✨ Chapter 93
လွတ်မြောက်ခြင်း
ကျင်းဆွေ့က ကောင်ငယ်လေး၏ကြောက်လန့်ပြီး ဖြူဖျော့ဖျော့မျက်နှာကိုကြည့်လျက် မျက်ရည်များကျကာ တောင်းပန်သောအသံကို နားထောင်နေရင်း သူ့နှလုံးသားက ပြင်းထန်စွာထိုးနှက်ခံလိုက်ရသလို ခံစားနေရသည်။
အချိန်အတော်အတန်ကြာပြီးနောက် သူက ဖြည်းညင်းစွာ သက်ပြင်းအရှည်ကြီးကိုချလိုက်သည်။ သူ၏ရွှေအိုရောင်မျက်ဝန်းတစ်စုံက ပျော့ပျောင်းသွားလျက် နူးနူးညံ့ညံ့လေသံနှင့်ပြောလိုက်သည်။
"ကိုယ်ပါ...ကိုယ်အခုပြန်လာပြီလေ..မင်းကိုဘယ်သူမှနာကျင်အောင်ထပ်မလုပ်တော့ပါဘူး..."
သို့သော်လည်း ကောင်ငယ်လေးက သိသိသာသာကိုကြောက်လန့်တုန်လှုပ်နေဆဲဖြစ်လျက် ကျင်းဆွေ့၏လက်ကို အတင်းတွန်းထုတ်ကာ စူးစူးဝါးဝါးအော်ဟစ်လာသည်။
"ကျွန်တော့်ကိုမထိနဲ့..."
ကျင်းဆွေ့က အေးခဲသွားလျက် နောက်ဆုံး၌ သူ့အမူအရာက တင်းမာသွားသည်။
ကျီလင်က သူလုပ်လိုက်သည့် လုပ်ရပ်အပေါ် ရုတ်တရက်သတိထားမိသွားသကဲ့သို့ ကျင်းဆွေ့၏မျက်နှာကိုကြည့်လိုက်ပြီး သူ့မျက်နှာမှာ ချက်ချင်းပင် ကြောက်ရွံ့မှုလျော့ကျသွားသည်။ သူက ခုတင်ခြေရင်းသို့ နီးကပ်စွာ တိုးကပ်သွားလိုက်လျက် မျက်ရည်များက ပါးပြင်ပေါ်သို့စီးကျလာကာ ညည်းညူပြောဆိုလိုက်သည်။
"တောင်းပန်ပါတယ်...ကျွန်တော် မရည်ရွယ်ပါဘူး..."
သူ့အရှေ့ကမြင်ကွင်းကို ကျင်းဆွေ့က ကြည့်နေမိပြီး သူ၏နှလုံးသားကို မညှာမတာဆုတ်ဖြဲပစ်နေသည့်အတိုင်းပင် ခံစားနေရလျက် ဤသည်ကို သည်းမခံနိုင်လုနီးပါးဖြစ်သွားရသည်။ သို့သော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းချုပ်ပြီး လေသံတိုးတိုးဖြင့်ပြန်ဖြေလိုက်သည်။
"ရပါတယ်..."
အချိန်အကြာကြီး တုံ့ဆိုင်းနေပြီးသည့်နောက်၌ သူ့လက်မောင်းကို ထပ်မံမြှောက်လိုက်ပြီး တုန်ယင်နေသည့်ကောင်ငယ်လေးကို ညင်သာစွာပွေ့ဖက်လိုက်လေသည်။
ဤအကြိမ်တွင် ကောင်ငယ်လေးက သူ့အားတွန်းထုတ်ခြင်းနှင့်အော်ဟစ်ခြင်းများ မပြုလုပ်လာတော့ချေ။ မျက်ဝန်းတစ်စုံကို တင်းကျပ်စွာမှိတ်ချလိုက်ကာ ကျင်းဆွေ့၏ထိတွေ့မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ကာ အေးခဲသွားသလိုခံစားသွားရသော်လည်း သူက တိတ်ဆိတ်စွာ နာခံမှုရှိနေသည်။
ကျင်းဆွေ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ကောင်ငယ်လေး၏ကျောပြင်အား နှစ်သိမ့်သလိုမျိုး နူးနူးညံ့ညံ့ပွတ်သပ်ပေးကာ ကောင်ငယ်လေးကို သူ့ရင်ခွင်အတွင်းသို့ ပိုတိုးဝင်ခွင့်ပြုလိုက်သည်။
"ဘာမှမဖြစ်တော့ပါဘူး..."
