Chapter 98
Viewers 15k

✨ Chapter 98



ကျင်းဆွေ့၏ နှုတ်ခမ်းတစ်စုံက လှုပ်ခတ်သွားသည်။

"ကိုယ်..."


ကျီလင်က ညင်ညင်သာသာ ရယ်မောလိုက်သည်။ သို့သော် သူ၏အမူအရာက အေးစက်နေဆဲဖြစ်လျက် အသက်ဝင်မှုမရှိသော အေးခဲနေသည့် စမ်းချောင်းတစ်ခုအလားပင်။ 

"အဲတော့ ဘာဖြစ်လဲ...ကျွန်တော်မှ ခင်ဗျားကိုမကြိုက်တော့တာ..."


ကျင်းဆွေ့က သူ့ကိုငေးစိုက်ကြည့်လာသည်။ သူကြားလိုက်ရသည်အား မယုံကြည်နိုင်ဖြစ်နေသည်။


ကျီလင်က တည်ငြိမ်နေဆဲဖြစ်သည်။

"ဒါက အပြစ်ရှိစိတ်ကြောင့်ဖြစ်ဖြစ်...ပြန်ပေးဆပ်ချင်တဲ့စိတ်ကြောင့်ဖြစ်ဖြစ် ကိစ္စမရှိတော့ဘူး...ခင်ဗျားရဲ့လျော်ကြေးကိုလည်း ကျွန်တော် မလိုအပ်ဘူး...တကယ်ပါ..."


ကျင်းဆွေ့က ခိုင်မာစွာပြောသည်။

"အဲဒါက လျော်ကြေးမဟုတ်ပါဘူး...ကိုယ်မင်းကို တကယ်ချစ်တာပါ..."


ကျီလင်က ပြန်ဖြေသည်။

"အဲဒီလိုလား..."


"ဒါဆို အဲဒီအကြောင်းပြချက်တွေကို...ပိုပြီးတောင် ကျွန်တော်မလိုအပ်တော့ဘူး..."


သူက ကျင်းဆွေ့၏ မျက်လုံးထဲကို ကြည့်လိုက်သည်။ သူ့အသံက စိတ်ခံစားချက်ကင်းမဲ့နေပြီး ခိုင်မာမှုတို့ ပြည့်နှက်နေသည်။ သူက နှေးကွေးပြီး တည်ငြိမ်စွာ ပြောသည်။

"ဘာကြောင့်လဲဆိုရင် ကျွန်တော် သေဆုံးသွားတဲ့ အခိုက်အတန့်ကစပြီး...အရာအားလုံးကို ကျွန်တော် လွှတ်ချလိုက်ပြီ...ကျွန်တော့်ကို ခင်ဗျား နှလုံးသားမဲ့မဲ့နဲ့ နှင်ထုတ်ခဲ့တာကို မမေ့လိုက်နဲ့...ကျွန်တော့်ကို တစ်ကြိမ်ထက်မက ခင်ဗျား နာကျင်စေခဲ့တယ်...ကျွန်တော့်ရဲ့ရိုးသားမှုတွေက နောက်ဆုံးမှာ...ခင်ဗျားကို လှုံ့ဆော်ပေးနိုင်မယ်လို့ ယုံကြည်ရလောက်တဲ့အထိ...ကျွန်တော်မိုက်မဲခဲ့တယ်...ဒါပေမဲ့ ကျွန်တော် မှားသွားခဲ့တယ်..."


"ကျွန်တော် သေဆုံးသွားတဲ့အချိန်အထိ...အဲဒီလိုနေ့မျိုးဆို ရောက်မလာနိုင်ဘူးဆိုတာ သိလိုက်ရတယ်..."


"ကျွန်တော့်အချစ်၊ ကျွန်တော့်ရဲ့ဘဝ၊ ကျွန်တော် ပိုင်ဆိုင်ထားတဲ့ အရာအားလုံးကို...ခင်ဗျားကိုပေးခဲ့တယ် အခုတော့...ကျွန်တော့်မှာ ခင်ဗျားကိုပေးစရာ ဘာမှမကျန်တော့ဘူး..."


"ခင်ဗျားကို အရမ်းချစ်တဲ့လူက အတိတ်ဘဝမှာကျန်ခဲ့ပြီ....သူက ဘယ်တော့မှ ပြန်ပေါ်လာမှာမဟုတ်တော့ဘူး..."


"ခင်ဗျား နားလည်ရဲ့လား..."


