✨ Chapter 92
ယခုအချိန်တွင် ကားလို့စ်က သူတို့၏ အဓိက ပစ်မှတ်ဖြစ်ပြီး သူတို့၏ မူဝါဒ အကောင်အထည်ဖော်မှုက ထိပ်တန်း ဦးစားပေး ဖြစ်သော်လည်း အပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်မပေးရန် စီစဉ်ထားခြင်း မဟုတ်ပေ။
ဂါဘရီရယ်က ဤအကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိနေသော်လည်း သူ ဂရုမစိုက်ပေ။ သူက သူ့ရည်မှန်းချက်များကို ရရှိရန်အတွက် မည်သည့်အရာကိုမျှ ရပ်တန့်မည် မဟုတ်သော လူတစ်ဦးဖြစ်သည်။
ကျင်းဆွေ့၏ မျက်နှာက ရေခဲကဲ့သို့ အေးစက်နေသည်။
………………
ကျီလင်က ခေတ္တကြာအောင် ထိုင်နေသော်လည်း စိတ်မသက်မသာဖြစ်နေ၍ သူက ရေချိုးပြီး အဝတ်အစားကို လဲလှယ်ကာ ခုတင်ပေါ်တွင် မှင်သက်စွာ ထိုင်နေလိုက်သည်။
လက်မလျှော့တတ်သော ကျင်းဆွေ့ကို ရင်ဆိုင်ရမည်ကို စဉ်းစားရသည့်အခါ သူက စိုးရိမ်ပြီး မသေချာ မရေရာဖြစ်နေသည်။
စနစ်က ဘာလို့ ပြန်မရောက်လာသေးရတာလဲ...
ငါ နည်းလမ်းတွေလည်း ကုန်လုနီးပါးဖြစ်နေပြီဟ...
ကျီလင်က သက်ပြင်းချလိုက်ပြီး ခြေသံများကို ကြားလိုက်ရသောကြောင့် မော့ကြည့်လိုက်သည့်အခါ တံခါးဝတွင် ရပ်နေသည့် ကျင်းဆွေ့ကို တွေ့မြင်ရပြီး အံ့ဩသွားသည်။
မည်းမှောင်သော ဆံပင်နှင့် ရွှေရောင် မျက်လုံးများရှိသည့် ချောမောသော အမျိုးသားက ထိုနေရာတွင် ရပ်နေပြီး အတွင်းသို့ မဝင်ဘဲ စူးရှသော မျက်လုံးများဖြင့် သူ့ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေသည်။
ကျီလင်က ခေါင်းငုံ့ကျသွားပြီး သူ့လက်များကို အချင်းချင်း ဆုပ်ကိုင်ထားသည်။ သူ နောက်ဆုံးအကြိမ် ကျင်းဆွေ့ကို တွေ့ခဲ့သည်က ကားလို့စ်နှင့် သူ၏ စေ့စပ်ပွဲတွင် ဖြစ်သည်။ ထိုချိန်က ကျင်းဆွေ့၏ အထိန်းအကွပ်မဲ့သော အနမ်းများက သူ့ကို ကြောက်လန့်စေခဲ့သည်။
ကျင်းဆွေ့၏သည်းခံနိုင်ရည်က ကန့်သတ်ချက်များရှိကြောင်း ထိုမှသာ သူသဘောပေါက်သွားခဲ့သည်။
ကျင်းဆွေ့၏ အမြဲတမ်း သည်းခံခြင်းကြောင့် သူ့ကို အောက်ခြေစည်းကို ကျော်လွန်စေခဲ့ပြီး ဘေးဒုက္ခနီးပါး ဖြစ်ပေါ်စေခဲ့သည်။
ကျီလင်အတွက် သူတို့၏ နောက်ဆုံးနှုတ်ဆက်ခြင်းနှင့် ဤတွေ့ဆုံမှုက နှစ်သက်ဖွယ်ကောင်းသော အရာများ မဟုတ်ပေ။
ဒါက ငါ့ကို စိုးရိမ်စေတယ်...
