Chapter 22
Viewers 4k

🏝️ Chapter 22

အပျင်းကြီးသူ



နေ့လည်အထိ နင်ထန် မထသေးပေ။ အားနူ နာရီကို ကြည့်ရင်း နှုတ်ခမ်းစူလိုက်သည်။

" ၁၁ နာရီထိုးနေပြီ… ဟို့မားက ခုထိမထသေးဘူး၊ သူ့ကို သွားနှိုးရအောင်…"


တဝါနှင့် စန်းဝါတို့ကလည်း အတူတူပင် တုံ့ပြန်ခဲ့သည်။

"ကောင်းပြီ…"


ကလေးသုံးယောက်သား ဒုတိယထပ်ကိုလာကာ နင်ထန် ၏အခန်းကို သွားလိုက်သည်။ ထင်ထားသည့်အတိုင်းပင် နင်ထန်က စောင်ခြုံပြီး အိပ်ပျော်နေသည်ပင်။ ကလေးသုံးယောက်လုံး ဒေါသထွက်သွားကာ လက်ပိုက်ထားရင်းတညီတညွတ်တည်းအော်လိုက်သည်။

" ဟို့မား ထတော့..."


နင်ထန် အိပ်မက်မက်နေသည်။ သူမ 2024 ခုနှစ်ကိုပြန်ရောက်နေကာ၊ အလုပ်ကြိုးစားလုပ်သဖြင့် ရာထူးတိုးပြီး လစာလည်းတိုးလျက် ရှိသည်။ သို့ရာတွင် ကလေးသုံးယောက်၏ ကျယ်လောင်သောအသံက သူမကို လှုပ်နှိုးလိုက်လေသည်။


နင်ထန် စောင်ကို တွန်းဖယ်လိုက်ကာ ကလေးသုံးယောက်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"ဘာကိုအော်နေကြတာလဲ၊ ငါ့ကို အေးအေးချမ်းချမ်းလေး အိပ်ခွင့်ပေးပါလား…"


တဝါ : " ဘယ်အချိန်ရှိပြီလဲမသိဘူးလား… ဟို့မား ဘာလို့ ထမင်းမချက်တာလဲ…"


နင်ထန်က လက်ကို ဝှေ့ယမ်းလိုက်သည်။

“အဲဒီမှာ ဗီရိုထဲက စွန်ပလွံသီးနီတွေ စားချည်… ဒီနေ့တော့ ငါ နေမကောင်းလို့ ဟင်းမချက်တော့ဘူး…" 


ရှန်းလေ့ ထွက်သွားပြီးနောက် မိသားစု၏ ကိစ္စအားလုံးက သူမပခုံးပေါ် ကျလာသည်။ သူမ နေ့တိုင်း ဈေးဝယ်ကာဟင်းချက်ရသည်။ ကလေးသုံးယောက်၏ အဝတ်များကိုပါ လျှော်ရ၏။ သူမ အကုန်လုပ်နိုင်နေရအောင် Iron Man လည်းမဟုတ်ပေ။ ထို့ကြောင့် ယနေ့ပျင်းနေကာ ဘာမှမလုပ်ချင်တော့ချေ။


အားနူက နင်ထန်ကိုတွန်းလိုက်သည်။

"စွန်ပလွံသီးက ဗိုက်ပြည့်ပါ့မလား…သမီးတို့ ဗိုက်ဆာတယ်…"


နင်ထန်က ခေါင်းအထိ စောင်ခြုံကာ မတုံ့ပြန်ဘဲ နေလိုက်သည်။ ကလေးသုံးယောက်လည်း အောက်ထပ်ကို ပြေးရန်ကလွဲ၍ ရွေးစရာမရှိတော့။ ထို့နောက် ဘာဆက်လုပ်ရမည်ကို ဆွေးနွေးကြသည်။


စန်းဝါက ထအော်လိုက်၏။

"ဒီအနံ့က ဘာလဲ၊ ဘာနံ့လဲ… မွှေးလိုက်တာ…" 


တဝါ နှင့် အားနူကလည်း ရှူကြည့်လိုက်ပြီး အနံ့နောက်ခြေရာခံလိုက်ရာ စုကျွင်းယန်၏အိမ်တွင် အဆုံးသတ်သွားလေသည်။