ကောင်ငယ်လေး၏ ပိန်လှီလှသည့်ခန္ဓာကိုယ်လေးက သူ၏ရင်ခွင်ထဲတွင် အနည်းငယ်တုန်ယင်သွားသည်။ သူ့မျက်ဝန်းတစ်စုံကို တင်းကျပ်စွာမှိတ်ချထားဆဲဖြစ်လျက် မျက်ရည်စက်များက မျက်တောင်ရှည်များထက်၌ တွယ်ကပ်နေကာ သွေးမရှိသည့်နှုတ်ခမ်းလေးက အနည်းငယ်တုန်နေသည်။
ကျင်းဆွေ့က တိုးသက်လှသော တီးတိုးစကားသံကို ကြားနိုင်ရန်အတွက် သူ့ခေါင်းကိုငုံ့ချခဲ့ရသည်။ တိုးညင်းလှပြီး လုံးဝတိတ်ဆိတ်နေသည့်အလားပင်။
"တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...ထပ်မလုပ်ရဲတော့ပါဘူး...ကျေးဇူးပြုပြီး ကျွန်တော်ကောင်းကောင်းနေပါမယ်...ကျွန်တော် ကလန်ကဆန်မလုပ်တော့ပါဘူး..."
ထိုအခိုက်အတန့်၌ ဝမ်းနည်းမှုက ကောင်းကင်ကြီးပြိုကျလာသလို ဖြစ်လာပြီး ကျင်းဆွေ့၏ကမ္ဘာကြီး ပြိုလဲတော့မလို ဖြစ်သွားသည်။
ထိန်းမရသိမ်းမရဖြစ်ကာ ဒေါသထွက်ပြီး အရာရာကိုဖျက်ဆီးပစ်ချင်သည့်ဆန္ဒက သူ့ထံ၌ပေါ်ထွက်လာသည်။
သူ၏စာရွက်ဖြူလေးတစ်ရွက်အလို့ငှာ ဖြူစင်ကာ အပြစ်ကင်းစင်သောကောင်ငယ်လေးက အနမ်းလေးတစ်ပွင့်အတွက်ပင် အရှက်သည်းနေကာ ဤသို့သော နီးစပ်ယှက်နွယ်မှုမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးပေ။
အဲဒီနေရာမှာ ငါ့ရဲ့ကောင်ငယ်လေးက ဘယ်လိုနှိပ်စက်ညှင်းပန်းမှုမျိုးကို ခံစားခဲ့ရတာလဲ...
ကျင်းဆွေ့က ၎င်းကိုစိတ်ကူးနှင့်ပင်မယဥ်ဝံ့ချေ၊ အဘယ်ကြောင့်ဆိုသော် တစ်ခဏတာအတွေးကပင် သူ့ကိုအသက်ရှူရခက်စေသောကြောင့်ဖြစ်သည်။
ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းကာ သူ့ကိုမျက်နှာချင်းဆိုင်၍ မရင်ဆိုင်ရဲကြသောလူများက အမှောင်ထဲ၌ပုန်းအောင်းနေလျက် ဤလိုအပြစ်ကင်းစင်လှသော သူ၏ကောင်ငယ်လေးကို ထိခိုက်နာကျင်အောင်လုပ်ရဲကြသည်။
ကောင်ငယ်လေးက မည်သူ့အပေါ်ကိုမှ ဒုက္ခမပေးခဲ့ဖူးဘဲ သူ၏မြင့်မြတ်လှသော အဆင့်အတန်းကြောင့် ယခုလိုရက်စက်ကြမ်းကြုတ်စွာ အဆက်ဆံခံခဲ့ရသည်။
ယခင်က ကျင်းဆွေ့က သူပုန်များအပေါ် မည်သို့မျှ စိတ်ထဲဂရုမစိုက်ခဲ့ချေ။ ၎င်းတို့၏လုပ်ရပ်များကိုပင် အသုံးချရန်အတွေးရှိခဲ့ဖူးသည်။
နောက်ဆုံးတွင် ပြုပြင်ပြောင်းလဲမှုများဖြင့် ရှေ့သို့ တွန်းအားပေးခြင်းဟူသည့် သွေးလွှမ်းမှုများနှင့် စွန့်လွှတ်အနစ်နာခံမှုများကို ရှောင်လွှဲ၍မရနိုင်ပေ။
အသတ်ခံခဲ့ရသော မျိုးရိုးမြင့်များက ဤသွေးစွန်းနေသောလမ်းပေါ်၌ ယစ်ပူဇော်ခံရခြင်းမျှသာဖြစ်သည်။
ယခုမူကား ပထမဦးဆုံးအကြိမ်အဖြစ် သူ၏ရပ်တည်ခဲ့သမျှအပေါ် မေးခွန်းပြန်ထုတ်မိလိုက်သည်။
ငါလုပ်နေတာတွေက တကယ်ပဲမှန်ကန်ရဲ့လား...
