Chapter 99
Viewers 15k

✨ Chapter 99

ရင်ဆိုင်ခြင်း



ကျင်းဆွေ့က စကားပြောပြီးနောက် ထထွက်သွားသည်။ အစမှ အဆုံးအထိ သူက ကျီလင်ကို ထိတွေ့ခဲ့ခြင်းမရှိပေ။ တစ်မီတာထက် ပို၍ပင် နီးကပ်ခြင်း မရှိခဲ့ချေ။


ကျင်းဆွေ့ ထွက်သွားပြီးနောက် ကျီလင်က အိပ်ရာမဝင်မီ ဥယျာဉ်တွင် လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်သည်။ မမျှော်လင့်ဘဲ သူက အပြင်ဘက်တွင် ဆူညံသံကို ကြားလိုက်ရသည်။


သူ တွေဝေနေစဉ် တံခါးဝရှိ အစောင့်တစ်ဦးက လွင့်စဉ်သွားပြီး ကျီလင်၏အနီးတွင် သွေးအန်ကာ လဲကျသွားသည်။ ထိတ်လန့်သွားသော ကျီလင်က မျက်လုံးများ ပြူးကျယ်သွားသည်။


ဘာဖြစ်နေတာလဲ...နန်းတော်ထဲမှာ ဘယ်သူက ပြဿနာရှာဖို့ လုပ်ရဲတာလဲဟ...


တစ်ခဏအကြာတွင် အေးစက်ပြီး ခဲရောင်မျက်လုံးများရှိသော ဆံပင်အနီရောင် လူတစ်ဦးက ခပ်မြန်မြန် လျှောက်လာသည်။


သူက ဆန့်ကျင်သူအားလုံးကို လွယ်ကူစွာ ဖြတ်ကျော်သွားသည်။ သူ့ကို တားဆီးရန် ကြိုးစားသူများကို ကောင်းမွန်စွာ တွန်းလှန်ခဲ့သည်။ နောက်ဆုံးတွင် သူက ကျီလင်ထံသို့ ရောက်ရှိလာပြီး သူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ပြည့်နေသည်။


ကျီလင်က အံ့ဩသွားသည်။

ဘရန်ဒန်လား...ဘာလို့ သူက ဒီမှာရှိနေတာလဲ...သူက ကျင်းဆွေ့ဘက်က မဟုတ်ဘူးလား...သူ ဘာလုပ်ချင်နေတာလဲ....


ဘရန်ဒန်က ကျီလင့်ကို အာရုံစိုက်၍ ကြည့်နေသည်။ ကောင်ငယ်လေးက အနည်းငယ် ဖြူလျော်နေသော်လည်း သူက ထိခိုက်မှုမရှိသည့်ပုံပင်။ ထို့ကြောင့် ဘရန်ဒန်က နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။


ယခင် ရက်အနည်းငယ်က ဘရန်ဒန်က နန်းတော်ပြင်ပမှ ပြန်လာပြီး ကျီလင့်ကို သွားရောက်ကြည့်ရှုလိုခဲ့သည်။ သူအံ့ဩသွားသည်က ကျင်းဆွေ့က ငြင်းဆန်ခဲ့သည်။ ကျီလင်က အားနည်းနေသောကြောင့် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ဆုံနိုင်ကြောင်း ပြောဆိုခဲ့သည်။


အစပိုင်းတွင် ဘရန်ဒန်က သူ့ကို ယုံကြည်ခဲ့သည်။ သို့သော် ဆက်တိုက် ငြင်းဆန်မှုများ ရခဲ့သည့်နောက် သူက သံသယဖြစ်လာသည်။


ကျီလင်က အမှန်တကယ် နေမကောင်းဖြစ်နေလျှင်ပင် တစ်ခဏမျှ သွားရောက်ကြည့်ရှုခြင်းက ပြဿနာမဖြစ်သင့်ပေ။ အဘယ်ကြောင့် ကျင်းဆွေ့က သူ့ကို တားဆီးနေသည်ကို သူ မတွေးနိုင်တော့ပေ။


ဘာဖြစ်တာလဲ...ကျီလင့်ဆီမှာ တစ်ခုခုဖြစ်ခဲ့တာလား...


