Chapter 25
Viewers 4k

🏝️ Chapter 25

ပိန္နဲသီးရွေးရန်သွားခြင်း



 "ပင်လယ်စာသွားကောက်မှာလား…" 


ကလေးသုံးယောက် ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး အစ်မလော ကို စိုက်ကြည့်နေသည်။


 "မဟုတ်ဘူး…မသွားပါဘူး… မင်းတို့အဖေ ဗိုလ်ကြီးရှန်းက ငါ့ယောကျာ်းကို လာတိုင်တယ်၊ ငါ့ယောကျာ်းကလည်း ငါ့ကို ခေါ်သွားရမလားဆိုပြီး ကြိမ်းမောင်းနေတာ… ငါ မင်းတို့ကို မခေါ်သွားတော့ဘူး… ငါတို့သွားမယ်ဆိုရင် ဗိုလ်ကြီးရှန်း ပြန်လာမယ့်အချိန်ကို စောင့်ရမှာ…"


ပင်လယ်စာသွား‌မကောက်ဟုကြားသော် နင်ထန် ချက်ချင်း စိတ်ဓာတ်ကျသွား၏။

"ဒါဆို ဘာလုပ်ကြမှာလဲ..."


အစ်မလောက နင်ထန်၏လက်ကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

"ငါ့နောက်ကိုလိုက်လာ…ပြီးတော့ အိတ်ကြီးနှစ်လုံးယူလာ…"


အစ်မလော ကိုင်ထားသော အိတ်နှစ်လုံးကိုမြင်ပြီး တဝါက နင်ထန်ကိုပြောသည်။

" ဟို့မား… သားတို့လည်းလိုက်ချင်တယ်…"


နင်ထန်က အစ်မလောကို ကြည့်ကာ အတည်ပြုပြီးနောက် လက်ပြလိုက်သည်။

"လိုက်ခဲ့…"  


ထို့နောက် အစ်မလောက နင်ထန် ဘက်လှည့်ကာ ပြောပြသည်။

"ငါတို့ ပင်လယ်ကမ်းစပ်ကို သွားမှာ မဟုတ်ဘူး၊ တဝါတို့ လိုက်လာလို့ရပါတယ်… ပစ္စည်းတွေသယ်ဖို့တောင် သူတို့က ကူပေးနိုင်တယ်…"


အစ်မလောက နင်ထန်နှင့် ကလေးသုံးယောက်ကိုခေါ်ကာ ထွက်လာသည်။ 


"တကယ်တော့ ငါတို့ ပစ္စည်းသွားယူရမှာ…"


"ပစ္စည်းယူမယ် ဟုတ်လား…"  


"ရှောင်နင်… ညီမက ဒီမှာ လူသစ်မလို့ မသိတာ… ငါတို့ စစ်တပ်အိမ်ရာမှာ ပိန္နဲသီးတွေရှိတယ်… နှစ်တိုင်း ဇွန်လလောက်ဆို အမျိုးသမီးကော်မတီက အသီးအနှံတွေ ကောက်ဖို့ လူတွေကို စည်းရုံးတယ်… ပြီးရင် ဝေပေးကြတယ်…ဒီနှစ်မှာတော့ အသီးတွေ တအားသီးကြတယ်လို့အသံကြားတယ်…"


အစ်မလောက လမ်းဘေးရှိ မြင့်မားသော သစ်ပင်တစ်ပင်ကို ညွှန်ပြရင်းဆိုလိုက်သည်။

 "အဲဒါက ပိန္နဲသီးပင်ပဲ…"


မကြာမီ သစ်ပင်များဝိုင်းရံထားသော အဆောက်အဦးတစ်ခုဆီသို့ ရောက်လာသည်။ အပေါ်ထပ်သို့တက်သွားသောအခါ အမျိုးသမီးရေးရာ ကော်မတီကို တွေ့ရသည်။ အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ဦးက အဝါရောင် ချည်ပျော့သားကို ဝတ်ဆင်ထားပြီး အစ်မလောကို နှုတ်ဆက်သည်။


"ဘာလို့ နောက်ကျနေတာလဲ… ကောင်းတာတွေ အားလုံး သူများရသွားမယ်…"


