✨ Chapter 100
မကြာမီအချိန်တွင် ကျီလင်က သူ့အိမ်တံခါးဝတွင် တစ်ဖန် ပြန်ရပ်နေပြီဖြစ်သည်။ ဘရန်ဒန်က သူ့မျက်လုံးထဲသို့ စိုက်ကြည့်ပြီး စေတနာအပြည့်ဖြင့် ပြောသည်။
"အခုအချိန်မှာ အိမ်ထဲမှာပဲ နေနေပါ...ကိုယ့်လူတွေကို ဒီနေရာကို လှည့်ပတ်ပြီးတော့ စောင့်ကြည့်ခိုင်းထားမယ်..."
ကျီလင်က သူ့ကို ဂရုမစိုက်ဘဲ လှည့်ထွက်သွားသည်။
ဘရန်ဒန်က ကောင်ငယ်လေး၏ နောက်ပြန်လှည့်သွားသည့် ပုံရိပ်ကို ကြည့်နေသည်။ စိုးရိမ်မှုနှင့် ဝမ်းနည်းမှုတို့က သူ့မျက်လုံးများထဲတွင် ဖြတ်ခနဲ ပြေးသွားပြီးနောက် သူ၏ မျက်နှာက တစ်ဖန် တင်းမာသွားသည်။
ကားလို့စ်က ဂုဏ်သိက္ခာကို ဂရုစိုက်သရွေ့ သူက အင်ပါယာကြယ်ပေါ်တွင် လူတစ်ဦးကို ထင်ရှားစွာ ဖမ်းချုပ်မည်မဟုတ်ပေ။ ထို့အပြင် သူက ယခုအခါ ကျင်းဆွေ့နှင့် သူ၏ တိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အလုပ်များနေသောကြောင့် ကျီလင့်အား စိတ်အနှောင့်အယှက်ပေးရန် အချိန်နည်းပါးသည်။ အကယ်၍ သူက မဆင်မခြင် ပြုမူပါက ကျင်းဆွေ့က သူ့ကို ပစ်မှတ်ထားရန် နောက်ထပ် ဆင်ခြေတစ်ခု ပေးရုံသာဖြစ်သည်။
သို့သော် သတိကြီးစွာ ဆောင်ရွက်ရန် လိုအပ်သည်။ သေချာစွာ စဉ်းစားပြီးနောက် ဘရန်ဒန်က ကျီလင်၏ ဘေးကင်းရေးအတွက် ဒေသအတွင်းရှိ စောင့်ကြပ်သူများကို တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။
ဤသို့ဖြင့် ကားလို့စ်က လှုပ်ရှားမှု ပြုလုပ်လျှင်ပင် ဘရန်ဒန်က သူ့ကို ကယ်ဆယ်ရန် အချိန်အလုံအလောက် ရရှိမည်ဖြစ်သည်။
နောက်ဆုံးတွင် သူက ကျီလင်ကို နန်းတော်မှ ခေါ်ထုတ်လာသောကြောင့် သူ့(ကျီလင့်)ကို ဘေးကင်းစွာ ထားရှိရန်က သူ၏ တာဝန်ဖြစ်သည်။
.........
ကျီလင် အိမ်ပြန်ရောက်သောအခါ အစေခံများက သူ့ကို မြင်တွေ့ပြီး အံ့အားသင့်ကာ အမြန်ပြေး၍ ဤသတင်းကို သွားရောက် တင်ပြကြသည်။
မကြာမီ၌ မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာက သူ့ကို ကြိုဆိုရန် အပြေးအလွှား ထွက်လာကြသည်။
မိသားစု၏ အကြီးအကဲဖြစ်သော မြို့စားကြီးကျီထင်က တည်ငြိမ်အေးချမ်းဟန် ပုံပေါက်သော်လည်း သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုကို ဖုံးကွယ်နိုင်ခြင်း မရှိပေ။ သူက လည်ချောင်းကို သက်သာစေရန် ချောင်းဟန့်လိုက်ပြီး ပြောသည်။
"သား မင်းနောက်ဆုံးတော့ ပြန်လာပြီပဲ..."
မဒမ်မာရီနာက မျက်ရည်များ စီးကျနေသော မျက်ဝန်းများဖြင့် ကျီလင်ကို တင်းကျပ်စွာ ဖက်ထားသည်။
"မေမေ သားကို အရမ်းစိုးရိမ်နေခဲ့တာ..."
