Chapter 77
Viewers 9k

👻Chapter 77




ရှီကျားမှာ ချက်ချင်းစာပြန်လျက် ဖေးယွီအား အကျိုးအကြောင်းမေးလိုက်လေသည်။


ခတ္တမျှအကြာ ဆရာသခင်အတုလေးဖေးမှာ ငိုကြွေးနေသော emojiများအတန်းလိုက်ပို့လာခဲ့လေသည်။ ပြီးမှသာ ရှီကျားကိုပယ်ပယ်နယ်နယ်စတင်ဝေဖန်တော့သည်။


: 【 အစ်ကိုကျား ငါ့ကိုအစတုန်းကဘာပြောခဲ့လဲ..ဘာပြောခဲ့လဲလို့!!! ပြောတော့ ပြင်းထန်ယင်စွမ်းအင်ခန္ဓာအကြောင်း ဘယ်သူ့ကိုမှမသိစေချင်ပါဘူးဆို.. လျှို့၀ှက်ချက်ထားထားပေးဆို...ငါ့မှာတော့ သစ္စာရှိရှိနဲ့ အခုချိန်ထိ ဘယ်သူ့ကိုမှတောင်မပြောပဲ ဖုံးထားပေးတာ.ငါ့ဆရာကိုတောင် မပြောခဲ့ဘူးသိရဲ့လား..အခုတော့ကောင်းရော.. 'ghosts know'ကအဲသတင်းကိုတင်လိုက်တာနဲ့ ဆရာက ဒါဘာလဲဆိုပြီး မေးတယ်လေ..ငါလည်းမင်းရဲ့ယင်ခန္ဓာကိုယ်အကြောင်း သိတာကိုဖုံးထားလို့မရတော့ဘူးပေါ့..ပြီးကျတော့ဘာဖြစ်လဲ..ဆရာကငါ့ကို မသေမရှင်ဖြစ်တဲ့အထိရိုက်တော့တာပဲ အား...!! 】


ရှီကျား: 【 …… 】


【 အစ်ကိုကျား ငါ့အပေါ် ဘာလို့ဒီလိုလုပ်ရက်ရတာလဲ...QAQ?! ဆရာက ငါဟာဂိုဏ်းကို point တသိန်းဆုံးရှုံးရအောင် လုပ်လိုက်တာပဲတဲ့..ပြီးတော့ နောက်နှစ်၀က်ငါရလာမယ့် pointတွေအကုန်လုံးကို အလျော်ပေးရမယ်တဲ့လေ.. အစ်ကိုကျား ဆရာကငါ့ကို ဒီမနက်အထိ ရိုက်နေတုန်းပဲလို့... အခုတော့ ညစာသွားစားလိုက်ဦးမယ်တဲ့ ပြန်လာရင်ထပ်ရိုက်ဦးမယ်ပြောတယ်..မသိတော့ဘူး အစ်ကိုကျား..မင်းငါ့ကို ကာကွယ်ပေးမှရမယ်..မင်းလုံး၀ကို ကာကွယ်ပေးရမယ် အာ... 】


ရှီကျားမှာ ဆွံ့အသွားခဲ့သော်လည်း ကောင်းစွာတုန့်ပြန်လိုက်ဆဲပင်။ 


: 【 ……ငါကအခုGနယ်ထဲမှာ မင်းက မြို့တော်မှာ..ငါအတောင်ပါရင်တောင် မင်းဆီ အမီပျံမလာနိုင်ဘူး..အင်း ဖေးယွီ မင်းနည်းနည်း စတေးခံလိုက်ပါကွာ..အနာဂါတ်မှာ ငါမင်းအတွက် နေ့တိုင်း စက္ကူပိုက်ဆံတွေမီးရှို့ပေးပါ့မယ် 】


