Chapter 29
Viewers 4k

🏝️ Chapter 29

လက်ကလေး ကိုင်ထားချင်လို့



" မင်း ဒီနေ့ဘာချက်မှာလဲ…"


နင်ထန်က သူ့ကို ထူးထူးဆန်းဆန်းကြည့်လိုက်သည်။

" ရှင်က စစ်တပ်ကန်တင်းမှာ ထမင်းစားမှာ မဟုတ်ဘူးလား…"


" ဟုတ်တယ်လေ ဒါပေမဲ့ အဲ့မှာ မဖြစ်မနေကြီးစားရတာ မဟုတ်ပါဘူး… မင်း ဘယ်လိုအရသာရှိတာမျိုး ချက်မယ်ဆိုတဲ့အပေါ် မူတည်တယ်…"


နင်ထန် : " စိတ်မပူပါနဲ့ ဒါက အရင်တစ်ခေါက်စားခဲ့တဲ့ ပင်လယ်စာခေါက်ဆွဲကြော်ထက် ပိုအရသာရှိတယ်…"


ရှန်းလေ့က တဝါပြေးသွားသည်ကိုကြည့်ပြီး သူ့နောက်မှ အမှီလိုက်ကာ နင်ထန့်ကို အော်ပြောလိုက်သည်။

" ကိုယ်လည်း နေ့လယ်စာ ပြန်လာစားမှာ များများချက်ထားနော်…"


နင်ထန်က နှာခေါင်းရှုံ့လိုက်ပြီး အထဲဝင်မည်လုပ်သော်လည်း နင်ရွှယ်က သူ့ကိုဟန့်တားလိုက်သည်။


နင်ရွှယ်က မျက်ခုံးများ တွန့်ချိုးလျက် ပြောသည်။ 

" ခုဏက ဗိုလ်ကြီးရှန်းရှေ့မှာမို့ ငါမပြောတာ၊ နင် တဝါကိုဘာလို့ ကျောင်းမှာ ကစားခိုင်းတာလဲ… ကလေးတွေ ကျောင်းသွားတယ်ဆိုတာ စာသင်ဖို့လေ ကစားဖို့မှ မဟုတ်တာ…"


နင်ထန့်စိတ်ထဲတွင် တွေးလိုက်မိသည်။

ရှန်းလေ့ထွက်သွားတာနဲ့ နင် ငါ့ကို ဝေဖန်တော့‌တာပဲ…


" သူက ပထမတန်းပဲ ရှိသေးတာလေ… သူ ဘာများ နားလည်မှာလဲ… သူ့အတန်းဖော်တွေနဲ့ အဆင်ပြေပြီး ပျော်နေရင် လုံလောက်ပြီလေ… အခုက စာကြိုးကြိုးစားစားလေ့လာဖို့အချိန် မဟုတ်သေးဘူး…"


နင်ရွှယ်က မျက်ခုံးများကို ပိုမိုတွန့်ချိုးလိုက်သည်။ 

" နင် ဘာသိလို့လဲ… ကလေးတွေက အသက်ငယ်ငယ်လေးတည်းက စာကြိုးစားရမှာ… သူက ခုမှ ပထမတန်းဆိုပေမယ့် အခုက အခြေခံတည်ဆောက်ရမယ့် အချိန်လေ... သူ အထက်တန်းရောက်လာရင် ဘယ်လိုလုပ်မလဲ… သူက နင့်လိုမျိုးဖြစ်သွားရင်ရော…"


နင်ထန် : အဲ့လိုကြီး ကိုယ်ရေးကိုယ်တာကိုပါ တိုက်ခိုက်စရာ မလိုပါဘူး…


" ဝမ်းကွဲအစ်မ နင့်ကလေးတွေကို နင်ဘယ်လို သွန်သင်သင် ငါ ဝင်မစွက်ဖက်ဘူးလေ… နင်လည်း ငါ့ကို မစွက်ဖက်ပါနဲ့…"


နင်ရွှယ်က သူမကို စိုက်ကြည့်လိုက်သည်။

" ငါက ဘာလို့ ဝင်စွက်ဖက်လို့မရမှာလဲ... နင် သူများကလေးရဲ့ ပညာရေးကို ဖျက်ဆီးနေတာကို ငါ ဗိုလ်ကြီးရှန်းကို ဘယ်လိုရှင်းပြရမလဲ…"


နင်ထန် ဆွံ့အသွားမိသည်။

" ရှန်းလေ့က ခုနတုန်းက ဘာပြောလို့လဲ…"


