Chapter 97
Viewers 15k

✨ Chapter 97

ချိုးဖျက်ခြင်း



ကျင်းဆွေ့က သူ့စာကြည့်ခန်း၌ ထိုင်နေပြီး နံနက်ခင်းတွင် ကျီလင်က သူ့မိခင်ထံ သွားရောက်ပြီးနောက် နန်းတော်သို့ ပြန်သွားသည့်အကြောင်းနှင့် ညနေခင်းတွင် ကျီလင်က ညနေစာကို အနည်းငယ်သာ တို့စိတို့စိနှင့်စားခဲ့သည့်အကြောင်းကို ကြားသိခဲ့ရသည်။


လတ်တလောဖြစ်ပေါ်ခဲ့သော အရေးအခင်းများ၏ ကမောက်ကမများကို ပြန်လည်တွေးတောမိရုံဖြင့် ကျင်းဆွေ့၏ မျက်လုံးများတွင် ပင်ပန်းနွမ်းလျမှုအနည်းငယ် ပေါ်လာသည်။ ကားလို့စ်ကို ကိုင်တွယ်ရန် စိန်ခေါ်မှုတစ်ခုပြုလိုက်ခဲ့သည့်ကိစ္စထက် ကောင်ငယ်လေး၏ စိတ်ဒဏ်ရာကို ကိုင်တွယ်သည်က သူ့အား ပိုမိုနက်ရှိုင်းစွာ နာကျင်စေခဲ့သည်။ ထိုကဲ့သို့သော အခြေအနေက သူ့အား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ပင်ပန်းနွမ်းလျစေခဲ့သည်။


ကောင်ငယ်လေးကို သက်သာရာရရှိစေရန် အခြားဘာလုပ်ရမည်ကို မသိတော့ပေ။


အချိန်အတော်ကြာစွာ သူက သည်းခံခဲ့ပြီး သူ့အား ပိုမိုနာကျင်မှုမရစေရန် အလျှော့ပေးခဲ့သည်။ ထို့ကြောင့် သူ့အား နားလည်မှုလွဲမှားစေခြင်းနှင့် ပြုမူဆောင်ရွက်မှုများကိုပင် ခွင့်ပြုခဲ့သည်။ သို့သော် ဤသို့သော အမြဲတမ်း နောက်ဆုတ်ခြင်းက ကောင်ငယ်လေးနှင့် ပိုမိုဝေးရာဆီသို့ တွန်းပို့ခဲ့ပြီး သစ္စာဖောက်ခြင်းနှင့် ထိခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။


အချက်အလက်များကို စွန့်လွှတ်လိုက်သည်က အမြဲတမ်းမှန်ကန်သော ဆုံးဖြတ်ချက်မဟုတ်ကြောင်း သက်သေပြခဲ့သည်။


အစကတည်းက သူ နီးနီးကပ်ကပ်နေခဲ့ပြီး နာကျင်စရာအထင်လွဲမှားမှု မပေးခဲ့ဘဲ ကောင်ငယ်လေးအား ကာကွယ်ကာ နှစ်သိမ့်ပေးခဲ့လျှင် ယခုအခါ သူတို့နှစ်ဦးက အတူရှိနေနိုင်ပြီး ဤကဲ့သို့သော အဖြစ်အပျက်များလည်း တစ်ခုမှ ဖြစ်လာခဲ့လိမ့်မည် မဟုတ်ချေ။ 


သူပုန်များလက်အတွင်း ကျရောက်ခဲ့သည့် ကျီလင်၏ ခံစားခဲ့ရသောဆင်းရဲဒုက္ခများကို တွေးတောမိသောအခါ နောင်တရမှုနှင့် ဒုက္ခဝေဒနာတို့က ကျင်းဆွေ့၏ နှလုံးသားကို တိုက်ခိုက်နေသလို ဖြစ်နေသည်။


ငါ... မကာကွယ်ပေးနိုင်ခဲ့ဘူး...