ကျင်းဆွေ့က လက်သီးကိုဆုပ်လိုက်သည်။


ကောင်ငယ်လေးက သူ့အရှေ့တွင် ရှိနေသော်လည်း ကျယ်ပြောလှပြီး လက်လှမ်းမမီနိုင်သည့် အကွာအဝေးတစ်ခုအလားပင် သူပထမဆုံးအကြိမ် ခံစားခဲ့ရသည်။ 


သူ့ယခင်ဘဝက ပြန်လည်ဆုံဆည်းရန် မရေမတွက်နိုင်သည့် အိမ်မက်များရှိခဲ့သည်။ မည်သို့ပြင်ဆင်ပြီး ခွင့်လွှတ်မှုခံရရန် တောင်းပန်ရမည်လဲဆိုသည်ကို စိတ်ကူးကြည့်ခဲ့သည်။ သို့သော် ယခုတွင် အမှန်တရားကို သူသိသွားခဲ့သည်။ ကောင်ငယ်လေးက အသက်ရှင်ခဲ့လျှင်ပင် ဆုံးရှုံးသွားသည့်သူက ဘယ်တော့မှ ပြန်မရနိုင်ချေ။


ကျီလင်၏ အချစ်က ပြင်းထန်စွာ လောင်ကျွမ်းခဲ့ပြီး သူ့ကိုယ်သူ မီးဖိုထဲသို့ တိုးဝင်နေသည့် ပိုးဖလံလေးအတိုင်းပမာ။ သို့သော် သူက အရာအားလုံးကို လွှတ်ချလိုက်သောအခါ သန့်ရှင်းပြီး အကြွင်းမဲ့နေသည်။ 


ကျီလင်က သူ့ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမည် မဟုတ်သလို သူ့ကို ဘယ်တော့မှ ထပ်ပြီး ချစ်လာမည်မဟုတ်ချေ။


ဤသည်က ရက်စက်ကာ မလွှဲရှောင်သာသော အမှန်တရားတစ်ခုဖြစ်သည်။ 


သူဖန်တီးထားသည့် ထင်ယောင်ထင်မှားထဲ၌ သူ့ကိုယ်သူ နှစ်မြှုပ်ထားခြင်းဖြင့် တစ်နေ့တွင် လိမ်ညာမှုများ ပေါ်လာပြီး အမှန်တရားအားလုံး ပေါ်လာလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးခဲ့မိချေ။


သူ့တွင် ထပ်မံ၍ အခွင့်အရေးရှိလာမည်ဆိုလျှင်ပင် သူဆုံးရှုံးခဲ့ရသည့် ကောင်ငယ်လေးကို ပြန်မရနိုင်တော့ချေ။ 


ကျင်းဆွေ့၏ လိမ်လည်မှုများ ပြိုလဲသွားသည့်အခါ ကျီလင်က သူ၏ စိတ်ဓာတ်ကျမှုကို ခံစားမိသည်။


မင်းနဲ့ ထိုက်တန်တယ်...ငါက အတိတ်အကြောင်းကို မသိဘူးဆိုပြီး...မင်းတို့တွေက လုပ်ချင်သလိုလုပ်နေကြတယ်...ငါ့ကို ငြင်းဆိုဖို့ အကြောင်းပြချက်မရှိအောင် လုပ်ကြတယ်...ဒါပေမဲ့ ငါက အရာရာကို သိနေတယ်လေ...ငါ တမင်ထုတ်မပြောခဲ့ရုံပဲရှိတာ...ငါ့မစ်ရှင်ကို အေးအေးဆေးဆေး ပြီးမြောက်အောင် လုပ်ချင်လို့ပဲ...ဒါပေမဲ့ မင်းတို့က ငါ့ကို အတင်းအကျပ် တွန်းအားပေးနေကြတယ်....


ကျင်းဆွေ့၏ ဖြူဖျော့နေသည့် မျက်နှာကို တွေ့မြင်သောအခါ ကျီလင်၏ နှလုံးသားတွင် သနားချင်သည့်စိတ် တစ်ခဏ ပေါ်ပေါက်လာသည်။ သို့သော် ၎င်းက ချက်ချင်းပင် ပြန်လည်အေးစက်သွားသည်။ ကျင်းဆွေ့ကို သနားခြင်းက သူ့ကိုယ်သူ နစ်နေသောတွင်းထဲသို့ ပြန်လည်ဆွဲခေါ်သွားမည်သာ ဖြစ်သည်။ 


ဒါက ငါလွတ်မြောက်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ...ပြီးတော့ မင်းက ဧကရာဇ်တစ်ပါးပဲလေ...အုပ်ချုပ်ရေးကိုသာ အာရုံစိုက်ပါကွာ...မင်း အရင်တုန်းကတောင် ဒီထက်ပိုပြီး ဆွဲဆောင်မှုရှိသေးတယ်...


ရန်သူကို စာနာသနားနေတာက မင်းကိုယ်မင်း အကြင်နာမဲ့နေတာပဲကွ...


