✨ Chapter 87
ကျီလင်က တောင့်တင်းစွာ ရပ်နေချိန်တွင် ဂါဘရီရယ်က သူ့မျက်လုံးများကို ဖုံးအုပ်လိုက်သည်။ အမှောင်ထုထဲ ချက်ချင်းပင် နစ်မြုပ်သွားပြီး သူ့မြင်ကွင်း ပျောက်ဆုံးသွားသောအခါ အခြားအာရုံခံစားမှုများက ပိုမိုပြင်းထန်လာသည်။ ဂါဘရီရယ်၏ အသက်ရှုသံကိုပင် သူ့ဘေးတွင် သဲ့သဲ့လေး ကြားနေရသည်။
နောက်တစ်ခဏတွင် သူက ခန္ဓာကိုယ်ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး လန့်သွားသဖြင့် အသံတစ်ချက် ထွက်သွားသည်။ ထိုလူက သူ့ကို ပွေ့ချီလိုက်သောကြောင့် ဖြစ်သည်။
ဂါဘရီရယ်က သူ့ကိုရင်ခွင်ထဲ တင်းကြပ်စွာ ဖက်ထားပြီးနောက် ကျီလင်ကို ချီထား၍ လမ်းလျှောက်သွားသည်။
ကျီလင်က ဘာမှမမြင်နိုင်သောကြောင့် ဂါဘရီရယ်က သူ့ကို မည်သည့်နေရာအား သယ်ဆောင်သွားသည်ကို မသိနိုင်ချေ။ သူ့အာရုံများက တင်းကြပ်နေပြီး သူတို့ သူ၏အခန်းက ထွက်သွားပြီဆိုသည်ကိုသာ သိနေသည်။ သူစိတ်ထဲတွင် စက္ကန့်၊ မိနစ်များကို တိတ်တိတ်လေး ရေတွက်နေသည်။
ဆယ်မိနစ်ခန့် ကြာသွားသလို ခံစားရပြီးနောက် ဂါဘရီရယ်က သူ့ကို ချလိုက်ပြီး မျက်လုံးတွင်စည်းထားသည်ကို ဖြည်ပေးလိုက်ပြီး ပြောလာသည်။
"ရောက်ပြီ..."
ကျီလင်က အလင်းရောင်ကြောင့် မျက်လုံးများစူးသွားပြီး တအောင့်အကြာတွင် သူက မှန်ပြတင်းပေါက်ပါသည့် အဖြူရောင်အခန်းအတွင်း ရောက်နေသည်ကို တွေ့လိုက်ရသည်။ မှန်ပြတင်းပေါက်ကတစ်ဆင့် ထိုအခန်းအတွင်း၌ လူငယ်တစ်ဦးကို ချုပ်နှောင်ထားသည်ကို တွေ့လိုက်သည်။
သူက စိတ်လှုပ်ရှားစွာဖြင့် တစ်လှမ်းတိုးသွားပြီး ဖန်ခုံးကို လက်နှစ်ဖက်ဖြင့် ထိကပ်ထားကာ အတွင်းသို့ စိုက်ကြည့်လိုက်သည်။
နဥ်ယွီက သတ္တုခုံပေါ်တွင် လက်ထိတ်ခတ်ခံထားရပြီး ထိုင်နေသည်။ ကျီလင် နောက်ဆုံးတွေ့ခဲ့သည့်အချိန်က ဝတ်ဆင်ထားသည့် စစ်ဝတ်စုံကိုပင် ဆက်လက်ဝတ်ဆင်ထားသေးသည်။ လေဆာသေနတ်ဖြင့် ထိမှန်ခဲ့သည့် သူ့ပခုံးက သွေးများ ပေကျံနေပြီး ခန္ဓာကိုယ်၏ ထက်ဝက်ခန့်ကို နီရဲနေစေသည်။ သူ၏ခေါင်းက အောက်ငိုက်ကျနေပြီး မေ့မျောနေသည်။ မျက်နှာပြင်တွင် သွေးမဲ့စွာဖြူဖျော့နေသည်။ ဤထောင့်မှ ကြည့်ရာတွင် ကျီလင်က သူ့၏ဘေးမျက်နှာကိုသာ မြင်နိုင်သည်။
ဂါဘရီရယ်၏ အရိုင်းဆန်သည့်အသံက သူ့အနောက်တွင်ပေါ်ထွက်လာသည်။
"သူ အသက်ရှိသေးတယ်...စိတ်ချပြီလား..."
