Chapter 28
Viewers 4k

🏝️ Chapter 28

တဝါကို ပေါင်းပစ်မယ်



"ကျွန်မ အပေါ်ထပ်ကိုတက်ပြီး တစ်ခုခုယူလိုက်ဦးမယ်…"


နင်ထန်က ပြောပြီးနောက် အပေါ်ထပ်သို့ အမြန်တက်ခဲ့သည်။ ရှန်းလေ့က သူမ ကမန်းကတန်း ထွက်သွားသည်ကို ကြည့်နေသည်။

"သူ ငါ့ကို စိန်ခေါ်ချင်နေတာပဲ…"


ခဏကြာသော် နင်ထန်က အထည်နှစ်ထည်ကိုင်ကာ အောက်ထပ်ကို ပြန်ရောက်လာသည်။


ရှန်းလေ့ အံ့သြသွားသည်။

"မင်းတကယ် ပစ္စည်းသွားယူဖို့ အပေါ်ထပ်ကို တက်သွားတာလား…"


နင်ထန် သူ့ကို စူးစိုက်၍ တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ကလေးသုံးယောက်ကို ကြည့်ပြီး တိုးတိုးပြောသည်။

"အားနူအတွက် အဝတ်အစားအသစ် နှစ်ထည်ချုပ်ဖို့လုပ်နေတာ… ကြည့်လိုက် သူ ဝတ်ထားတာကို၊ ချက်တောင်ပေါ်နေပြီ၊ ရှက်စရာ မကောင်းဘူးလား…"


သူမ ရှန်းလေ့နှင့် ယမန်နေ့ညက ဆွေးနွေးပြီးကတည်းမှ ဤအစီအစဥ်ကို ရေးဆွဲထားပြီးဖြစ်သည်။ ရှန်းလေ့က ကလေးများကို အစားအသောက်တွင်သာ မလစ်ဟင်းအောင် ကျွေးနိုင်သာ်ငြား အားနူ၏ အဝတ်အစားများကိုသတိမထားမိချေ။ ယခုမှသာ သူက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်… သူ အဝတ်အစားအသစ် ချုပ်ရမယ်…"


သူက နင်ထန်၏လက်ထဲမှ အဝတ်နှစ်ထည်ကို တစ်ချက်ကြည့်လိုက်သည်။

"ဒါပေမယ့် အထည်က ပိတ်စတစ်ထည်ကို လောက်တယ် မလား… အခုက ပိတ်စနှစ်ထည်ဆိုတော့ အဝတ်အများကြီးအတွက် လောက်မယ်ထင်တယ်…"   


"ကလေးတစ်ယောက်တည်း ချုပ်ပေးလို့ဘယ်ရလဲ… အားနူမှာ အသစ်ရှိလာရင် တဝါနဲ့စန်းဝါကလည်း တောင်းဆိုလာတော့မယ်… ရှင် ဘယ်လိုရှင်းပြမှာလဲ…"


ရှန်းလေ့ အနည်းငယ်ဆို့နင့်သွားသည်။

"အဲဒါ မှန်ပေမယ့် မင်းက အဝတ်ချုပ်တတ်လို့လား…"


 "မချုပ်တတ်ဘူး…"

နင်ထန်က အမှန်အတိုင်း ပြန်ဖြေသည်။

"အဲဒါကြောင့် အစ်မလောကို အကူအညီတောင်းဖို့စီစဉ်ထားတယ်…"


"မြန်မြန်သွားပြီး မြန်မြန်ပြန်လာပါ…"


နင်ထန်က တံခါးဆီသို့ လျှောက်သွားကာ လက်ကို ဝှေ့ယမ်းလိုက်သည်။

"နေ့လည်စာ ကောင်းကောင်းချက်ထားနော်… အခုလို ပူအိုက်တဲ့ ရာသီဥတုမှာ ကျွန်မက အစားပျက်တတ်တယ်…"


အစ်မလော၏ အိမ်ကိုရောက်လျှင် အစ်မလောက အထဲမှာ အလုပ်ရှုပ်နေသော်လည်း ကျန်ရှင်းလန် ပါရှိနေ၍ သူမ အံ့သြသွားသည်။


အစ်မလောက နင်ထန်ကို မေးလိုက်သည်။

"ရှောင်နင် ဘာကိစ္စလဲ…"


နင်ထန် လက်ထဲက ပိတ်စနှစ်စကို ပြလိုက်သည်။"တဝါတို့ဖို့ အဝတ်အစားချုပ်ပေးချင်တာ… ညီမက ဘယ်လိုလုပ်ရကောင်းမှန်း မသိဘူး… ဒါကြောင့် အစ်မလောဆီက အကြံဉာဏ်တောင်းဖို့ လာခဲ့တာပါ…"


 "အိုး… ငါက တခြားကိစ္စမှတ်‌နေတာ… စိတ်မပူပါနဲ့ သင်ပေးမယ်… နွေရာသီဆိုတော့ အင်္ကျီလက်တိုနဲ့ ဘောင်းဘီတိုချုပ်လေ… အရမ်းရိုးရှင်းတာကောင်းတယ်…"