ယနေ့ ထပ်မံ၍ ငြင်းဆန်ခံရပြီးနောက် ဘရန်ဒန်က ထွက်ခွာသွားသကဲ့သို့ ဟန်ဆောင်ပြီး ပြန်လည်စုံစမ်းရန် လှည့်လည်ခဲ့သည်။ သူ ရောက်ရှိသောအခါ သူက လုံခြုံရေးတိုးမြှင့်မှုကို ချက်ချင်း သတိပြုမိလိုက်သည်။ နေရာတစ်ခုလုံးတွင် အစောင့်များက ပြည့်နေပြီး ငှက်တစ်ကောင်ပင် လွတ်မြောက်နိုင်မည် မဟုတ်သလို တင်းကျပ်စွာ လှည့်လည်နေကြသည်။ ဤသည်က နန်းတော်မဟုတ်ဘဲ အကျဥ်းထောင်တစ်ခုသာ ဖြစ်သည်။


တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သဘောပေါက်လိုက်သော ဘရန်ဒန်က ဒေါသထွက်ပြီး စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာသည်။ အစောင့်များ၏ ဆန့်ကျင်မှုကို ဂရုမစိုက်ဘဲ သူက အတွင်းသို့ တိုက်ခိုက်ဝင်ရောက်ပြီး နောက်ဆုံးတွင် ကျီလင်ထံသို့ ရောက်ရှိလာသည်။


ကျီလင်က ကောင်းမွန်စွာရှိသော်လည်း ကျင်းဆွေ့က ကျီလင့်အား ချုပ်လှောင်ထားသည်ကို သူက ရပ်ကြည့်မနေနိုင်ချေ။


ဘရန်ဒန်က စကားပြောရန် ပါးစပ်ကို ဟလိုက်သည်။ သို့သော် သူ၏ မျက်နှာထား တင်းကျပ်သွားလျက် လေပြင်းတစ်ခုက သူ့ကို တိုက်ခတ်လာသည်။ ကျင်းဆွေ့က ရောက်ရှိလာပြီး ဘရန်ဒန်ကို တွန်းလှန်ကာ အနောက်သို့ တွန်းထုတ်ပစ်လိုက်သည်။


ကျင်းဆွေ့က သူ၏ အေးတိအေးစက် ရွှေအိုရောင်မျက်ဝန်းတစ်စုံဖြင့် ရပ်နေသည်။ သူက ဘရန်ဒန်ကို ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။

"မင်း အခု ဘာလုပ်နေတယ်လို့ ထင်နေလဲ..."


ဘရန်ဒန်က မမျှော်လင့်ဘဲ ဒေါသထွက်သွားသည်။

"မင်းက ငါ့ကို မေးနေတာလား...ငါကသာ မင်းကို မေးရမှာ...မင်း ဘာတွေဘာလုပ်နေတာလဲ...ဘာလို့ သူ့ကို ဒီလိုဆက်ဆံနေတာလဲ..."


ကျင်းဆွေ့၏ မျက်လုံးများက နက်နက်ရှိုင်းရှိုင်း အမှောင်ထုကဲ့သို့ ဖြစ်လာသည်။ သူ၏ အသံက တည်ငြိမ်နေသည်။

"မင်း တွေ့တဲ့အတိုင်းပဲ...လုံခြုံရေးကို တိုးမြှင့်တာက...သူ့ကို သေချာလုံခြုံနေစေဖို့ပဲ..."


"ဟုတ်လား..."

ဘရန်ဒန်၏ မျက်လုံးများက စူးရှနေပြီး သူ၏ အသံက လှောင်ပြောင်နေသည်။

"မင်းက သူ့ကို အပြင်ဘက်က ခြိမ်းခြောက်မှုတွေကနေ ကာကွယ်နေတာလား...ဒါမှမဟုတ် သူ့ကိုယ်သူကနေ ကာကွယ်နေတာလား.."


ကျင်းဆွေ့၏ မျက်ဆံများကျုံ့သွားပြီး သူ၏ မျက်နှာထားက တင်းမာသွားသည်။


ကျီလင်က ဘေးတွင် တိတ်ဆိတ်စွာ ကြည့်နေသည်။ စိတ်ကူးတစ်ခုက သူ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။


ဒါက ငါ့အတွက် အခွင့်အရေး ဖြစ်နိုင်တာပဲ...


