Chapter 96
Viewers 15k

✨ Chapter 96

ပြန်လည်ရှင်သန်ခြင်း



ကျင်းဆွေ့က ထွက်သွားပြီဖြစ်သော်လည်း ကျီလင်က လှုပ်ရှားရန် သို့မဟုတ် စကားပြောရန်အတွက် ခွန်အားမရှိတော့ချေ။ 


အရေးအပေါ်အခြေအနေပြီးဆုံးသွားသော်လည်း နောက်တစ်ခါ ကျင်းဆွေ့က သူ့ကို'စိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင်'ကူညီရန် ဤနည်းလမ်းကို ထပ်၍ အသုံးပြုလာဦးမည်ဆိုပါက သူဘာလုပ်ရမည်မသိပေ။ ယနေ့၌ပင် သူက အတော်လေး ခုခံခဲ့ရပေသည်။ 


ထိုအတွေးများက ကျီလင်ကို စိုးရိမ်သောက ရောက်စေခဲ့သည်။ ဤတစ်ကြိမ်၌ ကျီလင်က အမှန်တကယ်ကို အစာစားချင်စိတ် ပျောက်ဆုံးနေခဲ့သည်။


နောက်တစ်နေ့ ညစာစားချိန်သို့ရောက်သည့်အခါ မဒမ်ရှမန်က ရောက်ရှိလာပြန်သည်။ သူမက ယမန်နေ့ညက အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်သည်။ သူမက ကျီလင်ကို တုံ့ဆိုင်းစွာဖြင့် ကြည့်နေသော်လည်း အဆုံးသတ်တွင် သူမက ဘာမှမပြောဘဲ သက်ပြင်းချလိုက်သည်။


ကျီလင်က လုံးဝ ခါးသီးပြီး မဖြစ်နိုင်သော အခြေအနေတွင် ရောက်ရှိနေသကဲ့သို့ ခံစားမိနေသည်။ သူက မိန်းမောနေရာမှ ရုတ်တရက်မေးလိုက်သည်။

"အန်တီရှမန်...အရှင်က ကျွန်တော့်ကို တကယ်ရော ချစ်ရဲ့လား..."


ကျီလင်၏ ရှားရှားပါးပါး စကားပြောချင်စိတ်ကြောင့် မဒမ်ရှမန်၏ မျက်ဝန်းတစ်စုံက ပျော့ပျောင်းသွားသည်။ သူမက ကြင်ကြင်နာနာနှင့် ပြန်ဖြေသည်။

"အင်း...သူ မင်းကို သိပ်ချစ်တာပေါ့..."


ကျီလင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုငုံ့ချလိုက်သည်။

ငါလည်း အခုမှယုံကြည်သွားတာ...ဒါပေမဲ့ အဲဒီခံစားချက်တွေကို ငါက ဘယ်လိုရင်ဆိုင်ရမှာလဲ...


သူ၏မစ်ရှင်ကို ထည့်မစဥ်းစားဘဲနှင့်ပင် သူ့ကိုအမှန်တကယ် နားလည်မှုမပေးနိုင်သည့်သူအား မည်သို့မျှ လက်မခံနိုင်ပေ။ သူက အမှန်တရားကို ထုတ်မပြောဝံ့ဘဲ ကျင်းဆွေ့နှင့် ဆက်ဆံရေးကို စတင်ရန် ရည်ရွယ်ချက်မရှိချေ။ 


စားသောက်နိုင်ခြင်း၊ အသက်ရှင်သန်နိုင်ခြင်းနှင့် အိမ်ကိုပြန်လည်ရောက်ရှိရန် ဆိုသည်က တစ်စုံတစ်ယောက်နှင့်ချစ်သူဖြစ်ခြင်းထက် ပို၍အရေးကြီးသည်။ 


ဤအချိန်တွင် အချစ်က သူ့စိတ်ထဲတွင် နောက်ဆုံးတွေးချင်သည့်အရာဖြစ်သည်။ 


ကျီလင်က စိတ်မချမ်းမြေ့စွာ ပြောလိုက်သည်။ 

"ဒါပေမဲ့ သူအရင်က ကျွန်တော့်ကိုမကြိုက်ပါဘူး...ဘာလို့ အခုမှလဲ..."


မဒမ်ရှမန်က သူ၏ခေါင်းကိုညင်သာစွာပုတ်ကာ ကြင်ကြင်နာနာပြောသည်။

"ချစ်ခြင်းမေတ္တာက တစ်ခါတလေမှာ ယုတ္တိမကျဘူး...ဥပမာ-အန်တီဆိုရင် မင်းကိုချစ်တယ်လေ...ဘာလို့လဲဆိုရင် မင်းကအချစ်ခံရဖို့ ထိုက်တန်လို့ပဲ..."