"ဘယ်လောက်လောက် ကြာမလဲဟင်…"

နင်ထန်က မေးသည်။


ကျန်ရှင်းလန် : "အစ်မလော အိမ်မှာ အပ်ချုပ်စက်ရှိတယ်ဆိုတော့ တော်တော်မြန်နိုင်ပါတယ်… နှစ်နာရီလောက်ပေါ့…"


နင်ထန် အချိန်ကို တွက်ချက်ကြည့်ရာ နေ့လည်စာစားချိန်ဟု ခန့်မှန်းမိသည်။ သူမက ကျန်ရှင်းလန် ကိုမေးလိုက်၏။

 "ရှင်းလန်ရော ဘာလို့ ဒီကိုရောက်နေတာလဲ…"


အစ်မလော : "သူက ဖိနပ်လာချုပ်တာလေ… အခုရောက်တုန်း စကားပြော‌နေကြတာ…"


စကားစမြည်ပြောနေရင်း အစ်မလောက နင်ထန်အား စက်ချုပ်နည်းကို ညွှန်ကြား‌ပေးသည်။ ကံမကောင်းစွာပင်၊ နင်ထန်က ပုပ်ပွနေသော သစ်သားတိုလိုဖြစ်ကာ ဘာမှမလုပ်တတ်ဘဲ ဖြစ်နေ၏။ သူမ သက်ပြင်းချလိုက်ပြီး အထည်ကို ဘေးဖယ်ထားလိုက်သည်။

"ထားလိုက်ပါတော့… မြို့ထဲက အသင့်ဝတ်စတိုးဆိုင်ကပဲ သွားဝယ်တော့မယ်…"


"စတိုးဆိုင်တွေကနေ ဝယ်တာက ဈေးကြီးတယ်…ကိုယ့်ဘာသာကိုယ်ချုပ်တာက သက်သာတယ်…"

အစ်မလော က ပြောသည်။


"ရှင်းလန်ကို သင်ခိုင်းပါလား… သူက အများကြီး ပိုတော်တာ…အခု သူ့လက်ထဲက ဖိနပ်အောက်ခံပြားတွေချုပ်နေတာကိုသာ ကြည့်"


ကျန်းရှင်းလန် က ရှက်ကိုးရှက်ကန်းဖြင့်ပြောသည်။

" နင်ထန်၊ အစ်မလော စကားကို နားမထောင်နဲ့… သူက လျှောက်ပြောနေတာ… ငါ မတော်ပါဘူး…" 


နင်ထန်က ကျန်ရှင်းလန် ချုပ်နေသော ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။ သူမက ဖိနပ်ပေါ်တွင် ပန်းတစ်ပွင့်ပုံကို ချုပ်သီနေခြင်းပင်။


 "အစ်မလော နောက်နေတာ မဟုတ်ဘူး… နင် အရမ်းချုပ်တတ်ပါတယ်… သင်ပေးပါလား အဆင်ပြေရင်လေ…"


"ကိစ္စမရှိပါဘူး… အများကြီး အားထုတ်စရာမလိုပါဘူး… နောက်ပြီး ‌ဟိုတစ်ခေါက်တုန်းက နင်က ပင်လယ်စာတွေ အများကြီးပေးခဲ့တယ်မလား… သင်ပေးရတာ ဝမ်းသာမိပါတယ်၊ ဘာမှမဖြစ်ပါဘူး…"

 

ကျန်ရှင်းလန်က ပြောသည်။


နင်ထန် ပြောလိုက်ကတည်းက ကျန်ရှင်းလန်က ညွှန်ကြားချက်အချို့ကို ပေးခဲ့သည်။ နင်ထန် ကလည်း ဆန်းပြားအောင်လုပ်ရန် မတွေးတော့ဘဲ ရိုးရှင်းသော အင်္ကျီလက်တိုနှင့် ဘောင်းဘီတိုကိုသာ နှစ်စုံချုပ်လိုက်၏။


"အို၊ မဟုတ်‌သေးဘူး ကလေးတွေကို ကိုယ်တိုင်းဖို့ မေ့သွားတယ်…"


ကျန်ရှင်းလန်က နင်ထန်ထံမှ အထည်ကို ယူခဲ့သည်။

"အဆင်ပြေပါတယ်… ကလေးသုံးယောက်ကို ငါ အရင်က တွေ့ဖူးတယ်၊ အထည်ဖြတ်တာကို ကူပေးမယ်လေ…"


 á€Ąá€…á€şá€™á€œá€ąá€Ź : “ရှင်းလန် ရဲ့ မျက်လုံးတွေက ပေကြိုးလိုပဲနော်… သူ အထည်ဖြတ်မယ်ဆိုတာကို စိတ်မပူပါနဲ့…"


ကျန်ရှင်းလန် ဖြတ်တောက်ပြီးနောက် နင်ထန်က အပ်ချုပ်စက်နှင့်အထည်ချုပ်ရန် ကြိုးစားသည်။ အံ့သြစရာကောင်းသည်မှာ အဝတ်သုံးစုံက အတော်လေး အဆင်ပြေစွာ ထွက်လာလေသည်။


