Chapter 27
Viewers 4k

🏝️ Chapter 27

ညဘက် စကားပြောကြခြင်း



"အဖေ အသားပိုမည်းလာတယ်…"

ရှန်းလေ့က အားနူကို ပြန်ချလိုက်ပြီး သူ့မျက်နှာကိုထိလိုက်သည်။


 "ဟုတ်လား…"


နင်ထန်ကလည်း သူ့ကို စိုက်ကြည့်နေကာပြောသည်။

 "ဟုတ်တယ်…တော်တော် မည်းလာတယ်…"


ရှန်းလေ့က မူလတည်းက အသားညိုသော်လည်း အချိန်အတော်ကြာ ပင်လယ်ထဲတွင် နေပူမရှောင်၊ မိုးရွာမရှောင် လေ့ကျင့်ထားသဖြင့် အသားပိုမည်းလာသည်။


"အခုမည်းလည်း ဆောင်းရောက်ရင် ပြန်ဖြူလာမှာပါ၊ ခုနက မင်းတို့ ငါပြန်လာတာနဲ့ တစ်ခုခုလုပ်မယ်ဆို..."


" ဟို့မားက ပြောထားတာပါ… အဖေ ပြန်လာရင် ရလာတဲ့လစာနဲ့ သားတို့အတွက် ခေါက်ဆွဲခြောက်မွှေကြော် လုပ်ကျွေးမယ်တဲ့…"


 "ခေါက်ဆွဲခြောက်မွှေကြော်လား…"


"အဲဒါက သမဝါယမမှာ ရောင်းတဲ့ ခေါက်ဆွဲထုပ်လေ… အဖေ ခရီးထွက်တုန်းက သူက သားတို့အတွက် ချက်ပေးဖူးတယ်… သားတို့အရမ်းကြိုက်တာ… အရမ်းစားချင်လို့ ဟို့မားက အဖေပြန်လာမှ ထပ်ကျွေးမယ်လို့ ပြောထားတာပါ…"


ရှန်းလေ့ ခေါင်းညိတ်လိုက်သည်။  

"နောက်တော့ အဖေ တပ်ထဲကိုသွားရဦးမှာ… ဒါဆို သမဝါယမစတိုးဆိုင်မှာ ခေါက်ဆွဲထုပ်ဝယ်ပေးမယ်လေ…"


တဝါ၏ မျက်လုံးများ တောက်ပလာသည်။

"အဖေ၊ အများကြီးဝယ်ပေးနော်၊ သားတို့ နေ့တိုင်း ခေါက်ဆွဲခြောက်စားမယ်…"


ရှန်းလေ့က တဝါ စိတ်လှုပ်ရှားနေပုံကို ကြည့်နေမိသည်။သူ့သားလေး ယခုလို စိတ်အားမထက်သန်သည်မှာ အတော်ကြာနေပေပြီ။


“ဒါဖြင့် ရှင် လမ်းရောက်ရင် ပုစွန်နဲ့ ရေဘဝဲလည်းဝယ်ခဲ့ပေါ့..."

နင်ထန် ပြောလိုက်သောကြောင့် ရှန်းလေ့က စကားမပြောနိုင်တော့ပေ။


"ကိုယ်က အခုမှ ပင်လယ်ကပြန်လာတာလေ…အခုတည်းက ခိုင်းနေပြီလား…"


နင်ထန် သူ့ကို စိုက်ကြည့်နေသည်။

"ရှင်က ကလေး သုံးယောက်ကို အိမ်မှာထိန်းရတာ လွယ်တယ်လို့ ထင်တယ်လား… ဒါဆို ရှင် အလုပ်လဲချင်လား…"


ရှန်းလေ့ လက်နက်ချလိုက်သည်။

"ကောင်းပြီ ကောင်းပြီ… ကိုယ် မင်းနဲ့ ငြင်းလို့ မရဘူး… ပုစွန်၊ ပြည်ကြီးငါး၊ တခြားရော ဘာတွေလိုသေးလဲ…"


"နောက်ပြီး ကမာကောင်ဝယ်ပေး ..ခေါက်ဆွဲခြောက်ထဲကို ကမာကောင်ထည့်စားရင် သိပ်ကောင်းတယ်…" 


 "ကောင်းပြီ…" 


ရှန်းလေ့က ပြန်ဖြေသည်။ မွန်းတည့်ခါနီးတွင် ခေါက်ဆွဲခြောက်ထုပ်ပေါင်းများစွာနှင့်အတူ အခြားပစ္စည်းများဖြင့် ရှန်းလေ့ ပြန်ရောက်လာသည်။


ရှန်းလေ့ : "အမလေး ဈေးကြီးလိုက်တဲ့ ခေါက်ဆွဲ‌ခြောက်တွေ…"


ခေါက်ဆွဲခြောက်ကို ဈေးကြီးမည်ဟု သူ မထင်ထားချေ။ တစ်ထုပ်ကို ဆင့်၈၀ ပေးရ၏။ နင်ထန်နှင့် ကလေး သုံးယောက်က စားချင်သည်ဆို၍သာ သူ ဝယ်လာရခြင်းပင်။


နင်ထန် အိတ်ထဲသို့ လှမ်းကြည့်လိုက်သည်။

"ဘယ်လောက်ဝယ်လာတာလဲ…"


