Chapter 55
Viewers 9k

👻Chapter 55




သူတွေးလေတွေးလေ ၄င်းမှာအဓိပ္ပါယ်ရှိသည်ဟု ခံစားလာရလေပင်။ ရှီကျားမှာ ချန်းအန်သို့ယခုချက်ချင်းပင် လေယာဥ်စီးကာ သင်္ချိုင်းဂူအတွက် လျှပ်စစ်မီးဆင်ပေးရန်ပင် စီစဥ်နေပေပြီ။ 


သို့သော် ယဲ့ကျင်းကျီက သူ့ကိုသတိပေးလာခဲ့သည်။ 


"သင်္ချိုင်းဂူအတွက် လျှပ်စစ်မီးဆင်ပေးမယ့်ကုမ္ပဏီမရှိဘူး..သူကမြေအောက်မီတာ၃၀၀လောက်မှာလေ"


ရှီကျား"...."


အတော်ကြာသည်အထိစိတ်ပျက်လက်ပျက်ဖြစ်နေပြီးနောက် ရှီကျားကမေးလိုက်သည်။ 


"ဒါဆို ရွှမ်းရွှယ်လောကက လူတွေကိုအကူအညီတောင်းရင်ရော..သင်္ချိုင်းဂူကိုတူးပြီး ဆားကစ်တွေဆင်လို့မရဘူးလား"


ယဲ့ကျင်းကျီ"..."


ခတ္တကြာနှုတ်ဆိတ်နေပြီးမှ သူကဆိုလာခဲ့သည်။


"သင်္ချိုင်းဂူရဲ့ဂိတ်ထဲ ကိုယ်တို့၀င်လို့မရဘူးလေ."


ရှီကျား"...."


တနည်းဆိုရသော် သင်္ချိုင်းဂူမှာလျှပ်စစ်မီးဆင်ရန်မဖြစ်နိုင်သလို အင်တာနက်လည်းတပ်ဆင်မရချေ။ ကျိရင်မှာ သူ့တသက်လုံးထို 'လွယ်လိုက်တာနော်' စာဖတ်စက်ကလေးတစ်လုံးကိုသာဖတ်နိုင်မည်ဖြစ်ကာ ၄င်းအားကုန်သွားပါက နောက်တစ်လုံးမီးရှို့ပေးရမည့်အခြေအနေဖြစ်နေခဲ့သည်။


ရှီကျား၏ စိတ်ဓါတ်ကျနေသောအမူအရာကိုမြင်လျှင် ယဲ့ကျင်းကျီမှာ နည်းလမ်းတစ်ခုကိုအမြန်စဥ်းစားလိုက်လေသည်။


"ကိုယ်ရောင်းရင်းတိုင်းတာမှုကို ယင်စွမ်းအင်ကနေ လျှပ်စစ်စွမ်းအင်ကိုပြောင်းတာကို အဆင့်မြှင့်လို့ရမရမေးကြည့်လိုက်ဦးမယ်.."


ပြောပြီးသည်နှင့် ယဲ့ကျင်းကျီမှာ ဖုန်းကိုထုတ်ယူလိုက်ကာ သူ၏မိတ်ဆွေထံအကူအညီတောင်းခါနီးဆဲဆဲတွင် ရှီကျားရုတ်ချည်းနားလည်သွားခဲ့လေသည်။


"နေပါဦး ယင်စွမ်းအင်က လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလို့ရတယ်ပေါ့..ဆရာယဲ့ပြောတာက ထျန်းကုန်းပွဲကြည့်စင်က ယင်စွမ်းအင်တွေအများကြီးမရှာနိုင်လို့ ဒီနည်းလမ်းကိုလက်လျှော့လိုက်ရတယ်လို့ပြောတယ်နော်.."


