✨ Chapter 89
အထင်လွဲမှားခြင်း
ကျီလင် အလန့်တကြားဖြစ်သွားသည်။ မည်သည့်စကားဖြင့် ထိုသူကို လှုံ့ဆော်လိုက်မှန်း သူ မသိသော်လည်း အနမ်းများက အလွန်ပြင်းထန်လှသဖြင့် သူ့မျက်ဝန်းများမှ မျက်ရည်များ ပြည့်လျှံကျလာခဲ့သည်။ သူက အလွန်မှားယွင်းခံစားခဲ့ရသော်လည်း ငြိမ်ခံရုံသာ ရှိသည်။ အချိန်ကြာမြင့်ပြီးနောက်တွင် ထိုလူက သူ့ကို လွှတ်ပေးလိုက်သည်။ ကျီလင်က လေကို အလောတကြီး ရှုသွင်းလိုက်သည်။
ကျီလင် စိုးရိမ်၍ စိတ်မသက်မသာဖြစ်နေချိန်တွင် ထိုလူ၏ အက်ကွဲနေသည့်အသံ ထွက်လာသည်။
"အင်း...မင်း နာခံတဲ့အတွက် ကိုယ်က ဆုချပေးတာ..."
ထိုစကားကို ကြားသောအခါ ကျီလင် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။ ထိုလူက သူ့အဝတ်အစားများကို ဂရုတစိုက် ပြန်ဝတ်ပေးပြီး ကြယ်သီးများကို တစ်လုံးချင်းပြန်တပ်ပေးပြီးနောက် သူ့ကို နောက်တစ်ကြိမ် ပွေ့ချီလိုက်ပြန်သည်။
ဆယ်မိနစ်ခန့်အကြာတွင် ထိုသူက သူ့ကို ချပေးလိုက်ပြီး လက်တွင် တုပ်ထားသည့်ကြိုးကို ဖြည်လိုက်သည်။ ထို့နောက် ကျီလင်က ထိုလူ၏ ပြန်ထွက်သွားသော ခြေသံများ ပျောက်ကွယ်သွားသည့်အထိ ကြားလိုက်ရသည်။
ကျီလင် လွတ်မြောက်လာသော်လည်း လှုပ်ရှားရန် ကြောက်ရွံ့နေဆဲဖြစ်သည်။ ထိုလူ သူ့ကို နဥ်ယွီထံ ခေါ်ဆောင်သွားမည့်အချိန်ကို စောင့်နေသော်လည်း ထူးဆန်းသည်က ဂါဘရီရယ်က ပေါ်မလာတော့ပေ။
သူ ဘယ်သွားတာလဲ... ဘာသွားလုပ်တာလဲ...
ကျီလင် တစ်နေရာတည်းတွင် မလှုပ်ဘဲ ရပ်နေမိသည်။ အစပိုင်းတွင် သူက ပုံမှန်ဖြစ်နေသော်လည်း ကြာလာသည်နှင့်အမျှ စိုးရိမ်တုန်လှုပ်လာသည်။
"ငါ့ကို ဒီလိုပဲ ထားခဲ့တာလား..."
မိနစ်အနည်းငယ်အကြာတွင် သူ၏ စပ်စုချင်စိတ်က ပို၍မြင့်မားလာတော့သည်။ သူက သတိထားစွာ ဖဲကြိုးနက်ကို ဖြည်းဖြည်းလေး ဖယ်လိုက်ရင်း အပြင်ဘက်က အခြေအနေကို ချောင်းကြည့်လိုက်သည်။
၎င်းက သတ္တုစင်္ကြံလမ်းတစ်ခုဖြစ်ပြီး အစွန်းတစ်ဖက်ဆီတွင် တံခါးများရှိ၍ တိတ်ဆိတ်ကာ ချောက်ချားဖွယ်ရာကောင်းလှသည်။
ဂါဘရီရယ် မည်သည့်ဘက်ကို ထွက်သွားသည်ကို သူ ခန့်မှန်း၍ မရပေ။ ကျီလင်က မျက်မှောင်ကြုတ်၍ ခေတ္တ စဥ်းစားလိုက်သည်။ တုံ့ဆိုင်းပြီးနောက် သူက နောက်ဆုံးတွင် ရှေ့ကိုဆက်လှမ်းရန်အတွက် သူကိုယ်သူ သတ္တိရှိရန် အားပေးလိုက်သည်။
အဲလူက ငါ့ကို ဒီနေရာမှာ ထားခဲ့တာ အချိန်ကြာပြီပဲလေ... ဒီနားပတ်ဝန်းကျင်ကို လှည့်လည်ကြည့်တာနဲ့ပတ်သက်ပြီး ငါ့ကို လာအပြစ်မတင်နဲ့...