"သုံးထုပ်၊ သမဝါယမစတိုးမှာ ဒါပဲကျန်တော့တယ်…"

ရှန်းလေ့က ပြောသည်။


နင်ထန်က သူမ၏ အင်္ကျီလက်များကို လှန်လိုက်သည်။

"သုံးထုပ်က မလောက်ဘူး… ရှင်ပါ စားကြည့်…ကြိုက်သွားမယ်…" 


"ဟင် ဟုတ်ပါ့မလား…"


"တဝါ၊ အားနူ၊ စန်းဝါ နင်တို့ ငါလုပ်ထားတဲ့ခေါက်ဆွဲကိုကြိုက်လား…"


တဝါက ခေါင်းညိတ်လိုက်သည်။

"စားလို့ကောင်းတယ်…"


"တွေ့လား…" 


"တကယ်လား..."

ရှန်းလေ့ကတော့ စိတ်ထဲတွင် သံသယတစ်ဝက်ကျန်သေးသည်။ နင်ထန်က နေ့တိုင်းပင်လယ်စာသာ ချက်ကျွေးတတ်ခြင်းပင်။ 


"ရှင် မယုံရင် ကျွန်မနောက်မှ သက်သေပြမယ်…"


နင်ထန်က အသီးအရွက်များကို မီးဖိုချောင်ထဲသို့ယူလာပြီး ခေါက်ဆွဲခြောက်ထုပ်ကိုဖွင့်ကာ ခေါက်ဆွဲကို သပ်သပ်ခွဲထုတ်၍ ဟင်းခတ်ထုပ်များကို ထုတ်သည်။ ထို့နောက် ရေဆူအောင်တည်သည်။ ရေဆူအောင်စောင့်ရင်း ပင်လယ်စာများ၏ အခွံများနှင့် သွေးကြောများကို ဖယ်ရှားကာ ပုစွန်၊ ပြည်ကြီးငါးကို ပါးပါးလှီးထားသည်။ ပုစွန်အသားကို ပြုတ်ရန် ဖယ်ထားကာ ပြည်ကြီးငါးအကွင်း ဂုံးများနှင့် ပုံထား၏။ ထို့နောက် နောက်ထပ် ရေထပ်တည်ကာ ခေါက်ဆွဲထည့်ပြီးသည်နှင့် နူးအောင်ပြုတ်သည်။ ပြီးလျှင်ဆယ်ယူကာ ရေအေးနှင့် ဆေးကြောရ၏။


ဤအဆင့်များပြီးသွားလျှင် နင်ထန်က ဒယ်အိုးတစ်လုံးထဲတွင် ဆီနှင့် ပါးပါးလှီးထားသော ကြက်သွန်ဖြူကို ထည့်ကာ ဆီသတ်သည်။ ဆီစင်မည်စိုး၍ မစင်အောင် ဒယ်အိုးအဖုံးဖြင့် သူမ မျက်နှာကို ကာထားလိုက်သည်။


ရှန်းလေ့က သူမကိုကြည့်ရင်း မနေနိုင်တော့ဘဲ လက်ထဲက ယောင်းမကိုယူလိုက်သည်။

 "ကိုယ် လုပ်ပါရစေ… မင်း ဒီလိုမျိုးအချိန်တိုင်း ကြောက်နေတာလား…"


 "မကြောက်ဘဲ နေမလား… စောစောကသာ ကျွန်မ မလျင်ရင် ဆီပူတွေ စင်ကုန်မှာပေါ့…"


"အဲဒါက အိုးထဲမှာ ရေရှိလို့စင်တာပါ… ခဏနေရင် မစင်တော့ဘူး၊ နောက်တစ်ဆင့်က ဘာလဲ…"


နင်ထန် ဒယ်အိုးအဖုံးကို ချလိုက်သည်။

"ကောင်းပြီ ကျွန်မလုပ်မယ်…"


သူမက ပြည်ကြီးငါးအကွင်းများကို စက္ကန့်အနည်းငယ်မွှေကြော်သည်။ ထို့နောက် ဆား နှင့် ငံပြာရည်ထည့်ကာ ပုစွန်၊ကမာကို အကုန်ကြော်သည်။ မကြာမီ ခေါက်ဆွဲခြောက်ထည့်ကာ အမြန်မွှေကြော်သည်။ မွှေးရနံ့အတွက် ခရုဆီထည့်လိုက်၏။


 "ဝါး မွှေးလိုက်တာ…"

တဝါ၊အားနူနှင့် စန်းဝါက မီးဖိုခန်းထဲသို့ အမြန်ပြေးဝင်လာသည်။ ရှန်းလေ့က သူတို့ကို တားလိုက်သည်။

 "တံခါးဝမှာ စောင့်ပါဦး… မီးဖိုချောင်က သေးသေးလေး… မင်းတို့ဝင်လာရင် ငါတို့နေစရာရှိမှာမဟုတ်ဘူး..."