" သူ ဘာမှ မပြောဘူးလေ... ဗိုလ်ကြီးရှန်းက အခုမှ သူ့ကလေး ပထမဆုံးကျောင်းတက်ရတာကို ကြုံတွေ့ရတာ ပြီးတော့ သူက ယောကျာ်းလေ သူ နားမလည်တာ အံ့ဩစရာမှ မဟုတ်တာ…"


" အင်း ကျွန်မအတွက်လည်း ပထမဆုံးပဲလေ…"


နင်ရွှယ်က သူမကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

" ဒီလိူအရေးမပါတဲ့ ကိစ္စတွေကြောင့် ငါနင်နဲ့ စကားမများချင်ဘူး… နင့်ခြံထဲက ပေါင်းပင်တွေကိုလည်းကြည့်ဦး… ၂လလောက်တောင်ရှိတော့မယ် နင် အခုထိ မရှင်းရသေးဘူး… တခြားလူတွေဖြတ်သွားရင် ကြည့်မကောင်းဘူး…"


နင်ထန် မျက်ဆံလှန်လိုက်သည်။

" ကျွန်မက မရှင်းချင်လို့ မဟုတ်ပါဘူး... ရှန်းလေ့က ပင်လယ်ကို မသွားခင်တည်းက ပြောထားတယ် သူ ပြန်လာတာကိုစောင့်ပါ သူ ရှင်းပေးမယ်တဲ့… ကျွန်မ ကိုယ်တိုင်လုပ်စရာမလိုဘူးလို့ပြောတယ်…"


နင်ရွှယ်၏မျက်လုံးထဲ သံသယများဖြင့် ပြည့်နှက်သွားသည်။

" တကယ်လား…"


" အမှန်ပဲ... သူပြော‌တာတော့ ဟိုင်လန်ကျွန်းပေါ်က ရာသီဥတုက အရမ်းပူလို့ ဒီလိုနေပူပူအောက်မှာ ကျွန်မအလုပ်လုပ်ရင် နေလောင်ခံရလိမ့်မယ်တဲ့…"

နင်ထန်က ယုံကြည်ချက်ရှိရှိဖြင့် လိမ်ပြောလိုက်သည်။


နင်ရွှယ်က နေပူပူထဲတွင် တစ်နေ့လယ်ခင်းလုံး ပေါင်းပင်များ နှုတ်ခဲ့ရသည့် သူမအဖြစ်ကို အမှတ်ရသွားခဲ့သည်။ စုကျွင်းယန်က သူမကို ရေတစ်ခွက်ပင် ခပ်မတိုက်ခဲ့ပေ။ သူမရင်ထဲ နာကျင်သွားရသည်။


နင်ထန်က သူမ၏ မျက်နှာထက်မှ မသေချာ မရေမရာ ဖြစ်နေပုံကို လေ့လာဆန်းစစ်လိုက်ပြီးနောက် ဘာမှ ထပ်မပြောရဲတော့ပေ။ နှုတ်ဆက်စကား ပြောပြီးနောက် အိမ်ပြန်လာခဲ့သေည်။ 


အိမ်ပြန်ရောက်သောအခါ နင်ထန်က ခဏလောက် တရေးအိပ်ခဲ့ပြီးနောက် ကိုးနာရီခွဲတွင် အလိုအလျောက် နိုးလာခဲ့သည်။ သူမက စျေးဝယ်ထွက်ရန် အသင့်ပြင်လိုက်၏။


တဝါက တစ်နေ့လုံး ကျောင်းသွားနေရသဖြင့် အိမ်တွင် လူတစ်ယောက် လျော့နေခဲ့လေသည်။ အားနူနှင့် စန်းဝါလည်း စိတ်မသက်မသာ ဖြစ်နေကြတာ ကစားနေရသည်ကိုပင် မပျော်နိုင်တော့ပေ။


နင်ထန် အပြင်ထွက်တော့မည်အပြုတွင် အားနူက အမြန် ပြောလာခဲ့သည်။

"ဟို့မား... သမီးတို့လည်း လိုက်ချင်တယ်…"


"ရတာပေါ့... သွားကြမယ်…"

နင်ထန်က အားနူနှင့် စန်းဝါတို့၏ ခေါင်းပေါ်တွင် ကောက်ရိုးခမောက်လေးများ ဆောင်းပေးလိုက်သည်။ သူမက စန်းဝါကို လက်တစ်ဖက်ဖြင့်ချီကာ အားနူနှင့် ဘေးချင်းကပ်လျက် လျှောက်လာခဲ့သည်။ 