အစ်မလောက နင်ထန်၏လက်ကို ပုတ်လိုက်သည်။

"စိတ်မပူပါနဲ့… မိတ်ဆက်ပေးပါရစေ၊ ဒါက ပထမတပ်စုက ဗိုလ်ကြီးရှန်းရဲ့ ဇနီးပါ နင်ထန်…"


"မင်္ဂလာပါ ကျွန်မကို ရှောင်နင်လို့ ခေါ်လို့ရပါတယ်…"


"ဒါက ဗိုလ်မှူးဝမ်ရဲ့ ဇနီး ရုံဟွားပါလူတိုင်းက သူ့ကို အန်တီတင်းလို့ခေါ်တယ်…"


 "အန်တီတင်း..."  

နင်ထန်က အံ့သြဟန်ဆောင်လိုက်သည်။

"အသက်က ငယ်သေးတာကို 'အန်တီ' လို့ခေါ်ရင် အသက်ကြီးသလိုဖြစ်နေတယ်၊ တခြားလူတွေက အဲ့လို ခေါ်တာလား…"


"ဟေး၊ ပြောတတ်လိုက်တာ…"

တင်းရုံဟွားက နင်ထန်၏ ပါးနပ်သောစကားကြောင့် မပြုံးဘဲ မနေနိုင်တော့ပေ။


အစ်မလောကလည်း နင်ထန်နှင့် တင်းရုံဟွား ရင်းနှီးနေသည်ကိုမြင်ပြီး တိတ်တိတ်လေး ဝမ်းသာနေမိသည်။


" အမယ် သူ့ကိုကျ အန်တီလို့မခေါ်ချင်ဘူး… ငါ့ကိုကျ အစတုန်းက အန်တီလောလို့ ခေါ်ချင်နေတာမလား…"


"အယ် မဟုတ်တာ… အစ်မ အထင်လွဲနေတာပါ… ညီမ ဗိုလ်ကြီးရှန်းနဲ့ ကျွန်းကိုလာတုန်းကတည်းက သူက အစ်မလောလို့ခေါ်ခိုင်းတာလေ… အစ်မလော မကျေနပ်ရင် ရှောင်လောလို့ ပြောင်းခေါ်ရမလား…"


အစ်မလောက ပြုံးပြီး နင်ထန်ကို အသာအယာ တွန်းလိုက်သည်။

"တော်ပါ… အပြောကတော့ ကောင်းသလားမမေးနဲ့…"


"ကောင်းပြီ၊ စကားမပြောကြနဲ့တော့…ပိန္နဲသီးသွားယူရအောင်၊ပြီးမှ စကားပြောကြ…"

တင်းရုံဟွားက ပြောသည်။


ထိုသို့ပြောပြီး တင်းရုံဟွားက နင်ထန်နှင့် အစ်မလောကို ဦးဆောင်ခဲ့သည်။

" ဒီနေ့ ပိန္နဲသီးအပြင် ကြက်မောက်သီးလည်း ကောက်ရတယ်… တစ်ယောက်ကို နှစ်ကီလိုရမယ်လေ… ရွာသားတွေ ဝေပေးပြီးရင် ငါတို့ စစ်တပ်ကိုလည်း ပေးမယ်…"

 

နင်ထန်က ကြက်မောက်သီး၏ ချိုမြသောအရသာကိုတွေးကာ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်လေတော့သည်။


"ရှောင်နင်ကို အစ်မက တစ်ကီလို သပ်သပ်ပေးမယ်…"


အစ်မလော,က ပြောလာ၍ နင်ထန် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။  

"ရတယ်အစ်မ မလိုပါဘူး…"


"ယူစမ်းပါ…ညီမ မစားရင်တောင် ကလေးသုံးယောက်က စားကြမှာ… အိမ်မှာ ငါနဲ့ အဘိုးကြီးကျောက် ပဲရှိတာ… သူကလည်း အသီးအနှံတွေ မစားချင်ဘူး…"


အစ်မလော အတင်းပေးနေ၍ နင်ထန်လည်း သဘောတူရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။


အမျိုးသမီးကော်မတီအဖွဲ့၏ အဆောက်အဦးရှေ့တွင် အသီးအနှံများအား ယူရန် လူအုပ်ရှည်ကြီး တန်းစီနေကြသည်။ နင်ထန်ရှေ့မှာပင် လူနှစ်ဆယ်မှ သုံးဆယ်ခန့်ရှိသေးသည်။