သူက အကွာအဝေးတစ်ခုထားကာ သက်ဝင်မှုမဲ့သော မျက်နှာထားဖြင့် စကားမပြောဘဲ ထိုနှစ်ဦးကို ကြည့်နေသည်။


ဘရန်ဒန်က ကျီလင်၏ ခပ်ခွာခွာမျက်လုံးများကို သတိပြုမိပြီး စိတ်မသက်သာမှု တစ်ခုကို ခံစားလိုက်ရသည်။ သူ၏ အသံကို တိုးကာ ပြောလိုက်သည်။

"သူ မင်းကို ထိခိုက်အောင်လုပ်ခဲ့သေးလား..."


ကျီလင်က ခပ်သဲ့သဲ့ပြုံးလိုက်သည်။ သူ၏ အသံက အေးစက်နေသည်။

"ခင်ဗျား ကျွန်တော့်ကို စိုးရိမ်နေတာလား..."


"ဟုတ်တယ်..."

ဘရန်ဒန်က ပြန်လည်ပြောသည်။


ကျီလင်က ခြောက်သွေ့စွာ ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံတွင် လှောင်ပြောင်မှုများ ကိန်းအောင်းနေသည်။

"ခင်ဗျားတို့အားလုံးက ရယ်ချင်စရာကောင်းလိုက်တာ...ကျွန်တော် ခင်ဗျားတို့ကို လိုအပ်တုန်းက...ခင်ဗျားတို့က ကျွန်တော့်ကိုမုန်းတီးပြီး ပျောက်ကွယ်သွားစေချင်ကြတယ်...အခု ကျွန်တော်က ခင်ဗျားတို့ကို မလိုအပ်တော့တဲ့အခါကျတော့...ခင်ဗျားတို့က ကျွန်တော့်ကို စိုးရိမ်မှုတွေ လာပြနေကြတယ်..."


ဘရန်ဒန်က တုန်လှုပ်သွားပြီး သူ့နှလုံးသားထဲတွင် အပြစ်ရှိစိတ်များနှင့် ရှုပ်ထွေးမှုများ ခံစားသွားရသည်။


သူဘာမျှမပြောရသေးခင်၌ ကျင်းဆွေ့က အရှေ့ကိုလျှောက်လာပြီး ကျီလင်နှင့် ဘရန်ဒန် ကြားထဲတွင် ရပ်လိုက်သည်။ သူ၏မျက်ဝန်းတစ်စုံက စူးရှပြီး ဒေါသရိပ်တို့ကိန်းအောင်းနေလျက် သူက အေးစက်စွာ ပြောလိုက်သည်။

"မင်း ထွက်သွားဖို့အချိန်ကျပြီ..."


ဘရန်ဒန်က ကျီလင်၏ စကားလုံးများကို နားလည်ရန် အချိန်မရှိသော်လည်း သေချာသည်တစ်ခုက ကျီလင်က သူ့အား ရှိမနေစေချင်ပေ။ ကျင်းဆွေ့က သူ့အား ဖိအားပေးထားသည်။ 


ဒေါသထွက်မှုများစွာဖြင့် ဘရန်ဒန်က အော်ဟစ်လိုက်သည်။

"မင်း သူ့ကိုဘာလုပ်လိုက်တာလဲ..."


ကျင်းဆွေ့၏ မျက်နှာအမူအရာက မပြောင်းလဲစွာဖြင့် တသတ်မတ်တည်း ရှိ၍နေသည်။

"ငါက သူ့ကိုကာကွယ်ပေးနေတာ...ငါတို့ကြားမှာဖြစ်တဲ့ကိစ္စက မင်းရဲ့အကြောင်း တစ်စက်မှမပါဘူး...မင်းအသာဖယ်နေစမ်းပါ..."


ဤစကားများက ဘရန်ဒန်အတွက် နောက်ဆုံးသော သည်းခံနိုင်စွမ်းပင်ဖြစ်သည်။


ငါ့ကိစ္စမဟုတ်ဘူးတဲ့လား...


ကောင်ငယ်လေးက ဒီလောက်နာကျင်နေရတာ သိသာနေတာတောင်...ကျင်းဆွေ့က သူ့ကိုဂရုစိုက်ပေးနေတာလို့...ပါးစပ်ကထွက်ရဲတယ်ပေါ့...အခုအတင့်ရဲပြီး...ငါ့ကိုတောင် ထွက်သွားဖို့အမိန့်ပေးရဲသေးတယ်...