နင်ထန် အလုပ်ပြီးသောအခါ မေးလိုက်သည်။

" အစ်မလော ဘာတွေများ အလုပ်ရှုပ်နေတာလဲ…"


"သမီးအတွက် ကျောင်းလွယ်အိတ် ချုပ်ပေးနေတာ… ကျောင်းက နောက်နှစ်ရက်ဆိုဖွင့်ပြီလေ…"

 á€Ąá€…á€şá€™á€œá€ąá€Ź က ပြန်ဖြေသည်။


ကျန်ရှင်းလန် က နင်ထန်ကိုကြည့်ရင်း ပြောလိုက်သည်။

"တဝါက စက်တင်ဘာလဆို ပထမတန်းတက်ရမယ်… ဟုတ်တယ်မလား…"


နင်ထန်၏ နှလုံးခုန်သံက ဒိန်းကနဲပင် ဖြစ်သွားသည်။ တဝါက ဤကိစ္စကို ပြောဖူးသော်လည်း ရှန်းလေ့က ကျောင်းအပ်၊မအပ်ကို မသိသေးပေ။


"ဟုတ်တယ်..."


"အင်း၊ ကလေးတွေ ကြီးလာရင်... ပြီးတော့ ကျောင်းစတက်ရင် ဒုက္ခတွေ အများကြီး ဖြစ်တယ်…"


အစ်မလော က စကားဆက်ပြောသည်။ နင်ထန်မှာ နောက်ထပ်နားမထောင်နိုင်တော့ပေ။ ယခုက ဩဂုတ်လ ၂၈ ရက်နေ့ဖြစ်၍ ရက်အနည်းငယ်အတွင်း ကျောင်းစတက်ရတော့မည်ဖြစ်သည်။ သူမ ပြန်သွားပြီး ရှန်းလေ့ ကို ပြန်မေးရမည်ဖြစ်၍ အဝတ်သုံးစုံကို အမြန်ဆွဲယူကာ အစ်မလောနှင့် ကျန်ရှင်းလန်တို့အား နှုတ်ဆက်လိုက်သည်။


××××× 


ရှန်းလေ့ အိမ်သို့ပြန်လာသောအခါ နင်ထန်က မေးသည်။

"ဟုတ်လား။ ဒီနှစ် တဝါ ကျောင်းစတက်ရမှာလား…"


 â€œá€Ÿá€Żá€á€şá€á€šá€şâ€Śâ€ 


"သူ့ကို ကျောင်းအပ်ပြီးပြီလား…"


ရှန်းလေ့က သက်ပြင်းချလိုက်သည်။

"ကျောင်းအပ်ဖို့က... မေ့သွားတယ်… ကိုယ်က ဟိုမှာ အလုပ်တွေ အများကြီးလုပ်ရပြီး ပြန်လာတာ… မင်း အပ်ပေးလိုက်ပါလား…"


 "ရှင် ဘယ်လို‌တောင် ပြောရဲတာလဲ… သူက ရှင့်ရဲ့သားလေ၊ ကျွန်မ သား မဟုတ်ဘူး…" 


နင်ထန် မျက်လုံးကို လှိမ့်လိုက်သည်။


 "သူက ကိုယ့်သားဆိုပေမယ့်… မင်းရဲ့ သားပါပဲ… စိတ်မပူပါနဲ့ အဆင်ပြေပါတယ်… ကိုယ် သူ့ကို ကျောင်းအပ်ဖို့ ကူညီမယ်… အရမ်းနောက်မကျသေးပါဘူး…"


 "ဒီကိစ္စကို လောလောဆယ် မပြောနဲ့ဦး…"

နင်ထန် လက်ကို ယမ်းလိုက်ကာ အဝတ်သုံးစုံကို ကောက်ကိုင်လိုက်၍ သူ့ကိုပြသည်။

 "ဒါတွေကို ကျွန်မ ချုပ်ထားတာ… ကောင်းတယ်မလား…"


ရှန်းလေ့က စကားမပြောနိုင်အောင်ပင်။

 "အပေါ်မှာ ဒီဇိုင်းတစ်ခုလောက်ထည့်ရင် ပို ချစ်စရာကောင်းမယ်‌နော်… အင်္ကျီတွေက အရမ်းလှပါတယ်လို့ ပြောချင်ပေမယ့် ကိုယ့်အသိစိတ်က ခွင့်မပြုဘူး…"


"ရှင် နားမလည်ပါဘူး… ရိုးရိုးရှင်းရှင်းက ကျက်သရေရှိတယ်… သူတို့က အလှတရားကို တန်ဖိုးထားနိုင်တဲ့ အသက်အရွယ်မရောက်သေးဘူး… အဆင်ပြေတယ်…"


"တကယ်လို့ ရှင်မကြိုက်ရင် ရှင့်ဘာသာ ချုပ်လေ…"


ရှန်းလေ့ ရေရွတ်လိုက်သည်။

"ကိုယ် ဘာမှမပြောရဲတော့ပါဘူး…"


သူတို့ပြောနေကြစဥ် တဝါ၊အားနူနှင့် စန်းဝါတို့ ကစားပြီး အိမ်သို့ပြန်လာကြသည်။ တဝါက အိမ်ထဲသို့ ဝင်သည်နှင့်ပြောသည်။

" အဖေ ဗိုက်ဆာတယ် ဘာလဲ… နေ့လည်စာစားနေပြီလား…"


 "အဝတ်‌ချုပ်ပေးထားတယ်မလား…အဝတ်ကိုစားကြ..." 