ကလေးသုံးယောက်က နင်ထန် အနားတွင် နာခံစွာ ရပ်နေကြသည်။ နာရီဝက်လောက် စောင့်ပြီးသောအခါ၊ သူတို့ရှေ့၌ ငါးယောက်သာရှိတော့သည်။ ရပ်နေရသည်ကကြာ၍ နင်ထန်၏ ခြေထောက်များ နာကျင်လာသည်။


"နောက်ဆုံးတော့ ညီမတို့အလှည့်ပဲ…"


"ဟုတ်တယ်…"

အစ်မလောက ပြန်ဖြေသည်။


နင်ထန်က ပိန္နဲသီးများ ဝေပေးနေသော နေရာကို လှမ်းကြည့်လိုက်သည်။

"ညီမ ယူလာတဲ့ အိတ်ထဲ ဆံ့ပါ့မလား…"

 

"ဆံ့လောက်ပါတယ်… ဒါမှမဟုတ်ရင် တဝါကို ထားခဲ့ပြီး ညီမနဲ့အားနူက အိမ်ပြန်ပြီး ထည့်စရာသွားယူလိုက်လေ…"


နှစ်ယောက်သား စကားစမြည်ပြောနေရင်း အသံကျယ်ကျယ်နှင့် ကြမ်းတမ်းသော အသံတစ်သံရုတ်တရက် ထွက်ပေါ်လာသည်။

"လမ်းဖယ်…"


ထို့နောက် နင်ထန် ရှေ့၌ မိန်းမတစ်ယောက်ပေါ်လာ၏။ သူမ ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်သည်။


ခဏနေဦး… သူက လူကျော်ဖို့ တွေးနေတာလား…


အစ်မလောက ဒေါသတကြီးဖြင့်ပြောသည်။ 

"ဝမ်တိလိုင်… ဘာလို့ကြားဖြတ်တာလဲ…"


ဝမ်တိလိုင် : "အစ်မလော… ကျွန်မက အစ်မကို ကျော်တာမဟုတ်ပါဘူး…"


အစ်မလော က နင်ထန်ရှေ့တွင် ရှိသည်။ နင်ထန်က အစ်မလော နောက်၌ရှိ၏။ ဝမ်တိလိုင်က နင်ထန် ရှေ့မှဖြတ်သွားခြင်းဖြစ်သည်။ အတိအကျပြောရလျှင် အစ်မလောကို နေရာလုခြင်းမဟုတ်ဘဲ နင်ထန်၏ နေရာကို ဝင်လုခြင်းပင်။


"ဟင်း..."

အစ်မလော က အင်္ကျီလက်များကို ပင့်တင်လိုက်၏။

  

တန်းစီနေသူများက ပြဿနာဖြစ်မှန်းသိကာ ခေါင်းမော့ပြီး အတင်းအဖျင်းကို စိတ်အားထက်သန်စွာ ကြည့်နေသည်။ပိန္နဲသီးများကို ဝေငှပေးနေသော ဝန်ထမ်းများပင် ဖြည်းညင်းစွာလှုပ်ရှားနေကြ၏။


ဝမ်တိလိုင်က ရိုင်းစိုင်းပြီး စစ်တပ်တွင် နာမည်ဆိုးနှင့် ကျော်ကြားသည်။ သူမသာ အကြောခံလိုက်ရလျှင် လူတိုင်းဝမ်းသာပီတိဖြစ်မည်ပင်။ နင်ထန်က အစ်မလော၏ လက်ကိုကုတ်ကာ စိတ်အေးအေးထား၍ အချက်ပြလိုက်သည်။

"အစ်မ စိတ်မပူပါနဲ့… ညီမ သူမကို ပြောကြည့်မယ်…" 


အစ်မလောက ခေါင်းညိတ်ပြလိုက်သည်။


ဝမ်တိလိုင် စိတ်တိုပြီး ရှူးရှူးရှားရှားဖြစ်သွားသည်။ နင်ထန် မျက်ခုံးပင့်လိုက်မိသည်။ ဝမ်တိလိုင်က မောက်မာထောင်လွှားတတ်သူဟု ပြောရန်ခက်နေသည်။