ဖေးယွီခါးခါးသီးသီးငိုကြွေးလိုက်သည်။ 


: 【 အစ်ကိုကျား..ဒီလိုမလုပ်ရဘူးလေ !!!】


ရှီကျားခေါင်းခါလိုက်ကာ ဖေးယွီအား ဖော့ယန်စျေးတွင်ကြုံခဲ့ရသော အခြေအနေကိုပြောပြလိုက်လေသည်။ ထိုအချိန်တွင် ရှီကျားမှာ အမှန်တကယ်အခြားရွေးချယ်စရာမရှိခဲ့ချေ။ သရဲများနှင့် ဆရာသခင်အယောက်တစ်ထောင်ကျော်မှာ ဓါးကိုချိုးခဲ့သော သူ၏လည်ပင်းကို ၀ိုင်းစိုက်ကြည့်နေခဲ့ကြသည်။


"ဓါးကျိုးသွားတာက သူ့ယင်စွမ်းအင်ကအရမ်းအားနည်းလို့ပဲ ငါနဲ့မဆိုင်ဘူး"


၄င်းကိုကြားလျှင် တိုင်းတာမှုမှာ သူ့ခေါင်းကိုတိုင်နှင့်ဆောင့်လျက် သွေးအန်ကာ အသက်ထွက်သွားလောက်သည်။ 


ဖေးယွီမှာလည်း သဘာ၀ကျစွာပင် ရှီကျား၏အခြေအနေကိုနားလည်သည့်တိုင် သူ၏ဆရာရိုက်ခံထားရ၍ ယောင်ကိုင်းနေသော တင်ပါးလေးကိုပွတ်လျက် ညည်းညူလာခဲ့သည်။


 : 【ဒါဆိုအစ်ကိုကျား ငါဘယ်လိုလုပ်ရမလဲ..ဆရာက ငါ့ကိုတကယ်ကြီး သေတဲ့ထိရိုက်သတ်တော့မလားမသိဘူး..တကယ်ကြီးသတ်တော့မှာလို့...! 】


ရှီကျားမှာခတ္တမျှတွေးတောပြီးနောက် အကြံပေးလိုက်သည်၊ 


: 【 မင်းဆရာပြန်မလာခင်မင်းပုန်းနေတာပဲဖြစ်ဖြစ် ရှောင်နေတာပဲဖြစ်ဖြစ် လုပ်လို့မရဘူးလား ? 】


ဖေးယွီ: : 【 ……အာ?! 】


အတော်ကြားပြီးနောက် ဆရာသခင်အတုလေးဖေးမှာ အာမေဋိတ်သင်္ကေတများဆက်တိုက်ပို့လာခဲ့တော့သည်။ 


: 【အစ်ကိုကျား မင်းကသိပ်တော်တာပဲ..ငါ့ဂျူနီယာညီမလေးက သရဲဖမ်းထွက်တော့မလို့ ပြင်နေတာ ငါသူ့ကိုအဖော်လိုက်ပေးလိုက်မယ်..သူကငယ်သေးတယ် ခုမှ ၁၉နှစ်ပဲ..အဝေးကိုသရဲသွားဖမ်းရမှာ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ဘယ်စိတ်ချလို့ရမလဲ... အတူသွားရမှာပေါ့..ကျိန်းသေအတူသွားရမယ်..ဂျူနီယာညီမလေးကို ကာကွယ်ပေးရမယ်..ဟား ဟား ဟား !!! 】


ရှီကျား"....." 


ဒီလောက်လွယ်လွယ်လေးကို မင်းအစတည်းက တွေးမိသင့်တာမဟုတ်ဘူးလား..


ဖေးယွီမှာ တိတ်တိတ်လေးရှောင်တခင်ပုန်းရှောင်ရန်အတွက် ခရီးဆောင်အိတ်သွားပြင်နေခဲ့ပြီဖြစ်သည်။ ရှီကျားလည်း ဖုန်းကိုချလိုက်တော့သည်။ သူခေါင်းကိုမော့ကြည့်လိုက်လျှင် ဆရာယဲ့မှာ လက်တစ်ဖက်မှတူကိုကိုင်ကာ တဖက်က ထမင်းပန်းကန်လုံးကိုကိုင်လျက် သူ့အား စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။ စားပွဲပေါ်မှ ဟင်းများနှင့် ပန်းကန်လုံးထဲမှ ထမင်းများကို အနည်းငယ်မျှမထိရသေးချေ။ ရှီကျားမှာ ဖေးယွီနှင့် ၁၀မိနစ်မျှစကားပြောနေခဲ့ခြင်းဖြစ်ပြီး ယဲ့ကျင်းကျီမှာ ထို၁၀မိနစ်လုံးလုံးထိုအတိုင်းစောင့်ဆိုင်းနေခဲ့လေသည်။