လျှောက်လမ်း၏အဆုံးကို ရောက်သောအခါ ကျီလင် ရပ်တန့်သွားပြီး သတ္တုတံခါးကို ဖွင့်ရန် လက်ကို လှမ်းလိုက်သည်။
ထို့နောက် အတွင်း၌ အဖြူရောင် အခန်းကျဥ်းတစ်ခု ကို တွေ့လိုက်ရသည်။ ထိုအခန်းတွင် ခုတင်၊ စားပွဲနှင့် ထိုင်ခုံတစ်ခုသာ ရှိပြီး အခြားဘာမျှ မရှိချေ။
နက်မှောင်သည့်ဆံပင်နှင့် အစိမ်းရောင်မျက်လုံးများရှိသည့် လူငယ်တစ်ဦးက ခုံပေါ်တွင် ထိုင်နေသည်။ သူက ယခင်စစ်ဝတ်စုံကို မဝတ်ထားဘဲ ရိုးရှင်းသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အနည်းငယ်ပို၍ ပိန်သွားသော်လည်း မျက်နှာသွင်ပြင်က ကောင်းမွန်နေဆဲဖြစ်သည်။ သူ မော့ကြည့်လိုက်ပြီး တံခါးဝတွင် ရပ်နေသည့် ကျီလင်ကို တွေ့သောအခါ သူ့မျက်လုံးများတွင် အံ့အားသင့်မှုတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ခုံမှ ထရပ်လိုက်သည်။
ကျီလင်က တံခါးဝတွင် ရပ်လျက် နဥ်ယွီကို ကြောင်ကြည့်နေမိသည်။ သူက ရင်းနှီးလှသည့် ချောမောသော မျက်နှာ၊ နူးညံ့သိမ့်မွေ့သော အစိမ်းရောင်မျက်လုံးများကို ငေးကြည့်နေမိသည်။ သူ စိတ်မကောင်းလွန်း၍ လည်ချောင်းတွင် တစ်ခုခု ဆို့နင့်သွားသလို ခံစားလိုက်ရသည်၊
ထိုလူ ဖမ်းဆီးထားသည့်နေ့များစွာအတွင်း သူက ဤနေရာတွင် ပိတ်မိနေခဲ့သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ငွေရောင်မျက်နှာဖုံးနှင့်လူကလွဲ၍ အခြားဘယ်သူကိုမှ မမြင်ခဲ့ရချေ။ ထိုလူက သူ့ကို ထိခိုက်မည့် အကြံအစည်မရှိသလို ထင်ရသော်လည်း ကျီလင်က စိတ်မသက်မသာနှင့် ကြောက်ရွံ့နေဆဲဖြစ်ပြီး တစ်ယောက်တည်း ဖြစ်နေခဲ့ရသည်။ သူပုန်များ၏လက်အောက်ခံဖြစ်ခဲ့ရသည့် ကာလကြာမြင့်စွာအပြီး၌ သူက နောက်ဆုံးတွင် ရင်းနှီးသူတစ်ဦးကို ပြန်လည်တွေ့ဆုံခဲ့ရသည်။ သူ့အတွက် ထိုအခိုက်အတန့်က မြို့သစ်တစ်ခုတွင် တစ်ဦးတည်းသော မိတ်ဆွေကို တွေ့ဆုံရသကဲ့သို့ ခံစားရသည်။
အမှန်တကယ်တွင် သူတို့က တိတိကျကျပြောရလျှင် 'သူငယ်ချင်းများ'အဆင့်သို့ မရောက်သေးချေ။
ကျီလင်က သူ့မျက်ရည်များ ဝဲတက်သွားသော်လည်း နဥ်ယွီရှေ့တွင် မငိုချင်သောကြောင့် မျက်တောင်များကို ပုတ်ခတ်၍ ထိန်းလိုက်သည်။ သူက တစ်ချက် နှစ်ချက် နှာရှုံ့လိုက်ပြီးနောက် နဥ်ယွီ၏ ပခုံးဘက်ကို ဂရုတစိုက်ဖြင့် ကြည့်မိသည်။ ဆယ်ရက်ကျော်လွန်ခဲ့ပြီဖြစ်သောကြောင့် နဥ်ယွီ၏ဒဏ်ရာပျောက်ကင်း၊ မကင်း သူ အလွန်စိုးရိမ်မိသည်။
