✨ Chapter 90
မကြာမီတွင် ဂါဘရီရယ် ပြောသည့်စကားများ မှန်ကန်ကြောင်း ကျီလင် သိရှိလိုက်သည်။
ထိုသူက သူ့ကို ထပ်မံ မထိတွေ့တော့ပေ။ အစားအသောက်များကို နေ့စဉ် ယူဆောင်လာပြီး ထွက်ခွာသွားသည်။ သူ၏ လာရောက်မှုများက ယခင်ကထက် ပိုမို တိုတောင်းလာသည်။ ထို့ပြင် သူက ကျီလင်အား နဥ်ယွီနှင့် တွေ့ဆုံနိုင်ရန် လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့သည်။ သူတို့က နေ့စဉ် နာရီပိုင်းခန့် တွေ့ဆုံနိုင်ခဲ့သည်။
အတင်းအကျပ် အနမ်းများလည်း မရှိတော့ပေ။ သူက သူနှင့်ရင်းနှီးသောမိတ်ဆွေကို တွေ့ဆုံနိုင်ပြီဖြစ်သည်။ ကောင်းကင်တစ်ခုလုံး ပိုမို လှပလာသည်ဟု ခံစားရသည်။
သူနှင့် နဥ်ယွီတို့က အချစ်ပြိုင်ဘက်များဟု သတ်မှတ်နိုင်သော်လည်း သူက ဤနေရာတွင် တစ်ယောက်တည်း သီးခြားနေထိုင်ရပြီး လုံခြုံမှု မရှိသည့် ခံစားချက်ကို ခံစားနေရသည်။ နဥ်ယွီက သူ စကားပြောဆိုနိုင်သည့် တစ်ဦးတည်းသော သူဖြစ်သောကြောင့် သူက နေ့စဉ် နဥ်ယွီကို တွေ့ဆုံရန် စိတ်အားထက်သန်လာသည်။
အစပိုင်းတွင် သူတို့ နှစ်ဦး တွေ့ဆုံရာတွင် တွန့်ဆုတ်မှုများ ရှိခဲ့သည်။ သို့သော် နဥ်ယွီ၏ ငြိမ်းချမ်းသော နွေးထွေးသည့် စိတ်ထားနှင့် ကျီလင် ဆွေးနွေးလိုခြင်းမရှိသည့် ခေါင်းစဉ်များကို သူ ပြောဆိုခြင်း မပြုခြင်းကြောင့် ကျီလင်က စိတ်သက်သာရာ ရလာသည်။ တဖြည်းဖြည်းခြင်း ကျီလင်က ပေါ့ပါးလာပြီး ပြိုင်ဘက်များထက် ပိုမို၍ မိတ်ဆွေကောင်းများကဲ့သို့ ဖြစ်လာခဲ့သည်။
ကျီလင်က နဥ်ယွီ၏ သည်းခံမှုနှင့် ကြင်နာမှုများက ဂျိုနက်ဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု ယုံကြည်သည်။ ထိုဖြစ်ရပ်ကြောင့် နဥ်ယွီက သူ့ကို ပြန်လည် ကယ်တင်ခဲ့ကြောင်း ထင်မြင်ခဲ့သည်။ ယခင် သူ နဥ်ယွီ၏ အကျိုးအတွက် ကိုယ့်ကိုယ်ကို လှောင်စရာကောင်းအောင် ပြုမူခဲ့သည်။ သို့သော် ယခုအခါ သူက ထိုသို့ပြုမူရန် ခွန်အားမရှိတော့ပေ။ နဥ်ယွီက သူ့ကို မည်သို့ထင်ထင် သူ ဂရုမစိုက်တော့ပေ။
ထိုအဖြစ်အပျက်ကြောင့် သူ့အပေါ် နဥ်ယွီ ၏ အမြင်က အနည်းငယ် ပြောင်းလဲသွားသော်လည်း ကျီလင်က သူ့အပေါ် အခြေခံကျသော သဘောထားကို ဖယ်ရှားပစ်နိုင်မည်ဟု သံသယဝင်ခဲ့သည်။ ဤနေရာမှ ထွက်ခွာသွားသောအခါ သူစိမ်းများအဖြစ် လမ်းခွဲကြလိမ့်မည်ဟု သူထင်သည်။
သူက နဥ်ယွီ အရှေ့တွင် ဟန်ဆောင်ရန် မလိုအပ်သလို၊ ဤကဲ့သို့သော ဒုက္ခအခြေအနေကို တူညီစွာ ဖြတ်ကျော်ခဲ့သောကြောင့် သူတို့နှစ်ဦးအား မျှဝေခံစားစေသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
