Chapter 23
Viewers 4k

🏝️ Chapter 23



အရောင်းဝန်ထမ်းက ခေါက်ဆွဲခြောက်ကို ယူလာသည်။

" ဒါက အရမ်းစျေးကြီးတယ်၊ ပထမတုန်းက ထွက်လာတော့ လူတိုင်းက မြည်းကြည့်ချင်ကြတယ်…နောက်တော့ ဈေးကြီးလို့ဆိုပြီး ဘယ်သူမှ သိပ်မစားကြဘူး…" 


တစ်နည်းဆိုရသော် နင်ထန်က တန်ဖိုးကို မေးပြီးမဝယ်ပါက အဆင်ပြေသည်ဟု ဆိုခြင်းဖြစ်သည်။


နင်ထန်က အရောင်းဝန်ထမ်းကို ပြောလိုက်သည်။

"ကျွန်မက ဝယ်မှာပါ…"


 "မင်း တကယ်ဝယ်ချင်တာလား…"


နင်ထန် ချက်ချင်းပင် ခေါက်ဆွဲခြောက်ထုပ်၏ အလယ်တွင်ရေးထားသော ဝက်သားခေါက်ဆွဲဆိုသည့်စာလုံးကို ကြည့်လိုက်သည်။ ကြာကြာကြည့်လေ၊ သူမကို ပိုဆွဲဆောင်လေလေဖြစ်သည်။


အသင့်စားခေါက်ဆွဲ၏ ဈေးပမာဏက တော်တော်များသည်။ သုံးထုပ်ဆိုလျှင် သူမနှင့် ကလေးသုံးယောက်အတွက်လုံလောက်သည်။


"ဟုတ်ကဲ့" 

ပြောပြီးနောက် နှစ်ယွမ်နှင့်လေးဆယ်ဆင့်ကို ရေတွက်ကာ အရောင်းဝန်ထမ်းအား ပေးလိုက်၏။ ထိုသူက ပိုက်ဆံကို ရေတွက်ကြည့်ရင်း သူမ တကယ်ဝယ်မည်ဟုဆို၍ အံ့အားသင့်သွားသည်။


ဒီမိန်းကလေးက ဘာလို့ ဒီလောက် ဖြုန်းတီးနေမှန်းမသိဘူး…


ခေါက်ဆွဲခြောက် သုံးထုပ်က နှစ်ယွမ်နှင့် လေးဆယ်ဆင့်ကျသည်။ ဟင်းသီးဟင်းရွက်သာဆိုလျှင် များစွာ ဝယ်စားနိုင်သည်။


နင်ထန် က ငါးယွမ် ယူလာခဲ့၍ နှစ်ယွမ်နှင့် လေးဆယ်ဆင့် ကုန်ကျသွားပြီး နောက်ထပ် အပိုစားစရာတစ်ခုခုဝယ်ရန် လိုနေသည်။ သူမက လမ်းတွင်တွေ့သော ပျံကျဈေးသည်တစ်ဦးအား မေးလိုက်သည်။

 "ဒီမှာ သကြားလုံးရောင်းလား…"


ယနေ့တွင် ဟင်းချက်မနေတော့ပေ။ အိမ်၌ ကလေး သုံးယောက်က ဗိုက်ဆာနေပြီဖြစ်၍ သူမတွင် ရှောင်လွှဲမရသော တာဝန်ရှိသည်။ သူတို့ကို ချော့ရန် သကြားလုံးအချို့ဝယ်ရဦးမည်။ ထိုသို့မဟုတ်လျှင် ရှန်းလေ့ ပြန်ရောက်လာပါက သူမကို တိုင်ကြပေမည်။


ဈေးသည်က သူမကို ဆီစိမ်စက္ကူအိတ်တစ်အိတ် ပေးလိုက်သည်။


နင်ထန် ဆီစိမ်စက္ကူအိတ်ကို ဖွင့်လိုက်လျှင် အနီရောင်သကြားလုံးအပြည့်ပါနေသည်ကို တွေ့လိုက်ရသည်။ အရောင်က တောက်ပသော်လည်း ခေတ်မဆန်နေဘဲ မီးဖိုချောင်ထဲက သကြားလိုပင်။ သို့သော်လည်း ဘာမှမရှိသည်ထက် ပိုကောင်းသည်။ နင်ထန်က သကြားလုံးဝယ်လာကာ အိမ်ပြန်ရောက်သော် စက္ကူအိတ်ကို တဝါအား ပေးလိုက်သည်။