လမ်းတွင် အားနူက သူမ၏ လက်ကလေးများကို တင်းတင်းဆုပ်ထားရင်း နေရခက်နေသည့်ပုံစံဖြင့် သူမကို အချိန်နှင့်အမျှ ကြည့်နေခဲ့သည်။


နင်ထန်၏ တုံ့ပြန်မှု မရှိသည့်ပုံစံကို တွေ့သောအခါ အားနူ နှုတ်ခမ်းကိုက်လိုက်ပြီး ရုတ်တရက်ဆိုသလို နင်ထန်၏ လက်ကို ကိုင်လိုက်သည်။


နင်ထန်က အေးအေးဆေးဆေး လမ်းလျှောက်နေစဥ် သူမ၏ လက်ဖဝါးထက်၌ နူးနူးညံ့ညံ့ ပျော့ပျော့အိအိ ခံစားချက်လေးကို ခံစားလိုက်ရသည်။

"ဘာလို့ လက်လာတွဲတာလဲ…"


အားနူက မျက်နှာလွဲလိုက်သည်။

"သမီး ကိုင်ထားချင်လို့…"


ယခင်က လမ်းပေါ်မှ ကလေးများက သူတို့၏ မိဘများ လက်အား ကိုင်ထားကြသည်ကို တွေ့ခဲ့ဖူးသော်ငြား သူမ၏ မိခင်ရင်းကမူ သူမ၏လက်ကို တစ်ခါမှ မကိုင်ခဲ့ဖူးပေ။ အမြဲတစေ တဝါကို ဘယ်လက်တွင် တွဲပြီး စန်းဝမ်ကို ညာလက်၌ တွဲထားတတ်သည်။


ယခုတွင် မိထွေးတစ်ယောက် ရလာပြီ ဖြစ်၍ သူမက စမ်းကြည့်ရန် တွေးမိသည်။ 

အဆုံးကျရင်တော့ ငါ လုပ်နိုင်လောက်မှာပါနော်...


နင်ထန်က သူမ၏ လက်ကို လွှတ်လိုက်သည်။

"မကိုင်ခိုင်းပါဘူး…"


"ဘာလို့လဲ…"

အားနူက နင်ထန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ 


ယင်းက အန်တီကျူး ပြောခဲ့သည်နှင့် လုံးဝကွဲပြားနေသည်။ အန်တီကျူးက ဟို့မားက မိသားစုထဲ ရောနှော၍ ဝင်ရောက်လာနိုင်ရန် သူမ၊ သူမ၏ အစ်ကိုနှင့်မောင်ကို ရင်းနှီးရန် ကြိုးစားလိမ့်မည်ဟု ပြောခဲ့သည်။


ရင်းနှီးဖို့ လုပ်တဲ့ကိစ္စကရော...


နင်ထန်: "ပူလို့လေ... နင့်လက်က ချွေးတွေ ထွက်နေတာကို…"


အားနူ နှုတ်ခမ်းဆူလိုက်ပြီးနောက် စန်းဝါကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါပေမယ့် စန်းဝါကိုကျ ချီထားတယ်လေ... အဲ့ဒါကျ မပူဘူးလား"


နင်ထန်: "နင်ပြောတာ ဟုတ်သားပဲ…"


သူမက စန်းဝါကို ချက်ချင်းချလိုက်သည်။


စန်းဝါက နင်ထန်၏ ရင်ခွင်ထဲတွင်နေကာ ခေါင်းလေးကို သူမ၏ ပုခုံးထက်၌ မှီထားလျက် လမ်းတစ်လျှောက် ရှုခင်းများ ကြည့်ရင်း အေးအေးသက်သာ လိုက်ပါလာခဲ့သည်။ အားနူ၏ စကားအနည်းငယ်မျှဖြင့် နင်ထန် သူအား ချပေးလိုက်မည်ဟု ထင်မထားခဲ့ပေ။ 


ထိုကောင်လေးက ချက်ချင်း စိတ်ပျက်သွားပြီး ငိုယို၍ နင်ထန်ထံ လက်လှမ်းလိုက်သည်။

" မသိဘူး... သား ဟို့မားကိုပဲ ချီစေချင်တယ်…"