ကျင်းဆွေ့က နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ကျီလင်အား သူ၏ဧကရီဖြစ်အောင် လုပ်ခြင်းဖြင့် ကျီလင်က သူနှင့် တဖြည်းဖြည်းချင်း ရင်းနှီးလာ၍ ကားလို့စ်၏ ရည်ရွယ်ချက်များကိုလည်း ဖြတ်တောက်နိုင်လိမ့်မည်။ တစ်နေ့တွင် ကောင်ငယ်လေးက သူ့ကို လက်ခံလာမည်ဖြစ်ပြီး နာကျင်မှုများကို စွန့်ပစ်နိုင်လိမ့်မည်။


ကျင်းဆွေ့က အသက်ကို ဖြည်းညင်းစွာရှူထုတ်လိုက်ပြီးနောက် လေးသံသည့်ခြေလှမ်းများဖြင့် တံခါးဆီလျှောက်သွားလိုက်သည်။ သူက ကောင်ငယ်လေး၏နန်းဆောင်ဘက်ကို ဦးတည်လျှောက်သွားကာ သူက သူ့(ကျီလင်)ကို တွေ့ဆုံလိုသည်ဟု ခံစားလိုက်ရသည်။


သူ တစ်သက်တာ ကတိပေးမည်ဟု စိတ်ကူးထားသည့် ကတိကို ပြောပြရန် လိုအပ်သည်။


ယခင်ဘဝတွင် သူပြောဆိုနိုင်ခဲ့ခြင်းမရှိသည့် ကတိကို နောင်တရနေခဲ့သည်။ ငြိမ်းချမ်းမှုများ ကျရောက်နေသော်လည်း သူကတိပေးလိုသည့် သူက ထွက်ခွာသွားပြီဖြစ်သည်။ သူ့ဘေးနားတွင် ထားရှိရန် ဘာကိုမဆိုလုပ်ဆောင်မည်ဖြစ်သော သူက ထိုနေရာတွင် မရှိတော့ချေ။ 


ဤတစ်ကြိမ်တွင် သူက လွှတ်ပေးမည်မဟုတ်သလို တူညီသော အမှားကို ထပ်မံပြုလုပ်မည်မဟုတ်ပေ။ ကျင်းဆွေ့က ခြေလှမ်းများကို နှေးနှေးချင်း လေးလံစွာဖြင့် ရင်းနှီးပြီးသား တံခါးဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။ လက်လှမ်းပြီးနောက် သူက တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။


ကောင်ငယ်လေးက အိပ်ရာပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေသည်။ အိပ်စက်နေစဉ်တွင် သူက သူ၏ ပုံမှန် သတိထားမှုမှ လွတ်မြောက်ပြီး နူးညံ့သိမ်မွေ့သော နတ်သားတစ်ပါးနှင့် ဆင်တူနေသည်။ ကျင်းဆွေ့က နီးကပ်လာစဉ် သူ၏ မျက်လုံးများတွင် ရှားပါးသော နူးညံ့သိမ်မွေ့မှုများ ပေါ်လာသည်။ သို့သော် နှစ်လှမ်းသာ လှမ်းပြီးနောက် သူ၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားပြီး သူ၏ မျက်လုံးများ ကျဉ်းသွားသည်။


သူ၏ ထူးခြားသော အာရုံခံစားမှုများဖြင့် သူက ချက်ချင်းပင် တစ်စုံတစ်ရာမှားယွင်းနေကြောင်း သိရှိလိုက်သည်။


ကျီလင်က ပုံမှန်လိုအသက်ရှုနေသော်လည်း ယခင်ကထက် ပိုမိုနှေးကွေးနေသည်။ သူ၏ ဖြူဖျော့သည့်မျက်နှာက ထူးထူးခြားခြား နီမြန်းနေပြီး သူ၏ အိပ်စက်နေသော ပုံစံက သဘာဝကျစွာ တည်ငြိမ်မှုမရှိပေ။


ကျင်းဆွေ့၏စူးရှသော မျက်လုံးများက အခန်းထဲကို စစ်ဆေးလိုက်ပြီး ချက်ချင်းပင် အိပ်ရာဘေးရှိ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အနီရောင်ပန်းရွက်ပါးများကို တွေ့ရှိလိုက်သည်။


ပွင့်လန်းနေသောပန်းရွက်ပါးများက အဖြူရောင် အိပ်ရာခင်းနှင့် ကြမ်းပြင်ပေါ်တွင် ထင်ရှားစွာ ပေါ်လွင်နေပြီး ၎င်းတို့၏ အလှက ဆွဲဆောင်မှုရှိသော်လည်း ကျိန်စာသဖွယ်ဖြစ်နေသည်။