နဥ်ယွီ၏ ဒဏ်ရာအကြောင်းနှင့် 'ဒီလူများက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လား' 'မင်းကို နာကျင်အောင် လုပ်လား' ဟု သူ မေးမြန်းလိုသည်။ သို့သော် သူတို့၏ ဆက်ဆံရေး အခြေအနေကို တွေးမိသောအခါ ကျီလင်က မည်သည့်နေရာကစ၍ မေးမြန်းရမည်ကို မသိဘဲ တွန့်ဆုတ်မိသွားသည်။
နဥ်ယွီက ကျီလင်ကို ငေးကြည့်နေပြီး သူ၏မျက်ခုံးများက ဖြည်းညင်းစွာ တွန့်ကွေးလာသည်။ သူက အနားတိုးလာပြီး စိုးရိမ်ပူပန်စွာဖြင့်ကြည့်၍ အသံတိမ်တိမ်နှင့်မေးလိုက်သည်။
"မင်း အဆင်ပြေရဲ့လား... သူတို့က မင်းကို နာကျင်အောင် လုပ်ခဲ့သေးလား..."
ထိုစကားများကို ကြားသောအခါ ကျီလင်၏ နှလုံးသားလေးက အပြစ်ရှိစိတ်များဖြင့် နာကျင်သွားတော့သည်။
အိုး... ငါက မင်းကို အန္တရာယ်ကြားထဲကို ခေါ်သွင်းမိပြီး ငါကြောင့် မင်း အဖမ်းခံခဲ့ရတဲ့အပြင် နှိပ်စက်လည်း ခံရသေးတယ်...ဒါတောင် မင်းအပေါ် အမြဲတမ်း အနိုင်ကျင့်တဲ့ငါ့ကို စိုးရိမ်ပေးနေသေးတယ်...
မင်းက ဘယ်လိုတောင် ကြင်နာတဲ့သူတစ်ယောက်လဲ...
ကျီလင်က မျက်လွှာချလိုက်ပြီး သူ့နှုတ်ခမ်းကို ကိုက်လိုက်ရင်း ပြန်ဖြေလိုက်သည်။
"ငါ အဆင်ပြေပါတယ်...ပြီးတော့ ကျေးဇူးတင်ပါတယ်..."
နဥ်ယွီ ခဏ ရပ်တန့်သွားပြီး ကျီလင် သူ့ကို အဘယ့်ကြောင့် ကျေးဇူးတင်နေသည်ကို သဘောပေါက်သွားသည်။ သူက အေးဆေးတည်ငြိမ်စွာဖြင့် ညင်သာစွာ ပြန်ပြောလိုက်သည်။
"ကျေးဇူးတင်စရာ မလိုပါဘူး... မင်းမဟုတ်ရင်တောင်မှ ငါက ဒီလိုကိစ္စမျိုးကို လျစ်လျူရှုထားမှာ မဟုတ်ဘူး..."
ဤစကားက ကျီလင်အား အံ့အားသင့်စရာ မဖြစ်ခဲ့ပေ။ ဘာကြောင့်ဆိုသော် နဥ်ယွီက ထိုသို့သောသူပင်ဖြစ်သည်။ ပါဝင်ပတ်သက်သူမည်သူဖြစ်ပါစေ အန္တရာယ်ကြုံလာပါက တရားမျှတမှုကို အမြဲတစေ ရှေ့တန်းတင်ကာ ရပ်တည်ပေးတတ်သူ ဖြစ်သည်။
သို့သော်လည်း ကျီလင်က သူ့ကို ကျေးဇူးတင်နေဆဲဖြစ်သည်။
သူတို့နှစ်ဦးသားကြား တင်းမာမှုများရှိနေသည့်အတွက် နဥ်ယွီက သူ့ကို သေသေ၊ ရှင်ရှင် အလွယ်တကူထားခဲ့နိုင်သည်။
ကျီလင်က ကျေးဇူးတရားကြီးမားသည့် ခံစားချက်များအတွင်း နစ်မြုပ်နေစဉ် နဥ်ယွီက သူ့ကို တစ်စုံတစ်ရာ ပြောလိုက်သည်။
"မင်းဆိုရင်လည်း ဒီလိုလုပ်မှာပဲမလား…"
ကျီလင်က အံ့အားသင့်သွားသည်။ နဥ်ယွီ ဆိုလိုသည့်အကြောင်းအရာကို သူနားမလည်ဖြစ်သွားသည်။
နဥ်ယွီက သူ့မျက်လုံးထဲကို စိုက်ကြည့်ပြီး တဖြည်းဖြည်း ပြောလိုက်သည်။
"ဂျိုနက်က ငါ့ကို အကုန်ပြောပြခဲ့တယ်..."
