Chapter 76
Viewers 9k

👻Chapter 76




ယနေ့ညတွင် အမျိုးစုံသောအရာများဖြစ်ပျက်သွားခဲ့သည်။ ရှီကျားမှာ ဆရာယဲ့၏တိုက်ခန်းကိုပြန်လည်ရောက်ရှိပြီးနောက် ဆေးကြောသန့်စင်ကာ ပင်ပန်းလွန်းကြီးစွာ အိပ်ယာ၀င်သွားခဲ့တော့သည်။ သူမနက်နိုးသောအခါတွင် ဖေးယွီမှသူ့အား မက်ဆေ့အစောင်၁၀၀ပို့ထားသည်ကိုတွေ့ကာ ဖွင့်ကာဖတ်ကြည့်လိုက်သည်။ ထို့နောက် ရှီကျား၏မျက်နှာမှာ ချက်ချင်းမှောင်မည်းသွားလျက် 'ghosts know'သို့ အပြေး၀င်သွားလိုက်တော့သည်။


ထိုသတင်း၄ပုဒ်ကိုမြင်သော် ရှီကျားမှာ ငိုရမည်လား ရယ်ရမည်လားမသိတော့ချေ။ သူသည် 'ghosts know'အား သူ့ကိုယ်ရေးကိုယ်တာများကို အပြည့်အ၀မထုတ်ဖော်လိုက်သည်ကိုပင် ကျေးဇူးတင်ရမည်လား သူ့အကြောင်းကိုဖော်သည့်အတွက် လျော်ကြေးတောင်းသင့်သည်လား မသိတော့ချေ။


ကောမန့်များကိုဖွင့်ဖတ်ကြည့်လိုက်သော် ထိုယုံကြည်ကိုးစားမရသော ဆရာသခင်တသိုက်မန့်ထားသောအရာများမှာ အလွန်ပုံမှန်မဟုတ်ပဲ ထူးဆန်းနေခဲ့လေသည်။


【 ငလူး..ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်တဲ့..နာမည်ကသောက်လန်းကြီး 666666 】


【 ငါဒီတခေါက်ဘာလို့များ ဖော့ယန်သရဲစျေးကိုမသွားမိရတာလဲကွာ..ငါသာသွားခဲ့ရင် ဒဏ္ဍာရီလာ ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်ကိုလည်း မျက်လုံးနဲ့တပ်အပ်မြင်နိုင်ဦးမယ်..ပြီးတော့ 'ghosts know'ကိုလည်း အတင်းအဖျင်းလေးရောင်းလို့ရလိုက်ဦးမယ်】


【အပေါ်ထပ်ကတာအိုရောင်းရင်း ကျေးဇူးပြုပြီးနိုးထပါတော့..အဲညက ပြင်းထန်ယင်စွမ်းအင်ခန္ဓာကိုယ်ကိုမြင်လိုက်တဲ့ သူပေါင်း၁၀၀၀ကျော်ရှိတာ သူ့တို့တောင် ၁ pointမှရလိုက်တာမဟုတ်ဘူး..ဒီမနက်ကတောင် ထျန်းကုန်းပွဲကြည့်စင်က အကြီးဆုံးတပည့်တိုင်းတာမှုကို သူ့ဆရာက အခန်းပိတ်အပြစ်ဒဏ်ပေးထားတယ်တဲ့..ဘာလို့လဲသိလား..တာအိုရောင်းရင်းတုက ဇနီးလည်းဆုံး စစ်သားတွေလည်းဆုံးသွားလို့ပေါ့..သောမော့ကျန်းရန်သာအဲမှာရှိခဲ့ရင် သူကအဆင့်မြင့်၀ိညာဥ်ဓါးကျိုးသွားတာနဲ့ပတ်သက်ပြီး သရဲဘုရင်ရှီကိုခြိမ်းခြောက်မှာ..ပြီးကျရင် အကာအကွယ်အစီအရင်ဆွဲကပြီး သရဲဘုရင်ရှီကိုလည်း လျို့၀ှတ်ချက်ကို သူတစ်ယောက်တည်းကိုပဲပြောခိုင်းပြီး 'ghosts know'ကို သူတစ်ယောက်တည်း သီးသန့်သတင်းပို့လို့ရမယ်..တာအိုရောင်းရင်းတုမှာဒီလိုအကြံရှိခဲ့ပေမယ့် သူကသေချာအကောင်အထည်မဖော်နိုင်ခဲ့ပဲ ထျန်းကုန်းပွဲကြည့်စင်ကို မျက်နှာအိုးမဲသုတ်ခဲ့တယ်လေ】


【 ……အာ..ထွီ..အဲဒါသရဲဘုရင်ရှီကွ..အနောက်သရဲဘုရင်မဟုတ်ဘူး . 】 


(TN- ရှီဆိုတဲ့အသံထွက်က တရုတ်လိုဆို အနောက်နဲ့ဆင်ပါတယ်)


【 ဖြစ်သင့်တယ် တာအိုရောင်းရင်းတုက ဒီထက် ပြတ်သားဖို့လိုတယ် 】


ရှီကျား"....."