အားနူက ပြန်၍ အဖတ်ဆယ်လိုက်သည်။

"စန်းဝါ... မရှက်ဘူးလား... နင်က သုံးနှစ်တောင် ရှိနေပြီကို လူကြီးတွေ နင့်ကို ချီစေချင်သေးတာလား…"


ပေါက်စလေး နှစ်ယောက် ရန်ဖြစ်တော့မည်ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် နင်ထန် သက်ပြင်းချကာ နဖူးပွတ်လိုက်သည်။

"ကောင်းပြီလေ... ငါနင်တို့ကို လက်တစ်ဖက်စီ တွဲထားပေးမယ်…"


လက်ရှိတွင် အားနူနှင့် စန်းဝါတို့ ရန်စဲသွားကြသည်။ သူတို့ တစ်ယောက်ချင်းစီက နင်ထန်၏ လက်တစ်ဖက်စီကို ကိုင်ထားရ၍ ပေါက်စလေးနှစ်ယောက်သား ကျေနပ်သွားကြလေသည်။


စျေးသို့ ရောက်သောအခါ နင်ထန်က စျေးဆိုင်ငယ်လေးများထံ တည့်တည့်သွားလိုက်သည်။ သူမက ငါးဖမ်းသမားမိသားစုမှ အိမ်လုပ်ရှာလကာရည်တစ်ပုလင်းနှင့် ပင်လယ်စာများ ဝယ်ယူခဲ့သည်။ စျေးဆိုင်ပိုင်ရှင်က သူမကို လက်ဆောင်အဖြစ် ပင်လယ်ရေညှိခြောက်များပင် ထည့်ပေးလိုက်သေးသည်။


နင်ထန်က လက်ထဲတွင် အိတ်များ သယ်လျက် အိမ်ပြန်လာသောအခါ ဆယ့်တစ်နာရီပင် ရှိသွားခဲ့လေပြီ။


ရှန်းလေ့ အိမ်ပြန်လာသောအခါ စားပွဲ၏ အလည်တည့်တည့်တွင် ဟင်းရည်ကြည်များ ထည့်ထားသည့် အိုးတစ်လုံးကို တွေ့လိုက်ရလေသည်။


ရှန်းလေ့ မျက်ခုံးပင့်လိုက်၏။

"မင်းပြောတဲ့ စားကောင်းတဲ့ဟာက ဟော့ပေါ့ ပေါ့လေ... ကိုယ်ကတော့ အားတက်သရော ပြန်လာခဲ့ရတာကို... ထားလိုက်ပါတော့... စစ်တပ်ကန်တင်းကိုပဲ ပြန်စားလိုက်တော့မယ်…"


သူ လှည့်ထွက်သွားတော့မည် ပြုလိုက်သည်။


"ပြန်လာခဲ့…"

နင်ထန် ပြန်ခေါ်လိုက်သည်။

"စားတောင်မစားကြည့်ရဘဲနဲ့ မကောင်းဘူးလို့ တွေးနေပြီလား…"


"မဟုတ်တာ... ပူလောင်နေတဲ့ နွေရာသီကြီးမှာ ဟော့ပေါ့စားရတာက စားလို့ မပြီးခင်တောင် ချွေးပြိုက်ပြိုက် ကျနေမှာ... ဘယ်လိုလုပ် အရသာ ရှိမှာလဲ…"

ရှန်းလေ့ ပြောလိုက်သည်။


နင်ထန်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။

"ရှင်မသိပါဘူး... ဒါကို အချဥ်ဖောက် ရှာလကာရည် ဟော့ပေါ့လို့ ခေါ်တယ်... နွေရာသီအတွက် အကောင်းဆုံးပဲ... အစ်မလော အကြံပေးထားတာ…"


ရှန်းလေ့ ဦးထုပ်ချွတ်ကာ ဗီရိုပေါ် တင်လိုက်သည်။ သူက အင်္ကျီလက်များကို ခေါက်တင်ကာ စားပွဲတွင် ဝင်ထိုင်၍ တူများကို ကောက်ကိုင်လိုက်သည်။

"အစ်မလောက အကြံပေးထားတယ်ဆိုမှတော့... စမ်းကြည့်သင့်တာပေါ့…"


"ဘာတွေ အလျင်လိုနေတာလဲ... တဝါ ကျောင်းက ပြန်လာအောင် စောင့်ပြီးမှ အတူ စားရအောင်…"