ကျီလင်၏ မျက်ဝန်းက မျက်ရည်များပြည့်လာသည်။

ဒါပေမဲ့ အန်တီရဲ့အချစ်နဲ့ သူ့အချစ်ဆိုတာက လုံးဝကိုအကွာကြီးကွာတယ်လေ...


ကျီလင်အား အချိန်အကြာကြာ အဖော်ပြုပေးပြီးနောက် မဒမ်ရှမန်က ပြန်ထွက်သွားသည်။ 


ကျီလင်က စိတ်ပျက်လက်ပျက်နှင့် သူ့အခန်းကို ပြန်လာခဲ့သည်။ ယနေ့ စားသောက်ရန် အစားအသောက်များ ပုံမှန်ရှိနေသော်လည်း သူက စိတ်သက်သာရာမရရှိခဲ့ချေ။ လမ်းပျောက်ပြီး အကူအညီမဲ့နေသကဲ့သို့ ခံစားနေရစဥ် သူ့စိတ်ထဲတွင် ရင်းနှီးပြီးကျွမ်းဝင်သော အသံတစ်ခုက ချက်ချင်းပေါ်လာခဲ့သည်။ 


စနစ်-[မင်း အဆင်ပြေလား... ထိခိုက်ထားသေးလား...]


ကျီလင်က ပျော်ရွှင်မှုကြောင့် ငိုမိလုနီးပါး ဖြစ်သွားသည်။ သူက အမြန်ဆုံး မေးလိုက်သည်။

[မင်း ငါ့ရဲ့မစ်ရှင်ကို ပြောင်းလဲပေးနိုင်ခဲ့ပြီလား...]


စနစ်-[...]


စနစ်၏ တိတ်ဆိတ်မှုကိုမြင်တွေ့သည့်အခါ ကျီလင်၏အကြည့်တို့က မည်းနက်သွားသည်။ 

[မလုပ်နိုင်ခဲ့တာလား...]


စနစ်က နှေးကွေးစွာ ပြန်ဖြေသည်။

[အဲဒီလိုတော့လည်း မဟုတ်ပါဘူး...ဆုံးဖြတ်ချက်က မကျရောက်လာသေးတာ...ငါ တင်ပြထားပြီးပြီဆိုပေမဲ့ မင်းသိလောက်မှာပါ ကမ္ဘာပေါင်းများစွာကို ကြီးကြပ်တဲ့ ကမ္ဘာကြားစီမံခန့်ခွဲရေးရုံးကို...သူတို့ရဲ့လုပ်ထုံးလုပ်နည်းတွေက ရှုပ်ထွေးပြီး ပင်ပန်းစရာကောင်းတယ်...အဆင့်မြင့်အရာရှိတွေက အရမ်းအလုပ်များပြီး မင်းရဲ့လျှောက်လွှာကိုစစ်ဆေးဖို့ကလည်း...အဆင့်အများကြီးကို ကျော်ဖြတ်ရဦးမယ်...မင်းရဲ့ ထူးခြားတဲ့အခြေအနေကို ထည့်စဥ်းစားကြည့်ရင်...စုံစမ်းစစ်ဆေးမှုတွေ၊ အစည်းအဝေးတွေ၊ ဆွေးနွေးမှုတွေ၊ မဲခွဲမှုတွေနဲ့ နောက်ဆုံးမှာ...တရားဝင်ခွင့်ပြုချက်တွေ လိုအပ်နေဦးမယ်...အချိန်က အတော်ယူရဦးမှာ...]


ကျီလင်-[...]


စနစ်က အနေရခက်မှုကို ခံစားမိလျက် ကျီလင့်ကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။

[ဒါပေမဲ့...ခွင့်ပြုချက်ရနိုင်ချေက များလောက်ပါတယ်...ဒါက မင်းရဲ့အပြစ်မှ မဟုတ်တာ...]


ကျီလင်က ပြုံးရန်ပင် အားအင်မရှိတော့ချေ။


သို့သော် သူက မျှော်လင့်ချက်မပျောက်စေရန် ကိုယ့်ကိုယ်ကို တွန်းအားပေးလိုက်သည်။ ရလဒ်များက မထွက်လာသေးချေ။


ဖြစ်နိုင်တာ...ဖြစ်နိုင်တာက ငါ့အတွက်အခွင့်အရေးတော့ ရှိလောက်ဦးမယ်မလား...