ခင်များတို့တွေရဲ့ ဦးနှောက်ထဲမှာ pointတွေအပြင်မရှိတော့ဘူးလား..


ပြီးတော့ သရဲဘုရင်ရှီဆိုတာကရော သောက်ကျိုးနဲ ဘာကြီးလဲ..


ဆရာယဲ့၏အမည်ပြောင်မှာ ကလေးများကိုငိုစေသည်။ သို့သော် သူ့အလှည့်ကျမှ အဘယ်ကြောင့် မနှစ်မြို့ဖွယ်ကောင်းနေရပါသနည်း။


ရှီကျားမှာဖတ်ရင်းဖတ်ရင်း ဆွံ့အနေစဥ် ကောမန့်တစ်ခုကိုထပ်တွေ့ပြန်သည်။


【တာအိုရောင်းရင်းတို့ ငါ့မှာလုံး၀အမိုက်စားတွေးမိတာတစ်ခုရှိတယ် ……】


【 အလင်းအင်ဂျင်နီယာအသင့်ဖြစ်နေပါပြီ . 】


【 အသံအင်ဂျင်နီယာလည်း အသင့်ဖြစ်နေပါပြီ . 】


【 အသံဖမ်းမိုက်ကလည်း အသင့်ပါပဲဗျာ... 】


【 မင်းရဲ့အကျိုးနဲပုံပြင်ကိုချပြလိုက်ပါတော့ . 】


【 တာအိုရောင်းရင်းတို့ ..သရဲဘုရင်ရှီရဲ့ ယင်စွမ်းအင်က အရမ်းသန်မာတယ် သူတဲ့ငရဲဘုရင်ယဲ့ကလည်းဆက်ဆံရေးကောင်းတယ်... သူ့မိသားစုထဲမှာ သူ့လိုပဲ ယင်စွမ်းအင်သန်မာတဲ့ ညီမတွေ အစ်မတွေရှိနေတာများလား..ဒါဆို.... 】


ရှီကျား၏မျက်နှာပေါ်မှ အမူအယာမှာ တွင်းနက်ကြီးသဖွယ်မည်းမှောင်နေခဲ့လေသည်။


သူ့တွင် အစ်မရော ညီမရောမရှိချေ။ သူ့မိသားစု၏မျိုးဆက်၄ဆက်လုံးတွင်လည်း ၀မ်းကွဲညီမဟုခေါ်လောက်စရာဆိုသည်မျိုးမရှိခဲ့။


ထို့ကြောင့် သူ၏'ညီမ'မှာ ဆရာယဲ့၏ ဇနီးလောင်းမဖြစ်နိုင်ချေ။



ရှီကျားမှာ ဖုန်းကိုပိတ်လျက် ရွှမ်းရွှယ်လောကမှ ကိုးစားမရသော ဆရာသခင်အတုတသိုက်ကို ဂရုစိုက်မနေတော့ချေ။ သူသည်ဖေးယွီနှင့်စကားအနည်းငယ်ပြောနေစဥ် ယဲ့ကျင်းကျီစျေး၀ယ်ပြီး ပြန်ရောက်လာခဲ့သည်။


ရိုးရှင်းသော အနက်ရောင်ပြောင် မိုးကာသားအင်္ကျီကို၀တ်လျက် ဆရာယဲ့မှာ ဘယ်လယ်တွင် စျေး၀ယ်အိတ်များကိုဆွဲလျက် ညာလက်တွင် ဖရဲသီးတစ်လုံးကိုဆွဲလာခဲ့သည်။ ဆရာယဲ့မှာ ရှက်ရွံ့စွာနီမြန်းနေသောမျက်နှာကို ငုံ့လျက် အသံတိုးတိုးဖြင့်ဆိုလာခဲ့သည်။


"မနေ့က မင်းဖရဲသီးစားရတယ်ကြိုက်တယ်ဆိုလို့ ကိုယ် ...ဖရဲသီး၀ယ်လာတယ်"