ဘရန်ဒန်က သူ့လက်သီးကို တင်းနေအောင်ဆုပ်ပစ်လိုက်သဖြင့် လက်ဆစ်များသည်ပင် တဖျောက်ဖျောက်မြည်သွားလေသည်။ ဘရန်ဒန်၏ခဲရောင်မျက်ဝန်းတစ်စုံက ရေခဲတမျှအေးစက်လှသော ပြတ်သားခြင်းများနှင့် ပြည့်နှက်နေသည်။ သူက ကျင်းဆွေ့၏မျက်လုံးများနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး ပြောလိုက်သည်။


"ငါ မင်းကိုအရင်ကတည်းကပြောခဲ့ဖူးတယ်...တကယ်လို့ မင်းသာ သူ့ကို နာကျင်အောင်လုပ်ခဲ့ရင်..."


"မင်းဆီကနေ သူ့ကို ငါပြန်ခေါ်သွားမှာလို့..."


ဘရန်ဒန်က အသံနက်နက်ဖြင့် ပြောသည်။

"ငါ သူ့ကို ဒီကနေ ခေါ်သွားတော့မယ်...မင်းက အသိစိတ်လွတ်နေပြီ...သူ့ကို သေချာဂရုစိုက်ပေးနိုင်မယ် မထင်တော့ဘူး..."


ကျင်းဆွေ့၏ အမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားသည်။ သူက ဘရန်ဒန်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်များက နက်မှောင်၍ ခြိမ်းခြောက်မှုများ ပါဝင်နေသည်။

"နှစ်တွေအကြာကြီး ခင်မင်လာခဲ့တဲ့ ငါတို့ရဲ့သံယောဇဥ်ကို ထောက်ထားပြီး မင်းပြောတာကို ငါစိတ်ထဲမထားတော့ဘူး...အခု ထွက်သွားလိုက်တော့...ပြီးတော့ ဘာမှမဖြစ်ခဲ့ဖူးဘူးလို့ ငါသတ်မှတ်လိုက်မယ်..."


သို့သော် ဘရန်ဒန်က သူ၏လက်သီးကို ဆုပ်လိုက်ပြီး ရုတ်တရက် ကျင်းဆွေ့ကို တိုက်ခိုက်လိုက်သည်။


ကျင်းဆွေ့၏ မျက်ဝန်းတစ်စုံက စူးရှစွာ ကျဥ်းမြောင်းသွားပြီး သူက ခပ်မြန်မြန်ပင် ၎င်းတိုက်ခိုက်မှုကို ကာကွယ်ရန် သူ့လက်ကိုမြှောက်လိုက်သည်။ သို့သော် ကျီလင်က သူ့နောက်တွင် ရပ်နေသောကြောင့် ယခင်ကကဲ့သို့ ကောင်ငယ်လေးကို တမင်မဟုတ်ဘဲ ထိခိုက်မိမည်ကို ကြောက်ရသည်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာသည့် ဘရန်ဒန်ကြောင့် သူက တဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်ခဲ့ရသည်။


ဘရန်ဒန်ကလည်း ကျီလင့်အား ထိခိုက်မိမည်ကို စိုးရိမ်သည်။ သို့သော် ယနေ့တွင် သူ့ကို ခေါ်ဆောင်သွားရန် ဆုံးဖြတ်ထားသည်။ ယခုအချိန်၌ ကျင်းဆွေ့က တရားလွန်ကဲနေပြီး ယုံကြည်၍မရနိုင်ပေ။


စိုးရိမ်မှုများစွာကြောင့် ကျင်းဆွေ့က နောက်ဆုံးတွင် အားကောင်းသော ရိုက်ချက်ကို ခံလိုက်ရပြီး နောက်ပြန်ဆုတ်သွားသည်။ သူ့နှုတ်ခမ်းအစွန်းတွင် ဒဏ်ရာတစ်ခုပေါ်လာပြီး ဘရန်ဒန်က ကျီလင့်ကို သူ့ထံမှ ကာကွယ်ပေးထားသည်။


ကျင်းဆွေ့၏ မျက်ဝန်းများက ရေခဲကဲ့သို့ အေးခဲနေပြီး သွားများကို ကြိတ်ခဲကာ သူက ပြောလိုက်သည်။

"ဆင်ခြင်တုံတရားမဲ့ မလုပ်စမ်းနဲ့.."