အဲဒီစိတ်ဆုပ်ပြီး ရွံဖွယ်ရာကောင်းတဲ့လူတွေက ငါ့ရဲ့ကရုဏာသက်မှုကိုခံယူဖို့ တကယ်ပဲထိုက်တန်ရဲ့လား...
ကားလို့စ်က ၎င်းကိုရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ပြီးသားဖြစ်နိုင်သည်။ ဤလူများက သနားညှာသာပေးရန် မထိုက်တန်ဟု နားလည်ပြီးသားဖြစ်နိုင်သည်။
သူတို့က ကျေးဇူးတရားနဲ့ချုပ်နှောင်ခံရမှုကို နားမလည်ကြဘူး...သားရဲကောင်ကြီးတွေလိုမျိုး...သူတို့လက်လှမ်းမှီသမျှကိုလုယူကြပြီး...သူတို့ရဲ့ရည်မှန်းချက်အတွက် ဘယ်အရာမဆိုဖျက်ဆီးပစ်ဖို့ရာ ဝန်မလေးကြဘူး...
သူ၏မျက်ဝန်းတို့ကို ကျင်းဆွေ့မှိတ်ချလိုက်သည်။ သူ့ရင်ခွင်ထဲရှိ တုန်ယင်နေသည့်ကောင်ငယ်လေးက ကြောက်လန့်နေသော်လည်း မရုန်းမကန်ဝံ့သည်မှာ ထင်ရှားလှပေသည်။
အချိန်အတော်အတန်ကြာပြီးနောက် သူက ကောင်ငယ်လေးအား တုံ့ဆိုင်းစွာဖြင့် လွှတ်ပေးလိုက်ပြီး လှည့်ထွက်သွားလိုက်သည်။
ကျီလင်က တစ်ဖက်လူ၏လေးလံလှသည့် ခြေသံများ မှိန်ဖျော့သွားသည်ကို နားထောင်ရင်း သူ၏မျက်ဝန်းတစ်စုံအား သတိထား၍ဖွင့်လိုက်သည်။
ကျန်းဆွေ့ထွက်သွားပြီ။
ကျန်းဆွေ့ပြန်မလာသည်အား သေချာသည်အထိ သူတစ်ခဏမျှစောင့်နေလိုက်သည်။ နောက်ဆုံး၌ သူစိတ်အေးလက်အေးဖြစ်သွားလျက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ငါ့ရဲ့ဖျော်ဖြေမှုက ကျင်းဆွေ့ရဲ့နှလုံးသားကို ပျော့ပျောင်းသွားစေဖို့ အောင်မြင်သွားပုံရတယ်...
ငါဒီလောက်ထိ သနားစရာကောင်းနေတာကိုမြင်ပြီး...ကျင်းဆွေ့က ငါ့အပေါ် ဟိုလိုမျိုးစိတ်တွေမထားတော့ဘူးဆိုတာ သေချာတယ်မလား...
