သူ့အတွက် စေ့စပ်လက်စွပ် ဝယ်ပေးချင်လို့ ကျွန်မတို့ဆီ ငွေတောင်းတာပေါ့လေ... ဒီငွေပမာဏအတွက် ချီယင်းချန် နှစ်ဝက်လောက် အလုပ်လုပ်ရလိမ့်မယ်... နောက်ထပ် ခြောက်လအတွက် ကျွန်မတို့က အငတ်နေရမှာလား…" 


ကျုံးရှန်းဟုန်က နှစ်ကြိမ် မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။ 

"ဘယ်လိုလုပ်ပြီး ငတ်ရမှာလဲ... အကြီးဆုံးသားက ငွေရနိုင်တာပဲကို…" 


"ငွေက လေထဲက ထွက်လာတာ မဟုတ်ဘူး... လက်ထပ်ချင်တဲ့သူက သူတို့ဘာသာ ငွေရှာသင့်တာမဟုတ်ဘူးလား... တခြားတစ်ယောက်ရဲ့ အိတ်ကပ်ထဲ လာတူးချင်လို့ မရဘူးလေ…"

နင်ထန် ပြောလိုက်၏။ 


ကျုံးရှန်းဟုန်မှာ သူမ၏ အကြံကို ဖျက်ဆီးထားသည့် နင်ထန်အား ဒေါသထွက်နေပြီး သူမကို စိုက်ကြည့်လာ၏။ 

"တခြားတစ်ယောက်ရဲ့ အိတ်ကပ်ဆိုတာ ဘာသဘောလဲ... ငါတို့က မိသားစုတစ်ခုတည်းပဲ…" 


နင်ထန် တုံ့ပြန်လိုက်သည်။

"ရှင်နဲ့ ရှင့်ယောကျ်ားရယ် ရှင့်သားလေးယောက်ရယ်ကမှ မိသားစုတစ်ခုတည်းလေ... ဗိုလ်ကြီးချီက ရှင့်ရဲ့ ငွေထုတ်စက်ကြီး…" 


အစ်မလောက မနေနိုင်တော့ဘဲ မေးလာ၏။

"ငွေထုတ်စက်ဆိုတာ…" 


နင်ထန် တစ်ခဏမျှ တုံ့သွားလေသည်။ ထိုစကားက အခုထက်ထိ သုံးကြသေးဟန် မရပေ။

"လူတွေကို ငွေထုတ်ပေးတဲ့ စက်လို့ ပြောတာ…" 


တင်စားမှုက ကွက်တိပင်။ ကျန်ရှင်းလန် အားတင်း၍ ပြုံးလိုက်ရသည်။ သူတို့မိသားစုက အမှန်ပင် ငွေထုတ်စက်ကြီး ဖြစ်သည်။ 


သူမက မျက်နှာလွှဲလိုက်သည်။

"အမေ... ဒီငွေကို ပေးဖို့ ကျွန်မအတွက် မဖြစ်နိုင်ဘူး နောက်တစ်ခါကျရင် လူတွေကို လှည့်စားဖို့ ဒီလိုဆင်ခြေမျိုး မသုံးပါနဲ့…" 


ကျုံးရှန်းဟုန်က ဒေါသတကြီး ဆိုလာလေသည်။

"ဘာမဟုတ်တာတွေ ပြောနေရတာလဲ... နင့်လို အပြင်လူရဲ့ စကားက အရေးမပါဘူး... အကြီးဆုံးသား ပြန်လာရင် နင့်ကို သင်ခန်းစာ ပေးခိုင်းရမယ်…" 


ယုန်တစ်ကောင်ပင် ချောင်ပိတ်ခံရလျှင် ပြန်ကိုက်တတ်ပေသည်။ ကျန်ရှင်းလန် အေးတိအေးစက် ပြန်ဖြေလိုက်၏။ 

"ရတာပေါ့... ချီယင်းချန်ကို သွားတိုင်ချည်လေ... á€€á€ťá€˝á€”်မ စောင့်နေမယ်…" 


ကျုံးရှန်းဟုန် မျက်လုံးများ ပြူးကျယ်လာပြီး ကျန်ရှင်းလန်ကို လက်ညှိုးငေါက်ငေါက် ထိုးလာ၏။

"နင်... နင်... လွန်လွန်းသွားပြီ…" 