ကလေးသုံးယောက်က တံခါးဝတွင် နာခံစွာဖြင့် စောင့်နေကြသည်။


ဩဂုတ်လကုန်တွင် ရာသီဥတု ဖောက်ပြန်နေ၍ မီးဖိုချောင်က ပူနေသည်။ မီးဖိုချောင်ထဲမှာသာ အချိန်အတော်ကြာအောင်နေနေရ၍ နင်ထန် ချွေးများ တဒီးဒီးထွက်လာသည်။


မကြာမီမှာပင် ရှန်းလေ့က ပင်လယ်စာ ခေါက်ဆွဲကြော် ပန်းကန်ပြားနှင့် အခြားဟင်းလျာအနည်းငယ်ကို စားပွဲပေါ် ယူလာလေသည်။


တဝါက ဗိုက်ဆာနေသူဖြစ်ကာ နေပင်မနေနိုင်တော့‌ချေ။ရောက်လာလာချင်း ပင်လယ်စာ ခေါက်ဆွဲကြော်ကို အတင်းစားတော့သည်။


ရှန်းလေ့ အံ့သြသွားသည်။

"တကယ်အရသာရှိတာလား…"


ပင်လယ်စာနဲ့ အသင့်စားခေါက်ဆွဲက တကယ် အရမ်းအရသာရှိတာလား…


မယုံကြည်မှုတစ်ဝက်ဖြင့် သူ ပင်လယ်စာခေါက်ဆွဲမွှေကြော်ပန်းကန်ကို ကောက်ကိုင်လိုက်သည်။ တစ်ဇွန်းမြည်းစမ်းကြည့်သည့်အခိုက် ထိမိသော အရသာကြောင့် အံ့အားသင့်ခဲ့ရသည်။ သူ မအောင့်ဘဲ တစ်လုတ်ပြီးတစ်လုတ်စားတော့သည်။ 


နင်ထန်က ဂုဏ်ယူစွာနှင့် ပြောသည်။

"ဘယ်လိုလဲ အရသာရှိတယ် မလား…"


၎င်းက ချဲ့ကားခြင်းမဟုတ်ပေ။ နင်ထန်က ခေါက်ဆွဲခြောက်ကို အတော်ပင် ချက်ပြုတ်တတ်၏။ သူမချက်သော ခေါက်ဆွဲခြောက်က အတော်ကောင်းကြောင်း သူမ၏ သူငယ်ချင်းများ အားလုံး ပြောကြသည်။


ရှန်းလေ့ ပြန်ပင်မဖြေအားဘဲ လက်မထောင်ကာ ထောက်ခံလိုက်၏။ နင်ထန်က ခေါက်ဆွဲချည်းစားနေသော ရှန်းလေ့ကို သတိပြုမိကာ ပင်လယ်စာကြော်တစ်ဇွန်းကို ခေါက်ဆွဲပေါ်တွင် တင်လိုက်သည်။


 "စားကြည့်... ပြည်ကြီးငါးလေးက ပန်ကိတ်လိုပဲ…"


ရှန်းလေ့ နောက်ဆုံးတွင် သိလိုက်ရသည်က၊ နင်ထန်က သမားရိုးကျ ဟင်းမချက်တတ်သော်လည်း အချို့ဟင်းများကိုမူ ချက်ပြုတ်တတ်ကြောင်းပင်။


အရသာရှိသော ပင်လယ်စာနှင့်အတူ ခေါက်ဆွဲသားက အတော်စွဲမက်စရာပင်။


အားနူနှင့် စန်းဝါက အသက်ကငယ်သေး၍ ပင်လယ်စာ ခေါက်ဆွဲကြော်ကို အနည်းငယ်သာစား၍ ဗိုက်ပြည့်သွားကြသည်။ 


စားသောက်ပြီးသော် ရှန်းလေ့နှင့် နင်ထန်က စားပွဲဝိုင်းမှ ဟင်းပွဲများကိုကြည့်ရင်း အကြည့်ချင်းဖလှယ်ကြသည်။


"ကိုယ်က ပင်လယ်ကနေ အခုမှ ပြန်လာတာ… ကိုယ့်ကို ပန်းကန်ဆေးခိုင်းတာတော့ မဖြစ်သင့်ဘူးမလား… ဒါ နေ့လယ်စာလေ သဘောတူထားတဲ့အတိုင်းဆို မင်းမှာ နေ့လယ်စာ ပန်းကန်တွေဆေးဖို့ တာဝန်ရှိတယ်…"


နင်ထန် စိတ်တိုသွား၏။ 

"အင်း ရှင် မရှိတုန်းက ကျွန်မမှာ နေ့လည်စာရော၊ညစာရော ဟင်းချက်ရတယ်… ပန်းကန်လည်းဆေးတယ်… ရှင် ကျွန်မကို အကြွေးတင်နေပြီ…"


ရှန်းလေ့ : "ကိုယ်တို့သဘောတူထားတာက မင်းကို လစာနဲ့ ထောက်ပံ့ကြေးပေးမယ်လို့ပြောတယ်လေ…ဒါကြောင့် ကိုယ် ပင်လယ်ကိုသွားတုန်း မင်းက အိမ်မှုကိစ္စလုပ်ရမယ်လေ…"


"ဘာလဲ… ပိုက်ဆံအကြောင်း ဘာလို့လာပြောနေတာလဲ… ရှင် ခရီးထွက်တုန်းက ကျွန်မ ဝေယျာဝစ္စတွေလုပ်ထားတာ… အခု ရှင် ပြန်လာပြီလေ…"