ကျီလင်က ခုတင်ပေါ်၌ထိုင်လိုက်ပြီး သူ၏လက်ကောက်ဝတ်ကိုငုံ့ကြည့်လိုက်သည်။ သူ၏ဖြူဖျော့သောအသားအရေတွင် အနမ်းအမှတ်အသားများသာမက ကျင်းဆွေ့၏ဆုပ်ကိုင်ထားမှုကြောင့် လက်ရာလည်း ထင်ကျန်နေလေသည်။
ဂါဘရီရယ်က သူ့အပေါ်တွင် အမြဲတမ်းကြင်နာမှုရှိခဲ့သည်။ အများအားဖြင့် နောက်ဆုံးအချိန်၌ သူက ရပ်တန့်တတ်သည်။ သို့သော်လည်း ယခုက သူပထမဆုံးအကြိမ် ကြမ်းတမ်းခြင်းဖြစ်သည်။ ထိုအချိန်တွင် သူက ကြောက်လန့်ပြီး ဒေါသထွက်နေခဲ့သော်လည်း ပြန်တွေးကြည့်ပါက ကျီလင်အခြားသူများကိုငြင်းဆန်၍ ဆင်ခြေပေးရန်အတွက် ဂါဘရီရယ်က သူ့ကိုထိခိုက်ဒဏ်ရာရအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပုံရသည်။
ကျီလင်က ခဏမျှရပ်လိုက်ပြီး သူ၏နှုတ်ခမ်းကိုပွတ်သပ်လိုက်သည်။ ထိုလူယုတ်မာက ဤမျှလောက်အထိ ကြင်နာလိမ့်မည်မဟုတ်ချေ။ ထိုလူက သူ့အား လှောင်ပြောင်ချင်ရုံသာဖြစ်နိုင်သည်။
ဂါဘရီရယ်က နဥ်ယွီကို ခြိမ်းခြောက်ပြီး အတင်းအကျပ်လုပ်ခဲ့သည်ကိုလည်း ကျီလင်ဘယ်တော့မှမမေ့ချေ။
အဲလူကို ငါဘယ်တော့မှခွင့်မလွှတ်နိုင်ဘူး ဟမ့်...
........
နန်းတော်အတွင်းမှ မထွက်ခွာနိုင်သောကြောင့် ကျီလင်က သူ၏ပုံမှန်စိတ်ဓာတ်ကျနေသော အခြေအနေသို့ပြန်ရောက်ရှိသွားသည်။
ဤတစ်ကြိမ်တွင် ကျင်းဆွေ့ သူ့ကို လုံးဝလက်လျှော့သွားစေရန် သူ သေသေချာချာသရုပ်ဆောင်မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။
ခင်ဗျားက အင်ပါယာရဲ့ဧကရာဇ်တစ်ပါးပဲ...ခင်ဗျားစိတ်တိုင်းကျ လူတွေကိုရွေးချယ်နိုင်တာပဲလေ... ကျွန်တော်က ဟောင်းနွမ်းနေတဲ့အဝတ်စတစ်ခုလို အသုံးချခံရပြီး စွန့်ပစ်ခံရပြီးပြီ ဟမ့် ကျွန်တော် ခင်ဗျားကိုရွံတယ်...သေချာတာပေါ့ ဒီလောက်ပျက်စီးနေတဲ့လူကိုလည်း ခင်ဗျား စိတ်မဝင်စားလောက်တော့ဘူးမလား...
ဤသို့ မျှော်လင့်ချက်အတွေးများဖြင့် ကျီလင်က ကျင်းဆွေ့သူ့ကိုစိတ်ဝင်စားမှုမရှိတော့မည့်အချိန်အား စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေလိုက်တော့သည်။ ၎င်းအခါမှ သူတို့နှစ်ယောက်က ငြိမ်းချမ်းစွာဖြင့် ကိုယ့်လမ်းကိုလျှောက်နိုင်ကြမည်။
ဒါပေမဲ့ ငါက'ဒဏ်ရာရပြီး စိတ်ဓာတ်ကျ'နေတဲ့ပုံစံကို သူနားလည်သဘောပေါက်အောင် ဘယ်လိုမျိုးသရုပ်ပြရမှာလဲ...
