Chapter 33
Viewers 4k

🏝️ Chapter 33



"ဒါပေမယ့် အစ်မတို့လည်း ဗိုလ်ကြီးချီရဲ့ စရိိုက်ကို သိကြတာပဲ... သူက ငွေထည့်ပေးဖို့ ဆန္ဒရှိပေမယ့် လောလောဆယ် လက်ထဲ မရှိလို့ အရင်ဆုံး မင်္ဂလာဆောင်ပေးပြီးမှ နောက်မှ သူ့လစာနဲ့ တဖြည်းဖြည်း ပြင်ဆင်ပေးဖို့ အကြံပေးတယ်... ဒါပေမယ့် ကောင်မလေးက လက်မခံဘူး... သသတို့သမီးတင်တောင်းကြေးကို အပြည့်ပေးရမယ်လို့ ပြောခဲ့တယ်…"

ကျန်ရှင်းလန် ရှင်းပြလိုက်သည်။ 


"ကောင််မလေးက စိတ်မရှည် ဖြစ်လာတော့ ကျွန်မ ယောက္ခမတွေက ကျွန်မတို့ကို အဆက်မပြတ် လောဆော်နေတော့တာပဲ... သူတို့က ကျွန်မတို့ကို ရန်သူလို့တောင် ခေါ်လိုက်သေးတယ်... ဒါပေမယ့် ပိုက်ဆံမရှိတာက မရှိတာပဲလေ... ဗိုလ်ကြီးချီက စိိတ်ဆိုးသွားပြီး စာတွေ ဖုန်းခေါ်တာတွေ အကြောင်းမပြန်တော့ဘူး... ဒါကြောင့် ကျွန်မယောက္ခထီးရဲ့ ဂေါက်ရောဂါ ထလာတာ ဖြစ်နိုင်တယ်…" 

ကျန်ရှင်းလန် ပြောလိုက်သည်။ 


နင်ထန် မေးလိုက်သည်။

"ဗိုလ်ကြီးချီက စာတွေ ဖုန်းတွေ အကြောင်းမပြန်ဘူးဆိုပြီး ဂေါက်ရောဂါ ထလာတဲ့အကြောင်းက ဘယ်လိုသိကြတာလဲ…"


"သြော်... ယောက္ခမ ကျွန်းပေါ်ကို ရောက်လာတာလေ... သူမက ကျွန်မကို ကိုယ်တိုင်ကိုယ်ကျ လာပြောတာ... ဒီကိုရောက်ဖို့ နှစ်ရက်နီးပါးလောက် ကြာတယ်…"

ကျန်ရှင်းလန်က စိတ်ပူပန်နေသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါကြောင့် ကျွန်မ အစ်မလောကို ငွေချေးပေးဖို့ အလျင်စလို လာပြောရတာ... ယောက္ခမက ငွေပြန်ယူလာမှာကို စောင့်နေတယ်…"


ကျန်ရှင်းလန်၏ ရှင်းပြမှုအပြီး နင်ထန်တစ်ယောက် တစ်ခုခု မှားနေကြောင်း ခံစားလိုက်ရသဖြင့် အကြံပြုလိုက်သည်။

"ဒီလို လုပ်ရအောင် ရှင်းလန်... ငါနင့်နဲ့အတူ အိမ်ပြန်လိုက်ခဲ့မယ်... ငွေမပေးခင် အခြေအနေကို အတည်ပြုဖို့ လိုတယ်... ယွမ်နှစ်ရာဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူး…"


ကျန်ရှင်းလန် ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ သူမကို ကူဆုံးဖြတ်ပေးမည့်သူ ရှိသဖြင့် စိတ်အေးသွားလေသည်။ သူမ အမြန် ပြောလိုက်သည်။

"ရတယ်လေ... ကျေးဇူးပါ ရှောင်နင်ရယ်…"