 "ဒီနေ့တော့ မင်းလုပ်လိုက်ပါ… ကိုယ် လစာရတာနဲ့ မင်းကို ပေးမယ်လေ…" 


" ပိုက်ဆံ မတွေ့မရချင်းတော့ မရဘူး… ရှင် မြန်မြန် ထပြီး ပန်းကန်တွေဆေးပါ…"


"ကလေးတွေလည်း မကူခိုင်းနဲ့နော်… ရှင် အဝေးမှာရှိနေတဲ့အချိန် သူတို့က ကျွန်မကို အများကြီးကူညီခဲ့တာ…"


ရှန်းလေ့ : " နင်ထန် ဒီကျွန်းက မိသားစုတိုင်းက ဇနီးတိုင်း ပန်းကန်ဆေးပြီး အိမ်မှုကိစ္စလုပ်တယ်…"


"ယောက်ျားတွေလည်း ပန်းကန်မဆေးရဘူးလို့ မသတ်မှတ်ထားပါဘူးနော်… ဆိုရိုးစကားအတိုင်းဆိုရင်၊ ကိုယ့်အိမ်ကိုယ်တောင် မသန့်ရှင်းနိုင်ရင် ဒီလောကကို ဘယ်လို သန့်ရှင်းစေနိုင်မလဲ… ရှင် ပန်းကန်ကို သေသေချာချာမဆေးတတ်ရင် ရှင်က တိုင်းပြည်အတွက် အကျိုးပြုဖို့ဆိုတာ သေချာပါ့မလား…"


"ဒီကိစ္စနှစ်ခုကို မရောနှောသင့်ဘူး… ကိုယ် ပြောချင်တာကျတော့ အိမ်မှုကိစ္စဆိုတာ သေချာပေါက် ယောက်ျားတွေနဲ့မဆိုင်ဘူး…"


"သေချာပေါက် မိန်းမတွေနဲ့လည်း မသက်ဆိုင်ပါဘူး…"


နင်ထန် စားပွဲအပြည့်ရှိနေသော ပန်းကန်များကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

" ဒါပေမယ့် ကြည့်မနေနိုင်သူနဲ့ ဆိုင်တယ်လို့ဆိုရမယ်…"


"ကိုယ်တို့ ဆက်ပြီး ငြင်းခုံနေမယ်ဆိုရင် ဟင်းပွဲတွေ နံစော်လာလိမ့်မယ်နော်…"


နင်ထန် : "ဟုတ်တယ်… ရှင်နဲ့ ငြင်းခုံနေမယ့်အစား ပန်းကန်တွေ ဆေးကြောလိုက်ရင် ပြီးတာ ကြာပြီ…"


"တာဝန်ထမ်းဆောင်နေတဲ့ စစ်သားကို အိမ်မှုကိစ္စလုပ်ခိုင်းတာ မင်းပဲ ရှိတယ်…"


"ဗိုလ်ကြီးရှန်း၊ ကျွန်မ တစ်ကြိမ်ထပ်ပြောပါရစေ… ကလေးတွေကို ပြုစုစောင့်ရှောက်ပြီး အိမ်မှုကိစ္စလုပ်ရတာ မလွယ်ဘူး… ရှင့် စစ်ရေးလေ့ကျင့်မှုထက် ကျွန်မ လုပ်တဲ့ အိမ်မှုကိစ္စကလည်း ပိုတောင်ပင်ပန်းသေး…"


 "ဟုတ်ပြီ…ဟုတ်ပါပြီ…"

ရှန်းလေ့ သူမအား လက်မြှောက်ပြသည်။


သူတို့က ညစာကို ရိုးစင်းစွာပင် စားခဲ့ကြသည်။ နေ့လည်စာကို ပင်လယ်စာ ခေါက်ဆွဲကြော်စားထား၍ ကလေး သုံးယောက် လုံး၀ မကျေမနပ်ဖြစ်နေကြ၏။


ရေချိုးပြီးနောက် ရှန်းလေ့နှင့် နင်ထန်တို့က ခုတင်ပေါ်တွင် ဘေးချင်းကပ် လှဲနေလိုက်သည်။ နင်ထန် တစ်ယောက်တည်း အိပ်လာသည်မှာ တလလောက်ရှိ၍ ဘေးနားတွင် တစ်ယောက်ယောက်ရှိနေခြင်းက သူမကို အဆင်မပြေဖြစ်စေသည်။ သူမ ဟိုလှိမ့်ဒီလှိမ့်ဖြစ်နေသည်ကို ရှန်းလေ့က ပြောသည်။

 "ဘာတွေဖြစ်နေတာလဲ…"


"ရှင့်အလုပ်လား…"


ရှန်းလေ့ နောက်ပြန်လှည့်လိုက်သည်။

"ဘယ်သူက ဘာပြောနေလို့လဲ၊ ကိုယ့်ဘာသာ အိပ်နေတာပါနော်…"


နင်ထန် မျက်လုံးပွင့်လာပြီး သူ့ပုခုံးကိုပုတ်လိုက်သည်။

"မအိပ်သေးနဲ့၊ ခဏလောက် စကားပြောရအောင်…"