နင်ရွှယ်၊ စုကွမ်းကျုံးနှင့် စုယောင်ကျူးက ထိုနေရာတွင် ပထမထပ် ဧည့်ခန်းထဲ၌ ဟင်းအမယ်စုံလင်စွာဖြင့် ထမင်းစားနေကြသည်။ ဟင်းပွဲတိုင်းက အရောင်စုံလင်နေသလို၊ အနံ့မွှေးပြီး အရသာရှိသည်။


 "ရှလွတ်…" 

စန်းဝါက အသက်အငယ်ဆုံးဖြစ်၍ သွားရည်ကျလာသည်ကို မထိန်းထားနိုင်ပေ။ တဝါ နှင့် အားနူတို့မှာ ဗိုက်ဆာသော်လည်း အသက်ကြီးသူဖြစ်၍ ထိုကဲ့သို့ စိတ်မရှည်စွာ မပြုမူကြပေ။ သို့သော် သူတို့လည်း စားပွဲပေါ်က ဟင်းပွဲများကိုကြည့်ရင်း သွားရည်ယိုနေကြသည်။


နင်ရွှယ်က စုကွမ်းကျုံး နှင့် စုယောင်ကျူးဆီသို့ အကြည့်ရောက်နေရာမှ ရုတ်တရက် တံခါးဝတွင်ခေါင်းသေးသေးလေး ၃လုံး ပေါ်လာ၍ ထိတ်လန့်တကြားဖြစ်သွား၏။

"အာ… တဝါ၊ အားနူ၊ စန်းဝါ၊ မင်းတို့ ဒီကိုဘာလာလုပ်တာလဲ…"

 

စန်းဝါက သူ့လက်မကို စုပ်ရင်း နင်ရွှယ်ကို အားကိုးတကြီးကြည့်လိုက်သည်။

"အန်တီရဲ့အိမ်မှာ သားတို့ ထမင်းလာစားလို့ရလား…"


 "မင်းတို့အိမ်မှာ ထမင်းချက်စားကြတယ်မလား… ဘာလို့ ငါတို့အိမ်ကို လာစားမှာလဲ…"


အားနူက သက်ပြင်းချလိုက်သည်။

"သမီးတို့ဟို့မားက မထသေးလို့ ထမင်း မစားရသေးဘူး…"


 "မစားရသေးဘူးလား…"  


နင်ရွှယ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"မင်းတို့ဟို့မားက အရမ်းပျင်းတာပဲ…အခုအချိန်က အရမ်းနောက်ကျနေပြီ… သူ အခုထိ ဟင်းမချက်ရသေးဘူးလား…"


စုကွမ်းကျုံးက ထမင်းစားနေရင်း ခေါင်းညိတ်သဘောတူလိုက်သည်။

"ဟုတ်ပါ့… အမေဆို မနက် 7 နာရီတိုင်း စျေးသွားဝယ်တယ်… ပြီးရင် အလတ်ဆတ်ဆုံးပါဝင်ပစ္စည်းတွေ ရွေးလာပြီး ချက်ပြုတ်ပေးတယ်…"


စုယောင်ကျူးကလည်း ဂုဏ်ယူစွာ ခေါင်းကို မော့လိုက်သည်။

 "မင်းတို့ မနာလိုဖြစ်နေကြတယ်မလား…"


ရှန်းလေ့၏ကလေးသုံးယောက်မှာ အမှန်ပင် မနာလိုဖြစ်ေနကြ၍ စားပွဲပေါ်ရှိ အစားအသောက်များကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။


 "ဟုတ်တယ်… ငါတို့က မင်းတို့ကို မနာလိုဖြစ်နေကြတာ… ငါတို့ရော စားလို့ရမလားဟင်…"

 

တဝါက နင်ရွှယ်ကို မျှော်လင့်တကြီး ကြည့်နေသည်။ နင်ရွှယ် ယခင်က သူတို့ကို သဘောကောင်းစွာဖြင့် အလွန်အရသာရှိသော အစားအသောက်များအား ကျွေးမွေးဖူးသည်။


နင်ရွှယ်က နောင်တရနေပုံရသော ကလေးသုံးယောက်အား ပြုံးပြီး ကြည့်လိုက်သည်။

 "အန်တီ လာစားဖို့ မခေါ်ချင်တာ မဟုတ်ပါဘူး…ဒါပေမယ့် အစားအသောက်တွေက ကုန်သွားပြီ… ပန်းကန်အလွတ်တွေပဲ ရှိတယ်…"