နင်ထန်က တဝါကို ကြည့်လိုက်သည်။

"ငါ ရှင်းလန်နဲ့ သွားလိုက်ဦးမယ်... တဝါ... အားနူနဲ့ စန်းဝါကို အိမ်ပြန်ခေါ်သွားတော့…"


ကလေးသုံးယောက်က လူကြီးများ အရေးတကြီး လုပ်စရာ ရှိနေလောက်မှန်း သိနေခဲဲ့ကြသည်။ တဝါ ခေါင်းညိတ်ပြလိုက်သည်။

"သိပါပြီ…"


အားနူက နှုတ်ခမ်းလေးကို ကိုက်ကာ ဆိုလိုက်သည်။

"ဟို့မား... အိမ်ကို မြန်မြန် ပြန်လာပါနော်... တစ်ခုခုဆို အိမ်ပြန်လာပြီး အဖေ့ကို ရှာလိုက်…"


စန်းဝါက နင်ထန်၏ လက်ကို ကိုင်ကာ လွှတ်ပေးရန် ငြင်းဆန်နေပြီး လေသံပျော့လေးဖြင့် ပြောလိုက်သည်။

"ဟို့မား... သားလည်း လိုက်ချင်တယ်…"


တဝါ သူ့ကို ပြန်ဆွဲထားလိုက်သည်။

"မင်းလိုက်လည်း ဘာလုပ်ပေးနိုင်မှာမို့လဲ…"


စန်းဝါ ဆိုလိုက်သည်။

"သား ကူညီပေးနိုင်တယ်…"


နင်ထန် ပြုံး၍ ကိုယ်လေးကို ကိုင်းကာ စန်းဝါ၏ နှာခေါင်းလေးကို ညှစ်လိုက်သည်။

"ဟုတ်တယ်... ငါတို့စန်းဝါက အင်အားအကြီးဆုံးပဲ... စိတ်မပူနဲ့... အားလုံး အဆင်ပြေသွားလိမ့်မယ်... တဝါနဲ့ အိမ်အရင်ပြန်နှင့်ကြ... သိပ်မကြာခင် အိမ်ပြန်လာခဲ့မယ်..."


စန်းဝါ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆိုလိုက်သည်။

"ဟုတ်…"


ကလေး သုံးယောက် ထွက်သွားသည်ကို မြင်မှ နင်ထန်၊ ကျန်ရှင်းလန်နှင့် အစ်မလောတို့ ချီမိသားစုအိမ်သို့ လာခဲ့ကြလေသည်။


ချီမိသားစုအိမ်က ရှန်းမိသားစုလိုပင် နှစ်ထပ်အဆောက်အဦး ဖြစ်ကာ ခြံထဲတွင် ကြက်သွန်မြိတ်နှင့် ဂျင်း စသည်ဖြင့် အပင်မျိုးစုံ စိုက်ပျိုးထားလေသည်။ ကျန်ရှင်းလန်မှာ လုပ်ရည်ကိုင်ရည်ရှိသည့် အမျိုးသမီးဖြစ်ကြောင်း သက်သေခံနေ၏။ 


အိမ်ထဲသို့ ဝင်လာသည်နှင့် ဝါကျင့်ကျင့် အသားအရည် ရှိသည့် အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ယောက်က သူတို့ကို လာနှုတ်ဆက်၏။ သူမ၏ အကြည့်များက ကျန်ရှင်းလန်အပေါ် ဝေ့ဝဲသွားပြီးနောက် လက်လှမ်း၍ ပြောလိုက်သည်။

"ပိုက်ဆံ ဘယ်မှာလဲ…"


ကျန်ရှင်းလန်က တိတ်ဆိတ်နေမြဲပင်။ ထိုအခြင်းအရာကို မြင်သောအခါ အမျိုးသမီးက အသံကိုမြှင့်၍ အော်ပြောလိုက်လေသည်။

"မချေးခဲ့ဘူးလို့ မပြောနဲ့နော်…"