စိတ်ချရမယ်...ဘယ်လိုလုပ် စိတ်ချရမှာလဲ...နဥ်ယွီက အပြင်းအထန်ဒဏ်ရာရထားတာလေ...ပြီးတော့ သူက အခုထိတောင် သွေးမတိတ်သေးဘူးလေ...
နဥ်ယွီလိုမျိုး Sအဆင့် ဆင့်ကဲပြောင်းလဲသူတောင် ဒီလို ညှင်းပန်းမှုမျိုးကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးကွ...
ကျီလင်က ဒေါသတကြီးလှည့်ကြည့်လိုက်ပြီး မျက်ထောင့်နီဖြင့်ကြည့်၍ ပြောလိုက်သည်။
"သူ့ကို ဘာလို့ မကုပေးထားရတာလဲ..."
သူက ဒေါသထွက်နေပြီး သူ့စကားကြောင့် ဂါဘရီရယ်၏မျက်ဝန်းထဲ အံ့သြရိပ်များ ဖြတ်သန်းသွားသည်ကို သတိမထားမိလိုက်ပေ။
အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ဂါဘရီရယ်က တစ်လုံးချင်း ပြောလာသည်။
"ကိုယ်က သူ့ကို သတ်မှာ မဟုတ်ဘူးလို့ပဲ ကတိပေးထားတာလေ... သူ့ဒဏ်ရာကို ကုပေးဖို့ကတော့ ကိုယ်တို့ သဘောတူညီချက်ထဲ မပါဘူးလေ..."
သို့သော် ကျီလင်က လက်မခံနိုင်ပေ။
ငါက ဒီလောက်ကြီးမားတဲ့နစ်နာခံမှုကို ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီးသားပဲ... နဥ်ယွီအတွက် ပိုမိုတောင်းဆိုဖို့ ဘာလို့ တိုက်ပွဲ မဝင်နိုင်ရမှာလဲ...
ဤသို့မဟုတ်ပါက သူဘက်က ဆိုးဝါးသည့် သဘောတူညီချက်သာ ဖြစ်လာလိမ့်မည်။ သူက ဂါဘရီရယ်ကို စူးစိုက်ကြည့်ပြီး ပြင်းထန်သော မျက်နှာထားဖြင့် ဆက်လက်ညှိနှိုင်းရန် ကြိုးစားလိုက်သည်။
"ခင်ဗျား သူ့ဒဏ်ရာကို ကုသပေးပြီး သူ့ကို ထိခိုက်မှု မရှိအောင် အာမခံပေးရမယ်...မဟုတ်ရင် ခင်ဗျား တောင်းဆိုတာတစ်ခုကိုမှ ကျွန်တော် သဘောမတူဘူး..."
ပြောပြီးနောက် ကျီလင်က ဂါဘရီရယ်ကို စူးစိုက်ကြည့်နေလိုက်သည်။ ဤတစ်ကြိမ်တွင် ဂါဘရီရယ်၏ နက်မှောင်သော မျက်လုံးထဲ ထူးဆန်းသည့် ခံစားချက်တစ်ခု လက်ခနဲပေါ်လာသည်ကို သူ သတိထားမိလိုက်သည်။ ဂါဘရီရယ်က သူ့ကို ကြည့်နေသည့်အကြည့်က ကျီလင်၏ နှလုံးကို တုန်လှုပ်စေသည်။ ရုတ်တရက် ဂါဘရီရယ်က ခပ်တိုးတိုး ရယ်လာသည်။
ဂါဘရီရယ်က အများအားဖြင့် အေးစက်စက် လှောင်ပြုံး ရယ်နေတတ်သည်။ သူ၏ ရယ်သံများက လူများကို ကြောက်ရွံ့စေသည့် ရယ်သံမျိုးဖြစ်သည်။
ဤတစ်ကြိမ်မူ ဂါဘရီရယ်၏ အသံက ခြောက်ကပ်ပြီး တိုညင်းနေသော်လည်း ကျီလင်က ဂါဘရီရယ် 'စိတ်ကောင်းဝင်နေတယ်'ဟု ခံစားမိသည်။ ဂါဘရီရယ်က တစ်ချက်ရယ်လိုက်ပြီး သဘောတူလိုက်သည်။
"ကောင်းပြီလေ..."