ရှီကျားအမြန်ထလျက် ထိုအမျိုးသားထံလျှောက်သွားလိုက်လေသည်။ ထို့နောက် သူတို့သည် ဖရဲသီးကို၂ခြမ်းခွဲလျက် တစ်ခြမ်းစီကိုင်ထားခဲ့ကြသည်။


ဤမကျယ်၀န်းသော အိမ်ခန်းကလေးထဲတွင် မျက်နှာကျက်မှ လည်နေသောပန်ကာလေးမှာ သီချင်းညည်းနေသကဲ့သို့အသံတိုးတိုးကိုထုတ်လွှင့်နေခဲ့သည်။ ရှီကျားမှာ ဇွန်းအပြည့် ဖရဲသီးတစ်ဇွန်းခြစ်ယူလိုက်ပြီး သူ၏မျက်လုံးတို့မှာ ကျေနပ်မှုကြောင့် မှေးစင်းနေခဲ့သည်။ သူသည်ဆရာယဲ့ကိုလှည့်ကြည့်လိုက်သော် ဆရာယဲ့မှာ စားပွဲဘေးတွင် နာနာခံခံလေးထိုင်လျက် ဖရဲသီးများကို ခြစ်ထုတ်လျက် အစေ့များကိုဂရုတစိုက်ဖယ်နေခဲ့လေသည်။


ထို့နောက် အစေ့မပါသော နီရဲရဲဖရဲသီးအသားများကို ပန်းကန်လုံးတစ်ခုထဲသပ်သပ်ဖယ်ထားခဲ့လေသည်။


ဆရာယဲ့က အဲဒီလိုသပ်သပ်ဖယ်ပြီးစားရတာကိုကြိုက်တာလား...


ရှီကျားသိပ်မတွေးလိုက်ချေ။ သူသည်တီဗွီကြည့်ရင်းပင် ဖရဲသီးတခြမ်းကိုစား၍ကုန်သွားတော့သည်။


မေလမှာ ဖရဲသီးများစျေးကွက်တင်ချိန်မဟုတ်သေးသည်ဖြစ်ရာ ဤဖရဲသီးမှာလည်း သိပ်မကြီးလှချေ။ ရှီကျားစားသောက်ပြီးနောက် သူ၏သွားကြားထဲညှပ်နေသလိုပင်ခံစားရလေသည်။ သူသည်ရီမုကိုကိုင်လျက် လိုင်းပြောင်းရန်ပြင်နေစဥ် ရုတ်ချည်းခေါင်းလှည့်ကာကြည့်လိုက်မိသည်။ ထို့နောက် အစေ့လွတ်ဖရဲသီးများကိုကော်ထုတ်ထားသော ပန်းကန်လုံးကြီးမှာ သူ၏ဘေး၌ ဂရုတစိုက် ချထားခြင်းခံရသည်ကို တွေ့လိုက်ရလေသည်။


ရှီကျားအေးခဲသွားလျက် ၄င်းကိုအကြာကြီးစိုက်ကြည့်နေခဲ့မိသည်။ ထို့နောက် ခေါင်းကိုမော့လျက် ယဲ့ကျင်းကျီအား တုန်လှုပ်စွာကြည့်လိုက်မိလေသည်။


မော်ဒယ်နိမ့်ပန်ကာလေး၏အောက်တွင် အပြင်သို့ထွက်၍ စျေး၀ယ်ရာမှပြန်လာသော ဆရာယဲ့၏နဖူးပေါ်တွင် အပူဒဏ်ကြောင့် ချွေးလွှာပါးလေးကဖုံးလွှမ်းနေခဲ့သည်။ ရှီကျားကသူ့အားစိုက်ကြည့်နေသည်ကို မြင်လျှင် သူကရှက်ရွံ့စွာပင် အကြည့်လွှဲလျက်ဆိုလာခဲ့သည်။


"ကိုယ်ကဖရဲသီးသိပ်မကြိုက်ဘူး မင်းပဲစားနော်..အကုန်ပေးမယ်"