အဆိပ်ရှိသော ပန်းပွင့်ကြောင့် အားနည်းနေသေးသော်လည်း ကျီလင်က အိပ်ရာမှ ထရန် ရုန်းကန်လိုက်သည်။ ခြေတစ်လှမ်းလှမ်းပြီးသည်နှင့် သူ ပြိုလဲလုနီးပါး ဖြစ်သွားသည်။


ကျင်းဆွေ့က သူ့ကို ထူပေးရန် အလျင်အမြန် ပြေးသွားသော်လည်း ကျီလင်က သူ့ကို တွန်းဖယ်လိုက်သည်။ သူက လှည့်ပြီး အေးစက်စွာပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို နှောင့်ယှက်နေတာကြာပြီ...ကျွန်တော် အိမ်ပြန်တော့မယ်..."


ကျင်းဆွေ့က ခေါင်းငုံ့ကာ တွန်းဖယ်ခံလိုက်ရသော သူ့လက်ကို မိန်းမောစွာ စိုက်ကြည့်လိုက်ပြီး ထိုနေရာတွင် တောင့်တင်းစွာ ရပ်နေသည်။


တစ်ခဏကြာသောအခါ သူက ပြန်လည် မော့ကြည့်လိုက်သည်။ ကောင်ငယ်လေးက ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းကို ခက်ခဲစွာ လျှောက်လှမ်းနေသည်ကို ကြည့်နေမိသည်။ ဆုံးဖြတ်ချက်ပြတ်သားခြင်းနှင့် အလွန်တရာ ခိုင်မာမှုများဖြင့် ကောင်ငယ်လေးက တစ်ကြိမ်ပင် အနောက်သို့ လှည့်၍မကြည့်ချေ။


ငါ...ငါထပ်ပြီးတော့ ကောင်ငယ်လေးကို ဆုံးရှုံးရဦးမှာလား...


ဤတစ်ကြိမ်တွင် ကောင်ငယ်လေးက မျှော်လင့်ချက်များပြည့်နှက်နေသော ထင်ယောင်ထင်မှားများ၌ပင် သူ့အား မရှိနေစေချင်လိုပေ။


ကျီလင်က ပြန်လှည့်မကြည့်ရဲပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ချက်မျှ ပို၍ ကြည့်မိလျှင်ပင် ကျင်းဆွေ့အား လှုံ့ဆော်လိုက်မည်ကို စိုးရိမ်မိသည်။ သူ၏ယခင်က ရန်လိုသော အပြုအမူများက စိတ်ဓာတ်အားကြီးမှုဖြင့်သာ ထိန်းထားနိုင်ခြင်းဖြစ်သည်။ ကျင်းဆွေ့က သူ၏ တွေဝေမှုမှ လွတ်မြောက်လာပါက သူ မသိသည့် ထိန်းမနိုင်သော လုပ်ရပ်များ ပြုလုပ်လာမည်ကို မည်သူမှ မသိနိုင်ပေ။


သို့သော် ကျီလင်က အလွန်တရာ အားနည်းနေသည်။ သူ၏ ခြေလှမ်းတစ်လှမ်းစီက နာကျင်စွာ နှေးကွေးနေသည်။


နန်းတော်မှ ထွက်ခွာပြီး နန်းတော်ဝင်ပေါက်များမှ ခြေလှမ်းထွက်မည့်အခိုက် သူ၏ မျက်လုံးများတွင် စိတ်သက်သာရာရရှိမှုနှင့် ပျော်ရွှင်ခြင်းများဖြင့် တောက်ပမှုများ ပေါ်ပေါက်လာသည်။ ထိုအခိုက်တွင် အနောက်မှ လေပြင်းတစ်ခုက တိုက်ခတ်လာသည်။ သူ့ခါးကို အားကြီးသော လက်များက ရစ်ပတ်လာပြီး သူ့ကို အတင်းအကျပ် ပင့်မလိုက်ကာ ရှည်လျားသော ခြေလှမ်းများဖြင့် ပြန်လည်သယ်ဆောင်သွားသည်။


ကျီလင်က ထိုလူ၏ ခံ့ညားသည့် မေးရိုးများကို မိန်းမောစွာ စိုက်ကြည့်မိသည်။ သူက ဖြစ်ပျက်နေသည့်အရာကို သဘောပေါက်သောအခါ သူ၏ ကိုယ်တွင်း၌ ဒေါသများ ပေါက်ကွဲလာသည်။


တကယ်ကြီးလား...ငါ့ကို အခုထိလွှတ်မပေးနိုင်သေးဘူးလား...


ကျီလင်က ကျင်းဆွေ့ကို စတင်ရိုက်နှက်လိုက်သည်။ သူ့မျက်လုံးများက ဒေါသကြောင့် နီရဲလာပြီး အက်ကွဲနေသည့် အသံဖြင့် သူကအော်လိုက်သည်။

"ကျွန်တော့်ကိုလာမထိနဲ့....အခုချက်ချင်း လွှတ်ပေး..."