ရှီကျား၏ နှလုံးမှာ တုန်လှုပ်သွားမိလျက် မေးလိုက်သည်။ 


"ဆရာယဲ့....ဘာလို့မစားသေးတာလဲ" 


ယဲ့ကျင်းကျီမှာ သူ၏မျက်လုံးထဲမှ မျှော်လင့်ချက်များကိုဖုံးကွယ်လိုက်လေသည်။ 


"အတူ..အတူစားရအောင် စောင့်နေတာ"


ရှီကျားမှာ ယဲ့ကျင်းကျီ၏ အတွေးသေးသေးလေးများကို မည်သို့သိနိုင်ပါမည်နည်း။ ဆရာယဲ့မှာ အလွန်တွေးပေးတတ်သူဟုသာ သူကခံစားလိုက်ရလေသည်။ သူ့အားတစ်ယောက်တည်းမကျန်စေလို၍ အတူစားရန် စောင့်နေပေးခဲ့သည်။ ထို့ကြောင့်ရှီကျားမှာ တူကိုကောက်ယူလျက် ကြက်သားတစ်ဖတ်ကို ညှပ်ယူလိုက်လေသည်။


ယဲ့ကျင်းကျီမှာ ယခင်က ဤဟင်းပွဲကိုတခါမျှမချက်ဖူးချေ။ ရှီကျားမှာ ၄င်းကိုသတိမထားမိခဲ့သော်လည်း ထိုအသားကိုတကိုက်ကိုက်လိုက်သည်နှင့် အသားမှာ အလွန်နူးညံ့မွှေးကြိုင်လျက် လျှာပေါ်တွင် အလွယ်တကူပျော်၀င်သွားခဲ့လေသည်။


ရှီကျားမှာအံ့အားသင့်စွာဖြင့် မျက်လုံးတို့ ၀ိုင်းစက်သွားလျက် ဆရာယဲ့ကိုကြည့်လိုက်မိသည်။


"အရသာရှိလိုက်တာ အရမ်းကောင်းတာပဲ"


ယဲ့ကျင်းကျီ သူ၏တူကိုကိုက်လျက် ရှီကျားအား စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ထိုချီးမွှမ်းစကားများကိုရုတ်ချည်းကြားလိုက်ရသော် သူ၏မျက်လုံးတို့ ပြူးကျယ်၀ိုင်းစက်သွားခဲ့သည်။ ထို့နောက်ပျော်ရွှင်စွာခေါင်းညိတ်လျက် စတင်စားသောက်လေတော့သည်။


နှစ်ဦးသားမှာ အရသာရှိရှိပျော်ပျော်ရွှင်ရွှင်စားသောက်ခဲ့ကြလေသည်။


ရှီကျား ကြက်သားဟင်းတစ်ပန်းကန်လုံးကို အပြောင်ရှင်းခဲ့လေသည်။ ယဲ့ကျင်းကျီမှာ သူရွှင်ရွှင်ပြပြစားသောက်နေသည်အား ကြည့်လျက် သူသည်လည်း ကြည်နူးနေခဲ့လေသည်။


စားသောက်ပြီးနောက် ရှီကျားမှာ ပန်းကန်များကိုသွားဆေးခဲ့လေသည်။ ပြီးနောက် သူသည်သူ၏ဗိုက်ကလေးကိုပွတ်လျက် ရေရွတ်လိုက်မိသည်။


"ငါ..၀လာတာလား.."


ထိုအခိုက်အတန့်တွင် ဆရာယဲ့မှာ ဆိုဖာတွင်ထိုင်လျက် ပျော်ရွှင်စွာတွေးတောနေခဲ့လေသည်။ 


ဇနီးလေးအတွက် မနက်ကျရင် ဘာချက်ပေးရင်ကောင်းမလဲ...