သို့သော် ဝမ်တိလိုင်၏အရပ်က 1.5 မီတာသာရှိပြီး၊ ပါးရိုးမြင့်မြင့်နှင့် စူးရှသောမျက်လုံးများရှိသူပင်။ သူမ ပုံစံက သဘောထားကြီးသူမျိုး လုံးဝမဟုတ်ပေ။ သို့သော်လည်း သူမက ရက်စက်ကြမ်းကြုတ်သောလူမျိုး မဟုတ်ပေ။ အားလုံး သူမကို ကြောက်နေသည်က အံ့သြစရာပင်။


"ဝမ်တိလိုင်က ကျွန်မကို လျှော့တွက်တာလား… ကျွန်မက လူသစ်မလို့ လွယ်လွယ်နဲ့ အနိုင်ကျင့်ဖို့တွေးနေတာလား… ဒါကြောင့် ကျွန်မရှေ့မှာ လာတန်းစီတာလား…"


ဝမ်တိလိုင်က အကျင့်မကောင်းသော်လည်း၊ အသိဉာဏ်ရှိသေးသည်။ ဂုဏ်သိက္ခာရှိသော စစ်သည်မယားများကို သူမ အနိုင်ကျင့်ရန်မဝံ့ရဲပေ။ ထို့ကြောင့် သူမက ဖြူဖွေးကာ နုဖတ်နေသော နင်ထန်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။


ဝမ်တိလိုင်က ယခုလိုအနိုင်ကျင့်သည်မှာ ပထမဆုံးအကြိမ်မဟုတ်။ သူမက စစ်တပ်ဝင်းအတွင်း နေထိုင်သူများကို သေချာလေ့လာထားသည်။ 'ဘယ်သူက ဒေါသကြီးသလဲ၊ဘယ်သူက ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းရမလဲ၊ဘယ်သူက ကိုင်တွယ်လွယ်မလဲ' စသည်တို့ဖြစ်သည်။ အားလုံးကို သူမ စိတ်ထဲတွင် မှတ်သားထားပြီးသားပင်။ နင်ထန်က အပြစ်ကင်းသော မျက်နှာထားရှိကာ နူးညံ့သိမ်မွေ့သူဖြစ်၍ သူမအတွက် ပြီးပြည့်စုံသော ပစ်မှတ်ဖြစ်စေသည်။


သို့သော် အစ်မလောက နင်ထန်ဘက်က ပါမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သို့သော် သူမက မကြောက်ပေ။ အစ်မလောက စိတ်နေစိတ်ထား ကောင်းပြီး ရန်ထောင်တတ်သူမျိုးမဟုတ်ပေ။ ထို့ကြောင့် သူမ ဝမ်တိလိုင်အား ကြားဖြတ်တန်းစီသည်ကို သေချာပေါက် ခွင့်လွှတ်လိုက်နိုင်သည်။


ဝမ်တိလိုင်ကလည်း မူလက ပုံမှန်အတိုင်း တန်းစီနေခြင်းဖြစ်၍ ကြားဖြတ်လိုက်ခြင်းက သူမအတွက် ဘာမှထူးခြားသည်မဟုတ်ပေ။


"ဘာလဲ ငါက ကြားဖြတ်တော့ရော နင်က ဘာလုပ်ချင်သလဲ…"


သူမက နင်ထန်၏ ပုံစံကိုကြည့်ကာ ရန်ဖြစ်လျှင်ပင် သူမ မရှုံးမှနိသိနေ၍ စိတ်ထဲ၌လုံးဝ ကြောက်မနေချေ။ သူမ ကိုယ်ခန္ဓာကသာ သေးငယ်သော်လည်း အလုပ်ကြမ်းလုပ်သူပီပီ ခွန်အားရှိသည်။ နင်ထန်ကို အနိုင်ယူရခြင်းက ကိတ်မုန့်စားရသလို လွယ်ကူပေမည်။


"အဆင်ပြေပါတယ်၊ရှင် ကြားဖြတ်လို့ရတယ်…"