ဤသို့သော သဝန်တိုလွန်းတတ်သည့်ယောက်ျားက ထိုသို့သောလုပ်ရပ်များကို ပြုလုပ်နိုင်သည်ကို စဉ်းစားမိသည့်အခါ သူက နောက်ကို တစ်လှမ်းလှမ်းလိုက်ပြီး ကျင်းဆွေ့ကို သတိထားစွာ ကြည့်နေသည်။
ကျင်းဆွေ့က သူ့ဆီသို့ ချဉ်းကပ်လိုသော်လည်း သူ့ကို မည်သို့ ရင်ဆိုင်ရမည်ကို မသိသောကြောင့် တံခါးဝတွင် ရပ်နေဆဲဖြစ်သည်။ ထို့နောက် သူက ကျီလင်၏ ဖြူဖျော့နေသည့် မျက်နှာကို တွေ့မြင်လိုက်ရသည်။ ကျီလင်ကကြောက်လန့်နေသော ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ နောက်ကို ဆုတ်နေပြီး သူ့ကို ကြောက်လန့်စွာ ကြည့်နေသည်။
ကျင်းဆွေ့က အသက်ကို ပြင်းပြင်းရှူသွင်း၍ ရင်ဘတ်ကို လေအေးများနှင့် ပြည့်စေလိုက်သောကြောင့် နာကျင်မှုများက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
မင်းကို ဒီလိုဖြစ်အောင်...သူတို့ ဘာတွေ လုပ်ခဲတာလဲ...
သူက သူ့ရှေ့တွင် ရှိနေသော ကောင်ငယ်လေးကို ကြည့်လိုက်သည်။ တစ်ချိန်က အမြဲတစေ ထွန်းလင်း တောက်ပနေသော်လည်း ယခုအခါ ကြောက်ရွံ့တုန်လှုပ်နေပြီး တိတ်ဆိတ်နေသည့်ကောင်ငယ်လေးကို တွေ့မြင်ရသည်မှာ သူ့အတွက် စိမ်းသက်လွန်းလှသည်။ ကျင်းဆွေ့၏ နှုတ်ခမ်းများက အနည်းငယ် ရွေ့လျားသွားပြီး ခဏကြာစွာ တိတ်ဆိတ်နေပြီးနောက် သူက ရှေ့သို့ တိုးလှမ်းလိုက်သည်။ သူ့အသံက နိမ့်ပြီး အက်ကွဲနေသည်။
"နောက်...တစ်ခါ ဒီလို ထပ်မဖြစ်စေရဘူး..."
သူ၏အသံက တည်ငြိမ်နေသော်လည်း ထိုအသံအောက်တွင် နာကျင်မှုနှင့် နောင်တရမှုများ တဟုန်းဟုန်းတောက်နေသည့် မုန်တိုင်းတစ်ခု တိုက်ခတ်နေသည်။
ကျီလင်က ခဏကြာ ကြောင်အသွားပြီးနောက် ကျင်းဆွေ့က သူ့အား တစ်ခုခုဖြစ်ခဲ့သည်ဟု အထင်လွဲနေသည်ကို ရုတ်တရက် သိလိုက်ရသည်။
အဟမ်း...တကယ်တော့ ဘာမှမဖြစ်ခဲ့ပေမယ့် မြင်ကွင်းက နားလည်မှုလွဲဖို့ လွယ်သွားတော့ ပိုပြီး အဆင်မပြေဖြစ်သွားစေတယ်...