နောက်တစ်နေ့တွင်လည်း ဆရာယဲ့တစ်ယောက်ကြိုးကြိုးစားစားချက်ပြုတ်လျက် စားပွဲတွင် ဟင်းပွဲများချကာ မျှော်လင့်တကြီးစောင့်စားနေခဲ့လေသည်။ သို့သော် ဤတစ်ကြိမ်တွင် ရှီကျားမှာ ဘာမှသိပ်မပြောပဲ တစ်ပန်းကန်မျှသာစားခဲ့လေသည်။ စားပွဲပေါ်တွင် ဟင်းပွဲများတ၀က်မကကျန်နေသေးချိန်တွင် ရှီကျားမှာ တူကိုချလိုက်တော့သည်။


ယဲ့ကျင်းကျီ၏တူမှု လေထဲတွင်တောင့်တင်းစွာရပ်သွားခဲ့သည်။ ရှီကျားမှာ တူကိုချလိုက်ပြီးဖြစ်ကာ ဖုန်းကိုကိုင်လျက် ကြည့်နေပြီဖြစ်ကြောင်းတွေ့လိုက်ရလေသည်။ သူသည်အတော်ကြာပြီးမှ မကျေမနပ်ခံစားချက်နှင့်အတူ မေးလိုက်မိသည်။


"ဒီ..ဒီနေ့ ဘာလို့နည်းနည်းလေးပဲစားတာလဲ"


ရှီကျားမှာ သူ့အားမော့ကြည့်လာခဲ့သည်။ 


"ကျွန်တော်၀ပြီဆရာယဲ့" 


ယဲ့ကျင်းကျီ " မင်းမနေ့က ၂ပန်းကန်လောက်စားတယ်လေ"


၄င်းကိုကြားလျှင် ရှီကျား၏ အမူအရာမှာပြောင်းလဲသွားခဲ့လေသည်။ သူသည် သူ၏ဗိုက်ကလေးကို အသာပွတ်လျက် ဖြောင့်မှန်သောအမူအယာဖြင့်ဆိုလိုက်သည်။


"ဆရာယဲ့ ကျွန်တော်ပုံမှန်ဆို ထမင်းတစ်ပန်းကန်လုံးပဲ စားနေကျ..တကယ်တစ်ပန်းကန်လုံးပဲ"


ဆရာယဲ့မှာ စိတ်ဓါတ်ကျစွာခေါင်းကိုငုံ့ချလိုက်လေသည်။


ဇနီးလေးရဲ့အစာအိမ်ကို ငါထပ်ပြီးမသိမ်းပိုက်နိုင်တော့ဘူး..


တနေကုန် ယဲ့ကျင်းကျီ၏စိတ်အခြေအနေမကောင်းခဲ့ချေ။ ညဘက် သရဲဖမ်းပြီးပြန်လာသည်အထိ စိတ်နှင့်လူနှင့် မကပ်ပဲရှိနေခဲ့သည်။ သူသည်ဖရဲသီးခပ်ကြီးကြီးတစ်လုံးကိုသယ်လာဆဲဖြစ်ကာ ရှီကျားစားရန်အတွက် အစေ့များကိုဂရုတစိုက်ဖယ်ကာ ပန်းကန်ကိုရှီကျားရှေ့တွန်းပေးလိုက်လေသည်။


ရှီကျားမှာ ဖရဲသီးတစ်ခြမ်းကိုစားပြီးဖြစ်ကာ ထိုဖရဲသီးပန်းကန်ကိုမြင်သော် သတိမထားလိုက်မိပဲ အလိုအလျောက်လှမ်း၍ဆွဲယူလိုက်မိလေသည်။ သို့နှင့်ယဲ့ကျင်းကျီ၏ မျက်လုံးများမှာချက်ချင်းတောက်ပသွားခဲ့သည်။ သို့သော် သူအပြည့်အ၀မပျော်ရွှင်နိုင်ခင်မှာပင် ရှီကျားမှာ သူ၏တံတွေးများကို မြိုချလျက် ဖရဲသီးပန်းကန်ကို ပြန်တွန်းပေးလိုက်လေသည်။


ယဲ့ကျင်းကျီ"...."