နင်ရွှယ်က တဝါ၊ အားနူ နှင့် စန်းဝါ တို့ကို စကားပြောနေစဉ် စုကွမ်းကျုံးနှင့် စုယောင်ကျူးက အချိန်တိုအတွင်း စားပွဲပေါ်တင်ထားသော ဟင်းအားလုံးကိုစားလိုက်ကြသည်။  


အမြွှာများက နင်ရွှယ်ကို အပြစ်ရှိသလိုမျက်နှာထားနှင့် ကြည့်လိုက်ကြသည်။


ရှန်းမောင်နှမများလည်း မတတ်နိုင်သည့်အဆုံး စုမိသားစု၏အိမ်မှ မြန်မြန်ထွက်သွားသည်။ ပြန်လျှောက်လာရင်း အားနူ မနေနိုင်ဘဲ တဝါကို တိုင်တန်းလိုက်သည်။

"အစ်ကိုကြိီး အန်တီက တမင်သက်သက်လုပ်တာ…"


တဝါက သက်ပြင်းချလိုက်သည်။

" ဟုတ်တယ် သူ တမင်လုပ်တာ… ဒါပေမယ့် မပေးချင်တာကို ငါတို့က အတင်းမတောင်းရဘူး… ငါတို့လည်း လူပဲ၊သိက္ခာလေးတော့ရှိသင့်တယ်…" 


စန်းဝါက ခေါင်းညိတ်ပြီး လက်သီးဆုပ်လိုက်သည်။

 "ဟုတ်တယ်၊ သိက္ခာ..."


အိမ်ပြန်ရောက်သော် ကလေးများက ဧည့်ခန်းထဲ၌ ထိုင်နေကြသည်။ မကြာမီ သူတို့ဗိုက်ဆာလာကာ မနေနိုင်ဘဲ နင်ထန်ကိုရှာရန် အပေါ်ထပ်သို့တက်လာသည်။


နင်ထန်က အမှန်တကယ် ပင်ပန်းနေကာ နှစ်ခြိုက်စွာအိပ်ပျော်နေကြသည်။ ထိုစဉ် တဝါ၏ ရင်းနှီးသည့်အသံက သူမနားထဲကို ဝင်လာသည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်သော် တဝါ လက်ပိုက်ထားသည်ကို မြင်လိုက်ရသည်။

"ဘေးအိမ်က မိထွေးကို ကြည့်ဦး… သူမက စုကွမ်းကျုံးနဲ့ စုယောင်ကျူးကိုဆို အရမ်းကောင်းတာ… အခုချိန်ဆို သူက ချက်ပြုတ်ပြီးနေပြီ…" 


မကြာသေးမီက တဝါတို့က စုမိသားစု၏အိမ်တွင် အဝင်အထွက်ရှိနေခဲ့သည်။ ထိုအတောအတွင်း နင်ရွှယ်က သူတို့ကို ကောင်းကောင်း ဂရုစိုက်သည်။ စုယောင်ကျူး နှင့် စုကွမ်းကျုံးတို့ အမြွှာလေးများကလည်း သူတို့အမေအရင်းနှင့် မိထွေးက ကွာခြားသည့်အကြောင်း အမြဲပြောကြ၏။


တဝါက ထက်မြက်သူဖြစ်၍ အရိပ်အကဲဖမ်းကာ တစ်ဖက်မိထွေးကို အားကျသယောင်ပြောပြီး နင်ထန် မခံချင်အောင် လုပ်လိုက်ခြင်းပင်။


ဘေးအိမ်က မိထွေးဆိုပါလား…


နင်ထန် စိတ်ရှုပ်သွားသော်လည်း ချက်ချင်းပင် တဝါက နင်ရွှယ် အကြောင်း ပြောနေမှန်း သိလိုက်ရသည်။ သူမကလည်း နင်ရွှယ်လို စိတ်သဘောထားမကြီးမှန်း သိလိုက်သည်။


သူမ ရှေ့တွင် ကလေးသုံးယောက်က ဗိုက်ဆာပြီး ပျာယာခတ်နေသည်ကိုပင် သူမက သနားစိတ်၊ချစ်ခင်စိတ်မဖြစ်လာခဲ့ဘဲ စိတ်တိုနေခဲ့သည်ပင်။


စိတ်ရှုပ်စရာတွေ လုပ်ပြီး ဗိုက်အမြဲဆာနေတဲ့ ကြွက်စုတ်လေးတွေ....