မျှော်လင့်ချက် မီးတောက်လေးတစ်ခု သူ၏နှလုံးသားထဲ၌ တောက်လောင်လာသည်။ 


နောက်ဆုံးအချိန်ထိ...ငါလက်လျှော့ဖို့ကို ငြင်းဆန်တယ်ကွ...


စိတ်တည်ငြိမ်သွားသည့်အခါ ကျီလင်က မေးလိုက်သည်။

[ဒါဆို မင်းက ဘာလို့အခုမှပြန်လာတာလဲ...]


စနစ်-[ငါ မင်းကိုသတိရလို့ပေါ့...မင်းနဲ့နောက်ဆုံးအကြိမ် တွေ့ရဖို့ကို မလွဲသွားချင်လို့လေ...]


ကျီလင်က စနစ်ကိုသူပြောခဲ့သည့် သူ၏နောက်ဆုံးစကားများကို ပြန်သတိရသွားပြီး အတင်းအကျပ် ပြုံးလိုက်သည်။ 

[ကျေးဇူးတင်ပါတယ်...]


စနစ်-[ရပါတယ်...ငါလည်း မင်းကို ဘာမှမကူညီနိုင်ခဲ့ဘူးလေ...အဲတော့ မင်းကိုအဖော်ပြုပေးဖို့ ဒီမှာနေလိုက်ဦးမယ်...]


ကျီလင်၏နှလုံးသားထဲ အနည်းငယ် ခံစားသွားရသည်။

[စနစ် QAQ]


စနစ်က တုန်လှုပ်သွားသည်။

[...]


ဘာဖြစ်နေတာလဲ...ငါ့ရဲ့ပိုင်ရှင်က စိတ်လွတ်သွားပြီလား...မစ်ရှင်တွေက အဲဒီလောက်တောင် ခက်ခဲလွန်းနေတာများလား...


.........


ရက်အနည်းငယ်ကြာသည့်အခါ သူ၏ပိုင်ရှင် ထိုသို့ပြုမူနေရသည့်အကြောင်းကို စနစ်က နားလည်သဘောပေါက်သွားသည်။ ၎င်းက အမှန်တကယ်ကို ခက်ခဲကြမ်းတမ်းလွန်းသည့် ဖြစ်ရပ်တစ်ခုပင်။ 


ကျီလင်နှင့်အတူ အချိန်ကြာမြင့်စွာ အတူတူရှိခဲ့ဖူးသောကြောင့် စနစ်က ကျီလင်၏ အစားအသောက်နှင့် ပတ်သက်သော စိတ်ဝင်စားမှုကို ကောင်းစွာသိရှိနေသည်။ ကမ္ဘာမြေပေါ်တွင် သူက တစ်နေကုန် အိမ်တွင်နေထိုင်ရင်း အဆက်မပြတ် စားသောက်နေနိုင်သည်။ 


သူက ကမ္ဘာမြေတွင် ဤကမ္ဘာကဲ့သို့ ထူးခြားသော အစားအသောက်များ မရှိသည့်အတွက် မကြာခဏ စိတ်မကောင်းဖြစ်ခဲ့သည်။


ဤမသိကျွမ်းသော ကမ္ဘာတွင် အစားအသောက်က သူ၏ ပျော်ရွှင်မှုရင်းမြစ်တစ်ခု ဖြစ်လာခဲ့သည်။


သို့သော် ယခုအခါ နေ့စဉ် ထူးခြားသော အစားအသောက်များစွာနှင့် ရင်ဆိုင်နေရသော်လည်း ကျီလင်က စိတ်ပျော်ရွှင်မှုမရှိသည့် ပုံစံဖြင့် စားသောက်ရန် ဟန်ဆောင်နေရသည်။ ထို့အပြင် သူ၏ အစားအသောက်များကို အဆိပ်ခတ်ထားမလားဟူ၍လည်း စိုးရိမ်ပူပန်နေရသည်။ ဤသို့သော ကံကြမ္မာဆိုးက စနစ်ပင် သနားချင်မိလောက်အောင် ဖြစ်နေသည်။


တစ်ရက်တွင် စနစ်က ပြောသည်။

[အရှုံးပေးလိုက်ပါလား...ယောက်ျားတစ်ယောက်နဲ့ တစ်ညပဲလေ...သည်းခံလိုက်ရင် ပြီးသွားမှာပါ...]