ရှီကျား"ဆ..ဆရာယဲ့..ကျွန်တော်ဒီနေ့ဗိုက်ပြည့်နေပြီ..ခင်များပဲစားလိုက်ပါလား..ကျေးဇူးပဲနော်.." 


ဆရာယဲ့မှာ သူ့ဇနီးလေး၏စိတ်စေတနာကောင်းကို မငြင်းပယ်ရက်ပဲ ဖရဲသီးပန်းကန်ကိုကိုင်ကာ တဖြည်းဖြည်းစစားလိုက်လေသည်။ သို့သော် ထိုဖရဲသီးများမှာ မြိုချရခက်လှကာ သူသည်၀မ်းနည်းလွန်း၍ ငိုချင်လာမိလေသည်။


ထိုလှိုင်းတံပိုးမှာ ၃ရက်ကြာမြင့်ခဲ့ပြီး အဖြေထွက်ပေါ်လာခဲ့တော့သည်။ ယဲ့ကျင်းကျီမှာ ထို၃ရက်လုံးလုံး အလွန်မကျေမနပ်ဖြစ်လျက် စိတ်အားငယ်နေခဲ့လေသည်။ သူရှီကျားအတွက် မည်မျှအရသာရှိသောအရာများ ကြိုးစားချက်ပါစေ ရှီကျားမှာ အနည်းငယ်မျှသာ စားတတ်ကာ ပြီးလျှင် ကျန်ဟင်းပွဲများကိုလှည့်ပင်မကြည့်တော့ချေ။


ထို့နေ့နေ့လည်တွင် ရှီကျားမှာ သူ၏ဗိုက်ကလေးကိုပွတ်လျက် သူ၏ဗိုက်မှ အဆီလေးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်ကိုတွေ့လိုက်ရလေသည်။ သို့နှင့် နေ့လည်ခင်းတွင် သူသည်တက်တက်ကြွကြွပင် ထမင်းပန်းကန်လုံး၂လုံးစာစားခဲ့လေသည်။ ယဲ့ကျင်းကျီမှာ မျက်လုံးလေးပြူးလျက်ကြည့်နေခဲ့ပြီး ပျော်လွန်း၍ ဘာပြောရမှန်း မသိခဲ့ချေ။


စားသောက်ပြီးနောက် ရှီကျားမှာ ထို၃ရက်အတွင်း သူ၏ထူးဆန်းနေရသော အကြောင်းပြချက်ကိုပြောပြလာခဲ့သည်။


"ဆရာယဲ့ ဟင်းချက်တအားကောင်းတာပဲဗျာ..ကျွန်တော်တောင်၀လာတော့မလို့..ကျွန်တော်ဒီလိုပဲ ဇွတ်တွေစားနေလို့မဖြစ်ဘူး..အစားအသောက်ကိုထိန်းမှရတော့မယ်..ကျွန်တော်ဆရာယဲ့ကျွေးသမျှဒီလိုသာဆက်စားနေလို့ကတော့ သွားတော့မှာပဲ"


ယဲ့ကျင်းကျီ၏ မကျေမနပ်မှု ၀မ်းနည်းမှုများမှာ အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။ 


ဒါဆို သူက၀ိတ်တက်မှာစိုးလို့နည်းနည်းပဲစားတာပေါ့...


ဆရာယဲ့မှာ အလွန်ပျော်နေခဲ့လေသည်။ ထို့နောက်သူထပ်ကာစဥ်းစားတော့သည်။ 


ဘာဟင်းတွေက ၀ိတ်လည်းမတက်ဘဲ အရသာလည်းရှိနိုင်မလဲ...