နင်ထန်က သူ့ကို စားပွဲမှ ပြန်ဆွဲခေါ်လိုက်သည်။

"အချိန်ရသေးတာပဲ... ခြံနောက်ဖေးက ပေါင်းပင်တွေ သွားရှင်းလိုက်စမ်းပါ…"


"ပေါင်းပင်တွေ ရှင်းရမှာလား…"

ရှန်းလေ့ အသိဝင်သွားပြီးနောက် နှာမှုတ်လိုက်သည်။

"နောက်ဆုံးတော့ သိသွားပြီပေါ့.... မင်းကို သတိမထားမိဘူး ထင်နေတာ... ခြံဝင်းထဲက ပေါင်းပင်တွေက လူ့တစ်ရပ်နီးပါးလောက် ရှည်နေပြီ…"


နင်ထန် ပြောလိုက်သည်။

"စကားပြောတာ ရပ်ပြီး မြန်မြန် သွားတော့... သူတို့ကို မရှင်းရင် ကျွန်မ ဝမ်းကွဲက တွေ့တိုင်း ပြောနေလိမ့်မယ်…"


ရှန်းလေ့ နဝေတိမ်တောင် ဖြစ်သွားပြန်လေသည်။

"ဒီကိစ္စက မင်းဝမ်းကွဲနဲ့ ဘာဆိုင်လို့လဲ…"


"ကျွန်မလည်း ဘယ်လို သိမှာလဲ.. ကျွန်မသိတာ သူ့မှာ မျက်လုံးတစ်စုံ ရှိပြီးတော့ အနည်းဆုံး မျက်လုံးတစ်လုံးက ကျွန်မတို့အိမ်ဆီကို ကျောက်ချထားတယ်ဆိုတာပဲ… ဒီမနက် တဝါကျောင်းသွားတော့ ပျော်ပျော်ကစားခဲ့လို့ ကျွန်မ ပြောလိုက်တာလေ... ရှင်လည်း ထွက်သွားရော သူ ကျွန်မကို ဖမ်းပြီး နာရီဝက်လောက် သင်ခန်းစာတွေပို့ချတော့တာပဲ…"


"ပျော်ပျော်ကစားခဲ့ဆိုတာက ဘာမှားနေလို့လဲ…"

ရှန်းလေ့ ပြောလိုက်သည်။


နင်ထန် ပုခုံးတွန့်လိုက်၏။

"တဝါက ပထမဆုံး ကျောင်းတက်ရတဲ့ရက်ပဲလေ...စကားလုံး နည်းနည်းလောက် သင်ရရင် ကို ကောင်းနေပြီ... ဖြစ်နိုင်တာ ဆရာမတွေက သူတို့ကို ကစားဖို့ လမ်းပြပေးလိမ့်မယ်…"


"ဒါက ကျွန်းပေါ်က မူလတန်းကျောင်းတွေရဲ့ ပုံစံပဲလေ... အတန်းနိမ့်တဲ့ ဆရာမတွေက ကလေးတွေကို ဂရုစိုက်ရုံလောက်ပဲလို့ ပြောကြတယ်... တကယ့် ဗဟုသုတတွေ လေ့လာဖို့ဆိုရင် အတန်းကြီးအောင် စောင့်ရမယ်…"

ရှန်းလေ့ ပြန်ဖြေလိုက်သည်။


"ရပြီ... ဒီကိစ္စကို မပြောနဲ့တော့... မြန်မြန် ပေါင်းသွားရှင်း…"

နင်ထန် ပြောလိုက်သည်။


ရှန်းလေ့ နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။

"ဒီလိုမှန်းသိရင် နေ့လည် ပြန်မလာပါဘူး... မင်းအတွက် အလုပ်ကြမ်း လုပ်ပေးဖို့ ပြန်လာနေရတဲ့အတိုင်းပဲ…"


နင်ထန် ပြုံးလိုက်သည်။

"အလုပ်လုပ်ရတာ မကြိုက်ဘူးလား... ဒါဆိုလည်း ရတယ်လေ…"


"တကယ်လား…"

ရှန်းလေ့ မျက်လုံးများ ဝင်းလက်သွားသည်။


နင်ထန် ဆိုလိုက်၏။

"ကျွန်မ ဝမ်းကွဲကို ဒီကျွန်းပေါ်က နေရောင်က ပြင်းလွန်းလို့ ရှင်က ကျွန်မ နေလောင်သွားမှာ စိတ်ပူနေတယ်လို့ ပြောလိုက်တာလေ... ရှင်က စပြီး ပေါင်းရှင်းဖို့ တာဝန်ကို ယူလိုက်တယ်ပေါ့... ဒီနေ့ မရှင်းရင်တောင် ရှင် မနက်ဖြန် ရှင်းရမှာပဲ…"