ကျီလင်: ???
ဂျိုနက်ဆိုတာ ဘယ်သူလဲဟင်...
သူ ဘာပြောတာလဲ ငါ နားမလည်ဘူး...
နဥ်ယွီက ကျီလင်၏ အံ့အားသင့်နေသည့် မျက်နှာအမူအရာကို ခေတ္တ ငေးကြည့်ပြီးနောက် သက်ပြင်းသဲ့သဲ့ချလိုက်သည်။ သူ၏ မျက်လုံးများတွင် ကူကယ်ရာမဲ့မှုအရိပ်အမြွက်များဖြင့် တိုးတိုးလေးပြောလိုက်သည်။
"ဝန်ကြီးဂျယ်ရယ့်သမီးရဲ့ချစ်သူလေ..."
ကျီလင်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးလာသည်။ သူ့စိတ်ထဲတွင် အရာအားလုံး ချက်ချင်း ပေါက်ကွဲသွားသည်။ ထိုသူက သူ၏ ဆက်ဆံရေး ပေါက်ကြားသွားသောအခါ သေလုမျောပါး ထိုးခံခဲ့ရသည့် ဆင်းရဲသားလူငယ်ပင်ဖြစ်သည်။
သူက နဥ်ယွီကို သိတယ်ပေါ့...
သူက အဲတုန်းကအခြေအနေကို နဥ်ယွီကို ပြောပြခဲ့တာလား...
ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးပါလားဟ...
ကျီလင်က စိတ်တည်ငြိမ်မှုပျောက်ဆုံးသွားသော်လည်း သူက အလျင်အမြန် ပြန်လည် ထိန်းသိမ်းလိုက်ပြီးနောက် မထီမဲ့မြင်သောအမူအရာဖြင့် မေးကိုချီကာ ပြောလိုက်သည်။
"အိုး၊ သူလား... ငါ သူ့ကို ကယ်ချင်လို့ ကယ်ခဲ့တာမဟုတ်ပါဘူး... ငါ ကူညီခဲ့တာကလည်း ဧကရာဇ်ကြောင့်ပဲ...ပြီးတော့ ကြီးကျယ်တဲ့ကိစ္စလည်းမဟုတ်ပါဘူး..."
နဥ်ယွီက ကျီလင်၏မျက်နှာကို နူးညံ့သောအစိမ်းရောင်မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း ၎င်းတို့ထဲတွင် စူးရှပြီး စူးစမ်းလိုသောအရိပ်အယောင်များရှိသည်။
"အဲလိုလား..."
ကျီလင် ရုတ်တရက် စိုးရိမ်သောကလှိုင်းများ ဖြတ်သန်းသွားသည်။
ဒီလို အရေးမပါတဲ့အဖြစ်အပျက်တစ်ခုက နဥ်ယွီနဲ့ ပတ်သက်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး...