ကျင်းဆွေ့၏ မျက်နှာတွင် စိတ်ခံစားချက် တစ်စုံတစ်ရာမှ ရှိမနေချေ။ သူ၏ နက်နက်ရှိုင်းရှိုင်း မျက်လုံးများက အမှောင်ထုနက်နက်ကဲ့သို့အလားပင်။ စိတ်ခံစားချက်များအားလုံးက အရေအတွက်များစွာရှိသော အလွှာများအောက်တွင် ရှိသကဲ့သို့ ဖြစ်နေပြီး သူ၏ မျက်နှာထားက အေးစက်နေကာ သူ့နှုတ်ခမ်းများကို ခပ်တင်းတင်း စေ့ပိတ်ထားသည်။ 


သူက ကြိုးစားနေသော ကောင်ငယ်လေးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ကျီလင်က အားအင်လျော့ကျသွားပြီး သူ့လက်ထဲတွင် ပျော့ခွေသွားသောအခါတွင်သာ ကျင်းဆွေ့က သူ့ကို သတိထားပြီး ညင်ညင်သာသာဖြင့် ခုတင်ပေါ်သို့ ပြန်၍ချပေးလိုက်သည်။ သူက တည်ငြိမ်နေသော အသံဖြင့် ပြောသည်။

"ကောင်းကောင်း အနားယူလိုက်ဦး...ကိုယ် မင်းကို သေချာဂရုစိုက်ပေးပါမယ်..."


ကျီလင်၏ ဒေါသဖြင့် လောင်ကျွမ်းနေသော မျက်လုံးများက မီးတောက်နေသကဲ့သို့ပင် ထင်ရသည်။ ဒေါသကြောင့် တုန်လှုပ်နေသော သူက သွားများကို ကြိတ်လိုက်ပြီး ပြောသည်။

"ကျွန်တော် အိမ်ပြန်ချင်တယ်..."


ကျင်းဆွေ့က သူ့စကားကို မကြားဟန်ပြုသည်။ သူက ကျီလင်ကို နူးညံ့စွာ ပြုံးပြီး ကြည့်နေသည်။ သူ၏ အက်ကွဲနေသော အသံက နွေးထွေးမှု တစ်စုံတစ်ရာ သယ်ဆောင်လာသည်။

"မင်း စိတ်ဆိုးနေသေးရင်...လက်ထပ်ပွဲကို ရွေ့ထားလို့ရတယ်...ကိုယ် မင်းကို မထိတော့ပါဘူး...ဒီတိုင်း ဒီမှာပဲနေပြီး အနားယူပေးပါ..."


ထိုသို့ ပြောပြီးနောက် ကျင်းဆွေ့က လှည့်ထွက်သွားသည်။


ကျီလင်က ဒေါသထွက်လုနီးပါး ဖြစ်နေသည်။ သူက သေဆုံးပြီး ပြန်လည်မွေးဖွားခဲ့ပြီးဖြစ်သော်လည်း ထိုလူက သူ့အား လွှတ်မပေးနိုင်သေးချေ။ 


အတင်းအကျပ် ချစ်ခြင်းမေတ္တာက မအောင်မြင်နိုင်ဘူးဆိုတာကို အဲလူက သဘောမပေါက်နိုင်ဘူးလား...


သူ့ကို ခွင့်လွှတ်မှာမဟုတ်ဘူးလို့...ငါသေသေချာချာ ရှင်းရှင်းလင်းလင်း ပြောခဲ့တာပဲ...ကျင်းဆွေ့က ဒါကို နားလည်မှု လုံးဝမရှိတာလား...


သူက ပြန်လည်၍ သေဆုံးလိုခြင်းသာ လိုချင်သည်။ သို့သော် ရုတ်တရက် အခြွေအရံများစွာက အခန်းထဲသို့ ဝင်လာကြသည်။ သူတို့က သူ့ကို ဝန်းရံလိုက်ကြလျက် လေးစားစွာ ပြောလာသည်။

"သခင်လေးကျီ...ကောင်းကောင်း အနားယူပါ...တစ်စုံတစ်ရာ လိုအပ်ခဲ့ရင် ကျွန်တော်တို့ကို အသိပေးလို့ရပါတယ်..."


ကျီလင် "..."


သူက အခြွေအရံများကို မျှော်လင့်ချက်မဲ့စွာ ကြည့်လိုက်သည်။ သူတို့က နူးညံ့သိမ်မွေ့ပြီး ယဥ်ကျေးစွာ ပြုမူကြသော်လည်း သူတို့အားလုံးက လက်တစ်ဖက်တည်းဖြင့် သူ့ကို ချေမှုန်းနိုင်သည့် အားကောင်းသော ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသည်။


သူသတ်သေနိုင်ခဲ့သည်က ကျင်းဆွေ့က ပြင်ဆင်မှုမရှိသေးသောကြောင့် ဖြစ်သည်။ ယခုအခါ ကျင်းဆွေ့က သူ့အား စောင့်ကြည့်နေပြီ ဖြစ်သောကြောင့် ဒုတိယအကြိမ် အခွင့်အရေးဆိုသည်က မရှိတော့ပေ။


အားးး...ဒေါသထွက်လွန်းလို့ အော်ပစ်လိုက်ချင်တယ်...