နင်ထန်က အောင်မြင်သူ၏အပြုံးဖြင့် ပြောလိုက်သည်။ကြည့်ရှုသူများမှာ မနေနိုင်ဘဲ သက်ပြင်းချမိသည်။ အသစ် ရောက်လာသော မိန်းကလေးက ကျောထောက်နောက်ခံမရှိရှာပေ။ အစ်မလောပင်လျှင် ငြိမ်သက်စွာ သက်မချလိုက်သည်။ သူမက နင်ထန်နှင့် ဝမ်တိလိုင် ရန်ဖြစ်မည်ကိုမလိုလားပေ။


နင်ထန်က ယခုမှရောက်လာသူဖြစ်၍ ဤသည်က သူမအတွက် အရေးကြီးသည့်အချိန်ပင်။ ဒေသခံများနှင့် ဆက်ဆံရေးတည်ဆောက်ရပေမည်။ သူမသာ ဝမ်တိလိုင်နှင့် ရန်ဖြစ်ပါက သူမသာ ရှုံးမည်။ 


အစ်မလော အံကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။


နင်ထန်က လူအုပ်ကိုတစ်ချက်ကြည့်ကာ ဝမ်တိလိုင်၏ ရုပ်ဆိုးဆိုး မျက်နှာကို ကြည့်၍ မထီမဲ့မြင် အရိပ်အမြွက်နှင့် ပြုံးလိုက်သည်။


"အစ်မဝမ် ရယ်…ကျွန်မကတော့ အဆင်ပြေပေမယ့်..." 

သူမ ခဏရပ်ပြီး ဆက်ပြောသည်။

" ဒါပေမယ့် ကျွန်မကသာ အစ်မကို လုပ်ခွင့်ပြုရင် နောက်လူတွေကရော အစ်မကိုထပ်စောင့်ရမယ်… ဒီတော့ အားလုံး အချိန်ကြာကုန်မှာပေါ့… အစ်မ ကြားဖြတ်တာက ကျွန်မတင် မကဘူး… နောက်ကလူတွေကိုပါ အချိန်ဖင့်စေတယ်…"


ထို့နောက် သူမက အနားမှ အစောင့်ကို လက်ပုတ်ပြလိုက်သည်။ 

 "ဒါဆို ရှင်လည်း အချိန်မနှောင့်စေဘူးလား…"


ဝမ်တိလိုင်က နင်ထန်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်းပြောလိုက်သည်။

"အတင့်ရဲလိုက်တာ…"


နင်ထန် ခေါင်းကိုတည့်တည့်ထားပြီး မျက်လုံးထောင့်က စွေကြည့်လိုက်သည်။ ဝမ်တိလိုင်က အမြဲအခြားသူများအပေါ် နိုင်လာသူပီပီ သူမအား ယခုလိုဆက်ဆံသူဟူ၍ မကြုံဖူးပေ။ သူမစိတ်လွတ်သွားရသည်။ သူမ နင်ထန်ကို မကျေမချမ်း တစ်ချက်ကြည့်လိုက်ချိန်တွင် နင်ထန်က အသံမြှင့်ကာ ဆိုလိုက်သည်။


"ဟေး အစ်မဝမ်က ဘာလို့ ကြားဖြတ်တာလဲ… ကျွန်မက စိတ်ကောင်းရှိသူမလို့ အစ်မကို မတားပေမယ့် ကျွန်မနောက်မှာ တန်းစီနေတဲ့သူတွေကတော့ ဒီလိုတွေးမှာမဟုတ်ဘူးနော်… အစ်မကို သူတို့က ပေးဖြတ်ချင်မယ်မထင်ဘူး…"


ဝမ်တိလိုင်က သူမ၏ အင်္ကျီလက်များကို လှန်လိုက်ကာ ကျယ်လောင်စွာ ကျိန်ဆဲတော့သည်။

“ငါ ဂရုမစိုက်ပါဘူး… နင့်နောက်ကလူတွေ သဘောတူလား၊ မတူလားဆိုတာ ငါနဲ့မဆိုင်ဘူး…" 


ပြောပြီးသည်နှင့် လူတိုင်းက ထူးဆန်းသောမျက်လုံးများဖြင့် သူမအား ကြည့်နေကြသည်ကို သဘောပေါက်သွား၏။