ပြောပြီးနောက် ကျန်ရှင်းလန်က နင်ထန်နှင့် အစ်မလော၏ လက်ကို ဆွဲ၍ ထွက်လာခဲ့ပြီး ကျုံးရှန်းဟုန်အား သူမကို ဆက်လက်ဆဲရေးနိုင်ရန် အခွင့်အရေးတစ်ခုမှပင် မပေးခဲ့ပေ။ 


ချီမိသားစုအိမ်မှ ထွက်လာသောအခါ သုံးယောက်သား အစ်မလော၏ အိမ်သို့ ပြန်လာခဲ့ကြလေသည်။ 


ကျန်ရှင်းလန် တောင်းပန်စကား ဆိုလာ၏။

"အစ်မ... လောလောနဲ့ ထွက်လာရတော့ ငွေတစ်ရာကို ပြန်မယူလာခဲ့ရဘူး... မပူပါနဲ့... မနက်ဖြန် ယူလာခဲ့ပေးမယ်နော်…" 


အစ်မလောက ခေါင်းညိတ်၍ မေးလိုက်သည်။

"ဘာဆက်လုပ်ဖို့ စီစဥ်ထားလဲ... ဗိုလ်ကြီးချီ တကယ် ငွေချေးလိုက်ရင် နင်တို့ မိသားစု ပြန်ဆပ်နေရမှာနော်…" 


ကျန်ရှင်းလန်က အားတင်း၍ ခါးသက်သက် ပြုံးလိုက်ပြီး ပြန်ဖြေလာသည်။

"ကျွန်မ တတ်နိုင်တာ မရှိဘူး... ကျွန်မ ချီယင်းချန်နဲ့ လက်ထပ်ထားတာ ဆယ်နှစ်ကျော်ပြီ... သူ့ကို ကောင်းကောင်းသိတယ်... သူက အရူးလို သိတတ်ပြီးတော့ ဂုဏ်သိက္ခာကိုလည်း တန်ဖိုးထားသေးတယ်... ကျွန်မယောက္ခမကို ပိုက်ဆံချေးဖို့ ကျွန်မ မကူညီပေးရင် သူ့လုပ်ဖော်ကိုင်ဖက်တွေကို ပိုက်ဆံသွားချေးမှာ မဟုတ်ဘူး…" 


အစ်မလော သက်ပြင်းချလိုက်သည်။

"အင်း... ကောင်းပါတယ်လေ... ဘာပဲဆိုဆို မိသားစုထဲက လူကြီးသူမတွေ နေမကောင်း မဖြစ်တာ တော်သေးတာပေါ့... ပိုက်ဆံ မချေးရတာလည်း ကောင်းတဲ့ကိစ္စပဲ…" 


အစ်မလောက ကြင်နာတတ်သူ ဖြစ်သော်လည်း နင်ထန်က ထိုသို့ မတွေးထားပေ။ သူမက အငယ်ဆုံးသား၏ မင်္ဂလာပွဲအတွက် အကြီးဆုံးသားထံမှ ငွေတောင်းခြင်းက ဂေါက်ရာဂါ ရှိသည်ထက် ပိုဆိုးသည်ဟု ယုံကြည်သည်။ အနည်းဆုံး သူတို့ထံတွင် အေးချမ်းတိတ်ဆိတ်မှု ရှိသင့်ပေသည်။ 


ကျန်ရှင်းလန်က နင်ထန်အား ကျေးဇူးတင်စွာဖြင့် ကြည့်ကာ ဆိုလိုက်သည်။

"နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်... မဟုတ်ရင် ကျွန်မ လုံးဝ ယုံကြည်သွားပြီးတော့ ဒီလောက်ငွေအများကြီးကို အရူးလို ချေးမိတော့မှာ…" 


ကျန်ရှင်းလန်က ငတုံးမဟုတ်ပေ။ သူမက အစ်မလောနှင့် ငွေသွားယူရန် ကွေ့ပတ်၍ သွားခဲ့သည်။ ထိုစဥ်က သံသယဖြစ်စရာကောင်းသည်ဟု ခံစားရသော်ငြား ယခုတွင် နင်ထန်က အချိန်ဆွဲထားခြင်းဖြစ်ကြောင်း နားလည်သွားရလေသည်။ 


နင်ထန်က လက်ခါပြကာ ဆိုလိုက်၏။

"ကိစ္စ မရှိပါဘူး…" 