၎င်းတို့က ကျင်းဆွေ့၏ အနက်ရှိုင်းဆုံးနှင့် အချစ်ဆုံး စိတ်ကူးများမှ ဆွဲထုတ်ထားသည့်အလား လှပသော ခံစားမှုကို ပုံဖော်ပေးထားသည်။


သူချစ်ရသည့်ကောင်ငယ်လေးက ထိုပန်းရွက်ပါးများအကြားတွင် လှဲလျောင်းနေပြီး ပန်းပွင့်၏အရည်များက သူ၏နူးညံ့သိမ်မွေ့သော ပန်းရောင်နှုတ်ခမ်းများပေါ်တွင် အနည်းငယ် ကျန်ရှိနေသည်။ အလွန်လှပပြီး စိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းတစ်ရပ်ဖြစ်ကာ လိုချင်စိတ်ကို ဖြစ်ပေါ်စေသလို ခံစားရသည်။


သို့သော် ကျင်းဆွေ့က စိတ်လွတ်သွားလုနီးပါးဖြစ်နေသည်။ 


သူက ချက်ချင်းပင် သူ၏ ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်ပြီး သူ၏ တုန်လှုပ်နေသောအသံဖြင့် တည်ငြိမ်မှုမရှိဘဲ ပြောလိုက်သည်။

"အဆိပ်ဖြေဆေးကို အခုချက်ချင်း ယူလာခဲ့စမ်း..."


အိပ်ရာဘက်သို့ ခပ်မြန်မြန် လှမ်းသွားပြီး သူက ဒူးထောက်ကာ ကျီလင်၏ လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်းစမ်းလိုက်သည်။ ကောင်ငယ်လေး၏သွေးခုန်နှုန်းက အားနည်းလွန်းပြီး မည်သည့်အချိန်မဆို ပျောက်ကွယ်သွားနိုင်သလို ဖြစ်နေသည်။


ထိုစက္ကန့်အတွင်း ကျင်းဆွေ၏ ထိန်းချုပ်မှုနှင့် စိတ်အေးချမ်းမှုအားလုံး ပျက်စီးသွားပြီး ကြောက်ရွံ့မှုက သူ၏ အာရုံခံစားမှုအားလုံးကို လွှမ်းမိုးသွားသည်။


ကျီလင်က ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တယ်...


ဘာလို့ ငါနမော်နမဲ့နိုင်ခဲ့ရတာလဲ...


ငါ ဘာလို့ လုပ်ခွင့်ပေးမိလိုက်တာလဲ...


ဘာကြောင့် ကျီလင်ကို သူ့ကိုယ်သူထိခိုက်စေဖို့ အခွင့်အရေးကို ပေးလိုက်မိတာလဲ... 


ကျီလင်သာ သေဆုံးသွားခဲ့ရင် ငါ ဘယ်လိုလုပ်ရမလဲ...


အသက်ရှူကျပ်ခြင်းကဲ့သို့သော ကူညီမရနိုင်သည့် ခံစားမှုက ကျင်းဆွေ့၏နှလုံးသားကို ဆုပ်ကိုင်ထားပြီး သူ၏ သွေးများထိတိုင် အေးခဲစေသည်။


ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများ ပြေးဝင်လာကြသဖြင့် အခန်းထဲတွင် လူစည်ကား ပြည့်နှက်သွားသည်။ သူတို့က ကျီလင်၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးကာ အဆိပ်ဖြေဆေးကို ထိုးပေးပြီး အသက်လက္ခဏာများကို စောင့်ကြည့်ကြသည်။ ကျင်းဆွေ့က လှုပ်ရှားမှုမရှိဘဲ ကျီလင်၏ လက်ကို အသက်ရှင်သန်ရန် ကြိုးတစ်ချောင်းကဲ့သို့ ဆုပ်ကိုင်ထားပြီး သူ၏ မျက်နှာက နာကျင်မှုများနှင့် ကြေကွဲမှုတို့ဖြင့် ပြည့်နှက်နေသည်။


သူကိုယ်တိုင် အစားထိုးခံယူနိုင်ခဲ့လျှင် ကောင်းလိမ့်မည်။ သူက နာကျင်မှု သို့မဟုတ် ခံစားချက်များကို မကြောက်ချေ။ သူက ဘာကိုမဆို ခံနိုင်ရည်ရှိသည်။ 


ဒါပေမယ့် ကျီလင်က...ကျီလင်ကတော့ သေးငယ်တဲ့နာကျင်မှုကိုတောင်...ခံနိုင်ရည်မရှိသလောက် အားနည်းလွန်းလှတယ်...