သို့သော် သူ၏အတွေးအမှန်များကို ဖုံးကွယ်ထားခြင်းက သူ၏ဒုတိယသဘာဝလိုပင် ဖြစ်နေသည်။ နဥ်ယွီကို ယုံကြည်သော်လည်း သူ့ရှေ့တွင် ကိုယ့်ကိုယ်ကို ထုတ်ဖော်မပြချင်သေးပေ။ နဥ်ယွီ၏ လုံခြုံရေးကို မြင်တွေ့ပြီးသောကြောင့် ကျီလင် ဤနေရာမှ ပြန်ထွက်သွားချင်သည်။
သူက အေးစက်စက် လှည့်လိုက်ပြီး နှုတ်ခမ်းများကော့ရင်း ထွက်သွားလိုက်သည်။
သို့သော် သူ လှည့်သွားသည့်အခိုက် သူ့လက်ကောက်ဝတ်က ဆုပ်ကိုင်ခံလိုက်ရသည်။ နဥ်ယွီ၏ လက်အပူက ခိုင်မာကာ ခြောက်သွေ့နေပြီး ငြင်းဆန်၍မရပေ။ သို့သော် သူက အတင်းအကျပ် ဆုပ်ကိုင်ထားခြင်း မရှိပေ။
ကျီလင်က စိတ်ရှုပ်ထွေးနေသောအမူအရာဖြင့် နောက်လှည့်ကြည့်လိုက်သည်။ နဥ်ယွီ၏ စူးရှသော မျက်လုံးများက သူ့လည်ပင်းကို စိုက်ကြည့်နေသည်။ ထိုလူငယ်၏ မျက်နှာပေါ်တွင် တင်းမာမှုများ ပြည့်နှက်နေပြီး အစိမ်းရောင်မျက်လုံးများထဲတွင် ဖိနှိပ်ထားသည့် ဒေါသများ စိမ့်နေတော့သည်။
ထို့နောက် နဥ်ယွီ အသံတိမ်တိမ်နှင့် ပြောလိုက်သည်။
"သူတို့ မင်းကို ဘာတွေလုပ်ခဲ့တာလဲ..."
ကျီလင် စက္ကန့်အနည်းငယ် အံ့အားသင့်စွာ ရပ်တန့်သွားသည်။ ထို့နောက် နဥ်ယွီက မည်သည့်အရာကို တွေ့မြင်ခဲ့သည်ကို သူ သဘောပေါက်လိုက်သည်။ သူက နဥ်ယွီလက်ထဲမှ သူ့လက်ကို ခပ်မြန်မြန် ရုတ်သိမ်းလိုက်ပြီး အခြားလက်ဖြင့် သူ့လည်ပင်းကို ဖုံးဖိလိုက်သည်။ သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲလာသည်။ ယခုအချိန်ခါတွင် ကျီလင်က နီးစပ်ရာတွင်းထဲကိုသာ ခုန်ဆင်းလိုက်ချင်တော့သည်။
ငါ့ကို မြင်သွားပြီ... နဥ်ယွီ မြင်သွားပြီပဲ...
ရှက်စရာကောင်းလိုက်တာ...
ကျီလင်၏မျက်နှာက ရှက်ရွံ့မှုကြောင့် တဖြည်းဖြည်း ရဲတွက်လာပြီး သူ၏အကြည့်များကို ရှောင်ဖယ်နေသည်ကို နဥ်ယွီက သတိထားမိလိုက်သည်။ သူ၏ ကြုတ်နေသောမျက်ခုံးများက ပိုမို ကြုတ်လာသည်။ သူ၏အသံက ဒေါသကို ထိန်းချုပ်ထားပြီး စာနာသနားနေသည့်အသံပေါက်နေတော့သည်။
"မင်း..."
သို့သော် သူ စကားပြောပြီးမဆုံးခင် ကျီလင်က မျက်လုံးများ နီရဲလာကာ ဒေါသကြီးစွာဖြင့် ကြည့်လာတော့သည်။ သူ၏ပုံစံက အခြားသူတစ်ယောက်၏သနားကြင်နာမှုကို မလိုအပ်စွာ ရန်ထောင်နေသောကြောင်လေးတစ်ကောင်လိုပင်။
"ငါ အဆင်ပြေတယ်လို့ ပြောနေတယ်လေ..."
နဥ်ယွီက သူ့နှုတ်ခမ်းများကို တင်းတင်းစေ့၍ သူ့ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများတွင် စိတ်မကောင်းမှုများ ပြည့်နေသည်။
ထိုသို့ ကြည့်ခြင်းခံရခြင်းက ကျီလင်အား ပို၍ အရှက်ရစေသည်။
ငါ့ကို လာမသနားနဲ့... ငါ့အခြေအနေက ဒီထက်ဆိုးသေးတယ်... နေ့တိုင်း စိတ်မနှံ့တဲ့အရူးတစ်ယောက်ဆီကနေ နမ်းခံရတယ်... ဒီလို အရှက်ရစရာအခြေအနေကို ဘယ်သူမှ မသိစေချင်ဘူး...