ရှီကျားမှာ ဆရာယဲ့၏နဖူးပေါ်မှချွေးစများကိုငေးကြည့်နေခဲ့လေသည်။ သူ၏အကြည့်တို့တဖြည်းဖြည်းနိမ့်ဆင်းသွားလျှင် ဆရာယဲ့၏ကိုယ်ပေါ်မှ အကြိမ်ကြိမ်လျှော်ဖွတ်၀တ်ဆင်ခြင်းခံထားရမှန်း သိသာသော အနက်ရောင်မိုးကာသား ကုတ်အင်္ကျီကိုတွေ့လိုက်ရလေသည်။ ထို့နောက် သူသည် ကျဥ်းသော်လည်း သန့်ရှင်းသပ်ရပ်သော တိုက်ခန်းလေးကိုကြည့်လိုက်မိသည်။ အဘယ်ကြောင့်ရယ်မသိသူ၏ရင်ထဲမှ အေးချမ်းသွားသလိုခံစားရလေသည်။


ရှီကျားမှာ ဇာတ်ကားရိုက်ကူးရန်အတွက် အိမ်ကြီးများ ဗီလာကြီးများကို ရောက်ဖူးခဲ့သည်။ သို့သော်၄င်းတို့တစ််ခုကမျှ ဤအိမ်လေးလောက် နွေးထွေးမှုမရှိချေ။


ဤအိမ်လေးမှာ သူ့အား ထွက်ခွာရန်တွန့်ဆုတ်စေသည်။ ဤအိမ်၏ပိုင်ရှင်ကလေးမှာ သိပ်ကောင်းလွန်းသဖြင့် သူ့ကိုထူးဆန်းလာစေသည်။


"ဆရာယဲ့..ဘာလို့ဒီလောက်တောင်ကောင်းနေရတာလဲ.."


ရှီကျား၏အသံမှာ တိုးညှင်းလှရာ ယဲ့ကျင်းကျီလည်း ကောင်းစွာမကြားလိုက်ရချေ။ သူကပြန်မေးလာသောအခါတွင်မူ ခေါင်းကိုခါလျက် ဘာမျှသိပ်မဆိုခဲ့ချေ။


နေ့လယ်ခင်းမှာ လျင်မြန်စွာရောက်ရှိလာခဲ့သည်။


ယဲ့ကျင်းကျီမှာ ပန်ကာလေအနည်းငယ်ခံပြီးနောက် ချက်ပြုတ်ရန်အတွက် မီးဖိုချောင်ထဲသို့၀င်သွားခဲ့တော့သည်။ သူ၏ကျောပြင်မှာ ရှည်လျားကာဖြောင့်တန်းနေခဲ့သည်။ ထိုအမျိုးသားတွင် အနူပညာလောကမှ မည်သူ့ကိုမျှမရှုံးနိုင်သည့် ချောမောခန့်ညာသော မျက်နှာမျိုးရှိမှန်း ရှီကျားသိလေသည်။ သို့သော်ဤအခိုက်အတန့်တွင် ထိုအမျိုးသားမှာ ရိုးရိုးရှင်းရှင်းနေ့လည်စာတစ်ခွက်ကိုချက်ပြုတ်နေသော အမျိုးသားတစ်ဦးနှင့်သာတူကာ ငရဲဘုရင်ယဲ့ဟူသော အမည်နှင့် မသက်ဆိုင်သော သာမာန်ဘ၀လေးတွင် နေနေသောသူတစ်ဦးနှင့်သာတူလေသည်။


ရှီကျားမှာ ဖရဲသီးတစ်ဇွန်းကိုခပ်ယူလျက် စားရင်း အတွေးတွင်လွင့်မျောနေခဲ့သည်။


နေ့လည်စာစားပြီးနောက် ယဲ့ကျင်းကျီမှာ ဖော့ယန်သရဲစျေးအပြီး ရှင်းလင်းကိုင်တွယ်စရာများရှီသဖြင့်တဖန်ပြန်ထွက်သွားခဲ့လေသည်။


၀ူရှန်းတောင်သည် တနှစ်တွင် ဖော့ယန်သရဲစျေးကို ၂ကြိမ်ကျင်းပနိုင်လေရာ ၄င်းမှာ များစွာသော အမြတ်အစွန်းများရရှိလေသည်။ သို့တိုင်အောင် သူတို့ဘက်မှ တချို့အရာများပေးဆပ်ရန်လည်းလိုအပ်ပြန်သည်။ ဥပမာ ၀ူရှန်း၈ထောင့်အစီအရင်ဖြစ်သည်။ ၄င်းမှာ စွမ်းအင်အများအပြားကိုလိုအက်လေရာ သူပင်လျှင် တစ်နှစ်တွင် ၄ကြိမ်သာထိုအစီအရင်ကို အသက်သွင်းနိုင်ကြောင်းဆိုခဲ့သည်။