အန္တရာယ်အနည်းငယ်ကပင် သူ့ကို ထာဝရ သယ်ဆောင်သွားနိုင်သည်။


ကြာသွားသည့် တစ်စက္ကန့်တိုင်းက ထာဝရကဲ့သို့ ခံစားရပြီး ကျင်းဆွေ့က ထိုကြာချိန်အတွင်း ဤမျှခက်ခဲကြောင်းကို ဘယ်သောအခါမှ မခံစားခဲ့ရဖူးပါချေ။ တစ်စက္ကန့်တိုင်းက ကျင်းဆွေ့၏ နှလုံးသားကို ဓားဖြင့် ထိုးသလို စိတ်မသက်မသာ ဖြစ်စေသည်။


နောက်ဆုံးတွင် ဆေးမှူးက လေးလေးစားစားဖြင့် တင်ပြလာသည်။ 

"သခင်လေးကျီလင်က...စိုးရိမ်ရလောက်တဲ့အခြေအနေကို ကျော်ဖြတ်သွားနိုင်ပါပြီ ဧကရာဇ်..."


ကျင်းဆွေ့၏အသံက ခြောက်သွေ့နေပြီး သူက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ 

"သူ ဘာလို့မနိုးသေးတာလဲ..."


ဆေးမှူးက ပြန်လည်ဖြေကြားသည်။ 

"ဆေးအရှိန်က အာနိသင် ထိရောက်ဖို့အတွက် အချိန်ပိုလိုအပ်ပါတယ်...ဒါကြောင့် နောက်တစ်နာရီခန့်အကြာမှ သတိပြန်ရလာပါလိမ့်မယ်..."


ကျင်းဆွေ့က တိတ်ဆိတ်နေပြီး စိုးရိမ်ပူပန်သည့်အမူအရာက မျက်နှာထက်တွင် ပုံဖော်ထားသည်။


ဆေးမှူးက သူ၏ နဖူးပေါ်ရှိ ချွေးစက်များကို သုတ်ပစ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဆေးထည့်သေတ္တာကိုထမ်းပိုးပြီး ခန်းမထဲမှ အလျင်မြန်ထွက်သွားလေသည်။ သူက ယခုမှပင် တွေ့မြင်ခဲ့ရသည့် မြင်ကွင်းကို တွေးတောမိခြင်း သို့မဟုတ် ကျီလင်ကို ကယ်တင်နိုင်ခဲ့ခြင်းမရှိပါက မည်သည့်အရာများ ဖြစ်ပျက်သွားနိုင်မည်ကို စိတ်မကူးရဲပေ။


အေးစက်ပြီး အာဏာရှိသော ဧကရာဇ်၏ စိုးထိတ်တုန်လှုပ်နေပြီး ထိခိုက်လွယ်သောအမူအရာကို ယခင်က သူဘယ်သောအခါမှ မတွေ့မြင်ခဲ့ဖူးချေ။


ကျင်းဆွေ့အကြည့်များက ကျီလင့်ဆီမှ တစ်ချက်မှ မခွာခဲ့ပေ။ အခန်းအတွင်းရှိ လေထုက တိတ်ဆိတ်နေသည်။ သူတို့နှစ်ယောက်တည်း ကျန်ခဲ့သည့်အချိန်တွင် ရုတ်တရက် ကောင်ငယ်လေး၏မျက်တောင်လေး လှုပ်ခပ်သွားသောအခါ ကျင်းဆွေ့၏ မျက်နှာအမူအရာက ချက်ချင်းတင်းမာသွားသည်။ သူ့မျက်လုံးများက ကောင်ငယ်လေးကိုသာ စိုက်ကြည့်နေပြီး ကောင်ငယ်လေး၏နှုတ်ခမ်းဖျော့ဖျော့လေးကိုဖိကပ်နမ်းလိုက်သည်။ 


ကောင်ငယ်လေးက သူ့မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး သူ၏အိပ်ရာထောင့်အစွန်း၌ စောင့်ကြပ်နေသော အနေအထားဖြင့် ထိုင်နေသည့်လူကို ကြည့်လိုက်သည်။