ထိုအကျင့်မကောင်းသည့်လူက သူ့ကို ဂေးတစ်ယောက်လို ဖြစ်သွားအောင် ပြုလုပ်လိမ့်မည်ဟု စဉ်းစားရုံဖြင့် ငိုချင်စိတ် ပေါက်လာသည်။ ဤကဲ့သို့ ကြာမြင့်စွာ ထိန်းချုပ်ထားသည့် မျက်ရည်များက စိတ်ပျက်လက်ပျက်ဖြင့် စီးကျလာခဲ့သည်။
သူက နဥ်ယွီကို ကျောခိုင်းလိုက်ပြီး သူ့မျက်ရည်များကို သုတ်လိုက်သည်။
ခဏကြာသောအခါ ကျီလင်က နောက်လှည့်ကြည့်လိုက်ပြီး နဥ်ယွီကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဒေါသကြီးစွာ မောက်မာသည့်အသံနှင့် ပြောလိုက်သည်။
"သူတို့က ငါ့ကို ဘာမှ မလုပ်ရဲဘူး... ငါက အထက်တန်းလွှာ သခင်လေးပဲ...ဧကရာဇ်နဲ့ ကားလို့စ်ကို တကယ် ပြစ်မှားချင်တယ်ဆိုရင်... သူတို့က ငါ့ကို ထိလိုက်စမ်းပါ...ပြီးတော့ မင်းကိုယ်မင်းသာ စိတ်ပူစမ်းပါနော်... မင်းလို သာမန်လူတစ်ယောက်ကို သူတို့က တွေးမနေဘဲ သတ်ပစ်မှာ..."
ဘယ်သူ့ဆီက သနားတာကိုမှ ငါမလိုဘူး...
နဥ်ယွီက ကျီလင်၏ ခေါင်းမာလှသည့် မျက်လုံးများကို ငေးကြည့်နေသည်။ ထို အပြာရောင် မျက်လုံးများက မျက်ရည်များကြောင့် တောက်ပနေပြီး အလွန်ပင်ပျော့ပျောင်းသလို ထင်ရသည်။ သို့သော်လည်း ထိုမျက်လုံးများထဲတွင် မမျှော်လင့်ထားသော ခံနိုင်ရည်ရှိနေသည်။
ဤကောင်ငယ်လေးက ကြောက်ရွံ့တတ်သော ကလေးငယ်တစ်ဦးသော်လည်း သူက မျက်နှာဖုံးများ နောက်ကွယ်တွင် ပုန်းခိုရန် နှစ်သက်သူဖြစ်ပြီး လိမ္မာပါးနပ်သော်လည်း နာခံမှုရှိသည့် ကောင်ငယ်လေးတစ်ဦး ဖြစ်သည်။
သို့သော် မပြောင်းလဲသွားသော အရာတစ်ခုက သူ(ကျီလင်)က သူ့ရှေ့တွင် အမြဲသန်မာသည့်ပုံစံမျိုး ပြုမူလေ့ရှိပြီး ယုံကြည်မှုရှိစွာနှင့် သတိမထားဘဲ နေလေ့ရှိသည်။
ငါ မင်းကို ထိခိုက်မှာ မဟုတ်ဘူးလို့ သေချာနေတာလား...
နဥ်ယွီ၏ မျက်လုံးများက ပျော့ပျောင်းသွားပြီးနောက် ကျီလင်ထံမှ အကြည့်များကိုလွှဲပြီး ပြောလိုက်သည်။
"ငါ နားလည်ပြီ..."
ကျီလင်က နောက်ထပ် တစ်စက္ကန့်မျှပင် မနေချင်သောကြောင့် သူက ခေါင်းကို လှည့်ကာ စိတ်ဆိုးသည့် အမူအရာဖြင့် ထွက်သွားလိုက်သည်။
ဂါဘရီရယ် ပြန်မလာသေးသည်ကို တွေ့သောအခါ ကျီလင်က ထိုမသက်မသာဖြစ်ဖွယ်ရာ အခြေအနေမှ လွတ်မြောက်သွားသော်လည်း သူက လျှောက်လမ်းတွင် တစ်ယောက်တည်း ရပ်နေရင်း စိတ်မချမ်းမြေ့ဖြစ်နေပြီး လမ်းပျောက်နေသကဲ့သို့ ခံစားရသည်။
ဂါဘရီရယ်ဆီ ပြန်သွားရသည်ထက် နဥ်ယွီနှင့် ပိုမိုအချိန်ဖြုန်းလိုသော်လည်း ပြန်သွားရန် အလွန်ရှက်ရွံ့နေမိသည်။
ငါ့ အခြေအနေကို သူကို ဘယ်လို ရှင်းပြနိုင်မှာလဲ...
