Chapter 94
Viewers 15k

✨ Chapter 94



ဘရန်ဒန်က ကျင်းဆွေ့နှင့် နိုင်ငံရေးကိစ္စများ တွေ့ဆုံဆွေးနွေးရန်အတွက် နန်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သို့သော် ကျီလင်ကို စိတ်ပူသောကြောင့် အဝေးကနေ၍ တစ်ချက်ကြည့်ရှုရန် ကျီလင်ရှိရာသို့ သွားရောက်ခဲ့သည်။ 


ကောင်ငယ်လေးက လျော့လျော့ရဲရဲအဝတ်အစားကို ဝတ်စားဆင်ယင်ထားလျက် သူ၏မျက်နှာလေးက ဖြူဖျော့ပြီး ချောင်ကျနေကာ ပါးပြင်က ခြောက်သွေ့နေလျက် မေးရိုးက ယခင်ကထက်ပင် ချွန်လာသည်။ မြင်နေရသည့် သူ၏လက်ကောက်ဝတ်က ယခင်ကထက်ပို၍ သေးငယ်ပိန်လှီနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အသက်မဲ့နေသည့်အခွံတစ်ခုအလားပင်။ 


သူ့အရင်ဘဝက ဆင်းရဲဒုက္ခခံခဲ့ရတဲ့ ကာလတွေတုန်းကတောင် ဒီလောက်အထိ မဆိုးရွားခဲ့ပါဘူး...


သူ တစ်ခါက ဆင်းရဲဒုက္ခရောက်ခဲ့ဖူးသော်လည်း မည်မျှပင်ဒုက္ခရောက်ဖူးပါစေ သူ၏မျက်ဝန်းထဲရှိ တောက်ပမှုက မပျောက်ကွယ်သွားချေ။ မည်မျှပင် စိတ်ဓာတ်ကျဆင်းခဲ့ပါစေ သူ၏မျှော်လင့်ချက်က လျော့နည်းသွားခြင်းမရှိခဲ့ချေ။ ခံနိုင်ရည်ရှိပြီး ငြိမ်းမောင်း၍မရနိုင်သော မီးအိမ်ငယ်လေးနှင့်တူညီလျက် သေးငယ်သော်လည်း ခိုင်မာလှသည်။ 


သို့သော် ယခုတွင်မူ ထိုအလင်းရောင်လေးက မရှိနေတော့ချေ။


သူ၏မျက်ဝန်းငယ်များက ဖြူဖတ်ဖြူလျော်နှင့်အသက်ကင်းမဲ့နေကာ ကမ္ဘာကြီးအပေါ်သို့ မည်သည့်မျှော်လင့်ချက်များ မရှိတော့သည့်အလားပင်။


ဘာကြောင့် ဒီအခြေအနေထိကို ရောက်သွားရတာလဲ...


ဘရန်ဒန်၏မျက်ဝန်းတစ်စုံ၌ နာကျင်မှုများ ပြည့်နှက်သွားပြီး သူလှည့်ထွက်သွားကာ သစ်ပင်ကိုလက်သီးနှင့်ဆောင့်ထိုးလိုက်သည်။ ကျင်းဆွေ့ အနားသို့ရောက်ရှိလာသည်ကို သတိထားမိသွားသည့်အခါ ခေါင်းကိုမော့ကြည့်လိုက်သည်။


ကျင်းဆွေ့က ပုံမှန်အတိုင်းဟု ထင်ရသော်လည်း သူ၏ရွှေအိုရောင်မျက်ဝန်းတစ်စုံ၌ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းမှုတစ်ခုတည်ရှိနေပြီး သူက ခြောက်သွေ့နေသောအသံဖြင့် ပြောလာသည်။ 

"မင်းအားလုံးကို မြင်ခဲ့တာပဲ..."


အချိန်အတော်အတန်ကြာ တိတ်ဆိတ်နေပြီးသည့်နောက် ဘရန်ဒန် ပြောလိုက်သည်။

"တကယ်ပဲ တခြားနည်းလမ်းမရှိတော့ဘူးလား..."