တဝါ၏အသံက စူးလွန်း၍ သူမ နားကိုပါ အုပ်ထားလိုက်ရသည်။

 "နင်တို့ သုံးယောက်က အသက်ဘယ်လောက်လဲ…"


ကလေးသုံးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။အကြီးဆုံး တဝါကပြောသည်။

"သားက 69 ခုနှစ်မှာ မွေးတယ်၊ အားနူက 71 ၊စန်းဝါက 73 ခုနှစ်ဖွား…"


"အိုး…"

နင်ထန် အသံထွက်ကာပင် အံ့ဩသွားရ၏။


"ငါက 2000 ခုနှစ်ဖွား၊ တကယ်တော့ ငါက နင်တို့ထက်အများကြီးငယ်တယ် ငါက ဘာလို့ နင်တို့ကို ဂရုစိုက်ရမှာလဲ…" 


ယခုက 2024 ဆိုလျှင် တဝါက အသက် 55 နှစ်၊ အားနူ နှင့် စန်းဝါ က အသက် 52 နှင့် 49 နှစ် အသီးသီးဖြစ်ရမည်။ နင်ထန်က သူ့ရှေ့မှ မျက်နှာနုနုနှင့် ကလေးသုံးယောက်ကို ကြည့်လိုက်သည်။ ထို့နောက် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူတို့ သုံးယောက်ပေါင်းလျှင် နှစ်ပေါင်းပင် 150 ကျော်နေပေပြီ။


ထိုသို့တွေးလိုက်တိုင်း သူမ အပြစ်ရှိသလို ခံစားခဲ့ရသမျှ လျော့ပါးသွားသည်။

 

တဝါက နင်ထန်က အဘယ့်ကြောင့်သူတို့အား အသက်ဘယ်လောက်ရှိသလဲဟု မေးမှန်းမသိပေ။


အားနူက ပြောသည်။

" အစ်ကိုကြီးပြောတာမှန်တယ်… ဟင်းချက်တာ ဘာခက်လို့လဲ…"

[ အပေါ်မှာ တဝါပြောထားတဲ့ နင်ရွှယ်တို့အိမ်အကြောင်းကို အားနူက ပြောတာပါ ]


နင်ထန်က လက်ချိုးကာ ရေတွက်ပြလိုက်သည်။

 

"တနင်္လာနေ့ဆို ပုစွန်ပေါင်းပေးတယ်… အင်္ဂါနေ့ဆို မက်ကရယ်ငါးပေါင်း… ဗုဒ္ဓဟူးနေ့ဆို ပင်လယ်ခရုပြုတ်… ကြာသပတေးနေ့ဆို ကဏန်းပေါင်းပေးတယ်…"


တဝါက မျက်လုံးပြူးသွားသည်။

"အကုန် အတူတူချည်းပဲ… နေ့တိုင်းဟင်းက ထပ်နေတာ…"


နင်ထန်က ဘာမှမပြောဘဲ ခေါင်းမြီးသာ ဆွဲခြုံပစ်လိုက်သည်။ 


နင်ထန် သူတို့ကို လျစ်လျူရှုသည်ကို တဝါ မြင်သည့်အခါ အော်ပြောလိုက်သည်။

" ဟို့မား သားတို့အတွက် ထမင်းချက်မပေးရင် သားတို့ကိုယ်တိုင်ချက်မယ်… ချက်ပြုတ်တာများ ဘာမှမခက်ဘူး…"  


အားနူ : "သမီးတို့ချက်ပြီးမှ ထပြီးလာမစားနဲ့နော်…"


စန်းဝါ ကပါ သံယောင်လိုက်ပြော၏။

"ဟုတ်တယ်"

 

နင်ထန် စောင်အောက်ထဲက လက်တစ်ဖက်ထုတ်ကာ လက်ခါပြလိုက်သည်။

"သွား၊ မြန်မြန်သွား… နင်တို့သာ ဗိုက်ဝအောင်စား… ငါ့ကို လာပူမနေနဲ့…"


ထို့နောက် နင်ထန်က ကလေးသုံးယောက်၏ တညီတညွတ်တည်းထွက်သွားသော ခြေသံများကိုဆက်တိုက်ကြားလိုက်ရသည်။ သူမ အိပ်ငိုက်လာပြန်ပြီး ပြန်အိပ်ပျော်သွား၏။