ထိုမတော်တဆမှုအပြီးတွင်မှသာ ရှီကျားမှာ သူတို့ ဖော့ယန်သို့ရောက်လာပြီးသည်မှစ၍ ထိုရက်များတွင် ဆရာယဲ့မှာ ညသန်းခေါင်တိုင်း အလုပ်ကိစ္စဟုဆိုကာ အပြင်ထွက်သွားတတ်သည်ကို သတိရသွားမိလေသည်။ ၄င်းမှာ ၀ူရှန်း ၈ထောင့်အစီအရင်ကို အသက်သွင်းရန်မှန်း သူမသိခဲ့ချေ။ ညဘက်တွင် သရဲများလိုက်ဖမ်းရုံဟုသာထင်ခဲ့မိသည်။ ဆရာယဲ့၏အိမ်သည် ဖော့ယန်တွင်ရှိနေသည်မှာလည်း ဖော့ယန်သရဲစျေးဖွင့်လှစ်ရန်အတွက် ပို၍အဆင်သင့်သောကြောင့်ဖြစ်နိုင်လေသည်။


ယဲ့ကျင်းကျီပြန်ရောက်လာချိန်တွင််မူ ရှီကျား ညစာချက်ထားပြီးဖြစ်ကာ ၂ယောက်သားအတူ ညစာစားလိုက်ကြလေသည်။


ရှီကျားမှာ ဆရာယဲ့၏ အရသာခံအာရုံနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိနေပြီးဖြစ်သည်။ ဆရာယဲ့ချက်ပြုတ်စဥ်တိုင်းတွင် ဟင်းပွဲတိုင်းမှာ အလွန်တရာအရသာရှိသော်လည်း ဆရာယဲ့မှာ အနည်းငယ်မျှသာစားပြီး တူနှင့်ဇွန်းကိုချကာ သူစားသောက်နေသည်ကိုသာ ကြည့်နေတတ်သည်။ သို့သော် သူချက်ပြုတ်သည့်အခါတိုင်းတွင်မူ ဆရာယဲ့မှာ ထမင်း၃ခွက်စာပိုစားပြီး အလွန်အရသာရှိသည်ဟုလည်းပြောတတ်သေးသည်။


ရှီကျား နေ့တ၀က်ခန့်ထိုအကြောင်းကိုတွေးနေမိသော်လည်း အဆုံးတွင်မူ ဘာမှမပြောဖြစ်ခဲ့ပါချေ။ 


နေ့ရက်များကုန်လွန်သွားပြီး ရှီကျားမှာ Sမြို့သို့ပြန်ရန်အကြောင်းကို စကားပင်မဟပဲ ထိုအိမ်လေးတွင်သာ ဆက်နေနေခဲ့လေသည်။


ဖေ့ယန်မှာ နယ်မြို့ကလေးဖြစ်သည်။ ဖော့ယန်ကန်အနီးတွင်တည်ရှိလေရာ ရေနှင့်ပါတ်သတ်သော ထွက်ကုန်များပေါများလေသည်။ ရှီကျားမှာ ရံဖန်ရံခါ ဆရာယဲ့နှင့် စျေး၀ယ်ရန်လိုက်သွားတတ်သည်။ ဆရာယဲ့သည်ဘယ်တော့မှစျေးမဆစ်တတ်ချေ။ သို့သော် ဆရာယဲ့စျေးလာ၀ယ်တိုင်း ဦးလေးကြီးများ အန်တီကြီးများမှာ တမင်တကာပင် စျေးလျှော့လျှော့ပေးတတ်လေသည်။ ခရမ်းချဥ်သီး၀ယ်လျှင် တရုတ်မုန်လာထုတ်ကိုအပိုလက်ဆောင်ပေးလာတတ်သည်။


ရှီကျားနှင့် ယဲ့ကျင်းကျီမှာ အချိန်အတော်ကြာအတူတူနေနေခဲ့ပြီးဖြစ်သည်။ တစ်ခါတွင် ဆရာယဲ့မှာ ငါး၀ယ်ရန်သွားစဥ် ရှီကျားမှာ ဆရာယဲ့အား ရပ်၍စောင့်နေခဲ့လေသည်။ ထိုစဥ်အသီးအရွက်ရောင်းသော အန်တီကြီးမှာ သူ့ကိုဆွဲကာစကားများပြောလာတော့သည်။ ရှီကျားမှာ စကားပြောမကောင်းလှသော်လည်း အန်တီကြီးကမူ ရေပက်မ၀င်အောင်ပြောနိုင်သူဖြစ်သည်။ တဖြည်းဖြည်းနှင့် သူမကယဲ့ကျင်းကျီအကြောင်းကိုပါဆက်ပြောလာခဲ့သည်။