ကျန်ရှင်းလန်၏ မိသားစုက အစကတည်းက ဆင်းရဲသည့် အခြေအနေတွင် ရှိပြီး လတိုင်း ယွမ်လေးဆယ်ကို ပြန်ပို့ပေးရသည်။ နောက်ထပ် အကြွေးယွမ်နှစ်ရာသာ ထပ်ပေါင်းလာပါက တစ်မိသားစုလုံး၏ ဘဝကို ငုတ်တိုဖြင့် ရိုက်ထားသလို ဖြစ်ပေတော့မည်။ 


ငွေမချေးခဲ့သော်ငြား ကျန်ရှင်းလန်မှာ မျက်ခုံးတွန့်စရာ ရှိနေသေးသည်။ သူမက နင်ထန်၏ လက်ကို ကိုင်ကာ စိတ်အားဖက်သန်စွာဖြင့် မေးလိုက်သည်။

"ရှောင်နင်... ငါ့မှာ ခြစ်ခြုတ်ပြီး စုထားတဲ့ ယွမ်နှစ်ဆယ် ရှိသေးတယ်... အဲ့ဒါက ငါတို့ရဲ့ စုဆောင်းငွေအားလုံးပဲ... ချီယင်းချန်တောင် မသိဘူး...အခု နင့်ဆီမှာ အပ်ထားလို့ရမလား... အဆင်ပြေလား…" 


အစ်မလော အံ့အားသင့်သွားပြီး မေးလာခဲ့သည်။

"နင့်ရဲ့ စုဆောင်းငွေ အကုန်လုံးလား... ဘာလို့ ရှောင်နင်ကို ပေးရတာလဲ…" 


ကျန်ရှင်းလန် အံကြိတ်ကာ ဆိုလိုက်သည်။

"ကျွန်မ ချီယင်းချန်ကို နားလည်နေလို့ပေါ့... သူ့လစာ ထုတ်တာနဲဲ့ သူမိသားစုရဲ့ ငွေယိုပေါက်ကြီးကို ဖြည့်ဖို့ သေချာပေါက် သုံးလိမ့်မယ်... နောက်လမှာ ဘယ်လိုနေထိုင်ရမလဲ မသိတာတောင် ဖြစ်နိုင်တယ်... အစားအသောက်အတွက် ပင်လယ်စာ ကောက်လို့ ရပေမယ့် တဟူလေးရဲ့ ပထမတန်းအတွက် ကျူရှင်စရိတ်က ရှိသေးတယ်... ကလေးကို ကျောင်းစရိတ်မပေးဘဲ အတန်းလွှတ်လိုက်လို့ မရဘူးလေ…" 


ကျွန်းပေါ်တွင် မူလတန်းကျောင်း၏ ကျူရှင်ကြေးများအတွက် ကျောင်းစတက်ပြီး ပထမလတွင် ပေးသွင်းရပြီး တစ်နှစ်လုံးစာအတွက် နှစ်ယွမ်နီးပါး ဖြစ်သည်။ ယင်းက မများသော်ငြား မနည်းလှသည့် ပမာဏ ဖြစ်နေသေးလေရာ ကျန်ရှင်းလန် ထိုငွေအတွက် စိတ်ပူနေရခြင်း ဖြစ်သည်။ 


အစ်မလော ခေါင်းညိတ်ပြလိုက်သည်။

"နင့်အစီအစဥ်က ဟုတ်ပါတယ်... ငွေလိုလာမယ့် မမျှော်လင့်ထားတဲ့အခြေအနေတွေ ရှိလာခဲ့ရင် စုထားတဲ့ငွေတွေ မရှိဘဲ ဘယ်လိုလုပ်မှာလဲ…" 


"ရှောင်နင်..."

ကျန်ရှင်းလန်က နင်ထန်ကို မျှော်လင့်နေသည့်ပုံဖြင့် ကြည့်လာခဲ့သည်။ 


နင်ထန် ပြန်ဖြေလိုက်သည်။

"ငွေကိုက ခဏ သိမ်းပေးထားလို့ ရပါတယ်... ဒါပေမယ့် မိသားစုငွေကို ငါကပဲ အမြဲ ကိုင်ထားလို့ မရဘူးလေ…" 


ကျန်ရှင်းလန်က စိတ်ပူပန်စွာဖြင့် ပြောလာခဲ့လေသည်။ 

"ကျွန်မ လာလုပ်ရမလဲ... ချီယင်းချန်က သူ့မိသားစုကို အမြဲ ငွေထောက်ပံ့နေတာ…" 