"ယူသွား… ငါ ခေါက်ဆွဲခြောက်ပြုတ်နေတုန်း စားကြ…"


တဝါက စက္ကူအိတ်ကိုယူ၍ ဖွင့်၍ တစ်ယောက်စီကို တစ်ခုစီ ဝေပေးလိုက်သည်။ စန်းဝါက သကြားလုံးကို ကိုင်ထားကာ ပါးစပ်က ရွတ်လိုက်သည်။

" ဟို့မာူ ခေါက်ဆွဲခြောက်ဆိုတာ ဘာလဲ…"


နင်ထန်က သူတို့ကို အထုပ်အား ပြလိုက်သည်။

"ဒါ ခေါက်ဆွဲ‌ခြောက်ပဲ…"


တဝါက တစ်ချက်ကြည့်လိုက်သည်။

"ဘာလို့ ခေါက်ဆွဲခြောက်လို့ ခေါ်တာလဲ…သားတို့ကို လျှောက်ပြောနေတာ မလား…"


နင်ထန်က မျက်မှောင်ကြုတ်လိုက်သည်။

" ငါက ဘာလို့လိမ်ရမှာလဲ"


တစ်ဖန် သူမက အိတ်ပေါ်က "ခေါက်ဆွဲခြောက်" ဆိုသည့်စာသားကို လက်ညှိုးထိုးပြ၏။

"ဒီမှာ မမြင်ဘူးလား၊ စာလုံးကြီးနဲ့ ရေးထားတာ… အသင့်စားခေါက်ဆွဲခြောက်တဲ့…"


နင်ထန်က ပြောပြီးသွားသည်နှင့် သူမနဖူးကိုသူ ပြန်ရိုက်လိုက်သည်။

"သြော် ငါမေ့သွားတယ် နင်တို့သုံးယောက်က စာမဖတ်တတ်ဘူးပဲ…"


သူတို့သုံးယောက်လုံး၏ အသက်က ကျောင်းတက်ကြသည့်အရွယ်ရောက်နေသော်လည်း အချို့စကားလုံးများကို ဖတ်တတ်သေးမည်မဟုတ်ပေ။ 


တဝါက နှုတ်ခမ်းစူလိုက်သည်။

 "ဘာဖြစ်လို့ သားက စာမဖတ်တတ်ရမှာလဲ… အဖေက စက်တင်ဘာလ ရောက်ရင် ပထမတန်းတက်ခိုင်းမှာ… နောက်ဆို စကားလုံးတွေ အများကြီးကို သိလာတော့မှာ…"


နင်ထန်က သူ့ပါးလေးကို ညှစ်လိုက်သည်။

"ဒါဆို ဒီအကြောင်း အများကြီးသိလာမှ ဆက်ပြောကြရအောင်…"


အားနူ ကလည်း ငါးနှစ်သာရှိသေး၍ ကျောင်းမသွားရသေး‌ပေ။ သူမ ဗိုက်ပြည့်အောင် ဘာစားရမလဲဆိုသည်ကိုသာ ဂရုစိုက်သည်။ သူမက တံတွေးကိုအနိုင်နိုင်မျိုချကာ နင်ထန်ကို မေးလိုက်သည်။

"ဟို့မား ခေါက်ဆွဲခြောက်က အရသာရှိလား…"


နင်ထန်လည်း ယခုလို ခေါက်ဆွဲမျိုး မစားဖူးသေးသော်လည်း ပြောလိုက်သည်။

"အရသာရှိတာပေါ့…"


"ဟုတ်လို့လား…"  