"ရှောင်ယဲ့ကတကယ်ပဲ မလွယ်ကူခဲ့ပါဘူးကွယ်..သူ့မိဘတွေကအမြဲအပြင်မှာ အလုပ်လုပ်နေတာ.သူ့အဘိုးကလည်း အစောကြီးဆုံးသွားသေးတယ်..တို့တွေလည်း သူ့ကိုငယ်ငယ်လေးထဲဲက ကြည့်ပေးလာတာ..အဲတုန်းက သူဒီလောက်လေးပဲရှိမှာပေါ့"


အန်တီမှာ သူမလက်ဖြင့် ပေါင်ရင်းကိုထောက်ကာတိုင်းပြလာသည်၊ 


"ရှောင်ယဲ့က ဒီလောက်ကလေးလေ ခြင်းကလေးဆွဲပြီး စျေးလာလာ၀ယ်တာ..အဲဒီခြင်းကတောင် သူ့ထက်ရှည်ရင်ရှည်ဦးမယ်"


ရှီကျားမှာ မလှမ်းမကမ်းမှ ယဲ့ကျင်းကျီ၏ကျောပြင်ကို လှမ်းကြည့်လိုက်မိသည်။ သူ၏အတွေးများထဲတွင် လိမ္မာ၍နာခံတတ်သော ကလေးလေးမှာ စျေး၀ယ်ခြင်းကိုကြီးပိုက်ထားသည့်ပုံကို မြင်ယောင်လာမိလေသည်။ သူ၏တစ်ဦးတည်းသော မိသားစု၀င်ကိုဆုံးရှုံးသွားရသည့်တိုင် တစ်ယောက်တည်းဆက်လက်ရှင်သန်နေရဘေသည်။


"တို့တွေ ရှောင်ယဲ့ကြီးလာတာကို တလျှောက်လုံး ကြည့်ရှုပြီးနေလာခဲ့တာ..ရှောင်ယဲ့က ငယ်ငယ်တည်းကသိပ်တော်တယ်..အခုလည်းအရမ်းချောလာရောပဲ..မနှစ်က ဒီဘေးဆိုင်က အသားရောင်းတဲ့ အစ်ကိုလျိုကကင်ဆာဖြစ်တယ်လေ ..သူ့မိသားစုက ဆေးကုဖို့ပိုက်ဆံမရှိဘူးပေါ့ ..အဲဒါနဲ့ ရှောင်ယဲ့က အစ်ကိုလျိုကို မပြောမဆိုနဲ့ ၁သိန်းလာပေးပါရော..အစ်ကိုလျိုကဘယ်ယူမလဲ..ဒါပေမယ့်ရှောင်ယဲ့ကဘာပြောလဲသိလား..သူငယ်ငယ်ထဲကတဲ့ အစ်ကိုလျိုကသူ့ကိုခိုးခိုးပြီး ပို့ထည့်ပေးတဲ့ အသားတွေကို သူကအလေးချိန်ချိန်ပြီးမှတ်ထားတာတဲ့ အဲဒါအတွက် ပြန်ပေးတာဆိုပဲ"


ရှီကျား၏အကြည့်တို့ တဖြည်းဖြည်းနူးညံ့လာခဲ့သည်။ ထိုမိဘများအဖိုးများဆိုသည်မှာလည်း ရွှမ်းရွှယ်လောကမှ စီနီယာများ သူ့အတွက် နောက်ကြောင်းအတုတစ်ခုဖန်တီးပေးခဲ့ခြင်းဖြစ်ပုံရလေသည်။ ထိုအဖိုးဖြစ်သူဆိုသည်မှာ ဆရာယဲ့၏ဆရာ ရီလင်းကျစ်သာဖြစ်လောက်သည်။


အန်တီမှာဆက်၍စကားကောင်းနေဆဲပင်။ သူမ၏စကားများထံမှ သူတစ်ခါမျှမမြင်ဖူးသော ယဲ့ကျင်းကျီ၏ ပုံစံကိုတွေ့ခဲ့ရသည်။