ရှန်းလေ့က အဝတ်များကို တဝါဆီသို့ ပစ်ပေးလိုက်သည်။


"သားကို စန်းဝါလိုမျိုး အရူးလုပ်ရလွယ်တယ်ထင်နေလား…"


စန်းဝါ : " သားက အရူးလုပ်ရ မလွယ်ဘူး..."


နင်ထန် : "ကောင်းပြီ၊ ငြင်းခုံမနေနဲ့၊အပေါ်ထပ်မှာ အဝတ်သွားလဲကြ…"


တဝါနှင့် စန်းဝါတို့က အဝတ်အစားများနှင့်အတူ အပေါ်ထပ်သို့ အမြန်တက်ခဲ့သည်။ နင်ထန်က နေရာတွင်ရပ်နေသော အားနူကို တစ်ချက်ကြည့်လိုက်သည်။

"ဘာလို့ အပေါ်ထပ်ကို မတက်တာလဲ…အဝတ်မလဲဘူးလား…"


အားနူ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။

"သမီးအတွက် ပါတာလား… အဝတ်အစားသစ်တွေက မောင်လေးနဲ့အစ်ကိုကြီးအတွက်ပဲ မဟုတ်ဘူးလား…"


နင်ထန် က ရှန်းလေ့ကို တိတ်တဆိတ် စိုက်ကြည့်ကာ တိုးတိုးပြောသည်။

"ရှင့် ဇနီးဟောင်း သေတာ အရမ်းနောက်ကျတယ်လို့ ကျွန်မ ထင်တယ်…"


"ကောင်းပြီ၊ သေပြီးသားသူ အေးအေးနေပါစေ…"


နင်ထန် လည်ချောင်းရှင်းလိုက်သည်။

" ဒီနေ့ကစပြီး ငါတို့မိသားစုမှာ အဲဒီလို စည်းကမ်းတွေ မရှိတော့ဘူး… အဝတ်အစားအသစ်ဆိုလည်း ကလေးတွေအကုန် ရစေရမယ်… ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်…"


အားနူက ဝမ်းသာအားရဖြင့်အဝတ်အစားလဲရန် အပေါ်ထပ်ကို တက်သွားသည်။ ကလေးသုံးယောက်စလုံး အဝတ်လဲပြီးနောက် အောက်ထပ်သို့ ဆင်းလာကြသည်။ အရောင်အသွေးက အပြာနှင့် မီးခိုးရောင်သာ ဖြစ်၏။ အပေါ် ရှပ်အင်္ကျီလက်တိုက အပြာရောင်ဖြစ်ကာ ဘောင်းဘီတိုအတွက် မီးခိုးရောင်ကို အသုံးပြုခဲ့သည်။


အရောင်က သထူးထူးခြားခြား မဟုတ်သော်လည်း မျက်စိပသာဒဖြစ်ကာ အညစ်ပေခံသည်။ ကလေးများက အပြာရောင်ရှပ်အင်္ကျီနှင့် မီးခိုးရောင်ဖျော့ဖျော့ ဘောင်းဘီတိုကိုဝတ်ထားကာ သူတို့ မျက်နှာလေးများကလည်း ခပ်ဆင်ဆင်တူနေသည်။ ရှန်းလေ့၏ မျက်လုံးများ တောက်ပလာပြီး ခေါင်းညိတ်လိုက်သည်။

"တကယ်ကြည့်ကောင်းတယ်…"


"ဟုတ်တယ်၊ ဒါ ဘယ်သူချုပ်တာလဲဆိုတာ မမေ့နဲ့…"


"မင်း‌ရော ဘယ်တော့ ကိုယ့်အတွက် တစ်စုံချုပ်ပေးမလဲ…"


နင်ထန် သူ့ကို မျက်‌စောင်းဝင့်၍ ကြည့်လိုက်သည်။

"ရှင် လိမ္မာရင်ပေါ့…"


"ဘာကို ဆိုလိုတာလဲ…"

 

"ကျွန်မ သဘောကျအောင် တစ်ခုခုလုပ်ပေးလေ…"


"ဒါက ခက်တယ်… မင်း စိတ်ကျေနပ်ဖို့က မလွယ်ဘူး…"


နင်ထန် သူ့ကို ခပ်စူးစူးအကြည့်တစ်ချက် ပေးလိုက်သည်။

" ဒါဆို ညည်းညူမနေနဲ့၊ ရှင့်ဘာသာ ဟောင်းနွမ်းနေတဲ့ အတွင်းခံအင်္ကျီတွေသာ ဝတ်တော့…"