ယဲ့ကျင်းကျီခေါင်းညိတ်လာခဲ့သည်။


"အင်း..နှစ်၁၀၀မကောင်းဆိုး၀ါး၀ိဥာဥ်တစ်ကောင်ဆို တစ်နာရီ၁ကီကိုလို၀ပ်လောက်ပဲ ပြောင်းလို့ရတာ"


ရှီကျား သူ၏လည်ပင်းမှအဆောင်လေးကိုရုတ်ချည်းဆွဲဖြုတ်လိုက်လေသည်။


ဘန်း.


မည်းမှောင်သိပ်သည်းလှသောယင်စွမ်းအင်များမှာ ကြမ်းပြင်မှဆန်တက်လာခဲ့လေသည်။ စက္ကန့်ပိုင်းအတွင်း ရှီကျားမှာ ယဲ့ကျင်းကျီရှေ့မှပျောက်ကွယ်သွားပြီး အနက်ရောင်ထုထည်ကြီးသာကျန်ရစ်လေသည်။ ယဲ့ကျင်းကျီမှာ မနှောင့်နှေးဘဲ သူ၏မျက်လုံးပေါ်သို့ မန္တာန်၂ခုကိုရေးဆွဲလိုက်လေသည်။ သူ၏ယင်ယန်မျက်လုံးကိုဖွင့်လိုက်မှသာ သူ့မိသားစု၏ ဇနီးကို ထပ်မံတွေ့ရတော့သည်။


ရှီကျားအသာပြုံးလိုက်သည်။


"ဆရာယဲ့ ကျွန်တော့်ရဲ့ယင်စွမ်းအင်တွေနဲ့ဆို လျှပ်စစ်အား ဘယ်လောက်များများရမယ်ထင်လဲ.."


ယဲ့ကျင်းကျီ"..."


ထိုညနေတွင် ရှီကျားမှာစာဖတ်စက်တစ်လုံးနှင့် ယင်စွမ်းအင်များ အပြည့်ဖြည့်ထားသော စိတ်၀ိညာဥ်ကျောက်တုံး ၁၀တုံးကိုကျိရင်ထံရည်စူးကာမီးရှို့ပေးလိုက်လေသည်။ ကျောက်တုံးတစ်တုံးစီတွင်ပါရှိသော ယင်စွမ်းအင်များမှာ နှစ်၅၀၀မကောင်းဆိုး၀ါး၀ိညာဥ်နှင့်ပင်ယှဥ်နိုင်လေသည်။ သို့သော် ယဲ့ကျင်းကျီမှာ ရှီကျားထံမှ ယင်စွမ်းအင်များထုတ်ယူရာတွင် ယင်စွမ်းအင်များမှာ လျော့နည်းမသွားခဲ့ချေ။ 


သူ၏ယင်စွမ်းအင်မှာ အဆုံးမဲ့တွင်းနက်ကြီးအလား။ မည်မျှများပြားသော ယင်စွမ်းအင်များထုတ်ယူခံလိုက်ရပါစေ မဆုံးနိုင်သော ယင်စွမ်းအင်များက ကြမ်းပြင်မှတဆင့်သူ့ကိုယ်ပေါ်တွယ်တက်လာဦးမည် ဖြစ်သည်။


ယဲ့ကျင်းကျီ သူ၏မှော်နည်းလမ်းကိုသုံးလျက် ထိုပစ္စည်းများကို Sမြို့တော်မှလှမ်းပို့လိုက်သည်နှင့် ချန်းအန်မှ ကျိရင်က လက်ခံရရှိလေသည်။


 á€žá€° ကျိရင်ကို စာဖတ်စက်သုံးနည်းကို သာမက စိတ်၀ိညာဥ်ကျောက်တုံးများနှင့် စက်ကိုအားဖြည့်နည်းကိုပါ ဂရုတစိုက်ရှင်းပြပေးခဲ့လေသည်။