ကျင်းဆွေ့၏နှုတ်ခမ်းပါးက ခါးသီးမှုဖြင့် ကွေးကျသွားသည်။

"သူက ဘယ်သူ့ကိုမှ အနားကပ်ခွင့်မပေးဘူး...ငါအနားကပ်သွားရင်လည်း ကြောက်လန့်ပြီးတော့ ငါ့ကိုတောင်းပန်တယ်...ဒါကြောင့် သူကြောက်လန့်နေမှာစိုးလို့ ငါအဝေးမှာနေပေးပေမဲ့ သူက အစာစားဖို့ကို ငြင်းနေတုန်းပဲ..."


ဘရန်ဒန်က လက်သီးကိုဆုပ်လိုက်ပြီး သူ့ရင်ထဲတွင် နာကျင်မှုနှင့်ဒေါသများက ပြည့်နှက်လာသည်။


လူနှစ်ဦးက စကားမပြောဘဲ တိတ်ဆိတ်ကာ နာကျင်မှုများဖြင့် ရပ်တန့်နေကြလျက် သူတို့ပတ်ဝန်းကျင်ရှိ လေထုက တင်းမာမှုများဖြင့် ပြည့်နှက်နေသည်။ 


အဆုံးသတ်တွင် ကျင်းဆွေ့က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"နဥ်ယွီရဲ့အမှုကို စုံစမ်းစစ်ဆေးနေတာ ဘယ်လောက်အထိ ရောက်နေပြီလဲ..."


ဤအရာအားလုံးက ကံကြမ္မာကပေးသည့် တိုက်ဆိုင်မှုများဟူ၍ သူ မထင်ချေ။ 


နဥ်ယွီ၏ရာထူးနှင့်ဆိုပါက ကျီလင်ကိုတွေ့ဆုံရန်က မဖြစ်နိုင်သော်လည်း သူက နဥ်ယွီကိုဖိတ်ခေါ်ခဲ့သောကြောင့် ကျီလင်နှင့်တွေ့ဆုံရန် အခွင့်အရေးပေးမိသလိုဖြစ်သွားခဲ့သည်။ 


ကျီလင်ကြောင့်သာမဟုတ်ပါက ကျင်းဆွေ့က နဥ်ယွီကို အစကတည်းက ကြမ်းကြမ်းတမ်းတမ်းစစ်ဆေးခဲ့မည်ဖြစ်သည်။ 


ထိုလူက ပုန်ကန်ရေးတွင် အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်နိုင်သည်ဟု သံသယရှိစရာအကြောင်းရှိသည်။ 


နဥ်ယွီပြန်လာရဲသည်က သူ့အတွက်အံ့အားသင့်စေသောအချက်ဖြစ်သည်။ 


သူ့ကိုပစ်မှတ်ထားခံရမှာမဟုတ်ဘူးလို့ သူသေချာနေလို့လား...ဒါမှမဟုတ် သူက တကယ်ပဲ အပြစ်ကင်းစင်နေလို့များလား...


ဘရန်ဒန်က ခဏမျှတိတ်ဆိတ်စွာရပ်နေပြီး နဥ်ယွီအပေါ်သူ့ခံစားချက်တို့က ရောယှက်နေသည်။ နဥ်ယွီက ယခင်ဘဝက သူ၏ရဲဘော်ရဲဘက်တစ်ယောက်ဖြစ်ခဲ့ဖူးသည်။ ဘရန်ဒန်က သူ(နဥ်ယွီ)၏သမာဓိနှင့် စရိုက်ကိုယုံကြည်သည်။ အချို့အရည်အချင်းများက လိမ်လည်ရန်အတွက် ခက်ခဲလှသည်။ အရေးကြီးဆုံးအချက်မှာ နဥ်ယွီက ထိုသို့ရက်စက်ပြီး ကြမ်းကြုတ်သောလူစားမျိုးမဟုတ်ဟု ဘရန်ဒန်က ယုံကြည်သည်။ 


သူ၏ယခင်ဘဝတွင် နဥ်ယွီက ကျီလင်ထံမှ အကြိမ်ကြိမ်အခါခါရန်စခံခဲ့ရသော်လည်း နဥ်ယွီက အပြုံးဖြင့်သာ တုံ့ပြန်မှုပေးခဲ့ပြီး ရင်ထဲမထားခဲ့ချေ။ ယခုဘဝတွင်မူ ကျီလင်နှင့်နဥ်ယွီကြား တွေ့ဆုံမှုက နည်းပါးသောကြောင့် ဤအပြစ်ကင်းစင်သည့်ကောင်ငယ်လေးအား ထိခိုက်စေဖို့ရန် အကြောင်းမရှိချေ။