တဝါက သံသယစိတ်ဖြင့် ခေါက်ဆွဲခြောက်ကို လှမ်းကြည့်လိုက်သည်။


ခေါက်ဆွဲခြောက်က အရသာရှိနိုင်သာ်လည်း သူက နင်ထန် ၏ ဟင်းချက်စွမ်းရည်ကို မယုံပေ။ အထူးသဖြင့် အရသာမရှိသောပင်လယ်စာ ဟင်းပေါင်းများကို ရက်အတော်ကြာအောင်စားပြီးနောက် ဖြစ်သည်။ 


အားနူ : "အရသာ ရှိရှိ၊ မရှိရှိ ဟို့မား ကျေးဇူးပြုပြီး အမြန်လုပ်ပါ…သမီးတို့ အရမ်းဆာနေပြီ…" 


"ဟုတ်တယ်၊ ဒီလိုသာ နေ့တိုင်းငတ်နေရင် အဖေပြန်လာရင် အသက်မှရှိပါ့မလား…"


"စိတ်မပူပါနဲ့၊မင်းတို့ သုံးယောက် အရမ်းကြိုက်မယ်ဆိုတာ ငါ အာမခံပါတယ်…"


နင်ထန်က ခေါက်ဆွဲခြောက်သုံးထုပ်ကို ယူကာ မီးဖိုချောင်ထဲသို့ဝင်သွားသည်။ ကလေးသုံးယောက်က သူမနောက်ကို လိုက်လာကြသည်။


ထို့နောက် နင်ထန်က အိုးထဲကို ရေအရင်ထည့်ကာ၊ ခေါက်ဆွဲထုပ်ကိုဖောက်ထည့်ပြီး ဟင်းခတ်အနှစ်ကို ထပ်ထည့်လိုက်၏။ ခဏကြာသော် ခေါက်ဆွဲနံ့က လေထဲကိုပါ သင်းပျံ့လာသည်။ ထို့နောက် သူမက ဟင်းခတ်အနှစ်ကို အကြိမ်အနည်းငယ် မွှေပေးပြီး၊ ခေါက်ဆွဲပြုတ်ကို ပန်းကန်များထဲသို့ ထည့်လိုက်၏။


 "ဝိုး… အနံ့က အရမ်းကောင်းတယ်…" 

စန်းဝါ မအော်နိုင်ဘဲ မနေနိုင်ပေ။ နင်ထန်က ခေါက်ဆွဲအပြည့်ပါသော ပန်းကန်သေးသေးလေးလုံးကို ကလေးများ‌ ရှေ့၌တင်ထားလိုက်သည်။


"မြည်းကြည့်ပါဦး…"


တဝါ ခပ်သွက်သွက်ပင် ခေါက်ဆွဲကို သူ့ပါးစပ်ထဲသို့ထည့်လိုက်၏။ ဟင်းကလည်း အစပ်အဟပ်တည့်ကာ ချိုမြနေ၍ သူစားဖူးသမျှထဲ၌ အကောင်းဆုံးစားစရာဟု ထင်လိုက်မိချေသည်။


အားနူက ပန်းကန်လုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဟင်းချိုကို မော့သောက်နေသည်။ သူမ မျက်နှာငယ်လေးက ပန်းကန်လုံးထဲ၌ မြှုပ်လုနီးပါးဖြစ်နေသည်။ စန်းဝါ ကမူ သူတို့လောက် မကျွမ်းကျင်၍ သူ့မျက်လုံးကြီးများဖြင့် ချစ်စရာကောင်းအောင် နင်ထန်ကို ကြည့်လိုက်၏။

 "ဟို့မား-"


နင်ထန် လက်ကို မြှောက်လိုက်သည်။

 "ကောင်းပြီ နင့်ကို ခွံ့ကျွေးမယ်…"


စန်းဝါက ခေါက်ဆွဲကို ကျေနပ်စွာစားပြီး အနည်းငယ်ကျန်နေသော ဟင်းချိုရည်ကို နင်ထန် ယူသောက်လိုက်လေသည်။

 

ယခုခေတ်က ခေါက်ဆွဲခြောက်သည် အနာဂတ်ကလို မကောင်း‌သော်လည်း လက်ခံနိုင်သေးသည်။ နင်ထန် လည်း အားရပါးရစားမိသည်။