နဥ်ယွီက သူနေထိုင်သည့်နေရာထက် ပိုမို ကျဉ်းမြောင်းပြီး သာမန်ဆန်သောနေရာတွင် နေထိုင်နေရသည်ကို တွေ့မြင်သောအခါ ကျီလင်က သနားစိတ်များ ဖြာထွက်လာသည်။ နဥ်ယွီက သူ့ထက် ပို၍ ဆိုးဝါးစွာ စားသောက်နေရမည်ဟု သောကြောင့် ကျီလင်က နဥ်ယွီ၏ စားသောက်မှု ပိုမိုကောင်းမွန်စေရန် သူ့အစားအစာကို မျှဝေလိုက်သည်။
ဂါဘရီရယ်က ကျီလင်၏ စားသောက်မှုနှင့် ပတ်သက်၍ ဘယ်သောအခါမှ ကန့်သတ်ခြင်း မပြုခဲ့ပေ။ သူက ကျီလင် တစ်ယောက်တည်း စားသုံးနိုင်မည့် ပမာဏထက် ပိုမိုသည့် အရသာရှိသော အစားအစာမျိုးစုံကို ယူဆောင်လာလေ့ရှိသည်။
ထို့ကြောင့် နေ့စဉ် ဂါဘရီရယ်က စားသောက်ဖွယ်ရာများ ယူဆောင်လာပြီးနောက် ကျီလင်က ထိုစားသောက်ဖွယ်ရာများကို နဥ်ယွီထံသို့ ယူဆောင်သွားပြီး သူတို့နှစ်ဦး အတူတူစားသုံးကြသည်။
ယခု သူတို့က ဒုက္ခတွင်း၌ အပေါင်းအဖော်များဖြစ်ကြပြီး ကျီလင်က သူ၏စားနပ်ရိက္ခာကို လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် ဝေမျှချင်သည်။
နဥ်ယွီက သူ၏ ကမ်းလှမ်းမှုကို တိတ်ဆိတ်စွာ လက်ခံခဲ့သည်။
တစ်နေ့တွင် ပုံမှန်အတိုင်း ဂါဘရီရယ်က စားသောက်ဖွယ်ရာများ ယူဆောင်လာပြီးနောက် ကျီလင်က နဥ်ယွီထံသို့ သွားရောက်ခဲ့သည်။
သူ၏ လာရောက်လည်ပတ်မှုနှင့်ပတ်သက်၍ ပုံမှန်ဖြစ်လာသောကြောင့် နဥ်ယွီက သူ့ကို နူးညံ့စွာ ပြုံးပြီး နှုတ်ဆက်လိုက်သည်။
ကျီလင်က စားသောက်ဖွယ်ရာများ ပါသည့်ဘူးကို စားပွဲပေါ်တွင် ချလိုက်ပြီး ဖွင့်လိုက်သည်။ ယနေ့လည်း သူ့အကြိုက်ဆုံး ခရမ်းမြီးငါးကို တွေ့ရသောအခါ ပျော်ရွှင်သွားတော့သည်။ သူက ထိုငါးအားလုံးကို သူ့ပန်းကန်ထဲကို သူ့ဇွန်းဖြင့် ထည့်လိုက်ပြီး ကျန်ရှိသည့် စားသောက်ဖွယ်ရာများကို နှစ်ယောက်စာ ခွဲလိုက်သည်။
နဥ်ယွီက ကျီလင် ပေးအပ်သည့် ပန်းကန်ကို လက်ခံယူပြီး နူးညံ့သိမ်မွေ့သော အသံဖြင့် ကျေးဇူးတင်ပါသည်ဟု ပြောလိုက်သည်။
နဥ်ယွီ၏ နွေးထွေးသော အစိမ်းရောင်မျက်လုံးများကို ကြည့်၍ နူးညံ့သိမ်မွေ့သည့်အသံကို ကြားပြီး ကျီလင်၏ ပါးပြင်များ ရဲတွက်သွားသည်။
သူက ခရမ်းမြီးငါးများနှင့် ပြည့်နေသည့် သူ့ပန်းကန်ကို ငုံ့ကြည့်လိုက်မိသည်။
ငါက တကယ်ပဲ တစ်ကိုယ်ကောင်းဆန်လိုက်တာ...ငါ့အတွက်ငါပဲ ကြည့်နေမိပါလား...
ဘယ်လိုလုပ်ပြီး စားကောင်းတဲ့အစားအသောက်တွေကို ငါ့အတွက် အရင်ယူမိရတာလဲ...