ကျီလင်၏ မျက်နှာက လူသေပမာ ဖြူဖျော့နေသည်။

[အဲလူက...တကယ်ကြီး ဘာလာဖြစ်နေတာလဲ...]


စနစ်-[...]


ကျီလင်-[ငါ သူ့ကိုမချစ်ပါဘူးလို့...ဒီလောက်ပြောနေတဲ့ဟာကို...ငါ့ကို ဒီမှာပိတ်လှောင်ထားလိုက်တာနဲ့...ငါ့အတွေးတွေပြောင်းလဲသွားမယ်လို့ သူကထင်နေတာလား...]


စနစ်-[...]


ကျီလင်-[ဒါမှမဟုတ်...ဧကရာဇ်ဖြစ်ရတာက အရမ်းသက်တောင့်သက်သာ ရှိလွန်းလို့...သူ့ကိုယ်သူ ညှင်းပန်းနှိပ်စက်ခံရတဲ့ဒဏ်ကို...ရှာဖွေချင်နေတာများလား...]


စနစ်-[...]


ကျီလင်-[တကယ်ကြီးကို စိတ်လွတ်နေပြီပဲ...:)]


ဒေါသထွက်မှုကြောင့် ကျီလင်က သူ့အခန်းအတွင်းရှိ စားပွဲကို လှန်ပစ်လိုက်သည်။ ဒေါသကြောင့် အသက်ရှူမှုများက ပြင်းထန်လာသည်။


အခြွေအရံများက ငြိမ်သက်စွာဖြင့် ပျက်စီးသွားသော အရာများကို သန့်ရှင်းရေးလုပ်ပြီး သစ်လွင်သော စားပွဲတစ်ခုကို ယူဆောင်လာကြသည်။ ထို့နောက် သူတို့က သူ့ဘေးတွင် လေးစားစွာ ပြန်ရပ်နေလိုက်ကြသည်။


...........


ကျင်းဆွေက ကျီလင်၏ရှေ့တွင် ရှားပါးစွာ ပေါ်လာသော်လည်း သူရှိနေစေ မရှိနေစေ အခြွေအရံများက အနည်းဆုံး သုံးဦးခန့် လိုက်ပါနေကြသည်။ သူ စကားပြောသည့်အခါပင်လျှင် ထိုသူများက လိုက်ပါနေကြသည်။ တစ်စက္ကန့်တစ်ခဏမျှ သူ့ထံတွင် ကိုယ်ပိုင်နေရာ မရှိပေ။ ကျီလင်က ရေနက်ထဲသို့ နှစ်မြုပ်နေသကဲ့သို့ ခံစားရသည်။


ဒါက နှိပ်စက်ခံနေရတာပဲ...တကယ်ကြီးကို နှိပ်စက်ခံနေရတာ...


သူက လွဲချော်မှုများ ဖြစ်လာမည်ကို စိုးရိမ်လာသည်။


သူ၏ သန့်ရှင်းမှုကို လက်ရှိတွင် ကာကွယ်ထားသော်လည်း သူ့လွတ်လပ်မှုက လုံးဝ ပျောက်ဆုံးသွားသည်။ ဤသို့သော စောင့်ကြည့်မှုအဆင့်က သူ့ကို ထောင်သားအဖြစ် ဆက်ဆံခြင်းထက် ပို၍ ဆိုးရွားသည်။ ဤသည်က တစ်စုံတစ်ဦးကို ရူးသွပ်သွားစေရန် လုံလောက်သည်။ 


သေကြောင်းကြံခြင်းက မေးခွန်းထုတ်စရာ မဟုတ်ပေ။ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူ၏စားသောက်မှုများ ဖြစ်သည်။


ယခင်က ကျီလင်က စားသောက်မှုများကို ငြင်းဆန်သည်ဟု ဟန်ဆောင်ခဲ့ပြီး ဖြစ်နိုင်သမျှ တိုက်ခိုက်ခဲ့သည်။ သို့သော် ယခုအခါ သူ့လက်ရှိ ပြဿနာမှ လွတ်မြောက်ရန်အတွက် သူက ဆာလောင်မှု သပိတ်မှောက်ခြင်းကို ဆုံးဖြတ်ခဲ့သည်။


သူက ကျင်းဆွေ့အား သူ့ဆုံးဖြတ်ချက်ကို တွေ့မြင်စေလိုသည်။


အစားအသောက် လုံးဝမစားဘူး...လုံးဝ လုံးဝပဲ...