တဝါက သူ့ပန်းကန်လုံးတစ်ခုလုံးကို ခေါက်ဆွဲ‌သာမက ဟင်းချိုပါ တစ်စက်မှ မကျန်တော့အောင် သောက်ပသ်သည်။ စားပြီးသည်နှင့် သူက နင်ထန် ကို မေးသည်။


"ဟို့မား ခေါက်ဆွဲခြောက်ကို နောက်ဘယ်တော့ စားရဦးမလဲ…"


အားနူက မြန်မြန်ဝင်ပြောသည်။

" ညစာကို ပင်လယ်စာ အစား ခေါက်ဆွဲခြောက်စားရအောင်လေ… ခေါက်ဆွဲခြောက်တွေက အရသာရှိတယ်…"


စန်းဝါကလည်း ခေါင်းညိတ်ပြသည်။

"သားလည်း သဘောတူတယ်…"


 "ညစာအတွက် ခေါက်ဆွဲခြောက် စားလို့မရဘူး… မဟုတ်ဘူး၊ နောက်တစ်ကြိမ်မှ စားတာပေါ့…"


တဝါကလည်း ခေါင်းညိတ်ပြသည်။

"နောက်တစ်ခါက ဘယ်တော့လဲ…"


နင်ထန်က ပြန်ပြောသည်။

"နောက်တစ်ခါဆိုတာ နောက်တစ်ခါပေါ့…"


အားနူ : " အိုး သိပြီ… နောက်တစ်ခါက ဒီညမလား” 


 "ဟုတ်တယ်…"

တဝါ နှင့် စန်းဝါကလည်း ခေါင်းညိတ်ပြသည်။


နင်ထန်က ကလေးများကို ပြောဆို မရနိုင်မှန်း သိလိုက်၍ သေချာပြောပြသည်။

"နောက်တစ်ခါဆိုတာ နင်တို့ အဖေပြန်လာရင်ပေါ့…"


တဝါ : "အဖေက ဘယ်တော့ ပြန်လာမှာလဲ… ခေါက်ဆွဲခြောက်စားဖို့ သူ ပြန်လာတာကို ဘာလို့ စောင့်ရမှာလဲ…"


နင်ထန် သူ့မေးခွန်းများနှင့် ခေါင်းကိုက်လာသည်။

"ဗိုလ်ကြီးရှန်းက ဩဂုတ်လ ၂၇ ရက်နေ့မှာ ပြန်ရောက်မယ်… ဒီနေ့ သြဂုတ်လ ၁၄ ရက်နေ့ဆိုတော့ ဆယ့်သုံးရက်လိုသေးတယ်… သူ ပြန်လာဖို့ နှစ်ပတ်နီးပါးလိုသေးတယ်…"


တဝါက ခေါင်းညိတ်ပြသည်။

 " ဒါဆို သားတို့က အဖေ့ကိုဘာလို့ စောင့်ရမှာလဲ…"


သူမက ပခုံးတွန့်ကာ ပြောသည်။

“ငါတို့ အိမ်မှာ ငွေပို မရှိဘူး… ဒီလရဲ့ စားဝတ်နေရေးစရိတ်က ကုန်ခါနီးနေပြီ… သူ ပြန်မလာမချင်း ခြွေတာရမယ်၊ ခေါက်ဆွဲခြောက်တွေက အရမ်းဈေးကြီးတယ်… စားချင်ရင် ငါတို့ မင်းအဖေရဲ့လစာကို စောင့်ရမယ်…"


ရှန်းလေ့၏လစာက မြင့်မားသော်လည်း သားသမီးသုံးယောက်ကို ကျွေးမွေးစောင့်ရှောက်ရ၏။ သူ့ဇနီးဟောင်းက ခန္ဓာအားနည်းပြီး ချူချာ၍ သူ့လစာ အများစုကို ဆေးဝါးအတွက် သုံးစွဲခဲ့ရသည်။ သူမ ဆုံးပါးသွားပြီးနောက် ဈာပနအတွက် ငွေကြေး ပမာဏများစွာ သုံးစွဲခဲ့ရသည်။