အမှန်တွင် ရှန်းလေ့လည်း အိပ်မပျော်သေးပေ။ သူက ပင်လယ်ထဲတွင် မျောနေသော သင်္ဘောပေါ်၌ အိပ်လာရ၍ ကုန်းပေါ်တွင် မအိပ်တတ်ဖြစ်နေ၏။ မရင်းနှီးသလို ခံစားရသည်။


"ဘာလုပ်ချင်တာလဲ။ စကားပြောမလား…"


နင်ထန်လည်း ဘာအကြောင်းကိုပြောရမည်မှန်းမသိပေ။လောလောဆယ် အကြောင်းစုံကို ပြန်တွေးကြည့်ရာ စိတ်ထဲထင်ဟပ်လာသော အကြောင်းကို စလိုက်၏။ 

"ဝမ်တိလိုင်ကို မှတ်မိလား…"


"ဝမ်တိလိုင်… မင်းဆိုလိုတာ တတိယတပ်ရင်းက ဗိုလ်ကြီးဝူရဲ့မိန်းမလား…"


နင်ထန်က ဝမ်တိလိုင်၏ အိမ်ထောင်ဖက်က တပ်ခွဲမှူးဆိုသည့်အကြောင်း အစ်မလော ပြောဖူးသည်ကို သတိရသွား၏။


 "ဖြစ်နိုင်တယ်…"


ရှန်းလေ့က နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

"ဘာဖြစ်လို့လဲ…"

 

နင်ထန်သည် ဝမ်တိလိုင်နှင့်ကြုံရသော ဇာတ်လမ်းကို ပြန်ပြောပြသည်။


 "အဲဒါ အခြေအနေ ဘယ်လိုလဲ… ကျွန်မအတွက် အဆင်ပြေပါ့မလား… ရှင့်ကို ပြဿနာ တစ်ခုခုဖြစ်စေမှာလား…"


ဝမ်တိလိုင်က မည်သို့ပင်ဖြစ်နေပါစေသူမ၏အိမ်ထောင်ဖက်က ရှန်းလေ့နှင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်။


ဒါက ရှန်းလေ့အတွက် ဒုက္ခဖြစ်နိုင်ချေရှိလား…


" ကောင်းပါတယ်၊ မင်း ကောင်းတာလုပ်ထားတာပဲ၊ စိတ်မပူပါနဲ့၊တစ်ခုခုဖြစ်ရင်တောင် မင်းကို မပတ်သက်စေရဘူး…"


"အစ်မလောဆီက ကြားတယ်… ဝမ်တိလိုင်က သူ့ညီမဝမ်းကွဲနဲ့ ရှင့်ကို အောင်သွယ်ဖူးတယ်ဆို…"


ရှန်းလေ့ ခဏလောက်စဉ်းစားလိုက်သည်။

 "အဲဒီလိုမျိုး ရှိခဲ့ဖူးတယ်…"


နင်ထန် ရုတ်တရက် စိတ်ဝင်စားလာသည်။

"ဒါဆို ရှင်က ဘာလို့ သဘောမတူတာလဲ…"


"တကယ်လို့သာ သဘောတူခဲ့ရင် မင်းနဲ့ဘယ်တွေ့မလဲ…"


"ဟုတ်တယ်… ရှင် သဘောတူခဲ့ရင် ကျွန်မလည်း အခုလို ခြေကုန်လက်ပန်းကျအောင် အဝတ်လျှော်နေရမှာ မဟုတ်ဘူး…"


"ဒါပေမယ့် မင်းကို ကိုယ် အခု ပြန်ကူတော့မယ်လေ…"


"ဒါဆိုလည်းပြီးရော…"


"မင်း ဘာကြောင့် အိမ်မှုကိစ္စတွေလုပ်တာကို မကြိုက်တာလဲဆိုတာ နားမလည်ဘူး… အဲဒါ တော်တော်ရိုးရှင်းပါတယ်…"


အဘယ်ကြောင့်ဆိုသော် နင်ထန်က နည်းပညာခေတ်တွင် နေထိုင်သူဖြစ်ကာ ယခုလို ခေတ်တွင်မနေဖူးသောကြောင့်ဟု အတွင်းစိတ်က တွေးမိသည်။


"ဘာပဲဖြစ်ဖြစ် ကျွန်မ အိမ်ကိစ္စတော့ မလုပ်ချင်ဘူး… ဒီအကြောင်း မပြောကြရအောင်၊‌ ခုဏကဟာ ဆက်ပြောပါဦး၊ ရှင်က ဘာလို့ သဘောမတူတာလဲ…"


ရှန်းလေ့က နင်ထန် စိတ်ဝင်စားနေသည်ကို မြင်လိုက်ရ၍ သူ သက်ပြင်းချလိုက်သည်။


"ဝမ်တိလိုင်မှာ သမီး သုံးယောက်ရှိတယ်… သူတို့နာမည်ကို သိလား…"


နင်ထန် အံ့ဩသွားသည်။

"မသိဘူး…" 


ရှန်းလေ့က သူ့လက်ချောင်းကိုထောင်ကာ ရေတွက်ပြီး ပြန်ဖြေသည်။

"သူသမီးအကြီးဆုံးက ဖန်တိ၊ ဒုတိယသမီးက ကျောက်တိ၊တတိယသမီးက ယင်းတိ…"