ထို့နောက် မကြာမီ သူမ နားထဲတွင် တဂျစ်ဂျစ်မြည်သံများ ကြားလိုက်ရ၏။


သူမ အံ့သြကာ မျက်လုံးဖွင့်လိုက်သည်။ အကယ်၍ တဝါတို့သာ သူမကိုပြောသလို အတည်ကြီး ချက်ပြုတ်နေပါက၊ကလေးများကြောင့် တစ်အိမ်လုံးပြာကျသွားနိုင်သည်။ သူမ စောင်ကို အမြန်ခွာချလိုက်ပြီး ဖိနပ်စီးကာ မီးဖိုချောင်ကို သွားလိုက်သည်။


မီးဖိုရှေ့က ခုံလေးပေါ်မှာ ရပ်ပြီး ယောင်းမကိုင်ထားတာ တဝါ မလား…


တဝါ၏ ညာဘက်လက်က ယောင်းမကို ကိုင်ထားပြီး ဘယ်ဘက်လက်ဖြင့် ကြက်ဥကို မီးဖိုပေါ်ခေါက်ပြီး အိုးထဲသို့လောင်းထည့်သည်။ ထို့နောက် ယောင်းမကိုကိုင်ကာ သူ့ဘာသူ မွှေနေလေသည်။ 


သို့သော် အားနူဘက်က မီးလောင်နံ့က နင်ထန်၏နှာခေါင်းပေါက်ထဲကို တိုးဝင်လာသည်။


"ရဲဘော် ရှန်းတဝါ၊ မင်းက အိမ်ကို မီးရှို့ဖို့လုပ်နေတာလား…"

ရုတ်တရက် ထွက်ပေါ်လာသည့် နင်ထန်၏အသံကြောင့် တဝါ လန့်ဖျပ်သွားသည်။


" ဟို့မား ဘယ်တုန်းက ရောက်နေတာလဲ…"


 "အခုပဲလာတာ…မင်းတို့ ဘယ်လိုဟင်းချက်နေလဲဆိုတာ ကြည့်ချင်လို့…" 

နင်ထန်က ပြောသည်။


အားနူ : "သမီးတို့ ချက်တာ တော်တော်ပြီးနေပြီ… ဟို့မား ထမင်းစားဖို့စောင့်နေတော့…"


နင်ထန် ရယ်မောကာ အိုးထဲမှ မီးတူးနေသော ကြက်ဥကြော်ကို လက်ညှိုးထိုးပြသည်။

"ဒါကို ငါတို့စားရင် ဒုက္ခမရောက်မှာ သေချာလား…"


တဝါက ဆက်ခေါင်းမာနေသေးသည်။ 

"သား ချက်တာမကောင်းဘူးဖြစ်သွားတယ်… သား ပြန်ချက်ပြုတ်ပြီး ဟို့မားကို သားရဲ့ဟင်းချက်စွမ်းရည်ကို ပြမယ်…" 


တို့ဟူးတုံးလောက်သာရှိသော ကလေးက ယောင်းမကိုကိုင်ရင်း စကားကြီးစကားကျယ်လာပြောနေသည်။ နင်ထန် မီးဖိုပတ်လည်က ကလေးသုံးယောက်ကို ကြည့်လိုက်သည်။

"ကောင်းပြီ… ကြည့်ရတာ မင်းတို့ငါ့ကိုမလိုဘူးထင်တယ်…" 


"သားတို့က ဟို့မားကို မလိုအပ်ဘူး…သားတို့ဘာသာ လုပ်နိုင်တယ်…"


နင်ထန်က ရယ်မောရင်း ပြောသည်။

"မင်းတို့ တော်တော်ကြွားတာပဲ… အမြဲတမ်း ကြီးကြီးကျယ်ကျယ် ပြော‌နေပေမယ့် မင်းတို့ လုပ်ထားတဲ့ ကြက်ဥတွေက ဒယ်အိုးမှာကပ်နေတာကို ကြည့်ဦး…"


တဝါက တူးနေသော ကြက်ဥအောက်ခြေကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ယောင်းမအား နင်ထန်ကိုပေး၍ ခါးထောက်လိုက်သည်။

"ဒါဆို ဟို့မား ဘယ်လိုချက်လဲဆိုတာ ကြည့်ရအောင်…"


"အိုဟိုး ငါ့ကိုမယုံဘူးလား… ဒီအချိန်မှာ မင်းတို့အတွက် အစားအသောက်တွေ လုပ်တဲ့သူက ဘယ်သူလဲဆိုတာ မမေ့နဲ့နော်…"