နင်ထန် မေးလိုက်သည်။

"ရှင်းလန်ရဲ့ ယောက္ခမ... ယွမ်နှစ်ရာကို တကယ်လိုနေလား…"


ထိုအမျိုးသမီးက နင်ထန်ကို ဖြတ်ကြည့်လိုက်ပြီးနောက် မေးလာ၏။

"နင်က ဘယ်သူလဲ…"


ကျန်ရှင်းလန် ပြောလိုက်သည်။

"သူတို့နှစ်ယောက်က ဗိုလ်ကြီးရှန်းနဲ့ နိုင်ငံရေးအရာရှိကျောက်တို့ရဲ့ ဇနီးတွေပါ နင်ထန်နဲ့ အစ်မလောတဲ့…"


နင်ထန် ပြောလိုက်သည်။

"ရှောင်နင်လို့ ခေါ်လို့ရပါတယ်…"


ကျန်ရှင်းလန်မှ နင်ထန်နှင့် အစ်မလောကို ဗိုလ်ကြီးနှင့် နိုင်ငံရေးအရာရှိတို့၏ ကတော်များအဖြစ် မိတ်ဆက်ပေးသည်ကို ကြားလိုက်ရသဖြင့် ကျုံးရှန်းဟုန်တစ်ယောက် မျက်လုံးများ မှေးကျဥ်းသွားသည်အထိ ပြုံးပြလိုက်သည်။

"သြော်... ဗိုလ်ကြီးကတော်၊ အရာရှိကတော်တွေပဲ... ရှောင်နင်၊ အစ်မလော၊ ထိုင်ကြပါ…"


နင်ထန်နှင့် အစ်မလော ဝင်ထိုင်လိုက်ကြသောအခါ ကျုံးရှန်းဟုန်က ကျန်ရှင်းလန်ကို ဆွဲကာ ခက်ထန်စွာဖြင့် ပြောလိုက်သည်။

"ငါက နင့်ကို ငွေချေးဖို့ ပြောတာလေ... ဘာလို့ သူတို့ကို ခေါ်လာတာလဲ…"


ကျန်ရှင်းလန်က နာနာခံခံဖြင့် ခေါင်းညိတ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။ နားပါးသော နင်ထန်က ကြားလိုက်သဖြင့် ကြွပ်ဆတ်ဆတ်ဖြင့် ပြောလိုက်သည်။

"ရှင်းလန်က ကျွန်မတို့ဆီက ငွေချေးနေတာလေ... အဒေါ်လည်း သိတဲ့အတိုင်း ယွမ်နှစ်ရာဆိုတာ နည်းတဲ့ ပမာဏ မဟုတ်တော့... အစ်မလောနဲ့ ကျွန်မက ငွေမချေးပေးခင် ဘယ်နေရာမှာ သုံးမှာလဲဆိုတာကို သေချာအောင် လုပ်ဖို့ လိုသေးတယ်လေ…"


ကျုံးရှန်းဟုန်က ပြောပြလိုက်သည်။

"ဟုတ်တာပေါ့... ဟုတ်တာပေါ့…"


"ရှင်းလန်ဆီကနေ သူ့ယောက္ခထီးက ဂေါက်ရောဂါ ဖြစ်လို့ အိပ်ရာထဲ လဲနေရပြီး မလှုပ်ရှားနိုင်ဘူးဆိုတာ ကြားထားတယ်... ဒါကြောင့် ဆေးကုဖို့ ယွမ်နှစ်ရာလိုနေတာ... ဟုတ်တယ်မလား…"

အစ်မလော မေးလိုက်သည်။


ကျုံးရှန်းဟုန်၏ မျက်နှာထက်တွင် စိတ်ပူပန်နေသည့် အရိပ်အယောင်တို့ ပေါ်လာသည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်မယောကျားက အစက လုံးဝအကောင်းကြီးပါ... ဒါပေမယ့် ရုတ်တရက် ဂေါက်ရောဂါ ဖြစ်လာတယ်... အခု ယာအလုပ်တွေ မလုပ်နိုင်ဘဲ နေ့တိုင်း အိပ်ရာပေါ်ပဲ လှဲနေရပြီး နာတဲ့အကြောင်း ငြီးငြူနေရတယ်..."