ထိုညတွင် ကျီလင်က သူ၏ သုံးခါမြောက် ညစာကို လွှင့်ပစ်ပြီးနောက် ကျင်းဆွေ့က နောက်ဆုံးတွင် ရောက်ရှိလာသည်။


သူ၏ ခံ့ညားချောမောသည့် မျက်နှာက အေးစက်ပြီး တင်းမာနေသည်။ သူ၏ ဆံပင်နက်များကိုလည်း အနောက်သို့ စည်းနှောင်ထားသည်။ သူက ကျီလင်ထံသို့ လျှောက်လာပြီး အက်ကွဲနေသောအသံဖြင့် မေးလာသည်။

"ဘာလို့ ဘာမှမစားတာလဲ..."


ကျီလင်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။


ကျင်းဆွေ့က စိတ်ဆိုးသည့်ပုံ မပေါ်ပေ။ သူက တည်ငြိမ်စွာ ပြောသည်။

"မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်...ကိုယ်တိုင်စားမလား...ဒါမှမဟုတ် ကိုယ့်ရဲ့ပါးစပ်နဲ့ မင်းကိုကျွေးရမလား..."


ကျီလင် "..."


ဟာ...


ဒီအရှက်ကင်းမဲ့တဲ့လူက အနမ်းစက်ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတာကို...ငါဘာလို့များ မေ့ပစ်လိုက်မိတာလဲ...


ကျီလင်၏ မျက်နှာက အေးခဲသွားသည်။ သူက စွန့်စားချင်ရှာသော်လည်း ကျင်းဆွေ့နှင့် လွန်ဆွဲအနမ်းတွင် အမှန်တကယ်ပင် ပါဝင်ရမည်လော မသိတော့ပေ။ သို့သော် အခြားသူ၏ တံတွေးကို စားသုံးရန် စိတ်ကူးက သူ့အား တုန်လှုပ်သွားစေသည်။


ကျင်းဆွေ့က အေးဆေးသော အသံဖြင့် ပြန်လည်ပြောသည်။

"မင်း ဆုံးဖြတ်ပြီးပြီလား..."


ကြာရှည်သော တိတ်ဆိတ်မှု ပြီးနောက် ကျီလင်က အေးစက်စွာ ပြောသည်။

"ကျွန်တော့် ဘာသာပဲစားတော့မယ်..."


ကျင်းဆွေ့၏ မျက်လုံးများ ပျော့ပျောင်းသွားပြီး သူ၏ အသံက ခွင့်လွှတ်မှုတစ်စုံတစ်ရာ ပါဝင်နေသကဲ့သို့ ပြောသည်။

"ကောင်းပြီ..."


ထို့နောက် သူက ကျီလင်၏ဘေးတွင် ထိုင်လိုက်သည်။ ကျီလင် စားသောက်နေသည်ကို ကိုယ်တိုင် ကြည့်ရှုရန် ရည်ရွယ်ချက်ရှိနေသည်က ထင်ရှားသည်။


အမှန်တကယ်တွင် ယခင်က စားသောက်မှုများကို ပစ်ချခဲ့သည့်အခါ သူက ဤအစားအသောက်များကို ဖြုန်းတီးခဲ့သည်ဟု ကျီလင်က စိတ်ထဲတွေးခဲ့သည်။ ယခုအခါ စားသောက်ရန် တစ်ခုတည်းသော ရွေးချယ်စရာ မရှိသောကြောင့် သူက ဗိုက်ပြည့်အောင် စားသင့်သည်။


နောက်ဆုံးတွင် သူက နန်းတော်မှ လွတ်မြောက်မသွားသော်လည်း အဓိကပြဿနာနှစ်ခုကို ဖြေရှင်းနိုင်ခဲ့သည်။


အစားအသောက်နှင့် စောင့်စည်းမှု...


သူ၏ ရည်မှန်းချက် ပြည့်မီခြင်း မရှိသော်လည်း သူက တချို့တစ်ဝက် အနိုင်ရခဲ့သည်။ စိတ်ထဲ နည်းနည်း ပို၍ ကောင်းသွားသော ကျီလင်က နောက်တစ်ဆင့်အတွက် စိတ်ဓာတ်ကို ခပ်တင်းတင်းထားလိုက်သည်။ 


ဘယ်သူက ပိုကြာကြာနေနိုင်မလဲဆိုတာ...ကြည့်ကြသေးတာပေါ့ ဟမ့်...


ကျီလင်က နာကျင်မှုဖြင့် ပြည့်နေသည့် မျက်နှာထားဖြင့် သူ၏ စားသောက်မှုကို နှေးကွေးစွာ စားသုံးလိုက်သည်။ ရှစ်ပုံတစ်ပုံမျှ စားသောက်လိုက်ပြီးသည့်အခါ သူ၏ တူများကို ချလိုက်ပြီး ကျင်းဆွေ့ကို လှည့်ကြည့်ကာ သရော်လိုက်သည်။

"ခင်ဗျားရဲ့ ဧကရီဖြစ်ချင်သူက သေဆုံးသွားခဲ့ပြီ..."