နင်ထန်က အကောင်သေးသုံးကောင်ကို အထင်ကြီးစေရန် သူမ၏အမေ လုပ်ကျွေးဖူးသော ကိတ်မုန့်အချိုအား လုပ်ရန် ဆုံးဖြတ်လိုက်၏။ သကြားရည်ကို မုန့်သားထဲတွင်ထည့်ပြီး၊ ကိတ်မုန့်ပုံစံဖြစ်အောင်လိပ်ကာ ရွှေရောင်ပေါက်အောင်ကြော်ရသည်။ တစ်ကိုက်ကိုက်ကြည့်လျှင် အပေါ်ယံက ကြွပ်ကြွပ်လေးဖြစ်ပြီး ပူပူနွေးနွေး အချိုရည်များက လျှာပေါ်ပါ စီးကျစေသည်။ တွေးကြည့်ရုံနှင့် သူမ သွားရည်များပင် ကျရ၏။ 


တဝါကလည်း 'ဗိုက်ဆာနေပြီ၊ အမြန်လုပ်ပါ' ဟု သူမအား တိုက်တွန်းလိုက်သည်။ မုန့်သားညက်အောင် နယ်ရသည်က မခက်ပေ။ မုန့်ကို ဒယ်ထဲတွင် လှိမ့်ကာကြော်ကာမှ ပြဿနာက စတော့သည်။


ကလေးသုံးယောက်ကလည်း စိတ်အားထက်သန်စွာ ဒယ်အိုးတဝိုက်တွင် စုဝေးနေကြသည်။ နင်ထန်က ကလေးသုံးယောက်ကို ပြောလိုက်၏။

"နည်းနည်း နောက်ပြန်ဆုတ်၊ မင်းတို့ကို စင်လိမ့်မယ်…"


တဝါတို့ မောင်နှမများက နောက်ပြန်ဆုတ်လိုက်သည်။သို့သော်လည်း သူတို့က ဒယ်အိုးကို အနီးကပ် စောင့်ကြည့်နေဆဲပင်။


နင်ထန်က အင်္ကျီလက်များကို လိပ်တင်ပြီး ဒယ်အိုးထဲက မုန့်များကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ခုနစ်မိနစ်ခန့်ကြာသောအခါ တဝါက နှာခေါင်းရှုံ့လိုက်ပြီး နင်ထန်ကို ကြည့်လိုက်သည်။

" ဟို့မား အနံ့မရဘူးလား…"


နင်ထန် အပြစ်ရှိသလို ခံစားရပြီး မလုံမလဲပြန်ဖြေသည်။

 â€œá€™á€›á€•á€Ťá€˜á€°á€¸â€Śâ€ 


အားနူ သူ့လက်ကိုမြှောက်ပြီး ပြောလိုက်သည်။

"အားနူ အနံ့ရတယ်…မုန့်က မီးတူးသွားပြီ…"


တဝါက လူကြီးတစ်ယောက်လို သက်ပြင်းချကာ ပြောသည်။

" ဟို့မား တစ်ဖက်ကို လှန်ဖို့ မေ့နေတာလား…"


နင်ထန်က ကိုးရိုးကားရားဖြင့် ပန်ကိတ်ကို ယောင်းမနှင့် လှန်လိုက်သည်။

"အိုး ဘုရားရေ မုန့်က ‌မီးသွေးတောင်ဖြစ်နေပါရော့လား…"


နင်ထန်က မည်းမှောင်နေသော မုန့်ကိုကြည့်ကာ ခေါင်းမာမာနှင့် ပြောသည်။

"နင် မကြားဖူးဘူးလား၊ မုန့်ဆိုတာ မီးတူးတာကိုစားရတယ်… တူးတာစားမှ လာဘ်ရွှင်တယ်လို့ ငါကြားဖူးတယ်…"


အားနူက တုံ့ဆိုင်းနေသည်။

" ဒါအမှန်လား ဟို့မား သမီးတို့ကို နောက်နေတာလား…" 


တဝါက ဝင်ပြောပြန်၏။

"ဒါဆို ဟို့မားစားပြီး ပိုက်ဆံရလာရင် ကိုယ့်ဘာကိုယ် သိမ်းထားပါလား…"


"ဒီလောက်လည်း ကြေးမများကြပါနဲ့… တူးတူး မတူးတူး နင်တို့လည်းစားကြည့်ပါ…"