နင်ထန်၏ စကားကြောင့် တန်းစီနေသူအားလုံး သဘောပေါက်လာကြသည်။ ဝမ်တိလိုင် အောင်မြင်စွာ နေရာလုနိုင်ခဲ့လျှင် နင်ထန်သာ နှောင့်နှေးသည်မဟုတ်ဘဲ ကျန်လူများပါ အကုန် နှောင့်နှေးကုန်မည်။ အစကတည်းက တန်းစီစောင့်ရသည်ကို စိတ်အနှောင့်အယှက်ဖြစ်နေသူများအဖို့ သည့်ထက် အချိန်ပိုကြာအောင် စောင့်ရပါက သူတို့လည်း သဘောမတွေ့တော့ပေ။ ဤသည်က သဘာဝပင်။သူတစ်ပါး မည်သို့ပင် မတရားခံနေရပါစေ လျစ်လျူရှု့ထားနိုင်သော်လည်း မိမိကိုသာ ထိပါးလာပါက မည်သူမှ ငုံ့ခံရန် သတ္တိမရှိကြပေ။ ကိုယ့်အကျိုးစီးပွားကို ထိခိုက်လာပါက၊ မည်သူကမှ အလျှော့မပေးနိုင်ပေ။ ထို့ကြောင့် လူတိုင်းက ဝမ်တိလိုင်ကို မကျေမချမ်း တစ်ချက်ကြည့်လိုက်သည်။


ဝမ်တိလိုင်သည်လည်း အ,သူ မဟုတ်၍ သူမ၏အသံက တဖြည်းဖြည်း အားနည်းလာသည်။ 

 "ငါ၊ ငါ..."


အချိန်အတော်ကြာအောင် သူမ စကားမပြောနိုင်ဖြစ်နေရ၏။ နင်ထန်က ပြုံးပြီး သူမကို ဆက်ပြောသည်။

"နားလည်ပါပြီ အစ်မဝမ်… အစ်မ မလွန်ပါဘူး… အစ်မက စိတ်မရှည်ဖြစ်တာမလား…"


ဝမ်တိလိုင်က နင်ထန် ရုတ်တရက် အကောင်းဘက်ကပြောလာ၍ သူမ အားတက်သွားသလို ဖြစ်သွားရသည်။

  

"ဟုတ်တယ် ကျွန်မလည်း စိတ်မရှည်တတ်ဘူး… ဒါပေမယ့် စိတ်မရှည်ရင်တောင် စည်းကမ်းကို လျစ်လျူရှုလို့မရဘူး… ဒါကြောင့် ကျွန်မပြောတာ နားထောင်ပါ… ဟိုးနောက်ဆုံးတန်းမှာ သွားတန်းစီလိုက်ပါ…"


ဝမ်တိလိုင်က ကြားသည်နှင့် ချက်ချင်းဒေါသထွက်ကာ ငြင်းခုံရန် ပြင်သေးသည်။ သို့သော်လည်း နင်ထန်က သူမကို မာန်ပါပါကြည့်နေတာကြောင့် သူမ လှန်မကြည့်ရဲအောင်ဖြစ်သွားရတော့၏။ နောက်မှ လူအုပ်ကြီးကြောင့်လည်း သူမ ဒေါသကို မျိုသိပ်ထားလိုက်သည်။ နင်ထန် ကြည့်နေသော အကြည့်နောက်သို့ လိုက်သွားရာ နောက်မှ ခေါင်းဆာင်များကိုမြင်လ်ိုက်ရသည်။


တပ်မှူးဝူ၏ဇနီးနှင့် တပ်မှူးကျိုး၏ ဇနီးတို့အားလုံးက သူမကို စိမ်းကားစွာကြည့်နေကြ၍ ဝမ်တိလိုင် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူမ အတင်းပြုံးထားကာနှုတ်က စကားလုံးတိုင်းကို မကျေမချမ်းဖြင့် သွားကြားထဲက ညှစ်ထုတ်လိုက်၏။

 "ကောင်းပြီ ငါနောက်ကို ပြန်သွားလိုက်မယ်…"


နင်ထန် ကျေနပ်စွာ ပြုံးလိုက်သည်။

 "ဒါမှန်တယ်…"


ထို့နောက် သူမက အားလုံးကြားအောင် ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။