သို့သော်လည်း ဤဖြစ်စဥ်နှင့်ပတ်သက်သော အရာအားလုံးက သံသယဖြစ်စဖွယ်ကောင်းလှသည်။


ဘရန်ဒန်က ပြောလိုက်သည်။

"ငါသူ့ကို စစ်တပ်ဌာနအတွင်းမှာ ထိန်းသိမ်းထားဖို့အတွက် ပူးပေါင်းစုံစမ်းစစ်ဆေးတာကို အကြောင်းပြပြီး သူ့ကိုထွက်သွားခွင့်မပေးခဲ့ဘူး...သူက မေးခွန်းတွေအကုန်လုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေခဲ့ပြီးတော့ သူပြစ်မှုကျူးလွန်ပါတယ်ဆိုတဲ့ သက်သေပြနိုင်တဲ့ အထောက်အထားတွေလည်းမရှိဘူး..."


ကျင်းဆွေ့၏ မျက်ဝန်းတစ်စုံက မည်းနက်သွားသည်။

"သူ့ကိုသေချာစောင့်ကြည့်ထားပါ...ထိန်းချုပ်မှုကနေ သူ့ကို မလွတ်သွားစေနဲ့..."


ယခုအချိန်တွင် နဥ်ယွီကို သူတို့မည်သည့်အရာမျှမလုပ်နိုင်သေးချေ။ သူက ကျီလင်အတွက်အရေးကြီးပြီး နိုင်ငံတော်၏ အထင်ကရလူတစ်ယောက်လည်းဖြစ်နေသည်။ သက်သေအထောက်အထား ခိုင်မာမှုမရှိသေးဘဲဖြင့် သူ့(နဥ်ယွီ)အား မည်သည့်အရာမျှမလုပ်သင့်ပေ။ 


ဘရန်ဒန်က ဤအချက်ကို နားလည်စွာခေါင်းညိတ်လျက် သူက အခြားကိစ္စရပ်တစ်ခုကို ထပ်မံပြောဆိုလာသည်။

"ကားလိုစ့်က ဆက်ပြီးတည်တည်ငြိမ်ငြိမ်ရှိနေတုန်းပဲ...သူက စွပ်စွဲချက်တွေကို ငြင်းထားပြီး ကျီလင်က သူနဲ့တရားဝင်စေ့စပ်ထားတဲ့အချက်ကို အကြောင်းပြပြီး ကျီလင့်ကို သူ့ဆီပြန်ပေးဖို့ကို ဖိအားပေးနေတယ်..."


ကျင်းဆွေ့က ခနဲ့လိုက်သည်။

"အဲဒီတော့ ဘာဖြစ်လဲ... သူ ဘယ်လောက်ပဲဒေါသထွက်နေပါစေ နန်းတော်ကိုတိုက်ခိုက်ဖို့အထိတော့ လုပ်ရဲမယ်မထင်ဘူး... အဲဒီလိုလုပ်ခဲ့ရင် သူ့ကိုနိုင်ငံတော်ကို သစ္စာဖောက်မှုနဲ့တရားစွဲဆိုပြီး စစ်ပွဲကိုစတင်ရလိမ့်မယ်...သူက စွန့်စားရဲမှာမဟုတ်ဘူး..."