ရှန်းလေ့မှာ စုဆောင်းငွေအများကြီးမရှိသဖြင့် တင်တောင်းငွေကို စုကျွင်းယန်ထက် ယွမ်၁၀၀ နည်းအောင်ပေးခြင်းဖြစ်သည်။


တဝါက နင်ထန်ကို မေးပြန်သည်။

 "ခေါက်ဆွဲခြောက်က အရမ်းဈေးကြီးလား…"


သူက သင်္ချာကို နားမလည်၍ ဘယ်အရာက ဘယ်လိုဈေးကြီးမှန်း မသိပေ။


" ခေါက်ဆွဲခြောက်တစ်ထုပ်ကို ဆင့်၈၀ နဲ့ရောင်းတယ်၊ငါတို့က သုံးထုပ်ဆိုတော့ ၂ ယွမ်နဲ့ ၄၀ဆင့်ကျတယ်၊ ငါတို့စားတဲ့ပုစွန်ဈေးက တစ်ပေါင်ကို နှစ် ၂ဆင့်ပဲရှိတယ်… အဲဒီ ခေါက်ဆွဲတစ်ခါစားရင် ငါတို့ ထမင်းအနပ်၂၀ စားသလိုပဲ…" 


တဝါ၊ အားနူနှင့် စန်းဝါတို့က နင်ထန် ၏ စကားကြောင့် မူးဝေသွားသည်။ "၈၀ ဆင့်၊ သုံးထုပ်ကို ၂.၄ ယွမ်" ဆိုသည်ကို နားမလည်သော်လည်း

နောက်ဆုံးစကားကိုမူ သဘောပေါက်ကြသည်။


"ခေါက်ဆွဲခြောက်တွေက ဒီလောက်တောင် စျေးကြီးတာလား… သူ့ကို တစ်ခါစားရင် ပင်လယ်စာထမင်းအနပ်နှစ်ဆယ်ကျော် စားဖို့လောက်တယ်လား…"


"ဟုတ်တယ်… ဆိုတော့ နင့်အဖေ ပြန်လာတာကို စောင့်ရမှာပေါ့… ဒါမှ ငါတို့ခေါက်ဆွဲခြောက် ပြန်စားလို့ရမယ်…" 


နင်ထန်က ကလေးသုံးယောက်ကို နှစ်သိမ့်လိုက်၏။

 "ရပါတယ်၊ နှစ်ပတ်ပဲကျန်တော့တာ… နင့်အဖေ ပြန်လာတဲ့အခါသူ ရလာတဲ့ ထောက်ပံ့ကြေးနဲ့ ငါ့ရဲ့ အထူးဟင်း၊ ခေါက်ဆွဲမွှေကြော်လုပ်ကျွေးမယ်…"


စန်းဝါ : "ဟို့မား ခေါက်ဆွဲခြောက်မွှေကြော်ဆိုတာ ဘာလဲ…"


အားနူ : "တုံးလိုက်တာ… ခေါက်ဆွဲခြောက်ကို မွှေကြော်တာပေါ့…"


နင်ထန်က အားနူအား ချီးကျူးသည်။

 "အားနူက တော်လိုက်တာ… အဲဒါက ခေါက်ဆွဲခြောက်ကို ပြုတ်ပြီးရေစစ်၊ ပြီးရင် ဟင်းခတ်မှုန့်ထည့်ပြီး မွှေကြော်ရတာ… ပြုတ်တာထက်တော့ အရသာပိုကောင်းတယ်…"


နင်ထန်က ရုတ်တရက် ချီးကျူးသောအခါ အားနူ သဘောကျကာ ပြုံးမိသွားသည်။ သို့သော်လည်း နင်ထန် မြင်မည်စိုး၍ သူမ မြန်မြန်ခေါင်းကိုလှည့်လိုက်သည်။