ကောင်းမွန်သော အရာများကို မိတ်ဆွေများနှင့် မျှဝေသင့်သည်က အကောင်းဆုံးပင်။ နဥ်ယွီက ထိုကဲ့သို့သော အရသာရှိသည့် ငါးကို စားသုံးဖူးလိမ့်မည် မဟုတ်ပေ။
အပြစ်ရှိသည့် ခံစားချက်ဖြင့် ကျီလင်က နဥ်ယွီ၏ မျက်နှာကို ခိုးကြောင်ခိုးဝှက်နှင့် ကြည့်လိုက်သည်။ တွန့်ဆုတ်နေသော်လည်း သူ၏ သွယ်လျသောလက်ချောင်းများက တူကို ကိုင်ပြီး သူ့ပန်းကန်ထဲမှ ငါးတစ်ကောင်ကို နဥ်ယွီ၏ ပန်းကန်ထဲသို့ ဖြည်းညှင်းစွာ ထည့်ပေးလိုက်သည်။
နဥ်ယွီက သူ့ကို ကျေးဇူးတင်ကြောင်း ပြောပြီးနောက် တိတ်ဆိတ်စွာ စားသောက်နေသည်။ ထိုအခိုက် သူ၏ တူကိုင်ဆောင်ထားသည့် သွယ်လျလျ လက်တစ်စုံကို နဥ်ယွီရှေ့တွင် တွေ့မြင်လိုက်သည်။ ထိုလက်က ကျီလင့်ပန်းကန်ထဲမှ ငါးငယ်တစ်ကောင်ကို သူ့ပန်းကန်ထဲသို့ ဖြည်းညှင်းစွာ ထည့်ပေးလိုက်သည်။
နဥ်ယွီ: "..."
ကျီလင်က နာကျင်နေမှုနှင့်အတူ သူ့ခေါင်းကို လှည့်ကာ ချောင်းဟန့်ပြီး ပြောလိုက်သည်။
"ဒါက တော်တော်လေး အရသာရှိတယ်... မင်းစားကြည့်သင့်တယ်..."
နဥ်ယွီ: "..."
ကောင်ငယ်လေး၏ တောက်ပနေသော မျက်လုံးများထဲသို့ သူ ငေးကြည့်လိုက်သည်။ ထိုအခိုက် သူ့မျက်လုံးများအောက်တွင် အရိပ်အချို့ဖြတ်သွားပြီး သူ့စိတ်ထဲတွင် ဖုံးကွယ်ထားသည့် ခံစားချက်တစ်ခု ပေါ်လာသည်။ သူက မျိုချလိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားပြီး ရယ်မောခြင်းအရိပ်အမြွက်ကို ထိန်းချုပ်နိုင်ခြင်း မရှိသလို ခံစားရသည်။
ကျီလင်က နဥ်ယွီ၏ နူးညံ့သောအပြုံးကို ကြည့်ရင်း သူ့နှလုံးသား ပြင်းပြင်းထန်ထန် ခုန်ပေါက်သွားသည်။ သူက သူ့ကိုယ်ပိုင်ပန်းကန်အစွန်းကို လက်ဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။
သူ ထပ်စားချင်လို့လား... သူ ငါ့ကို ဘာလို့ ဒီလို ပြုံးပြနေရတာလဲ...
သို့သော် သူက ငါးတစ်ကောင်ကို ပေးလိုက်ပြီးသားဖြစ်သည်။ ထိုသည်က သူ့အတွက် ကြီးမားသည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သည်။
ငါတို့ အခုမှ တည်ဆောက်ထားတဲ့သူငယ်ချင်း ဆက်ဆံရေးက ငါးတစ်ကောင်တည်း တန်ဖိုးရှိတယ်နော်... ဒီထက်ပိုပြီး မမျှော်လင့်နဲ့...
ကျီလင်က ဤကဲ့သို့သော နာကျင်စရာ ဆုံးဖြတ်ချက်ကို ချမှတ်နေချိန်၌ သူ့သူငယ်ချင်းအသစ်၏ခံစားချက်ကို မနာကျင်စေလိုဘဲ သူ့ငါးလေးကိုပါ ကာကွယ်ရန် စဉ်းစားနေစဉ် နဥ်ယွီက ငုံ့လိုက်ပြီး သူ့ကို မကြည့်တော့ပေ။ ထို့နောက် နဥ်ယွီက သူ့ပန်းကန်ထဲမှ ငါးကို တည်ငြိမ်စွာ ယူပြီး ဂရုတစိုက် စားသုံးနေသည်။
နဥ်ယွီက ငါးကို စိတ်မဝင်စားဟန် တွေ့သောအခါ ကျီလင်က စိတ်သက်သာရာ ရပြီး သူ့စားသောက်ဖွယ်ရာကို လှည့်ကြည့်လိုက်သည်။ ငါးကို ဘေးကင်းစွာ ထိန်းသိမ်းထားရန် အကောင်းဆုံးနည်းလမ်းက ၎င်းကို ဗိုက်ထဲသို့ ထည့်လိုက်ခြင်းပင် ဖြစ်သည်။
စားသောက်ပြီးနောက် ကျီလင်က သူ့ပန်းကန်များကို သိမ်းလိုက်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုအခိုက် နဥ်ယွီက သူ့ကို ကြည့်လိုက်ပြီး သူ့၏ အစိမ်းရောင်မျက်ဝန်းထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များ ပေါ်လာသည်။ သူက တိုးတိုးလေး မေးလိုက်သည်။
"မင်း ဧကရာဇ်ဆီကို ပြန်သွားမှာလား…"
ကျီလင်က အံ့အားသင့်သွားသည်။
နဥ်ယွီက ဘာလို့ အခုလို မေးတာလဲ...