ကျီလင် ခေါ်ဆောင်သွားခံရပြီးကတည်းက ဤစုံတွဲက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေပြီး သူ့ကို ရှာဖွေရန် ကြိုးစားမှုများကို လက်မလျှော့ခဲ့ပေ။ နေ့ရက်များစွာ ကြာလာသည်နှင့်အမျှ မျှော်လင့်ချက် လျော့ပါးလာသော်လည်း သူတို့က နောက်ဆုံးတွင် သတင်းကောင်းကို ရရှိခဲ့သည်။ ကျင်းဆွေ့က ကျီလင့်အား ကယ်ဆယ်ခဲ့သည်။
သူတို့က ကျီလင့်အား ချက်ချင်းပြန်လည်၍ ခေါ်ဆိုချင်ကြသော်လည်း ကားလို့စ်က ပြန်ပေးဆွဲမှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိကြောင်း ကျင်းဆွေ့က ပြောဆိုခဲ့သည်။ သူက ကျီလင်ကို ချက်ချင်း အိမ်ပြန်လာခွင့်ပြုပါက ကားလို့စ်က သူ့ကို လာရောက်ပြီး ခေါ်ဆောင်နိုင်ချေရှိကာ ကျီလင့်အား ထိခိုက်နိုင်သည်ဟု ငြင်းခုန်ခဲ့သည်။ ထိုသို့ဖြစ်ပါက ကျီလင်က ထပ်မံ၍ အန္တရာယ်ကြုံတွေ့ရနိုင်သည်ဟု သူက ဆိုသည်။ ကျင်းဆွေ့က အမှန်တရားကို ဖော်ထုတ်နိုင်သည်အထိ ကျီလင်က နန်းတော်တွင် ယာယီနေထိုင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။
မြို့စားကြီး ကျီထင်က ကျင်းဆွေ့၏ အကြောင်းပြချက်ကို နားလည်သော်လည်း ဧကရာဇ်၏ တကယ့် ရည်ရွယ်ချက်မှာ ကျီလင့်အပေါ်၌ ဆက်လက်တွယ်တာမှု ရှိနေခြင်းနှင့် ကားလို့စ်ကို ဖိနှိပ်ရန် ဤဖြစ်ရပ်ကို အသုံးချလိုခြင်း ဖြစ်ကြောင်း သူ သံသယရှိသည်။ မြို့စားကြီးကျီထင်က ကားလို့စ်က ကျင်းဆွေ့၏ တကယ့်ရန်သူဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။
ဤစုံတွဲက ကျင်းဆွေ့၏ စီစဉ်မှုကို သဘောတူသော်လည်း သားဖြစ်သူကို တွေ့ဆုံခွင့် တောင်းခံသည့်အခါ ငြင်းဆိုခံရသောကြောင့် စိုးရိမ်ပူပန်မှု တိုးပွားလာသည်။
ဘာကြောင့်များ ကျင်းဆွေ့က ငါတို့ကို ကျီလင်နဲ့တွေ့ဆုံခွင့် မပေးတာလဲ...တစ်ခုခုများ မှားယွင်းနေတာလား...