ကျီလင်က ကျင်းဆွေ့ကို ကြည့်ရင်း မည်သို့ လုပ်ရမည်ကို မသိချေ။
ထိုအခိုက်အတန့်တွင် လေထုက ထပ်မံ၍ ဆိုးရွားလာပြန်သည်။
ထိုအခိုက်အတန့်တွင် ကျီလင်က ကျင်းဆွေ့ ရှေ့သို့ တိုးလှမ်းလာသည်ကို တွေ့မြင်လိုက်ရသည်။ သူ၏ မြင့်မားသော ပုံရိပ်က ပိုမိုနီးကပ်လာသည်။
ကျင်းဆွေ့က မျက်လွှာချလိုက်ပြီး ကောင်ငယ်လေးကို ကြည့်လိုက်သည်။
ကောင်ငယ်လေးက လျော့ရဲသော အဖြူရောင် ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ လည်ပင်းအောက်ရှိ ညှပ်ရိုးအပိုင်းငယ်လေးက ပေါ်နေပြီး အနမ်းရာများက ထင်ရှားစွာ ရှိနေသည်။ ဤသို့သောအရာကို ကြည့်ရုံနှင့် ထိုလူက သူ့ကို မည်သို့ အကြမ်းဖျင်း ညှင်းပန်းနှိပ်စက်ခဲ့ရမည်၊ သူ့ကိုယ်ပိုင် အမှတ်အသားများကို ချန်ထားခဲ့မည်ကို စိတ်ကူးရန် လွယ်ကူသည်။
သူ ချစ်မြတ်နိုးစွာ ထွေးပွေ့ခဲ့ပါသော အမျိုးသားငယ်လေး၊ အရာအားလုံးထက် တန်ဖိုးထားခဲ့ရကာ ဂရုမစိုက်သည့်အလား မည်မျှပင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နေပါစေ နာကျင်မှုနှင့်ဝမ်းနည်းမှုများကို တစ်ချက်ကလေးမှ မိမိ၏စိတ်ထဲမှ မခံစားစေချင်မိသည်အထိ မြတ်နိုးရသော ထိုလူသားလေးက ယခုတွင်မူ အချိန်ကာလ ၁လတည်းနှင့် တစ်ပါးသောယောကျာ်းတစ်ယောက်ဆီမှ ခေါ်သွားခြင်းကိုခံခဲ့ရပြီး အကြင်နာမဲ့စွာအနှိပ်စက်ခံနေခဲ့ရလေသည်။
နောက်ဆုံးသော သည်းခံနိုင်စွမ်းများ ပေါက်ကွဲလာလုနီးသည်အထိ ကျင်းဆွေ့၏မျက်လုံးများထဲ၌ မနာလိုမှုနှင့်နာကျင်မှုများက တရိပ်ရိပ်မြင့်တက်လာတော့သည်။
သူ ဆုံးဖြတ်ချက်များကိုချခဲ့စဉ်က အေးဆေးနေသည့်ဟန်ပေါက်နေခဲ့ပါသော်လည်း ဤအချိန်၌ ကားလို့စ်ကိုမုန်းတီးခြင်းသာမက ကောင်ငယ်လေးအား ထိန်းချုပ်ထားခဲ့သော ရွံရှာဖွယ်ကောင်းသည့်လူကိုပါ ပိုမိုမုန်းတီးနေသည်ကို သူကိုယ်တိုင်သာသိသည်။
သူက ဤမျှအထိ အေးဆေးမနေချင်ခဲ့ပေ။ သည်းမခံနိုင်လောက်သည်အထိ ပေါက်ကွဲပစ်ချင်ခဲ့ခြင်းဖြစ်၏။