ကျီလင်က ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။ သူ၏ ကျောပြင်တစ်လျှောက် စိုးရိမ်ကြောင့်ကြမှုကြောင့် ချွေးများပင် ရွဲနေတော့သည်။
ဂါဘရီရယ်က ထပ်မံ၍ ချဉ်းကပ်လာပြီး သူ၏ ငွေရောင်မျက်နှာဖုံးက နီးကပ်စွာ ချဉ်းကပ်လာသည်။ ကျီလင်ကို လုံးဝ ဖောက်ထွင်းမြင်နိုင်မည့်အလား သူ၏ မျက်လုံးနက်များထဲတွင် စိတ်ဝင်စားမှု ပိုမိုနက်ရှိုင်းလာသည်။ သူက ကျီလင်၏ မျက်လုံးများကို ဖုံးအုပ်ရန် လက်ကိုမြှောက်ကာ အက်ကွဲသည့်အသံဖြင့် သူ၏ နားနားတွင် တိုးတိုးလေး ပြောသည်။
"ခုတော့ မင်းက သူ့အတွက် ဘယ်လို အနစ်နာခံ စွန့်လွှတ်ခံမလဲဆိုတာ ကိုယ်ကြည့်ရသေးတာပေါ့..."
ထို့နောက် သူက ကျီလင်၏ မျက်လုံးများကို ဖဲကြိုးနက်နှင့် ပြန်လည်၍ ဖုံးအုပ်လိုက်သည်။
ကျီလင်က ထိုသူက သူ့ကို ပြန်လည်၍ ပွေ့ချီသွားပြီး ဆယ်မိနစ်ခန့်ကြာ သယ်ဆောင်သွားပြီးနောက် ခုတင်ပေါ်သို့ ဖြေးညှင်းစွာ ချထားလိုက်သည်ကို ခံစားလိုက်ရသည်။
နောက် ဘာဆက်ဖြစ်လာမလဲဆိုတာက...
သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။
ကျီလင်၏ လက်နှစ်ဖက်ကို သူ့နောက်ကျောတွင် ချည်ထားသောကြောင့် ဘာမှ မမြင်နိုင်သလို၊ လှုပ်ရှား၍လည်း မရတော့ပေ။ သူ့လည်ပင်းကို ထိတွေ့နေသည့် ထိုလူ၏ အေးစက်စက် လက်ချောင်းများကိုသာ ခံစားနေရသည်။ ထိုလူက သူ့၏ အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်ပြီး အေးစက်သည့်လေများ၏အထိအတွေ့ကြောင့် သူ့တစ်ကိုယ်လုံး တုန်လှုပ်ကြောက်လန့်သွားသည်။ သို့သော်လည်း ကြောက်လန့်သောကြောင့် ထွက်ပြေးချင်စိတ်များ ပေါ်လာသော်လည်း ဒဏ်ရာရပြီး မေ့လျော့နေသည့် နဥ်ယွီကို တွေးမိလိုက်၍ သူ့ကိုယ်သူ ငြိမ်ငြိမ်လေးနေရန် သူ၏တုန်ယင်နေသည့်လက်များကို တင်းတင်းဆုပ်ထားလိုက်သည်။
အမည်မသိသော ကြောက်ရွံ့မှုများက သူ့ရင်တွင်း လှိုင်းလုံးကြီးတစ်ခုလို လွှမ်းမိုးသွားပြီး နစ်မြုပ်သွားမည့်အရေးရှိသည်။
ထိုလူ၏ အသက်ရှုသံက ပိုနီးလာပြီး သူ့အသံထဲတွင် ကျီစယ်မှုများပါဝင်နေသည်။
"မမေ့နဲ့ဦးနော်... ဒါက မင်းရွေးချယ်ခဲ့တာလေ..."
"မင်းရွေးချယ်ခဲ့တာလေ" ဆိုသည့် စကားကြောင့် ကျီလင် စိတ်ထဲတွင် တွန့်သွားတယ်။
ငါ့မှာ ရွေးချယ်ခွင့် ဘယ်တုန်းက ရှိခဲ့လို့လဲ...