သူတို့၂ဦးသားအတော်ကြာစကားပြောနေခဲ့ကြသည်။ ရှီကျားမှာ ထိုခေါ်ဆိုမှုကိုအဆုံးသတ်ခါနီးမှာပင် ကျိရင်ကအသာရယ်လျက်ဆိုလာခဲ့လေသည်။


"ခမည်းတော်အင်ပါယာ မနေ့ကနိုးလာတယ်"


ရှီကျားမှာ အလွန်ပင်တုန်လှုပ်သွားခဲ့လေသည်။


"အဲလောက်တောင်မြန်တယ်လား..မင်းပြောတော့ ၁နှစ်လောက်ကြာမယ်ဆို"


ကျိရင်၏အသံမှာ ရှီကျား၏စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့လေသည်။


"ငါက ခမည်းတော်ရဲ့ခွန်အားနဲ့ မင်းဆရာရွှီဆောက်ပေးခဲ့တဲ့ ထာ၀ရနန်းတော်အစွမ်းကိုလျှော့တွက်မိသွားတယ်..မနေ့ကခမည်းတော်နိုးလာတယ်လေ..သူငါ့ကိုလာတွေ့မယ်လို့ထင်တောင်မထင်ထားဘူး..ပထမအင်ပါယာရောက်လာတော့ ငါအပြုအမူတွေက သိပ်မသင့်လျော်ဖြစ်နေတာလေ"


ရှီကျားသိချင်စိတ်ဖြင့်မေးလိုက်သည်။


"မင်းဘာလုပ်ခဲ့လို့လဲ"


ရှီကျား၏အမြင်အရ သူနှင့်ကျိရင်မှာ သိပ်ပြောဆိုဆက်ဆံဖူးခြင်းမရှိခဲ့သော်လည်း တစ်ဖက်လူမှာ ရင့်ကျက်တည်ငြိမ်သူဖြစ်ပြီး ကိုယ်နှုတ်အမူအယာအမြဲစောင့်ထိန်းသူဟုပင်။ 


ကျိရင်လို ရိုးသားဖြောင့်မတ်တဲ့သူမျိုးက ပထမအင်ပါယာရှေ့မှာ ရိုင်းစိုင်းမှာတဲ့လား..


ကျိရင်က အနည်းငယ်အရှက်ရနေခဲ့လေသည်။ ရှီကျားမှာနောက်တစ်ကြိမ်မေးသောအခါမှ အဖြေကိုရရှိခဲ့သည်။


"အဲဒီတုန်းက ငါက၇တန်းသင်္ချာစာအုပ်ကိုဖတ်နေတာ..အဲဒီစာအုပ်ထဲမှာ ငါအရင်ကမတွေးမိဖူးတာတွေအများကြီးပဲလေ ဥပမာ ကြက်တွေနဲ့ယုန်တွေကလှောင်ချိုင့်တစ်ခုထဲမှာဆိုတာလိုပေါ့..ပုစ္ဆာက ရှေးဟောင်းတရုတ်စာနဲ့ရေးထားတော့ ငါလည်းအမြန်နားလည်သွားတယ်လေ..၁၅မိနစ်လောက်နဲ့ အဖြေထွက်သွားတာပဲ..ဒါပေမယ့်အဲဒီစာအုပ်ထဲက ဖြေရှင်းနည်းကအရမ်းအံ့သြဖို့ကောင်းတယ်လေ..ရိုးရှင်းပြီး လွယ်ကူနေတယ်...အင်ပါယာရောက်လာတာကိုတောင် မသိလိုက်ပဲ အရိုအသေပေးဖို့မေ့သွားတယ်..ကံကောင်းတာက ပထမအင်ပါယာက စိတ်မဆိုးတဲ့အပြင် ငါ့ကိုလည်းအပြစ်မပေးခဲ့ဘူးလေ"