မဒမ်ရှမန်က ကိုယ်တိုင် လာရောက်ပြီး ကျီလင်၏ အခြေအနေက အဆင်ပြေကောင်းမွန်ကြောင်းနှင့် ကျင်းဆွေ့က သူ့ကို ကောင်းစွာစောင့်ရှောက်ပေးမည်ဟု သေချာစေရန် ပြောဆိုသော်လည်း သူတို့၏ စိုးရိမ်ပူပန်မှုများ ဆက်လက်ရှိနေသည်။ နေ့ရက်အနည်းငယ် ကြာသောအခါ သူတို့၏ စိတ်ရှည်မှု ကုန်ဆုံးသွားပြီး သားဖြစ်သူကို တွေ့ဆုံနိုင်ရန် နန်းတော်သို့ အတင်းအကျပ် ဝင်ရောက်မည်ဟု စဉ်းစားခဲ့ကြသည်။ သူတို့ အံ့အားသွားရသည်က ကျီလင်က ကိုယ်တိုင် အိမ်ပြန်ရောက်လာခဲ့သည်။
သူတို့၏ သားဖြစ်သူ ဒဏ်ရာမရှိကြောင်း မြင်တွေ့သောအခါ မြို့စားကြီး ကျီထင်က နောက်ဆုံးတွင် စိတ်သက်သာရာရရှိသွားသည်။
မဒမ်မာရီနာက ကျီလင့်ကို ခေါင်းမှခြေအဆုံး စိုးရိမ်စွာ စစ်ဆေးနေသည်။ ကျီလင်က မျက်နှာသွေးမရှိသော်လည်း ဒဏ်ရာရသည်ဟု မထင်ရပေ။ ထို့ကြောင့် သူမက စိတ်သက်သာရာ ရရှိသွားသည်။ သူမက မေးလိုက်သည်။
"သူတို့က သားကို ထိခိုက်အောင်လုပ်သေးလား...ဧကရာဇ်က သားကို ကောင်းကောင်း ဆက်ဆံရဲ့လား..."
ကျီလင်က ခေတ္တခဏမျှ တွေဝေနေသည်။ တစ်စုံတစ်ခုဖြစ်ပွားခဲ့သော်လည်း သူက မိဘများကို စိုးရိမ်စေလိုခြင်း မရှိစေချင်ပေ။ သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်...ဘာမှမဖြစ်ခဲ့ပါဘူး..."
မြို့စားကြီး ကျီထင်က စိုးရိမ်စွာဖြင့် မေးသည်။
"သေချာလား သား..."
ကျီလင်က မျက်လွှာချကာ ပြောသည်။
"သေချာပါတယ်...စိုးရိမ်စရာ မလိုပါဘူး...အကြာကြီး စောင့်နေခိုင်းစေမိလို့ တောင်းပန်ပါတယ်..."
သူတို့တွင် သံသယများ ဆက်လက်ရှိနေသေးသည်။
ကျီလင်က ဘာမှမဖြစ်ခဲ့ရင် ဘာကြောင့်များ ကျင်းဆွေ့က ငါတို့ကို ကျီလင်နဲ့ တွေ့ဆုံခွင့် မပေးခဲ့တာလဲ...
သူတို့က ယခုမှ အိမ်ပြန်ရောက်လာသော သားဖြစ်သူကို ဖိအားမပေးချင်ပေ။ နောက်ဆုံးတွင် သူတို့က မေးခွန်းများကို ထိန်းသိမ်းထားလိုက်ကြသည်။
မဒမ်မာရီနာက သားဖြစ်သူ၏ ဦးခေါင်းကို ညင်သာစွာပုတ်ပေးကာ ကြင်နာစွာ ပြောသည်။
"ထားလိုက်ပါတော့...သား ပြန်ရောက်လာပြီဆိုတာနဲ့တင် အရာအားလုံးအဆင်ပြေပြီ..."
နောက်ဆုံးတွင် မိဘများထံမှ လွတ်မြောက်လာသောအခါ ကျီလင်က သူ၏ ဥယျာဉ်ခြံသို့ ဦးတည်သွားသည်။
သို့သော် သူနီးကပ်လာသည်နှင့် တံခါးဝတွင် ငွေရောင်ဆံပင်များနှင့် အနက်ရောင်မျက်ဝန်းတစ်စုံရှိသော ယောက်ျားတစ်ဦးက စောင့်ဆိုင်းနေသည်ကို သူမြင်လိုက်ရသည်။ သူ၏ ခြေလှမ်းများ ယိုင်လဲသွားသည်။