ကြောက်ရွံ့မှု၊ ဒေါသ၊ အင်အားမဲ့မှုများနှင့် ပြည့်နေပြီး သူ တစ်ကိုယ်လုံး တုန်ယင်နေသည်။
ကျီလင် စိတ်ဓာတ်ကျလွန်း၍ မျက်လုံးကို မှိတ်ချလိုက်ပြီး တွေးလိုက်သည်။
နဥ်ယွီ ငါ့အရာအားလုံးကို စွန့်လွှတ်ပြီး မင်းကို ကယ်တင်ပေးထားတယ်နော်...ဒါကြောင့် ကျင်းဆွေ့နဲ့ ပျော်ရွှင်စွာ နေထိုင်ပြီး ငါ့ရဲ့နစ်နာမှုအတွက် ငါ့ကို အိမ်ပြန်ခွင့်ကဒ်လေးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရအောင် ဖန်တီးပေးစမ်းပါကွာ...
ထိုလူ၏နှုတ်ခမ်းများ ငိုက်ကျသွားသည်။
အနမ်းများက ကျီလင် စိတ်ကူးထားသလို အေးစက်ပြီး ကြမ်းတမ်းမနေဘဲ နူးညံ့ညင်သာပြီး ပူပြင်းလောင်ကျွမ်းနေပေသည်။ သို့သော် ကျီလင်က စိတ်ပြေလျော့သွားရန်ပင်လျှင် ကြောက်ရွံ့လွန်းနေသည်။
သူ ဆန့်ကျင်ရဲသည့် အားမရှိသောကြောင့် နှုတ်ခမ်းကို နာခံစွာ ဖွင့်ပေးလိုက်ရသည်။ ထိုသူ၏ဆန္ဒအတိုင်း လုပ်ချင်သလို လုပ်ခွင့်ပေးလိုက်သည်။
အကြောက်တရားများ သူ့ကို လွှမ်းမိုးသွားမည်စိုး၍ ကျီလင်က အခြားတစ်ခုခုကို စဉ်းစားပြီး သူ့စိတ်ကို လျော့ပါးအောင် ကြိုးစားလိုက်သည်။
ကျင်းဆွေ့နှင့် ကားလို့စ်တို့က ဤကဲ့သို့မျိုး နမ်းဖူးခဲ့သောကြောင့် သူ့အတွက် အလွန်တရာ ထူးခြား၍ မရှိချေ။ ဧကရာဇ်၏ နန်းတော်တွင်နေခဲ့သည့် အချိန်က နေ့စဉ်နေ့တိုင်း ကျင်းဆွေ့နှင့် အနမ်းများ လေ့ကျင့်ရသောကြောင့် သူ့အတွက် ၎င်းက ပုံမှန်ဖြစ်နေသည်။ ထို့နောက် ၎င်းအချိန်က ကျင်းဆွေ့က သူ့ကို ဖိအားမပေးဘဲ ကျီလင် ကြောက်လန့်ပြီး စိတ်မသက်မသာဖြစ်သည့် အရိပ်အယောင်လေး ပြမိသည်နှင့် ကျင်းဆွေ့က အနမ်းအား ရပ်တန့်ပြီး လည်ပင်းကိုသာ နမ်းသည်။
သို့သော် ထိုလူက ကျင်းဆွေ့နှင့် ကားလို့စ်လို မဟုတ်ပေ။ သူက ကျီလင်၏ ခံစားချက်များကို ဂရုစိုက်ပြီး စာနာသနားလိမ့်မည် မဟုတ်ပေ။ သူက ကြမ်းကြုတ်သည့် သားရဲတစ်ကောင်လိုမျိုး သူ၏ သားကောင်ကို ဖြေးညှင်းစွာ နှိပ်စက်လိမ့်မည်။
မုဆိုးက သားကောင်၏ ခံစားချက်များကို ဂရုစိုက်စရာ မလိုချေ။
သူ့လို အထက်တန်းလွှာတစ်ဦးကို သိမ်းပိုက်နိုင်ခြင်းက သူပုန်တစ်ဦးအတွက် စိတ်လှုပ်ရှားဖွယ်ရာ အောင်နိုင်ခြင်းတစ်မျိုး ဆုလာဘ်ဖြစ်သည်။
ကျီလင်က သန်မာအောင်နေထိုင်ရန်နှင့် သူ့ကိုယ်သူလည်း ဤကိစ္စက အကြီးကြီးမဟုတ်ဟု အားပေးနေမိသည်။
အခြေအနေတွေကို ပြောင်းလဲလို့ မရရင် ဖြစ်ပျက်နေတာကို လက်ခံပြီး အကောင်းမြင်တဲ့ စိတ်နဲ့ ရင်ဆိုင်သင့်တယ်...