ရက်အနည်းငယ်အတွင်း ကျိရင် အခြေခံတရုတ်စာကိုတတ်မြောက်သွားပြီးဖြစ်ကာ မူလတန်းဘာသာစကားဖတ်စာအုပ်များကိုလည်းဖတ်ရှူပြီးဖြစ်သည်။ သို့သော်သူ့အတွက်သင်္ချာစာအုပ်ကိုအချိန်ပိုယူခဲ့ရလေသည်။ ယခုထိတိုင် ၄တန်းဖတ်စာအုပ်ကိုစာရောက်ရှိသေးသည်။


ရှီကျား နှမြောတသဖြင့်ဆိုလိုက်သည်။


"ကျိရင် မင်းသာငါတို့ခေတ်မှာဆို တကယ့်ထိပ်တန်းစာပေကျောင်းသားဖြစ်မှာပဲ..မင်းရဲ့ဘာသာစကားအရည်အချင်းက အံ့မခန်းပဲ..အခြေခံတရုတ်စာကို ရက်နည်းနည်းနဲ့သင်လိုက်တယ်ပေါ့. .မင်း အင်္ဂလိပ်ကိုလည်းလွယ်လွယ်ရသွားမှာပါ"


"သခင်လေးချီးကျူးလွန်းနေပါပြီ..ကျိရင်ကမထိုက်တန်ပါဘူး"


စာလေ့လာခြင်းအကြောင်းနှင့်ပတ်သက်၍ သူနှင့်ကျိရင် စကားပြောနေဖြစ်ကြလေသည်။ ထို့နောက်သူကလွှတ်ခနဲမေးလိုက်မိသည်။ 


"သြော် ဟုတ်သား..ပထမအင်ပါယာနိူးလာပြီဆိုတော့သူအခုဘာလုပ်နေလဲ..သင်္ချိုင်းဂူကနေထွက်ဖို့ကြိုးစားနေတာတော့မဟုတ်ပါဘူးနော်" 


ထိုမေးခွန်းကိုမေးပြီးနောက် ၁၀မိနစ်ကျော်လွန်သွားသည်အထိ ကျိရင်မှာပြန်တုန့်ပြန်မလာခဲ့ချေ။


ရှီကျား နောက်တစ်ကြိမ်ခေါ်လိုက်မိသည်။ 


"ကျိရင်.."


နှစ်ကြိမ်မျှချောင်းဟန့်လျက် ကျိရင်မှာ အသံကိုနှိမ့်ကာ ခပ်တိုးတိုးဆိုလာခဲ့သည်။


"မနေ့ကခမည်းတော်က ငါ၇တန်းသင်္ချာကိုဖတ်နေတုန်း ရောက်လာတယ်လေ..သူငါ့ကိုဘာလုပ်နေလဲမေးတော့ ငါလည်းအမှန်အတိုင်းဖြေပေးလိုက်တယ်..ပထမကတော့ အင်ပါယာက သူ့အချိန်ဖြုန်းဖို့်မတန်ဘူးတဲ့ သူပြောတာက ငါကနှေးကွေးပြီး မသွက်လက်ဘူး ဥာဏ်မထက်ဘူး ဖူစူးလောက်မတော်သလို ဟောဟိုင်နဲ့လည်းယှဥ်လို့မရဘူးတဲ့.. သူကအဲဒီပုစ္တာလေးတွေကို လုံး၀အထင်သေးနေတာလေ"


ဤအထိပြောပြီးနောက်ကျိရင်တန့်သွားခဲ့သည်။ သူ၏လေသံတွင် ၀မ်းနည်းမှု အားငယ်မှုတို့တစ်ခုမျှမပါ၀င်ပဲ အကူအညီမဲ့သော အပြုံးလေးသာ စွက်နေခဲ့လေသည်။