တစ်လျှောက်လုံးဖိနှိပ်ခဲ့ရပါသော မြတ်နိုးမှုများ၊ နီးကပ်ချင်ခဲ့ပါသော စိတ်အားထက်သန်မှုများ၊ နာကျင်မှုများနှင့်သနားညင်သာမှုများက ရှုပ်ထွေးလှသောခံစားချက်တစ်ခုတည်းအဖြစ် တွယ်ငြိပေါင်းစည်းသွားသည့်အခါ ကျင်းဆွေ့၏ရင်ဘတ်က အသက်ရှူသံခပ်ပြင်းပြင်းနှင့်အတူ လေးလံစွာ ပင့်မသွားတော့သည်။ နောက်ဆုံး၌ သူက လက်ကိုဆန့်ထုတ်၍ ကောင်ငယ်လေး၏ခါးလေးကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ သူ၏အခြားလက်တစ်ဖက်မှာ ကောင်ငယ်လေး၏ဆံပင်လေးများကို နူးညံ့စွာ၊မြတ်နိုးစွာဖြင့် ပွတ်သပ်ပေး၍နေ၏။
ကျီလင်၏ခါးက ထိုလူ၏တင်းကျပ်စွာ ပွေ့ဖက်ထားခြင်းကို ခံနေရသည်။ ထိုလူက သူ့အနားသို့ နီးကပ်စွာတိုးကပ်လာသဖြင့် ထိုလူ၏မျက်လုံးထဲ၌ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်မှုများနှင့် မထိန်းချုပ်နိုင်လောက်သည်အထိ တောက်လောင်နေသောလိုအင်ဆန္ဒများကို ကျီလင် မြင်လိုက်ရ၏။ ထိုအခါ ကျင်းဆွေ့က မည်သည့်အရာကိုလုပ်ဆောင်ချင်နေသည်ကို ကျီလင်တစ်ယောက် ရုတ်ခြည်းနားလည်သွားတော့သည်။
ငါ အခုချက်ချင်းငိုချင်လာပြီ...
ဘာလို့ မင်းတို့အားလုံးက..ငါ့ကိုတွေ့တာနဲ့ လုပ်ပဲလုပ်ချင်နေကြတာလဲ....ခပ်ဝေးဝေးမှာ မနေပေးနိုင်ကြဘူးလားဟ...
ငါ ဒီလောက်ကြီးထိ နောက်ကိုခြေလှမ်းတွေ အများကြီးဆုတ်ပေးထားခြံတာတောင်...မင်းတို့က အရှေ့ကို တိုးပဲတိုးလာနေကြတာ...မင်းနဲ့ကားလို့စ်ကြောင့်သာမဟုတ်ရင် ဒီဆိုးရွားလွန်းတဲ့ သူပုန်ကောင်ရဲ့မျက်စိကျတာကို အစောကြီးကတည်းက ခံရမှာမဟုတ်ဘူးကွ...ငါ ဘယ်လိုတွေများ ကျော်ဖြတ်လာခဲ့ရလဲ မင်းတို့သိရဲ့လား...ငါ့မှာ ပြိုလဲလုနီးနီးကွ... မင်းတို့နားလည်ကြလား...
စိတ်ပျက်အားငယ်မှုများက ကျီလင်၏နှလုံးသားလေးထဲ၌ ပြည့်လျှံနေတော့သည်။
ကျင်းဆွေ့၏အကြည့်များက ကောင်ငယ်လေး၏ ဖျော့တော့၍ ဆွဲဆောင်မှုရှိသောနှုတ်ခမ်းလေး၌ ကျောက်ချ၍နေသည်။
ဒီကောင်လေးရဲ့နှုတ်ခမ်းလေးကို တခြားယောကျာ်းတွေ ဘယ်နှကြိမ်နမ်းပြီးပြီလဲဆိုတာ ဘယ်သူသိမှာလဲ...ဒါလေးတွေက ငါ့ရဲ့အပိုင်... ငါ့ရဲ့တန်ဖိုးထားရတဲ့ရတနာလေးတွေ...
အခုတော့... တခြားတစ်ယောက်စီမှာ အရေးစိုက်မခံရ၊ ရက်ရက်စက်စက် ဆက်ဆံခံရရင်း အသိမ်းပိုက်ခံလိုက်ရခဲ့ပြီ...