ဘရန်ဒန်က ခေါင်းညိတ်လိုက်သည်။ ကျင်းဆွေ့က ကျီလင့်ကို နန်းတော်အတွင်း၌ ဖွက်ထားသရွေ့ ကားလို့စ်က တော်လှန်ရန်အတွက် မလုပ်ဆောင်နိုင်ဘဲ သူ့ဒေါသတရားကိုထိန်းချုပ်ထားရပေမည်။ 


ဘရန်ဒန်က ကောင်ငယ်လေး၏အားနည်းလှသော ခန္ဓာကိုယ်ကိုပြန်တွေးမိပြီး သက်ပြင်းရှည်ကြီးကိုချလိုက်သည်။

"ငါ သွားတော့မယ်...ဒီမှာ ဂရုစိုက်နေပါ…"


ကျင်းဆွေ့က ခေါင်းညိတ်ပြလိုက်သည်။


အမှန်တကယ်တွင် ဤအခြေအနေကို သူက အကြောက်ဆုံးဖြစ်ပေသည်။ ဤအတိုင်းဆက်နေ‌၍မဖြစ်ပေ။ ကျီလင်ကို စိတ်ပြန်လည်ဖွံ့ဖြိုးလာရန် ကူညီနိုင်မည့် နည်းလမ်းကိုသူရှာဖွေရမည်။ 


........


ကျီလင်က စိတ်ဓာတ်ကျစွာဖြင့် သူ့အခန်းဆီသို့ ပြန်လာခဲ့သည်။ 


ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး...စိတ်ပူပန်မှုမရှိဘဲ ငါစားချင်ရာစားနိုင်ဖို့ ဘယ်လိုဆက်လုပ်ရမှာလဲ...


ကျင်းဆွေ့က နေ့ရက်အတော်ကြာရောက်မလာခဲ့သော်လည်း သူ့အားဆက်လက်ပြီး စောင့်ကြည့်နေဆဲဖြစ်သည်။ သူ(ကျင်းဆွေ့)နန်းတော်အတွင်းမှ မထွက်ခွာပါက ကျီလင်က ဤအခြေအနေမှ လွတ်မြောက်နိုင်သည့် အခွင့်အရေးမရှိတော့ချေ။


ကျီလင်က စဥ်းစားနေဆဲမှာပင် မထင်မှတ်ထားသည့် ဧည့်သည်တစ်ဦးက ရောက်ရှိလာလေသည်။ 


မဒမ်ရှမန်က လတ်တလောဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ကြားသိခဲ့သည်။ ကျီလင်က ကယ်တင်ခံခဲ့ရသည်ကို သိထားပြီးဖြစ်သော်လည်း ကျင်းဆွေ့က ကျီလင့်ကိုနန်းတော်အတွင်း၌ခေါ်ထားလျက် မည်သူနှင့်မျှလည်း တွေ့ဆုံခွင့်မပေးထားချေ။ သူမ တွေ့ဆုံခွင့် တောင်းဆိုသည့်အခါတိုင်း၌ ကျင်းဆွေ့က ကျီလင်၏သာကြောင်းမာကြောင်းကိုသာပြောကာ သူမကို ဝင်ခွင့်မပေးချေ။


ဤသည်က ယမန်နေ့ကအထိသာ ဖြစ်သည်။


သန်မာပြီး ဂုဏ်ယူစရာကောင်းကာ အားနည်းချက်ကို မည်သည့်အခါမှ မပြသဖူးသော သားဖြစ်သူက သူမထံသို့ စိတ်နွမ်းလျနေသော မျက်နှာထားဖြင့်ရောက်ရှိလာလျက် ကျီလင့်ဆီသို့သွားရောက်ကာ နှစ်သိမ့်ပေးရန် သူမကိုတောင်းဆိုလာသည်။


ထိုအချိန်၌ မဒမ်ရှမန်က အမှန်တရားအား သိရှိလိုက်ရသည်။ ပထမတွင် သူမက ထိတ်လန့်ပြီး ဒေါသများထွက်ခဲ့သော်လည်း နောက်ဆုံး၌ အင်မတန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူမက ကျင်းဆွေ့၏အကြောင်းအရင်းကို နားလည်သည်။ အမှန်တရားထွက်ပေါ်လာပါက ကျီလင်၏ဂုဏ်သိက္ခာကို ထိခိုက်စေပြီး စော်ကားသည့်သတင်းများ ပျံ့နှံ့စေမည်ဖြစ်ကာ ကျီလင့်ကို ပို၍စိတ်ဆင်းရဲစေလိမ့်မည်။ ကျင်းဆွေ့က အမှန်တရားကိုဖုံးကွယ်ကာ မည်သည့်ဧည့်တွေ့မျှ လက်ခံမှုမရှိဘဲ ကျီလင့်ကိုကာကွယ်ပေးနေခြင်းဖြစ်သည်။ သို့သော် ယခု၌ သူက ရွေးချယ်စရာမရှိတော့ချေ။