နောက်တစ်နေ့တွင် ရှန်းလေ့က တဝါအား ကျောင်းအပ်ပြီး သင်ရိုးညွှန်းတမ်းများနှင့် စာအုပ်များအားသယ်ကာ နှစ်ယောက်အတူ ပြန်လာခဲ့သည်။သူက စာအုပ်သုံးအုပ်ကို တဝါထံ ပေးလိုက်ရင်းပြောသည်။

 "စက်တင်ဘာလ ၁ ရက်နေ့ မနက် ၇း၃၀ ဆို ကျောင်းတက်ရမယ်၊ နောက်မကျနေနဲ့…"


တဝါက ပြဋ္ဌာန်းစာအုပ်များကို ပွေ့ဖက်ထားရင်း ဆိုလိုက်သည်။

"သား အချိန်မီသွားပါမယ်…"


တဝါက စိတ်လှုပ်ရှားပြီး အိမ်ထဲ၌ ပြေးနေသည်ကိုမြင်သော် နင်ထန်က ပြော၏။ 

 "ဘာတွေ အရမ်းစိတ်လှုပ်ရှားစရာကောင်းနေလို့လဲ… ငါဆို ကျောင်းတက်ဖို့အကြောင်းတွေးရင် မအိပ်နိုင်တော့ဘူး…"

 

"ဟို့မားနဲ့ သားက တူပါ့မလား…"


နင်ထန်က ပြုံးလိုက်သည်။

"နင် ပျော်ပျော်နေပြီး နှစ်သစ်ကူးကျရင် အမှတ်ကောင်းကောင်းနဲ့ ပြန်လာဖို့မျှော်လင့်ပါတယ်…"


အားနူက တဝါ၏စာအုပ်များကိုကြည့်ရင်း မျှော်လင့်ချက်တကြီး မေးလိုက်သည်။

"အစ်ကိုကြီး ကျောင်းသွားရတာ ပျော်စရာ ကောင်းလား…"


"ပျော်စရာကြီးပေါ့…"


"ကျောင်းသွားတဲ့အခါ နင့် စိတ်ကြိုက်ကစားလို့ရတယ်၊ သူငယ်ချင်းကလည်း အများကြီးပဲလို့၊ အစ်ကိုကြီး တဟူဆီက ကြားဖူးတယ်…"


အားနူက ရှန်းလေ့ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

"အဖေ သမီးလည်း ကျောင်းတက်ချင်တယ်…"


ရှန်းလေ့က သူမ၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။

 "သမီးက အသက်မပြည့်သေးဘူးလေ… နောက် နှစ်ပိုင်းအတွင်း အဖေ အပ်ပေးမှာပါ…"


နင်ထန်က သူမကို နှစ်သိမ့်လိုက်သည်။

"ကစားချင်ရင် တဝါ ကျောင်းသွားတုန်း ပင်လယ်ကမ်းစပ်တို့၊ တောင်ခြေတို့ဆီကို ခေါ်သွားပေးမယ်…"


"စန်းဝါလည်း သွားမယ်…"

စန်းဝါက ပြောသည်။


နင်ထန်က ပြုံးလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ အားလုံးသွားနိုင်ပါတယ်…"


တဝါက စိတ်ဆိုးသလိုဖြင့် သူ့လက်နှစ်ဖက်ကိုပိုက်ထားသည်။

" ဘာလို့ သား ကျောင်းသွားတဲ့အခါမှ အားလုံး အပြင်ထွက်ပြီးကစားတာလဲ…"


"နင်က ကျောင်းသွားမှာလေ အခုဆို သူများတွေကိုတောင် ကြွားလို့ရပြီ…"


" သားက မကြွားပါဘူး..."

တဝါက နှုတ်ခမ်းစူလိုက်သည်။

"ဟုတ်သားပဲ သား သူများတွေကို ကြွားရဦးမှာပဲ…"


သူက ကျောင်းစာအုပ်ကို ဝှေ့ယမ်းပြီးနောက် တံခါးဝမှ ပြေးထွက်သွားသည်။ နင်ထန်က လှမ်းအော်လိုက်သည်။ 

"စာအုပ်တွေကို သတိထားနော်… မဟုတ်ရင် နင့်းးအဖေက ရိုက်လိမ့်မယ်…"


ရှန်းလေ့ : "ကိုယ့်က အဲ့လောက်ကြမ်းတမ်းတာလား…"


"မဟုတ်ပါဘူး… ဗိုလ်ကြီးရှန်းကျွန်မတို့ နေ့လည်စာ ဘာစားကြမလဲ…"


"အဲဒါကို မင်းကို မေးသင့်တာ… အခုက မင်း ဟင်းချက်ဖို့အလှည့်ပဲ…"


"ကောင်းပြီလေ ဟော့ပေါ့ချက်မလား…"


"ဒီလိုပူတဲ့နေ့မှာ မင်းက ဟော့ပေါ့စားချင်တာလား…" 


" ကျွန်မ ထမင်းစားချင်စိတ် သိပ်မရှိလို့… ဒါဆို အစ်မလောရဲ့ခြံကိုသွားပြီး သခွားသီးနဲ့ ခရမ်းချဉ်သီးတချို့ သွားယူပြီး လန်းဆန်းသွားအောင် အရံဟင်းတစ်ခု လုပ်ရမလား…" 