ထိုပြာလဲ့လဲ့ ရေပြာရောင်မျက်လုံးများထဲ၌ အကြောက်တရားဟူသည် နတ္တိ၊ ယောက်ယက်ခတ်ခြင်းများနှင့် သတိထားမှုများသည်လည်း အစအနမရှိပေ။ ထိုအထဲ၌ တည်ရှိနေသည်က သက်ဝင်လှုပ်ရှားမှုနှင့် အသက်ရှင်သန်ခြင်း ကင်းမဲ့နေပါသော ချောက်ကမ်းပါးသကဲ့သို့ တည်ငြိမ်ခြင်းတစ်ခုတည်းသာဖြစ်သည်။ ထိုတည်ငြိမ်ခြင်းတွင် ပိုင်ရှင်ဖြစ်သူက ဤလောကကြီး၏အကြောင်းအရာများကို အလုံးစုံသိရှိနေသဖြင့် မည်သည့်အရာကမှ သူ့ကိုတုန်လှုပ်စေနိုင်ခြင်းမျိုးမရှိတော့သည့် တည်ငြိမ်ခြင်းမျိုးဖြစ်သည်။


ထိုအခိုက်အတန့်၌ ကျင်းဆွေ့က တစ်ခုခုမှားယွင်းနေသည်ကို အလိုအလျောက် သတိထားမိသွားလေသည်။


သို့သော် မည်သည့်အရာက မှားယွင်းနေကြောင်းကို လက်ဆုပ်လက်ကိုင် မပြသနိုင်ခဲ့ပေ။


ထိုအချိန်၌ ကောင်ငယ်လေးက စကားပြောလာခဲ့သည်။


သူက ကျင်းဆွေ့အား တိတ်တဆိတ်စိုက်ကြည့်နေပြီး ထိုတည်ငြိမ်သည့်အကြည့်ထဲ၌ လှောင်ပြောင်သရော်သည့်အပိုင်းအစတို့က ခပ်ပါးပါး ပါဝင်နေသည်။ သူ၏နှုတ်ခမ်းသားများက ညင်သာစွာလှုပ်ရှားသွားသည်နှင့်အတူ အနိမ့်အမြင့်မရှိသော အသံသေတစ်ခုက ကောင်ငယ်လေး၏ပါးစပ်ဖျားမှ ထွက်ပေါ်လာသည်။

"အရှင်ဧကရာဇ်...အရှင့်ကို ဆက်ပြီးဖက်တွယ်မနေတော့ဘူးလို့...ကျွန်တော် ပြောခဲ့တာကို မေ့ပစ်လိုက်ပြီလား..."


ကျင်းဆွေ့၏မျက်နှာက သိသိသာသာကို ပြောင်းလဲသွားတော့သည်။


ကျင်းဆွေ့က သူ့အရှေ့ရှိ ကောင်ငယ်လေးကို ကြည့်လိုက်သည်။ စကားလုံးများက ငှက်မွေးလေးတစ်ချောင်းပမာ ပေါ့ပါးနူးညံ့နေသော်လည်း တစ်လုံးချင်းဆီက သူ၏နားထဲကို တူနှင့်ရိုက်ထုနေသလိုခံစားရကာ သူ့အား ချောက်နက်ထဲသို့ အလွယ်တကူ ထိုးချသွားသည့်အလားပင်။ 


အဲဒီစကားတွေကို ဘယ်လိုမေ့နိုင်မှာလဲ...


ငါ အဲဒီစကားတွေကို ဘယ်တော့မှ မေ့မိမှာမဟုတ်ဘူး...


ဟင့်အင်း...အဲဒါ အမှန်မဖြစ်နိုင်ဘူး...မဖြစ်သင့်ဘူး...


ကျင်းဆွေ့က သူ့ကိုယ်သူတွန်းအားပေးလျက် အက်ကွဲနေသော အသံဖြင့် မေးသည်။

"မင်း ဘာပြောလိုက်တာလဲ..."