ကျင်းဆွေ့က လက်သီးကို တင်းနေအောင်ဆုပ်ရင်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးစားလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲ၌ တဟုန်းဟုန်းတောက်လောင်နေသော ဒေါသအရှိန်အဟုန်နှင့်၊ မနာသဝန်တိုမှုများက အပြည့်ရှိပါသော်လည်း သူက သူ့ကိုယ်သူ ထိန်းချုပ်မှုအပြည့်အဝရှိရန် ကြိုးစားနေဆဲပင်။
သူက ခန္ဓာကိုယ်ကို အရှေ့သို့ကိုင်းညွတ်လိုက်သည်။ သူ၏အသံကလည်း ဆွဲဆောင်မှုရှိစွာဖြင့် ခပ်အောအောဖြစ်နေခဲ့သည်။
"မလှုပ်နဲ့..."
ကျီလင်က ထိုလူ၏ချောမောလှသောမျက်နှာကို စိုက်ကြည့်နေမိကာ တဖြည်းဖြည်းနီးကပ်လာသည့်နှင့်အတူ ထိုလူ၏ရွှေအိုရောင်မျက်လုံးထဲ၌ နူးညံ့မှု၊ သနားမှု၊ မနာလိုမှုနှင့် ရူးသွပ်မှုများက ရောထွေးနေသည်ကိုပါ မြင်လိုက်ရလေသည်။
နိုး...
ငါ့ကံကြမ္မာကြီးက ယောက်ျားတွေဆီကနေပဲ ဘာလို့အနမ်းခံနေရတာလဲ...
ကျီလင်က ဤအကြောင်းကို စဉ်းစားနေစဉ် သူ ဖိနှိပ်ထားခဲ့သော ဒေါသများ အားလုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။ ထိုမုန်းစရာကောင်းသည့်လူ(ဂါဘရီရယ်)က သူ့ကို ပိတ်လှောင်ထားခဲ့ပြီး နဥ်ယွီ၏ အကျိုးအတွက် ခံစားရန်၊ သူတစ်ပါးသူကို ကာကွယ်ရန် သူ့ကို ဖိအားပေးခဲ့သည်။
ဒါပေမယ့် နန်းတော်ကို ပြန်လာပြီးတဲ့နောက် ငါက ဘာကြောင့် ဆက်ချုပ်နှောင်ခံရမှာလဲ...
သို့သော် သူက ကျင်းဆွေ့ကို ဒေါသစကားများ ပြောဆိုခြင်းကို ရှောင်ရှားရမည်။ ထိုလူကို စိတ်ဆွခြင်းက ကောင်းသောအကျိုးဆက်မဟုတ်ပေ။
ကားလို့စ်နှင့် စေ့စပ်လိုက်ခြင်းဖြင့် ကျင်းဆွေ့ကို လှုံ့ဆော်ရန် နောက်ဆုံးကြိုးပမ်းမှုက အန္တရာယ်ရှိပြီး မိုက်မဲသော လုပ်ရပ်ဖြစ်ကြောင်း သူ့ကို မီးမောင်းထိုးခဲ့သည်။ ထိုကဲ့သို့သော လုပ်ရပ်က ပြင်းထန်သော ဂယက်ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဒါပေမယ့် ကားလို့စ်အကြောင်းကို ထည့်မပြောဘူးဆိုရင် တခြား ဘယ်လို အကြောင်းပြရပါ့မလဲ...
ကျီလင် တစ်ချက် ငြိမ်ကျသွားပြီးနောက် အတွေးတစ်ခု ပေါ်လာခဲ့သည်။
ကျင်းဆွေ့နဲ့ တခြားသူတွေက ငါ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ယုံကြည်ထားပြီးသားမလား...ဒါဆိုရင်... ဒီအခြေအနေကို ငါအကျိုးအတွက် အသုံးချလို့ရနိုင်မယ်မလား... ကျင်းဆွေ့ကို ရန်စတာက အကြံကောင်း မဟုတ်နိုင်ဘူး… သနားစရာကောင်းတဲ့ အကွက် ထုတ်သုံးတာကမှ သေချာပေါက် အလုပ်ဖြစ်နိုင်မယ်၊ ဟုတ်တယ်မလား...