သူ ပြန်လည်ရောက်ရှိနိုင်မည် ဟုတ်မဟုတ်ကို သူပင် သေချာမသိပေ။ သို့သော် ကံကောင်းစွာဖြင့် ပြန်လည်ရောက်ရှိလာပါက...
ကျီလင်က ခေါင်းခါလိုက်သည်။
"ငါ ပြောပြီးသားပဲလေ...ငါ ဧကရာဇ်ကို ချစ်တော့မှာ မဟုတ်ဘူး..."
နဥ်ယွီက အံ့အားသင့်ဟန် မရှိပေ။
"မြို့စားကြီး ကားလို့စ်ဆီကို ပြန်သွားမှာလား…"
ကျီလင် တုန်လှုပ်သွားသည်။ သူက ကားလို့စ်ထံ ပြန်သွားလိုခြင်း မရှိပေ။ ခေတ္တရပ်တန့်ပြီးနောက် သူက ဆုံးဖြတ်ချက်ပြတ်သားစွာ ခေါင်းကို ခါလိုက်သည်။
နဥ်ယွီက စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားပြီး ကျီလင်ကို တည်ငြိမ်စွာ ကြည့်နေသည်။ သူက စကားကို တစ်လုံးချင်း ပြောလိုက်တော့သည်။
"တစ်နေ့ မင်း ပြန်သွားရပြီး...ဒီရွေးချယ်မှုကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရမှာပဲလေ... "
ကျီလင်က သူ့စကားများကြောင့် သတိရလိုက်သည်။ ကျင်းဆွေ့နှင့် ကားလို့စ်တို့၏ အာဏာဖြင့် ဂါဘရီရယ်က သူ့ကို မသတ်ပါက သူတို့က နောက်ဆုံးတွင် သူ့ကို ရှာဖွေတွေ့ရှိလိမ့်မည်။ အမှန်တကယ်၌ ကျီလင်က သူတို့က ယခုအချိန်အထိ သူ့ကို မတွေ့သေးသည့်အတွက် အံ့အားသင့်နေသည်။
ကျီလင်က သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ ၎င်းက ခက်ခဲသည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်။
အမှန်တကယ်တွင် သူက သူတို့နှစ်ဦးစလုံးကို ရွေးချယ်လိုခြင်း မရှိပေ။ သူက အိမ်ကို ပြန်လိုစိတ်သာ ရှိသည်။ သို့သော် စနစ်က ပြန်လည်မရောက်ရှိသေးသောကြောင့် ၎င်းက ကောင်းကျိုးသတင်းများ ယူဆောင်လာမည့်အချိန်ကို စောင့်မျှော်နေရသည်။
ထိုအချိန်တွင် နဥ်ယွီ၏ သက်ပြင်းချသံကို သူကြားလိုက်ရသည်။ ထို့နောက် နဥ်ယွီက တိုးတိမ်သော အသံဖြင့် ပြောလာသည်။
"တကယ်မရွေးချင်ရင် ကိုယ့်ကိုကိုယ် အတင်းအကြပ်မလုပ်ပါနဲ့..."
ကျီလင်၏မျက်လုံးများက နဥ်ယွီ့နှစ်သိမ့်သည့်စကားများကြောင့် စပ်ဖြန်းသွားတော့သည်။ သူလည်း အတင်းအကျပ် မရွေးချင်ပေ။ သို့သော် ထိုသူများက သူ့ကို ဆက်တိုက် ဖိအားပေးနေကြသည်။ သူ ပေးဆောင်လိုခြင်း မရှိသည့် ချစ်ခြင်းမေတ္တာကို တောင်းဆိုနေကြသည်။
အင်ပါယာကြယ်ပေါ်ရှိ လူများ၏အကြောင်းကို ကြားလိုက်ရသောအခါ ကျီလင်က စိတ်ဓာတ်ကျစွာဖြင့် ထွက်ခွာသွားလိုက်သည်။
နဥ်ယွီက ကျီလင် ထွက်သွားသည့် ပုံကို ငေးကြည့်နေသည်။ သူ့မျက်လုံးများ နက်ရှိုင်းလာပြီး နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။
သတ္တုနံရံပေါ်မှ ဖုံးကွယ်ထားသည့် တံခါး ပွင့်လာသည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ဦး ပေါ်လာပြီး နဥ်ယွီထံသို့ လေးစားစွာ ချဉ်းကပ်လာသည်။
"ဆရာ၊ ဒီနေရာ ဖော်ထုတ်ခံလိုက်ရပြီ..."