ကျီလင်၏မျက်နှာက ပိန်ချုံးနေပြီး သူ့အသံက အသက်ရှူမှုအားပျော့သွားကာ ပြောသည်။

[လူတစ်ယောက်နဲ့ တစ်ညတာပဲတဲ့လား...အခုက ထွက်ပေါက်မရှိတော့ဘူးကွ...ငါ့ရဲ့ သဘောထားကိုသာ ရုတ်တရက်ပြောင်းလဲလိုက်ပြီး...ကျင်းဆွေ့ကို သံသယဖြစ်စေမယ်ဆိုရင်...သူ့လို ဂုဏ်သိက္ခာရှိတဲ့သူက ငါ့ဆီက လိမ်ညာခံရတာကို...သည်းခံနိုင်မယ်ထင်လား...]


စနစ်က တစ်ခဏ စဥ်းစားပြီးနောက် ပြန်ဖြေသည်။

[သေချာပေါက်...မထင်ဘူး...]


ကျီလင်က ပြောလိုက်သည်။ 

[အတိအကျပဲလေ...အကယ်လို့ ငါ့ရဲ့သရုပ်မှန်သာ ပေါ်သွားခဲ့မယ်ဆိုရင် သူက ငါ့ရဲ့အလိမ်အညာတွေကို သည်းမခံရုံတင်မကဘူး...ငါ့လို အပြင်လူတစ်ယောက်ကြောင့် ဒီကမ္ဘာကြီးရဲ့လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ပစ်လိုက်မှာ...ဒါကြီးက တကယ်ကပ်ဆိုက်ကုန်တော့မှာကွ...]


ထိုစကားများကို ကြားပြီးနောက် စနစ်က တုန်လှုပ်သွားသည်။

[မင်းပြောတာမှန်တယ်...သူ ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို သိသွားလို့မဖြစ်ဘူး...]


ကျီလင်က သက်ပြင်းရှည်ကြီးချလိုက်ပြီး ခုတင်ပေါ်သို့ လူသေတစ်ကောင်အလား လှဲချလိုက်သည်။


စနစ်က တိတ်ဆိတ်သွားသည်။


သနားစရာကောင်းလိုက်တဲ့ ငါ့ပိုင်ရှင်...


ကျီလင်က မျက်နှာကြက်ကို စိုက်ကြည့်နေသည်။ သူ၏ ပုံစံအမှန်ကို မဖော်ထုတ်မိစေရန် ကာကွယ်ခြင်းက အဓိကအကြောင်းရင်းဖြစ်သော်လည်း ယောက်ျားတစ်ယောက်နှင့် တစ်ညတာဖြတ်သန်းရခြင်းကလည်း ပြဿနာကြီးတစ်ခုဖြစ်သည်။


ငါ သဘောမတူနိုင်ဘူး...သေသွားရမယ်ဆိုရင်တောင် ငါဒါကို လုံးဝသဘောမတူနိုင်ဘူးကွ...


သဘောမတူနိုင်သောကြောင့် သူလုပ်နိုင်သည့်အရာက အောင့်အည်းသည်းခံရန်သာ ဖြစ်သည်။


.........


တစ်ရက်တွင် ကျီလင်က သူ့အခန်းထဲက ထွက်လာပြီး မျက်လုံးများကို ပွတ်သပ်ရင်း နန်းတော်က အလှဆင်မှုများနှင့် စည်ကားနေသည်ကို သတိထားမိလိုက်သည်။ သူချက်ချင်း ပဟေဠိဖြစ်သွားရသည်။ 


သူ၏ဇာတ်ကောင်က စိတ်ပျက်အားငယ်နေသောအခြေအနေကို ဟန်ဆောင်ထားရသောကြောင့် မေးခွန်းများစွာ မမေးသင့်သော်လည်း သူမမေးမြန်းဘဲ မနေနိုင်ဖြစ်နေရာ အစေခံတစ်ဦးအား တားကာ မေးလိုက်သည်။

"ဒါတွေက ဘာအတွက်လဲ..."


အစေခံက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ယဥ်ကျေးစွာပြန်ဖြေသည်။ 

"ဧကရာဇ်က သခင်လေးနဲ့မင်္ဂလာပွဲကျင်းပတာကို...ကြေညာဖို့အတွက် နန်းတော်အတွင်းမှာ အခမ်းအနားကျင်းပဖို့စီစဥ်နေတာပါ...မကြာခင်မှာ သခင်လေးကို ဧကရာဇ်ရဲ့ဧကရီဆိုပြီး...ကျွန်တော်တို့က ခေါ်ဆိုရတော့မှာပါ..."


ကျီလင်၏မျက်ဝန်းက တုန်လှုပ်သွားကာ မေ့မျောလုနီးပါးဖြစ်သွားရသည်။ 


ဘ...ဘာ...