တဝါတို့က ဘာမှမပြောဘဲ သူမကို စိုက်ကြည့်နေသည်။


 "ကောင်းပြီ နင်တို့အဖေ ပြန်လာရင် ဒီလိုပန်ကိတ်မျိုး လုပ်ခိုင်းမယ်… ဒီနေ့ တခြားတစ်ခုခုစားရအောင်…"


တဝါ ခေါင်းညိတ်ပြီး ပြောသည်။

"အဲဒါ ကောင်းတယ်…"


ပြောပြီးနောက် သူက အားနူ နှင့် စန်းဝါကို ဦးဆောင်ကာ မီးဖိုခန်းထဲက ထွက်လာခဲ့သည်။


နင်ထန် သူတို့နောက်ကျောကို စိုက်ကြည့်နေရင်း လေကိုသာ လက်သီးဖြင့်ထိုးချလိုက်၏။ 

ငါ တကယ် ဒီကောင်လေးတွေကို အနိုင်ယူချင်ခဲ့တာ…


သူမက ပင်လယ်စာများကို ခါတိုင်းလို ပေါင်းမည်ဟု စိတ်ကူးထားသော်လည်း ရုတ်တရက် ကုန်ခြောက်သွားဝယ်ရန် မေ့သွား၏။ ၂ နာရီထိုးခါနီးနေပြီဖြစ်၍ ဈေးလည်းပိတ်နေလောက်သည်။


သူမ မီးဖိုခန်းထဲကထွက်လာသော် တဝါ၊ အားနူနှင့် စန်းဝါက စွန်ပလွံသီးများ စားနေပြီဖြစ်သည်။ တဝါက ပါးစပ်ထဲတွင် စွံပလွံသီးကို ကိုက်ထားရင်းပြောသည်။

"ဟို့မား စားစရာက အဆင်သင့်ဖြစ်ပြီလား… အရမ်းမြန်တယ်နော်…"


"အင်း... ငါ ဈေးမဝယ်ထားတော့ ချက်ပြုတ်စရာ မရှိဘူး ဖြစ်နေတာ…"


တဝါ သက်ပြင်းချလိုက်သည်။

“အိုး၊ တကယ် တော်ပါပေတယ်…"


အားနူနှင့် စန်းဝါတို့ကလည်း သက်ပြင်းချလိုက်သည်။

"အိုး..."


နင်ထန်က သူတို့ ပါးပြင်လေးကို တစ်ယောက်ပြီးတစ်ယောက် လိုက်ဖျစ်ညှစ်လိုက်သည်။ 

"ဘာလို့ ညည်းနေတာလဲ၊ အခု စားစရာမရှိဘူး… မင်းတို့ကို စားသောက်ဆိုင် ခေါ်သွားမယ်…"


"စားသောက်ဆိုင်… ဘာစားသောက်ဆိုင်လဲဟင်…"


"အပြင်ထွက်စားလို့ရတဲ့ဆိုင်ပေါ့… တဝါ၊ မင်းက ကျွန်းနဲ့ ပိုရင်းနှီးတယ်…ကျွန်းပေါ်မှာ ဘယ်စားသောက်ဆိုင်က စားလို့ကောင်းလဲဆိုတာ ပြောပါဦး…"


တဝါက ခေါင်းယမ်းလိုက်သည်။

"ဟို့မားကလည်း မဟုတ်တာ… ဒီက လူတွေအကုန်လုံးက ဟင်းချက်ကောင်းကြတယ်… စားသောက်ဆိုင် ဘယ်သူဖွင့်မှာလဲ… မြို့ထဲက စားသောက်ဆိုင်တွေကလည်း နိုင်ငံပိုင်တွေ…"


အားနူ : "အစ်ကိုကြီး မှားတယ် ဟို့မားက ‌ဒါတွေ တစ်ခုမှသိမှာ မဟုတ်ဘူး…"


"ဘာလဲ… ဟင်းချက်တတ်တာက ဘာများကောင်းလို့လဲ… ငါက ဟင်းမချက်တတ်ပေမယ့် ငါသိတဲ့ တခြားအရာတွေ အများကြီးရှိတယ်…"


"ဘယ်လိုမျိုးလဲ…"

တဝါက ခေါင်းလေးကို စောင်းငဲ့ကာ မေးသည်။


"စဉ်းစားမိရင် ပြောပြမယ်… ငါတို့ ဗိုက်ဖြည့်ရအောင် အရင်လုပ်ကြစို့…"