ကျင်းဆွေ့၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ပြီးပြည့်စုံသော ပုံရိပ်က တစ်ခဏ ပြိုကွဲသွားသည့်နောက် ပုံမှန်ပြန်ဖြစ်သွားသည်။ သူက ကျီလင့်ကို အပြုံးဖျော့ဖျော့ဖြင့် ပြုံးပြလိုက်သည်။

"အဲဒီလို မိုက်မဲတဲ့ အရာတွေကို မပြောပါနဲ့..."


ထို့နောက် ကျင်းဆွေ့က မတ်တတ်ထရပ်ကာ ထွက်သွားလေသည်။


ကျီလင်က သူ့နှလုံးသားထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ သူက စားသောက်မှုကို ပြီးဆုံးသည်နှင့် လှဲလျောင်း၍ အိပ်ပျော်သွားသည်။ လုပ်ဆောင်ရန် အခြားအရာများ မရှိသောကြောင့် သူက သည်းခံနိုင်မှုရှိစွာ စောင့်ဆိုင်းပြီး မည်သူက ပိုကြာရှည်နိုင်မည်ကို ကြည့်ရှုရန် ပိုမို၍ စိတ်အားထက်သန်နေသည်။


လူနှစ်ဦးက လွန်ဆွဲပွဲတွင် ပါဝင်ခဲ့ကြသည်။ 


ယေဘုယျအားဖြင့် ကျင်းဆွေ့က စားသောက်ချိန်အတွင်း၌သာ ပေါ်လာလိမ့်မည်။ သူက ကိုယ်တိုင် မစားဘဲ ကျီလင် စားသောက်နေသည်ကို ငြိမ်သက်စွာ ကြည့်နေလိမ့်မည်။ ကျီလင်က ဖြည်းဖြည်းချင်း စကားလုံးတချို့ သို့မဟုတ် နှစ်ချို့ဖြင့် အေးစက်စွာ တိုက်ခိုက်လိမ့်မည်။ဥပမာ-


"အရှင် လူတစ်ယောက်ရဲ့နှလုံးသားက သေဆုံးနိုင်တယ်နော်..."


"အရှင် နက်ရှိုင်းလွန်းတဲ့အချစ်ဆိုရင်တောင်မှ သူ့မှာ အကန့်အသတ်ဆိုတာရှိပါတယ်..."


"ကျွန်တော်က အရာအားလုံးကိုရင်ဆိုင်ခဲ့ရပြီးပြီ...ခင်ဗျားကို ဘယ်တော့မှချစ်လာတော့မှာမဟုတ်ဘူး..."


"ခင်ဗျားလိုလူမျိုးက...ဘယ်လိုချစ်ရမယ်ဆိုတာတောင် သိမဲ့ပုံမပေါ်ဘူး..."


စားသောက်ခြင်းအပြင် ကျီလင်က ကျင်းဆွေ့အား လှောင်ပြောင်ရန်အတွက် စကားလုံးများကို စိတ်ကူးယဉ်လျက် သူ၏ နေ့ရက်များကို ကုန်ဆုံးခဲ့သည်။ သူက သူ၏ စိတ်ထဲတွင် ရှာဖွေခဲ့သည်။ ထိုမတိုင်မီ ဇာတ်လမ်းဆန်သော ဝတ္ထုများကို လုံလောက်စွာ မဖတ်ခဲ့သည်ကို သူက နောင်တရခဲ့သည်။ ရက်အနည်းငယ်အတွင်း သူက စိတ်ကူးသစ်များ ကုန်ခမ်းသွားခဲ့သည်။


ဤသည်က သူ့ကို အလွန်တရာ စိတ်ဓာတ်ကျစေခဲ့သည်။ စူးရှသော ပြန်လည်ပြောဆိုမှုကို ပေးပို့နိုင်ခြင်း မရှိခြင်းက သူတို့၏ တိုက်ပွဲတွင် တစ်ဆင့် ပြိုလဲခြင်းနှင့် တူညီသည်။


ကျီလင်-[ငါ နောက်ထပ် ဘယ်လိုမျိုး ထပ်ပြောရမလဲဆိုတာ...မစဥ်းစားတတ်တော့ဘူး...စနစ် ငါ့ကို ကူညီပါဦး...]


စနစ်-[ငါက အဲဒီလိုမျိုးမှာ မကျွမ်းကျင်ဘူး..]