သာမာန်ဆန်သော်လည်း ထူးချွန်ပြန်သည်။ စိတ်ထားနွေးထွေးသော်လည်း မဖော်ပြတတ်ပြန်ချေ။


အဆုံး၌ အန်တီကဆိုခဲ့သည်။


"အဲလိုဆိုမှ ငါးရောင်းတဲ့ရှောင်ဟွေ့လေးက အခုတလောသူ့အဖေအစား ဆိုင်ကိုကြည့်ပေးနေတာလေ..သူကရှောင်ယဲ့လေးကိုတကယ်သဘောကျပုံပဲ..ဟိုရက်တွေကတောင် သူ့အဖေက ရှောင်ဟွေ့ကို ရှောင်ယဲ့နဲ့ပေးစားချင်တယ်လို့တောင်ပြောနေသေးတယ်"


ရှီကျားမှာ အတွေးတွင်နစ်မြောနေရာမှာ ဗြုန်းခနဲနိုးထလာခဲ့လေသည်။ သူမော့ကြည့်လိုက်စဥ် ဆရာယဲ့မှာ တိုက်တိုက်ဆိုင်ဆိုင် ငါးဆိုင်သို့လျှောက်သွားနေသည်အားတွေ့လိုက်ရလေသည်။ ထိုငါးဆိုင်ထဲတွင် ထိုင်နေသည်မှာ ၁၈ ၁၉နှစ်အရွယ် မျက်လုံးတောက်တောက်များနှင့် ငယ်ရွှယ်လှပသော မိန်းကလေးတစ်ဦးဖြစ်သည်။ ယဲ့ကျင်းကျီလာသည်ကိုမြင်လျှင် သူမကပျော်ရွှင်စွာထရပ်လျက် ငါးအကောင်ကြီးကြီးတစ်ကောင်ကို ကူရွေးပေးလာခဲ့သည်။


ဆရာယဲ့မှာ အမူအယာကင်းမဲ့စွာပင် ထိုငါးကိုယူ၍ ပိုက်ဆံပေးကာ ချက်ချင်းလှည့်ထွက်လာခဲ့လေသည်။


ရှောင်ဟွေ့မှာ အလွန်စိတ်ပျက်သွားပုံဖြင့် ခေါင်းငုံ့ကာကျန်ရစ်ခဲ့လေသည်။


ရှီကျား"....."


အဘယ်ကြောင့်ရယ်မသိ သူရုတ်ချည်းပျော်ရွှင်သွားမိ၏။


အန်တီမှာ ဆက်ပြောနေဆဲပင်။ 


"နှမြောစရာပဲ ရှောင်ယဲ့ကစကားနည်းပြီး တို့အိမ်နီးချင်းတွေနဲ့ အဆက်အဆံသိပ်မရှိဘူးလေ...ပြီးတော့ ရှောင်ယဲ့အိမ်ကို သူငယ်ချင်းခေါ်လာတာ ဒါတို့တွေပထမဆုံးအကြိမ်တွေ့ဖူးတာပဲ..အန်တီလည်း မင်းကိုပဲပြောလို့ရတာတွေရှိတယ်ကွယ်..ရှောင်ယဲ့က အရမ်းအေးစက်လွန်းတယ်..တို့တွေကသူ့ကိုဂရုစိုက်ပေးချင်ပေမယ့် သူနဲ့ရင်းနှီးလို့မရဘူးဖြစ်နေတယ်..ဒီနှစ်တွေထဲ တို့တွေ သူတစ်ယောက်တည်းကြီးပြင်းလာတာကို ကြည့်ခဲ့ရတာ:


အန်တီပြောခဲ့သလိုပင် ယဲ့ကျင်းကျီမှာ ငါး၀ယ်ပြီးသည်နှင့် ဘာမျှမဆိုပဲ ခေါင်းသာတစ်ချက်ညိတ်ပြကာ ရှီကျားဘေးတွင်ရပ်နေခဲ့လေသည်။


ရှီကျားလည်း ဆရာယဲ့နောက်သို့လိုက်လျက် အိမ်သို့ပြန်လာခဲ့လေသည်။ မူလကအနည်းငယ်မပျော်မရွှင်ခံစားချက်မှာ အနည်းငယ်ပျယ်လွင့်သွားခဲ့သည်။ သူကအတော်ကြာတိတ်ဆိတ်နေခဲ့သော်လည်း မမေးပဲနှင့်မနေနိုင်ခဲ့ချေ။


"ဆရာယဲ့ ကျွန်တော့်အထင် အဲဒီအန်တီက ခင်များကို ကောင်းကောင်းဆက်ဆံသလိုပဲ..ဘာလို့..သူနဲ့စကားမပြောတာလဲ"


ယဲ့ကျင်းကျီမှာ စျေး၀ယ်အိတ်များကိုဆွဲထားခဲ့သည်။ သူသည်ခေါင်းကိုလှည့်လျက် ရှုပ်ထွေးစွာနှင့် ရှီကျားကို ကြည့်လာခဲ့သည်။


"ကိုယ် အန်တီ၀မ်ကို နှုတ်ဆက်ပါတယ်"


ရှီကျားတန့်သွားခဲ့သည်။


"နှုတ်ဆက်တယ်...နေဦး..ခုနကခေါင်းညိတ်ပြတာကိုပြောနေတာလား"


ယဲ့ကျင်းကျီခေါင်းညိတ်ပြလာပြန်သည်။


ရှီကျား"....."