သို့သော်လည်း သူ မလုပ်နိုင်တော့ချေ။ ဤလူက သူ့ကို ပြင်းပြင်းထန်ထန် နမ်းနေသောကြောင့် သူ အသက်ရှုမဝဖြစ်နေတော့သည်။ အနမ်းများက ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက်နမ်းနေသောကြောင့် ကျီလင် ဆက်မထိန်းချုပ်တော့ပေ။ ထို့နောက် ကျီလင် မျက်ရည်များ စီးကျလာပြီး တိတ်တိတ်လေး ငိုကြွေးလိုက်သည်။
ငါ တကယ် ကြောက်လန့်နေတာပါနော်...
ဉာဏ်က လက်တစ်ကမ်း၊ စိတ်က လက်တစ်ကမ်းပဲ...
သူ အရှုံးပေးတော့မည့်အချိန်တွင် ထိုလူက အနမ်းများကို ရပ်တန့်သွားသည်။ သူက ကျီလင်၏ နှုတ်ခမ်းကို ဖွဖွလေးတစ်ချက်နမ်းပြီးနောက် သူ၏ အေးစက်စက် လက်ချောင်းများကို သူ့မျက်နှာပေါ် ပွတ်နေပြီး ကျေနပ်စွာဖြင့် ခပ်တိုးတိုး ရယ်လိုက်သည်။
"ဧကရာဇ်နဲ့ ကားလို့စ်ရဲ့ အချစ်လေးက တကယ်ကိုပဲ အရသာရှိလိုက်တာ..."
ထိုအခိုက် ထိုလူက ကျီလင်၏ လက်များကို ချည်ထားသောဖဲကြိုးကို ဖြည်ပေးလိုက်သည်။
ကျီလင်က တစ်ခဏမျှ တုန်လှုပ်ငေးမောသွားတော့သည်။ ထိုသူ ထွက်ခွာသွားမှသာ အားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်ရသည်။
ကျီလင်: ဟမ်...
ဒါဆို မင်းက ငါ့ကို ပျော်ပျော်ကြီး စားမယ်ဆိုတာက... နမ်းတာပဲလား... နှုတ်ခမ်းနဲ့လေ...
မင်းစကားကို အစတည်းက ငါ ဘာလို့ သဘောမပေါက်ခဲ့ရတာလဲ...
ကျီလင်က အလွန်အံ့သြပြီး စိတ်ရှုပ်ထွေးနေသည်။ စိတ်ခံစားချက်များက တစ်ခုပြီးတစ်ခု ပြောင်းလဲနေ၍ လှိုင်းများပေါ်တွင် လိုက်စီးနေသလို ခံစားနေရသည်။ ဤသို့ ပြီးဆုံးမည်ကို သူ ကြိုတင်သိခဲ့လျှင် ဤမျှ စိတ်ဆင်းရဲစွာတွေးတောနေမည်မဟုတ်ပေ။ ထိုခံစားချက်များကို ဖြုန်းတီးလိုက်ရသည်မှာ ဆုံးရှုံးမှုကြီးလှသည်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငေးမောနေပြီးနောက် ကျီလင်က သတိလက်လွတ်မသွားစေရန် သတိထားလျက် မျက်လုံးကို ဖုံးအုပ်ထားသော ကြိုးကို ဖြည်ချလိုက်သည်။ ထိုသူ ထွက်ခွာသွားပြီဖြစ်ကြောင်း သေချာသွားသည့်အခါ သူ၏ အဝတ်အစားများကို စနစ်တကျ ပြန်လည် ပြင်ဆင်လိုက်ပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အမျိုးမျိုး ပေါ်လွင်နေသည်။
ဒီလူက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတယ်ထင်တယ်...