သုံးစားမရသည့် စနစ်ပင်ဖြစ်သည်။ ကျီလင်က သက်ပြင်းချလိုက်သည်။ သူက သူ့ကိုယ်သူသာ အားကိုးနိုင်မည်ကို သဘောပေါက်လိုက်သည်။ သူက ထိုင်၍ ကောင်းကင်ကို စိုက်ကြည့်နေပြီး စိတ်ကူးယဉ်နေသည်။ အစပိုင်းတွင် ကျင်းဆွေ့က သူ၏ လှုံ့ဆော်မှုများကို ထင်ရှားစွာ တုံ့ပြန်မှုပေးပြီး သူ၏ မျက်နှာက မည်းနက်သွားလေ့ရှိသည်။ သို့သော် ယခုအခါ သူက တိုးတိုးတိတ်တိတ် ဖြစ်လာသည်။ ကျီလင်ထံမှ ပြောဆိုသမျှအပေါ်၌ ကျင်းဆွေ့၏ မျက်နှာထားက ခံစားချက်မဲ့နေလေ့ရှိကာ သူက အရာရာကို ပုံမှန်အတိုင်းဖြစ်နေသကဲ့သို့ သူ့ကို စကားပြောဆိုရန် ကြိုးစားသည်။ ကျီလင်က တွေးတောလိုက်သည်။


အုပ်ချုပ်သူတစ်ယောက်အတွက် ဒါကမဆိုးပါဘူး...အဲဒီလို ထိန်းချုပ်တတ်တာက ကျွမ်းကျင်မှုလိုအပ်တယ်လေ...


ထိုညတွင် ကျင်းဆွေ့က ယခင်ကဲ့သို့ ရောက်ရှိလာသည်။


အစားအသောက်များက ကျီလင်၏ အရသာနှင့် ကိုက်ညီနေဆဲဖြစ်သည်။ သူက တစ်စိတ်တစ်ပိုင်း စားသုံးပြီးနောက် ကျင်းဆွေ့ကို အေးစက်စွာ ကြည့်လိုက်ပြီး မျက်ခုံးကို ပင့်လိုက်သည်။

"အရှင်...ခင်ဗျားက ကျွန်တော့်ကို တကယ်ရော ချစ်ရဲ့လားဆိုတာကို သံသယဝင်လာပြီ..."


ကျင်းဆွေ့က သူ့ကို ကြည့်လိုက်ပြီး သူ၏ ရွှေအိုရောင်မျက်လုံးများက ငြိမ်သက်နေလျက် သူ၏ အသံက ချိုမြိန်ပြီး ဆွဲဆောင်မှုရှိသည်။

"ဘာလို့ အဲဒီလိုထင်ရတာလဲ..."


ကျီလင်က ကျင်းဆွေ့၏ မျက်လုံးထဲသို့ တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး ခိုင်မာစွာ ပြောသည်။

"ခင်ဗျားသာ တစ်စုံတစ်ယောက်ကို တကယ်ချစ်ရင်...သူ့ကို လွတ်လပ်မှုပေးရမယ် မဟုတ်ဘူးလား..."


ကျင်းဆွေ့က ရုတ်တရက် ရယ်မောလိုက်သည်။ သူ၏ မျက်လုံးများက ပျော့ပျောင်းသွားပြီး သူ့အသံက အလိုလိုက်မှုများ ပြည့်နေပြီး ရယ်စရာကောင်းသော အရာကို ကြားလိုက်ရသကဲ့သို့ ပြောလာသည်။

"တချို့လူတွေအတွက်တော့ ဖြစ်နိုင်တာပေါ့..."


ကျီလင်က သူ့ကို စိုက်ကြည့်နေသည်။


ကျီလင့်အား ကြည့်နေဆဲ၌ပင် ကျင်းဆွေ့၏ မျက်နှာထားက တည်ငြိမ်လို့သွားသည်။

"ဒါပေမဲ့ ကိုယ့်အတွက်တော့...တစ်စုံတစ်ဦးကို ချစ်တယ်ဆိုတာက...အဲဒီလူကို ကိုယ့်အနားမှာ ခေါ်ထားတာပဲ..."


ကျီလင်က လှောင်လိုက်သည်။

"ကျွန်တော့်ကို ချစ်စေချင်ခဲ့တုန်းက...ခင်ဗျားက ကျွန်တော့်ကို ဂရုမစိုက်ခဲ့ဘူး...အခု ကျွန်တော် အဲဒါကို မလိုချင်တော့တဲ့အခါမှ...ခင်ဗျားက အတင်းအကျပ် လာပေးဖို့ လုပ်နေတယ်...ဒါက ခင်ဗျားပြောတဲ့ အချစ်လား...ကျွန်တော် ထင်တာတော့...ခင်ဗျားက ကျွန်တော့်ကို လွှတ်မပေးချင်ရုံပဲ..."


ကျင်းဆွေ့၏ မျက်နှာထားက နူးညံ့စွာ ဆက်လက်ရှိနေသည်။

"မင်း ထင်ချင်သလို ထင်နိုင်တယ်..."


ယခင်ကဲ့သို့ သူတို့၏ စကားပြောဆိုမှုက စိတ်ဆိုးစရာများဖြင့် အဆုံးသတ်သွားသည်။



✨✨✨