နင်ထန်က ဗိုက်ကို ပွတ်သပ်ရင်းဆိုလိုက်သည်။

"အခုသာ 2024 ဆိုရင်၊ Delivery နဲ့ ခေါက်ဆွဲခြောက် order မှာလို့ရတယ်…"


ခေါက်ဆွဲခြောက်…


နင်ထန် ရုတ်တရက် အကြံတစ်ခုရပြီး၊ ငါးယွမ်ကို သေတ္တာထဲကထုတ်ကာ အိတ်ကပ်ထဲထည့်၍ တဝါကို ပြောလိုက်လေ၏။

"ငါ စားစရာသွားဝယ်ဦးမယ်၊ ငါ့ကို အိမ်မှာ စောင့်နေကြနော်…"


"အင်းပါ ဟို့မား ပြန်မလာခင် သားတို့ သုံးယောက် ငတ်မသေဖို့ မျှော်လင့်ပါတယ်… ဒီအချိန်ဆို ဈေးပိတ်သွားပြီမဟုတ်ဘူးလား…"


နင်ထန်က ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမဆီသို့ ဦးတည်သွားခဲ့သည်။


ကုန်စုံဆိုင်ကို နေ့တိုင်းသွားရ၍ ကျွန်း၏အဆောက်အဦးများနှင့် ပိုရင်းနှီးလာသည်။ ပထမအကြိမ်ကဆိုပါက လမ်းပြရန် တဝါ လိုအပ်ခဲ့သေးသည်။


ထောက်ပံ့ရေးနှင့် သမဝါယမက အရှေ့ဘက်တွင် တည်ရှိကာ100 စတုရန်းမီတာနီးပါး ကျယ်ဝန်းသည်။


ပူပြင်းသော နေ့ခင်းဘက်တွင် အထဲမှ စာရေးလူငယ်တစ်ယောက်က မှန်ကောင်တာကို မှီလျက်အိပ်ငိုက်နေသည်။ နင်ထန်က သူ့ရှေ့မှ ဖန်ခွက်ကို ပုတ်လိုက်သည်။

 "ကျွန်မ ဈေးလာဝယ်တာပါ…"


အရောင်းဝန်ထမ်းက တစ်ရေးတစ်မောအိပ်နေရာမှ နိုးလာ၍ စိတ်အနှောင့်အယှက်ဖြစ်ကာ စိတ်ဆိုးသွားသည်။သို့သော်လည်း နင်ထန်၏ အပြစ်ကင်းစင်လှသော မျက်နှာကိုမြင်ကာ ဒေါသများ ပြေပျောက်သွားပြီး တိုးတိုးလေးပြောသည်။

"ရပါတယ်… မင်းက ဈေးဝယ်ချင်တာလား…"


"ခေါက်ဆွဲခြောက်တွေ ရှိတယ်မလား… အဲဒါကို 'ဖန်းပြန့်မြန်' လို့ခေါ်တယ်လေ..."


 "ဖန်းပြန့်မြန်လား ရှိပါတယ်… ဖန်းပြန့်မြန်က တော်တော်ဈေးကြီးတယ်၊ ပိုက်ဆံအလုံအလောက်ပါလာရဲ့လား…"

 

ယခုခေတ်တွင် ခေါက်ဆွဲခြောက်များမှာ ဈေးမသက်သာဘဲ အနာဂတ်က ဈေးကြီးအရက်နှင့်ပင် ယှဉ်နိုင်သည်။ သို့ဖြစ်၍ သမဝါယမစျေးကွက်တွင်သာ စတော့ရှိသည်။


နင်ထန်က ခေါင်းညိတ်ပြီး ကျေးဇူးတင်စကားပြောသည်။

"ရပါတယ်… ကျွန်မမှာ ပိုက်ဆံအလုံအလောက်ရှိပါတယ်…သုံးထုပ်လောက်ရအောင် ကူညီပေးပါလား…"


အရောင်းဝန်ထမ်းက စကားရပ်ပြီး ခေါက်ဆွဲခြောက်သုံးထုပ်ကို သွားယူသည်။


"တစ်အိတ်ကို ၈၀ဆင့် ကျတယ်၊ သုံးထုပ်ဆို‌တော့ နှစ်ယွမ်နဲ့လေးဆယ်ဆင့်ပေါ့…" 


 "ဒီလောက်‌တောင် စျေးကြီးတာလား…" 



🏝️🏝️🏝️