"အဲဒါလည်းကောင်းတယ်…"

ရှန်းလေ့က သဘောတူသည်။


ထိုအခါမှ နင်ထန်က တစ်ခုခုကို သတိရသွားသည်။ 

" စကားမစပ် ရှင် တဝါအတွက် ကျောင်းလွယ်အိတ်ဝယ်ခဲ့‌သေးလား…"


ရှန်းလေ့က မဆိုင်းမတွဘဲ ပြန်ဖြေသည်။

 "မဝယ်ရသေးဘူး…"


နင်ထန် မယုံနိုင်စွာနှင့်ထပ်မေးသည်။

"ဒါဆို ခဲတံတို့ စာအုပ်တို့ရော… အဲဒါတွေလည်း မဝယ်လာဘူးလား…"


"ဟုတ်တယ်၊မင်းပြောတော့ ကျောင်းအပ်ပေးရင် ရပြီဆို...ကိုယ်လည်း အဲ့ဒါတွေကို ကျောင်းကပေးမယ်လို့ ထင်နေတာ…"

ရှန်းလေ့၏အသံက အပြစ်ရှိစိတ်ကြောင့် တိုးလျသွာ၏။ 


"ဒါဆို ကျွန်မ ရှင့်ကို ထမင်းကျွေးရင်… ထမင်းချည်းကျွေးတာလား…ဟင်းမကျွေးလို့လား…"


"အဲဒါတော့..."


"ကဲ အခု ကျွန်မ နေ့လယ်စာချက်မှာဆိုတော့ ထမင်းမစားခင်… ကျောင်းလွယ်အိတ်၊ မှတ်စုစာအုပ်၊ ခဲတံအားလုံး သွားဝယ်…"


"ဟုတ်ကဲ့ပါ မဒမ်…"

ရှန်းလေ့က မတ်တတ်ထရပ်ရင်း အလေးပြုလိုက်သည်။


နင်ထန် အစ်မလော၏အိမ်မှ ပြန်ရောက်သောအခါ ရှန်းလေ့လည်း လက်တစ်ဖက်တွင် ကတ်ထူသေတ္တာကြီးကိုသယ်လာသည်။

"ကြည့်ပါဦး၊ ဒါဆို လောက်လား…"


နင်ထန် အထဲကို ချောင်းကြည့်ရာ မှတ်စုစာအုပ်များနှင့်ခဲတံများ အပြည့်ထည့်ထားတာကြောင့် သူမ အလွန်အံ့ဩသွားရ၏။


"သမဝါယမဈေးတခုလုံးများ ဓားပြတိုက်လာတာလား..."


ရှန်းလေ့ကို သူ အမြောက်အများဝယ်လာမိသည်ကို သဘောပေါက်သွား၍ ရှက်ရှက်နှင့် ခေါင်းကုတ်လိုက်သည်။

" ရပါတယ် ဒါတွေက ပုတ်သွားမှာမှ မဟုတ်တာ…"


နင်ထန်က ပြောသည်။

 "အဆင်ပြေပါတယ်...များတော့လည်းကောင်းတာပေါ့…အဲဒါကို အားနူ ကျောင်းတက်တော့လည်း သုံးနိုင်တယ်… စန်းဝါအလှည့်ထိပါ သုံးရနိုင်တယ်…"


ရှန်းလေ့က အပြစ်ရှိသလို ခံစားရပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။

 "ဗိုက်ဆာလို့ ထမင်းချက်ရအောင်… မြန်မြန်…"


" ရှင် ခေါက်ဆွဲအေး ဘယ်လိုလုပ်ရမယ်ဆိုတာသိလား…သခွားသီးသုပ်ရယ်၊ ခရမ်းချဉ်သီး သကြားဖြူးထားတာလေးရယ်ကို ခေါက်ဆွဲအေးနဲ့စားမယ်ဆို လန်းဆန်းပြီး စားချင်စိတ်ဖြစ်တယ် နွေရာသီအတွက် အသင့်တော်ဆုံးပဲ…"


သူမ ထိုအကြောင်းပြောပြသည်နှင့်ပင် ရှန်းလေ့က သွားရည်ယိုလာသည်။ သူ အင်္ကျီလက်ကိုခေါက်တင်ပြီး ပြောလိုက်သည်။

" ခေါက်ဆွဲအေးလေးပဲမလား… ‌ဒီနေ့တော့ ကိုယ့်အစွမ်းအစတွေ ပြရမယ်…"


သူတို့နှစ်ယောက်က အတူတူချက်ပြုတ်ခဲ့ကြသည်။ နင်ထန်က သခွားသီးသုပ်နှင့် ခရမ်းချဉ်သီးသကြားဖြူးကို ပြုလုပ်နေစဉ် ရှန်းလေ့က ခေါက်ဆွဲအေးကို ပြင်ဆင်နေသည်။ သူတို့နှစ်ယောက်က အချိန်နာရီဝက်အတွင်း ပြီးသွားကြသည်။ 


ရှန်းလေ့က ခေါက်ဆွဲအေးကို မီးဖိုချောင်ထဲမှထုတ်လာပြီး ဧည့်ခန်းကို တစ်ချက်လှမ်းကြည့်သည်။