ကျီလင်က သေသေချာချာစဥ်းစားပြီးသည့်နောက် အစားအသောက်များကို ငြင်းပယ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သူက အကောင်းမြင်တတ်သော သဘာဝရှိသူဖြစ်ပြီး ခက်ခဲသော အချိန်များတွင်ပင် အစားစားချင်စိတ် မပျောက်သူတစ်ယောက်ဖြစ်သည်။ ထို့အပြင် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့် ဤအင်ပါယာကြယ်ကြီးတွင် အမိကမ္ဘာမြေမှ ကြားပင်မကြားဖူးလောက်သည့် အစားအသောက် အသစ်အဆန်းများကို စကြဝဠာတစ်ခွင် မြည်းစမ်းကြည့်ခဲ့သည်။ ကျီလင်အတွက်မူ အိမ်မှအဝေးကို ရောက်နေစဉ်တွင် ဤအရာကသာ သူ့အနှစ်သက်ဆုံး အရာတစ်ခု ဖြစ်သလို သူ့အတွက် တစ်ခုတည်းသော ဖြေသိမ့်ရာဟုလည်း ဆိုနိုင်ပေသည်။
ထို့ကြောင့် သူက အစားအသောက်ကို နှစ်သက်သည်။
သို့သော် ယခုတွင် ကျီလင်က ပန်းခြံရှိစားပွဲတစ်ခု၌ ထိုင်နေသည်။ သူ၏အရှေ့၌ချထားသော အရသာရှိသည့် ဟင်းပွဲများအား ဝမ်းနည်းနာကျင်စွာ ရုန်းကန်နေရသော အမူအရာဖြင့် ငေးကြည့်နေမိသည်။
ယမန်နေ့ကပင် ကျင်းဆွေ့အား သူငြင်းပယ်ခဲ့ပြီးဖြစ်သည်။
ဒီနေ့ကျမှ ငါပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်နေတာကိုမြင်သွားရင် တော်တော်လေးမဟုတ်မဟတ် ဖြစ်နေမလား...
ငါ့ရဲ့နက်နဲတဲ့ ဝမ်းနည်းစိတ်ကို ဘယ်လိုမျိုး ပြသရမှာလဲဟ...အစာစားချင်စိတ်တောင် မရှိတာမျိုး ဖြစ်နိုင်မလား...
နန်းတော်အတွင်းရှိ လူများက သူ့ကိုအာရုံစိုက်ကာ အနီးကပ်စောင့်ကြည့်နေသည့်အတွက် ကျင်းဆွေ့က သူ့ကိုစောင့်ကြည့်ရန် သူတို့ကိုစီစဥ်ထားခြင်းက သိသာထင်ရှားသည်။
ထို့ကြောင့် နည်းနည်းလောက် ခိုးစားသည်က မဖြစ်နိုင်တော့ချေ။
ကျီလင်က လူတိုင်း သူ့အား ရှုထောင့်ပေါင်းစုံမှ စောင့်ကြည့်နေသည်ကို ခံစားနေမိသည်။
သူ့ညာဘက်က အရသာရှိသည့် အစားအစာအား သူငေးကြည့်နေမိသည်။ မိုအာကြယ်စုမှ ပြိုးပြက်လင်းလက်နေသော တိမ်လွှာပူတင်း၊ သူက အင်္ကျီလက်ရှည်အောက်ရှိသူ့လက်ကို တင်းတင်းဆုပ်လိုက်လျက် မသိမသာတံတွေးမြိုချလိုက်သည်။
စိတ်ကိုထိန်း...
ကျီလင်က သူ့ဘယ်ဘက်ခြမ်းတွင် ရှိနေသော နူးညံ့သည့် နှင်းကြာပန်းပွင်သဖွယ်အရာအား ဖျတ်ခနဲလှမ်းကြည့်လိုက်သည်။ ၎င်း၏ပွင့်လွှာများက တောက်ပပြီး အရသာများပြည့်နှက်နေဟန်၊ လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထား၍ ပြိုင်ဘက်ကင်း အရသာက သူ့လျှာပေါ်မှာ ပျော်ဆင်းသွားစေနိုင်သည်။
စိတ်ကိုထိန်း...