ကျီလင်က စိတ်ဓာတ်ကျစွာဖြင့် တွေးတောနေမိသည်။
ထိုနေရာတွင် သူ ဆယ်မိနစ်ခန့် စောင့်ဆိုင်းကာ ရပ်နေခဲ့သည်။ ထို့နောက် ငွေရောင်မျက်နှာဖုံးဝတ်ဆင်ထားသော ထိုယောက်ျားက သူ့ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။
ထိုသူ၏ အကြည့်များက ယခင်ကထက် ပိုမို နက်မှောင်နေပြီး ကျီလင်အား စိတ်မသက်မသာစေသော်လည်း အရေးမစိုက်တော့ပေ။ သူက ထိုကဲ့သို့သော ထူးဆန်းသည့် လူ၏ အတွေးများကို နားလည်ရန် ကြိုးစားခြင်းက အဓိပ္ပါယ်မဲ့သည်။
ထိုသူက သူ့မျက်လုံးကို ဖုံးအုပ်ပြီးချိန်တွင် ကျီလင်က နာခံစွာဖြင့် ငြိမ်သက်နေပြီးနောက် သူ့ကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
………………
နောက်တစ်နေ့ ညနေခင်းတွင် ဂါဘရီရယ်က ညနေစာကိုသယ်ဆောင်လာတော့သည်။ ပုံမှန်အတိုင်း သူက ကျီလင် စားသောက်နေစဉ် တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
ယမန်နေ့က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် ကျီလင်က စိတ်မဝင်စားဟန်ဖြင့် စားသောက်နေသည်။ ဂါဘရီရယ်ကို ကြည့်ရန် မဝံ့မရဲ ဖြစ်နေသည်။ စားသောက်ပြီးသည်နှင့် ထိုကဲ့သို့သော အခြေအနေကို ပြန်လည်ကြုံတွေ့ရမည်ကို သိသောကြောင့် သူက ပုံမှန်ထက် ပိုမိုနှေးကွေးစွာ စားသောက်နေသည်။ သူ၏ အတွင်းစိတ်တွင် ကြောက်လန့်မှုများနှင့် စိုးရိမ်မှုများ ပြည့်နှက်နေသည်။
ငါက...ငါက အဲလိုကိစ္စမျိုးကို ကိုယ့်ဘာသာတောင် လက်သုံးပြီး လုပ်ဖူးတာမဟုတ်တဲ့လူပျိုလေးပါ...
ဒါပေမယ့် မနေ့က ဒီလူက...သူ့နှုတ်ခမ်းတွေနဲ့...
ဤသနားစရာကောင်းလှသည့် လူပျိုလေးအတွက် ထိုအတွေ့အကြုံက အလွန်ပြင်းထန်လှသည်။
သို့သော် သူ မည်မျှပင် နှေးကွေးစွာ စားသောက်စေကာမူ ထမင်းကို နောက်ဆုံးတွင် စားသုံးပြီးသွားရမည်သာ ဖြစ်သည်။ ကျီလင်က စိတ်ဓာတ်ကျစွာဖြင့် သူ့ပန်းကန်ကို ချလိုက်သည်။
ထိုလူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကောင်ငယ်လေး၏ မေးစေ့ကို ညင်သာစွာဖြင့်တင်လိုက်ပြီးနောက် သူ၏ အခြားလက်တစ်ဖက်ဖြင့် လက်သုတ်ပုဝါကို ထုတ်ယူကာ ကျီလင်၏ ပန်းရောင်ဖျော့သန်းနေသည့် လှပစွာအချိုးကျသောနှုတ်ခမ်းထောင့်များကို ဖြည်းညှင်းစွာ သုတ်ပေးလိုက်သည်။ ကျီလင်က ထိုသူ၏ ထိမိမှုကြောင့် ကြောက်ရွံတုန်ယင်နေပြီး သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။
ခဏကြာသောအခါ ထိုလူက ယခင်ကဲ့သို့ သူ့မျက်လုံးကို ဖုံးအုပ်ခြင်း မပြုတော့ပေ။
စိတ်လှုပ်ရှားစွာဖြင့် ကျီလင်က မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုလူက ထရပ်လိုက်သည်ကို သူ တွေ့မြင်လိုက်သည်။
သူ... ငါ့ကို ဒီနေ့ ဘာမှ မလုပ်တော့တာလား...