ထိုနေ့ရက်များတွင် လူ၂ဦး၏ဘ၀များမှာ ယခင်ပုံမှန်အတိုင်းပြန်လည်အခြေကျသွားခဲ့ကြသည်။ ရှီကျားမှာ ဆရာယဲ့၏ ကောင်းလွန်းသော ဟင်းချက်လက်ရာကြောင့် အိမ်ပြန်မည့်အကြောင်းကို တွေးပင်မတွေးမိချေ။


ကမ္ဘာပေါ်မှာ ဒီလိုမျိုးစိတ်ထားနွေးထွေးပြီး အားလည်းကိုးရ ရုပ်ကလေးကလည်းချော ဟင်းချက်တာလည်းတော် အရာရာပြည့်စုံတဲ့သူမျိုး ဘယ်လိုလုပ်ရှိနေရတာလဲ ..


ရှီကျားမှာ သူ့ကိုယ်သူ ပျင်းရိသောသူဟူတစ်ခါမျှမတွေးခဲ့ဖူးချေ။ သို့သော်ဆရာယဲ့နှင့်ဆုံတွေ့ရပြီးနောက်ပြီး သူသည်လက်တစ်ချောင်းတောင်မလှုပ်ရလုနီးပါးဖြစ်သည်။ အိပ်ယာမှနိုးထလာသော မနက်တိုင်း တစ်အိမ်လုံးမှ တောာက်ပြောင်နေသည်အထိ လှည်းကျင်းတိုက်ချွတ်ထားပြီးဖြစ်ကာ မွှေးကြိုင်၍အရသာရှိသော မနက်စာကလည်း စားပွဲပေါ်တွင် အသင့်ပြင်ထားပြီးဖြစ်သည်။


သူနေ့လည်စာဘာစားချင်လဲ..


ဆရာယဲ့ချက်ပေးနိုင်သည်။


ညစာရော..


ဆရာယဲ့မှာ ၇ရက်လုံးလုံးဟင်းတပွဲမှမထပ်စေရပဲ ချက်ပေးနိုင်လေသည်။


ယဲ့ကျင်းကျီနှင့် အတူနေရခြင်းမှာ လူသားတိုင်း၏ အိပ်မက်ပင်ဖြစ်နိုင်သည်။ 


၄င်းသာမက...


သူထွက်သွားရင် ဆရာယဲ့တစ်ယောက်တည်းအထီးကျန်နေလောက်မလား..


ရှီကျားခေါင်းကလေးအသာလှည့်လျက် မီးဖိုချောင်တွင် အလုပ်များနေသော အမျိုးသား၏ကျောပြင်အား တိတ်တခိုးကြည့်လိုက်မိသည်။ သူသည် အသီးအရွက်ရောင်းသောအန်တီ၏စကားများနှင့် ယဲ့ကျင်းကျီမှာ ခေါင်းညိတ်ပြခြင်းကို နှုတ်ဆက်ခြင်းအနေနှင့် ယူဆသည်ကို ပြန်သတိရသွားခဲ့မိလေသည်။ ငယ်စဥ်ကပင် ဤအမျိုးသားအား လူအများနှင့် မည်သို့ဆက်ဆံရမည်ကိုမည်သူမျှမသင်ပေးခဲ့ဖူးချေ။ သူကသူ၏ဆရာချန်ထားခဲ့ပေးသော မှော်ပညာစာအုပ်များကိုသာ လှန်လှောလျက် တစ်ကိုယ်တည်းလေ့ကျင့်သင်ကြားခဲ့ရသည်။ သို့နှင့် ကမ္ဘာကြီးနှင့် ရင်းနှီးကျွမ်း၀င်ရန်အချိန်လည်း မရှိခဲ့ချေ။


သူကတဖြည်းဖြည်းနှင့် နူးညံ့သောနှလုံးသားတစ်စုံနှင့်အတူ ထူးချွန်ထက်မြက်သော စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။


သို့သော် လူဘယ်လောက်ကများ ဤအကြောင်းများကို သိပါလိမ့်မည်နည်း။


လူတိုင်း၏မျက်လုံးထဲတွင် ထိုအမျိုးသား၏ သန်မာမှုအပေါ် အကြောက်တရားတစ်ခုကိုသာ မြင်တွေ့သိရှိကြသည်။ ၄င်းအပြင် စံပြပုဂ္ဂိုလ်ဟူသော အမည်ပြောင်တစ်ခုရှိသော်လည်း ၄င်းမှာ အခေါ်အဝေါ်တစ်ခုမျှသာဖြစ်ကာ အမှန်တကယ်နားလည်ကြသည်ဟု မဆိုနိုင်ချေ။