ဝမ်ယန်က သူ့ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
နေ့ရက်များစွာ ကွဲကွာခဲ့ပြီးနောက် ကျီလင်က ဆိုးဝါးလှသည့် အကျင့်စရိုက်ရှိသော ဗီလိန်ကို မေ့ပျောက်လုနီးပါး ဖြစ်သွားခဲ့သည်။
ဝမ်ယန်က ကျီလင်ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နေသည်။ သူ့လက်များက နှစ်ဖက်စလုံး လက်သီးဆုပ်ထားသည်။ အမှန်တကယ်၌ သူက တံခါးဝတွင် ခြေချမိသည့် အခိုက်အတန့်တွင် ကျီလင် ပြန်လာသည်ကို သိနေခဲ့သော်လည်း အဝေးမှနေ၍ စောင့်ကြည့်ခြင်းကို ရွေးချယ်ခဲ့သည်။
အင်ပါယာကြယ်ပေါ်ရှိ သူ၏ သတင်းရင်းမြစ်ကွန်ရက်ကြီးမားမှုကြောင့် ဝမ်ယန်က မြို့စားကြီးကျီထင်နှင့် မဒမ်မာရီနာတို့ထက် များစွာသိရှိထားသည်။ ကျင်းဆွေ့က တမင်တကာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို သူက သိရှိနေသည်။ ထူးခြားစွာပင် ကျီလင်က သူပုန်များ၏ လက်အောက်တွင် အရှက်ရခဲ့သည်ကို သူသိရှိနေသည်။
သူကိုယ်တိုင်က ချစ်မြတ်နိုးပြီး မထိရက်မကိုင်ရက်သော ကောင်ငယ်လေးကို အခြားသူများက ကြမ်းကြုတ်စွာ ဆက်ဆံခဲ့ကြသည်။
ဤသတင်းကြောင့် ဝမ်ယန်က ဒေါသနှင့် စိတ်မသက်မသာဖြစ်မှုတို့ဖြင့် ပြည့်နေသည်။ သူက နန်းတော်ကို ဝင်ရောက်တိုက်ခိုက်၍ ကျီလင်ကို ခေါ်ဆောင်သွားလိုသော်လည်း တင်းကျပ်သော လုံခြုံရေးနှင့် ကျင်းဆွေ့၏ ဆက်လက်ရှိနေသော သံသယများကြောင့် ကျီလင့်အား တွေ့ဆုံခြင်းသည်ပင် မဖြစ်နိုင်ပေ။
ယခု ကျီလင်က အိမ်ပြန်လာပြီဖြစ်သောကြောင့် ဝမ်ယန်က ထပ်မံ၍ အဝေး၌နေမည် မဟုတ်ပေ။
ယခင်က တောက်ပသည့် ကောင်ငယ်လေး၏ အပြာရောင် မျက်ဝန်းများက ယခုအခါ မှိန်နေပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်သကဲ့သို့ ဖြစ်နေသည်။ ထိုကဲ့သို့သော စိတ်ဒဏ်ရာများကို ခံစားခဲ့ရသော်လည်း ကျီလင်က အလွန်တရာ ခံနိုင်ရည်ရှိပြီး စာနာတတ်သူဖြစ်သည်။ မိဘများကို စိုးရိမ်လိုခြင်း မရှိစေချင်သောကြောင့် သူ၏ နာကျင်မှုကို ဖုံးကွယ်ထားသည်။ ဝမ်ယန်၏နှလုံးသားက မနာကျင်ဘဲ မနေပေ။
ဘာဖြစ်ခဲ့တာလဲ...ကျင်းဆွေ့က သူ့ကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တာလား...သူကိုယ်တိုင်ကလည်း ကောင်ငယ်လေးကို ထိခိုက်စေခဲ့တာလား...
မေးခွန်းများစွာက ဝမ်ယန်၏ စိတ်ထဲတွင် လှည့်ပတ်နေသော်လည်း နောက်ဆုံးတွင် သူက ခေါင်းကို နည်းနည်း ငုံ့ချပြီး တိုးညင်းလေးစားစွာဖြင့် ပြောလိုက်သည်။
"မင်း ပြန်လာပြီပဲ..."