နင်ထန်က ခေါက်ဆွဲခြောက်ကြော်ရန် တွေးရုံသာမက၊ပင်လယ်စာကိုပါ ကြော်ရန် တွေးမိသည်။ ဟိုင်လန်ကျွန်း၌ ပင်လယ်စာက စျေးပေါသည်။ လတ်ဆတ်သော ကမာ ၊ပုစွန်၊ ပြည်ကြီးငါးတို့ကို များများဝယ်ကာ ခေါက်ဆွဲနှင့်မွှေကြော်လျှင် အရသာက အံ့မခန်းဖြစ်လိမ့်မည်။ စိတ်ကူးရှိသော်လည်း ခေါက်ဆွဲခြောက်မစားရဟုဆို၍ ကလေးများ စိတ်ပျက်နေကြသည်။


တဝါက သက်ပြင်းချရင်း ပြောသည်။

"သားတို့ ဟို့မားလုပ်ထားတဲ့ ပင်လယ်စာကြော်ကို ဒီည ထပ်ပြီးစားရမှာပေါ့…"


"ငါ့ပင်လယ်စာက မကောင်းရင် နင်တို့ဘာသာ လုပ်စား…"


"သားတို့က ဘယ်လိုလုပ်ချက်နိုင်မှာလဲ…"  


"အေး စိတ်မပူနဲ့… ငါတို့ ဒီည ပင်လယ်စာချက်မှာမဟုတ်ဘူး…"


အားနူ ၏ မျက်လုံးများ တောက်ပလာသည်။

"ဒီည ပင်လယ်စာ မစားဘူးလား…"


"ပင်လယ်စာပဲ စားမှာ… ဒါပေမယ့် ငါကတိပေးတယ်… ဒီနေ့စားမယ့် ပင်လယ်စာက အရင်ကဟာတွေထက် ပိုကောင်းပါတယ်…"


အားနူက စိတ်မကောင်းစွာဖြင့် ပြောသည်။

"ကောင်းပါပြီလေ…"


သေချာသည်မှာ သူမက နင်ထန့်စကားကို စိတ်ထဲမထားလိုက်ပေ။ ပင်လယ်စာက ပင်လယ်စာပင်၊ ပြုတ်သည်ဖြစ်စေ မပြုတ်သည်ဖြစ်စေ အတူတူပင်။ 


သူတို့က ကျွန်းပေါ်တွင် ကြီးပြင်းလာသည့် ကလေးများဖြစ်၍ ပင်လယ်စာကို တစ်နေ့သုံးကြိမ်စားရသည်။ ပင်လယ်စာအကြောင်းပြောတိုင်း သူတို့ စိတ်မလှုပ်ရှားတော့ပေ။


နင်ထန်ကလည်း ချဲ့ကားပြောခြင်းမဟုတ်ပေ။ အသင့်စားခေါက်ဆွဲ စားဖူးထား၍ ကလေးများက အခြားအရာကို သိပ်မစားချင်တော့မှန်း သူမ သိသည်။ ကြက်သွန်ဖြူဆီသတ်ကာ၊ ကြာဆံနှင့် ဂုံးကောင်များ ထည့်စားပါက အသားကင်ဆိုင်က ဟင်းပွဲအတိုင်းဖြစ်မည်ပင်။


နေ့ခင်းဘက်တွင် နင်ထန်က ပင်လယ်စာဝယ်ရန် ဈေးသွားရ၏။ ထို့နောက် သမဝါယမက ကြာဆံဝင်ဝယ်သည်။


ပြန်ရောက်သောအခါ နင်ထန်က အပူပေးရန်အတွက် အသုံးပြုသော မီးဖိုကိုထုတ်ကာ မီးသွေးနှင့် မီးဖိုသည်။ စူးရှသောအသံနှင့် လတ်ဆတ်နူးညံ့သော ကမာသားများမှ ရေများ စတင်ထွက်လာသည်။ ပြီးလျှင် နင်ထန်က ပါးပါးလှီးထားသော ကြက်သွန်ဖြူကို နှမ်းဆီနှင့်ရော၍ ဆီသတ်ကာ ကမာကောင်ထည့်ပြီး လှိမ့်လိုက်၏။


ခဏကြာသော် အမွှေးအကြိုင်များက ကမာကောင်ကို စိမ့်ဝင်ကာ အခန်းတစ်ခုလုံး မွှေးလာတော့သည်။



🏝️🏝️🏝️