နဥ်ယွီက တည်ငြိမ်စွာ ပြန်လည်ပြောသည်။
"သူတို့က ငါ ထင်ထားတာထက် ပိုမြန်မြန် ရောက်လာတာပဲ... ငါ စီစဉ်ထားထားတာတွေ အားလုံးကို ပြင်ဆင်ပြီးပြီလား..."
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူက ပြန်ပြောလိုက်သည်။
"အကုန် ပြင်ဆင်ပြီးပါပြီ..."
နဥ်ယွီက ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ..."
ခေတ္တ ရပ်တန့်ပြီးနောက် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူက မေးလိုက်သည်။
"ဒါက တကယ်အသုံးဝင်နိုင်မှာလား... ဧကရာဇ်က ယုံမယ်မထင်ဘူး..."
နဥ်ယွီက ရုတ်တရက် ပြုံးလိုက်ပြီး သူ့မျက်လုံးများထဲတွင် အေးစက်သည့် အရိပ်တစ်ခု ပေါ်လာသည်။
"သူ ယုံမယ် မထင်ပါဘူး...ဒါပေမယ့် ငါ ပေးမဲ့ 'လက်ဆောင်' ကိုတော့ သူ ငြင်းမှာ မဟုတ်ဘူး...အချိန်ရှိနေတုန်းပဲ... သွားတော့..."
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူက နာခံစွာ ထွက်သွားလိုက်ပြီးနောက် သူက ရပ်သွားပြီး မေးလိုက်သည်။
"ဆရာကရော ကျွန်တော်တို့နဲ့အတူ မလိုက်တော့ဘူးလား..."
နဥ်ယွီက ပြောလိုက်သည်။
"ငါ ဒီနေရာမှာ နေခဲ့မယ်..."
ထိုစကားကို ကြားသောအခါ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူက စိုးရိမ်သွားသည်။
"ဒါက အန္တရာယ်များလွန်းတယ်...အရင်တည်းက ရှန်းယွင်ကြယ်ပေါ်မှာ ဧကရာဇ်က ဆရာ့ကို သံသယဝင်နေတာလေ..."
နဥ်ယွီက ခေတ္တ ရပ်တန့်သွားပြီး ရယ်စရာကောင်းသည့်ကိစ္စကို ပြန်လည်သတိရသွား၍ သူ့နှုတ်ခမ်းထောင့်များက ကွေးတက်သွားပြီး တည်ငြိမ်စွာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့... ငါမှာ အစီအစဉ်ရှိတယ်..."
……………
ကျီလင် သူ့အခန်းကို စိတ်ဓာတ်ကျစွာဖြင့် ပြန်ရောက်လာသည်။
သူ ပြန်သွားပါက ဘာကို ကြုံတွေ့ရမည်ကို စဉ်းစားရန် ရှောင်ရှားနေခဲ့သော်လည်း နဥ်ယွီစကားက မှန်သည်။
တစ်နေ့တွင် သူ ပြန်လာရမည်ဖြစ်ပြီး ထိုအခါ...
ငါ ဘယ်လို ရင်ဆိုင်ရမှာလဲ...
ထိုအတွေးများကြောင့် သူအိပ်မရဖြစ်နေခဲ့သည်။ ညသန်းခေါင်အချိန်တွင် သူ၏တံခါးဖွင့်သံကို ခပ်တိုးတိုး ကြားလိုက်ရသည်။
ကျီလင်က အံ့အားသင့်သွားပြီးနောက် ထိုင်လိုက်ပြီး တံခါးဝတွင် ရပ်နေသော ထိုလူကို စိုက်ကြည့်နေသည်။ သူ၏ငွေရောင်မျက်နှာဖုံးက မှိန်နေသောအလင်းရောင်အောက်တွင် အေးစက်သော တောက်ပမှုကို ထုတ်လွှင့်နေပြီး သူ၏မျက်လုံးများတွင် ဖတ်၍မရသော ခံစားချက်များ ပြည့်နှက်နေသည်။
ကျီလင်၏ နှလုံးသား တင်းကျပ်သွားသည်။
ဂါဘရီရယ်က ယနေ့ညတွင် ကွဲပြားခြားနားနေသည်။ သူက ယခင်က ဤအချိန်တွင် ဘယ်သောအခါမျှ မလာခဲ့ဖူးချေ။
ဂါဘရီရယ်က ကျီလင်ထံ တစ်လှမ်းချင်း ချဉ်းကပ်လာပြီး သူ၏မျက်လုံးများကို ဖုံးအုပ်ရန် အနက်ရောင်ဖဲကြိုးကို မြှောက်လိုက်သည်။ ကျီလင်က ဘာဖြစ်မည်ကို သိသောကြောင့် တိတ်တိတ်လေး ဆဲဆိုမိသော်လည်း ခုခံခြင်းမှ ရှောင်ကြဉ်ခဲ့သည်။
ကျီလင်က သက်ပြင်းချလိုက်သည်။
မင်း ငါ့ကို ရိုးသွားပြီလို့ ငါထင်နေတာလေ...