သူမက ကျန်ရှင်းလန်အား မကျေမချမ်း ကြည့်လိုက်သည်။ 

"နင်တို့တွေ အငယ်ဆုံးသားကို လက်ထပ်ပေးဖို့ ပိုက်ဆံ မပေးလို့ ဖြစ်မှာပေါ့... ဒါကြောင့် သူ ဒေါသထွက်သွားပြီး ဒီလို ဖြစ်ရတာ…"


ကျန်ရှင်းလန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြန်မဖြေခဲ့ပေ။


ကျုံးရှန်းဟုန်က နင်ထန်နှင့် အစ်မလောကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

"ဒီတစ်ခေါက် ကျွန်မယောကျ်ားရဲ့ ဂေါက်ရောဂါက တော်တော်လေး ပြင်းထန်နေတယ်... နာကျင်မှုက သည်းမခံနိုင်အောင်ပဲ... သူ့ခြေထောက်ကို ခုတ်ဖြတ်ချင်တယ်လို့တောင် ပြောနေတာ... ကျေးဇူးပြုပြီး... သမီးတို့နှစ်ယောက် အဒေါ်တို့ကို သနားညှာတာပြီး သူ့ရဲ့ ဆေးဖိုးဝါးခအတွက် ယွမ်နှစ်ရာကို ချေးပေးလို့ ရမလား…"


နင်ထန် ပြောလိုက်သည်။

"ငွေချေးပေးလို့တော့ ရပါတယ်... ယွမ်နှစ်ရာကို အညီအမျှခွဲပြီး အစ်မလောနဲ့ ကျွန်မက ယွမ်တစ်ရာစီ ချေးပေးနိုင်တယ်... ကျွန်မယောကျ်ားက ဗိုလ်ကြီးတစ်ယောက်ဖြစ်ပြီး အစ်မလော အမျိုးသားက အရာရှိပါ... နှစ်ယောက်လုံးက လစာအတော်လေး မြင့်တော့ စုထားတာတွေ ရှိပါတယ်... ဒါပေမယ့်..."


ကျုံးရှန်းဟုန်က နင်ထန် ငွေချေးရန် သဘောတူလိုက်ပြီး ရှန်းလေ့နှင့် အရာရှိကျောက်တို့ လစာမြင့်သည် ဟူသော စကားကို ကြားသောအခါ မျက်လုံးထဲတွင် လောဘအရိပ်အယောင်များ ဖြတ်သွားလေသည်။"ဒါပေမယ့်..." ဟူသော စကားကို ကြားလိုက်ရချိန်တွင် သူမ၏ နှလုံးသား ခုန်ပေါက်သွားပြီး မနေနိုင်ဘဲ မေးလိုက်မိလေသည်။

"ဒါပေမယ့် ဘာများလဲ..."


နင်ထန် ပြုံး၍ ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်မတို့ အဒေါ်ကို ငွေချေးပေးမယ်ဆိုရင် အဒေါ် ဘယ်လို ပြန်ပေးမယ်လို့ စဥ်းစားထားလဲ…"


ကျုံးရှန်းဟုန် ကြောင်အသွားလေသည်။ ပြန်ပေးမည့်ကိစ္စကို စဥ်းစားထားခြင်း မရှိသည်မှာ အသေအချာပင်။


သူမ ကြောင်အနေသည်ကို မြင်သောအခါ နင်ထန် မေးလိုက်သည်။

"အဒေါ် ့ကြည့်ရတာ ပြန်ပေးမဲ့ အစီအစဥ်ကို စဥ်းစားထားတဲ့ပုံမရဘူး... ဟုတ်တယ်မလား…"