"ခမည်းတော်အင်ပါယာကပြောတယ် ငါလုပ်သမျှဘာမှမအောင်မြင်တာ..အကြံအစည်တွေလူရိပ်မိခံရတာက ငါအတွေးတွေကဒီလိုအရာတွေမှာမြှုပ်နှံထားလို့တဲ့..အတွေးအပိုတွေကိုဒီလိုနေရာတွေမှာထားလို့မရဘူးတဲ့..အကြည့်တစ်ချက်တည်းနဲ့ဖြေရှင်းနိုင်ရမယ်တဲ့..ယောကျာ်းတစ်ယောက်က ကောင်းကင်အောက်ကမြေကြီးကိုအကြည့်ပို့လိုက်ပြီဆို ဒီလိုပြဿနာအသေးအမွှားလေးတွေကို ဂရုစိုက်မနေသင့်ဘူးတဲ့"


ရှီကျား "ဒါဆို ပထမအင်ပါယာအခုဘာလုပ်နေလဲ"


ကျိရင် ရယ်မောလိုက်ပြီး သရော်တော်တော်နှင့်ဖြေလာခဲ့လေသည်။ 


"ခမည်းတော်အင်ပါယာက ၆တန်းသင်္ချာစာအုပ်နဲ့ပြန်သွားတယ်လေ..အခုတော့သူဘာလုပ်နေလဲဆိုတာ ငါလည်းမသိတော့ဘူး"


ရလဒ်မှာ သူမျှော်မှန်းထားသည်နှင့်ကွာခြားနေခဲ့လေသည်။ ရှီကျားမှာတုန်လှုပ်စွာမေးလိုက်မိသည်။


"၆တန်းသင်္ချာလား"


"အင်း..ခမည်းတော်ကလုံး၀ဂရုမစိုက်တဲ့ပုံနဲ့ သူ့ရဲ့ထာ၀ရနန်းတော်ကိုလာခိုင်းပြီး linear equationနဲ့ နှစ်ထပ် variablesဆိုတာဘာတွေလဲ လာလျှောက်တင်ခိုင်းတယ်လေ"


ရှီကျား"....."


ကျိရင် နောက်ထပ်ပြောလာပြန်သည်။


 "ခမည်းတော်က နွားတွေမြက်စားနေတယ်လို့ခေါ်တဲ့ပုစ္ဆာတစ်ပုဒ်ကို အသေအချာတွေးနေတာတွေ့ခဲ့တယ်..သူကသင်္ချိုင်းဂူထဲက စစ်သည်တွေရဲ့၀ိညာဥ်တွေကို နွားတွေနဲ့မြက်တွေအဖြစ်လုပ်ခိုင်းပြီး သူ့အတွက် ပုစ္ဆာကိုအဖြေထုတ်ခိုင်းနေတယ်လေ..ခမည်းတော်အင်ပါယာပြောတာတော့ ဒီလိုအသုံးမကျတဲ့ စာပေတွေပုစ္ဆာတွေကိုအဖြေထုတ်ပြီး ငါ့ကိုအဖြေပြောပြမယ်တဲ့...အခုတော့ငါလည်း သူ့အဖြေကိုစောင့်နေတာ..ဒါပေမယ့်ငါ့အထင်တော့ ခမည်းတော်ဒီပုစ္ဆာကိုအဖြေထုတ်နိုင်မယ်မထင်ဘူး"


ရှီကျား"...."


ကျိရင်မင်းပြောင်းလဲသွားပြီ..

အရင်ကမင်းအင်ပါယာအကြောင်းကြွားနေကျလေ .


အခုကျမင်းကမင်းမိသားစုရဲ့ပါပါးအင်ပါယာကို သင်္ချာညံ့တယ်လို့တကယ်ကြီးလှောင်နေတယ်ပေါ့..