" တဝါ ခုထိ ပြန်မရောက်သေးဘူးလား…"


" စားစရာနံ့ရတာနဲ့ သူ ပြန်ရောက်လာပါလိမ့်မယ်…"

နင်ထန့်စကားဆုံးသည်နှင့် တံခါးဝမှ အသံကြားလိုက်ရသည်။

" ကြည့်ပါဦး ပြောရင်းဆိုရင်း…"


တဝါက ခဏတာ လှည့်ပတ်ကြွားဝါပြီးနောက် ပြန်ရောက်လာခဲ့သည်။ သူ ဗိုက်ဆာလွန်းသောကြောင့် အစာအိမ်က တကျုတ်ကျုတ်မြည်နေ၍ အမြန်ထိုင်ချလိုက်ပြီး ခေါက်ဆွဲအေးကို ပါးစပ်အပြည့်တစ်လုတ်စားလိုက်သည်။

" အရသာရှိလိုက်တာ…"


နင်ထန်က ရယ်လိုက်သည်။

" နင့်ပါးစပ်ထဲမှာ အရသာမရှိတာ ဘာရှိသေးလဲ…"


တဝါက ရယ်စရာကောင်းသည့်မျက်နှာမျိုးလုပ်ပြီး ရှန်းလေ့ကို ကြည့်လိုက်သည်။

" အဖေ ညစာအတွက်ပါ ခေါက်ဆွဲအေးစားရအောင်နော်…"


ရှန်းလေ့ : " ငါတို့တွေ ညစာအတွက် ခေါက်ဆွဲအေးစားလို့မဖြစ်ဘူး… အဲ့အစား တဝါကို ပေါင်းပြီးစားကြမှာ…"


တဝါက တစ်ဖက်လှည့်ပြီး နင်ထန့်ကိုတိုင်သည်။

" ဟို့မား… အဖေကသားကို ချက်စားချင်တယ်တဲ့…"


ရှန်းလေ့ ရယ်လိုက်သည်။

" သူ့ကို သွားတိုင်လည်း အလုပ်မဖြစ်ဘူး… သူ ပျော်ပျော်ရွှင်ရွှင်နဲ့ မီးမွှေးပေးလိမ့်မယ်…"


"တကယ်ကြီးလား..."

တဝါ မယုံကြည်နိုင်တော့ပေ။ 


ရှန်းလေ့ ပင်လယ်ပြင်သို့ ခရီးထွက်သွားစဉ်တွင် တဝါက နင်ထန်နှင့်အတူ ငြိမ်းချမ်းရေးထူထောင်ထားနိုင်ခဲ့ပြီးဖြစ်သည်။ 


" တကယ်ပေါ့…"

နင်ထန်က တဝါ၏ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်သည်။

" နင် ဘယ်လောက်တောင် ဝကစ်နေလဲ ကြည့်လိုက်ဦး… နင့်ကို ချက်လိုက်ရင် ငါတို့ ၃နပ်လောက် စားလို့ရပြီ…"


အားနူက ပန်းကန်လုံးကိုကိုင်ထားလျက် ကြောင်အအဖြင့်ပြုံးလိုက်၍ တဝါက စိတ်ကောက်သွားသည်။

" နင် ဘာလို့ရယ်နေတာလဲ… ငါ့ကိုချက်စားပြီးရင် နင့်ကို ချက်စားကြမှာ…"


အားနူက သူ့လက်ထဲက ပန်းကန်လုံးကိုပင် သေချာမကိုင်နိုင်တော့ဘဲ အမြန်ပြောလိုက်သည်။

" အားနူကို ချက်မစားကြပါနဲ့…"


" ဆိုးတဲ့သူတွေက အရင်ဆုံးချက်စားခံရမယ်… နင်တို့သုံးယောက် ငါတို့မိသားစုအတွက် အရေးပေါ်ရိက္ခာပဲ..."

နင်ထန်က သူတို့ကို စနောက်လိုက်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် တဝါ ကျောင်းစတက်ရမည့်နေ့သို့ ရောက်လာခဲ့သည်။


တဝါက ယမန်နေ့ညက အလွန်စိတ်လှုပ်ရှားနေသဖြင့် မအိပ်ရသေးပေ။ သို့သော် နောက်နေ့မနက်တွင် စွမ်းအင်များအပြည့် ဖြစ်နေခဲ့သည်။ နင်ထန်က သမ်းဝေနေလျက် ပြောလိုက်သည်။

" ငယ်ရွယ်ရတာ ကောင်းလိုက်တာနော်…"


တဝါက ပြဌာန်းစာအုပ်များထည့်ထားသည့် ကျောပိုးအိတ်လေးကို ကျောပေါ်လွယ်ပြီး လက်ပြလိုက်သည်။

" သား ကျောင်းသွားတော့မယ်…"


ရှန်းလေ့က မေးလိုက်သည်။

" ကျောင်း ဘယ်မှာလဲဆိုတာတော့ သိတယ်မလား…"