'စံပြပုဂ္ဂိုလ်'ဆိုတဲ့ အခေါ်အဝေါ်လေးတစ်ခုက တရာယဲ့ကဘယ်လောက်တောင်မှ ကောင်းလိုက်တဲ့ သူလဲဆိုတာ ဘယ်လိုဖော်ပြဖို့ လုံလောက်မှာလဲ...


ယခုသူထွက်သွားခဲ့လျှင် ဆရာယဲ့မှာ တစ်ယောက်တည်း ထပ်မံအထီးကျန်နေရပေတော့မည်။


တစ်ယောက်တည်းရှင်သန်နေထိုင်ရတာ..ဘယ်လောက်တောင် အထီးကျန်လိုက်မလဲ ..


မနေ့ညက ရှီကျားမှာ ချန်းထောင်ပို့လိုက်သော ဇာတ်ညွှန်းကိုဖတ်နေစဥ် ယဲ့ကျင်းကျီမှာ သူ၏ ချန်ခွန်းအိတ်ထဲမှ စက္ကူလူရုပ်လေးကိုထုတ်ယူလိုက်သည်အားတွေ့လိုက်ရလေသည်။ သူက၄င်းကိုလေထဲသို့ပစ်တင်လျက် အက္ခရာတချို့ကိုရေးဆွဲလိုက်လေသည်။ ထိုစက္ကူလူရုပ်လေးမှာ မျက်နှာမပါသော လူတစ်ယောက်အဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့လေသည်။ ယဲ့ကျင်းကျီနှင့် ထိုလူရုပ်မှာ အိပ်ယာစွန်းတစ်ဖက်စီကိုမလျက် ပြောင်းပြန်လှန်ရန် ပြင်နေခဲ့ကြသည်။


ယဲ့ကျင်းကျီ၏အိမ်မှာ အလွန်ရှေးဆန်ကာ အတွင်းမှပရိဘောဂများမှာလည်း ရှေ့ရာစုနှစ်တွင် အတွေ့ရများသော ဒီဇိုင်းများဖြစ်သည်။ မွေ့ယာမှာ ပြောင်းပြန်လှန်၍ရသော မွေ့ယာမျိုးဖြစ်သည်။ တဖစ်ဖက်မှာ ဆောင်းရာသီတွင်နွေးထွေးသော အိစက်သော မွေ့ယာဖြစ်ပြီး ကျန်တစ်ဖက်မှာ မာကြောသော သစ်သားပြားဖြစ်ကာ နွေရာသီတွင် အိပ်စက်ရန်သင့်တော်လေသည်။ ထို့မွေ့ယာမှာ သစ်သားနှင့်ပြုလုပ်ထားခြင်းကြောင့် အလွန်လေးလံလှသည်။ ၄င်းမှာ ယခုခေတ်စားနေသကဲ့သို့ အပေါစား သစ်ပွများနှင့်ပြုလုပ်ထားခြငထးမဟုတ်ချေ။


ယဲ့ကျင်းနှင့် ထိုစက္ကူလူရုပ်မှာ အိပ်ယာလှန်ရန်ကြိုးစားနေသည်ကိုတွေ့လျှင် ရှီကျားအေးခဲသွားလျက် ချက်ချင်းထရပ်ကာ လျှောက်သွားလိုက်လေသည်။ 


"ဆရာယဲ့ အိပ်ယာပြောင်းချင်လို့လား"


ယဲ့ကျင်းကျီမှာရှီကျားကိုကြည့်လျက်ခေါင်းညိတ်လာခဲ့သည်။


ရှီကျားမှာ နားမလည်စွာမေးလိုက်သည်။


"ကျွန်တော့်ကိုဘာလို့ ကူဖို့မခေါ်လိုက်တာလဲဗျာ.."