ကျိရင်နှင့်ခွဲခွာပြီး ၁၀ရက်ကျော်အကြာတွင် ရှီကျားမှာ ကျိရင်တစ်ယောက်ပို၍တက်ကြွလာသည်ကိုခံစားမိလေသည်။


ဟွာရှား၏ ၉နှစ်တာ မလုပ်မနေရမူလတန်းပညာရေးကသာ သူ့ကိုပြောင်းလဲသွားစေသည်လား သို့တည်းမဟုတ် ပထမအင်ပါယာကိုယ်တိုင် သူ့အားအိမ်ပြန်ရန်လာခေါ်ခြင်းကိုခံရပြီးနောက် သူ၏ရင်ထဲမှအထုံးကြီးပြေလျော့သွားခဲ့စေသည်လားမဆိုနိုင်ချေ။ 


ရှီကျား အတော်ကြာစဥ်းစားနေခဲ့မိသည်။


အင်း မူလတန်းဖတ်စာအုပ်တွေကြောင့်ပဲ ကျိရင်တစ်ယောက် သူ့အဖေပိုကျယ်တဲ့ကောင်းကင်ကြီးကိုမြင်သွားတာကို တွေ့လိုက်ရလို့ဖြစ်မယ်..


ထိုအဖြစ်အပျက်ပြီးနောက် သူ ထိပ်တန်းစာပေတချို့ ဥပမာ မက်စ်၀ါဒဥပဒေသများ.. ကိုယ်စားပြု၃ခုကို အရေးကြီးသောအတွေးစိတ်ကူးများ.နှင့် ဖွံ့ဖြိုးတိုးတက်လာမှုနှင့် သိပ္ပံအမြင်တို့ကို၀ယ်ယူလျက် ကျိရင်အတွက်မီးရှို့ပေးရန် ပြင်ဆင်လိုက်လေသည်။ ဤစာအုပ်များကိုဖတ်ပြီးလျှင်တော့ကျိရင်မှာ လုံး၀ လူနေမှုအဆင့်အတန်းသစ်တစ်ခု၏ လိုက်ရောညီထွေဖြစ်မှု သင့်လျော်မှုနှင့် ဒီမိုကရေစီအကြောင်းကိုနားလည်သွားပြီး ကမ္ဘာသစ်တစ်ခုထဲခြေစုံပစ်၀င်လာလိမ့်မည်။


ကျိရင်၏ပြဿနာကိုဖြေရှင်းပြီးနောက် ရှီကျားမှာ ယဲ့ကျင်းကျီအား ပထမအင်ပါယာနိုးလာပြီဖြစ်ကြောင်း ပြောပြလိုက်လေသည်။ ယဲ့ကျင်းကျီမှာလည်း ရွှမ်းရွှယ်လောကအားထိုအခြေအနေအကြောင်းကို အသိပေးလိုက်ကာ မျှော်လင့်ထားသလိုပင် စီနီယာများမှာ ထိတ်လန့်သွားပြီး ခေါင်းမွှေးများထောင်သွားခဲ့လေသည်။ သို့နှင့်ဆရာသခင်တစ်အုပ်လိုက်ကြီးမှာ ချန်းအန်ကိုပြေးလျက် နောက်ထပ် အတားအဆီးအထပ်၁၀၀ကို သင်္ချိုင်းဂူအပြင်ဘက်တွင် ထပ်ချရန် စီစဥ်ကြတော့သည်။


နေ့ရက်များမှာ လျှင်မြန်စွာကုန်လွန်သွားခဲ့သည်။ 

လ၏နောက်ဆုံး၃ပုံတစ်ပုံတွင် ရှီကျားမှာအိမ်၌အေးအေးဆေးဆေးဖုန်းကိုကလိနေစဥ် ရုတ်တရက်ဖုန်းတစ်ကော၀င်လာခဲ့လေသည်။


"ညီကိုကျားမကောင်းတော့ဘူး..မင်းအခုSမြို့မှာမလား"


ရှီကျားမှာ ချန်းထောင်နှင့်အဆက်အသွယ်မလုပ်မိသည်ကကြာလေပြီ။ ချန်းထောင်သူ့ထံဖုန်းခေါ်တိုင်း ဇာတ်ကားအတွက်သာဟု စိတ်ထဲယုဆမိနေပြီဖြစ်သည်။ သို့သော်တဖက်လူ၏အသံမှာ တစ်ခုခုဖြစ်နေသည့်အလား အလျင်စလိုဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။