"အိုး… သမီးထက် သားကိုပိုချစ်ကြတဲ့ မိသားစုကိုး…"


"ဟုတ်တယ်၊ အဲလို နာမည်ပေးထားတယ်…"


နင်ထန်က စိတ်ထဲမှနေ၍ ထိုနာမည်များကို တိတ်တဆိတ် ဝေဖန်လိုက်သည်။

ငါတို့ အားနူရဲ့ အမည်ရင်း ရှန်းယာဆိုတဲ့ နာမည်ကမှ နားထောင်ကောင်းတာမလား…


ရှန်းလေ့က နင်ထန် စိတ်ထဲမှာ ဘာရှိသည်ကို မှန်းဆလိုက်မိသည်။

"ရှန်းယာ ဆိုတဲ့နာမည်က ဖန်တိ၊ ကျောက်တိနဲ့ ယင်းတိ ဆိုတဲ့နာမည်တွေထက် ပိုကောင်းတယ်လို့ မထင်ဘူးလား…" 


" အင်း၊ အဲဒါ အမှန်ပဲ… အနည်းဆုံးတော့ သားကို သမီးထက် ပိုချစ်တယ်ဆိုတာမျိုး မခံစားရဘူး… ဒါပေမယ့် ဝမ်တိလိုင်ရဲ့ဝမ်းကွဲညီမကို ဘာကြောင့် ရှင် ငြင်းသလဲဆိုတာ ကျွန်မ နားမလည်ဘူး…"


အမှန်တော့ ယုတ္တိဗေဒအရပြောရလျှင် စစ်တပ်အတွင်းက မိသားစုနှစ်စု လက်ထပ်ခြင်းက ပိုကောင်းသည်ကမှန်သည်။ ရှန်းလေ့ကို အန္တရာယ်ဖြစ်စေမည် မဟုတ်ဘဲ အကျိုးကျေးဇူးအချို့ပင် ရှိနိုင်သည်။


"ဝမ်တိလိုင်က သူ့ဝမ်းကွဲညီမကို လက်ထပ်ဖို့ပြောတုန်းက သူတို့ရွာက လူတစ်ယောက်ကို သူတို့အကြောင်းစုံစမ်းဖို့ ကိုယ်က ခိုင်းလိုက်တယ်…"


"ဒါကြောင့် သူ့ညီမကလည်း ဝမ်တိလိုင်လိုပဲ သားကိုပဲ ဦးစားပေးမယ်ဆိုတာ ခန့်မှန်းမိတယ်… သူက ကိုယ်တို့မိသားစုကို ဝင်လာပြီးတာနဲ့ အားနူကို မုန်းတီး‌နေမှာမျိုး မလိုချင်ဘူး..."


ရှန်းလေ့ ပြောပြီးသောအခါ နင်ထန်၏ မျက်လုံးများကို သူ ကြည့်လိုက်သည်။

"ဟုတ်ပါတယ် သူ့ရဲ့ဝမ်းကွဲက စိတ်ကောင်းရှိတဲ့သူဆိုတာလည်း ဖြစ်နိုင်တယ်… ဒါပေမယ့် ဖြစ်နိုင်ခြေဘယ်လောက်နည်းလိုက်သလဲ… ကိုယ်ကတော့ ကလေးတွေရဲ့ဘဝနဲ့ လောင်းကစားမလုပ်ချင်ဘူး…"


နင်ထန် သူ့မျက်နှာကို စူးစိုက်ကြည့်မိရင်း သူ့ကို ပထမဆုံး နားလည်လာသည်။

"အင်း၊ဖြစ်နိုင်တယ်… ဒါဆို ကျွန်မကိုလက်ထပ်ခဲ့တာက ကျွန်မ မိဘတွေက ကျွန်မကို ချစ်ပေးလို့မလား… ဘက်လိုက်တာမျိုးမရှိလို့လေ…"


ရှန်းလေ့က သူမကို သေချာမကြည့်ရဲပေ။

"အင်း ဒီအချက်ကလည်း တစ်စိတ်တစ်ပိုင်းအကျုံးဝင်ပါတယ်…"


နင်ထန် မျက်လုံးပြူးပြီး ရှန်းလေ့၏ နားရွက်ကိုဆွဲလိုက်သည်။ ရှန်းလေ့က အလျင်အမြန် အသနားခံရင်း ပြန်ပြောသည်။

" မဟုတ်ဘူး၊ မဟုတ်ဘူး… ကျေးဇူးပြုပြီး မလုပ်ပါနဲ့… ကိုယ်ပြောပြမယ်…အဲဒါကြောင့် မင်းကို လက်ထပ်တယိဆိုတာတော့ ဟုတ်ပါတယ်… မင်းမိဘတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုကြည့်ပြီး ကိုယ့်သမီးကို ကောင်းကောင်းဆက်ဆံမယ်ဆိုတာ သိနေတယ်လေ…"


နင်ထန် စိတ်လျှော့လိုက်ကာ သက်ပြင်းချလိုက်၏။ သူမ၏ သဘောထား ပျော့ပျောင်းလာသည်ကို မြင်လိုက်ရသောအခါ ရှန်းလေ့ ဆက်လက်၍ပြောသည်။