ဒီလိုလက်ထပ်မဲ့ကိစ္စလိုမျိုး အရေးကြီးတဲ့အရာကို...ဘာလို့ငါ့ကို ဘယ်သူကမှ လာသတိမပေးခဲ့ကြတာလဲ...


ကျီလင်က ဤအတိုင်း ထိုင်မနေနိုင်တော့ချေ။ ကျင်းဆွေ့ကို မျက်နှာချင်းဆိုင်ရန် သတ္တိမရှိသောကြောင့် သူက မဒမ်ရှမန်ထံကိုသာ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။


ကျီလင်က ဤရက်ပိုင်းအတွင်း သူ၏နန်းတော်မှ ပထမဆုံးအကြိမ် ထွက်ခွာလာခြင်းဖြစ်သည်။ မဒမ်ရှမန်က သူ့ကိုတွေ့ရသည်ကို အလွန်ဝမ်းသာသွားကာ နွေးထွေးစွာ မေးမြန်းလာသည်။

"ရှောင်လင်...ဘာကိစ္စရှိလို့လဲ..."


ကျီလင်၏ မှုန်မှိုင်းမှိုင်းမျက်လုံးများက သူမကိုကြည့်ကာ မယုံနိုင်စရာများ သူ့မျက်နှာအနှံ့တွင် ပြည့်နှက်နေလျက် ပြောလိုက်သည်။

"အရှင်က ကျွန်တော်နဲ့သူမင်္ဂလာဆောင်မယ့် အစီအစဉ်ကို...ကြေညာမယ်လို့ သိလိုက်တယ်...ဒါပေမဲ့ အဲဒီအကြောင်းကို ကျွန်တော်လည်း မသိလိုက်မိပါလား..."


မဒမ်ရှမန်က သဘောကျစွာ ပြုံးလိုက်သည်။

"သြော် အဲဒါကလား..အန်တီတို့က မင်းကို အနှောင့်အယှက်မဖြစ်စေချင်လို့ ကြိုတင်မပြောပြခဲ့တာပါ... စိတ်မပူပါနဲ့ ဧကရာဇ်က အရာရာကို စီစဥ်ဆောင်ရွက်ပေးလိမ့်မယ်...မင်းရဲ့မင်္ဂလာဆောင်ကို သူက ခမ်းခမ်းနားနားကျင်းပပေးလိမ့်မယ်..."


ကျီလင်က အမောတကောဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော်မှ အရှင့်ကို လက်မထပ်ချင်တာ..."


မဒမ်ရှမန်က သူ့ခေါင်းကို ချစ်ခင်စွာပုတ်ပေးပြီး ပြောလာသည်။

"မင်း ဘာကိုစိုးရိမ်နေတာလဲ အန်တီနားလည်ပါတယ်...ဒါပေမဲ့ စိတ်မပူပါနဲ့...မင်းဘာကို ကြုံတွေ့ခဲ့ရပါစေ မင်းက အန်တီရဲ့အဖိုးတန်တဲ့ကလေးပဲ...ကျင်းဆွေ့က မင်းကို အရမ်းမြတ်နိုးပါတယ်...တကယ်လို့ မင်းကို သူနဲ့မထိုက်တန်ဘူးလို့ ပြောဆိုရဲတဲ့သူရှိရင်...အန်တီကိုယ်တိုင် သူတို့နဲ့ရင်ဆိုင်လိုက်မယ်...ဧကရီဖြစ်ဖို့က မင်းထက် ပိုသင့်တော်တဲ့သူဘယ်သူရှိမှာလဲ..."


ကျီလင် "..."


မဒမ်ရှမန်က ဆက်ပြီး ပြောသည်။

"အန်တီ ဒီနေ့ရောက်လာဖို့ကို ဘယ်လောက်အထိစောင့်နေခဲ့ရသလဲ...သိပ်မကြာခင်မှာပဲ မင်းက အန်တီ့ကို'အမေ'လို့ခေါ်ရတော့မယ်..."


ကျီလင် "..."


သူက မဒမ်ရှမန်၏နန်းတော်မှ မိန်းမောစွာဖြင့် ထွက်ခွာလာခဲ့သည်။


အဲဒီတော့ ဒါတွေအားလုံးက ငါ့အတွက်လုပ်ပေးတာလား...ဒါက ငါလိုချင်တဲ့အရာ၊ ငါ့ကို သက်သောင့်သက်သာနဲ့ ကျေနပ်စေမယ့်အရာဆိုပြီးတော့လေ..ဒါပေမဲ့ လုံးဝမဟုတ်ဘူး...နည်းနည်းလေးတောင် မနီးစပ်ဘူးကွ...