ထိုသူက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။
ကျီလင်က အံ့ဩသွားပြီး အလွန်ဝမ်းသာသွားသည်။
သူ တကယ်ကို ဘာမှမလုပ်ဖို့ စီစဉ်ထားပုံပဲ...
နောက်ဆုံးတော့ သူ ပျင်းလာပြီလား... ဒါပဲဖြစ်ရမယ်... သူကြိုးစားပြီးတဲ့နောက် မထိုက်တန်ဘူးလို့ တွေးလိုက်တာဖြစ်မယ်...
နောက်ဆုံးတွင် ထိုလူက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို မရေမတွက်နိုင်အောင် စစ်ဆေးခဲ့သည်။ ကျီလင်အတွက် ထိုအရာအားလုံးက အဓိပ္ပာယ်မရှိလှပေ။ သူ မည်သို့မှ နားလည်နိုင်မည် မဟုတ်ပေ။ ထိုလူက ဆန္ဒများပြည့်ဝသွားပြီး နောက်ဆုံးတွင် သူ့ကို လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည်ဟု ယူဆရသည်။
ကျီလင်က စိတ်လှုပ်ရှားနေပြီး ထိုလူ ထွက်သွားချိန်တွင် ထိုသူ၏ကျောကိုကြည့်ကာ နှလုံးခုန်နေသည်။
ထိုလူ ထွက်ခွာတော့မည်ဟု တွေးမိသည့်အခိုက် ထိုလူက ရုတ်တရက် ရပ်တန့်သွားပြီး သူ့ဘက်ကို ပြန်လှည့်လိုက်သည်။
ငွေရောင် မျက်နှာဖုံးအောက်ရှိ နက်မှောင်သောမျက်ဝန်းများ၏ နက်ရှိုင်းသည့်အကြည့်များနှင့် ကျီလင်၏ မျက်လုံးများ ဆုံတွေ့သွားချိန်တွင် သူ့အသက်ရှုသံများ ရပ်တန့်သွားသည်။
မဟုတ်သေးပါဘူး... သူ သူ့စိတ်ကို ပြောင်းလိုက်တာလား...
ဂါဘရီရယ်က နှေးကွေးစွာ ပြောလိုက်သည်။
"မင်း နဥ်ယွီကို တွေ့ချင်ရင် ဘယ်အချိန်မဆို သွားလို့ရတယ်...
ထိုစကားကို ပြောပြီးနောက် သူက နောက်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။
ကျီလင်က အံ့အားသင့်စွာ ထိုနေရာတွင် ထိုင်နေလိုက်သည်။ ကြာမြင့်စွာအပြီးတွင် သူက ယခုမှ ဖြစ်ပျက်ခဲ့သည့်အရာကို သဘောပေါက်လိုက်ပြီး သူက ဘေးအန္တရာယ်မှ ကျဉ်းကျဉ်းလေး လွတ်မြောက်သွားသလို ခံစားရသည်။
ဒါဆိုရင်... အဲ စိတ်မနှံ့တဲ့လူက ငါ့ကို ထပ်မထိတော့တဲ့အပြင် ငါက နဥ်ယွီကို သွားတွေ့ချင်တဲ့အချိန်တိုင်း သွားနိုင်ပြီပေါ့လေ...
ဒါက... တကယ်ဖြစ်နေတာလား...
ထိုအရာက ဘုရားက ပေးသည့် ကျေးဇူးတော်ကဲ့သို့ ခံစားရသည်။ ကျီလင်က ထိုအရာအားလုံးကို ယုံကြည်ရန် ခက်ခဲနေသည်။
သူက ဘာကိုမှ နားမလည်နိုင်တော့ပေ။
✨✨✨