" တဝါအမေကလည်း အားနူမွေးတုန်းက သမီးမို့ မလိုချင်ခဲ့ဘူး… ငါတို့ ဘက်လိုက်ပြီး အားနူကို အလိုမလိုက်တာမျိုး ဖြစ်ခဲ့တယ်… ဒါပေမယ့် ငါတို့ အားနူက ငယ်ငယ်လေးဆိုတော့ ဘာမှမသိရှာဘူး…" 


သူပြောပြီးသည်နှင့် နင်ထန်ကို လှမ်းကြည့်လိုက်သည်။

"ဘာလို့လဲ လုံးဝ မအံ့သြဘူးလား…"


" ဘာအံ့ဩဖို့ လိုသလဲ… ရှင် ပင်လယ်ပြင်မှာ တစ်လလောက်ကြာတုန်းက ကျွန်မ ကလေးသုံးယောက်ကို ကြည့်လာတာပါ… ကျွန်မ သတိထားမိတာကြာပြီ… အားနူမှာ အဝတ်အစားနည်းနည်းပဲရှိတယ်… ကျန်တဲ့ကလေးတွေက ပိုများနေတယ်… အားနူမှာ ကိုယ်ပိုင်အခန်းရှိပေမယ့် သူ့အဝတ်အစားသေတ္တာက‌လည်း အသေးဆုံးပဲ… သူ့ခမျာ အဝတ်အစားကောင်းကောင်း မရှိရှာဘူး…"


ရှန်းလေ့က နင်ထန် ယခုလို ပြောလာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ 

" မင်းတို့အိမ်ကို ကိုယ်ရောက်တဲ့အခါက မင်းက အသုံးအဖြုန်းကြီးတယ်… မနက်ဆိုလည်း မိုးလင်းတဲ့အထိ အိပ်တယ်… ကြည့်လိုက်တာနဲ့ မင်း မိဘတွေက မင်းကို သိပ်ချစ်မှန်းသိသာတယ်…" 


နင်ထန်က သူ့ကို မော့ကြည့်ပြီး ပြောသည် ။

"ကျွန်မသိတယ်…"


ရှန်းလေ့က နင်ထန်၏ အစ်ကိုဖြစ်သူနှင့်လည်း သိကျွမ်းနေသည်ဖြစ်၍ သူမအား လက်ထပ်လိုခြင်းလည်းဖြစ်ပေသည်။ ရှန်းလေ့က သူမအား ဇနီးတစ်ယောက်အဖြစ်နှင့် လက်ထပ်ရုံမျှမက၊ ကလေးများးအတွက်လည်း အားကိုးယုံကြည့်ရသော မိခင်တစ်ယောက်အနေဖြင့်ပါ ယုံကြည်လိုခြင်းဖြစ်သည်။


"တကယ်တော့ မင်းမသိတာ တစ်ခုရှိတယ်…"


နင်ထန် ဆက်ပြောလိုစိတ်မရှိတော့ပေ။

"ဘာပဲဖြစ်ဖြစ် ပြီးပါပြီ၊ပြီးပြီသားကိစ္စတွေပါ"


"ကိုယ် မင်းတို့အိမ်မှာ အရက်နည်းနည်းသောက်ပြီး အိပ်ရာက နိုးလာ‌တော့ ညသန်းခေါင်ချိန် အိမ်သာသွားရတယ်… အဲ့အချိန် မင်းတို့အဖေ အခန်းကို ဖြတ်လျှောက်ရ‌တယ်လေ...မင်းတို့အိမ်က အခန်းတွေက အသံမလုံတော့ အတိုင်းသားကြားနေရတာ…ပြီးတော့ ကိုယ်က အကြားအာရုံကောင်းတယ်..."


နင်ထန် မျက်လုံးပြူးသွားရပြသည်။

"ရပ်လိုက်တော့၊ ဆင်ခြေတွေပေးပြီး လျှောက်လဲချက်‌ပေးဖို့ ကြိုးစားနေတာပဲ…"


ရှန်းလေ့ ပခုံးတွန့်ပြသည်။

"မင်းတို့ မိသားစု ဆွေးနွေးနေတာကို ကိုယ် မှတ်မိတယ်… မင်း အမေက သမီးကို စစ်သားနဲ့လက်ထပ်‌တာဟာ နောင်တမရစေရဘူးလို့ ပြောတယ်… တိုင်းပြည်ကို ကာကွယ်နေတဲ့စစ်သားတွေဆိုတာ ဂုဏ်သိပ်ရှိသတဲ့… အဲ့ဒီ အခိုက်အတန့်မှာ မင်းတို့မိသားစုက စည်းကမ်းကောင်းရှိနေတယ်လို့ ခံစားရတယ်… ဒါကြောင့် လက်ထပ်တာ…"


နင်ထန် လုံးဝကို ထိတ်လန့်သွားသည်။

"နောက်နေ့ကျတော့ ရှင် ချက်ချင်း သဘောတူခဲ့တာ မဆန်းပါဘူး… အဲဒီတုန်းကတည်းက ကျွန်မ သံသယဖြစ်မိတယ်…"


"သံသယဖြစ်တယ်လား…ဒါက ဘဝနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်လေ၊ သေချာစဉ်းစားရမယ်မလား… ဘာပဲဖြစ်ဖြစ် မင်းကို ကိုယ် အကုန်ပြောပြီးပြီ၊ ဘာမှ မကျန်ဘူး..."