ရှီကျားအမူအရာမှာလည်းလေးနက်သွားလျက် ဆိုလိုက်သည်။


"Sမြို့မှာပဲ ဘာဖြစ်လို့လဲ..တစ်ခုခုဖြစ်လို့လား"


ချန်းထောင်မှာတန့်သွားပြီးမှ မေးလာခဲ့သည်။


"ဘာဖြစ်သွားလဲ မင်းမသိသေးဘူးလား"


ရှီကျားမှာ သတိနှင့်ပြန်မေးလိုက်လေသည်။


"မင်းပဲငါ့ကိုခေါ်တာလေ..ငါကဘာဖြစ်တယ်ဆိုတာ ဘယ်လိုသိရမှာလဲ"


ချန်းထောင်မှာအလျင်စလိုဆိုလာခဲ့သည်။


"ကိစ္စကအကြီးကြီးပဲ..ဒါကိုတောင် မင်းမသိဘူးလား..၀မ်ယွီနဲ့ လီရှောင်းလေ မင်းမှတ်မိသေးလား..တို့တွေကျောင်းနေဖက်လေ..ကောလိပ်တုန်းက အခန်း၂ကတစ်ယောက်လေ..အရင်ကခဏခဏအတူသွားစားဖူးတယ်မှတ်မိလား..လီရှောင်းအဆောင်အခန်းကတို့တွေရဲ့ဘေးမှာ..တို့အဆောင်၂ခုက စုစုပြီးစားသောက်နေကြပဲလေ"


ချန်းထောင်၏စကားကိုနားထောင်ရင်း ရှီကျားဂရုတစိုက်ပြန်လည်တွေးတောလျက် သူ၏မှတ်ဥာဏ်ချောင်များမှ လူ၂ယောက်အကြောင်းခက်ခက်ခဲခဲပြန်ခေါ်ယူလိုက်ရသည်။


ရှီကျားငယ်စဥ်ကပင် သူ့အဖေနှင့်အတူSမြို့တော်သို့လိုက်လာခဲ့သည်။ သူသည်Sမြို့၌သာ အထက်တန်းနှင့် ကောလိပ်ကိုတက်ခဲ့ကာနယ်ခံတ၀က်ဟု ယူဆနိုင်သည်။ S မြို့တော်တွင် ကောလစတက်စဥ်ကပင် ရှီကျားမှာ 'ဘုန်းတော်ကြီးများစုဝေးရာဘုရားကျောင်း'ဟုလူသိများသော ကွန်ပျူတာသိပ္ပံဌာနကို၀င်ခဲ့လေသည်။ ထိုစဥ်က ကွန်ပျူတာသိပ္ပံဌာနတွင် အတန်း၃ခုသာရှိကာထို၃တန်းလုံးတွင် မိန်းကလေးအတန်းဖော်၆ယောက်သာရှိလေသည်။ ထိုအထဲတွင် အခန်း၂မှ ၀မ်ယွီမှာ ဌာနပန်းကလေးဖြစ်လေသည်။


ထိုကောလိပ်ကာလတွင် မောက်ထိုင်ကျောက်မှာ တစ်နေ့ပြီးတစ်နေ့ပိုပိုသန်မာလာသောယင်စွမ်းအင်ကို မဖုံးဖိနိုင်တော့သဖြင့် ရှီကျားမှာ သူ၏အတန်းဖော်များနှင့် ပြောဆိုဆက်ဆံခဲလေသည်။ သူကချန်းထောင်နှင့်သာအပေါင်းများခဲ့သည်။ 