စက္ကူလူရုပ်ကိုတောင်ထုတ်သုံးနေသေးတာလား..


ယဲ့ကျင်းကျီမှာချက်ချင်းကြောင်အသွားခဲ့လေသည်။ အတော်ကြာမှ သူကခပ်တိုးတိုးဆိုလာခဲ့သည်။ 


"ကိုယ်..ကိုယ်ကအရင်က အမြဲတစ်ယောက်တည်းပဲလေ..ကိုယ်၈နှစ်တုန်းက စက္ကူရုပ်တွေကို လုပ်တဲ့နည်းကိုသင်ခဲ့ရတယ်..ကိုယ်အမြဲဒီစက္ကူရုပ်တွေကို အကူအနေနဲ့သုံးနေကျမို့"


သူ့အတွက်ကူညီပေးရန် စက္ကူရုပ်များသာရှိသည်...


ပြီးတော့ ၈နှစ်အရွယ်ကျမှ သင်ခဲ့တာလား..ဒါဆို ၈နှစ်မတိုင်ခင်တုန်းကရော..


ရှီကျား၏ရင်ထဲမှာ ရုတ်ချည်းနာကျင်လာမိလေသည်။ သူကရှေ့သို့အမြန်လျှောက်သွားလျက် စက္ကူရုပ်ထံမှ အိပ်ယာတစ်ဖက်စွန်းကိုလက်လွှဲယူလိုက်လေသည်။ ထို့နောက် အပြုံးလေးနှင့်ဆိုလိုက်သည်။


"ဆရာယဲ့ အတူလုပ်ရအောင်"


ယဲ့ကျင်းကျီမှာ သူ့အားအကြာကြီးငေးကြည့်ခဲ့ကာ နှုတ်ခမ်းထောင့်လေးများ မထိန်းနိုင်ပဲ ကွေးတက်လာခဲ့လေသည်။


"အိုကေ"


ယဲ့ကျင်းကျီမှာ အိမ်တွင် မှော်ဂါထာများသုံးရခြင်းကိုမကြိုက်ပဲ ရှီကျားလည်း၄င်းကိုသတိထားမိလေသည်။ သူသည်ဆရာယဲ့အား အိမ်သန့်ရှင်းရေးကို အဘယ်ကြောင့် ဤအတိုင်းမှော်အတတ်နှင့် မလုပ်လိုက်သည်အား မေးမြန်းဖူးလေသည်။ ယဲ့ကျင်းကျီ၏ အဖြေမှာဤသို့ဖြစ်သည်။


"ဆရာကပြောတယ် မှော်အစွမ်းဆိုတာ သရဲဖမ်းဖို့ပဲတဲ့..ကိုယ်တို့တွေကဆရာသခင်တွေဖြစ်နေရုံပဲ အဲဒီထက်မပိုဘူး ကိုယ်တို့တွေကလည်း သာမာန်လူသားတွေဖြစ်နေတုန်းပဲမို့ သာမာန်လူလိုပဲနေထိုင်သင့်တယ်တဲ့"


ရှီကျားမှာ ဆရာယဲ့၏ ဆရာဖြစ်သူသည် အလွန်ကောင်းသော လူတစ်ဦးဖြစ်ကြောင်းခံစားလိုက်ရလေသည်။ သူ၏တပည့်ဖြစ်သူအား ဤသို့ သာမာန်ဆင်ခြေဖုံးရပ်ကွက်ကလေးတွင် နေထိုင်ရန်ခေါ်လာသည်မှာ အံ့သြစရာမရှိတော့ချေ။ ဤသည်မှာ 'တောတောင်ရေမြေမှာ လောကီရေးရာမှ ခတ္တဆုတ်ခွာခြင်းသာဖြစ်၍ ရှုပ်ထွေးပွေလီသော လူအုပ်ထဲရောနှောနေခြင်းသည်သာ ငြိမ်းချမ်းမှုအစစ်အမှန်ကိုရှာတွေ့နိုင်သည်' ဟူသောဆိုရိုးအတိုင်းပင်။



👻