"ဒါဆို ကျွန်မက ပိုနစ်နာတာပေါ့…"


ရှန်းလေ့က ရင်ထဲမှာသာ စကားလုံးများ ရှိနေပြီး အပြင်ကိုထုတ်ဖော်မပြတတ်သူ ဖြစ်ပုံရသည်။


ရှန်းလေ့ နှုတ်ခမ်းကို ပွတ်သပ်လိုက်သည်။

"ဟင် အပြင်မှာ မင်းကို ဘယ်သူတွေ ဘယ်လိုပြောနေကြလဲ သိလား..." 


 "ငပျင်းမတဲ့..."


သူ စကားပြောရင်း တစ်ခုခုကို သဘောပေါက်သွားသည်။

နင်ထန်က ငါ့ကို အန္တရာယ်များတဲ့အကြည့်နဲ့ ကြည့်နေတာပါလား…


 "အင်း ဘာမှမဟုတ်ပါဘူး… ကဲ ကိုယ် အိပ်တော့မယ်၊ကောင်းသောညပါ…"


 "ဘာရယ်၊ကောင်းသောညပါ ဟုတ်လား...မဟုတ်ဘူး ရှင် ထ၊ ဒီကိစ္စကို ကျွန်မနဲ့ အလေးအနက်ဆွေးနွေးရမယ်…"


တုံ့ပြန်သည့်အနေနှင့် ရှန်းလေ့၏ ပြတ်တောင်းပြတ်တောင်း ဟောက်သံများသာ ထွက်ပေါ်လာလေသည်။


×××××


နောက်တစ်နေ့တွင် ရှန်းလေ့ စောစောထပြီး ထမင်းတစ်အိုး၊ ပုစွန်ဟင်းတစ်အိုးနှင့် ကြက်ဥမွှေ‌ကြော် ကြော်သည်။


အဆင်သင့်ပြင်ပြီးနောက် ထမင်းစားပွဲ၌ တဝါက ထိုင်လိုက်သည်။ သူက ထမင်းရည်ကို အိပ်ချင်မူးတူးနှင့်သောက်ရင်း မေးသည်။


"မနေ့ညက အဖေနဲ့ဟို့မား ဘာပြောနေကြတာလဲ… သားအခန်းကတောင် ကြားရတယ်…" 


ငါတို့‌ပြောတဲ့အကြောင်းတွေကို ကလေးကို ဘယ်လိုရှင်းပြရမလဲ…


သူက နင်ထန်ကို တံတောင်ဆစ်နှင့်တွက်လိုက်သည်။

"မင်း ဖြေလိုက်…" 


နင်ထန်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"နင့်အဖေ ပြောတာက သူက ငါတို့ကို ရက်ပိုင်းအတွင်းကမ်းခြေမှာ ပင်လယ်စာသွားကောက်ခိုင်းမယ်တဲ့… ဘာပင်လယ်စာတွေ ကောက်မလဲဆိုတာ ငါတို့ ဆွေးနွေးကြတာ…"


ရှန်းလေ့က နင်ထန်ကို ပြူးပြူးပြာပြာကြည့်ကာ ပြောလိုက်သည်။

ငါ အဲလိုပြောမိလို့လား…


အားနူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"အဖေ တကယ်လား… သမီးတို့ကို ပင်လယ်စာတွေ ကောက်ဖို့ ခေါ်သွားမှာလား…"


"တကယ်တဲ့ နင့်အဖေ ပြောတာ…"


"ဟုတ်လား..."

ကလေးသုံးယောက်က ရွှင်မြူးသွားကြသည်။


"ဒါဆို ဘယ်တော့သွားမလဲ…"


"ရှင်ကလည်း ကလေးတွေကို လိုက်လျောလိုက်ပါ… ရှင် ကျွန်မတို့ကို အားလပ်ရက်မှာ ပင်လယ်စာ‌ကောက်ဖို့ ခေါ်မသွားဘူးဆိုရင်..."


"ဘာလုပ်မလို့လဲ…" 

ရှန်းလေ့က ပြုံး၍မေးသည်။


"ကျွန်မ ပန်းကန်တွေလည်း မဆေးပေး‌တော့ဘူး…"


"ဒါပဲ၊ မင်းငါ့ကို ခြိမ်းခြောက်ဖို့ဆို ဒါပဲ…"

သူက တဝါကို ခေါ်ပြီးပြောလိုက်သည်။

"သားကြီး၊ မနေ့ညက မင်းရဲ့ဟို့မားနဲ့ အဖေတို့ မင်းတို့အတွက် ပင်လယ်စာခေါက်ဆွဲကြော်လုပ်ဖို့ တွေးနေကြတာ…"


တဝါ မျက်လုံးများ တောက်ပလာသည်။

"တကယ်လား ဟို့မား…"


သောက်ရေးမပါတာ… 


သို့သော် သူမက ပြောချင်နေသော အဆဲစကားလုံးများကို မျိုချလိုက်သည်။

"ကျွန်မ အပေါ်ထပ်ကိုတက်ပြီး တစ်ခုခုယူလိုက်ဦးမယ်…"



🏝️🏝️🏝️