ဒါပေမယ့် ဒါက ကံကောင်းတာပဲလေ... သူ စိတ်မမှန်ဘူးဆိုတော့ ငါ့ကို မုဒိမ်းကျင့်တော့မှာ မဟုတ်ဘူးလေ...
အနမ်းနဲ့ ပတ်သက်ရင်တော့... ဒါက မုဒိန်းကျင့်ခံရတာထက်စာရင် ကောင်းသေးတာပဲ... ငါ ဘာလို့ ဂရုစိုက်နေဦးမှာလဲ...
နမ်းခံရတာက နမ်းခံရတာပဲလေ၊ ဘယ်သူနမ်းနမ်း တူတူပဲမလား...
ဤကံကြမ္မာကို လက်ခံလိုက်သည့်နောက် ကျီလင်က ဘာကိုမျှ ကြောက်ရွံ့စရာ မရှိတော့ဟု ခံစားရသည်။
ကျီလင်က အချိန်အတော်ကြာတိုင် ခုတင်ပေါ်တွင်ထိုင်နေပြီး ဂါဘရီရယ် ပြန်လာမည် မဟုတ်ကြောင်း သေချာသွားသည်။ ထို့ကြောင့် စပ်စုချင်နေသည့်ဆန္ဒများကို ခုခံမနေဘဲ တံခါးသို့ လျှောက်သွားလိုက်ပြီး ထိတ်လန့်စွာဖြင့် တွန်းလိုက်ချိန်တွင် တံခါးက လွယ်ကူစွာ ပွင့်သွားခဲ့သည်။
ကျီလင်၏ နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်ပေါက်နေသည်။
ဂါဘရီရယ်က တံခါးကို ပိတ်ဖို့မေ့သွားတာများလား...
ကျီလင်က သတိထားစွာဖြင့် တံခါးပေါက်သို့ ခြေလှမ်းသွားလေသည်။ အစောင့်များ ဖမ်းမိမည်ကို စိုးရိမ်သောကြောင့် သူ၏ နှလုံးသားများက တစ်ချက်ချက် ခုန်နေသည်။ သို့သော် နာရီဝက်ခန့်အကြာတွင် ကျီလင်က စိတ်ညစ်သွားတော့သည်။
သူက ထိုနေရာတစ်ခုလုံးကို လှည့်လည်ရှာဖွေခဲ့သော်လည်း တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရပေ။
ဂါဘရီရယ်က တံခါးပိတ်ရန်မေ့သွားခြင်း မဟုတ်ပေ။ ထိုနေရာတစ်ခုလုံးက သူ့အား ထိန်းသိမ်းထားသည့် နေရာတစ်ခုဖြစ်သည်။
ထိုနေရာက ကျဉ်းလည်းမကျယ်၊ ကျယ်လည်းမကျယ်ဖြစ်ပြီး တစ်ဖက်မှ တစ်ဖက်သို့ လမ်းလျှောက်ရာတွင် တစ်နာရီခန့် ကြာလေသည်။ ကောင်းကင်က မီးခိုးပြာရောင်နှင့် ပေါင်းစပ်ထားသည့် အတုအယောင်ပုံရိပ်တစ်ခုလို ဖြစ်နေသည်။ ဤနေရာက မြေအောက်တွင် တည်ရှိနေမည်ဟု ယူဆရသော်လည်း စိမ်းလန်းသော အပင်များ စိုက်ပျိုးထားပြီး ပတ်ဝန်းကျင်က လှပကောင်းမွန်ကာ လေများက သန့်ရှင်းလတ်ဆတ်လှသည်။
လွန်စွာတိတ်ဆိတ်နေသည်မှလွဲ၍ အမှန်တကယ် နေထိုင်ရန် အတော်သက်တောင့်သက်သာရှိသော နေရာတစ်ခုဖြစ်သည်။
ဤနေရာတွင် စိမ်းလန်းစိုပြေသည့် ဥယျာဉ်တစ်ခုနှင့် အပန်းဖြေစရာနေရာများလည်း ရှိသည်။ စာအုပ်များ ပြည့်နှက်နေသော စာကြည့်တိုက်၊ ဂိမ်းခန်း စသည့် လိုအပ်သည့် အရာအားလုံးနီးပါး ပါရှိသည်။ ဤနေရာက လူအများအပြား နေထိုင်နိုင်ရန် သင့်လျော်သော ဒီဇိုင်းမျိုးထုတ်ထားသော်လည်း ယခုအခါ ကျီလင်တစ်ဦးတည်းသာ ရှိတော့သည်။
ပြီးတော့ နဥ်ယွီလည်း ဒီမှာ မရှိဘူး...