ဘရန်ဒန်က သူ့ကို စိုက်ကြည့်သည်။

"ဆင်ခြင်တုံတရားမဲ့နေတဲ့လူက မင်းပဲကွ..."


ဤသို့ဖြင့် သူက ကျီလင်၏ လက်ကိုဆုပ်ကိုင်ကာ လှည့်ထွက်သွားသည်။ 


ကျင်းဆွေ့က သူတို့၏လမ်းကို ပိတ်ပင်တားဆီးရန် အရှေ့သို့လှမ်းလိုက်သည်။ သို့သော် ကျီလင်၏ အေးစက်ပြီး ထူးမခြားနားသည့် မျက်ဝန်းများနှင့် တွေ့သည့်အခါ သူ့ခြေလှမ်းများက မမြင်ရသော တွန်းအားတစ်ခုဖြင့် သူ့ကို နေရာ၌ဆွဲထားသလိုမျိုး ရပ်တန့်သွားခဲ့သည်။


အချိန်အတော်ကြာမြင့်စွာ ထိုနေရာတွင် အေးခဲနေခဲ့ပြီး သူ၏မျက်ဝန်းများကို စိတ်ပျက်အားငယ်စွာ မှိတ်ချလိုက်သည်။ 


ထိုလူနှစ်ဦး ခပ်လှမ်းလှမ်းသို့ ပျောက်ကွယ်သွားခြင်းကို ကြည့်ရှုရန် သူ့ထံ၌ ခံနိုင်ရည်မရှိချေ။


သူက လျစ်လျူရှုနေဟန် ပြုသော်လည်း နက်နက်ရှိုင်းရှိုင်းတွင် သိထားသည်။ သူက ထိန်းချုပ်မှု လွတ်တော့မည့် အန္တရာယ်၌ ရှိနေသည်။ သူ၏ လုပ်ရပ်များ မှားယွင်းကြောင်း သိသော်လည်း ကိုယ့်ကိုယ်ကို ရပ်တန့်နိုင်ခြင်းမရှိသလို လွှတ်ပေးနိုင်ခြင်း မရှိပေ။


သူ့ကဲ့သို့ ကိုယ်ကျိုးစီးပွားကိုသာ တွေးခေါ်ပြီး အာဏာရှင်စိတ်ရှိသူအတွက် ဤသည်က ချစ်ခြင်းမေတ္တာကို ပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။ သို့သော် ၎င်း၏ အဓိပ္ပာယ်ကို တကယ်တမ်း သဘောပေါက်သည့်အခိုက် သူက ဆုံးရှုံးနေပြီဖြစ်သည်။ သူက လွှတ်ပေးရန် ငြင်းဆိုပြီး လိုအပ်သည့် နည်းလမ်းများကို အသုံးပြုခဲ့သည်။


သို့သော် ဤအခိုက်တွင် သူက ဆက်လက်ကြိုးစားရန် စိတ်ဓာတ်ကျဆင်းသွားသည်။ သူကြိုးစားအားထုတ်၍ ထိန်းထားလိုသည့် ကောင်ငယ်လေးက သူ့ကို မချစ်တော့ဘဲ သူ့ကို မုန်းတီးစွာဖြင့် ထွက်ခွာလိုသည့်သူသာ ဖြစ်နေသည်။ 


ကိုယ် မင်းကိုချစ်နေတာကို မရပ်တန့်နိုင်ဘူး...ဒါပေမဲ့ ထွက်သွားဖို့ ဆုံးဖြတ်ထားတဲ့ နှလုံးသားကို ဘယ်လိုလုပ်ပြီး ကိုယ်ကဆုပ်ကိုင်ထားနိုင်မှာလဲ...


သစ်ပင်ကို အမှီသဟဲပြုလျက် ကျင်းဆွေ့က ကိုယ့်ကိုယ်ကို လှောင်ပြောင်စွာ ရယ်မောလိုက်သည်။


ဘရန်ဒန် ပြောတာကမှန်တယ်...သူနဲ့အတူ ထွက်ခွာသွားတာက မင်းအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကောင်း ဖြစ်နိုင်တယ်...