နောက်ဆုံး၌ သူက အရှေ့၌ရှိသော အနံ့မွှေးကြိုင်သည့် ငါးဟင်းရည်ပန်းကန်ကို ငုံ့ကြည့်လိုက်သည်။
စိတ်ထိန်း စိတ်ကိုထိန်းစမ်းကွာ...
ဒါက သနားဖို့မကောင်းလွန်းဘူးလား... ငါက ဘာလို့ အခုလို ဒုက္ခကိုခံစားနေရတာလဲ...
တစ်ခါက သူ၏လုပ်ရပ်အတွက် အကျိုးဆက်က နမ်းရှိုက်ရန် ဖိအားပေးခံခဲ့ရသည်။ ယခုတွင် ကူကယ်ရာမဲ့ကလေးတစ်ယောက် သူ၏နောက်ဆုံးအရုပ်ကို လုယက်ခံရသလိုမျိုး သူက အစားအသောက်ကိုသေချာပင် မစားရနိုင်ချေ။
ဤအတွေးဖြင့် ကျီလင်၏နှလုံးသား၌ ဝမ်းနည်းမှုများစွာ ပြည့်နှက်သွားပြီး မျက်ဝန်းတစ်စုံက မှိန်းလာလျက် မျက်နှာကဖြူဖျော့လာသည်။
ဘဝကြီးက သည်းမခံနိုင်စရာကောင်းလိုက်တာ...
သို့သော် သူက ဤကိစ္စကိုလုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သောကြောင့် မည်သည့်အခြေအနေမျိုး၌မဆို ဆက်လုပ်သွားရမည်။ ကျီလင်က မိမိကိုယ်ကိုထိန်းချုပ်လျက် ဟင်းရည်ကိုအားနည်းစွာ စုပ်သောက်လိုက်ပြီးသည့်နောက် အစာစားချင်ဟန်မရှိသည့်အမူအရာဖြင့် ပန်းကန်လုံးနှင့်တူများကို ချထားလိုက်သည်။
အဲဒီတူတွေကို ချပစ်ဖို့ကို ငါဘယ်လောက်အထိ ဆုံးဖြတ်ချက်ချလိုက်ရသလဲ ဘယ်သူမှမသိဘူးကွ...
အဲဒါက ပန်းကန်တစ်ခုပဲမဟုတ်ဘူး...ငါ့ရဲ့ဘဝ၊ ငါ့ရဲ့အသက်ပဲ...
ပါးစပ်အပြည့်နှင့်ဟင်းရည်ကို သူချက်ချင်းဆိုသလို မမျိုချလိုက်ဘဲ သူက ခဏလေးမျှ ပါးစပ်အတွင်း၌ ငုံထားလိုက်ပြီးမှ ခက်ခက်ခဲခဲ မျိုချလိုက်သည်။
ငါတကယ်ကြီးကို ဗိုက်ဆာနေပြီလို့...
အရသာရှိလှသည့် အစားအသောက်များစွာ တင်ထားသော စားပွဲအရှေ့၌ ထိုင်နေရသော်လည်း သူက စားနိုင်ခြင်းမရှိချေ။ ကျီလင်က ယမန်နေ့က အပြုအမူများကြောင့် စတင်ကာ နောင်တရလာသည်။
ယခုလိုမျိုး အခြေအနေမျိုးဖြစ်လာမည်ကို သူသာကြိုသိခဲ့ပါက တွေဝေပြီး အခြားနည်းလမ်းတစ်ခုကို စဥ်းစားနိုင်ခဲ့လိမ့်မည်။
သို့သော် ပြီးခဲ့သည်က ပြီးသွားခဲ့ပြီဖြစ်ရာ နောင်တရနေခြင်းက အဓိပ္ပါယ်ကင်းမဲ့လှသည်။
အပြန်တွင် ကျီလင်၏ ခြေလှမ်းတို့က အားနည်း၍နေပေသည်။
တစ်နေကုန် ဘာမျှမစားသောက်ရသေးသည်က သူ့ကိုချည့်နဲ့စေပြီး ဗိုက်ဆာခြင်းကြောင့် ညဘက်၌သူအိပ်ပျော်ရန် အခက်အခဲဖြစ်နေသည်။ စောင်အောက်၌ ထပ်ခွေလျက် လှဲလျောင်းလိုက်ပြီး နူးညံ့ပြီး ကြေကွဲနေသော ငိုရှိုက်သံအား သူထုတ်လွင့်လိုက်သည်။
ငါ တကယ် အစာစားချင်တယ်လို့...