"အစ်မဝမ်က တော်လိုက်တာ… အခုလို ရိုးရိုးသားသား တန်းစီလိုက်တော့ အားလုံး အဆင်ပြေသွားတာပေါ့…"


မည်သူက စလိုက်မှန်းမသိသော်လည်း တစ်ယောက်ပြီး တစ်ယောက် ရယ်မောလိုက်ကြသည်။


အားလုံး၏ စူးစူးဝါးဝါးရယ်သံက ဝမ်တိလိုင်ကို တုန်လှုပ်သွားစေကာ မျက်နှာကြီး နီရဲပြီးရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။ သူမ ယခု ဤနေရာ၌ပင် ပျောက်ကွယ်သွားချင်နေမိတော့၏။ စန်းဝါက ငယ်ရွယ်သေး၍ လုံးဝနားမလည်သော်လည်း နင်ထန် အနိုင်ရသွားမှန်း သူ သိလိုက်၏။သူက တိုးတိုးလေးပင် ရွတ်လိုက်သေးသည်။ 

" ဟား ဟို့မားက အရမ်းတော်တာပဲ…"


တဝါနှင့် အားနူကလည်း ခေါင်းညိတ်ပြသည်။

"သူက တကယ်ပဲ အထင်ကြီးစရာကောင်းတယ်…"


သူတို့က မိထွေးကို ယခုလို သတ္တိရှိမည်ဟု မမျှော်လင့်ခဲ့ကြပေ။ နင်ထန်က ထမင်းစားချင်သည်၊ အအိပ်မက်သည်ဆိုသည်လောက်ပင် သူတို့ သိထားသည်။


ရုန်းရင်းဆန်ခတ်ဖြစ်နေရာမှ ငြိမ်သက်သွားပြီး နင်ထန် အလှည့် ရောက်လာသည်။

"မင်္ဂလာပါ ရဲဘော်… ကျွန်မ ပိန္နဲသီးနဲ့ကြက်မောက်သီး လာယူတာပါ…" 


အမျိုးသမီးဝန်ထမ်းငယ်ကလည်း ပြောသည်။

"ကောင်းပြီ ဒါတွေက မင်းအတွက်ပါ…" 


စကားပြောပြီးနောက် ဝန်ထမ်းက ဓားကိုအသုံးပြုကာ လှီးဖြတ်သင့်သည်ကိုဖြတ်ပြီး အသီးကို သတင်းစာဖြင့် ထုပ်လိုက်သည်။

 

နင်ထန်က တစ်ဖန် ကြက်မောက်သီးကိုယူပြီး ထိုဝန်ထမ်းကိုလည်း ကျေးဇူးတင်လိုက်၏။ အစ်မလောက ပြီးနှင့်သူဖြစ်၍ သူမ အနား၌ စောင့်နေသည်။


နင်ထန် ထွက်လာသည်ကို မြင်လိုက်ရသော် သူတို့နှစ်ယောက် အတူတူ ထွက်သွားကြသည်။ နင်ထန်က လက်ထဲက အသီးများကိုကိုင်ထားရင်း ချိန်ဆကြည့်လိုက်၏။

"ဘာလို့ ညီမဟာက တခြားသူတွေထက် ပိုများ‌နေရတာလဲ…"


အစ်မလောက ရယ်မောရင်း ပြောသည်။

"ရှောင်လင်းက ပိန္နဲသီး ဖြန့်ဖြူးရေးတာဝန်ခံဝန်ထမ်းဆိုတော့ မင်းကို နည်းနည်းပိုပြီးပေးတာနေမယ်…" 


"ဘာလို့လဲ၊ ညီမလည်း သူမကို မသိပါဘူး…"


"ညီမက ဝမ်တိလိုင်ကို ပြန်ပြောလိုက်လို့ သူက ကျေးဇူးတင်နေတာဖြစ်မယ်… ဝမ်တိလိုင်က နှစ်ပေါင်းများစွာ စစ်တပ်ဝင်းထဲမှာ ဗိုလ်လုပ်နေတာ… သူက အာဏာရှိသူတွေကိုသာ မလုပ်ရဲတာ၊ ဖြူစင်တဲ့သူတွေကိုဆို အနိုင်ကျင့်တယ်၊ ရှောင်လင်းဆို သူ့ကြောင့် ငိုတောင်ငိုဖူးတယ်…"