ငါ ရှင်းရှင်းလင်းလင်း သေချာငြင်းဆန်ခဲ့တာက မလုံလောက်သေးဘူးလား...


ကျီလင်က လုံးဝကို တရားမျှတမှုမရှိဟု ခံစားရသည်။ သူ့ကို နားလည်မှုမရှိသော ဂြိုဟ်သားများ ဝန်းရံထားသည့် ကမ္ဘာမြေသားတစ်ဦးသဖွယ် ခံစားရသည်။ ကမ္ဘာမြေသားများက ပန်းသီးကိုကြိုက်နှစ်သက်သော်လည်း ဤဂြိုဟ်သားများက သူ့ကို ချစ်စရာကောင်းသည်ဟု ထင်မြင်ကြပြီး သူက ငှက်ပျော်သီးကို ကြိုက်နှစ်သက်သည်ဟုထင်နေကြကာ သူတို့၏ အဖိုးတန်ဆုံး ငှက်ပျောသီးများကို သူ့အား အတင်းကျွေးနေကြသည်။


သူက ငှက်ပျောသီးကို မကြိုက်သော်လည်း လက်ခံရုံကလွဲပြီး ဘာမျှမတတ်နိုင်ချေ။ ဂြိုဟ်သားတစ်ဦးထံမှ စားပါက ကျန်သူများ မနာလိုဖြစ်ကြသည်။ နောက်တစ်ဦးထံမှ စားပါကလည်း ကျန်သူများက စိတ်ဆိုးသွားကြသည်။သူတို့အားလုံးကို ငြင်းဆိုပါက သူက အသတ်ခံရနိုင်သည်။ 


သူက မည်သူ့ကိုမှ မလိုချင်ဘဲ အိမ်ကိုပြန်ချင်ရုံသာဖြစ်သည်။ သို့သော် လူတိုင်းက သူ့ကို ရွေးချယ်ရန် တွန်းအားပေးနေကြသည်။


ကျီလင်က သူတို့၏ အမှားမဟုတ်မှန်းသိသည်။ သူ၏ လုပ်ဆောင်ချက်များကလည်း အခန်းကဏ္ဍတစ်ခုမှာပါဝင်သည်။ သူက တိကျသေချာသော ဇာတ်ကောင်ကို သရုပ်ဆောင်ထားပြီး ဇာတ်ရုပ်ကို မစွန့်လွှတ်နိုင်သလို သူ့ကိုယ်ပိုင်စရိုက်နှင့်လည်း မနေထိုင်နိုင်ချေ။ 


ဒါပေမဲ့ ငါဒီလောက် စိတ်ပျက်ဖို့ကောင်းပြီး ဆိုးဆိုးရွားရွား သရုပ်ဆောင်ပြထားတာတောင်မှ...ဘာလို့ ငါ့ကိုလာပြီးကြိုက်နေကြသေးတာလဲ...ငါတကယ်ကို နားမလည်နိုင်တော့ဘူး...


ကျီလင်က အိမ်အပြန်လမ်း၌ ဥယျာဉ်ကိုဖြတ်သွားမိစဥ် တစ်ဖက်တစ်ချက်စီ၌ အစုလိုက်ဝင့်ကြွားစွာပွင့်နေသော နီနီရဲရဲပန်းများကို မြင်လိုက်ရသည်။ ရေစက်ကလေးများဖြင့် စိုစွတ်နေသောပွင့်ဖတ်များနှင့် ပန်းများက နူးညံ့သိမ်မွေ့သော လုံးဝန်းစွာပွင့်သည့်နှင်းဆီပန်းနှင့် အလားတူ၍ အံ့ဩဖွယ်ရာကောင်းသည်အထိ လှပနေလေသည်။ သို့သော် ၎င်းတို့၏အရောင်က ဖောက်ထွင်းမြင်နိုင်သည်အထိ ကြည်လင်လွန်းလှသဖြင့် အစစ်အမှန်မဟုတ်ဟုပင် ထင်မြင်စေနိုင်သည်။