ထို့ကြောင့် သူမဆီသို့လာရောက်ကာ အကူအညီတောင်းခြင်းဖြစ်သည်။ 


လေးလံလှသောနှလုံးသားအစုံဖြင့် မဒမ်ရှမန်က ကျီလင်နေထိုင်သည့် နန်းဆောင်သို့ရောက်ရှိလာလျက် နောက်ဆုံး၌ နာကျင်မှုများကို တောင့်ခံထားရသည့် လူငယ်လေးကို တွေ့မြင်လိုက်ရသည်။


ကျီလင်က မဒမ်ရှမန်အား တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့သည်။ သို့သော် မဒမ်ရှမန်က ကျင်းဆွေ့တောင်းဆိုမှုကြောင့် သူ့အား လာရောက်နှစ်သိမ့်ခြင်းဖြစ်သည်ကို သိလိုက်ရသည်။ သူက တွန့်ဆုတ်နေဆဲဖြစ်သော်လည်း မဒမ်ရှမန်က ဤဘဝ၌သာမက ယခင်ဘဝ၌ပင် သူ့အား ဂရုစိုက်မှုများ ပြသခဲ့သည်။ ဤအရာက သူ့ကိုအနည်းငယ်ရှက်ရွံ့စေကာ မသက်မသာဖြစ်စေသည်။သူ၏သရုပ်ဆောင်မှုကို အလွန်အကျွံမဖြစ်စေဘဲ အောက်သို့အနည်းငယ်ငုံ့ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။

"အန်တီရှမန်..."


မဒမ်ရှမန်က ကျီလင်၏ဖျော့တော့နေသော မျက်နှာလေးအား ကြည့်မိသည်။ သူ၏မျက်ဝန်းအပြာလေးက မှိုင်းညှို့နေကာ ညှပ်ရိုးနှင့်လည်ပင်းက ချိုင့်ထွက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက ခြောက်ကပ်နေကာ သေဆုံးသွားသူကဲ့သို့ပင်။


သူက ဒုက္ခများစွာ ခံစားခဲ့ရသော်လည်း သူမအား 'အန်တီရှမန်'ဟူ၍ ချိုသာစွာခေါ်ဆိုနေဆဲဖြစ်သည်။ ထိုအချက်ကပင် သူမ၏နှလုံးသားကို ဆွဲဖြဲလိုက်သလိုမျိုး နာကျင်စေသည်။ 


ဤမျှလောက်အထိ အပြစ်ကင်းစင်ပြီး ကြင်နာတတ်သည့်ကလေးကို မည်သူက ထိခိုက်စေခဲ့သည်ကို သူမစဥ်းစား၍မရချေ။ ဤသို့ ကြမ်းကြုတ်သည့်လုပ်ရပ်ကို လုပ်သည့်လူက လူစိတ်မရှိသော သတ္တဝါတစ်ကောင်ဖြစ်သည်။


သူမ၏ဒေါသကိုထိန်းချုပ်ရင်း မဒမ်ရှမန်က ကျီလင်၏အေးစက်နေသောလက်ကို ဖြည်းဖြည်းချင်းကိုင်လိုက်ပြီး သူမ၏အနွေးဓာတ်ဖြင့် နွေးထွေးအောင်ပွတ်သပ်ပေးလိုက်သည်။ 


ကျီလင်က အနေရခက်သွားသော်လည်း မဒမ်ရှမန်အပေါ်တွင် ကျင်းဆွေ့ကို သူဆက်ဆံခဲ့သလိုမျိုး မဆက်ဆံရက်ချေ။ တစ်ခဏတာတွေဝေနေပြီးနောက် သူက ခေါင်းကိုဆက်ငုံ့ထားကာ တိတ်ဆိတ်နေလိုက်သည်။


မဒမ်ရှမန်က လေကိုနက်ရှိုင်းစွာ ရှိုက်သွင်းလိုက်သည်။ သူ့ကိုစိတ်ဆိုးစေမည့် အကြောင်းအရာများကို မပြောဆိုလာဘဲ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်လိုက်သည်။

"မင်းနဲ့ နောက်ဆုံးတွေ့ခဲ့တာတောင် အတော်ကြာခဲ့ပြီ...အန်တီ မင်းကို အရမ်းသတိရနေခဲ့တာ...မင်းက ပြန်ရောက်တာကြာနေပြီကို အန်တီ့ကိုတောင် လာမတွေ့လို့ အန်တီစိတ်ဆိုးလိုက်တာ သိရဲ့လား..."