နင်ထန် : "ဒါကြောင့်မို့များလား…"


"ဒီအဖြစ်အပျက်က ပြီးသွားပါပြီ…နောက်ဆို ဝမ်တိလိုင်က ညီမကို အနိုင်မကျင့်ရဲတော့ဘူး…"


အမှန်ပင်၊ ဤ 'တိုက်ပွဲ' ပြီးနောက် နင်ထန်က စစ်တပ်ဝင်းထဲမှ မိသားစုများကြားထဲတွင် နာမည်ကြီးလာသည်။ လူတိုင်းက နင်ထန်ကို အစက လူသစ်တစ်ယောက်ဟုသာ သဘောထားသည်။ ယခုမူ မောက်မာသော ဝမ်တိလိုင်၏ အနိုင်ကျင့်မှုကို ပြန်တွန်းနိုင်သော သူမကို အထင်ကြီးလာကြသည်။


စကားအနည်းငယ်ပြောပြီး နင်ထန် ထွက်သွားသည်။ ဝမ်တိလိုင်ကမူ မျက်နှာပျက်နေကာ လိုင်းအဆုံးကို ပြန်သွားသည်။ နင်ထန်ကဲ့သို့ ချက်ကျလက်ကျပြန်ပြောတတ်သောသူကိုမူ ဝမ်တိလိုင်က သူမကို ရှောင်ရန်နည်းလမ်းသာ ရှာနေလိမ့်မည်။


"တကယ်တော့ ဝမ်တိလိုင်က ညီမကို လူသစ်မို့ ဒီလိုလုပ်တာမဟုတ်ဘူး…"


"တဝါရဲ့ အမေ ဆုံးပါးသွားပြီး လနည်းနည်းကြာတော့ ဝမ်တိလိုင်က ဗိုလ်ကြီးရှန်းနဲ့ သူ့ဝမ်းကွဲညီမ ၁၈ နှစ်အရွယ် မိန်းက‌လေးကို လက်ထပ်ဖို့ပြောတယ်… ဒါပေမယ့် ဗိုလ်ကြီးရှန်းက သဘောမတူဘူး...သူ့ကို ငြင်းခဲ့တယ်…"


"နောက်တော့ ညီမက ဗိုလ်ကြီးရှန်းနဲ့ လက်ထပ်လိုက်တယ်လေ… ဒါကြောင့် ဝမ်တိလိုင်က ဗိုလ်ကြီးရှန်း သူ့ညီမကို ငြင်းတာက ညီမကြောင့်လို့ ထင်နေပုံပဲ… အဲဒါကြောင့် ညီမကို ဒေါပွနေတာ… အစ်မ အထင်ကတော့ ဗိုလ်ကြီးရှန်းက ဝမ်တိလိုင်ကို ကြည့်ပြီး သူ့ဝမ်းကွဲညီမကို ငြင်းခဲ့တာဖြစ်မယ်… သူတို့က ညီအစ်မတွေဆိုတော့ ဆိုးတဲ့စရိုက်ချင်းတူမယ်လို့ တွက်နေတာ‌ဖြစ်မယ်…"


အစ်မလော ရှင်းပြသည်ကို နင်ထန် နားထောင်ပြီးနောက် ခပ်ဟဟ ရယ်မောလိုက်သည်။

"ဗိုလ်ကြီးရှန်း ဒီလောက်နာမည်ကြီးမှန်း ကျွန်မ မသိဘူး…" 


"ဝမ်တိလိုင်ရဲ့ မိဘတွေမှာ သားသမီးတွေ အများကြီးရှိတယ်… သူကတော့ အလတ်ဖြစ်မယ်ထင်တယ်… သူတို့ဆီမှာ တင်တောင်းငွေတွေ အရမ်းများကြတယ်… ဒီတော့ တော်ရုံယောက်ျားကို သူတို့ မမက်ဘူး… ဗိုလ်ကြီးရှန်းကကျ လစာကောင်း၊ ရာထူးမြင့်တော့ သူတို့အတင်းလိုချင်နေတာ မဆန်းဘူး‌လေ…"



🏝️🏝️🏝️