ကိုယ်အရမ်း သဘောကျတဲ့ လူတစ်ယောက်က ဒုက္ခတွေ အများကြီးကို ခံစားခံရတာကို ထပ်ပြီး အန္တရာယ်ပြုဖို့ ဆိုတာမျိုး ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူးမလား...
ကျီလင် ပင့်သက်ရှိုက်လိုက်ပြီး စဉ်းစားလိုက်သည်။
အားတော့နာပါတယ် သူငယ်ချင်းလေးရယ်.. မင်းကတော့ ဒီကိစ္စမှာ ဒဏ်ခံရတော့မယ့်လူပဲ.. ဒါပေမယ့် မင်းက မုန်းစရာကောင်းတဲ့ လူဆိုးသူပုန်ကောင် ဆိုတော့လည်း မင်းအပေါ် ဒီလိုပုံချရတာ ငါ့မှာအပြစ်မရှိဘူးလို့ ပြောရမှာပဲ...
ကျင်းဆွေ့က သူချစ်ရသည့် ကောင်ငယ်လေးအနားကို ချဉ်းကပ်လာပြီး နူးညံ့စွာ ပွေ့ပိုက်လိုက်သည်။ နက်ရှိုင်းသောချစ်ခြင်းများ၊ သနားကြင်နာခြင်းများနှင့် ထိုသူ၏မျက်နှာလေးကို ပင့်မော့စေခဲ့သည်။
ကောင်ငယ်လေးက ရီဝေဝေဖြင့် အာရုံပျက်လွင့်နေဟန် မျက်လုံးတို့က အသက်မဲ့နေခဲ့သည်။ သူ၏ သွယ်လျသော ခန္ဓာကိုယ်လေးက အားအနည်းငယ် စိုက်လိုက်လျှင်ပင် ကျိုးပဲ့သွားမည့်အလားပင်။ အပြစ်ကင်းစင်သော မျက်နှာလေးတွင် ဖြူဖျော့နေပြီး သနားစဖွယ်၊ ချစ်စဖွယ် ကောင်းနေသည်။
ကျင်းဆွေ့က ငုံ့ကိုင်းလိုက်ပြီး နှုတ်ခမ်းလေးကို နမ်းမိလုဆဲဆဲတွင် ကောင်ငယ်လေး၏ မျက်လုံးများထဲ ရုတ်ချည်းပင် အကြောက်တရားများ ပြည့်နက်သွားသည်ကို တွေ့လိုက်ရလေသည်။
သူ့မှာ တောင့်ခဲသွားရသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းတွင် ကောင်ငယ်လေးက သူ့ရင်ခွင်ထဲက ရုတ်တရက် ရုန်းထွက်တော့သည်။ သူ့ထွေးပွေ့မှုမှ လွတ်မြောက်နိုင်ရန် ကြောက်လန့်တကြား ရုန်းကန်၍ ထွက်သွား၏။ သူက ခုတင်အစွန်းတွင် တိုးကပ်ကာ ခွေခွေကလေး ထိုင်လျက်၊ သူ့ဒူးများကိုသူ ဖက်ထားပြီး ထိန်းမရအောင် တုန်ယင်နေလေသည်။ ဖြူရော်နေသော နှုတ်ခမ်းသားများကလည်း တဆတ်ဆတ် တုန်နေလျက် တီးတိုးရေရွတ်လာခဲ့သည်။
"ကျွန်တော့်ကို မထိပါနဲ့... ကျေးဇူးပြုပြီး... ကျွန်တော် တောင်းပန်ပါတယ်"
✨✨✨