ရှန်းလေ့ သူမကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

"မင်းတကယ်ကြီး အဲ့လို ပြောလိုက်တာလား…"


"တကယ်ပြောတာ… ရှင်ခြံထဲမှာ ပေါင်းရှင်းတာကို မတွေ့ရင် သူ လက်လျှော့သွားမှာ မဟုတ်ဘူး... ယုံချင်ယုံ မယုံချင်နေ... ရှင်နောက်ပိုင်း ပေါက်တူးကိုင်ပြီး အပြင်ထွက်ရင် သူ သေချာပေါက် ခြံဝင်းထဲကနေ စိုက်ကြည့်နေတော့မှာ…"


"မယုံပါဘူး…"

ရှန်းလေ့ ခေါင်းခါပြလိုက်သည်။ နင်ရွှယ်က ထိုမျှလောက် အချိန်အားနေမည်ဟု သူ မယုံပေ။ 


နင်ထန်က မျက်လုံးများက်ို မှေးကျဥ်းလိုက်၏။

"လောင်းမလား…"


"ကိုယ်ရှုံးရင် အပြန်အလှန်အနေနဲ့ တစ်ပတ်တိတိ ပန်းကန်ဆေးပေးမယ်…"

ရှန်းလေ့က တုံ့ဆိုင်းမှုမရှိဘဲ ပြောလိုက်သည်။ 


နင်ထန်က သူ့အား ပေါက်တူးကမ်းပေးလိုက်သည်။ 

"လက်ခံတယ်…"


ရှန်းလေ့က ပေါက်တူးကိုင်၍ အိမ်ထဲမှ ထွက်လာခဲ့ပြီး ဘေးပတ်လည်ကို ကြည့်လိုက်ရာ မည်သူ့ကိုမှ မတွေ့ပေ။ သူ့ကိုယ်သူ ရယ်လိုက်မိ၏။

နင်ရွှယ်က နင်ထန်ပြောသလို တကယ်လည်း အားယားမနေပါဘူး...


သူ ခြံထဲကို ဝေ့ဝဲကြည့်လိုက်ရာ ပေါင်းပင်များက လူ့အရပ် တစ်ဝက်လောက်အထိ ရှည်နေလေပြီ။ သူ ကိုယ်ကို ကိုင်းချကာ အားတက်သရော အလုပ်စလုပ်လေတော့သည်။


နာရီဝက်ခန့် ပေါင်းရှင်းပြီးနောက် ရှန်းလေ့ နဖူးပေါ်မှ ချွေးများကို သုတ်၍ ထရပ်ကာ အကြောဆန့်ရန် ပြင်လိုက်၏။ ရုတ်တရက်ဆိုသလို ဘေးအိမ်မှ စုမိသားစု၏ ခြံဝင်းထဲတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ 


အနီးကပ်ကြည့်လိုက်‌သောအခါ နင်ရွှယ်ကလွဲ၍ အခြားသူမဟုတ်ပေ။


သူတို့က မျက်နှာချင်းဆိုင် တွေ့လိုက်ကြသဖြင့် အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။


နင်ရွှယ်မှာ ခြံဝင်းထဲတွင် ရပ်နေရင်း ရှန်းလေ့တစ်ယောက် ပေါက်တူးကိုင်၍ ပေါင်းရှင်းနေသည်ကို တွေ့လိုက်ရသည်။ သူမနှလုံးသားထဲတွင် စိတ်မသက်မသာ ဖြစ်သွားခဲ့လေသည်။


သူမ နှာမှုတ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။


ရှန်းလေ့မှာ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ရလေသည်။ 

ငါ နင်ရွှယ်စိတ်ဆိုးသွားအောင် တစ်ခုခု လုပ်မိလို့လား...