ကျီလင်က ဝမ်ယန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
သူက ဝမ်ယန့်အား မည်သို့ ဆက်ဆံရမည်ကို စဉ်းစားနေမိသည်။
သူချစ်ခဲ့သော ကျင်းဆွေ့နှင့် သူယုံကြည်ခဲ့သော ကားလို့စ် သို့မဟုတ် သူကယ်တင်ခဲ့သော ဘရန်ဒန်နှင့် နှိုင်းယှဉ်ပါက ဝမ်ယန်က လုံးဝ သာမန်လူတစ်ဦးသာ ဖြစ်သည်။ သူက အစွန်းဘက်တွင် ရှိနေသူတစ်ဦးသာ ဖြစ်သည်။
ဝမ်ယန်က လွှတ်တော်အမတ်ဟူသော ဂုဏ်သရေရှိသည့် ရာထူးကို ပိုင်ဆိုင်ထားပြီး နဥ်ယွီကဲ့သို့ ထင်ရှားကျော်ကြားသော်လည်း သူ၏ စီစဉ်မှုများက ကျီလင့်အား မည်သည့်အခါမျှ ဦးတည်ခဲ့ခြင်း မရှိပေ။ သူ့အတွက် ကျီလင်က တစ်စုံတစ်ခုကို ရရှိရန် အသုံးပြုသော ကျောက်တုံးတစ်ခုသာ ဖြစ်သည်။ ဝမ်ယန်က သူ့ကို အမြဲတမ်း ပြင်ပတွင် လေးစားမှုနှင့် ထိုက်ထိုက်တန်တန် ဆက်ဆံခဲ့ပြီး ဘယ်သောအခါကမှ နယ်နိမိတ်ကို ကျော်လွန်ခဲ့ခြင်း မရှိပေ။ လွှတ်တော်အမတ်ဖြစ်လာပြီးနောက် ဝမ်ယန်က တဖြည်းဖြည်း ခပ်ခွာခွာနေခဲ့ပြီး ကျီလင်ရှိရာသို့ အကြိမ်ရေနည်းပါးစွာ ပေါ်လာခဲ့သည်။
ယခင်အတိတ်ဘဝက နောက်ဆုံးပြီးဆုံးချိန်အထိ ကျီလင်က နဥ်ယွီကို လုပ်ကြံရန် ဝမ်ယန်၏ အကူအညီကို တောင်းခံသည့်အခါမှသာ သူနှင့် တိုက်ရိုက် ဆက်ဆံခဲ့သည်။ ထိုအချိန်၌ပင် ဝမ်ယန်က သူ၏ စစ်မှန်သော ပုံရိပ်ကို မည်သို့မျှ ဖော်ထုတ်ပြခဲ့ခြင်း မရှိပေ။
ကျီလင်က မူလဇာတ်လမ်းနှင့် စနစ်မှ ဝမ်ယန်က တမင်တကာ လုပ်ကြံမှုကို ပျက်ပြားစေရန် စီစဉ်ခဲ့သည်ကို သိရှိသော်လည်း သူ၏ ဇာတ်ကောင်က ဤအကြောင်းကို သိရှိနေမည် မဟုတ်ပေ။
သူ၏ ယခင်ဘဝတွင် ကျီလင်က ဝမ်ယန်ကို လုပ်ဆောင်နိုင်စွမ်းမကောင်းသူနှင့် သူ့ကို နောက်ဆက်တွဲ ထိခိုက်မှုများ ဖြစ်ပေါ်စေသူအဖြစ်သာ မြင်ခဲ့မည်ဖြစ်သည်။
လုပ်ကြံမှုကို ကျူးလွန်ရန် ဝမ်ယန်ကို ညွှန်ကြားခဲ့သူက သူကိုယ်တိုင် ဖြစ်သောကြောင့် ၎င်းက စွပ်စွဲပြောဆိုမှု မဟုတ်ပေ။ ဝမ်ယန်က လွဲမှားခဲ့သည်ဆိုပါက သူက သူ(ကျီလင်)၏ အမိန့်ကို လိုက်နာရန် စွမ်းရည်ရှိသော်လည်း မလိုက်နာခဲ့ဘဲ တမင်တကာ အစီအစဥ်ပျက်ပြားစေပြီး သူ့ကို လှုံ့ဆော်သူအဖြစ် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤအရာအားလုံးက သူ၏ မျှော်လင့်ချက်အတိုင်း ဖြစ်ခဲ့သည်။ ဝမ်ယန်က သူ့ကို နာခံပြီး နဥ်ယွီကို သတ်ဖြတ်ခဲ့ပါက သူက လုံးဝအကူအညီမဲ့စွာဖြင့် ကျန်ရစ်ခဲ့မည်ဖြစ်သည်။
တစ်ခဏ စဉ်းစားပြီးနောက် ကျီလင်၏ မျက်ဝန်းများ ပိုမိုထက်ရှလာသည်။ ဝမ်ယန်က သူ၏ ပြန်လည်မွေးဖွားမှုနှင့် မသက်ဆိုင်သလိုထင်ရသော်လည်း သူနှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန် ကောင်းသော အခွင့်အရေးတစ်ခု ဖြစ်သည်။ ဤကဲ့သို့သော ခန့်မှန်း၍မရသော ပြန်လည်မွေးဖွားလာသည့် လိမ်လည်သူများကို သူက စိတ်ပျက်လာပြီဖြစ်သည်။
ဝမ်ယန်က ယခင်က သူ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ထားခဲ့မည်ဖြစ်သော်လည်း သူ၏ အစီအစဥ်ပျက်စီးမှုနှင့် အခက်ခဲများအား ဖြစ်ပေါ်စေခဲ့သည်က ငြင်းဆို၍ မရပေ။
ကျီလင်၏ မျက်လုံးများ အေးစက်သွားသည်။ သူက မျက်ခုံးကိုပင့်ကာ တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
"ထွက်သွား...အသုံးမကျတဲ့လူ..."