သူမက ခါးသက်သက် ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။ 

"အမှန်အတိုင်း ပြောရရင် ကျွန်မတို့ မိသားစုက မွဲပြာကျလုနီးပါးပဲ... ဟိုတလောက မြို့ပေါ်တက်ပြီး စျေးချိုချိုနဲ့ ပန်းကန်လုံးတစ်လုံး ဝယ်လာခဲ့တာ... ချီယင်းချန်လည်း မြင်ရော သူ့မိသားစုက လူပိုများလို့ သူ့တူက ပန်းကန်လိုနေတယ်ဆိုပြီး သူတို့တွေသုံးဖို့ အတင်းအကျပ် ယူသွားတယ်လေ... ကျွန်မသားလေး တဟူက သနားစရာပါ... နှုတ်ခမ်းအက်နေတဲ့ ပန်းကန်ကို သုံးနေရတုန်း... သသ ဘယ်နေ့ နှုတ်ခမ်းရှသွားမလဲ စိတ်ပူနေရတာ…" 


အစ်မလောက သနားစိတ်ဝင်သွားပြီး ပြောလိုက်၏။

"ချီယင်းချန်က တကယ့်ကိုပဲ... ဘာပြောရမလဲတောင် မသိတော့ဘူး... သူနဲ့ သေသေချာချာ စကားပြောကြည့်တာ ကောင်းမယ်…" 


ကျန်ရှင်းလန် : "စကားပြောရမှာလား... ပြောလည်း ဘာထူးမှာလဲ အစ်မရယ်... ကျွန်မ ဘာပြောပြော တစ််ခါမှ နားမထထောင်ဖူးတဲ့ဟာ တစ်ခါတစ်လေ ကျွန်မတို့က မိသားစု မဟုတ်ဘူးလို့တောင် သံသယ ဖြစ်မိတယ်... ကျွန်မက သူ့မိန်းမ မဟုတ်သလို တဟူက သူ့သား မဟုတ်သလိုပဲ... သူ့မိဘတွေနဲ့ သူ့ညီလေးယောက်ကမှ မိသားစုတစ်ခုလို ဖြစ်နေတာ…" 


နင်ထန် ပြောလိုက်၏။

"ဒါကြောင့် ကိုယ့်ဘာသာ ကိုယ် ရပ်တည်သင့်တာပေါ့…" 


"ကိုယ့်ဘာသာ ရပ်တည်ရမယ်လား…"

ကျန်ရှင်းလန် ထိတ်လန့်အံ့သြသွားလေသည်။ 


"အင်း... ဆိုရိုးစကားတွေလိုပဲ... 'လူကြီးတွေဆိုတာ စစ်ထုတ်နိုင်တာပဲ ရှိတာ မပြောင်းလဲဘူး' ဆိုတာလိုပေါ့... ချီယင်းချန်ရဲ့ အကျင့်က စွဲမနေပြီ... ကလေးဘဝကတည်းက သွန်သင်ဆုံးမခံရတာတွေ၊ သူတွေ့ကြုံလာရတာတွေကြောင့် ဖြစ်လာတာပဲ... ဒါကြောင့် နင်ဘာပဲပြောပြော နားပေါက်မှာ မဟုတ်ဘူး…"

နင်ထန် ရှင်းပြလိုက်သည်။ 


နင်ထန် သက်ပြင်းချ၍ ဆိုလိုက်သည်။

"နင်က ဗိုလ်ကြီးချီကို နင်တို့မိသားစုမှာ ငွေမရှိလို့ သူ့မိဘ မိသားစုကို မထောက်ပံ့သင့်တော့ဘူးလို့ ပြောရင် သူက သူ့ကိုယ်ပိုင်မိသားစု ဘယ်လို ခက်ခဲဆင်းရဲသွားမလဲ ဆိုတာပဲ စဥ်းစားနေလိမ့်မယ်... သူ့အဖေ သူ့ကို အပြစ်ပေးတုန်းက သူ့ညီလေးတွေက သူ့အတွက် အရိုက်ခံပေးတာကို တွေးနေမယ်... ဒါကြောင့် သူ့မိသားစု သူ့အပေါ် ဘယ်လောက်ကောင်းလဲဆိုတာကိုပဲ ထည့်စဥ်းစားမှာ... သူ့မိသားစုဆီက ထောက်ပံ့ကူညီမှုတွေကြောင့်သာ မဟုတ်ခဲ့ရင် အခုရောက်နေတဲ့နေရာကို ရောက်လာမှာ မဟုတ်ဘူး... သူက သူ့မိသားစုကို ပိုပိုပြီး ဆက်ထောက်ပံ့ပေးရလိမ့်မယ်... သူ့ညီလေးတွေ အရွယ်ရောက်လာရင် အနာဂတ်မှာ ပိုအဆင်ပြေလာလိမ့်မယ်ပေါ့…" 