ကျီလင်က ပြန်လည်စဥ်းစားကြည့်ပြီး သူမပြောသည်က မှန်ကန်ကြောင်းကို သဘောပေါက်သွားကာ စိတ်မကောင်းဖြစ်သွားသည်။

"ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်..."


မဒမ်ရှမန်က သူ့ခေါင်းကိုအပြုံးတစ်ခုဖြင့် ညှင်သာစွာပုတ်လာသည်။

"ထားလိုက်တော့ အန်တီ မင်းနဲ့ ပြိုင်မပြောတော့ပါဘူး...ဒီကောင်လေးကတော့၊ ဒါပေမဲ့ မင်းပြန်လာပြီမှတော့ အန်တီနဲ့အတူ ထမင်းစားပါလား...ဒါဆိုရင် အန်တီမင်းကိုခွင့်လွှတ်ပေးမယ်လေ...ဘယ်လိုလဲ..."


ကျီလင်၏မှိုင်းညို့နေသော မျက်ဝန်းတစ်စုံ၌ အလင်းတန်းတစ်ခုဖြတ်ပြေးသွားသည်။


အဲတော့ သူက ငါ့ကို ထမင်းစားဖို့လာခေါ်တာပေါ့...ဘယ်လိုတောင် ကောင်းမွန်တဲ့တိုက်ဆိုင်မှုလဲ...


သူက စဥ်းစားပြီးသည့်နောက် မျက်နှာငယ်ငယ်လေးဖြင့် ပြုံးလျက် ခေါင်းညိတ်ပြသည်။


မဒမ်ရှမန်က သူငြင်းဆန်မည်ကို စိတ်ပူနေခဲ့သော်လည်း သူလက်ခံလာသောအခါ စိတ်သက်သာရာရရှိသွားသည်။ သူမက ချက်ချင်းဆိုသလို အစေခံများအား အစားအသောက်များစွာယူလာရန် အမိန့်ပေးခိုင်းစေလိုက်ပြီး ကျီလင်အကြိုက်ဆုံးဖြစ်သည့် ဟင်းလျာများကိုသာ ချခိုင်းလိုက်သည်။ 


သူမက သူ၏စိတ်အခြေအနေကို မသိချင်ယောင်ဆောင်ကာ ငါးတစ်ပိုင်းကို ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။

"ဒါက မင်းအကြိုက်ဆုံးဟင်းမလား...စားလိုက်နော်..."


မကြာမီအချိန်တွင်း၌ သူ၏ပန်းကန်တွင် ဟင်းများစွာဖြင့် ပြည့်နှက်သွားသည်။ 


ကျီလင်က မဒမ်ရှမန်၏မျှော်လင့်နေသော မျက်ဝန်းအား လှမ်းကြည့်လိုက်သည်။ အနံ့အရသာရှိသော အစားအသောက်များကြောင့် အထိန်းအချုပ်လွတ်ကာ သူက အစားအသောက်များကို မြန်မြန်ဆန်ဆန်စားသောက်ချင်နေမိသည်။ သို့သော် ထိုကဲ့သို့ ပြုမူ၍မရနိုင်သည်ကို သူသိပေသည်။ သူ့ကိုယ်သူထိန်းချုပ်လျက် ကျီလင်က အလုတ်သေးသေးတစ်လုတ်ကို စားလိုက်သည်။ 


သူက အလွန်ကိုထိန်းထိန်းသိမ်းသိမ်းဖြင့် အလုတ်တစ်လုတ်ကို နှေးကွေးစွာ သေချာစားသောက်လေသည်။ 


မဒမ်ရှမန်က သတိမထားမိချင်ယောင်ဆောင်လျက် သူ့ကိုလျှို့ဝှက်စွာကြည့်နေပြီး သူ တစ်လုတ်စားသည့်အခါတိုင်း ပန်းကန်အတွင်းသို့ ထပ်၍ဖြည့်ပေးသည်။ 


သနားစရာကောင်းလိုက်တဲ့ကလေး... ငါ့ကို စိတ်မပူစေဖို့အတွက် သူ့ကိုယ်သူဖိအားပေးပြီး စားသောက်နေတာပဲ...