ဂါဘရီရယ်က သူ့ကို ဖိကပ်လိုက်စဉ် သူ၏အနမ်းများက ယခင်ကထက် ပိုမို၍ ပြင်းထန်လာပြီး နူးညံ့သိမ်မွေ့မှုအောက်တွင် ပြင်းပြလှသည့်အနမ်းများက ကျီလင်ကို အနည်းငယ် အဆင်မပြေစေခဲ့သည်။
နဥ်ယွီနှင့် သူ ကုန်ဆုံးခဲ့သော အချိန်ကို ပြန်စဉ်းစားသောအခါ ကျီလင်က တိုးတိုးလေးပြောသည်။
"ကျွန်တော်တို့ရဲ့ သဘောတူညီချက်အကြောင်း... နဥ်ယွီကို မပြောပြပါနဲ့..."
ဂါဘရီရယ်က ရပ်လိုက်ပြီး သူ၏အက်ကွဲနေသည့်အသံဖြင့် တိုးတိုးလေး မေးလိုက်သည်။
"ဘာလို့လဲ..."
ကျီလင်က စကားများကို သတိထားစွာ ရွေးချယ်၍ ပြန်ပြောလိုက်သည်။
"ကျွန်တော် သာမန်ပြည်သူတစ်ယောက်ဆီကနေ အလှောင်မခံချင်ဘူး...ပြီးတော့ သူ့ကို ကျေးဇူးမတင်ချင်သလို သူ့ဆီကလည်း ကျေးဇူးတင်တာ မလိုချင်ဘူး..."
နဥ်ယွီ၏ ပင်ကိုယ်စရိုက်ကို သိသဖြင့် စိတ်မကောင်းဖြစ်ပြီး စိတ်မြန်လက်မြန် တစ်ခုခုလုပ်မည်မှာ သေချာသည်။
မလိုအပ်တဲ့ စိုးရိမ်ပူပန်မှုတွေကနေ ကယ်တင်ဖို့ သူ မသိတာက ပိုကောင်းပါတယ်...
သူပြောပြီးသည်နှင့် တစ်ပြိုင်နက် ဂါဘရီရယ်က သူ့လက်ကို ပိုမိုတင်းကျပ်စွာ ကိုင်ထားသည်ကို ခံစားလိုက်ရပြီးနောက် တစ်ခဏအကြာတွင် သူက တစ်ခွန်းတည်းသာ ပြောလာသည်။
"ကောင်းပြီ…"
ထို့နောက် ဂါဘရီရယ်က ပြင်းပြသည့်အနမ်းများဖြင့် သူ့အား နမ်းလာပြန်သည်။
လုံးဝ လွှတ်ပေးချင်သည့်ဆန္ဒမရှိသည့်အလား ဖြစ်သည်။
………………
ကျီလင်က အနမ်းကြောင့် အသက်ရှုမဝလုနီးပါး ဖြစ်နေသဖြင့် ထုံးစံအတိုင်း သူ၏နည်းဗျူယာဖြစ်သည့် သနားစရာကောင်းသောအသွင်လေးနှင့် တိုးတိုးလေးရှိုက်ငိုလိုက်သည်။ သူက ဂါဘရီရယ်၏ နူးညံ့သိမ်မွေ့သောဘက်ခြမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ သနားစရာကောင်းသည့် အမူအရာက သူ့အပေါ် အမြဲတမ်း သက်ရောက်ခဲ့သည်။ သူ ငိုကြွေးလျှင် အရာအားလုံး ပိုမိုမြန်ဆန်စွာ ပြီးဆုံးမည်။
ဒီလိုအချိန်မှာ ဂုဏ်သိက္ခာကို ဘယ်သူက လိုအပ်နေမှာလဲ...
ဂါဘရီရယ်က ကောင်ငယ်လေး၏ နူးညံ့သော ငိုယိုသံကို ကြည့်ရင်း သူ့ကို လွှတ်ပေးလိုက်ပြီး မျက်လုံးစည်းကိုသာ နမ်းလိုက်သည်။
ဒီလူလည်လေးကတော့ကွာ...