ဝမ်ယန်၏ မျက်ဝန်းများတွင် အံ့အားသင့်မှုများစွာ ဖြတ်ပြေးသွားပြီး သူ၏ မျက်ခုံးများ အနည်းငယ် ကျုံ့ဝင်သွားကာ စဥ်းစားရိပ်များက မျက်နှာထက် ကိန်းအောင်းလာသည်။
ခေတ္တမျှ တိတ်ဆိတ်ပြီးနောက် သူက သတိထား၍ မေးလိုက်သည်။
"မင်း စိတ်ဆိုးအောင်များ ကိုယ်လုပ်မိထားသေးလား..."
ကျီလင်က ဟန်ဆောင်ပန်ဆောင်ပင် မလုပ်ချင်တော့ပေ။ သူ၏ နှုတ်ခမ်းများက အပေါ်သို့ကော့တက်သွားလျက် သူက ဝမ်ယန်ကို အေးခဲနေသော မျက်လုံးများဖြင့် ကြည့်ကာ ဖြည်းညင်းစွာ ပြောသည်။
"မင်းကို ငါ အဲဒါလေးတစ်ခုတည်း သေချာလုပ်ဆောင်စေချင်ခဲ့ပေမဲ့...မင်းက ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ဘူး...မင်းလို လုပ်ဆောင်နိုင်စွမ်းမရှိတဲ့လူကို ငါ မလိုအပ်ဘူး..."
ဝမ်ယန်၏ မျက်နှာတွင် သံသယရှိမှု တစ်စုံတစ်ရာ နောက်ဆုံးတွင် ပေါ်လာသည်။
"မင်း..."
ကျီလင်က သူ့ကို တစ်လှမ်းချင်း ဖြတ်ကျော်သွားသည်။ သို့သော် လုံးဝ ကျော်သွားတော့မည့် အချိန်တွင် ကျီလင်က ရပ်သွားပြီး စကားတစ်ခွန်းကို ပြောသည်။
"ငါ့အရှေ့ကို ထပ်ပြီးမပေါ်လာနဲ့တော့..."
ဝမ်ယန်၏ မျက်ဝန်းများ ကျုံ့ဝင်သွားပြီး သူ၏ မျက်နှာက တုန်လှုပ်သွားသည်။ ကျီလင် ထွက်သွားသည်ကို ကြည့်ရင်း ကျီလင့်အား သူက ဤမေးခွန်းကို မေးလုနီးပါးဖြစ်သွားရသည်။
မင်း အရာအားလုံးကို မှတ်မိသွားပြီလား...