သက်ပြင်းအသာချလျက် ရှီကျားမှာ အကူအညီမဲ့စွာပြုံးလိုက်မိလေသည်။ သူကယဲ့ကျင်းကျီလက်ထဲမှ အိတ်တစ်အိတ်ကိုဆွဲယူလျက် ပြုံးလိုက်သည်။


"ဆရာယဲ့ အိမ်ပြန်ကြစို့"


ရှီကျား၏အပြုံးကြောင့် ယဲ့ကျင်းကျီမှာ ခတ္တမျှတွေဝေငေးမောနေခဲ့မိလေသည်။ ထို့နောက် သူကခေါင်းညိတ်လာခဲ့သည်။


သူ့အတွက်မူ လက်ရှိတွင် လုံး၀အထီးကျန်မနေပါချေ။ သူ၏ဇနီးလေးရှိနေသ၍ သူတစ်ယောက်တည်းဖြစ်လိမ့်မည်မဟုတ်ချေ။


ယခုဆရာယဲ့အတွက် အကြီးဆုံးပြဿနာမှာ...


ဇနီးလေး အိမ်မှာပဲဆက်နေပြီး Sမြို့ကိုပြန်မသွားရအောင် ဘယ်လိုလုပ်ရမလဲ...


ဘာတွေလုပ်သင့်လဲ...


ယနေ့တွင် ယဲ့ကျင်းကျီမှာ ရတက်မအေးဖြစ်နေခဲ့သည်။ သူ၏ဇနီးလေး၏အစာအိမ်ကိုသိမ်းပိုက်ပြီး အိမ်ပြန်မသွားစေချင်ရေးအတွက် မည်သည့်ဟင်းပွဲကိုချက်ရပါမည်နည်း။


အတော်ကြာတွေးပြီးနောက် ဆရာယဲ့မှာ ပျော်ရွှင်စွာဟင်းစချက်တော့သည်။ သို့သော် စားသောက်ချိန်တွင် ရှီကျားမှာ တူဖြင့်အသားအပြည့်ထမင်းတစ်လုတ်ကိုညှပ်ယူလျက်ပါးစပ်ထဲမထည့်နိုင်မီမှာပင် wechatမှစာတစ်စောင်၀င်လာခဲ့လေသည်။ ရှီကျားမျက်မှောင်ကျုံ့လျက် တူကိုချကာ ဖုန်းကိုဖွင့်၍ကြည့်လိုက်လေသည်။


ဇနီးလေးထံမှ အရသာရှိကြောင်းချီးကျူးခံရရန် မျှော်လင့်တကြီးစောင့်စားနေသောဆရာယဲ့မှာ ခေါင်းငုံ့လျက် အနည်းငယ်စိတ်ပျက်၀မ်းနည်းသွားမိလေသည်။


ထိုစဥ်ရှီကျားမှာ ခေါင်းကိုမော့လျက် ယဲ့ကျင်းကျီအား မျက်မှောင်ကျုံ့၍ကြည့်လာခဲ့သည်။ 


"ဆရာယဲ့ ဖေးယွီဒုက္ခရောက်နေပြီ"


ယဲ့ကျင်းကျီတန့်သွားမိသည်။


ဖုန်းမျက်နှာပြင်ပေါ်မှ တစ်ခုတည်းသော မက်ဆေ့မှာ——


【 ဖေးယွီ: အစ်ကိုကျား ကယ်ပါဦး ကယ်ပါဦး ကယ်ပါဦးလို့!!!!!!!】


****

စာရေးသူမှာပြောစရာရှိတယ်:


မှန်: ဒီနေ့ဇနီးကအရသာရှိတယ်လို့လည်း မချီးမွှမ်းပေးဘူး (´・ω・`)

C+: အဲဒီရှောင်ဟွေ့က နည်းနည်းမှကြည့်မကောင်းဘူးလို့ ဘာလို့ခံစားနေရပါလိမ့်..


👻