သူမက မျက်ရည်ပင်မထိန်းနိုင်ဖြစ်သွားရသည်။


နှစ်ဦးစလုံးက ကိုယ်စီရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်ခဲ့ပြီးသည့်နောက်ဆုံးတွင် အစားအသောက်များက ကုန်ခမ်းလုနီးပါးဖြစ်လာခဲ့သည်။


ကျီလင်က အနည်းငယ်ပို၍စားသောက်ခဲ့ကာ ဗိုက်မပြည့်သေးသော်လည်း ကောင်းမွန်စွာ စားပြီးဆုံးခဲ့သည်။ 


ငါ့မှာဗိုက်ဆာလွန်းလို့ သေတော့မလိုတောင်ဖြစ်နေခဲ့တာ...


ကျီလင်က ယခင်ရက်များအတွင်း၌ အနည်းငယ်သာ စားသောက်ခဲ့ပြီး ယနေ့ပို၍စားသောက်နိုင်သည်ကိုမြင်သောအခါ မဒမ်ရှမန်က စိတ်ကျေနပ်သွားသည်။ ယနေ့ နည်းနည်းလေးပိုစားနိုင်သည်က အတော်လေးတိုးတက်လာခြင်းဖြစ်သည်။ 


ကျီလင်က သူ၏တူကိုချလိုက်သည်။ သူ့ခေါင်းကိုငုံ့ထားလျက် စိတ်ထဲ၌အတွေးများက ပြေးလွှားလာသည်။


ယနေ့ နည်းနည်းပိုစားနိုင်သည်က ကောင်းမွန်သော်လည်း ဤအခြေအနေကို ဆက်လက်ပြီး မထိန်းထားနိုင်ချေ။ သူက နန်းတော်၌နေထိုင်ရပြီး တစ်နေ့တစ်နေ့ဟန်ဆောင်နေထိုင်ရကာ ဤရက်ပိုင်းအတွင်း၌ မည်သူနှင့်မှလည်း တွေ့ဆုံခြင်း မရှိခဲ့ချေ။ ယခု မဒမ်ရှမန်ရောက်ရှိလာပြီး ဤနေရာမှထွက်သွားနိုင်ရန် သူမကိုအကူအညီတောင်းကြည့်ပါလျှင် သူက ဤအခြေအနေများမှ လွတ်မြောက်နိုင်လိမ့်မည်။ 


ဤသို့အတွေးဖြင့် သူ၏အောက်နှုတ်ခမ်းကို အသာကိုက်ကာ နူးနူးညံ့ညံ့ခေါ်လိုက်သည်။

"အန်တီရှမန်..."


မဒမ်ရှမန်က ကျီလင်၏ခေါ်ဆိုသံကို ကြားသည့်အခါ ချက်ချင်းဆိုသလို ပြန်ဖြေသည်။

"ဘာများလဲ..."


ကျီလင်က သူမကိုကြည့်ကာ တွေဝေနေပြီး နောက်ဆုံး၌ စိတ်ပိုင်းဖြတ်ကာ တိုးတိုးလေးပြောလိုက်သည်။

"ကျွန်...ကျွန်တော် နန်းတော်ထဲကနေ ထွက်သွားချင်တယ်..."


မဒမ်ရှမန်က ချက်ချင်းဆိုသလို စိတ်ပူသွားသည်။ နန်းတော်အတွင်းမှ ထွက်သွားခြင်းက ကျီလင်အတွက် အန္တရာယ်များလှသည်။ အပြင်ဘက်၌ ကားလို့စ်က ဆက်လက်စောင့်ကြည့်နေဆဲဖြစ်သလို လိမ်လည်ပုန်ကန်သူများ၏ခြိမ်းခြောက်မှုလည်း ရှိနေဆဲဖြစ်သည်။ ဤနန်းတော်တစ်ခုကသာ ကျီလင့်ကို ကားလို့စ်ဆီမှ အကာအကွယ်ပေးကာ လုံခြုံစေမည်ဖြစ်သည်။


ပြီးတော့ ကျီလင်ရဲ့စိတ်အခြေအနေနဲ့ဆိုရင် ဘယ်သူက သူ့ကို ထွက်သွားခွင့်ပေးနိုင်မှာလဲ...