ကျုံးရှန်းဟုန်က အတင်းအကျပ် ရယ်ပြလိုက်ရပြီးနောက် ပြောလိုက်သည်။

"ဘယ်လိုလုပ် ဖြစ်မှလဲ... ကျွန်မသား ချီယင်းချန်က တောက်ပတဲ့အနာဂါတ် ရှိနေတာကို... သူက ဒုဗိုလ်ကြီး ဖြစ်ပြီးတော့ လစာလည်း ကောင်းတယ်... ငွေကို ဖြည်းဖြည်းချင်း ပြန်ပေးလို့ ရပါတယ်…"


အစ်မလော မျက်မှောင်ကြုတ်၍ ဆိုလိုက်သည်။

"ဒါဆို ဒုဗိုလ်ကြီး ဖြစ်တဲ့ ချီယင်းချန်ကပဲ ငွေကို ပြန်ဆပ်ပေးရမှာပေါ့... ရှင့်ရဲ့ ကလေး ငါးယောက်ကရော... အဖေဖြစ်သူ နေမကောင်း ဖြစ်ရင် ငွေအတွက် အကြီးဆုံးမိသားစုအပေါ်ပဲ မှီခိုရမှာလား…"


ကျုံးရှန်းဟုန်က မစဥ်းစားဘဲ ပြန်ဖြေလိုက်သည်။

"ဒါပေါ့…"


ပြောပြီးသွားမှသာ တစ်ခုခု မှားပြောမိမှန်း သိသွားပြီး ကျန်ရှင်းလန်အား အမြန်လှည့်ကြည့်လိုက်သည်။ 


ကျန်ရှင်းလန် မယုံနိုင်တော့ဘဲ မေးလိုက်၏။

"အမေ... ကုန်ကျစရိတ်ကို ကျွန်မတို့မိသားစုပေါ်မှာပဲ မှီခိုဖို့ တကယ်ကြီး ဆုံးဖြတ်ထားတာလား... ဒုတိယမတ်လေးက လွန်ခဲ့တဲ့လကပဲ စာမေးပွဲအောင်လို့ မြို့က အထည်အလိပ်စက်ရုံမှာ အလုပ်သမား အဖြစ် လုပ်နေပြီ မဟုတ်ဘူးလား... သူ တစ်လကို ဆယ်ယွမ်ထက်ပိုရနေတာ... တတိယမတ်လေးက လက်သမားလုပ်တော့ တစ်နှစ်ရတဲ့ဝင်ငွေက မနည်းလှပါဘူး... မများရင်တောင် ခုနစ်ယွမ် ရှစ်ယွမ်လောက်တော့ သေချာပေါက် ရမှာပဲ... စတုတ္ထမတ်လေးနဲ့ နောက်နှစ်မှာ ဂျူနီယာအထက်တန်း ပြီးတော့မဲ့ အငယ်ဆုံးမတ်လေးတို့ ရှိသေးတယ်လေ…"


သူမက ထပ်ပြောလိုက်သည်။

"အမေ... တကယ်ကြီး ကျွန်မတို့မိသားစုကိုပဲ ယွမ်နှစ်ရာ ပြန်ဆပ်ခိုင်းဖို့ တွေးထားတာလား…"


ကျုံးရှန်းဟုန် တီးတိုးပြောလိုက်သည်။

"သူတို့တွေ ငွေဝင်ပေမယ့် အကြီးဆုံးလောက်မှ မရကြတာ... ပိုရတဲ့လူက ပိုစိုက်ရမှာပေါ့... မမျှတဘူးလား…"


ကျန်ရှင်းလန်မှာ ကျုံးရှန်းဟုန်နှင့် သူမ၏ ခင်ပွန်းဖြစ်သူကို သူတို့အပေါ် မျှမျှတတ ဆက်ဆံပေးရန် တစ်ခါမှ မမျှော်လင့်ဖူးခဲ့ပေ။ သို့သော် ယင်းက ဘက်လိုက်လွန်းသွားလေပြီ။ သူမ၏ နှလုံးသား အေးစက်သွားလေသည်။