နင်ထန် : " သူ ကျွန်းပေါ်မှာ နေ့တိုင်းကစားနေတာပဲ… ရှင့်ထက်တောင်ပိုပြီး ဒီကလမ်းတွေနဲ့ ရင်းနှီးသေးတယ်၊ စိတ်အေးလက်အေးနေပါ…"


ရှန်းလေ့က ရေရွတ်လိုက်သည်။

" မဟုတ်သေးဘူးလေ အခုက ကျောင်းပထမဆုံးတက်ရမယ့်နေ့ဆိုတော့ ကိုယ် သူ့ကို လိုက်ပို့သင့်တယ်ထင်တယ်…"


နင်ထန် မျက်ဆံလှန်လိုက်ပြီး သူက အစိုးရိမ်လွန်နေသည်ဟု တွေးလိုက်မိသည်။


သူတို့ ခြံရှေ့တံခါးရှိရာသို့ အတူတူသွားပြီး တံခါးကို ဆွဲဖွင့်လိုက်လျှင် လမ်းတစ်ဖက်မှ စုမိသားစုကို တွေ့လိုက်ရသည်။ နင်ရွှယ်က စုကွမ်းကျုံးနှင့် စုယောင်ကျူးတို့ကိုခေါ်၍ အိမ်ထဲမှ ထွက်လာသည်။


ထိုကလေးနှစ်ယောက်ကလည်း တဝါကဲ့သို့ပင် ကျောပိုးအိတ်များလွယ်ထားသည်။ သူတို့လည်း ကျောင်းသွားကြမည်ဖြစ်သည်။


စုကျွင်းယန်၏အမြွှာများက တဝါနှင့် သက်တူရွယ်တူဖြစ်သည်ကို နင်ထန်အမှတ်ရသွားသည်။ သို့ဖြစ်၍ သူတို့ကလည်း ယခုနှစ်တွငိ ပထမတန်း စတက်ကြမည်ဖြစ်သည်။


နင်ရွှယ်ကလည်း နင်ထန်ထွက်လာသည်ကိုမြင်လိုက်၍ အမြွှာနှစ်ယောက်၏ အင်္ကျီများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးရင်း အသံကိုမြှင့်ပြောလိုက်သည်။

" ကျောင်းရောက်ရင် ဆရာမပြောတဲ့စကားကို နားထောင်ရမယ်နော်၊ ပြဿနာ မရှာရဘူး၊ အတန်းဖော်တွေကို အနိုင်မကျင့်ရဘူး၊ စာသေချာလေ့လာပြီး လူ့အဖွဲ့အစည်းမှာ အသုံးဝင်တဲ့လူ နေရမယ်…"


သူမ ပြောနေသည့်စကားများကို အမြွှာနှစ်ယောက်က နားလည်ပါ့မလားဟု နင်ထန် တွေးနေမိသည်။ ဤအသက်အရွယ်ကလေး ၁၀ယောက်တွင် ၉ယောက်က ကစားရန်အတွက် ကျောင်းသွားကြခြင်းဖြစ်သည်။


ထင်ထားသည့်အတိုင်းပင် စုကွမ်းကျုံးက ခေါင်းစောင်းပြီး နင်ရွှယ်ကို မေးလိုက်သည်။

" လူ့အဖွဲ့အစည်းမှာ အသုံးဝင်တဲ့လူဆိုတာ ဘာလဲ အမေ…"


နင်ရွှယ်က နင်သွားပြီး ခဏနေမှ ပြောလိုက်သည်။

" နောက်ကျတော့မယ် ကျောင်းမြန်မြန်သွားရအောင်…"


နင်ထန်က တဝါ၏ခေါင်းကို ပုတ်ပေးလိုက်သည်။

" ကျောင်းမှာ ပျော်ပျော်ကစားခဲ့နော်…"


တဝါက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ… ဟို့မား သား နေ့လယ်စာစားဖို့ ပြန်လာရင် ပြင်ဆင်ပေးထားနော်…"


နင်ထန် : " နင် ကျောင်းပထမဆုံးတက်တဲ့နေ့ အထိမ်းအမှတ်နဲ့ အရသာရှိတာတစ်ခုခု လုပ်ထားပေးမယ်…"


တဝါ၏မျက်လုံးက အရောင်လက်သွားသည်။

" ဘယ်လိုအရသာရှိတာလေးလဲ..."


နင်ထန်က မျက်လုံးများ မှေးကျဉ်းလိုက်သည်။

" နင် အခုသွားမယ်ဆိုရင် ငါ နေ့လယ်စာအတွက် မျှစ်နဲ့ ဝက်သားမွှေကြော် ချက်ပေးထားမယ်…"


" သားအခုပဲ သွားပြီ…"

တဝါက ကျောပိုးအိတ်လေးကို လွှဲယမ်းပြီး အမြန်ပြေးထွက်သွားသည်။ 


ရှန်းလေ့က ယခင်တစ်ခေါက်က ပင်လယ်စာခေါက်ဆွဲကြော်ကို သတိရသွားပြီး လျှာသပ်လိုက်မိသည်။

" မင်း ဒီနေ့ဘာချက်မှာလဲ…"



🏝️🏝️🏝️