အနည်းဆုံးတော့ ဘရန်ဒန်က မင်းကို ထိခိုက်အောင်မလုပ်လောက်ဘူးမလား...


...........


ဘရန်ဒန်က နန်းတော်မှ ထွက်ခွာစဉ် ကျီလင်၏ လက်ကို ဆုပ်ကိုင်ထားသည်။


ကျီလင်က သူ့ရှေ့တွင်ရှိသော လူ၏ အရပ်ရှည်၍ ယုံကြည်စိတ်ချရပြီး တောင်ကဲ့သို့ ခိုင်မာသည့် ပုံရိပ်ကို ကြည့်နေသည်။ သူက ခေတ္တမျှ အံ့အားသင့်နေသည်။


နောက်ဆုံးတွင် ဘရန်ဒန်က သူ့ကို ကယ်တင်မည်ဟု သူက မမျှော်လင့်ခဲ့ပေ။ ဘရန်ဒန်ကလည်း ပြန်လည်မွေးဖွားလာခြင်းကြောင့် သူက အံ့အားသင့်နေသည်။


အမှန်တကယ်တွင် ကျီလင်က ဘရန်ဒန်အပေါ်၌ ခံစားချက်နည်းပါးပြီး ရင်းနှီးမှုလည်း နည်းပါးသည်။ သူ၏ ယခင်ဘဝတွင် တမင်တကာ ထိခိုက်ခံရန် လှုံ့ဆော်ခြင်းမှလွဲ၍ သူတို့နှစ်ဦးက ဆက်ဆံရေး အနည်းငယ်သာ ရှိခဲ့သည်။ နောင်အခါတွင် နေဒါစနစ် တိုက်ပွဲတစ်ခုအတွင်း သူက ဘရန်ဒန်ကို ကယ်တင်ပေးခဲ့သည်။ ကျီလင်၏ တင့်တယ်ခိုင်မာပြီး စည်းကမ်းမဲ့သော စရိုက်ကို ဘရန်ဒန်က မနှစ်သက်သော်လည်း သူက ကျီလင်၏ လွန်ကဲသော တောင်းဆိုမှုများကို တွန့်ဆုတ်စွာ သဘောတူခဲ့သည်။


ဘရန်ဒန်က စည်းကမ်းရှိသော စစ်သားတစ်ဦးဖြစ်ပြီး အဓိကအားဖြင့် အားနည်းချက်မရှိဘဲ သူ့ကို ထိခိုက်မှု မရှိခဲ့ပေ။ သူ့ကို မနှစ်သက်ခဲ့ခြင်းကလည်း သူ့ကို နှစ်သက်သင့်သည်က ပုံမှန်မဟုတ်သောကြောင့် ဖြစ်သည်။


ထို့ကြောင့် ပြန်လည်မွေးဖွားပြီးနောက် ဘရန်ဒန်၏ သူ့အပေါ်တွင် သဘောထား ကြီးမားစွာ ပြောင်းလဲသွားသောအခါ ကျီလင်က ပထမဆုံးအကြိမ် တအံ့တဩ ဖြစ်ခဲ့သည်။


ပြန်လည်မွေးဖွားခြင်းက လွတ်မြောက်၍မရသော ကျိန်စာတစ်ခု ဖြစ်သည့်အတိုင်း ထင်ရှားသည်။ ၎င်းက သူ့ကို မုန်းတီးသူ၏ သေဆုံးမှုအပေါ် နောင်တရစေနိုင်ပြီး သူတို့၏ ဆုံးဖြတ်ချက်ကို မှုန်ဝါးစေနိုင်၍ ချစ်ခင်မှု အတုကို ဖန်တီးနိုင်သည်။


သို့သော် ဘရန်ဒန်က သူ့ရှေ့တွင် မကြာခဏ ပေါ်လာခြင်း မရှိခြင်းနှင့် သူ၏ အစီအစဉ်များနှင့် သက်ဆိုင်မှုမရှိသောကြောင့် ကျီလင်က နောက်ဆုံးတွင် ဂရုမစိုက်တော့ဘဲ ကျင်းဆွေ့နှင့် ကားလို့စ်အား ကိုင်တွယ်ဖြေရှင်းရန် အာရုံစိုက်ခဲ့သည်။