"ဘာလို့ ကျွန်မတို့မိသားစုကပဲ ဒီငွေကို ပေးရမှာလဲ... ဘာလို့ ဒုတိယမတ်လေး၊ တတိယမတ်လေး၊ စတုတ္ထမတ်လေးနဲ့ အငယ်ဆုံးမတ်လေးကျ မထည့်ဝင်ရတာလဲ... အဖေက ကျွန်မယောက်ျားတစ်ယောက်တည်းရဲ့ အဖေ ဖြစ်ပြီး သူတို့အဖေ မဟုတ်လို့လား…"


သူမက အစပိုင်းတွင် ကျုံးရှန်းဟုန် ငွေလာတောင်းသောအခါ ရုတ်တရက်ကြီး ဖြစ်လာသဖြင့် ထိုငွေကို တစ်ခါတည်းအပြီး မယူပေးနိုင်ခဲ့ဟု တွေးခဲ့မိသည်။ ထို့ကြောင့် ငွေဦးစွာချေးပေးထားပြီးမှ ယောက္ခထီး၏ ဆေးဖိုးဝါးခအတွက် သားသမီးအားလုံး ထည့်ဝင်၍ ငွေပြန်ဆပ်မည်ဟု တွေးထားခဲ့သည်။


သို့သော်လည်း ကျုံးရှန်းဟုန်က ထိုအကြံမျိုး လုံးဝ မရှိဘဲ သူမတို့မိသားစုကိုသာ ငွေထုတ်ခိုင်းမည်ဟု မထင်ထားခဲ့ပေ။


ကျုံးရှန်းဟုန်က ဖျစ်ညှစ်ပြုံး၍ ပြောလိုက်သည်။

"ငါတို့အားလုံးက မိသားစုတွေပဲ..."


သူမက ကျန်ရှင်းလန်၏ လက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်သည်။

"ချွေးမရယ်... နင့်ယောက္ခမ ခြေထောက်နာပြီး အိပ်ရာထဲက မထွက်နိုင် ဖြစ်နေတာကို ကြည့်ရက်သလား…"


အဆုံးတွင် ကျန်ရှင်းလန်မှာ ထိုသို့မလုပ်နိုင်တော့ပေ။ သူမ လက်ကို ပြန်ဆွဲယူ၍ နင်ထန်နှင့် အစ်မလောကို ကြည့်ကာ အံကြိတ်လိုက်သည်။

"ရှောင်နင်... အစ်မလော... ကျွန်မကို ငွေနှစ်ရာ ချေးပေးလို့ရမလား... အကြွေးစာချုပ် ရေးပေးပါ့မယ်…"

 

ပြောပြီးနောက် စာရွက်နှင့် ဘောပင် သွားရှာရန် ပြင်သည်။


နင်ထန် သူမကို တားလိုက်၏။

"အကြွေးစာချုပ်အတွက် အလောတကြီး လုပ်စရာ မလိုပါဘူး... ငွေချေးရုံပဲဟာ... ငါတို့က ကျွန်းတစ်ခုထဲမှာ နေကြတာပဲလေ... ငါ့ယောကျ်ား၊ ဗိုလ်ကြီးရှန်းနဲ့ အရာရှိကျောက်တို့က ဗိုလ်ကြီးချီရဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ... နင်တို့ ထွက်ပြေးမှာ ငါမစိုးရိမ်ပါဘူး…"


သူမက အစ်မလောကို အချက်ပြလိုက်သည်။

"အစ်မ... ရှင်းလန်နဲ့ အိမ်ပြန်ပြီး ငွေသွားယူလိုက်... ကျွန်မ ဒီမှာ သူ့ယောက္ခမနဲ့ နေခဲ့လိုက်မယ်…"