အားနည်းချက်ကို ပြသရန် သူ၏ အပြစ်ကင်းစင်မှုကို မည်သို့အသုံးပြုရမည်ကို အတိအကျ သိထားပြီး သူ့(ဂါဘရီရယ်)ကို မည်သို့ရပ်တန့်ရမည်ကိုလည်း နားလည်သည်။
သို့သော် ဤသည်ကို ဂါဘရီရယ်ကလည်း စိတ်ကျေနပ်စွာ ခွင့်ပြုထားသည်။
သူက ကောင်ငယ်လေး၏ နားရွက်နား ကပ်လိုက်၍ ပျင်းရိပျင်းတွဲအသံဖြင့် ပြောလိုက်သည်။
"နဥ်ယွီက မင်းကို ကျေးဇူးတင်သင့်တယ်... မင်းက သူ့ကို ကယ်တင်ခဲ့တာလေ..."
ကျီလင်က တစ်ချက် ငိုရှိုက်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ကျွန်တော် ဂရုမစိုက်ဘူး..."
ဂါဘရီရယ်က ကျီလင်၏ဆံပင်များကို သူ့၏ လက်ချောင်းများဖြင့် ပွတ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"တစ်ကြိမ်မက ကျေးဇူးတင်သင့်တယ်..."
ကျီလင်က စိတ်ဝင်စားမှု ပြင်းပြင်းထန်ထန် ဖြစ်လာသည်။
ငါ့ကို နမ်းလိုက်တဲ့ အချိန်တိုင်းကို ဆိုလိုတာလား...ဒါပေမယ့် ဒါက အသက်ကယ်တယ်လို့ ပြောလို့မရဘူးလေ... နောက်ပြီး ဘယ်နှကြိမ်တောင် ရှိပြီလဲ...
သူ စဉ်းစားနိုင်ခြင်း မရှိမီ ဂါဘရီရယ်က သူ့ကို လွှတ်ပေးလိုက်သည်။
ထို့နောက် ခြေသံများ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်ကို ကြားလိုက်ရသည်။
ကျီလင်က စိတ်သက်သာရာရသွားသော်လည်း မျက်နှာထက်တွင် စိတ်အနှောင့်အယှက်ဖြစ်သွားသည့်အမူအရာပေါ်ထွက်လာသည်။
ဟေး...မင်း တစ်ခုခု မေ့သွားတယ်လို့မထင်ဘူးလားကွ....ငါ့ကို ကြိုးမဖြည်ပေးရသေးဘူးလေ...
ထိုအခိုက် ကျီလင်က အလွန်ကို သက်သောင့်သက်သာ မရှိချေ။ သူက တုန်လှုပ်နေပြီး ခုတင်ပေါ်တွင် ခွေခွေလေးနေ၍ ဂါဘရီရယ် ပြန်လည်ရောက်ရှိလာပြီး သူ့ကို လွှတ်ပေးမည်ဟု မျှော်လင့်နေမိသည်။
ဒီလိုကြီး ငါ တစ်ညလုံး မကုန်ဆုံးချင်ဘူးနော်...
………………
လူသူကင်းမဲ့သော ဂြိုဟ်တစ်ခုဝယ် အနက်ရောင် စစ်သင်္ဘောများ တစ်စီးပြီးတစ်စီး ပေါ်ထွက်လာခဲ့သည်။ သင်္ဘောများ၏ သတ္ထုကိုယ်ထည်များက အေးစက်ကာ ဟန့်တားမှုဆန်သည့် အရောင်အဝါတို့ တောက်ပ၍နေ၏။ အဖျက်စွမ်းအားကြီးမားသော တိုက်ခိုက်မှုများက ဂြိုဟ်၏မျက်နှာပြင်ကို လွယ်လင့်တကူ ချိုးဖျက်ဝင်ရောက် လာပြီး မျက်နှာပြင်အောက်ရှိ စခန်းအဆောက်အဦ၏ အမိုးစွန်းကို ပေါ်ထွက်လာစေခဲ့သည်။
ကျင်းဆွေ့က သူ့စစ်သင်္ဘောမှ ဆင်းလာခဲ့သည်။ သူ့၏ အနက်ရောင်ဆံနွယ်များကို နောက်သို့ စည်းထားပြီး ရွှေရောင်မျက်လုံးများက ခက်ထန်ပြီး အေးစက်သည့် အပြင်းအထန်မှုကို ထုတ်လွှတ်နေသည်။ စစ်သားများက ဖုံးကွယ်ထားသည့် စခန်းထဲသို့ စီးဝင်လာခဲ့သည်။
ရှင်းလင်းနေသည့် စခန်းအတွင်း၌ အပူလှိုင်းအာရုံခံစက်တွင် တစ်ဦးတည်းသော လူတစ်ဦးကို ဖော်ထုတ်ပြသလာတော့သည်။