သူမက ခပ်သွက်သွက်မေးလိုက်သည်။

"ဘာလို့လဲ..."


ကျီလင်၏မျက်ဝန်းက မှေးမှိန်သွားကာ သူ့မျက်နှာ၌ ဝမ်းနည်းခြင်းများ ပြည့်နှက်သွားသည်။ သူ့ခေါင်းကိုထပ်ပြီး ငုံ့ချလိုက်ကာ တိုးညင်းစွာပြောလိုက်သည်။

"ကျွန်တော်က အရှင်နဲ့မထိုက်တန်ပါဘူး...ကျွန်တော်ဒီမှာဆက်မနေချင်တော့ဘူး..."


မဒမ်ရှမန်၏နှလုံးသားက ထပ်မံ၍ကြေကွဲသွားရသည်။


အို ငါ့ရဲ့သနားစရာကလေးလေး...ဘာတွေများကြုံတွေ့ခဲ့ရတာလဲ...အမြဲတမ်းတက်ကြွပြီး ယုံကြည်ချက်ပြင်းထန်တဲ့ကလေးက သိမ်ငယ်စေတဲ့ ဒီလိုစကားတွေကိုတောင် ပြောထွက်လာတာပဲ...ဒါက ငါတစ်ချိန်က သိကျွမ်းခဲ့ဖူးတဲ့ တောက်တောက်ပပနဲ့ လူငယ်လေးရော ဟုတ်ရဲ့လား...


သူမ၏မျက်ဝန်းများက နီရဲလာကာ ခံစားချက်များစွာဖြင့် သူမပြောလိုက်သည်။

"မင်းကသူနဲ့မထိုက်တန်ဘူးဆိုရင် ဘယ်သူနဲ့ထိုက်တန်တာလဲ..."


ကျီလင်: "…"


ကျွန်တော်က ဒီလိုတောင်ဖြစ်နေပြီလေ...အန်တီက ကျွန်တော်တို့ကိုနေရာချပေးဖို့ကို လက်မလျှော့နိုင်သေးဘူးလား...


မဒမ်ရှမန်က ကျီလင်အား နူးညံ့စွာစိုက်ကြည့်ကာ ပြတ်သားစွာပြောသည်။

"အဲဒါအားလုံး ဟိုသူပုန်တွေကြောင့်ပဲ...သူတို့တွေအပြစ်ဒဏ်ခံရလိမ့်မယ်...မင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးကလေးပဲ...သူများရဲ့အမှားကြောင့် မင်းကိုယ်မင်းအပြစ်တင်စရာမလိုပါဘူး ဟုတ်ပြီလား... "


ကျီလင်: "..."


စိတ်ဓာတ်ကျချင်စရာကောင်းလိုက်တာ...


အန်တီ ဒီထက်ပိုပြီး ဘက်လိုက်နေဦးမှာလား...


ကျီလင်၏စိတ်ဓာတ်ကျနေသော မျက်နှာလေးကိုမြင်ပြီး သူမ၏စကားတို့က သူ့အား စိတ်မသက်သာလာစေသောကြောင့် မဒမ်ရှမန်၏နှလုံးသားက ပို၍ပင်ပန်းလာသည်။ 


သူမ၏လက်ကို မျက်ဝန်းနားတစ်ဝိုက်၌ ထိလိုက်ပြီး မငိုကြွေးမိအောင်ထိန်းရင်း သူမပြောလိုက်သည်။

"နားလိုက်ဦး...မနက်ဖြန်မှပဲ အန်တီ မင်းကို ထပ်လာတွေ့မယ်..."


သူမက ဤနေရာ၌ ထို့ထက်ပို၍ ကြာကြာဆက်မနေနိုင်တော့ချေ။



✨✨✨