အစ်မလောက ကြောင်အသွားပြီးနောက် မျက်တောင်များ တဖျတ်ဖျတ် ခတ်သွားလေသည်။

"အိုး... အေးပါ... အစ်မ ရှင်းလန်နဲ့ ငွေသွားယူလိုက်မယ်…"


ကြောင်အနေသူ ကျန်ရှင်းလန်မှာ အစ်မလော ဆွဲခေါ်ရာနောက်သို့ ပါသွားလေတော့သည်။


နင်ထန်က ကြုံရာကျပန်း ဆင်ခြေတစ်ခုကို သုံးလိုက်သည်။

"ကျွန်မ မိသားစုက ပိုက်ဆံကို အမျိုးသားကပဲ စီမံတာလေ... ပိုက်ဆံ ယူဖို့ သူအိမ်ပြန်လာတာကို စောင့်ရမယ်…"


"အဲ့ဒီလိုလား…"

ကျုံးရှန်းဟုန်၏ မျက်လုံးများထဲတွင် မှိန်ပျပျ အရိပ်သန်းသွားလေသည်။ သူမ၏ အမြင်အရ ယောကျ်ားဖြစ်သူ၏ ဝင်ငွေကို မထိန်းချုပ်နိုင်သည့် မိန်းမတစ်ယောက်က အသုံးမကျပေ။ 


နင်ထန်က ငယ်ရွယ်ပြီး လှပသည့်ပုံပေါ်သည်။ ကျုံးရှန်းဟုန်၏ စိတ်ထဲတွင် သူမက အလှပန်းအိုး တစ်လုံးသာ ဖြစ်သည်။ 


နင်ထန်က ကျုံးရှန်းဟုန်အတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။

"အဒေါ် ရေသောက်ပါဦး... ဒီကို လာခဲ့တဲ့ တလျှောက် ပင်ပန်းခဲ့မှာပဲ…"


ကျုံးရှန်းဟုန်က ရေတစ်ငုံသောက်လိုက်ပြီးနောက် လက်ယမ်းပြလာသည်။

"ပင်ပန်းစရာလားအေ... အဒေါ်တို့နေတဲ့နေရာနဲ့ ဟိုင်လန်ကျွန်းက နှစ်ရက်လောက်ပဲ သွားရတာပါ…"


"ဒါဆို ဗိုလ်ကြီးချီနဲ့ ရှင်းလန်ကို တွေ့ဖို့ ခဏခဏ လာမှာပေါ့နော်…"

နင်ထန် မေးလိုက်သည်။


ကျုံးရှန်းဟုန်က စိတ်လှုပ်ရှားနေပုံဖြင့် ပြန်ဖြေလာခဲ့လေသည်။

"ဟုတ်...ဟုတ်တာပေါ့…"


နင်ထန် ပြုံးလိုက်သည်။

"ရှင်းလန်က အဒေါ့်လို ယောက္ခမမျိုးရတာ ကံကောင်းတာပဲ…"


ကျုံးရှန်းဟုန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

"ဘာကောင်းစရာ ရှိလဲ... ရှင်းလန်က စစ်တပ်ထဲ လိုက်နေရလို့ ကံကောင်းတာပါ... ငါချွေးမ ဖြစ်တဲ့အချိန်တုန်းကနဲ့ မတူဘူး... မိသားစုကြီးကို တစ်ယောက်တည်း စောင့်ရှောက်ခဲ့ရတာ…"


နင်ထန်က စကားလမ်းကြောင်းအတိုင်း လိုက်မျောမသွားခဲ့ပေ။ သူမက အကြောင်းအရာကို ပြောင်းကာ ထွေရောလေးပါး စတင်ပြောဆိုခဲ့သည်။