ရှန်းလေ့ စိတ်ဆုံးဖြတ်ကာ မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင် အလုပ်လုပ်ခဲ့ကာ နာရီဝက်အတွင်း ခြံဝင်းထဲမှ ပေါင်းပင်များကို အပြောင်ရှင်းခဲ့သည်။


သူက အိမ်ထဲသို့ ပြန်ဝင်ကာ ရေအေးအေးဖြင့် ချိုးလိုက်ပြီးနောက် စွပ်ကျယ်အင်္ကျီနှင့် ဘောင်းဘီတိုကို လဲလှယ်ဝတ်ဆင်လိုက်လေသည်။ ထိုအခိုက် တဝါ ပြန်လာ၏။


တဝါ ပြန်လာသည်နှင့် နှာခေါင်းတရှုံ့ရှုံ့လုပ်ကာ မရေမရာပုံစံဖြင့် မေးလိုက်၏။

"သားတို့အိမ်ထဲ တစ်ခုခု ပုပ်နေသလိုပဲ…"


"နင်ကမှ ပုပ်နေတာ…"

နင်ထန်က ပင်လယ်ငါးကြင်းနှင့် ပုစွန်များကို စားပွဲပေါ်တွင် နေရာချထားလိုက်သည်။

"အချဥ်ဖောက်ထားတဲ့ ရှာလကာရည်အနံ့ဟဲ့…"


"အချဥ်ဖောက်ထားတဲ့ ရှာလကာရည်လား…"

တဝါ ခေါင်းလေးကို စောင်းလိုက်၏။

"ဟို့မား... ဒါက ဝက်စာတွေ မဟုတ်တာ သေချာလား…"


"အေးပါ... အနံ့က နည်းနည်းတူနေတာ ငါလည်း သိပါတယ်... ဒါပေမယ့် အချဥ်ဖောက်ထားတဲ့ ရှာလကာရည်က နင်ပြောတဲ့ ဝက်စာထက် ပိုအရသာ ရှိဖို့ အာမခံတယ်…" 

နင်ထန် ပြောလိုက်သည်။ 


ရှန်းလေ့ ဝင်ထောက်လိုက်၏။

"ဘာပဲဖြစ်ဖြစ် အားလုံးက ဝက်စာထက် ပိုအရသာရှိတာပဲ မဟုတ်ဘူးလား... ရှောင်နင် မိန်းမ ဒီလောက် နေပူနေတာကို တကယ်ကြီး ဟော့ပေါ့စားဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား... ကိုယ်သတိပေးမယ်နော်... အချဥ်ဖောက်ထားတဲ့ ရှာလကာရည် ဟော့ပေါ့လည်း ဟော့ပေါ့ပဲလေ…"


"ဟော့ပေါ့က ဘာမှားနေလို့လဲ... လုပ်ရလွယ်တယ်လေ... စွပ်ပြုတ်ရည်ကို ထည့်ပြီးရင် ပါဝင်ပစ္စည်းတွေ နှစ်လိုက်ရုံပဲ...ဒီလောက် ရှင်းနေတာကို…"

နင်ထန် ပြောလိုက်သည်။


ရှန်းလေ့က ပြန်တုံ့ပြန်လိုက်၏။

"ဒါဆို... ချက်ရတာအဆင်ပြေလို့ ဟော့ပေါ့ လုပ်လိုက်တာလား…"


"ဒါတင်ဘယ်ကမလဲ... ဒါက အကြောင်းအရင်းတွေထဲက တစ်ခုပဲ ရှိသေးတယ်... ဒါပေမယ့် အဓိက အကြောင်းအရင်းက စားရတာ အရသာ ရှိလို့လေ...မယုံရင် စားကြည့်…"


အိုးထဲတွင် အဖြူရောင် ရှာလကာရည်စွပ်ပြုတ်များက ပွက်ပွက်ဆူနေပြီး ချဥ်ချဥ်စပ်စပ် အရသာ ပြင်းပြင်းက ဧည့်ခန်းတစ်ခုလုံး လွှမ်းခြုံနေလေသည်။ ရှန်းလေ့ မထိန်းနိုင်ဘဲ တံတွေးမျိုချလိုက်မိသည်။


တဝါက ဟော့ပေါ့ကို နွေရာသီတွင် စား၍ရမရ ဟူသည့် စည်းမျဥ်းများကို နားမလည်ပေ။ ကျောင်းလွယ်အိတ်ကို ဘေးချကာ တူတစ်စုံဆွဲယူလိုက်ပြီး အာမေဋိတ်သံပြုလိုက်သည်။

"ဟို့မား... ဒါကို သားတို့ ဘယ်လိုစားရမှာလဲ…"


"ရိုးရှင်းပါတယ်... ဟော့ပေါ့ရဲ့ဘေးမှာ ပင်လယ်စာတွေ၊ အသီးအရွက်တွေ ပန်းကန်အပြည့်တင်ထားတယ်မလား... ကြိုက်တဲ့ဟာကို ဟင်းရည်ထဲ နှစ်ပြီး စားလိုက်ရုံပဲ... ကိုယ့်ပန်းကန်ထဲ ကြိုက်သလောက် ထည့်ပြီး အလျှံပယ် စားကြတာပေါ့…"