ရုတ်တရက် တံခါးအနားမှ ခပ်တိုးတိုးခလုတ်တိုက်သည့်အသံကို သူကြားလိုက်ရသည်။ ကျီလင်က ချက်ချင်းဆိုသလို အေးခဲသွားပြီးနောက် အိပ်ချင်ယောင်ဆောင်လိုက်သည်။
ကျင်းဆွေ့က တံခါးကို တိုးညင်းညင်သာစွာ ဖွင့်လာသည်။ သူ၏ထက်မြတ်ပြီး ချောမောသည့်အသွင်အပြင်က အမှောင်ထဲ၌ နက်နဲပြီး တည်ငြိမ်နေသည်။ သူက ကျီလင်၏အိပ်ရာဆီသို့ နှေးကွေးပြီး လေးလံသော ခြေလှမ်းများဖြင့် လှမ်းလာခဲ့သည်။
စောင်အောက်၌ လှဲလျောင်းနေသည့် လူငယ်လေး၏မျက်နှာတစ်ဝက်ကိုသာ မြင်နေရပြီး သူ၏ဆံနွယ်အနည်းငယ်က နဖူးအထက်၌ တွယ်ကပ်နေသည်။
ကျင်းဆွေ့က ကျီလင်၏နဖူးထက်ရှိ ဆံနွယ်များကို ညင်သာစွာဖယ်ရှားလိုက်ရာ သူ၏မျက်နှာပေါ်ရှိ မျက်ရည်စက်များကို မြင်လိုက်ရသည်။
သေချာသည်က သူ(ကျီလင်)က အိပ်မနေပါဘဲ စောင်အောက်၌ပုန်းကာ ငိုနေခဲ့ခြင်းဖြစ်နိုင်သည်။
ထိုမျက်ရည်စက်များကို သူ၏အနမ်းဖြင့်ဖယ်ရှားပေးချင်သည်။ အရာအားလုံးအဆင်ပြေပြီး သူ့ကိုမည်သူမျှမထိခိုက်နိုင်တော့ဟူ၍ ပြောပြပေးချင်သည်။
သို့သော်လည်း သူက ဤခဏမျှ ပါးလွှာသော ငြိမ်းချမ်းမှုကို မချိုးဖျက်ဝံ့ပေ။
ကောင်ငယ်လေး၏ ကြောက်လန့်ကာ ကူကယ်ရာမဲ့နေမည့် အကြည့်များကို သူ ရင်မဆိုင်ရဲချေ။
ကျီလင်ကလည်း ကျင်းဆွေ့အား မျက်နှာချင်းမဆိုင်ရဲချေ။ ရှက်ရွံ့မှုဖြင့် အိပ်ချင်ယောင်ဟန်ဆောင်လျက် ကျင်းဆွေ့ဘာဆက်လုပ်မည်ကို စိတ်လှုပ်ရှားစွာ သူတွေးနေမိသည်။
သို့သော် မကြာမီတွင် ကျင်းဆွေ့က ဤအတိုင်းလှည့်ထွက်သွားလေသည်။
ကျီလင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
အခုလေးတင်ပဲ ငါက ကျင်းဆွေ့ကို ကြောက်လန့်ပြီး ထွက်ပြေးသွားအောင် လုပ်နိုင်ခဲ့ပြီထင်တယ်...
ဒါပေမဲ့ စရိတ်စကက အရမ်းကြီးမားလွန်းတာပဲ...QAQ
.........