သို့သော် သူ၏ ခြေလှမ်းများ ယိုင်လဲသွားပြီး သူ၏ မျက်လုံးများက ခံစားချက်မျိုးစုံဖြင့် ဖြတ်ပြေးသွားသည်။ လေကိုနက်ရှိုင်းစွာ ရှူသွင်းပြီးနောက် ရှေ့ဆက်ရန် သူက လက်လျှော့လိုက်သည်။
ယခုအချိန်တွင် တွန့်ဆိုင်းမှုမရှိဘဲ လုပ်ဆောင်ခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။ ကျီလင်က အမှန်တကယ်ပင် အရာရာကို ပြန်လည် သတိရနေပါက မည်သို့ တုံ့ပြန်ရမည်ကို သူက သေချာစွာ စဉ်းစားရန် လိုအပ်သည်။ ကျင်းဆွေ့နှင့်ကားလို့စ်ဖြင့် နှိုင်းယှဉ်ပါက သူက လက်တွေ့တွင် အားသာချက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယခင်ဘဝတွင် သူက သူ၏ စစ်မှန်သော ရည်ရွယ်ချက်များ သို့မဟုတ် ခံစားချက်များကို တစ်ကြိမ်တစ်ခါမျှ ပေါ်လွင်စေခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။
သူက သူ၏ ခံစားချက်များကို အလွန်ကောင်းစွာ ဖုံးကွယ်ထားခဲ့သည်။
ကျီလင့်အား ယခင်ဘဝကို ပြန်လည်မမှတ်မိစေချင်လိုလျက် ကျီလင့်ကို ပျော်ရွှင်စွာ နေထိုင်နိုင်စေရန် သူက လွှတ်ပေးလိုက်မည်ဖြစ်သည်။ သို့သော် ကျီလင်က အရာရာကို အမှန်တကယ်ပင် မှတ်မိသွားပြီဆိုပါက သူက ဤတစ်ကြိမ်၌ ကျီလင့်အား လုံးဝလွှတ်မပေးနိုင်ချေ။
............
ဝမ်ယန်က သူ့အနောက်သို့ မလိုက်လာသည်အား မြင်သောအခါ ကျီလင်က စိတ်သက်သာရာရရှိသွားသည်။ သူ ပြန်လည်မွေးဖွားလာခဲ့သည်ဟု ဟန်ဆောင်ခဲ့သည့်အချိန်မှစ၍ သူ၏ တိုက်ခိုက်ရေးစွမ်းရည်က ကောင်းမွန်လာခဲ့သည်ဟု သူက ခံစားရသည်။ ယခုအခါ သူက ယုံကြည်မှုတို့ဖြင့် ပြည့်နေသည်။
သူတို့အားလုံးကို သိစေရမယ်...တိုက်ခိုက်သူ ကျီလင်ဆိုတဲ့ငါက မင်းတို့ရှုပ်ချင်တိုင်း ရှုပ်လို့မရဘူးဆိုတာ...
ကျီလင်က အိမ်တွင် သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းနေခဲ့သည်။
ကံကောင်းစွာပင် ကျင်းဆွေ့က သူ့ကို ရှာဖွေရန် မထွက်ပေါ်လာခဲ့ပေ။ ထိုနေ့က ဘရန်ဒန်၏ စကားများကြောင့် သူ၏ စိတ်ထဲတွင် ထိခိုက်မှု ရှိနေသောကြောင့် ဖြစ်နိုင်သည်။ သူက ယခုအချိန်အထိ ပေါ်လာလိမ့်မည် မဟုတ်ဟု ထင်ရသည်။ ထိုနေ့ကတည်းက ဝမ်ယန်ကလည်း အခြားအရာတစ်ခုခုနှင့် အလုပ်များနေပြီး သူ၏ ရှိနေမှုကို သိစေရန် ပေါ်လာခဲ့ခြင်း မရှိပေ။ ဝမ်ယန်က သူ့ကို ရင်ဆိုင်ရန် အလွန်တရာ ရှက်ကြောက်နေသည်က သေချာသည်။
ကြီးမားသော ခြိမ်းခြောက်မှုနှစ်ခုကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ကျီလင်၏ စိတ်ဓာတ်များက အလွန်တရာ တိုးတက်လာပြီး သူ၏ အစာစားချင်စိတ်ပင် ပြန်လည်ရရှိလာသည်။
ယခုအခါ သူ့ကို ကြည့်ရှုသူမရှိသောကြောင့် သူ၏ဘဝက တစ်ဖန် ငြိမ်းချမ်းလာသည်။
ကျီလင်-[စနစ် လျှောက်လွှာကိစ္စက အခုဘယ်လိုအခြေအနေရှိနေပြီလဲ...]
စနစ်-[အထက်အရာရှိတွေက...ဒီကမ္ဘာပေါ်က ကွဲလွဲမှုဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့...သုတေသနအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားတယ်...]