နင်ထန် ပြောလိုက်သည်။


သူမက တဝါလက်ထဲမှ တူကို ယူ၍ ပြောလိုက်သည်။

"ဒါပေမယ့် အလျှံပယ် စားသောက်ပွဲမှာ မပါဝင်ခင် ရှန်းကျန့်ဖျင်ရေ... လက်ကို အရင်ဆေးပါနော်…"


တဝါက တွန့်ဆုတ်ဆုတ်ဖြင့် ပြောလိုက်သည်။

"အဖေ... ဟို့မားက ဘယ်လိုပုံစံလဲဆိုတာ တွေ့ပြီမလား…"


ရှန်းလေ့ ပြန်ဖြေလိုက်၏။

"ငါ့ကို ပြောလည်း အရာမရောက်ဘူး... ငါတောင် မစားခင် ရေချိုးခဲ့တာ မတွေ့ဘူးလား…"


နင်ထန်က သူ့ကို ခြောက်လိုက်သည်။

"လက်မဆေးဘဲ စားရင် ဗိုက်ထဲမှာ သန်ကောင်တွေ ရှိလာမှာ…"


တဝါ၏ အမူအရာက မပြောင်းလဲပေ။

"သား မယုံဘူး"


"ယုံချင်ယုံ မယုံချင်နေလေ... ဗိုက်နာမှ ငါနဲ့ နင့်အဖေကို လာမခေါ်နဲ့…"

နင်ထန်က သူ့ရှေ့တွင် တူများကို ချပေးလိုက်ပြီးနောက် ယူမယူ စောင့်ကြည့်လိုက်သည်။


တဝါက ပုခုံးတွန့်ကာ ခြေတံတိုလေးများဖြင့် ပြေးထွက်သွားပြီး အပြင်ဘက်တွင် လက်သွားဆေးခဲ့သည်။


တဝါ လက်ဆေးနေစဥ် နင်ထန်က ရှန်းလေ့ကို မေးလိုက်၏။

"စကားမစပ်... ခြံရှင်းတုန်းက နင်ရွှယ်ကို တွေ့သေးလား…"


"ရှောင်နင် ကိုယ်ပြောရဦးမယ်... မင်းက ပြဿနာ ကို မီးစာထည့်တဲ့နေရာမှာ တော်တော်လေး ချက်ကျလက်ကျ ဖြစ်နေသလားလို့... ဟုတ်ပါပြီ... ဒီတစ်ပတ်လုံး ပန်းကန်တွေ ကိုယ်ပဲ ဆေးလိုက်မယ်..."

ရှန်းလေ့က ဆို၏။


နင်ထန် သရော်လိုက်သည်။

"သူတကယ်ကြီး ထွက်လာပြီး ကြည့်မယ်လို့ မထင်ထားဘူး... ကျွန်မက ဒီတိုင်းပဲ ပြောလိုက်တာ…"


တဝါက လက်သွားဆေးရာမှ ပြန်လာပြီး မေးလာ၏။

"ဘာတွေ ပြောနေကြတာလဲ"


"နင် ကျောင်းတက်တဲ့ပထမဆုံးရက်မှာ ဘာတွေ လုပ်ခဲ့လဲ ပြောနေကြတာ…"

နင်ထန်က သာမန်ကာလျှံကာ စနောက်လိုက်၏။


တဝါက ခေါင်းလေးကို စောင်း၍ တွေးလိုက်သည်။ "အများကြီး မလုပ်ခဲ့ရဘူး... ဆရာမက နာမည်ခေါ်ပြီးတာနဲ့ ကစားကြတော့တာ…"


နင်ထန်က ရှန်းလေ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ တွေ့လား... ကျွန်မပြောတဲ့အတိုင်းပဲ... ဟုတ်တယ်မလား...


"ဒါပေမယ့်..."

တဝါ ဆက်ပြောသည်။


"ဒါပေမယ့် ဘာလဲ…"

 á€”င်ထန် မေးလိုက်သည်။


တဝါက တံတွေးမျိုချကာ ပြောလိုက်၏။

"အရင်စားရအောင်လေ... စားရင်းနဲ့ ပြောကြမယ်…"



🏝️🏝️🏝️