ကျီလင်က ကျင်းဆွေ့အား အေးတိအေးစက် စိုက်ကြည့်လိုက်သည်။


သူက ဥပဒေနှင့်အညီ နေထိုင်သော လူငယ်တစ်ဦးဖြစ်ပြီး လူကြီးများကို လေးစားခဲ့ကာ ကလေးများကို စောင့်ရှောက်ခဲ့သည်။ သေဆုံးချိန်အထိ ချစ်သူဆိုသည်က မရှိခဲ့ပေ။ ကံကောင်းစွာဖြင့် ကောင်းကင်ဘုံက သူ့အား ဒုတိယအခွင့်အရေးပေးခဲ့ပြီး သူက ထိုအခွင့်အရေးကို အလွန်တန်ဖိုးထားခဲ့သည်။ သူက မစ်ရှင်ကို ပြီးမြောက်အောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့ပြီး တစ်နေ့နေ့တွင် နေအိမ်သို့ ပြန်သွားနိုင်မည်ဟု မျှော်လင့်ခဲ့သည်။


ဒါပေမဲ့ မင်း...အကုန်လုံးထဲမှာမှ မင်းက...ငါ့ကို အမြဲတမ်း ဆန့်ကျင်ခဲ့တယ်...မင်းက ဇာတ်ညွှန်းကို လိုက်နာဖို့ ငြင်းဆိုရုံတင်မကဘူး...ငါ့ကိုလည်း အေးအေးဆေးဆေးနေခွင့်မပေးဘူး...ငါ့မှာ မိန်းကလေးတစ်ယောက်ရဲ့လက်ကိုတောင် တစ်ခါမှမကိုင်ခဲ့ဖူးဘူးကွ...ဒါပေမဲ့ မင်းတို့တွေက ငါ့ကို လုပ်ဖို့ အတင်းဖိအားပေးနေကြတယ်...


အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဖြစ်ရမှာကွ...ငါ့ရဲ့ငြင်းပယ်မှုကို မင်းနားမလည်ဘူးလား...


မင်း ငါ့ကိုမကြိုက်ဘဲ မနေနိုင်ဘူးမလား...


ကောင်းပြီ...ဒါဆို အစကနေ ပြန်စကြတာပေါ့...


အခု ငါအရာအားလုံးကို မှတ်မိသွားပြီ... ငါအကုန်လုံးကိုသိနေတယ်...အဲဒါတောင် မင်းကငါ့ကို လွယ်လွယ်ကူကူချစ်တယ်လို့ ပြောနိုင်သေးလား...


မင်းတို့တွေ အားလုံးနားလည်အောင်လို့... ငါ၊ကျီလင်ကလည်း အေးစက်နိုင်ပြီး...အကြင်နာကင်းမဲ့နိုင်တယ်ဆိုတာ သက်သေပြမယ် ဟမ့်...


ကျင်းဆွေ့က ကောင်ငယ်လေး၏ အေးတိအေးစက်၊ ဆုံးဖြတ်ချက်ထားမှုနှင့် စိတ်ခံစားမှုကင်းမဲ့သော အကြည့်များကို ကြည့်နေမိသည်။ သူ၏ နှလုံးသားက အောက်ဆုံးအထိ ထိုးဆင်းသွားသော်လည်း ပြင်းထန်စွာ ရုန်းကန်နေဆဲဖြစ်သည်။ ဆို့နင့်နေသော အသံဖြင့် သူ ပြောလိုက်သည်။ 

"မင်း ပြောတာကို ကိုယ်နားမလည်ဘူး..."


ကျီလင်က ဖြည်းညင်းပြီး စာနာသနားမှုမရှိစွာ ရယ်မောလိုက်သည်။

"ဒါဆိုရင် အရှင့်ကို ထပ်ပြီးပြောပြရတာပေါ့...အရင်ဘဝက ခင်ဗျားကို ကျွန်တော်ပြောခဲ့တဲ့စကားကို..."


သူ၏မျက်ဝန်းက ကျင်းဆွေ့ဆီ၌သာ ရှိနေသည်။ ထိုလူ၏ အမူအရာ တဖြည်းဖြည်း ဆိုးရွားလာသည်ကို ကြည့်နေမိသည်။ ထို့နောက် စကားလုံးတစ်လုံးချင်းစီကို ကျီလင်က သေချာပြောလိုက်သည်။

"ကျွန်တော်ပြောခဲ့တာ...ခင်ဗျားကိုဆက်ပြီး ကပ်တွယ်မနေတော့ဘူး...ခင်ဗျားနဲ့နဥ်ယွီက ကောင်းကောင်းမွန်မွန် အတူတူ နေထိုင်သွားသင့်တယ်.."