"ရိုးရိုးသားသား ပြောရရင် ကျွန်မက စစ်တပ်ထဲ ရောက်တာ သိပ်မကြာသေးဘူး... ကျွန်မမိသားစုက ချီစီရင်စုကရွာလေးတစ်ရွာမှာ နေတာလေ... ဟိုင်လန်ကျွန်းနဲ့ အဝေးကြီးပဲ... ရထားနဲ့ ခုနစ်ရက်တောင် စီးရတယ်... ကျွန်မတို့ရွာက ပင်လယ်စာပေါတဲ့ ဟိုင်လန်ကျွန်းနဲ့ မတူဘူး... ဟိုတလောကပဲ ကျွန်မမိဘတွေကို ပင်လယ်စာတွေ အများကြီး ပို့ပေးလိုက်တာ အရမ်းစားကောင်းတယ်လို့ ပြောကြတယ်..."


"ဟိုင်လန်ကျွန်းက ပင်လယ်စာတွေက တကယ် အရသာ ရှိတယ်…"

ကျုံးရှန်းဟုန်က နှုတ်ခမ်းမသပ်ဘဲ မနေနိုင်တော့ပေ။ 

"အကြီးဆုံးသားနဲ့ သူ့မိန်းမတို့က အဒေါ်တို့ကိုလည်း ကမာခြောက်၊ မက်ကရယ်ငါးခြောက်နဲ့ တခြား အရသာ ရှိတာတွေ ပို့ပေးတယ်လေ... ဒါတွေနဲ့ ယာဂုနဲ့ မွှေကြော်ဟင်းတွေ လုပ်စားလို့ရတယ်... အဒေါ့် ယောကျ်ားအကြိုက်ဆုံးက ကင်းမွန်ခြောက်တွေပဲ... သူ့အတွက် တစ်ကောင်လောက် ကင်ပေးလိုက်ရင် အရက်လေးတမြုံ့မြုံ့နဲ့ နိဗ္ဗာန်ရောက်နေသလိုပဲ…"


နင်ထန်၏ မျက်လုံးများထဲတွင် ထူးဆန်းသည့် အငွေ့အသက်များ ဖြတ်ပြေးသွားလေသည်။

"ရှင်းလန်ရဲ့ ယောက္ခထီးက ပင်လယ်စာနဲ့ အရက်တွေ ကြိုက်တာလား…"


ကျုံးရှန်းဟုန် ပြန်ဖြေလိုက်၏။

"အိုကွယ်... သူက လက်ထဲအမြဲ အရက်တစ်ပုလင်းကိုင်ထားတာ... အရက်ကို အရာအားလုံးထက် ပိုကြိုက်သေးတယ်... အဒေါ် ဟိုင်လန်ကျွန်းကို မလာခင် တစ်ရက်ကဆို အဒေါ် သွားရင် ဘယ်သူက သူ့ကို ဟွမ်ကျွီး(အဝါရောင်ဝိုင်) နဲ့ ကင်းမွန်တွေ မက်ကရယ် ငါးတွေ ကင်ကျွေးတော့မှာလဲ လို့ မေးနေသေးတာ... ဒါတွေ မရှိဘဲ သူ မနေနိုင်ဘူးလေ…"


နင်ထန် လှောင်ရယ်လိုက်သည်။

"ရှင်းလန်ရဲ့ ယောက္ခထီးက အရက်နဲ့ ပင်လယ်စာတွေကို ကြိုက်တယ်ဆိုမှတော့ ရေနဂါးခြောက်တွေ ထည့်စိမ်ထားတဲ့ အရက်တစ်အိုး ပေးလိုက်ဦးမှပါ... ဒါမှ သူ့ကိုယ်သူ အားပြန်ပြည့်ပြီး "ဂေါက်"ရောဂါကို မြန်မြန် ကုသနိုင်မှာပေါ့…"


ကျုံးရှန်းဟုန် မျက်ခုံးကြုံ့မိသွားသည်။ ထိုစကားနှင့် ပတ်သက်ပြီး တစ်ခုခုက ခိုးလို့ခုလု ဖြစ်နေ၏။



🏝️🏝️🏝️