အတွေးလွန်နေစဥ် ကျီလင်က ဘရန်ဒန်၏ လျင်လျင်မြန်မြန် ကယ်တင်ပေးမှုအတွက် ကျေးဇူးတင်မိသည်။ သို့သော် သူကလည်း ပြန်လည်မွေးဖွားလာသောကြောင့် သူ၏ လျှို့ဝှက်ချက်ကို ဖောက်ထွက်စေနိုင်မည် မဟုတ်ပေ။ သူက သူ့ဇာတ်ကောင်ကို ဆက်လက်၍ သရုပ်ဆောင်ရန် လိုအပ်သည်။ ယခင်ဘဝတွင် သူနှင့် ဘရန်ဒန်က ကောင်းသောအရာများကို မျှဝေခဲ့ကြသည်မဟုတ်ပေ။


ဤအချက်ကို စိတ်ထဲတွင် ထည့်သွင်းပြီး ကျီလင်က ဘရန်ဒန်၏ လက်ကို အေးစက်စွာ ခါထုတ်ကာ တုံ့ဆိုင်းစွာ ပြောသည်။

"ခင်ဗျားက ဘာလို့ ဝင်ရှုပ်နေတာလဲ..."


ဘရန်ဒန်က ကောင်ငယ်လေး၏ ဖြူဖျော့သော မျက်နှာနှင့် တုံ့ဆိုင်းသော မျက်ဝန်းများကို ကြည့်မိလျက် ရင်ဘတ်ထဲတွင် နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူ၏ အသံက တိုးညင်းသွားသည်။

"သူ မင်းကိုထိခိုက်မှာစိုးလို့ပါ..."


ကျီလင်က အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။

"ဂရုစိုက်ချင်ယောင်ဆောင်မနေပါနဲ့...အရင်က ခင်ဗျားပဲ ကျွန်တော့်ကို အမြဲမုန်းတီးခဲ့တာမလား..."


ဘရန်ဒန်က အေးခဲသွားသည်။


ကျီလင်က လှောင်ပြောင်မှုနှင့်အတူ ဖြည်းဖြည်းချင်း ပြောသည်။

"အရင်က ခင်ဗျားရဲ့အသက်ကို ကျွန်တော်ကယ်တင်ပေးခဲ့တာကို ကျေးဇူးဆပ်ဖို့ဆိုရင် မစဉ်းစားပါနဲ့...ခင်ဗျား လုပ်ပေးတာ လုံလောက်ပါပြီ...ခင်ဗျားက ကျွန်တော့်ကို ဘာမှပြန်ပေးဆပ်စရာမလိုတော့ဘူး..."


ဘရန်ဒန်၏မျက်နှာက ယုံကြည်မှုများ ပျောက်ဆုံးသွားသည်။ သူက ကောင်ငယ်လေး၏ မျက်ဝန်းများထဲသို့ စိုက်ကြည့်နေပြီး ဤအခိုက်အတန့်တွင် သူ၏ သံသယများနှင့် ရှုပ်ထွေးမှုများအားလုံး နေရာတကျဖြစ်သွားသည်။ ကျင်းဆွေ့က ကျီလင်ကို မည်သည့်အချက်များဖြင့်မဆို ထိန်းသိမ်းလိုသည့် အကြောင်းအရင်းအား သူက နောက်ဆုံးတွင် နားလည်သွားသည်။


ကျီလင်က ပြန်လည်မွေးဖွားလာခဲ့သည်။


ဘရန်ဒန်က ဤကဲ့သို့ ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ ကျီလင်က အရာရာကို ပြန်လည်သတိရလာခဲ့သည်။ အရာအားလုံးက ဤသို့ ဖြစ်ရမည် မဟုတ်ပေ။ ကောင်ငယ်လေးက နာကျင်မှုများစွာကို ခံစားခဲ့ရသည်။ ယခင်ဘဝမှ အကြောင်းများကို ပြန်လည်သတိရမှုများဖြင့် သူ့ကို ပင်ပန်းစေရန် မထိုက်တန်ပေ။


ကောင်ငယ်လေးက ဤသို့ ခံစားရရန် လုံးဝမထိုက်တန်ပေ။


ကောင်းကင်ဘုံက လွန်စွာရက်စက်လှပေသည်။


ဘရန်ဒန်က ကျီလင့်အား ကြည့်ရင်း သနားကြင်နာမှုနှင့် ဝမ်းနည်းမှုများဖြင့် နှလုံးသား နာကျင်ခဲ့ရသည်။ သူက ပြောလိုက်သည်။

"မင်း အားလုံးကို မှတ်မိသွားပြီပေါ့..."