ကျင်းဆွေ့၏ မျက်နှာက သွေးမရှိသည့်ပမာ ဖြူဖျော့သွားသည်။ ကျီလင် မျက်လုံးဖွင့်သည့်အခိုက်အတန့်မှစ၍ ကျင်းဆွေ့က တစ်စုံတစ်ခုကို သံသယရှိခဲ့သော်လည်း ယုံကြည်ရန် ငြင်းဆန်ခဲ့သည်။


သို့သော် ယခုတွင် ထင်ယောင်ထင်မှား အားလုံးကို ဖြိုခွဲပစ်လိုက်သည်။ 


နောက်ဆုံးတွင် ကောင်ငယ်လေးက သူ၏ ယခင်အတိတ်ဘဝက အေးစက်သည့် လျစ်လျူရှုမှု မှန်သမျှနှင့် ရက်ရက်စက်စက် သေဆုံးခဲ့ရသည်ကိုပင် မှတ်မိသွားပြီဖြစ်သည်။ 


သူက အမှားများအားလုံးကို ကောင်ငယ်လေး၏ ရှေ့မှောက်တွင် ထုတ်ပြခဲ့သည်။ အမှန်တရားကို ဖုံးကွယ်ရန် သို့မဟုတ် ဖြစ်ခဲ့ခြင်းမရှိဟု ဟန်ဆောင်ရန် နည်းလမ်းမရှိတော့ပေ။ သူက ဘာမှမသိသေးသော ကျီလင်ကို တဏှာကြီးစွာ ဖက်တွယ်၍ သူ၏ ပြည့်စုံသော စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ကိုယ်ကျိုးရှာရယူရန် ထပ်မံ၍ မကြိုးစားနိုင်တော့ပေ။


ကျင်းဆွေ့က ဝေဒနာပြင်းစွာဖြင့် သူ့မျက်ဝန်းများကို ပိတ်ချလိုက်သည်။ ဤအခိုက်အတန့်၌ သူဘာပြောရမည်ကိုမသိသလို သူ့ကိုယ်သူ မည်သို့ခုခံရမည်ကိုလည်း မသိချေ။ 


အဘယ့်ကြောင့်ဆိုသော် စကားလုံးတိုင်းက အဓိပ္ပါယ်ကင်းမဲ့နေလိမ့်မည်။


နောက်ဆုံးတွင် သူ့ပါးစပ်ကိုဖွင့်ဟလိုက်ပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။

"ကိုယ် မင်းကိုချစ်တယ်...အဲဒါက အမှန်တရားပါ..."


ကျီလင်က သူ့ကိုကြည့်ကာ အေးတိအေးစက်ပြုံးလိုက်သည်။ သူ၏မျက်ဝန်းထဲတွင် လှောင်ရိပ်များ ကိန်းအောင်းနေသည်။ 

"ခင်ဗျား ဘာလို့ ကျွန်တော့်ကိုကြိုက်တာလဲလို့ တွေးနေခဲ့တာ...ဒါကြောင့် ကားလို့စ် ပြောတာတွေကို ကျွန်တော် နားထောင်ခဲ့တယ်...ဒါပေမဲ့ အခုတော့ ကျွန်တော်ယုံသွားပြီ...ခင်ဗျားက ကျွန်တော့်ကို အသုံးချချင်တာလည်း မဟုတ်ဘူး...ခင်ဗျား မကြိုက်တဲ့သူကိုလည်း ဧကရီဘွဲ့ပေးစရာ မလိုဘူး...ကျွန်တော် တကယ်ကိုမယုံနိုင်သေးဘူး...ခင်ဗျား ကျွန်တော့်ကို တကယ်ချစ်နေတယ်ဆိုတာ..."


ကျီလင် စကားပြောသည့်အခါတိုင်း သူ၏မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်များ ပြေးလွှားနေခဲ့သည်။

"အရင်ဘဝက ခင်ဗျားကို ကျွန်တော်နက်နက်ရှိုင်းရှိုင်းချစ်ခဲ့တယ်...ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကိုပြန်လှည့်ကြည့်လာစေဖို့အတွက် မလုံလောက်ခဲ့ဘူး...ဒါပေမဲ့ အခု ဒီဘဝကျမှ...ခင်ဗျားက ကျွန်တော့်ကိုလာချစ်နေတယ်...ဒါက အံ့သြစရာမကောင်းဘူးလား..."



✨✨✨