ကျီလင်က ဂါဘရီရယ် သူ့ကို နဥ်ယွီ ခေါ်ဆောင်သွားစဉ် တစ်နေရာရာကို ဆင်းသွားကြောင်း တစ်ဝက်တစ်ပျက် သတိရလိုက်သည်။ နဥ်ယွီကို အခြားအထပ်တစ်ခုတွင် ထိန်းသိမ်းထားနိုင်သည်။ သို့သော် ကျီလင်က မည်သို့ပင် ရှာဖွေရှာခဲ့သော်လည်း ဂါဘရီရယ် သွားခဲ့သည့် လမ်းကို ပြန်မတွေ့ခဲ့ပေ။ ထို့နောက် သူလည်း မတတ်နိုင်စွာ လက်လျှော့လိုက်တော့သည်။
ကျီလင်က ဤနေရာတွင် ထိန်းချုပ်ခံထားရပြီး ဂါဘရီရယ်အပြင် မည်သူမှကို မတွေ့ချေ။
သူ့အတွက် ဂါဘရီရယ်ကိုယ်တိုင် နေ့စဉ် သုံးနပ်စာကို ပို့ဆောင်ပေးသည်။ အစားအသောက်များက နန်းတော်နှင့် မြို့စားကြီး၏အိမ်တော်ကဲ့သို့ ခမ်းနားပြီး ရှားပါးသည်များမဟုတ်သော်လည်း အတော်လေး အရသာကောင်းမွန်ပြီး အစားအစာမျိုးစုံနှင့် ထူးခြားသည့် အချိုပွဲအချို့လည်း ရှိသည်။
ဂါဘရီရယ်က ကျီလင်စားသောက်နေသည်ကို ထိုင်ကြည့်နေတတ်ပြီး သူကိုယ်တိုင်က မည်သည့်အစားအသောက်များကိုမှ မထိပေ။
သူက အလွန်သတိကြီးသော လူတစ်ယောက်ဖြစ်သည်။
ကျီလင်က သူ့လက်ထဲတွင် လုံးဝအင်အားမဲ့နေသော်လည်း ဂါဘရီရယ်က သူ့ကို နမ်းသည့်အခါတိုင်း မျက်လုံးကို ဖဲကြိုးဖြင့်ဖုံးထား၍ လက်များကို ကြိုးဖြင့်ချည်နှောင်ထားကာ အတင်းအကြပ် နမ်းသေးသည်။
ဟုတ်တယ်...
ဂါဘရီရယ်က ကျီလင်ကို နမ်းရသည်အား ကြိုက်နှစ်သက်သည်။
သူက နေ့တိုင်းရောက်လာပြီး ကျီလင်စားသောက်ပြီးနောက်တွင် ကျီလင်အား မျက်လုံးများကို ပိတ်၍ သူ့စိတ်ကြိုက်နမ်းသည်။
ပထမဆုံးတွင် ကျီလင်က တောင့်တင်းပြီး ကြောက်ရွံ့နေခဲ့သော်လည်း ကာလကြာလာသည်နှင့်အမျှ ဤသူက စည်းဘောင်ထဲတွင် နေသူဖြစ်ကြောင်း သူသဘောပေါက်လာခဲ့သည်။ စတင်ချိန်မှ ပြီးဆုံးသည်အထိ ဂါဘရီရယ်က နှုတ်ခမ်းကိုသာ အသုံးပြုပြီး လက်များကိုမသုံးရဟူသော စည်းမျဉ်းကို တင်းကျပ်စွာ လိုက်နာခဲ့သည်။ သူက လက်အိတ်ကိုပင် ချွတ်မည်မဟုတ်ဘဲ ကျီလင်၏ အဝတ်အစားများကို ချွတ်ရန်ပင် စိတ်ကူးမရှိချေ။
ကျီလင်က တဖြည်းဖြည်းနှင့် ထိုအရာကို ကျင့်သားရလာတော့သည်။
✨✨✨