ကျီလင်က တစ်ခဏ စဉ်းစားသည်။ ထိရောက်မှုက နှေးကွေးသော်လည်း အနည်းဆုံးတွင် တိုးတက်မှု ရှိနေသည်။ ထိုကဲ့သို့ ဖြစ်ခြင်းက သူ့ကို မျှော်လင့်ချက် အနည်းငယ် ပေးသည်။
[ရလဒ်တွေ ရတာနဲ့တစ်ပြိုင်နက် ငါ့ကိုအသိပေး...]
စနစ်-[ကောင်းပြီ...]
စနစ်နှင့် စကားပြောပြီးနောက် ကျီလင်က နေရောင်အောက်တွင် နေပူစာခံပြီး တစ်ရေးတမောအိပ်လိုက်သည်။ နေ့လည်ခင်းတွင် ဧည့်သည်တစ်ဦး ရောက်လာသည်။
ဘရန်ဒန်က သူ့ကို တွေ့ဆုံရန် ရောက်လာခဲ့သည်။
ဘရန်ဒန်က နေ့စဉ်နီးပါး လာရောက်လည်ပတ်ခဲ့သည်။ ကျီလင်က သူ့အား လုံးဝ မလာစေလိုသော်လည်း သူက ထူးထူးခြားခြား စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ ကျင်းဆွေ့နှင့် ကားလို့စ်ဖြင့် နှိုင်းယှဉ်ပါက ဘရန်ဒန်က ကိုင်တွယ်ရန် ပို၍ လွယ်ကူသည်။ တစ်ခါတစ်ရံတွင် ထိုသူက သူ့ကိုယ်သူ ညှဉ်းပန်းနေသည်ဟု ထင်မှတ်မိပေသည်။
ဒီလူ့ကို ကဲ့ရဲ့မိတာတောင်...ငါ့ကိုယ်ငါ အပြစ်ရှိသလိုခံစားနေရတယ်...
သူ၏ ရှိနေသည့်နေရာမှ ကျီလင်က ဘရန်ဒန်ကို တုံ့ဆိုင်းစွာ ငေးကြည့်ပြီး မေးလိုက်သည်။
"ခင်ဗျား ဘာလို့ထပ်လာပြန်တာလဲ..."
ဘရန်ဒန်က ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ပြောစရာ စကားမရှိသလိုပင် ထင်ရသည်။ ယခင်ဘဝရှိ သူ၏ လုပ်ရပ်များကို ပြန်လည် သုံးသပ်ပြီးနောက် သူက ကျီလင်အား သူ၏ ခံစားချက်များကို ဝန်ခံရန် ထိုက်တန်သည်ဟု မထင်မြင်ပေ။ ကျီလင်၏ လက်ရှိအခြေအနေကို အသုံးချလိုခြင်းမရှိသလို သို့မဟုတ် သူ့ကို စိတ်မသက်မသာဖြစ်စေလိုခြင်းလည်း မရှိပေ။ ယခုအချိန်တွင် ကျီလင်က စိတ်ဒဏ်ရာ ပျောက်ကင်းရန် အချိန်လိုအပ်သည်။ သို့သော် ကျင်းဆွေ့မရှိသော်လည်း ဘရန်ဒန်ဆိုသူက ကျီလင်လိုအပ်သော သူမဟုတ်ပေ။
ကြာမြင့်စွာ တိတ်ဆိတ်ပြီးနောက် ဘရန်ဒန်က တိုးညင်းစွာ ပြောသည်။
"ကိုယ် မင်းကိုတွေ့ဖို့လာတာ..."
ကျီလင်က ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် ထိုကဲ့သို့သော စကားတစ်ခွန်းကိုသာ ကြားရသည်။ သူက မျက်နှာကို တည်ငြိမ်အောင် ထိန်းထားရန် နီးပါး မဖြစ်နိုင်တော့ပေ။
"မာရှယ်...စစ်မြေပြင်ပေါ်က ခင်ဗျားရဲ့တိုက်ခိုက်ရေးစွမ်းရည်က အံ့အားသင့်ဖွယ်ကောင်းပြီး...လေနဲ့မြေကိုတောင် တုန်ခါစေနိုင်တယ်...ဒါပေမယ့် စကားစမြည်ပြောဖို့အတွက် ဒီလောက်ထိ အဆင်မပြေဖြစ်နေမှ ရမှာလား..."
ကျီလင်က သက်ပြင်းချလိုက်သည်။
✨✨✨