ကျီလင်က ဆက်လက်ပြီး နေ့စဥ်နေ့တိုင်း အဆာခံလျက် ဆန္ဒပြနေဆဲဖြစ်သည်။ ဤနေရာနည်းနည်း ထိုနေရာနည်းနည်းကိုက်ဝါးလျက် သူ၏ခန္ဓာကိုယ် အားနည်း၍ပိန်ပါးလားစေရန် မျှော်လင့်နေသည်။
ဒါပေမဲ့ ဘာကြောင့် ငါဝိတ်ကျတာ နှေးကွေးနေတာလဲ...အချိန်တွေကြာနေပြီဆိုပေမဲ့ ငါ့အလေးချိန်က ဘာမှမလျော့သွားသေးဘူး...
မှန်ထဲသို့ကြည့်လိုက်ပြီး အဆုံးသတ်တွင် ကိုယ်အလေးချိန်ကျရန် ကြိုးစားနေကြသည့်လူများအတွက် ၎င်းက အလွန်ခက်ခဲကြောင်း နားလည်သဘောပေါက်လိုက်သည်။
ဒါက အရမ်းခက်ခဲလွန်းတာပဲဟ...
သူ့ဝမ်းကွဲညီမလေးက အမြဲတမ်း ပိန်ပိန်ပါးပါးခန္ဓာကိုယ်အား လိုချင်နေခဲ့သည်။ သူမက ဤမျှလောက်အထိ ခန္ဓာကိုယ်မဝသော်လည်း ညစာမစားမသောက်ဘဲ သူမ၏ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်အတွက် ညတိုင်းပန်းသီးတစ်လုံးခန့်မျှသာ စားသောက်သည်။ ၎င်းအချိန်တွင် သူက ဤအတိုင်းသာ ဖြတ်လျှောက်သွားခဲ့သည်။
ဒါပေမဲ့ အခုတော့ ငါကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ ကိုယ်အလေးချိန်ကျဖို့ အစားအသောက်ကိုလျှော့ချတာက အံ့သြစရာကောင်းလောက်အောင် ခက်ခဲပြီးတော့ စိတ်ဓာတ်မာဖို့လိုအပ်တာကို သဘောပေါက်သွားပြီ...
ဒီလို စိတ်ဓာတ်သန်မာမှုနဲ့ဆိုရင်လေ သူကကြီးမားတဲ့အောင်မြင်မှုတွေကို သေချာပေါက်ရရှိပြီး...စစ်ပွဲမှာဆိုရင် သူကရှေ့တန်း စစ်မျက်နှာ ၂၅,၀၀၀မိုင်လုံးကို ချီတက်နိုင်လောက်တယ်...
ဒါပေမဲ့ သာမန်လူတစ်ယောက်ဖြစ်တဲ့ ကျီလင်ဆိုတဲ့ငါကတော့ ဒီထက်ပိုပြီး ခံနိုင်ရည်မရှိတော့ဘူးကွ...
နေ့စဥ် အနည်းငယ်မျှစားသောက်ခြင်းက သူ၏ဆာလောင်မှုကို သက်သာစေရန် လုံလောက်ခဲ့ခြင်းမရှိဘဲ ဆာလောင်မှုကြောင့်ပင် သူက လဲပြိုမလိုဖြစ်နေရသည်။
တစ်နေ့တွင် ကျီလင်က ဥယျာဥ်အတွင်းရှိ ရေကန်နားဘေးတွင်ထိုင်လျက် ရေကန်ထဲရှိ ရေကူးခတ်နေကြသော ငါးများထံသို့ အကြည့်များ လွင့်မျောနေလေသည်။
ငါးကင်၊ ငါးပေါင်း၊ ငါးချိုချဥ်ကြော်နှင့် ငါးပြုတ်ရည် စသည့်ဟင်းလျာအမယ်စုံများက သူ၏အတွေးထဲ၌ ပြည့်နှက်နေလေသည်။
ဤမျှလောက်ထိ ဆိုးရွားမည်ကိုသာ ကြိုသိခဲ့ပါက ယခုလို လွန်ကဲသည့်သရုပ်ဆောင်မှုကို သူ လုပ်မိခဲ့မည်မဟုတ်ချေ။
ကျင်းဆွေ့ဆီကနေ အနမ်းခံရတာက ဒီလို ဗိုက်အဆာခံရတာထက်စာရင်တော့ မဆိုးရွားလောက်ပါဘူး ဟုတ်တယ်မလား...
✨✨✨