ကျီလင်က ပြန်ပြောသည်။

"ဟုတ်တယ်..."


ဘရန်ဒန်က ခေတ္တခဏ စကားမပြောနိုင်တော့ပေ။ ထိန်းချုပ်ထားသော နာကျင်မှုများက သူ့ကို လွှမ်းမိုးသွားသည်။ ယခုတွင် သူက နားလည်သွားသည်။ ကျီလင်က ကျင်းဆွေ့အပေါ်တွင် ခံစားချက်များ လုံးဝပျောက်ဆုံးသွားပြီဖြစ်သည်။


ကျီလင်က အေးစက်စွာ လှည့်သွားသည်။

"ခင်ဗျားကို ကျေးဇူးတင်ပါတယ်...ဒါပေမယ့် ကျွန်တော် ကိုယ့်အိမ်ကိုပဲပြန်လိုက်တော့မယ်..."


ဤကဲ့သို့ ပြောပြီးနောက် သူက လှည့်၍ ထွက်သွားတော့သည်။ 


ဘရန်ဒန်က တွေဝေသွားသည်။ သူ့အမူအရာက ဆန့်ကျင်ဘက်ဖြစ်နေသည်။ ကျီလင်ကို အိမ်ပြန်ခွင့်ပြုခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်နိုင်သည်။ ကားလို့စ်က အခွင့်အရေးကို အသုံးချရန် စောင့်ကြည့်နေသည်။ 


ကောင်ငယ်လေးရဲ့ တစ်ခုတည်းသော ရွေးချယ်မှုကို ငါက ဘယ်လိုလုပ်ပြီး ငြင်းပယ်နိုင်မှာလဲ...


သူက ဒုက္ခများစွာကို ခံစားခဲ့ရပြီး အလွန်အားနည်းနေသည်။ ယခု သူပြန်လည်ရောက်ရှိလိုသည့် တစ်ခုတည်းသော နေရာက သူ၏နေအိမ်ကိုသာ ဖြစ်သည်။


ဘရန်ဒန်၏ မျက်နှာက အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ရှေ့သို့ ခပ်မြန်မြန် လျှောက်လှမ်းသွားပြီး ကျီလင်၏ လက်ကို ပြန်လည်ကိုင်ထားကာ ကောင်ငယ်လေး၏ အံ့အားသင့်နေသော မျက်ဝန်းများနှင့် တွေ့ဆုံလျက် ခိုင်မာစွာပြောသည်။

"ကိုယ် မင်းကို အိမ်ပြန်ပို့ပေးမယ်..."


ကျီလင်က အံ့အားသင့်သွားသည်။


ယခု ဘရန်ဒန်က သူ့ကို ထိလိုက်သောအခါ ကျီလင်က ဘရန်ဒန် အခြားသူများကဲ့သို့ စိတ်လွတ်သွားမည်ကို စိုးရိမ်နေသည်။ သို့သော် မျှော်လင့်မထားဘဲ ဘရန်ဒန်က သူ့ကို အိမ်လိုက်ပို့ပေးရန်သာဖြစ်သည်။ 


ကျီလင်က မျက်ဝန်းများကို နိမ့်ချထားလျက် သူ၏ အံ့အားသင့်မှုကို ဖုံးကွယ်ထားသည်။ နောက်ဆုံးတွင် သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှမပြောပေ။ သူတို့က သူ့အိမ်သို့ တိတ်ဆိတ်စွာ လမ်းလျှောက်သွားစဉ် သူက ဘရန်ဒန်၏ လက်ကိုလည်း ဖြုတ်ချခြင်း မရှိခဲ့ပေ။



✨✨✨


ဘရန်ဒန်ကို သနားတယ် ဝူးဝူး 🥺