ကျီလင်က ကမ္ဘာ့စကြဝဠာ အင်တာနက်ကို ကြည့်ရှုခဲ့သည့် အချိန်ကာလအတွင်း အွန်လိုင်းပေါ်တွင် ဖတ်ခဲ့ဖူးသည့် အရာတစ်ခုကို ချက်ချင်းပင် သတိရလိုက်မိသည်။ ထိုအချိန်၌ သူက စိတ်ပျော်ရွှင်မှုကင်းမဲ့နေပြီး ရုပ်ရှင်များ၊ ဖိုရမ်ပို့စ်များ၊ စကြဝဠာနှင့်ပတ်သက်သည့် သိပ္ပံပညာရှင်များ၏ သိမြင်မှုများကို များစွာ ဖတ်ရှုခဲ့သည်။ ၎င်းတို့၏ အလှတရားကို မမေ့နိုင်သောကြောင့် ဤပန်းများက သူ့စိတ်ထဲတွင် ထာဝရ စွဲထင်နေခဲ့သည်။ 


၎င်းတို့ကို ကြယ်ရောင်မျက်ရည်ဟု ခေါ်ဆိုပြီး ယခုအခါ ရှားပါးပြီး တွေ့မြင်ရသည်ထက် ပျောက်ကွယ်လုနီးပါး သက်ရှိမျိုးစိတ်တစ်ခုဖြစ်သည်။ ကျီလင်က နန်းတော်ဥယျာဉ်တွင် ထိုပန်းအချို့ပေါက်ရောက်နေသည်ကိုလည်း တွေ့ရှိရသောအခါ အံ့အားသင့်သွားသည်။


ထိုပန်းများသာဆိုပါက မထိခိုက်နိုင်ပါသော်လည်း သီးခြားငါးမျိုးစိတ်တစ်ခုနှင့်အတူ စားသုံးသောအခါ သေစေသော အဆိပ်အတောက်ဖြစ်လာစေသည်။


မန်လိုငါးက ရှန်းယွင်ကြယ်၏ အေးခဲသည့် ရေခဲမြို့တော်များတွင်သာ တွေ့ရှိရသော အစားအစာဖြစ်သည်။ ၎င်းက အလွန်အရသာရှိသော်လည်း ပုံမှန်လူများအတွက် ရရှိနိုင်သော အစားအစာမဟုတ်ပေ။


ဤအရာနှစ်ခုစလုံးက အလွန်ရှားပါးသည်။ လူများစွာက ၎င်းတို့ကို တစ်သက်တာတွင် တစ်ကြိမ်တစ်ခါ မမြင်ဖူးကောင်းမြင်ဖူးနိုင်သည်။ ထို့ကြောင့် ထိုအသိပညာက လူသိများခြင်းမရှိပေ။ ကျီလင်က တိုက်ဆိုင်မှုကြောင့်သာ တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။ 


တိုက်ဆိုင်စွာပင် ကျီလင်က နေ့စဉ်နီးပါး ညစာအဖြစ် မန်လိုငါးကိုသာ စားသုံးခဲ့ရသည်။ ၎င်းကို ပထမဆုံးစားသုံးခဲ့သည့် အချိန်ကတည်းက သူ၏ အကြိုက်ဆုံးဟင်းလျာများထဲမှ တစ်ခုဖြစ်လာသည်။


ကျီလင်က ခဏမျှ တွေဝေနေသည့်အတိုင်း သူ၏မျက်နှာထား ပြောင်းလဲသွားသည်။ ထို့နောက် သတိထားစွာဖြင့် လူတစ်ဦးမျှမရှိကြောင်း သေချာစေပြီးနောက် ပန်းနှစ်ပွင့်ကို အမြန်ဆုံး ဆွတ်ခူးကာ သူ၏အခန်းသို့ ပြန်လာခဲ့သည်။


အခန်းအတွင်းသို့ ရောက်သည့်အခါ သူက အခန်းတံခါးကိုသေချာပိတ်လိုက်ပြီး စနစ်ကို တိုးညင်းစွာ မေးလိုက်သည်။ 

[ဒါကိုစစ်ကြည့်ပေးပါ...ဒီပန်းတွေကို မျိုချမိရင် သေစေနိုင်မဲ့ပမာဏ ဘယ်လောက်ထိရှိလဲ...]


စနစ်က ထိတ်လန့်တုန်လှုပ်သွားကာ အော်ဟစ်ပြောဆိုလာသည်။

[မဟုတ်တာတွေလျှောက်မလုပ်နဲ့...ဘဝက အဖိုးတန်တယ်နော်...တန်ဖိုးထားပါကွ...]


ကျီလင်-[ငါကိုယ့်ငါ သတ်သေဖို့မဟုတ်ပါဘူးကွ...အဲဒါကြောင့် မင်းကိုစစ်ဆေးကြည့်ပေးဖို့ မေးနေတာပေါ့...]