ကျန်ရှင်းလန် အံ့သြတကြီး ဖြစ်သွားလေသည်။ နင်ထန်၏ စကားများမှာ ချီယင်းချန် အချိန်တိုင်း ပြောတတ်သည့် စကားများနှင့် ထပ်တူကျလုနီးပါးပင်။

"ရှောင်နင်... ဘယ်လိုသိတာလဲ…" 


"ခန့်မှန်းလိုက်တာလေ... ဘယ်အခြေအနေမဆို အမြဲတမ်း ဆင်ခြေဟောင်းတွေချည်းပဲ…"

နင်ထန် ပြန်ဖြေလိုက်သည်။ 


ကျန်ရှင်းလန်၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပေါ်လာပြီးနောက် သူမ မေးလာ၏။

"ဒါဆို ငါ ဘာလုပ်သင့်လဲ... ငါတို့တွေ စကားများကြတဲ့အကြိမ်တိုင်း ငါ့ပါးစပ်ပိတ်အောင် ဒီဆင်ခြေကိုပဲ သုံးနေကျ... သူ့ကို တားလို့လည်း မရဘူး... မဟုတ်ရင် ငါ့ကို ကျေးဇူးမသိတတ်သူလို့ မြင်ကြပြီးတော့ လူတွေ ဝေဖန်လာကြလိမ့်မယ်…"


"ရှင်းလန်... နင် သေသေချာချာ ရွေးချယ်သင့်နေပြီ... ဝေဖန်ခံမလား ဒါမှမဟုတ် လမ်းဘေးမှာ အစာငတ်ပြီး သေမလား... တဟူက ကြီးလာပြီ နောက်ဆို အသုံးစရိတ်တွေ ပိုကြီးလာတော့မှာ... အဲ့ဒါအပြင် အစားအသောက်အတွက် ကမ်းခြေက ကောက်လာတဲ့ ပင်လယ်စာတွေအပေါ်မှာပဲ အမြဲတမ်း မှီခိုနေလို့မရဘူး... ငါတို့တွေ အသား၊ ဥ၊ နို့ထွက်ပစ္စည်းနဲ့ အသီးအရွက်တွေ လိုအပ်တယ်... မဟုတ်ရင် ကလေးက အဟာရပြတ်ပြီးတော့ နောက်ကျရင် သေသေချာချာ ဖွံ့ဖြိုးကြီးထွားတော့မှာ မဟုတ်ဘူး…" 

နင်ထန် အကြံပေးလိုက်သည်။ 


ကျန်ရှင်းလန်က တဟူ၏ ပိန်လှီအားနည်းသော မျက်နှာလေးနှင့် ရွယ်တူများထက် ခေါင်းတစ်လုံးစာ ပိုနိမ့်သည့် အရပ်လေးကို အမှတ်ရသွားသည်။ နှလုံးသားထဲတွင် နာကျင်သွားရလေတော့သည်။ 


သူတို့က သူတို့၏ ကလေးကို ကျန်းမာရေးကောင်းမွန်ပြီး သန်မာသည့် ကျားကလေး ဖြစ်လာစေရန် ရည်ရွယ်လျက် တဟူဟု အမည်ပေးခဲ့သော်ငြား ယခုတွင် ကလေးက ပိန်လှီနေသော ကြောင်တစ်ကောင်သာသာ ဖြစ်နေခဲ့သည်။

[တဟူ _ကျားပေါက်လေး] 


ကျန်ရှင်းလန် အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

"ရှောင်နင် ငါ့ကို အကြံပေးပါ... နင်ပြောသမျှ အကုန်လုပ်မယ်…" 


အစ်မလောလည်း ဝင်ပြောလာ၏။

"ဟုတ်တယ် ရှောင်နင်... နင်က ဥာဏ်ကောင်းပါတယ်... ရှင်းလန်ကို ကူညီပေးလိုက်ပါ…"



🏝️🏝️🏝️


ချီယင်းချန်ဆိုတဲ့လူကို တော်တော်ဆဲချင်နေပြီ😐

ပန်းနုသွေးအဖွားကြီးကလည်း တစ်မျိုး နင်ထန်နဲ့ အစ်မလော သာ မရှိရင် ကျန်ရှင်းလန်ဘ‌ဝတော့ မတွေးရဲဘူး