ကျင်းဆွေ့က သူ့နှုတ်ခမ်းပါးများကို တင်းတင်းစေ့လိုက်ပြီး အခြားသူများအား အပြင်ဘက်တွင် စောင့်ဆိုင်းရန် အမိန့်ပေးလိုက်သည်။ သူ၏ အနက်ရောင် စစ်ဖိနပ်များက ကြမ်းပြင်ကို ထိမှန်သွားကာ ရှေ့ခန်းဆီသို့ လှမ်းလျှောက်လာစဉ် ဖိနပ်နှင့် ကြမ်းခင်ထိထိုက်မိရာ၌ ပဲ့တင်ထပ်သော အသံများထွက်ပေါ်နေသည်။
တစ်လကြာကျော်ကြာမြင့်ပြီး ထိုကာလအတွင်း နေ့စဉ်နေ့တိုင်း သူက သူ့လက်အောက်ငယ်သားများထံမှ သတင်းများကို စိတ်ရှည်စွာ နားထောင်နေခဲ့သည်။ ရှာဖွေကယ်ဆယ်ရေး တာဝန်များတွင် ဖြစ်ပေါ်နေသည့် တိုးတက်မှုတိုင်းကို ခြေရာခံနေခဲ့သည်။ နောက်ဆုံးတွင် ယနေ့ သူက ကားလို့စ်ထက် စောလျင်စွာ ဤနေရာကို ရှာဖွေတွေ့ရှိခဲ့သည်။
သူက သူ့ရှေ့ရှိ သတ္တုတံခါးကို ငေးကြည့်နေသည်။ နက်ရှိုင်းစွာ အသက်ရှူပြီး တစ်ချက်တည်းဖြင့် သော့ခလောက်ကို ကြွေမွလိုက်ပြီး တံခါးကို အတင်းတွန်း ဖွင့်လိုက်သည်။
ထို့အခိုက်အတန့်တွင် ဒေါသနှင့် ဝမ်းနည်းမှုက သူ့မျက်လုံးများထဲတွင် ပြင်းထန်စွာ လောင်ကျွမ်းသွားသည်။ ၎င်းတို့က အရာဝတ္ထုများကိုပင် လောင်ကျွမ်းမည့်မတက် ပြင်းထန်လှသည်။ သူက ခုတင်ပေါ်တွင် ခွေခွေလေးကွေးနေသော ကောင်ငယ်လေးကို ကြည့်လိုက်သည်။ ကောင်ငယ်လေး၏ မျက်လုံးများကို အနက်ရောင်ဖဲကြိုးဖြင့် ဖုံးအုပ်ထား၍ လက်နှစ်ဖက်ကို ကျောနောက်တွင် ချည်နှောင်ထားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် မသင်္ကာဖြစ်စေနိုင်သည့် ညှဥ်းပန်းနှိပ်စက်ထားသော အမှတ်အသားများ ထင်ရှားစွာ တွေ့ရှိရသည်။
ဒါကို ငါ မျှော်လင့်ထားပေမဲ့...အရမ်းနောက်ကျသွားနိုင်တယ်...ကောင်ငယ်လေးက ညှဉ်းပန်းနှိပ်စက်ခံရနိုင်တယ်...ဒါမှမဟုတ် သတ်ပစ်ခံရဖို့ ဖြစ်နိုင်ခြေအတွက် သူ့ကိုယ်သူ ပြင်ဆင်ထားတာပဲ...
သူ့ကိုယ်တိုင် မြင်လိုက်ရသောအခါ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး နာကျင်မှုက သူ့နှလုံးသားကို ထိုးဖောက်သွားသည်။ သူက နာကျင်စွာ ဖြည်းညှင်း ရှေ့ကို လျှောက်လာပြီး ကောင်ငယ်လေးကို ထွေးပွေ့ရန် လက်လှမ်းလိုက်သည်။ သို့သော် သူ့လက်များက ကျောက်ကို ခွဲနိုင်သော သန်မာသည့်လက်များဖြစ်သော်လည်း ယခုအခါ တုန်ယင်နေသည်။
သို့သော် သူ ထိမိမည့်အချိန်တွင် ကောင်ငယ်လေးက နောက်သို့ ဆုတ်သွားပြီး တုန်လှုပ်နေသည့် အသံငယ်လေးဖြင့် အားနည်းစွာပြောလာသည်။
"မလာပါနဲ့... တောင်းပန်ပါတယ်... ထပ်မလာပါနဲ့..."
----------
စာရေးသူမှာ ပြောစရာရှိပါတယ်။
နဥ်ယွီ - ငါ့မှာ ငါးလေးတစ်ကောင် ရှိတယ်...
ကျင်းဆွေ့ - ဟီဟီး...
ဘရန်ဒန် - ဆိုးရွားလိုက်တာ...
ဝမ်ယန် -...(အေးစက်စွာ ပြုံးလိုက်သည်)
ကားလို့စ် - ချစ်လှစွာသော စာရေးသူရေ... ကျေးဇူးပြုပြီး လှပ၊ကဗျာဆန်တဲ့ ဇာတ်အိမ်မျိုးကို စီစဉ်ပေးပါ... ကျေးဇူးတင်ပါတယ်...
✨✨✨