စနစ်-[…]


ကျီလင်-[ဒီပန်းက မန်လိုငါးနဲ့အတူ စားရင် အဆိပ်အတောက်ဖြစ်နိုင်တယ်လို့ ငါသိထားပေမဲ့...တိကျတဲ့ ပမာဏ ဒါမှမဟုတ် အသေးစိတ်အချက်အလက်တွေကိုတော့ ငါမသိထားဘူး...တကယ်လို့ လွန်လွန်ကဲကဲစားမိသွားရင် သေသွားနိုင်မှာကို ငါစိုးရိမ်လို့... ဒါကြောင့် မင်းစစ်ဆေးကြည့်ပေးဖို့ လိုအပ်တယ်...]


စနစ်က ပိုင်ရှင် မိမိကိုယ်ကို သတ်သေရန် ကြိုးစားနေခြင်းမဟုတ်ကြောင်း သိရှိရသောအခါ ကျေးဇူးတင်စွာ သက်ပြင်းချလိုက်သည်။ 

[မင်းက ကိုယ့်ကိုယ်ကို သေချင်ယောင်ဆောင်ဖို့ စီစဉ်နေတာလား...]


ကျီလင်၏မျက်ဝန်းက တဖြတ်ဖြတ်တောက်ပသွားသည်။ 

[မင်း သဘောပေါက်သားပဲ...]


ပိုင်ရှင်၏ပုံစံက မည်မျှ သနားစရာကောင်းသည့်ပုံပေါက်သည်ကိုကြည့်ကာ သူက အမှန်တကယ် သတ်သေလိုခြင်းမဟုတ်ကြောင်း စိတ်ချသွားသောကြောင့် စနစ်က ထပ်ပြီးငြင်းခုံမနေတော့ချေ။ သေချင်ယောင်ဆောင်သည်က သူ့ကို ထိုလူများထံမှ ခေတ္တလွတ်မြောက်စေမည်ဆိုလျှင် ဤသည်က ဆိုးရွားသည့် အကြံအစည်တစ်ခုဟု မထင်မိပေ။


စနစ်က ပြောသည်။

[ခဏစောင့်...]


တစ်ခဏအကြာ၌ စနစ်က ပြန်ပေါ်လာသည်။

[မင်းရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေအရ...ပန်းပွင့်တစ်ဝက်ကျော်ကိုပဲ စားတာက အသက်ဆုံးရှုံးလိမ့်မယ်...အဲဒီထက်နည်းရင်တော့ မင်းရဲ့အသက်ကို ဆက်ပြီးထိန်းချုပ်နိုင်သေးတယ်...]


ကျီလင်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

[ငါသိပြီ...]


သူက သူ့ရှေ့တွင်ရှိသော နီနီရဲရဲပန်းကို ငေးကြည့်နေပြီး သူ၏မျက်လုံးများတွင် ပဋိပက္ခများ ပြည့်နေသည်။ ကြာရှည်စွာ စိတ်ပိုင်းဖြတ်မှုပြီးနောက် သူက ဆုံးဖြတ်ချက်တစ်ခုချမှတ်လိုက်သည်။


မစ်ရှင်ကို မပြီးမြောက်နိုင်မှတော့ ငါလည်း ဘာမှဂရုမစိုက်နိုင်တော့ဘူး...


အဲဒီတော့ မင်းတို့အားလုံးက ပြန်လည်မွေးဖွားလာကြတယ်မလား...


မင်းတို့အားလုံးက ငါ့ကို ချစ်ကြောင်း ပြောနေကြတယ်မလား...


အရာအားလုံးကို ပြန်ပြီးပြင်ဆင်ချင်ကြတယ်မလား...


မင်းတို့အားလုံးက...ဇာတ်လမ်းအတိုင်း မလိုက်နာကြတော့...ကြည့်စမ်းပါဦး...ဒီကမ္ဘာကြီး ပျက်စီးနေပုံကို...မင်းတို့က ပြန်လည်မွေးဖွားလာတာရဲ့ အားသာချက်ကို အသုံးချကြပြီးတော့ ငါ့ကိုအနိုင်ကျင့်နေကြတာပဲ...


ဒီလိုဆိုမှတော့ ငါကရော စားပွဲကို မမှောက်ပစ်နိုင်ဘူးလို့များ ထင်နေလား...


ကောင်းပြီလေ...တစ်ယောက်နဲ့တစ်ယောက် နာကျင်အောင်လုပ်ကြတာပေါ့...


အဆိုးဆုံးကတော့...ငါတို့တွေ တန်းတူညီမျှဖြစ်လာပြီးတော့...တရားမျှမျှတတနဲ့ ယှဥ်ပြိုင်နိုင်ကြမှာပဲ...



✨✨✨