သို့သော်ချန်းထောင်မှာ အတော်တက်ကြွဖြတ်လတ်သူဖြစ်သည်။ သူကဌာနထဲတွင် ရေထဲမှငါးလိုဖြစ်ကာ အပေါင်းအသင်းလည်းများလေသည်။ သူ၏ညီအစ်ကိုကောင်းမှာ တစ်ကိုယ်တည်းသီးခြားကျင့်စဥ်ကျင့်ကြံနေသည်ကို မကြည့်ရက်သည့်အတွက် တစ်ခါတရံ အစုအဝေးပွဲတချို့ကိုခေါ်သွားတတ်သည်။


အတိအကျဆိုရသော် ချန်းထောင်၏တည်ရှိမှုကြောင့် ရှီကျားမှာ သူ၏အတန်းဖော်များထံမှ လုံး၀လျစ်လျူရှုမခံခဲ့ရခြင်းဖြစ်သည်။


၀မ်ယွီက ကွန်ပျူတာသိပ္ပံဌာန၏ ပန်းကလေးဖြစ်သည်။ သူမနှင့်ယှဥ်လျှင် လီရှောင်းမှာ အလွန်သာမာန်ဆန်ကာလုံး၀ထင်းထွက်မနေချေ။ သို့သော်တတိယနှစ်တွင် ထိုသာမာန်ရုပ်ရည်နှင့်ကောင်လေးမှာ ဌာန၏ပန်းကလေးနှင့် စတွဲသွားလျက် ကျောင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့သည်။ ယခုမှသာရှီကျားသူ၏ပုံစံကိုပြန်သတိရလာခဲ့လေသည်။


ရှီကျား၏လေသံမှာ တည်ငြိမ်နေခဲ့သည်။


"မှတ်မိပြီ..ဘာဖြစ်လို့လဲ..တစ်ခုခုဖြစ်သွားလို့လား"


ချန်းထောင်ကဆိုသည်။


"၀မ်ယွီနဲ့လီရှောင်းကကောလိပ်ပြီးတာနဲ့ လက်ထပ်သွားကြတယ်လေ..အရင်ကပြောပြဖူးတယ်ဟုတ်..မနှစ်ကတောင် ငါသူတို့မင်္ဂလာဆောင်ကိုသွားခဲ့သေးတယ်..အစ်ကိုကျား အဲတုန်းကမင်းဘယ်လိုပြောပြောမသွားဘူးလေ..မင်းကSမြို့မှာနေပြီး မင်္ဂလာဆောင်တောင်မလာလို့ အတန်းဖော်တွေကတောင်ပြောနေကြတာ"


ထိုရက်များမှာ လမင်း၏လ နတ်ဆိုးဂိတ်တံခါးပွင့်သည့်ရက်များဖြစ်ခဲ့သည်။ ရှီကျား၏ကိုယ်ပေါ်မှ ယင်စွမ်းအင်မှာ အလွန်ပြင်းထန်နေခဲ့လေသည်။ သူ၏ယင်စွမ်းအင်မှာ သူများတကာအပေါ်ကပ်ညိကာ ဘေးဖြစ်မည်စိုး၍ မည်သူနှင့်မှသွားမတွေ့ရဲခဲ့ချေ။


ချန်းထောင်ကထပ်၍ဆိုလာခဲ့သည်။


"တို့တွေရဲ့ကောလိပ်အတန်းဖော်တွေထဲမှာ တစ်၀က်လောက်ကSမြို့ကပဲလေ..ရှေ့အပတ်က S မြို့မှကိစ္စကြီးတစ်ခုဖြစ်သွားတယ်မလား..Sမြို့တော်တစ်ခုလုံးဒီကိစ္စအကြောင်းပဲ အကြိတ်အနယ်ဆွေးနွေးနေကြတာကို..မင်းတကယ်သတိမထားမိခဲ့ဘူးလား..သေသွားတဲ့တစ်ယောက်က လီရှောင်းလေ..သတ်လိုက်တာက၀မ်ယွီလို့"


ရှီကျား ရုတ်ချည်းတန့်သွားခဲ့မိလေတော့သည်။




👻